အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
အခန်း ၂၀၂ - တပ်များကိုနေရာချခြင်း
ခွဲတမ်းအရဆိုလျှင် နောက်ထပ်နေရာလွတ် ၃၅၀ကျန်ရှိနေသေးသည်။
ထိုနေရာလွတ်များအတွက်မြင်းတပ်သား ၂၀၀ နှင့်အောစ့်စီးနင်းသူ၁၅၀အား ခေါ်ယူရန်ဆုံးဖြတ်ခဲ့သည်။ရှောင်ယုသည် သူ၏ကွပ်ကဲမှုအောက်တွင် မြင်းတပ်သားအမြောက်အများမရှိကြောင်း နားလည်ထားသော်လည်း ၎င်းတို့သည်စစ်မြေပြင်၌ အလွန်ထိရောက်မှုရှိကြောင်း နားလည်ထားသည်။မြင်းတပ်သားတစ်ယောက်သည် စစ်မြေပြင်၌ အနည်းဆုံးရန်သူ၃ယောက်ကို အောင်မြင်နိုင်သည်။ထို့ကြောင့် သူ၏ထိန်းချုပ်မှုအောက်တွင် မြင်းတပ်သား၇၀၀ထိရောက်ရှိလာခဲ့သည်။
ရှောင်ယုသည် တပ်သားများကိုခေါ်ယူပြီးနောက် တိုက်ခိုက်မှုစတင်ရန်အတွက် တပ်များကိုစတင်ပြင်ဆင်ခဲ့သည်။ယခုအခါ ခြင်္သေ့နယ်မြေတွင် သာမန်စစ်သားအရေအတွက် ၃၀၀၀၀ခန့်ရှိနေပြီဖြစ်သည်။ရှောင်ယုသည် လင်းယုန်စခန်းအားဝင်ရောက်စီးနင်းစဉ်အခါက လက်နက်များနှင့်ချပ်ဝတ်တန်ဆာများကို သိမ်းဆည်းရမိခဲ့ကာ တပ်သားများအားလုံးကို ကောင်းစွာလက်နက်တပ်ဆင်ပေးနိုင်ခဲ့သည်။တပ်သား၃၀၀၀၀အနက် ၁၀၀၀သည်အမာခံမြင်းတပ်ဖြစ်ကာ ၃၀၀၀သည်အပေါ့စားမြင်းတပ်ဖြစ်ပြီး ကျန်တပ်သားများမှာ ခြေလျင်တပ်သားများဖြစ်ကြသည်။
သို့ဖြစ်ရာ ရှောင်ယု၏တပ်အင်အားသည် ဆိုလိုမွန်း၏တပ်အင်အားကိုလိုက်မမှီသေးပေ။သို့သော်လည်း အခြေစိုက်စခန်းများမှဆင့်ခေါ်ထားသည့် အထူးတပ်သားများကြောင့် အရေအတွက်ကွာဟမှုကိုဖြည့်တင်းပေးနိုင်ခဲ့သည်။ထို့ပြင်သူသည် စစ်ပွဲတူကုမ္ပဏီမှ အကြီးစားလှံပစ်စက်၁၀၀ ၊ အလတ်စားလှံပစ်စက် ၅၀၀ နှင့် အသေးစားလှံပစ်စက်၁၀၀၀ ၊ လောက်လွဲစင်၁၀၀၀တို့ကိုလည်း ငွေကြေးများစွာသုံးစွဲကာဝယ်ယူခဲ့သည်။သေးငယ်သောလှံပစ်စက်များသည် အောစ့်များစစ်မြေပြင်၌အသုံးပြုနိုင်ရန် ရည်ရွယ်ကာဝယ်ယူခဲ့ခြင်းဖြစ်သည်။
ရှောင်ယုသည် အန်ကာဂန်တောင်တန်းများမှ အောစ့်၃၀၀၀ကျော်ကိုယူဆောင်လာခဲ့သည်။သို့သော်လည်း သူသည်မိန်းမနှင့်ကလေးများကို ဖယ်ဆောင်ထားရမည်ဖြစ်ရာ အရေအတွက်၂၀၀၀ကျော်သာကျန်ရှိခဲ့သည်။အဆုံးသတ်တွင် အခြေစိုက်စခန်းမှဆင့်ခေါ်ထားသည့် အောစ့်စစ်သည် ၆၀၀ ၊ ဘန်ဂါဇီမြို့မှကယ်တင်လာသော အောစ့်၅၀၀နှင့် ယခုအောစ့်များကိုပေါင်းထည့်လိုက်ပါက သူ့ထံတွင်တိုက်ပွဲဝင်နိုင်သောအောစ့်၃၀၀၀ကျော်ရှိလာပြီဖြစ်သည်။
အန်ကာဂန်တောင်တန်းများမှ အောစ့်များသည် အာဟာရမပြည့်ဝမှုကြောင့် ခွန်အားနိမ့်ကျနေခဲ့သည်။သို့သော်လည်း ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး အာဟာရပြည့်ဝစွာစားသောက်ပြီးနောက် သူတို့၏ခွန်အားများတိုးလာခဲ့သည်။
ထို့ပြင် အောစ့်များအနက် အခြေစိုက်စခန်းမှဆင့်ခေါ်ထားသည့် အောစ့်စစ်သည်များကဲ့သို့ အစွမ်းထက်သူများရှိခဲ့သည်။ဥပမာအားဖြင့် ဘန်ဂါဇီမြို့မှကယ်တင်လာသောဆီဇာသည် အိုနေးလ်ထက်အားမနည်းပေ။ရှောင်ယုသည် ဆီဇာအား တိုမာဟောခ့်ပုဆိန်နှင့်အဆင့်၁ချပ်ဝတ်တန်ဆာတို့ကိုပေးအပ်ကာ အောစ့်၁၀၀၀ပါသောတပ်ဖွဲ့၏ တပ်မှူးအဖြစ်ခန့်အပ်ခဲ့သည်။
အန်ကာဂန်တောင်တန်းရှိ အောစ့်မျိုးနွယ်တစ်ခု၏ ခေါင်းဆောင်ဖြစ်သော ဆမ်မြူရယ်သည်လည်း ငယ်ရွယ်ကာ အလွန်အစွမ်းထက်ပေသည်။ရှင်းရှင်းပြောရလျှင် ဆမ်မြူရယ်သည်ဆီဇာထက်အစွမ်းထက်ပေသည်။ထို့ကြောင့် ရှောင်ယုသည် ဆမ်မြူရယ်အား တိုမာဟောခ့်ပုဆိန်နှင့်အဆင့်၁ချပ်ဝတ်တန်ဆာတို့ကိုပေးအပ်ကာ ဒုတိယမြောက်အောစ့်၁၀၀၀ပါတပ်ဖွဲ့၏ တပ်မှူးအဖြစ်ခန့်အပ်ခဲ့သည်။
