← Chapters

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း ၁၉၆ - မင်းတော့ဒုက္ခအကြီးကြီးကိုရှာလိုက်တာပဲ

"ဟမ့်...ကောင်လေး...မင်းကသိပ်ပြီးမာနကြီးနေတာမဟုတ်ဘူးလား...ဆရာကြီးသီအိုဒိုးက ဒီဖေဖေက်ိုခုလိုမျိုးမှော်စာလိပ်တွေ ရာနဲ့ချီပြီးပေးထားတယ်ဆိုတာ မင်းမသိဘူးလား...အဲ့ဒီမှော်စာလိပ်တွေကို ငါဘယ်နေရာမှာသုံးတာလဲဆိုတာကော မင်းသိလား...ငါ့မျက်လုံးထဲမှာ အမြင်မတော်ဖြစ်နေတဲ့ အညစ်အကြေးတွေကိုဖယ်ရှားချင်တဲ့အခါကျ ဒီမှော်စာလိပ်တွေကို သုံးရတယ်"

ရှောင်ယုသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ မှော်စာလိပ်များစွာကိုဆွဲထုတ်ရင်း ပြောလိုက်သည်။သူသည် ထိုမှော်စာလိပ်များ၏တစ်ဝက်ကျော်ကိုသုံးစွဲပြီးဖြစ်၍ ယခုအခါ၎င်းတို့သည်စက္ကူလွတ်များဖြစ်နေပြီဖြစ်သည်။သို့သော်လည်း ရှောင်ယုသည် ထိုကောင်ကိုခြိမ်းခြောက်ရန်အတွက် ၎င်းတို့အားထုတ်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် သူ့ဘက်မှအသာစီးရယူထားနိုင်ရန်အတွက် ယခုလိုလိမ်လည်နည်းများကို အသုံးပြုပေးရပေမည်။ဂျာမန်စစ်ဗိုလ်ချုပ်ကြီးရွန်းမဲလ်သည် ဤကဲ့သို့သောလှည့်ဖျားနည်းများကို အသုံးပြုကာ ရန်သူများအပေါ်အောင်ပွဲဆင်နိုင်ခဲ့သည်။သို့ဖြစ်ရာ လက်ရှိအချိန်တွင် မိမိ၏အခြေအနေကိုရန်သူဘက်မှ အထင်လွဲစေရန်ပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

ရှောင်ယု၏ မာနကြီးသောအပြုအမူသည် ရန်သူများကိုအသက်ရှုမဝအောင် ထိုးနှက်နိုင်စွမ်းရှိသည်။သူတို့နှစ်ယောက်သည် ပြန်လည်ဖြန်ဖြေ၍မရနိုင်သော ရန်ငြိုးကိုယ်စီရှိနေပေရာ ယခုလိုပြုမူလှုပ်ရှားရန် ရှောင်ယုတွန့်ဆုတ်မနေခဲ့ပေ။သူ့ထံတွင် စွမ်းအားကြီးသောမှော်စာလိပ်အမြောက်အများရှိနေပေရာ ရှောင်ယုသည်တစ်ဖက်လူမည်မျှစွမ်းအားကြီးမားပါစေ ကြောက်ရွံခြင်းမရှိတော့ပေ။ပဥ္စမအဆင့်သူရဲကောင်းများသည်ပင် အဆုံးမရှိသောမှော်စာလိပ်များကို မခုခံနိုင်ကြပေ။

အထူးသဖြင့် ဆရာကြီးသီအိုဒိုးဖန်တီးထားခဲ့သော မှော်စာလိပ်များသည် မြို့ငယ်လေးတစ်ခုကိုပင် ဖျက်ဆီးရန်လုံလောက်ပေသည်။

ထိုလူငယ်သည် ဒေါသကြောင့်သူ၏မျက်လုံးများသည် နီရဲလာပြီး သူ၏မျက်နှာပေါ်ရှိ သွေးကြောများပင်ပေါက်ထွက်လုမတတ် တင်းမာလာခဲ့သည်။သူသည် ယခုလိုကူကယ်ရာမဲ့သောအခြေအနေအတွက် အလွန်စိတ်ဆိုးဒေါသထွက်နေခဲ့သည်။ယခင်ကဆိုလျှင် လူတိုင်းသည် သူ့ကိုတွေ့မြင်တိုင်း ရိုသေလေးစားစွာဆက်ဆံကြပြီး မည်သူကမှဆဲဆိုကြိမ်းမောင်းဝံ့ခြင်းမရှိပေ။

အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့အားပြစ်မှားမိမည်ဆိုပါက သေဆုံးသည်ထိ ရိုက်နှက်ခံရပြီး နှိပ်စက်ညဉ်းပန်းခံရမည်ဖြစ်သည်။ထိုကဲ့သို့သောအခြေအနေမျိုးတွင် လူငယ်သည် သူလုပ်ချင်သောအရာမှန်သမျှကို လုပ်ဆောင်နိုင်ကာ ယခုအချိန်ထိကြီးပြင်းလာခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ သူ၏မိသားစုသည် သူ့အားအတွေ့အကြုံရရှိစေရန်အတွက် စွမ်းအားကြီးကိုယ်ရံတော်များနှင့်အတူ ဤနေရာသို့စေလွှတ်လိုက်ခြင်းဖြစ်သည်။သူတို့သည် အမှောင်မြို့တော်သို့ရောက်ရှိချိန်တွင် ခြင်္သေ့မြို့စားရှောင်ယု၏အကြောင်းက်ို ကြားလိုက်ရသည်။ရှောင်ယုသည် သူ၏နံဘေးတွင် အလှပဆုံးနတ်သူငယ်အမျိုးသမီးကိုပိုင်ဆိုင်ထားကာ ရတနာများစွာလည်းပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။ထို့ကြောင့် လူငယ်သည်လောဘတက်လာကာ အရာရာတိုင်းကိုလုယူရန်ရောက်ရှိလာခြင်းဖြစ်သည်။သို့သော် သူသည်ဤကဲ့သို့သောအခြေအနေနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူသည် မည်သည့်ရတနာကိုမှ မရရှိသေးသည့်အပြင် ဆူပူကြိမ်းမောင်းခြင်းကိုခံရ၍ ဒေါသအမျက်ထွက်နေခဲ့သည်။သူသည် ရှောင်ယုအားအစိတ်စိတ်အပိုင်းပိုင်းခုတ်ဖြတ်ကာ ကျိုးယွီ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကဲ့သို့ နေရာအနှံ့တကွဲတပြားမြုပ်နှံလိုစိတ်ဖြစ်ပေါ်နေသည်။

လူငယ်သည် မောက်မာသောသခင်လေးတစ်ဦးဖြစ်သော်လည်း သီအိုဒိုး၏စွမ်းအားအကြောင်းကို နားလည်ပေသည်။သီအိုဒိုးမှပြုလုပ်ထားသော မှော်စာလိပ်များ၏စွမ်းအားသည် အဆင့်နိမ့်မည်မဟုတ်ကြောင်းကို သူသိရှိထားသည်။ယခုအခါ ရှောင်ယု၏မှော်စာလိပ်တစ်ခုကပင် သူ၏ဘဝကိုမေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

"လူယုတ်မာ...မင်းကိုငါနောက်ဆုံးအခွင့်အရေးပေးမယ်...မင်းရဲ့နတ်သူငယ်နဲ့မင်းရဲ့ရတနာတွေအားလုံး ငါ့ဆီအပ်နှံလိုက်...မင်းကတော့ငါ့ရဲ့ကျွန်အဖြစ် ငါ့ကိုခစားရမယ်...အဲလိုဆိုရင်မင်းရဲ့သနားစရာကောင်းတဲ့အသက်လေးကို ချမ်းသာပေးလိုက်မယ်...မဟုတ်ရင်မင်း ကနေဒီမိသားစုရဲ့ ဒေါသကိုမင်းခံနိုင်မှာမဟုတ်ဘူး"