တတိယမြောက်တပ်ဖွဲ့အား အိုနေးလ်ကိုယ်တိုင်ဦးဆောင်ခဲ့သည်။စစ်ပွဲအတွင်း၌ သူတို့အားကူညီရန်အတွက် အဖွဲ့တစ်ခုစီတွင် နတ်ဆရာများ၊ကိုဒိုသားရဲများနှင့် ပယောဂဆရာများကိုဖြန့်ခွဲနေရာချထားသည်။သရောလ်နှင့်ဂရင်းတို့သည် ထိုတပ်ဖွဲ့၃ခုလုံးအား စီမံကွပ်ကဲခဲ့ကြသည်။ခိုင်ရင်းသည် အခြေစိုက်စခန်းမှဆင့်ခေါ်ထားသည့် အခြားတပ်ဖွဲ့များကိုဦးဆောင်ခဲ့ကာ အောစ့်စီးနင်းသူများသည် ရှောင်ယု၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေခဲ့သည်။
နတ်သူငယ်များ၌လည်း ထူးချွန်သောတိုက်ခိုက်ရေးသမားများရှိသည်။အန်ကာဂန်တောင်တန်းမှ နတ်သူငယ်မျိုးနွယ်ခေါင်းဆောင်တစ်ဦးဖြစ်သော အန်နာဟုခေါ်သည့်နတ်သူငယ်မျိုးနွယ် အမျိုးသမီးတစ်ဦးရှိသည်။ရှောင်ယုသည် သူမအားဟာရီကိန်းလေးတစ်လက်ပေးအပ်ကာ ထိပ်တန်းနတ်သူငယ်လေးသမား၁၀၀၀ကို ဦးဆောင်စေခဲ့သည်။
အခြေစိုက်စခန်းမှ ဆင့်ခေါ်ထားသည့် ကျန်နတ်သူငယ်လေးသမားများ၊မုဆိုးများနှင့်မှော်စုန်းဆရာများကို ရာအူးလ်ကဦးဆောင်ခဲ့သည်။
အခြေစိုက်စခန်းမှ ဆင့်ခေါ်ထားသည့်လေးသမားများသည် နတ်မြင်းပျံများ စီးနင်းခွင့်ရခဲ့သည့်အတွက်ကြောင့် အခြားသောနတ်သူငယ်များကို မနာလိုဖြစ်စေခဲ့သည်။
အန်ကာဂန်တောင်တန်းများမှ ရောက်ရှိလာသောနတ်သူငယ်တိုင်းသည် အခြေစိုက်စခန်းများမှဆင့်ခေါ်ထားသည့် နတ်သူငယ်များကဲ့သို့ လေးသမားများမဟုတ်ကြပေ။သို့သော် သူတို့၏အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းမွန်လှသည်။ရုပ်ပိုင်းဆိုင်ရာအရ နတ်သူငယ်များသည် လူသားများထက်များစွာသန်မာကြပြီး သူတို့၏ခန္ဓာကိုယ်သည် သွက်လက်သန်မာကြသည်။နတ်သူငယ်မျိုးနွယ်စုမှ တိုက်ခိုက်ရေးသမားတစ်ယောက်သည် သာမန်လူသားစစ်သား၄/၅ဦးအား ယှဉ်တိုက်နိုင်သည်။
သို့ရာတွင် သူတို့သည်လူသားသူရဲကောင်းများ၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။ရှေးခေတ်နတ်သူငယ်များတွင် အစွမ်းထက်သောကျွမ်းကျင်မှုများစွာပိုင်ဆိုင်ခဲ့ကာ တိုက်ပွဲ၌အသုံးဝင်သည့် အစွမ်းထက်လက်နက်ကိရိယာအများအပြားရှိခဲ့သည်။သို့သော်လည်း နှစ်ပေါင်းတစ်သောင်းကျော်ကြာမြင့်ပြီးနောက် ထိုကျွမ်းကျင်မှုများနှင့်လက်နက်များသည် သမိုင်းထဲ၌ ပျောက်ဆုံးကျန်ရစ်ခဲ့ပြီဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းသော နတ်သူငယ်တပ်သားများကို ပြန်လည်ခေါ်ယူနေသည်ဖြစ်ရာ နတ်သူငယ်များ၏စွမ်းအားသည် တဖန်ပြန်လည်မြင့်တက်လာမည်ဖြစ်သည်။
ရှောင်ယု၏တပ်များသည် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီးနောက် ဆိုလိုမွန်း၏နယ်မြေဆီသို့ စတင်ချီတက်ခဲ့သည်။ရှောင်ယုသည် ခြင်္သေ့မြို့အားကာကွယ်ရန်အတွက် သာမန်စစ်သား၁၀၀၀၀နှင့်ရှေးဟောင်းကာကွယ်သူများကို ချန်ရစ်ခဲ့သည်။ရှောင်ယုသည် ခြင်္သေ့မြို့အားလာရောက်တိုက်ခိုက်မည့်သူမရှိကြောင်း သိရှိထား၍ ခြင်္သေ့မြို့အားစိတ်မပူခဲ့ပေ။ထို့ပြင် ကနေဒီမိသားစုသည် အချိန်တိုလေးအတွင်း ခြင်္သေ့မြို့ကိုမတိုက်ခိုက်နိုင်ကြောင်း သူယုံကြည်ခဲ့သည်။
ရှောင်ယုသည် စစ်ပွဲမစတင်မှီ အစည်းအဝေးတစ်ခုပြုလုပ်ကာ သူ၏လူများနှင့်ဆွေးနွေးခဲ့သည်။ထိုအစည်းအဝေးတွင် ဆိုလိုမွန်းနှင့်ကာရီတို့၏မှားယွင်းသောအပြုအမူနှင့် ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများကို အသေးစိတ်ရှင်းပြခဲ့သည်။စစ်ပွဲစတင်ပါက အပြစ်မဲ့ပြည်သူများနှင့်အခွန်ပေးဆောင်မည့်ကုန်သည်များ စသည်တို့ကိုခွဲခြားထားရန် သူ့လူများကိုသတိပေးခဲ့သည်။