သူ၏အစွမ်းသည် ရှောင်ယုထက်အစစအရာရာနိမ့်ကျနေကြောင်း လူငယ်နားလည်ပေသည်။သို့ဖြစ်ရာ သူသည်ရှောင်ယုအားထိန်းချုပ်ရန်အတွက် လုပ်ကြံသူများ သို့မဟုတ် သူ့မိသားစု၏စွမ်းအားကိုသာ အသုံးပြုနိုင်ပေသည်။

ဤကမ္ဘာပေါ်တွင် သြဇာအာဏာအရှိဆုံးသောအင်အားစုများသည် ခိုင်မာသောအထွတ်အထိပ်အင်ပါယာများမဟုတ်ကြပေ။၎င်းတို့သည် နှစ်ပေါင်းထောင်ချီအမွေအနှစ်များကို ပိုင်ဆိုင်ထားသော ရှေးဟောင်းမိသားစုများဖြစ်ကြသည်။ထိုခေတ်ကာလများတွင် ရှေးဟောင်းမိသားစုများသည် ကျယ်ပြန့်သောအဆက်အသွယ်နှင့် ကြွယ်ဝမှုတို့အားစုဆောင်းနိုင်ခဲ့ကြသည်။

လီအာသည်ပင် ထိုကဲ့သို့သန်မာသောမိသားစုတစ်ခုမှ ဆင်းသက်လာသည်ဟု ရှောင်ယုခန့်မှန်းမိသောိလည်း သူမသည်မည်သည့်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း သူမမခန့်မှန်းနိုင်ခဲ့ပေ။

"မင်းအမေပေါ့ကွာ....မင်းငါ့ကိုဒေါသထွက်ပြီးသေအောင်လုပ်နေတာလား...မင်းကိုယ်မင်းဘယ်သူလို့ထင်လဲ...မင်းကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ဧကရာဇ်လို့ထင်နေတာလား...မင်းကတကယ့်ငတုံးတစ်ကောင်ပဲ...မင်းရဲ့အနံ့ကတော်တော်ဆိုးရွားလိုက်တာ...ရွံရှာဖို့အကောင်းဆုံးသူတောင်းစားတွေတောင်မှ မင်းလိုအညစ်အကြေးမျိုးကိုတွေ့ရင် အဝေးကိုထွက်ပြေးကြလိမ့်မယ်...ကံကောင်းလို့ ငါကမင်းအဖေမဟုတ်ခဲ့ဘူး...ငါသာမင်းအဖေဆို မင်းကိုရေကန်ထဲတစ်လလောက်ပစ်ချထားလိုက်မယ်...သေစမ်းငါလုပ်တာမှားသွားလိမ့်မယ် မင်းလိုအညစ်အကြေးကြောင့်ရေကန်ကပါ ညစ်ထေးသွားမှာအမှန်ပဲ...ဒီကမ္ဘာကြီးက မင်းလိုအညစ်အကြေးကိုဘယ်လိုသယ်ဆောင်ထားနိုင်တာလဲ...ငါတကယ်အံ့သြမိတယ်"

ထိုလူငယ်သည် သူ့အားကျွန်အဖြစ်လက်နက်ချကာ သူပိုင်ဆိုင်သမျှအရာရာတိုင်းကို ပေးအပ်လာရန်အမိန့်ပေးလာ၍ ရှောင်ယုသည်ဒေါသအကြီးအကျယ်ထွက်သွားခဲ့သည်။

ရှောင်ယု၏ကြိမ်းမောင်းမှုကြောင့် လူငယ်၏ရင်ဘတ်သည် ဖားဖိုကြီးတစ်ခုလ်ို နိမ့်လိုက်မြင့်လိုက်ဖြစ်နေခဲ့သည်။သူတစ်ပါးကိုဆဲဆိုကြိမ်းမောင်းသည့်နေရာတွင် မည်သူကမှရှောင်ယု၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။လူငယ်သည် ယခုအချိန်ထိတိုင်အောင် ထိုသို့ဆိုးယုတ်လှသည့်ကြိမ်းမောင်းဆဲဆိုမှုကို မကြုံတွေ့ရသေးပေ။

သို့သော်လည်း ရှောင်ယုသည် ယခင်ဘဝ၌ စစ်ကမ္ဘာဂိမ်းပရော်ဖက်ရှင်နယ်ဖြစ်သည်။သူသည် တူညီသောစကားလုံးများကို အသုံးမပြုဘဲ တဖက်လူအားသွေးအန်လာစေရန် မတူကွဲပြားသောကျိန်ဆဲနည်းများစွာကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးဖြစ်သည်။

"သတ်...သူ့ကိုသတ်"

လူငယ်သည် ကျယ်လောင်စွာအော်ဟစ် အမိန့်ပေးလိုက်သည်။သူသည် ရှောင်ယု၏လက်ထဲတွင်ရှိသော မှော်စာလိပ်များကိုပင် ဂရုမစိုက်နိင်တော့ပေ။

ရှောင်ယု၏လက်ထဲရှိ မှော်စာလိပ်များသည် အလွန်ပင်စွမ်းအားကြီးမားလှကာ ကြောက်စရာကောင်းကြောင်း လူငယ်၏ကိုယ်ရံတော်များကသိရှိထားသည်။သို့သော် လူငယ်ကအမိန့်ပေးလာချိန်၌ ငြိမ်မနေဝံ့ကြပေ။ကနေဒီမိသားစု၏ စည်းမျည်းများကိုဆန့်ကျင်ကာ လိုက်နာခြင်းမပြုပါက သူတို့သည်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမည်ဖြစ်သည်။

ရှောင်ယုသည် လူငယ်၏ကိုယ်ရံတော်များက သူ့ထံပြေးဝင်လာသည်ကိုမြင်သောအခါ မှော်စာလိပ်နှစ်ခုကို ပစ်ထည့်လိုက်သည်။ရှောင်ယု၏ဘေးတွင်ရှိနေသော လီအာသည်လည်းမှော်စာလိပ်တစ်ခုအား အသုံးပြုခဲ့သည်။

ခဏအတွင်းမှာပင် ထိုဧရိယာတစ်ခုလုံး ကမ္ဘာပျက်ကပ်ကျရောက်သကဲ့သို့ မိုးခြိမ်းသံများ၊လျှပ်စီးများဖြင့်ဖုံးလွှမ်းသွားခဲ့သည်။

မှော်စာလိပ်များ၏ အစွမ်းသည်အံ့မခန်းပင်ဖြစ်သည်။အမှန်တော့ ဤမှော်စာလိပ်များ၏ ကြောက်စရာအကောင်းဆုံးသောအချက်မှာ ချက်ချင်းအကျိုးသက်ရောက်မှုပင်ဖြစ်သည်။ပဥ္စမအဆင့်မှော်ဆရာတစ်ယောက်သည်ပင် အစွမ်းထက်မှော်မန္တန်အားအသက်သွင်းရန် မှော်မန္တန်အားရွတ်ဆိုရန်လိုအပ်ပေသည်။သို့သော်လည်း ပဥ္စမအဆင့်မှော်ဆရာများကို မည်သူကမှမှော်မန္တန်တစ်ခုလုံး ရွတ်ဖတ်ပြီးစီးရန်အခွင့်အရေးပေးမည်မဟုတ်ပေ။ပဥ္စမအဆင့်မှော်ဆရာများသည် နတ်ဘုရားတစ်ပိုင်းများသဖွယ်ဖြစ်သည်။အကယ်၍ သင့်ဘေးနားတွင် ပဥ္စမအဆင့်မှော်ဆရာတစ်ယောက်ရှိနေပါက ရန်သူအားလုံးကို တားဆီးနိုင်မည်ဖြစ်သည်။

ဤသို့ဖြင့် ကိုယ်ရံတော်များသည် မှော်စာလိပ်များ၏အစွမ်းကြောင့် ချက်ချင်းသတ်ဖြတ်ခံခဲ့ရသည်။ထိုခဏတွင် ကိုယ်ရံတော်များဒါဇင်နှင့်ချီသေဆုံးခဲ့ကာ အချို့သာဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။ကျန်ရှိနေသော ကိုယ်ရံတော်များက သူတို့သခင်လေးအားတိုက်ခိုက်မှုမှ လွတ်မြောက်အောင်ကူညီပေးခဲ့ကြသည်။

"သူတို့ကိုသတ်..."

သူ့ထံတွင် မှော်စာလိပ်အမြောက်အများ မကျန်ရှိတော့သည့်အတွက် ရှောင်ယုကကိုယ်တိုင်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။သူသည် အမိန့်ပေးပြီးသည်နှင့် ဆန်းကြယ်ပုဆိန်အားဆွဲထုတ်လိုက်ကာ မှော်စာလိပ်၏တိုက်ခိုက်မှုကြောင့်ဒဏ်ရာရနေသော ရန်သူများထံပြေးဝင်သွားခဲ့သည်။ရန်သူအများစုမှာ ဒဏ်ရာအပြင်းအထန်ရနေခဲ့ကာ အချို့သာဒဏ်ရာအနည်းအကျည်းရရှိခဲ့သည်။ရှောင်ယုသည် ထိုရန်သူများအားသတ်ဖြတ်ရန် အန္တိမခုတ်ပိုင်းချက်အားအသက်သွင်းခဲ့ပြီး စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်သည် ရှောင်ယု၏လက်ချက်ကြောင့် ခေါင်းပြတ်သွားခဲ့သည်။ခဏအကြာတွင် နာကျင်စွာအော်ငြီးသံများသည် အဂ္ဂိရိတ်ခန်းမမှ ထွက်ပေါ်လာပြီးဒဏ်ရာကြောင့် မထွက်ပြေးနိုင်သူများအားလုံး သေဆုံးသွားခဲ့ရသည်။

သူတို့သည် မှော်ဆရာအမြောက်အများကို သတ်ဖြတ်လိုက်နိုင်သော်လည်း မောက်မာသောသခင်လေးကို ပဥ္စမအဆင့်သူရဲကောင်းနှစ်ယောက်က ကယ်တင်သွားခဲ့သည်။ရှောင်ယုသည် အခြားသူများကိုတားဆီးလိုက်ကာ ထိုလူများနောက်သို့ဆက်မလိုက်စေခဲ့ပေ။သူတို့သည် ထိုသူတို့အားလိုက်မှီခဲ့လျှင်ပင် ပဥ္စမအဆင့်သူရဲကောင်းများကိုသတ်ဖြတ်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။

ရှောင်ယုသည် သေဆုံးသွားသည့်မှော်ဆရာများဆီမှ လက်နက်ပစ္စည်းများကိုလုယူရန် အမိန့်ပေးလိုက်သည်။တစ်ချိန်တည်းမှာပင် ဆရာကြီးအယ်လ်မာသည် ရှောင်ယု၏အနားသို့ရောက်လာကာ သက်ပြင်းချမိလိုက်သည်။

"ရှောင်ယု...ဒီတစ်ခါတော့မင်းကိုယ်မင်း ဒုက္ခအကြီးကြီးရောက်အောင်လုပ်လိုက်တာပဲ..."

အခန်း ၁၉၇ - သီအိုဒိုး..မင်းတစ်ခုခုကိုကြိုသိနေတာလား

ရှောင်ယုသည် ထိုစကားကိုဂရုစိုက်ပုံမရပေ။

"ဘယ်လို ဘေးဒုက္ခမျိုးလဲ"

ဆရာကြီးအယ်လ်မာသည် ပွက်ပွက်ဆူနေသောရေကို မကြောက်သည့်ဝက်တစ်ကောင်အား ကြည့်နေသည့်အကြည့်မျိုးဖြင့် ရှောင်ယုအားငုံ့ကြည့်လိုက်သည်။

"ကနေဒီမိသားစုက ဘာလဲဆိုတာမင်းသိလား"

ရှောင်ယုက သတိမေ့နေသည့်လူတစ်ယောက်ပမာ ခေါင်းခါပြလိုက်သည်။

"ဘာမှ မသိဘူး"

ဆရာကြီးအယ်လ်မာသည် ရှောင်ယု၏အဖြေကြောင့် ရုတ်တရက်ဒေါသထွက်သွားခဲ့ကာ ရှောင်ယု၏ဖင်ကိုဆောင့်ကန်လုမတတ်ဖြစ်သွားခဲ့သည်။

"ကနေဒီမိသားစုက တိုက်ကြီးရဲ့သမိုင်းမှာ အရမ်းကိုအရေးပါတဲ့နေရာတစ်ခုကို ရရှိထားတယ်...သူတို့ဒီတိုက်ကြီးမှာ သက်တမ်းအရှည်ဆုံးမိသားစုတစ်ခုဆိုလည်း မမှားဘူး...သူတို့မှာမရေမတွက်နိုင်တဲ့ လုပ်ငန်းတွေနဲ့ ကြီးမားတဲ့အင်အားစုတွေကို ထိန်းချုပ်ထားတယ်...အင်အားကြီးတဲ့ခေါင်းဆောင်အမြောက်အများက သူတို့အတွက်အလုပ်လုပ်ပေးရတယ်...မရေမတွက်နိုင်တဲ့နယ်မြေတွေမှာ အဓိကအုပ်ချုပ်မှု၊နိုင်ငံရေးအပိုင်းတွေမှာ သူတို့ရဲ့လူတွေပါဝင်နေတယ်...မင်းကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ ဧကရာဇ်ကိုစော်ကားနိုင်ပေမဲ့ သူတို့ကိုတော့စော်ကားလို့မရဘူး"

ရှောင်ယုသည် ဆရာကြီးအယ်လ်မာအား လှည့်ကြည့်လိုက်သည်။

"ငါသူတို့ကိုစော်ကားမိသွားပြီလေ...ဘာလို့ကြောက်နေရမှာလဲ"

ဆရာကြီးအယ်လ်မာသည် ရှောင်ယုကိုကြည့်ရင်း ပြုံးလိုက်မိသည်။မွေးကင်းစနွားလေးများသည် ကျားကိုမကြောက်ကြဟုသော ဆိုရိုးစကားသည် အမှန်ပင်ဖြစ်သည်။ရှောင်ယုသည် ဤကဲ့သို့မဟာအင်အားစုတစ်ခုအပေါ် နားလည်သဘောပေါက်မှုမရှိပေရာ ကနေဒီမိသားစုအပေါ် ကြောက်ရွံ့မှုမရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ဆရာကြီးအယ်လ်မာသည် အချို့သောမိသားစုကြီးများနှင့် အဆက်အသွယ်ရှိပေသည်။ထိုအထဲမှအချို့သည် ယခုသူအလုပ်လုပ်နေသော မှော်အကယ်ဒမီအား နောက်ကွယ်မှပံ့ပိုးထောက်ပံ့ပေးထားသည်။ထိုကဲ့သို့မိသားစုများ၏ ခွန်အားကိုသိရှိထားသည့် သူ့လိုလူမျိူးသည် ဤအကြောင်းကိုတွေးမိတိုင်း ရင်ကျပ်သလိုခံစားရသည်။ဆရာကြီးအယ်လ်မာသည် စတုတ္ထအဆင့်မှော်ဆရာတစ်ဦးဖြစ်သော်လည်း ထိုကဲ့သို့မိသားစုများရှေ့မှောက်တွင် အသေးအဖွဲမျှသာဖြစ်သည်။