နတ်သူငယ်စီးနင်းသူများသည် ပင်မတပ်များမချီတက်မှီ ချီတက်ရာလမ်းကြောင်းတဝိုက်ကို စူးစမ်းစစ်ဆေးခဲ့ကာ အန္တာရယ်များကိုသတိပေးနိုင်ရန် အကြိမ်ကြိမ်ပျံသန်းနေခဲ့သည်။ယခုခေတ်တွင် လေကြောင်းတပ်များသည် မဟာဗျူဟာမြောက်တပ်ဖွဲ့များဖြစ်ကာ အစွမ်းအထက်ဆုံးသောအရှင်သခင်များကသာ ပိုင်ဆိုင်ပေသည်။
လေကြောင်းတပ်များသည် ရွေ့လျားနိုင်စွမ်းမြင့်မား၍ အလွယ်တကူမထိခိုက်နိုင်ပေ။ထို့ပြင် သူတို့သည်သတင်းအချက်အလက်များကို ရှာဖွေခြင်းနှင့် ပြန်လည်တင်ပို့ခြင်းအပိုင်းတွင် မြေပြင်ကင်းထောက်များထက် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်သည်။
ရှောင်ယုသည် လင်းနို့စီးနင်းသူများကို အဓိကစစ်တပ်နှင့်မလိုက်ပါစေဘဲ ညအချိန်၌သာပျံသန်းရန် အမိန့်ပေးထားခဲ့ကာ နေ့အချိန်၌လှုပ်ရှားသွားလာခွင့်မပြုခဲ့ပေ။ထို့ကြောင့် ရန်သူကင်းထောက်များသည် ၎င်းတို့၏တည်ရှိမှုကို မသိခဲ့ကြပေ။ထောင်နှင့်ချီသော လင်းနို့စီးနင်းသူများသည် ညအချိန်၌ မြို့တစ်မြို့အားဗုံးကြဲပါက မည်သို့ဖြစ်လာမည်ကို လူတိုင်းမသိနိုင်ပေ။သို့သော် ကြီးမားသောထိတ်လန့်မှုနှင့်အကျိုးသက်ရောက်မှုများ ကျိန်းသေဖြစ်ပေါ်လာမည်ဖြစ်သည်။
ဤဝှက်ဖဲများကြောင့် ရှောင်ယုသည် ဤစစ်ပွဲကိုအောင်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိနေခြင်းဖြစ်သည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ပင်မစစ်ကြောင်းသည် ဆိုလိုမွန်းနယ်မြေ၏ ပထမဆုံးမြို့နှင့်ဆယ်မိုင်အကွာသို့ ရောက်ရှိလာခဲ့သည်။ထိုမြို့သည် ဆိုလိုမွန်း၏နယ်မြေအတွင်းမှ မြို့၃ခုအနက် တစ်ခုဖြစ်ပြီး ဂီစကိုမြို့ဟုခေါသည်။
ဆိုလိုမွန်း၏နယ်မြေသည် သေးငယ်ခြင်းမရှိသော်လည်း မကြာမှီအတောအတွင်း ဂီစကိုမြို့သည် ရှောင်ယု၏အပိုင်ဖြစ်လာတော့မည်ဖြစ်သည်။
...
ဆိုလိုမွန်းသည် ရှောင်ယုစစ်ချီတက်လာသည့်အကြောင်းကို အချိန်ကြာမြင့်စွာကတည်းက သတိထားမိခဲ့ပြီဖြစ်သည်။ထိုလျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များသည် ဤတိုက်ခိုက်မှုနှင့်ပတ်သက်၍ သူ့အားကြိုတင်သတိပေးထားခဲ့သည်။အကယ်၍ ထိုသတိပေးမှုကိုမရရှိခဲ့ပါက ယခုအချိန်တွင် ဆိုလိုမွန်းသည် ရှောင်ယု၏တိုက်ခိုက်မှုကိုလည်စင်းခံပေးရတော့မည်ဖြစ်သည်။
ဆိုလိုမွန်းသည် ရှောင်ယု၏စစ်ကြောင်းကို စုံစမ်းထောက်လှမ်းထားခဲ့သော်လည်း သူတို့အားလုံးသည် နတ်မြင်းပျံကိုစီးနင်းသည့် နတ်သူငယ်များ၏သတ်ဖြတ်မှုကိုခံခဲ့ရသောကြောင့် အသေးစိတ်သတင်းအချက်အလက်များကို ပြန်လည်မတင်ပြနိုင်ခဲ့ကြပေ။
သို့ဖြစ်ရာ ရှောင်ယု၏စစ်ကြောင်းသည် ဂီစကိုမြို့နှင့်ဆယ်မိုင်အကွာသ်ို့ရောက်လာမှ ဆိုလိုမွန်းသတင်းရခဲ့ခြင်းဖြစ်သည်။
"ဒီကလေးက တော်တော်သွက်သွက်လက်လက်ရှိတာပဲ...အရင်ကဆိုရင်ငါမင်းကိုရှုံးနိမ့်မှာဆိုပေမဲ့ ခုတော့မင်းအလှည့်ရောက်သွားပြီ"
ဆိုလိုမွန်းသည် မထီမဲ့မြင်ပြုံးလိုက်မိသည်။
လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် သူ့အားလက်နက်နှင့်မှော်ဆရာ အမြောက်အများထောက်ပံ့ပေးခဲ့သည်။ထိုသို့ပံ့ပိုးပေးမှုကြောင့် သူသည်အလွန်ယုံကြည်မှုပြည့်ဝနေပြီး ရှောင်ယုသည်မည်မျှအားကောင်းသည့် စစ်တပ်တစ်ခုကိုယူဆောင်လာပါစေ အနိုင်ယူနိုင်မည်ဟု ခံစားမိနေခဲ့သည်။ထို့ကြောင့်သူသည် ဂီစကိုမြို့၌ရှိမနေသော်လည်း ရှောင်ယု၏ရှံးနိမ့်မှုအား ကိုယ်တိုင်တွေ့မြင်နိုင်ရန်အတွက် ဂီစကိုမြို့သို့ရောက်လာခဲ့သည်။
ဆိုလိုမွန်းသည် ရှောင်ယုအားအနိုင်ယူသည့် မြင်ကွင်းကိုပြသရန်အတွက် ကာရီနှင့်သူ၏သားနှစ်ယောက်ကို သူနှင့်အတူခေါ်ဆောင်လာခဲ့သည်။ကာရီသည် ယခင်ကရှုံးနိမ့်မှု၂ကြိမ်နှင့်ရင်ဆိုင်ခဲ့ရ၍ ဆိုလိုမွန်းသည် အလွန်ဒေါသထွက်နေခဲ့သော်လည်း ရှောင်ယု၏အစွမ်းကိုသိရှိပြီးနောက်တွင် သူသည်ကာရီအားအပြစ်မတင်ခဲ့ပေ။သို့သော် အခြားသားနှစ်ယောက်၏အမြင်တွင် တရားမျှတသောဖခင်တစ်ဦးအဖြစ် တွေ့မြင်စေကာ မကျေမနပ်မဖြစ်စေရန် ကာရီအားအပြစ်ပေးခဲ့ရသည်။
ယခုအခါ ဆိုလိုမွန်းသည် ဝတ်ရုံနက်များ၏ပံ့ပိုးပေးမှုကြောင့် သူ၏အင်အားကိုယုံကြည်စိတ်ချနေပြီဖြစ်ကာ ရှောင်ယုကိုအနိုင်ယူ၍ သူ၏ဂုဏ်သိက္ခာအားမြင့်တင်ပေးသည့်မြင်ကွင်းကို ပြသရန် သူ၏သားများကိုခေါ်ဆောင်လာခြင်းဖြစ်သည်။
"မင်းတို့အားလုံးသေချာကြည့်ထားကြ...မင်းတို့အဖေက ရှောင်ယုကိုဘယ်လိုအနိုင်ယူမလဲဆိုတာ မင်းတို့သေချာစောင့်ကြည့်နေ...ရှောင်ယုဆိုတဲ့ကောင်လေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ခုလိုမောက်မာတဲ့အပြုအမူမျိုးနောက်မလုပ်ဝံ့အောင်အတွက် သင်ခန်းစာပေးရမယ်"
ဆိုလိုမွန်းသည် မြို့ရိုးပေါ်တွင်ရပ်ကာ သူ့သားများကိုကြိမ်းမောင်းနေခဲ့သည်။
သား ၃ယောက်လုံးသည် ခေါင်းညိတ်ပြရင်း ဖခင်ဖြစ်သူကိုရိုသေစွာကြည့်လိုက်ကြသည်။
ကာရီသည် မြို့ရိုးနံပေါ်၌ရပ်နေချိန်တွင် သူ၏နှလုံးသားသည် ရှုပ်ထွေးသောခံစားချက်များကြောင့် ရုန်းကန်နေခဲ့သည်။သူသည် ရှောင်ယုအားနှစ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်သည့်အတွက် စိတ်ပျက်ဒေါသထွက်ခဲ့သည်။ယခုအခါ ထိုကောင်လေးသည် သူ၏အဖေကိုတိုက်ခိုက်ရန် ရောက်လာခဲ့ပြီဖြစ်သည်။သို့သော် သူ၏အဖေသည်ကိုယ်ပိုင်စွမ်းအားဖြင့် ခုခံရန်မဝံ့ရဲခဲ့ပေ။
"လှံပစ်စက်တွေ၊လောက်လွဲစင်တွေ...အခြားစစ်လက်နက်ကြီးတွေနဲ့မှော်ဆရာတွေတောင်ပါသေးတယ်...ဒါနဲ့တောင်မှမြို့ကိုမထိန်းသိမ်းနိုင်ရင် တော်တော်ညံ့တယ်လို့ပြောရမယ်"
ကာရီသည် အပြင်ပန်း၌ သူ့အဖေအားအလွန်လေးစားနေသည့်ပုံစံပေါ်နေသော်လည်း နှလုံးသားထဲတွင်မူ အထင်အမြင်သေးစွာဖြင့် ပြောဆိုရေရွတ်နေခဲ့သည်။သူသည် အဖေဖြစ်သူထက်အရည်အချင်းပိုရှိကြောင်း အမြဲတွေးတောနေခဲ့ကာ တစ်နေ့တွင်ကမ္ဘာကြီးကိုအုပ်စိုးနိုင်မည်ဟု ယုံကြည်မှုရှိခဲ့သည်။
ကာရီ၏အခြားအစ်ကိုနှစ်ယောက်သည် အစောပိုင်းကာလများတွင် ကာရီအား အလွန်မနာလိုဖြစ်ခဲ့သော်လည်း ကာရီသည်နှစ်ကြိမ်တိတိကျရှုံးခဲ့ရာ သူတိုပျော်ရွှင်သွားကြသည်။ယခုအခါသူတို့သည် ဖခင်ဖြစ်သူ၏အာရုံကိုဖမ်းစား၍ နောက်လာမည့်ထီးနန်းကိုရရှိရန်ကြိုးပမ်းနေကြသည်။
ဆိုလိုမွန်းနှင့်သူ့သား၃ယောက်လုံးသည် အောင်ပွဲရနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေကြသည်။သူတို့တွင် ဝတ်ရုံနက်များမှထောက်ပံ့ပေးထားသော လှံပစ်စက်၊လောက်လွဲစင်၊အခြားစစ်လက်နက်ကြီးများနှင့် မှော်ဆရာများရှိနေပေရာ ငတုံးတစ်ယောက်သည်ပင် ဤတိုက်ပွဲအား အနိုင်ယူနိုင်မည်ဖြစ်သည်။
သို့သော်လည်း ရှောင်ယု၏တပ်များသည် သူတို့မြင်ကွင်းရှေ့၌ ထွက်ပေါ်လာသည့်အခိုက်အတန့်တွင် သူတို့၏ယုံကြည်မှုများစတင်ပျက်ယွင်းလာခဲ့ကာ ဂီစကိုမြို့ကြီးတစ်ခုလုံးပင် တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
အခန်း ၂၀၃ - ကုန်းနှင့်လေပူးပေါင်းတိုက်စစ်ဆင်ခြင်း
"အဲ့ဒါကဘာတွေလဲ..."
မြို့ရိုးနံရံပေါ်ရှိလူတိုင်း သူတို့မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် အံ့သြနေခဲ့ကြသည်။
ရှောင်ယုသည် သူ၏စစ်တပ်တွင် တပ်သားများအဖြစ် ထူးဆန်းသောမျိုးနွယ်ဝင်အချို့အား ခန့်အပ်ထားကြောင်း လူတိုင်းသိရှိကြသည်။သို့သော်လည်း သူတို့သည် တောင်ဘီလူးများနှင့်ရင်ဆိုင်ရမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
အဲ့ဒီကျောက်တုံးကြီးတွေကဘာလဲ...ဒဏ္ဍာရီလာတောင်ဘီလူးကြီးတွေလား...