ထိုမိသားစုများ၏အခြေခံအုတ်မြစ်သည် မည်မျှထိခိုင်မာသည် သို့မဟုတ် ကြီးမားသည်ကို မည်သူကမှမသိကြပေ။သို့သော် ၎င်းတို့သည် နှစ်ပေါင်းထောင်ချီကြာအောင် ရပ်တည်လာခဲ့ရာ ၎င်းတို့၏ခွန်အားကို ကိုယ်တိုင်ခန့်မှန်းကြည့်နိုင်သည်။ထိုမိသားစုများသည် ရာဇပလ္လင်၌ထိုင်နေသော ဧကရာဇ်များကိုပြောင်းလဲပစ်နိုင်သည်။မင်းဆက်တစ်ခုပြိုလဲကာ အခြားမင်းဆက်တစ်ခုမွေးဖွားလာလျှင်တောင်မှ ထိုမိသားစုများသည် မည်သည့်အခါမှပျောက်ကွယ်မသွားဘဲ နောက်ကွယ်၌သာလျှို့ဝှက်လှုပ်ရှားနေခဲ့သည်။

သူတို့သည် နောက်ကွယ်မှကြိုးကိုင်၍ မင်းဆက်တစ်ခုအား ပြိုလဲအောင်လုပ်ဆောင်နိုင်ကြပြီး နောက်ထပ်အသစ်တက်လာမည့်မင်းဆက်ကို ထောက်ပံ့ပေးကြမည်ဖြစ်သည်။ထိုကဲ့သို့သောမိသားစုသည် ရှောင်ယုကဲ့သို့သခင်ငယ်လေးတစ်ဦး မဆိုနှင့် လန်ကတ်စတာမဟာမြို့စားသည်ပင် စော်ကားနိုင်သောအရာမဟုတ်ပေ။

ရှောင်ယုသည် တင်းမာနေသောလေထုကို ဖြေလျော့ရန် သူ၏အမြင်ကိုချပြခဲ့သည်။

"ဆရာကြီးအယ်လ်မာက ငါ့ကိုဂရုစိုက်လို့ပြောနေတယ်ဆိုတာကို ငါသိတယ်...ဒီကိစ္စမှာ ငါကအတတ်နိုင်ဆုံးသည်းခံခဲ့ပြီး သူ့ကိုရှေ့မတိုးလာဖို့ ဆရာကြီးသီအိုဒိုးရဲ့နာမည်ကိုထုတ်သုံးခဲ့တယ်...ဒါပေမဲ့သူက တိုင်ရန်ဒီကိုလိုချင်လာခဲ့တယ်...ငါကသူမက်ိုပေးမယ်လို့ထင်နေတာလား...တကယ်လို့သူ့ကိုသာ တိုင်ရန်ဒီကိုပေးလိုက်ရင် မနက်ဖြန်ကျသူကလင်းမူရွယ်ကိုတောင်းဆိုလာလိမ့်မယ်...သန်ဘက်ခါကျရင်သူက ဘာကိုထပ်တောင်းမှာလဲဆိုတာ နတ်ဘုရားတွေပဲနားလည်လိမ့်မယ်...ငါက ကိုယ့်ကိုကိုယ်လုံခြုံမှုရှိအောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့ သူကအဲလိုမဟုတ်ခဲ့ဘူး...တကယ်လို့ငါ့မှာသာ ခွန်အားမရှိခဲ့ဘူးဆိုရင် သူကငါ့ကိုအတင်းအကျပ်ဖိအားပေးပြီးတော့ သူလိုချင်တာရသွားရင် ငါ့ကိုသတ်ပစ်လိမ့်မယ်..."

"ဘာပဲဖြစ်ဖြစ် ခုချိန်မှာငါ့အတွက် အခြားရွေးချယ်စရာမရှိခဲ့ဘူး...သူ့ရဲ့နောက်ကွယ်ကအင်အားစုက ခြင်္သေ့နယ်မြေကို အလွယ်တကူဖျက်ဆီးနိုင်ပြီး ငါ့ရဲ့လက်အောက်ငယ်သားတွေအားလုံးက်ို သတ်ဖြတ်နိုင်စွမ်းရှိကောင်းရှိနိုင်တယ်...ဒါပေမဲ့ငါ့ရဲ့ဂုဏ်သိက္ခာနဲ့ ငါ့လူတွေရဲ့ဂုဏ်သိက္ခာကိုတော့ ငါ့အသက်နဲ့လဲလှယ်နိုင်ဖို့ဘယ်တော့မှလုပ်ဆောင်မှာမဟုတ်ဘူး...အဲလိုလုပ်ရင် ငါ့ကိုယ်ငါရှောင်ယုလို့သတ်မှတ်မှာမဟုတ်ဘူး"

ရှောင်ယုသည် ထိုသို့ပြောဆိုပြီးနောက် ဂရုမစိုက်တော့ဘဲ သေဆုံးသွားသည့်မှော်ဆရာများ၏ အလောင်းများထံမှအဖိုးတန်ပစ္စည်းများကို ဆက်လက်ရှာဖွေခဲ့သည်။

ရှောင်ယု၏စကားကိုကြားပြီးနောက်တွင် ဆရာကြီးအယ်လ်မာသည် မည်သည့်စကားမှပြန်မပြောခဲ့ပေ။သို့သော်လည်း ရှောင်ယု၏စကားကြောင့် မှော်နှင့်သူရဲကောင်းအကယ်ဒမီမှ ကျောင်းသားများတုန်လှုပ်သွားခဲ့ကြသည်။သူတို့်အားလုံးသည် ငယ်ရွယ်ကြသေးရာ ရှောင်ယု၏စကားကြောင့်သွေးများ ပွက်ပွက်ဆူသွားကြပြီး ရှောင်ယုအားကိုးကွယ်လုနီးပါးဖြစ်သွားကြသည်။သူတို့်အားလုံးသည် ရှောင်ယုအားလေးစားသွားကြပြီး မိန်းကလေးများသည်ရှောင်ယု၏အပြောအောက်၌ သူတို့၏နှလုံးသားများ အရည်ပျော်သွားကြသည်။မိန်းကလေးများသည် အနာဂတ်တွင်သူတို့၏ခင်ပွန်းများသာ ယခုလိုအခြေအနေမျိုးနှင့်ကြုံတွေ့ရပါက မည်သို့ဖြေရှင်းမည်ကိုကြိုတင်တွေးတောနေကြသည်။သူတို့၏ခင်ပွန်းများသည် ကနေဒီမိသားစုအားရင်ဆိုင်ရန် သတ္တိရှိမည်လား...

ယခုလိုအခြေအနေမျိုးတွင် သူမတို့အားထိပါးစော်ကားလာမည့် သူတိုင်းကို ရှေ့ဆုံးမှနေ၍ခုခံကာကွယ်ပေးသွားမည့် လက်တွဲဖော်များကိုသာ သူမတို့၏ခင်ပွန်းလောင်းများအဖြစ် အလိုရှိကြပေသည်။

လင်းမူရွယ်သည်လည်း ရှောင်ယု၏လုပ်ရပ်ကြောင့် စိတ်လှုပ်ရှားသွားခဲ့ကာ သူမ၏မျက်လုံးများမှ မျက်ရည်များစီးကျလာကြသည်။သူမသည် မှန်ကန်သောလူကိုရွေးချယ်မိခဲ့သည်ဟု ခံစားမိလာသည်။ထိုလူသည်သူမက မည်သည့်အန္တာရယ်မျိုးနှင့် ကြုံတွေ့နေရပါစေ သူမကိုကာကွယ်ပေးသွားမည်ဖြစ်သည်။ယခုလို ခေတ်ကာလတွင် ထိုကဲ့သို့ယောကျ်ားတစ်ယောက်ကို မိန်းကလေးတိုင်းအလိုရှိကြသည်။

ထိုအခိုက်အတန့်တွင် တိုင်ရန်ဒီ၏သစ္စာစောင့်သိမှုသည်လည်း ၁၀မှတ်တိုးလာသည့်အတွက်ကြောင့် ရှောင်ယုသည်စိတ်လှုပ်ရှားသွားခဲ့သည်။အခြားအခြေစိုက်စခန်းမှ တပ်သားများ၏သစ္စာစောင့်သိမှုသည်လည်း တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ဂရင်းဆိုလျှင် သစ္စာစောင့်သိမှု၁၀၀နီးပါးထိရောက်ရှိသွားခဲ့သည်။

ရှောင်ယုသည် အများအမြင်တွင် ရက်စက်ကြမ်းကြုတ်ကာ မည်သည့်အရာကိုမဆို တဇွတ်ထိုးလုပ်ဆောင်တတ်သူဖြစ်သည်။သ်ို့သော် ရန်သူသည် သူ၏အလောင်းက်ိုကျော်တက်ခြင်းမပြုဘဲ သူ၏လက်အောက်ငယ်သားများ၊သူငယ်ချင်းဆွေမျိုးများကို ထိခိုက်နာကျင်အောင်ပြုလုပ်ရန် ဘယ်တော့မှခွင့်ပြုပေးသွားမည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် အခြားစွန့်စားသူအဖွဲ့သည် ပေါက်ကွဲသံများကြားလိုက်ရ၍ ဤနေရာသို့ရောက်ရှိလာခဲ့သည်။သို့သော် မှော်စာလိပ်များ၏စွမ်းအားကြောင့် ပြိုကျလုနီးပါးဖြစ်နေသောနေရာကို တွေ့လိုက်ရသောအခါ အလွန်အံ့သြသွားကြပြီး ရှောင်ယုအားရင်ဆိုင်ဝံ့ခြင်းမရှိတော့ဘဲ ချက်ချင်းထွက်ပြေးသွားကြသည်။သူတို့သည် ယခုလိုအစွမ်းထက်သောပြိုင်ဘက်ကို မည်သည့်အခါမှရင်ဆိုင်မည်မဟုတ်ပေ။

ရှောင်ယုသည် လူတိုင်းကိုဦးဆောင်ကာ အမှောင်မြို့တော်၌ အဖိုးတန်ရတနာများကို တွေ့ရှိနိုင်သည့်နောက်ဆုံးနေရာဖြစ်သော တော်ဝင်ရပ်ကွက်သို့ဦးတည်ခဲ့သည်။

ထိုနေရာသည် ဆီးဗက်နက်စ်(လေလိုက်ဖမ်းသူ)၏ နေထိုင်ရာအရပ်ဖြစ်သည်။

သို့သော် ဆီးဗက်နက်စ်သည် ဤနေရာ၌မရှိနိုင်တော့ကြောင်း ရှောင်ယုယုံကြည်ခဲ့သည်။မည်သို့ပင်ဆိုစေ သူသည်ဤနေရာအားစစ်ဆေးလိုသေးသည်။အကယ်၍ သူတို့သာဤနေရာ၌ မည်သည့်အရာကိုမှမတွေ့ခဲ့ပါက အမှောင်မြို့တော်၏စူးစမ်းလေ့လာရေးခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။ထို့ပြင် သူလိုအပ်သည်ထက်ပိုမိုရရှိခဲ့သောကြောင့် ဤခရီးစဉ်သည်ထိုက်တန်နေပြီဖြစ်သည်။

ရှောင်ယုနှင့်ဂရင်းတို့သည် ဤနေရာသို့စစ်ဆေးရန် ပထမဆုံးခိုးဝင်ခဲ့ကြသည်။တော်ဝင်ရပ်ကွက်ဆီသို့ အဝင်လမ်းကြောင်းသည်ကျည်းမြောင်း၍ လူများစွာသည်တစ်ကြိမ်တည်းဝင်ရန် မဖြစ်နိုင်ပေ။

သူတို့သည် တော်ဝင်ရပ်ကွက်သို့ခြေချလိုက်သည်နှင့် ထိုနေရာသည်တိတ်ဆိတ်နေကြောင်း သိလိုက်ရသည်။ဤနေရာ၌ မည်သည့်မသေမျိုးမှရှိမနေပေ။ရှောင်ယုသည် ခန်းမအလွတ်အားတစ်ချက်လှမ်းကြည့်လိုက်သည်။

သူသည် ဤနေရာသို့အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လာရောက်ဆော့ကစားဖူးခဲ့သည်။သူသည် အလွန်သန့်စင်သည့်အလှတရားကို အကြိမ်ပေါင်းများစွာတွေ့ဖူးသော်လည်း ယခုအခါအရာအားလုံးပျောက်ကွယ်သွားပြီဖြစ်သည်။

ရှောင်ယုသည် ဤနေရာတစ်ခုလုံးအား မွှေနှောက်ကာအဖိုးတန်ပစ္စည်းများစွာကို ရှာဖွေခဲ့သည်။ရှောင်ယုသည် ဂိမ်းထဲတွင် ဆီးဗက်နက်စ်ရပ်နေသည့် ပလက်ဖောင်းပေါ်၌ အနီရောင်ကျောက်မျက်တစ်လုံးကိုတပ်ဆင်ထားသော မှော်ကြိမ်လုံးက်ိုတွေ့ရှိခဲ့သည်။ရှောင်ယုသည် မှော်ကြိမ်လုံးကိုစစ်ဆေးကြည့်ပြီးနောက် ၎င်းသည်မှော်သင်္ကေတများလုံးဝမပါရှိသည့် သာမန်မှော်ကြိမ်လုံးဟု ယူဆသွားခဲ့သည်။

"ဘာလို့ ဆီးဗက်နက်စ်ရဲ့ပလ္လင်မှာ သာမန်မှော်ကြိမ်လုံးတစ်ခုရှိနေရတာလဲ"

ရှောင်ယုသည် အနည်းငယ်အံ့သြသွားခဲ့သည်။

ဤနေရာသည် ပလ္လင်တစ်ခုမဟုတ်သော်လည်း မြင့်မားသည့်ပလက်ဖောင်းတစ်ခုဖြစ်သည်။သို့သော်လည်း ဆီးဗက်နက်စ်သည် ဤနေရာ၌အမြဲရှိနေ၍ သူမ၏ရာဇပလ္လင်အဖြစ်သတ်မှတ်နိုင်သည်။ရှောင်ယုသည် ကြိမ်လုံးကိုကိုင်ကာ သေချာစစ်ဆေးကြည့်ပြီးနောက် အလွန်သေးငယ်သောမှော်ကြိမ်လုံးဖြစ်သည်မှ လွဲ၍အခြားထူးခြားသည့်အချက်ရှာမတွေ့ခဲ့ပေ။သို့သော်ဤနေရာ၌ ရှိနေခြင်းဖြစ်၍ အထူးအသုံးဝင်မှုတစ်ခုရှိရမည်ဟု ယုံကြည်ခဲ့သည်။