ရှောင်ယုကဘယ်သူလဲ...သူကဘယ်လိုဖြစ်ပြီး တောင်ဘီလူးတွေကိုသူ့အတွက်တိုက်ခိုက်ပေးဖို့ လုပ်ဆောင်နိုင်ခဲ့တာလဲ...အရင်ကအောစ့်တွေ၊နတ်သူငယ်တွေနဲ့လူပုတွေ ခုတော့တောင်ဘီလူးတွေပါရောက်လာပြီ...ဒီလိုစွမ်းအားကို ဘယ်သူကတောင့်ခံနိုင်မှာလဲ...
စစ်ဗိုလ်ချုပ်များသည် အလွန်ထိတ်လန့်သွားကြကာ ဗျူဟာမြောက်သောအစီအစဉ်များနှင့် တပ်ဖွဲ့များနေရာချထားမှုအကြောင်း စတင်၍တွေးတောလာခဲ့ကြသည်။သို့သော်လည်း တောင်ဘီလူးများကိုဆန့်ကျင်နိုင်မည့် မည်သည့်နည်းလမ်းကိုမှသူတို့ မစဉ်းစားမိခဲ့ပေ။သူတို့သည် အကန့်အသတ်မရှိသောစွမ်းအားများကို ပိုင်ဆိုင်ထားပုံရသည့်တောင်ဘီလူးများကိုကြည့်ရင်း လုပ်ဆောင်နိုင်စွမ်းကင်းမဲ့မှုကိုခံစားလိုက်ရသည်။တောင်ဘီလူးတစ်ကောင် နှစ်ကောင်ခန့်သာဆိုပါက သူတို့သည်တန်ပြန်တိုက်ခိုက်ရန်နှင့် ၎င်းတို့အားဖျက်ဆီးရန်နည်းလမ်းအချို့အား ရှာကြံစဉ်းစားနိုင်မည်ဖြစ်သော်လည်း တောင်ဘီလူးရာချီအား သူတို့မည်သို့မှ တားဆီးနိုင်စွမ်းမရှိပေ။
ထိုအခိုက်အတန့်၌ ဗိုလ်ချုပ်များမှသည် အောက်ခြေစစ်သားများထိ တိုက်ခိုက်လိုစိတ်များ ကျဆင်းသွားခဲ့ရသည်။
ရှောင်ယု၏စစ်ကြောင်းသည် ဂီစကိုမြို့နှင့်မီတာ၅၀၀ခန့်အကွာတွင် ရပ်တန့်ကာ စတင်၍ဖွဲ့စည်းပုံပြင်ဆင်လိုက်ကြသည်။သူတို့သည် ပထမဆုံးအကြိမ်တိုက်ခိုက်မှု၌ပင် မြို့ရိုးကိုဖြတ်ကျော်ရမည်ဖြစ်ကြောင်း နားလည်ကြသည်။ထိုသို့မဟုတ်ပါက တိုက်ပွဲသည်အချိန်ကြန့်ကြာကာ သူတို့သည်အကျဘက်သို့ရောက်ရှိသွားမည်ဖြစ်သည်။ထို့ကြောင့် သူတို့သည် တစ်ချက်ပြတ်တိုက်ခိုက်ရေးအစီအစဉ်အား ချမှတ်ခဲ့ခြင်းဖြစ်သည်။
ရှောင်ယုသည် ဂီစကိုမြို့၏ မြင့်မားသောတံတိုင်းများကို တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ထိုအခိုက်အတန့်တွင် တောင်ဘီလူးအကောင်၁၀၀သည် မြို့နံရံတံတိုင်းထံ ပြေးဝင်သွားကြသည်။
တောင်ဘီလူးများ၏ကြီးမားသောခန္ဓာကိုယ်နှင့် မြင့်မားသည့်အရပ်အမောင်းက ရန်သူများ၏တိုက်ခိုက်မှုဒဏ်ကို ကာကွယ်ပေးနိုင်၍ ခြေလျင်တပ်သားများက တောင်ဘီလူးများ၏နောက်တွင် အကာအကွယ်ယူချီတက်လာကြသည်။
တောင်ဘီလူးများ၏ကြီးမားသောခန္ဓာကိုယ်ကြောင့် သူတို့ခြေတစ်လှမ်းလှမ်းတိုင်း မြေပြင်သည်ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားလေ့ရှိသည်။ရန်သူစစ်သားများသည် ကြောက်ရွံ့မှုကြောင့် သူတို့၏ဝိညာဉ်များသည် ခန္ဓာကိုယ်အတွင်းမှလွှင့်ထွက်သွားသလို ခံစားနေရသည်။သာမန်အားဖြင့် သူတို့သည်တိုက်ပွဲများကိုမကြောက်ရွံ့သည့် လက်ရွေးစင်တပ်သားများဖြစ်သော်လည်း တောင်ဘီလူးများကို ရင်ဆိုင်ရချိန်တွင် တည်ငြိမ်စွာမနေနိုင်တော့ပေ။
မူလက ရန်သူတပ်သားများသည် အောစ့်များကိုတိုက်ခိုက်ရန် အသင့်ပြင်နေကြခြင်းဖြစ်သည်။အမှန်တော့ သူတို့အများစုသည် ဂုဏ်ကျက်သရေကိုရရှိစေရန် တိုက်ပွဲအတွင်း၌ အောစ့်များကိုခေါင်းဖြတ်မည်ဟု မှတ်ယူထားကြသော်လည်း သူတို့သည်အောစ့်များအစား တောင်ဘီလူးများနှင့်ရင်ဆိုင်ကြရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
စစ်ဗိုလ်ချုပ်များသည် တောင်ဘီလူးများကို တိုက်ခိုက်ရန်အတွက် လှံပစ်စက်များနှင့် လောက်လွဲစင်များကိုအသုံးပြုရန် အမိန့်ပေးခဲ့သည်။စစ်သားများသည် ဗိုလ်ချုပ်များ၏အမိန့်အတိုင်းတိုက်ခိုက်ရန် အသင့်ပြင်နေကြချိန်တွင် ကောင်းကင်ယံသည်တိမ်မည်းများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
လူတိုင်းသည် ကောင်းကင်ကိုစစ်ဆေးရန်အတွက် ခေါင်းမော့ကြည့်လိုက်ချိန်တွင် လူတိုင်းအံ့သြသွားခဲ့သည်။လူတိုင်းသည် သူတို့ခံစားရသည့်တုန်လှုပ်မှုဒဏ်ကြောင့် သူတို့၏မေးစေ့များသည်မြေပြင်နှင့်ထိကပ်မတတ် ပွင့်ဟနေခဲ့ကြသည်။
"အဲ့ဒါကဘာကြီးတွေလဲ..."