"သခင်..ဒီမှာဘာမှမရှိဘူး"

ဂရင်းသည် သူ့အနားတိုးကပ်၍ ပြောလိုက်သည်။

ဤနေရာတွင် မည်သည့်အရာမှမရှိကြောင်း ကြိုသိထားသော ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်သည်။

ဂရင်းက ရှုပ်ထွေးနေသောလေသံဖြင့် ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ငါကဒီနေရာနဲ့တော်တော်ရင်းနှီးနေသလိုခံစားနေရတယ်...ငါဒီကိုအရင်ကရောက်ဖူးတာလား"

ဂရင်း၏စကားကိုကြားသောအခါ ရှောင်ယုသည်အနည်းငယ်အံ့သြသွားခဲ့သည်။

ဆီးဗက်နက်စ်သည် လူသားနှင့်နတ်သူငယ်များကို ဆန့်ကျင်သည့်အောစ့်ဘီလူးများနှင့် မဟာမိတ်ဖွဲ့ထားခဲ့သည်။ဂရင်းသည် ဤနေရာတွင်ရှိနေခဲ့ကာ ဆီးဗက်နက်စ်အားကျိန်းသေပေါက် တွေ့မြင်ဖူးပေမည်။ထို့ကြောင့် ဂရင်းသည်ဤနေရာ၌ရင်းနှီးနေသည်မှာ မထူးဆန်းလှပေ။

ဂရင်းသည် အမှန်တကယ်ပင် ဓားသခင်ဂရင်းဟုဆိုလိုပါသလား...

တစ်နေ့တွင် အောစ့်များနှင့်နတ်သူငယ်များသည် သူ့အားထားသွားလိမ့်မည်ဟု ရှောင်ယုခံစားမိနေသည်။သူတို့သည် သူ့အပေါ်သစ္စာရှိကြသော်လည်း အောစ့်နှင့်နတ်သူငယ်များတွင် ကိုယ်ပိုင်မျိုးနွယ်စုနှင့်ကမ္ဘာများရှိကာ သူ့နောက်သို့အမြဲတမ်းမလိုက်နိုင်ကြပေ။

"ငါက သူတို့ရဲ့အရှင်သခင်ဆိုပေမဲ့...သူတို့မှာအရင်သူရဲကောင်းတွေရဲ့ စိတ်ဝိညာဉ်တွေရှိနေပုံရတယ်...ဒါကငါထင်ထားသလိုမရိုးရှင်းဘူး"

ရှောင်ယုက သူသည်ဤကမ္ဘာပေါ်ရှိ အောစ့်နှင့်နတ်သူငယ်များ၏ ယခင်ဂုဏ်ကျက်သရေကို ပြန်လည်သယ်ဆောင်ပေးမယ့် အကြီးမြတ်ဆုံးအရှင်သခင်ဖြစ်သည်ဟု ပေါ့ပေါ့တန်တန်ပြောဆိုခဲ့ဖူးသည်။သို့သော် သူပေါ့ပေါ့တန်တန်ပြောလိုက်သည့်စကားတစ်ခွန်းသည် ဂိမ်းထဲရှိကံကြမ္မာနှင့်ဆက်နွယ်နေပုံရသည်။

လူအိုကြီးသီအိုဒိုး...မင်းဘာတွေကြိုသိထားတာလဲ...မင်းဘာတွေများဖုံးကွယ်ထားဦးမှာလဲ

အခန်း ၁၉၈ - များပြားလှသည့်ရမှတ်များ

ရှောင်ယုသည် အခြားသူများနှင့်အတူ နောက်ထပ်ရက်အနည်းငယ်ကြာသည်အထိ အမှောင်မြို့တော်၌လှည့်ပတ်သွားလာနေခဲ့သည်။ဤနေရာရှိ ရတနာအားလုံးယူဆောင်သွားခြင်းခံရပြီဖြစ်ကြောင်း ရှောင်ယုသိထားသော်လည်း ပထမဆုံးအကြိမ်လာရောက်ရှာဖွေသော စွန့်စားသူများမျက်စိမှောက်ကာ ကျန်ရစ်ခဲ့နိုင်သည့်ပစ္စည်းများရှိနေနိုင်၍ အမှားအယွင်းမရှိရလေအောင် ထပ်မံစစ်ဆေးခဲ့ခြင်းဖြစ်သည်။အခြားအဖွဲ့များသည်လည်း အမှောင်မြို့တော်၌ ဆက်လက်ရှာဖွေနေကြသေးသည်။ထိုအဖွဲ့များသည် လွန်ခဲ့သော၃ရက်အတွင်း အချင်းချင်းတိုက်ခိုက်လုယက်ခဲ့ကြသော်လည်း ရှောင်ယုအားတွေ့ဆုံချိန်၌ တိုက်ခိုက်ရန်မဝံ့မရဲဖြစ်နေခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များသည်ပင် ရှောင်ယုအားတွေ့ဆုံသည်နှင့် တိတ်တဆိတ်နောက်ဆုတ်သွားကြသည်။ရှောင်ယုသည် ကနေဒီမိသားစုကိုပင် တိုက်ခိုက်ရန်မှော်စာလိပ်များ အသုံးပြုခဲ့ကြောင်းသူတို့သတင်းရထားပြီဖြစ်သည်။သို့ဖြစ်ရာ ထိုကဲ့သို့အရူးတစ်ယောက်အား ယခုအချိန်၌မည်သူကမှ သွားရောက်ရန်မစလိုကြပေ။သုံးရက်ကြာပြီးနောက်တွင် တစ်ဖွဲ့ပြီးတစ်ဖွဲ့ အမှောင်မြို့တော်မှ ထွက်ခွာသွားခဲ့ကြသည်။

အမှောင်မြို့တော်အပြင်ဘက်၌ ထောင်ပေါင်းများစွာသော အောစ့်နှင့်နတ်သူငယ်များက သူ့အားစောင့်ဆိုင်းနေ၍ ရှောင်ယုသည် ၎င်းတို့၏လုံခြုံရေးအားစိုးရိမ်သောကြောင့် ပြန်သွားရန်စီစဉ်ခဲ့သည်။သူသည် သရောလ်၏ခွန်အားအပေါ်ယုံကြည်မှုအပြည့်အဝရှိသော်လည်း စွန့်စားသူများ၏စွမ်းအားသည် အလွန်မြင့်မားပေသည်။

ထိုသို့မထွက်ခွာမှီ ရှောင်ယုသည် သူ့လူများနှင့်အတူ အေရွတ်ဘုရင့်နိုင်ငံ၏ အပျက်အစီးများကိုသွားရောက်ကြည့်ရှုခဲ့သည်။နန်းတော်အပျက်အစီးများတွင် တံခါးများအစားဧရာမအပေါက်ကြီးတစ်ခုရှိနေပြီး စွန့်စားသူအဖွဲ့များသည် ထိုအပေါက်မှဝင်ရောက်လာကြပုံရသည်။

ရှောင်ယုသည် အေရွန်ဘုရင့်နိုင်ငံတွင် ကစားခဲ့စဉ်က သူ၏မှတ်ညဏ်များကိုပြန်လည်တူးဖော်လိုက်သည်။အားသက်စ်သည် သူ၏အဖေကိုသတ်ဖြတ်ကာ အမှောင်ဘက်ရောက်ရှိသွားကြောင်း အခြားသူများကိုပြောပြခဲ့ပြီး ထိုထဲတွင်အူသာနှင့်အန်တိုနီဒက်စ်တို့လည်း ပါဝင်ပေသည်။ထို့ကြောင့် ဤနေရာတွင်အန်တိုနီဒက်စ်သည် သူ၏မှတ်ညဏ်များကိုပြန်လည်ရရှိလိမ့်မည်ဟု ရှောင်ယုမျှော်လင့်ခဲ့သည်။

သူရဲကောင်းများသည် ယခင်မှတ်ဉာဏ်များကို ပြန်လည်ရရှိပါက သူ့အားစွန့်ခွာသွားနိုင်ကြောင်း ရှောင်ယုနားလည်ပေသည်။သို့သော် သူသည်စက်ရုပ်များကဲ့သို့လူများကို အုပ်ချုပ်မည့်အစား သူ့လူများကိုအကောင်းဆုံးဟူသောအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် မျှော်မှန်းခဲ့သည်။အန်တိုနီဒက်စ်သည် ဤနေရာတစ်ခုလုံးအား စူးစူးရဲရဲအကြည့်ဖြင့် လေ့လာစူးစမ်းခဲ့သော်လည်း မည်သည့်စကားမှမပြောခဲ့ပေ။

အဆုံးသတ်တွင် ရှောင်ယုသည် အေရွန်ဘုရင့်နိုင်ငံ၏အပျက်အစီးများကို စွန့်ခွာကာ သရောလ်အားရှာဖွေရန် လှည့်ထွက်လာခဲ့သည်။

သူသည် အောစ့်တို့၏စခန်းသို့ရောက်သောအခါ ခံစစ်လိုင်းများကို ဦးစွာတွေ့လိုက်ရသည်။သို့သော်ထိုနေရာတဝိုက်၌ ကြီးကြီးမားမားတိုက်ပွဲဖြစ်ထားသည့် အရိပ်အယောင်ကိုမတွေ့ရ၍ ရှောင်ယုစိတ်သက်သာရာရသွားခဲ့သည်။

"သရောလ်...မင်းတို့ကိုတစ်ယောက်ယောက်က လာတိုက်သေးလား"

ရှောင်ယုသည် သူ့အားလာရောက်ကြိုဆိုသည့်သရောလ်ကို မေးမြန်းလိုက်သည်။

"အုပ်စုနည်းနည်းလောက်က လာရောက်တိုက်ခိုက်ကြပေမဲ့ အကုန်လုံးကိုရှင်းလင်းန်ိုင်ခဲ့တယ်"

သရောလ်က ချက်ချင်းပြန်ဖြေလိုက်သည်။

ဤနေရာတွင် အောစ့်၃၀၀၀နှင့်နတ်သူငယ်၄၀၀၀ကျော်ရှိရာ ဤနေရာသို့တိုက်ခိုက်မယ့် မည့်သည့်စွန့်စားသူမဆို နှစ်ခါစဉ်းစားရမည်ဖြစ်သည်။ထို့ပြင် သရောလ်သည်ခုခံကာကွယ်ရေးအတွက် အလွန်ကောင်းမွန်သော မြေမျက်နှာသွင်ပြင်အားရွေးချယ်ခဲ့သည်။သရောလ်ပြုလုပ်ထားသည့် ခံစစ်စည်းရိုးများ၊ခြံစည်းရိုးများနှင့်အတားအဆီးများသည် မည်သည့်ရန်သူကိုမဆို ကောင်းမွန်စွာတုံ့ပြန်တိုက်ခိုက်နိုင်ပေသည်။သရောလ်၏အတွေးများသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပိုမိုရင့်ကျက်လာခဲ့သည်။

ရှောင်ယုသည် ထိုအဖွဲ့များကိုခေါ်ယူကာ ခြင်္သေ့မြို့သို့ပြန်သွားခဲ့သည်။ပုံမှန်အားဖြင့် ဤနေရာတွင်အပြန်လမ်းရှာရန် အလွန်ခက်ခဲသော်လည်း ဒေသခံအောစ့်များနှင့်နတ်သူငယ်တို့၏အကူအညီကြောင့် အပြန်ခရီးလမ်းသည်လွယ်ကူခဲ့သည်။သူတို့သည် အန်ကာဂန်တောင်တန်းများ၌ အချိန်အတော်ကြာအောင်နေထိုင်ခဲ့သည့်အတွက် ခြင်္သေ့မြို့သို့အပြန်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန်မခက်ခဲပေ။

လမ်းတလျှောက်တွင် သူတို့်အားလာရောက်တိုက်ခိုက်သည့် နတ်ဆိုးသားရဲများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ရှောင်ယုကသူတို့အားလုံးကို သတ်ဖြတ်လိုက်သည်။ဤသို့ဖြင့် သူတို့သည်အချိန်တိုတိုဖြင့် အန်ကာဂန်တောင်တန်းများမှ ထွက်ခွာလာနိုင်ခဲ့သည်။ထိုအချိန်တွင် ခိုင်ရင်းသည် အဆင့်၂၀သို့ရောက်ရှိနေပြီဖြစ်သည်။

ခိုင်ရင်းသည် အဆင့်၂၀သို့ရောက်ရှိပြီးနောက်တွင် ကျွမ်းကျင်မှုအသစ်၄ခုအား သင်ယူနိုင်ခဲ့သည်။ထိုကျွမ်းကျင်မှုများမှာ...

အကြမ်းခံမှုအော်ရာ (အဆင့် ၃ ထိုမြင့်တင်နိုင်သည်)

- သူရဲကောင်း၏လှုပ်ရှားမှုနှင့် တိုက်ခိုက်မှုအမြန်နှုန်းကို တိုးမြင့်စေသည်။အဆင့် ၁ တွင် လှုပ်ရှားမှုအမြန်နှုန်းကို ၁၀ ရာခိုင်နှုန်းနှင့် တိုက်ခိုက်မှုအမြန်နှုန်းကို ၅ ရာခိုင်နှုန်းတိုးလာစေသည်။အဆင့် ၂ တွင် လှုပ်ရှားမှုအမြန်နှုန်းကို ၂၀ ရာခိုင်နှုန်းနှင့် တိုက်ခိုက်မှုအမြန်နှုန်းကို ၁၀ ရာခိုင်နှုန်းတိုးလာစေသည်။အဆင့် ၃ တွင် လှုပ်ရှားမှုအမြန်နှုန်းကို ၃၀ ရာခိုင်နှုန်းနှင့် တိုက်ခိုက်မှုအမြန်နှုန်းကို ၁၅ ရာခိုင်နှုန်းတိုးလာစေသည်။

မြေပြင်ချေမွခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သူရဲကောင်းသည် သူ၏လက်နက်ကိုမြေပြင်ပေါ်ရိုက်ချလိုက်ကာ ရန်သူကို မျည်းဖြောင့်အတိုင်း တိုက်ခိုက်ရန် အချွန်အတက်များကို ထုတ်လွှတ်နိုင်သည်။တိုက်ခိုက်ခံရသောရန်သူများသည် မူးဝေသွားပြီး ထိခိုက်မှုပမာဏကြီးကြီးမားမားခံစားရမည်ဖြစ်သည်။ထိုသို့တိုက်ခိုက်ခံရချိန်တွင် ပထမအဆင့်မှ အဆင့်၁ခုတက်တိုင်း ရန်သူသည် မူးဝေချိန်၂စက္ကန့်ပိုတိုးလာကာ ထိခိုက်မှုပမာဏအမှတ်၃၀ ပိုမိုပျက်စီးမည်ဖြစ်သည်။

ခွန်အားတိုးမြင့်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- အဆင့်တစ်ခုတက်တိုင်း သူရဲကောင်းဖြစ်သူ၏ ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့်ခွန်အားကို ၃၀ရာခိုင်နှုန်းစီတိုးမြင့်ပေးသည်။