သူတို့သည် ၆မီတာ၇မီတာခန့်ရှိသော တောင်ဘီလူးများကို စတင်တွေ့မြင်ရချိန်တွင် အလွန်ကြောက်ရွံ့ခဲ့ကြသည်။သို့သော် ယခုအခါ ဂီစကိုမြို့သို့ဦးတည်၍ ထူးဆန်းစွာပျံသန်းလာသည့် သားရဲများကိုတွေ့မြင်ချိန်တွင် စစ်သားများသည် တိုက်ခိုက်လိုစိတ်မရှိကြတော့ပေ။
သူတို့သည် သူရဲဘောကြောင်သူများမဟုတ်ကြသော်လည်း ရှောင်ယု၏စစ်တပ်သည် မယုံနိုင်စရာကောင်းလှပေသည်။
ရန်သူများဘက်မှ ကြိုတင်ပြင်ဆင်ထားသော လှံပစ်စက်များနှင့်လောက်လွဲစင်များသည် တောင်ဘီလူးများကို ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေနိုင်သည်။လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် သူတို့အားအကြီးစားလှံပစ်စက် အခု၁၀၀နှင့်အလတ်စားနှင့်အသေးစား လှံပစ်စက်များထောင်ချီကို ပေးအပ်ထားခဲ့သည်။သို့သော် ထိုအကြီးစားလှံပစ်စက်များနှင့်လောက်လွဲစင်များသည် မြေပြင်မှဝေးကွာစွာပျံသန်းနေသည့် လင်းနို့စီးနင်းသူများကိုတိုက်ခိုက်ရန် လက်လှမ်းမမှီပေ။
ဤလျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ၏ ပံ့ပိုးပေးမှုဖြင့်ဆိုပါက ရှောင်ယုသည် အောစ့်များနှင့်ခြေလျင်တပ်သားများဖြင့်သာ တိုက်ခိုက်လာခဲ့လျှင် ဆိုလိုမွန်းသည် အောင်ပွဲဆင်နိုင်မှာဖြစ်သည်။အောစ့်၃၀၀၀သည် အရေအတွက်ရော၊စွမ်းအားအရပါ ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းတို့အားမြို့ရိုးနံရံဆီလုံးဝမချည်းကပ်နိုင်စေရန် မှော်ဆရာများကဟန့်တားနိုင်သည်။
ရုတ်တရက်အဖြစ်အပျက်ကြောင့် ဗိုလ်ချုပ်များသည်ပင် အံ့သြမှင်သက်သွားကာ တိုက်ခိုက်ရန်အမိန့်ပေးဖို့ပင် မေ့သွားကြသည်။စစ်သားများသည် တောင်ဘီလူးများနှင့်ပျံသန်းနိုင်သည့်သားရဲများအား မည်သို့တိုက်ခိုက်ရမည်ကို မသိကြပေ။
လင်းနို့စီးနင်းသူများ၏အရှိန်သည် အလွန်လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဂီစကိုမြို့၏အပေါ်တည့်တည့်သို့ ရောက်ရှိလာခဲ့သည်။ထို့နောက် လင်းနို့စီးနင်းသူများသည် မီးတောက်ဆီဗုံးများနှင့်သံဗုံးများကို မြို့ထဲသို့စတင်ပစ်ချကြတော့သည်။
ဗုံး...အုံး...
မီးတောက်များသည် မြို့ကိုလျင်မြန်စွာဝါးမြိုသွားခဲ့သည်။မရေမတွက်နိုင်သည့် ပေါက်ကွဲသံများသည် တစ်ချိန်တည်း၌ဖြစ်ပေါ်လာခဲ့ပြီး နံရံပေါ်ရှိစစ်သားများသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားကြသည်။ခဏအကြာတွင် သူတို့သည်သူတို့၏ကိုယ်ပိုင်အသက်အတွက် စတင်ထွက်ပြေးကြတော့သည်။သူတို့သည် ယခုလိုတိုက်ခိုက်မှုပုံစံမျိုးကို မြင်ဖူးရန်ပင်အသာထား ကြားပင်မကြားဖူး၍ မည်သို့တန်ပြန်ရမည်ကိုမသိခဲ့ကြပေ။
ရှောင်ယုသည် သူ့ဘက်မှအသေအပျောက်များကို လျော့ချရန်အတွက် လင်းနို့စီးနင်းသူများအား သံဗုံးများပေးအပ်ထားခဲ့သည်။သံဗုံးများ၏စွမ်းအားသည် လင်းနို့စီးနင်းသူများအသုံးပြုသည့် မီးတောက်ဆီဗုံးများထက် များစွာပိုမိုအားကောင်းပေသည်။
ထိုကဲ့သို့ဗုံးခွဲမှုဒဏ်ဖြင့် ရင်ဆိုင်တွေ့ပါက မည်သူကမှခုခံရန်ဆန္ဒမရှိခဲ့ကြပေ။ရန်သူသည် ပထမတစ်ကြိမ်တိုက်ခိုက်မှုအပြီးတွင် ခေတ္တအနားယူရန်စီစဉ်ထားခဲ့သော်လည်း ရှောင်ယုကသူတို့အားအခွင့်အရေးလုံးဝမပေးခဲ့ပေ။
ထိုအချိန်တွင် တောင်ဘီလူးများသည် မြို့နံရံတံတိုင်းဆီသို့ ရောက်ရှိသွားကြပြီဖြစ်သည်။
အား...
တောင်ဘီလူးများသည် ကျယ်လောင်စွာဟိန်းဟောက်ရင်း မြို့နံရံကိုစတင်တိုက်ခိုက်လိုက်ကြသည်။သူတို့သည် ကျောက်လက်သီးကြီးကိုဝှေ့ယမ်းကာ မြို့နံရံအားထုရိုက်ကြသည်။
ရှောင်ယုသည် တိုက်ပွဲတစ်ခုလုံးအား ကျေနပ်အားရစွာဖြင့်စိုက်ကြည့်နေခဲ့သည်။ထိုအရာသည် လေကြောင်းနှင့်မြေပြင်ပူးပေါင်းထိုးစစ်ဆင်ခြင်းဖြစ်သည်။ဒုတိယကမ္ဘာစစ်အစောပိုင်းတွင် ဂျာမန်များသည်ထိုနည်းဗျူဟာကိုအသုံးပြုခဲ့ကြသည်။အခြားသောနိုင်ငံများ၌ လေတပ်များပိုင်ဆိုင်ထားသော်လည်း လေကြောင်းနှင့်မြေပြင်ပူးပေါင်းထိုးစစ်ဆင်မှုကို ပထမဆုံးပြုလုပ်ခဲ့သူမှာ ဂျာမန်များဖြစ်ကြသည်။
ဗုံး...
ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့ကာ မီးတောက်များသည်နေရာအနှံ့ပျံ့နှံ့သွားခဲ့သည်။စစ်သားများသည် သူတို့၏သက်ဆိုင်ရာတပ်မှူးများနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြသည်။သူတို့သည် ဘာဆက်လုပ်ရမှန်းမသိတော့၍ အများစုသည်ထွက်ပြေးတိမ်းရှောင်ကုန်ကြသည်။
ဘန်း....ဘန်း...ဘန်း
တောင်ဘီလူးများ၏လက်သီးများသည် တံခါးများကိုစတင်ရိုက်ချိုးခဲ့ကြသည်။မြို့တံခါးသည်ခိုင်ခံ့သော်လည်း တောင်ဘီလူးများ၏အဆက်မပြတ်ရိုက်ခတ်မှုဒဏ်ကိုမခံနိုင်ပေ။အဆုံးသတ်တွင် တောင်ဘီလူးများသည် တံခါးကိုဖျက်ဆီးခဲ့ကာ အောစ့်များသည်မြို့ထဲသို့စတင်ပြေးဝင်လာကြသည်။
တစ်မြို့လုံးပရမ်းပတာဖြစ်သွားကြပြီး အောစ့်များကမြို့ထဲဝင်ရောက်လာသည့်အချိန်တွင် စစ်သားများသည်တိုက်ခိုက်လိုစိတ် မရှိကြတော့ပေ။မူလက စစ်သားများသည် အောစ့်များကမြို့ဂိတ်တံခါးကိုမဖြတ်ကျော်နိုင်စေရန် မြို့ရိုးနံရံပေါ်မှ အကျအနနေရာယူကာ ခုခံရန်စီစဉ်ခဲ့ကြသည်။သို့သော်တိုက်ပွဲစတင်ပြီး တစ်မိနစ်မပြည့်သေးမှီ ဂိတ်တံခါးဝကကျိုးပဲ့သွားခဲ့သည်။စစ်သားများသည် သူတို့ရှုံးနိမ့်ပြီဟုခံစားမိလိုက်၍ စတင်ဆုတ်ခွာထွက်ပြေးကြတော့သည်။ထိုအရာသည် စစ်သားများမှ ဗိုလ်ချုပ်များထိ ပလိပ်ရောဂါတစ်ခုလိုကူးစက်သွားခဲ့သည်။
ဂီစကိုမြို့၌ ဂိတ်တံခါးလေးခုရှိသော်လည်း ရှောင်ယုသည်တစ်ဖက်တည်းကိုသာ တိုက်ခိုက်နေခြင်းဖြစ်သည်။အခြားသောနံရံများတွင် တပ်စွဲထားကြသော စစ်သည်များသည် အရှေ့ဘက်နံရံ၌ တောက်လောင်နေသောမီးတောက်များကို သတိထားမိလိုက်ကြပြီး မရေမတွက်နိုင်သောပျံသန်းနိုင်သည့်သားရဲများက သူတို့ခေါင်းပေါ်မှဖြတ်သွားချိန်တွင် သူတို့၏တိုက်ပွဲဝင်လိုစိတ်များ ပျောက်ဆုံးသွားခဲ့ရသည်။
တောင်ဘီလူးများသည် မြို့ရိုးနံရံကိုချိုးဖျက်၍ ကျဆင်းလာသည့်ကျောက်တုံးကြီးများကို ဖမ်းယူကာစစ်သားများကို ပြန်လည်ပစ်ခတ်ကြသည်။
အကြီးစား လှံပစ်စက်များသည် တောင်ဘီလူးများကိုသတ်ဖြတ်နိုင်သော်လည်း လေထုထဲတွင်ကြောက်ရွံ့မှုအငွေ့အသက်များ ပြည့်နှက်နေခဲ့ကာ စစ်သားများကအလောတကြီးဆုတ်ခွာနေကြသည်။သူတို့သည် အောစ့်များကိုဆန့်ကျင်ရန် လောက်လွဲစင်များနှင့်လှံပစ်စက်များကို အကြိမ်များစွာအသုံးပြုလေ့ကျင့်ခဲ့သော်လည်း တောင်ဘီလူးကြီး၏မည်သည့်အစိတ်အပိုင်းအား တိုက်ခိုက်ရမည်ကိုမသိကြပေ။
ရဲရင့်သောစစ်သားအချို့သည် တောင်ဘီလူးများကိုတိုက်ခိုက်ရန် လှံပစ်စက်များကို အသုံးပြုခဲ့ကြသော်လည်း ထိခိုက်ပျက်စီးမှုဒဏ်သည် မများလှပေ။ထို့အစား တောင်ဘီလူးများသည် ပိုမို၍ဒေါသထွက်လာခဲ့ကြသည်။သူတို့သည် ဒေါသတကြီးဖြစ်ကာ လှံပစ်စက်များကိုလက်သီးများဖြင့် ထိုးကြိတ်ဖျက်ဆီးခဲ့သည်။
အစောပိုင်းတွင် ခါးသီးသောစစ်ပွဲကြီးတစ်ခုဖြစ်မည်ဟု လူတိုင်းမျှော်လင့်ထားသော်လည်း ဤစစ်ပွဲသည်မိနစ်အနည်းငယ်အတွင်း အဆုံးသတ်သွားခဲ့သည်။
အခန်း ၂၀၄ - တစ်ဖက်သတ်တိုက်ပွဲ
တိုသည် ဂီစကိုမြို့မှ ထိပ်တန်းစစ်သားတစ်ဦးဖြစ်ပေသည်။
သူသည် ယခင်ကစစ်မှန်သောတိုက်ပွဲများကို ကြုံတွေ့ဖူးပြီး ကျွမ်းကျင်မှုအချို့အားသင်ယူနိုင်ခဲ့သည်။ထို့ကြောင့် သူသည် လူ၁၀ယောက်အဖွဲ့၏ခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူတာဝန်ကျနေသည့်ဂီစကိုမြို့အား မကောင်းဆိုးဝါးသခင်တစ်ယောက်က လာရောက်တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း ကြားသိခဲ့ရ၍ ထိုအတွက်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်။