ရက်စက်ကြမ်းကြုတ်သောအကျိုးသက်ရောက်မှု (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သူရဲကောင်းသည် သူ၏ခန္ဓာကိုယ်အား မှီခိုကာရန်သူများကို ချေမှုန်းတိုက်ခိုက်နိုင်သည်။သူရဲကောင်းသည် ရန်သူ၏တိုက်ခိုက်မှုကြောင့် ကြီးမားသည့်ထိခိုက်မှုအား ခံစားလာရသည်နှင့်အမျှ စိတ်ရိုင်းဝင်သောပုံစံသို့ရောက်ရှိသွားမည်ဖြစ်သည်။

"ဒီကျွမ်းကျင်တွေက တကယ်မိုက်တာပဲ...ဒီဟာဆိုရင် လှုပ်ရှားမှုအမြန်နှုန်းနဲ့တိုက်ခိုက်မှုအမြန်နှုန်းကို တိုးစေတယ်...ဒီကျွမ်းကျင်မှုနဲ့ဆိုရင် ရန်သူတွေကိုဖြတ်ကျော်တိုက်ခိုက်ဖို့အတွက် တပ်ဖွဲ့ငယ်လေးတွေကို ဦးဆောင်တဲ့နေရာမှာအကောင်းဆုံးပဲ...ခိုင်ရင်းကသူ့ပုဆိန်ကြီးကို တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ ရန်သူတွေအများကြီးသေကုန်လိမ့်မယ်...သူ့ရဲ့ဧရာမခန္ဓာကိုယ်ကြီးကြောင့် ဘယ်သူကမှသူ့က်ိုတားဆီးနိုင်မှာမဟုတ်ဘူး...ခိုင်ရင်းရဲ့အဓိကစွမ်းအားက ခွန်အားနဲ့စွမ်းအားအပေါ်ကိုအဓိကအခြေခံထားတာဆို‌တော့ ရက်စက်ကြမ်းကြုတ်တဲ့အကျိုးသက်ရောက်မှုက ခိုင်ရင်းရဲ့အစွမ်းကို နှစ်ဆမြှောက်ပေးလိုက်သလိုပဲ...ဟားဟား"

ရှောင်ယုသည် ခိုင်ရင်း၏ကျွမ်းကျင်မှုများနှင့်ပတ်သက်၍ အနည်းငယ်မနာလိုဖြစ်မိခဲ့သည်။သို့သော်လည်း သူသည်ပိုမိုသန်မာသည့် အခြားလမ်းကြောင်းတစ်ခုအား လျှောက်လှမ်းခဲ့ပြီးဖြစ်သည်။ထိုကျွမ်းကျင်မှုများသည် သူနှင့်သင့်တော်ခြင်းမရှိပေ။အကယ်၍ သူသာအခြားသူတစ်ယောက်အပေါ်သို့ ရက်စက်ကြမ်းကြုတ်သောသက်ရောက်မှုကို အသုံးပြုခဲ့ပါက သူရရှိမည့်အကျိုးသက်ရောက်မှုသည် နိမ့်ပါးနေမည်ဖြစ်သည်။

ရှောင်ယုသည် ခိုင်ရင်းအား ခွန်အားတိုးမြင့်မှုကိုသင်ယူစေခဲ့သည်။ခိုင်ရင်း၏ခန္ဓာကိုယ်သည် အလွန်သန်မာကြောင်း သူသိထားသော်လည်း ယခုထက်ပိုမိုသန်မာ၍အထွတ်အထိပ်သို့ရောက်ရှိရန် လိုအပ်နေသည်။ထိုအခါသူသည် ခိုင်ရင်းအားအဆင့်၂ချပ်ဝတ်တန်ဆာကို ပေးအပ်မည်ဖြစ်ကာ ခိုင်ရင်းအားရွေ့လျားနိုင်သည့်ခံတပ်တစ်ခုသဖွယ် အသွင်ပြောင်းပေးမှာဖြစ်ပြီး သူနှင့်ရင်ဆိုင်တွေ့သူတိုင်းထွက်ပြေးရမည်ဖြစ်သည်။

သူတို့သည် အန်ကာဂန်တောင်တန်းများမှ ထွက်ခွာလာပြီးနောက် ခြင်္သေ့မြို့အားတွေ့မြင်လိုက်ရချိန်တွင် စနစ်၏အချက်ပေးသံသည် ရှောင်ယု၏နားထဲပဲ့တင်ထပ်လာခဲ့သည်။

"စူးစမ်းလေ့လာရေးခရီးစဉ်ကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့၍ ကစားသူသည်ရမှတ်၅၀၀၀၀၀ နှင့် ကမ္မကုသိုလ်၅၀၀၀၀ကိုရရှိပိုင်ဆိုင်ခဲ့သည်...ကစားသူသည်ယခုအခါ ဗိုလ်မှူးအဆင့်သို့တိုးမြင့်ထားပါသည်"

စနစ်၏အသိပေးချက်ကို ကြားလိုက်ရသောအခါ ရှောင်ယု၏ခန္ဓာကိုယ်အား ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး အဆင့်၂၀သို့ရောက်ရှိသွားခဲ့သည်။အဆင့်၂၀သည် ဤကမ္ဘာရှိတတိယအဆင့်သူရဲကောင်းနှင့်ညီမျှပေသည်။ထိုအဖြစ်အပျက်သည် ရှောင်ယုအတွက်အံ့သြစရာပင်ဖြစ်သည်။အမှောင်မြို့တော်အား စူးစမ်းရှာဖွေခြင်းသည် ရမှတ်များစွာနှင့်ကမ္မကုသိုလ်မှတ်များကို ရရှိစေမည်ဟုသူမထင်ထားခဲ့ပေ။

အဆင့်၂၀သို့ရောက်ရှိသွားခြင်းသည် ဒုတိယသာဖြစ်သည်။အရေးအကြီးဆုံးအချက်မှာ သူသည်ဗိုလ်မှူးအဆင့်သို့ရောက်ရှိသွားပြီးနောက် သူခေါ်ယူနိုင်သည့်တပ်သားအရေအတွက် တိုးမြင့်လာမည်ဖြစ်သည်။ဆိုလိုသည်မှာ သူပိုင်ဆိုင်သောစွမ်းအားသည် တဖန်ပြန်လည်တိုးတက်လာတော့မည်ဖြစ်သည်။

ရှောင်ယုသည် ဤအခွင့်အရေးအားစောင့်မျှော်နေသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။သူသည် အခြေစိုက်စခန်းအားအဆင့်မြင့်တင်ကာ လက်နက်အသစ်များနှင့်ချပ်ဝတ်အသစ်များကို လိုချင်ခဲ့သည်။သူသည် ကာရီ၏ဖခင်ဖြစ်သူအား တိုက်ခိုက်ချေမှုန်းရန် လက်နက်နှင့်တပ်သားအသစ်များကို လိုအပ်နေခဲ့သည်။

ရှောင်ယုသည် ထိုအကြောင်းကိုတွေးတောရင်း အလွန်စိတ်လှုပ်ရှားနေကာ ကိန်းဂဏန်းအချက်အလက်များကို စစ်ဆေးကြည့်လိုခဲ့သည်။သူသည် သူဆင့်ခေါ်နိုင်သည့်စစ်သည်ပမာဏအရေအတွက်အတိအကျကို သိရှိလိုခဲ့သည်။သို့သော် နောက်အခိုက်အတန့်၌ သူသည်ဒေါသတကြီးကျိန်ဆဲမိလိုက်သည်။

"သေစမ်း...ဘာလို့၆၀၀၀ပဲရှိရတာလဲ...တကယ်ဆို၈၀၀၀ထိတိုးသွားရမှာမဟုတ်လား"

All Chapters