သူတို့သည် ထိုသခင်အကြောင်း မကြားဖူးသည်တော့မဟုတ်ပေ။သူတို့၏သခင်ဖြစ်သူ၏ တတိယမြောက်သားဖြစ်သူကာရီသည် ထိုသခင်ဖြစ်သူ၏နယ်မြေအား နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရရှိဘဲ ပြန်လည်ရောက်ရှိလာခဲ့ရသည်။ထိုနတ်ဆိုးသခင်ထံတွင် သူ့အတွက်တိုက်ပွဲဝင်ပေးမယ့် အောစ့်များ၊နတ်သူငယ်များနှင့်လူပုများရှိနေခဲ့သည်။
တို၏စိတ်ကူးထဲတွင် အောစ့်များသည် သာမန်လူများထက်အရပ်မြင့်ကာ ရက်စက်ကြမ်းကြုတ်သော အစိမ်းရောင်အရေခွံခြုံထားသည့် လူသားများသာဖြစ်သည်။သူတို့သည် တောနက်ထဲရှိသားရဲများနှင့် တူညီခြင်းမရှိပေ။ကာရီသည် ထိုကဲ့သို့ရက်စက်ကြမ်းကြုတ်သောဘီလူးများနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အတွက် ကျရှံးရသည်မှာမထူးဆန်းတော့ပေ။ထို့ပြင် ထိုနတ်ဆိုးသခင်သည် ကာရီလာရောက်တိုက်ခိုက်ချိန်တိုင်း မြို့ကိုအမှီပြု၍ခုခံကာကွယ်၍သာနေခဲ့ပြီး သူ့ဘက်မှတစ်ခါမှစတင်မတိုက်ခိုက်ခဲ့ပေ။
ယခုအခါ ထိုနတ်ဆိုးသခင်သည် ဂီစကိုမြို့အား လာရောက်တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက်ကြောင့် ယခုတစ်ကြိမ်တွင် သူတို့သည်မြေနေရာအသာစီးရယူပိုင်ဆိုင်ထားသည်။ယခုတစ်ကြိမ်တွင် တိုသည် ဤရိုင်းစိုင်းသောအောစ့်များကို သင်ခန်းစာတစ်ခုပေးနိုင်မည်ဟုယုံကြည်ခဲ့ကာ သူ၏ဂုဏ်သိက္ခာအတွက် အောစ့်အနည်းငယ်၏ဦးခေါင်းကိုဖြတ်တောက်ပစ်မည်ဟု မျှော်လင့်ထားခဲ့သည်။
သူတို့၏သခင်ဖြစ်သူ ဆိုလိုမွန်းသည် အောစ့်တစ်ကောင်၏ဦးခေါင်းကိုဖြတ်နိုင်တိုင်း ရွှေပြား၅၀၀ဆုချမည်ဟု စစ်ပွဲမတိုင်မှီကတိပေးထားခဲ့သည်။
တိုသည် စိတ်လှုပ်ရှားနေခဲ့ပြီး သူ၏ဂုဏ်ကျက်သရေနှင့် အရည်အချင်းများကို ဤစစ်ပွဲ၌ထုတ်ဖော်ပြသလ်ိုခဲ့သည်။
သို့သော်လည်း အောစ့်တစ်ကောင်သည် စစ်သားတစ်ဒါဇင်ကျော်ကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု စစ်သားများအကြား ကောလဟာလများထွက်ပေါ်နေလျက်ရှိသည်။အောစ့်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပြီး စစ်ပွဲအတွင်း၌လူများကိုပင် ကိုက်သတ်သည်ဟု ဆိုနေကြသည်။
သူတို့ထဲမှအချို့သည် နယ်စပ်ရွာများကိုလာရောက်နှောင့်ယှက်သော အောစ့်စီးနင်းသူများကို ကြုံတွေ့ဖူးပေသည်။ကြီးမားသောအောစ့်များသည် ဝံပုလွေများကိုစီးနင်းထားကာ သူတို့၏လက်ထဲတွင် အလွန်ကြီးမားသောဓားရှည်များကိုကိုင်ဆောင်ထားကာ ရွာများအားဖျက်ဆီးနေသည့်မြင်ကွင်းသည် ယခုအချိန်ထိသူတို့မျက်စိထဲမှ မထွက်သေးပေ။သို့သော်ယခုတစ်ကြိမ် နတ်ဆိုးသခင်ထံ၌ အောစ့်စီးနင်းသူများမပါလာပုံရသည်။
စစ်သားအများစုသည် အောစ့်များကိုကြောက်လန့်နေကြသော်လည်း တိုကမူကြောက်ရွံ့ခြင်းမရှိပေ။သူသည် ရဲစွမ်းသတ္တိရှိသူဖြစ်ကြောင်း ထုတ်ဖော်ပြသရန် အခွင့်အရေးလိုအပ်နေခဲ့သည်။တိုသည် သူ၏လူ၁၀ယောက်အဖွဲ့ဖြင့် အောစ့်အနည်းငယ်သာသတ်ဖြတ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
ထို့ပြင် မကြာသေးမှီက ဝတ်ရုံနက်အမြောက်အများသည် ဂီစကိုမြို့သို့လာရောက်ခဲ့ကြသည်။သူတို့သည် ခေတ်မီဆန်းသစ်သောလက်နက်များ ၊ ချပ်ဝတ်တန်ဆာများနှင့်အခြားစစ်လက်နက်အမြောကက်အများကို ပံ့ပ်ိုးထောက်ပံ့ပေးခဲ့ကြသည်။ထို့ပြင် သူတို့သည်ဂီစကိုမြို့အားကူညီပေးရန်အတွက် မှော်ဆရာများကို ခေါ်ဆောင်လာခဲ့ကြသည်။
ထိုသို့လုပ်ဆောင်မှုကြောင့် စစ်သည်များ၏နှလုံးသားထဲရှိ အကြောက်တရားများသည် တဖြည်းဖြည်းပျောက်ကွယ်လာခဲ့ပြီး သူတို့သည်ထိုနတ်ဆိုးသခင်အား အနိုင်ယူနိုင်မည်ဟု ယုံကြည်လာကြသည်။
အောစ့်များသည် သန်မာသော်လည်း လှံပစ်စက်များနှင့်မှော်ဆရာများကို တားဆီးနိုင်မည်မဟုတ်ပေ။အောစ့်များသည် မှော်ဆရာများကိုကြောက်ရွံ့ကြကြောင်း စစ်သားများသိရှိထားသည်။
လူတိုင်းသည် ယခုတိုက်ပွဲတွင် သူတို့၏ရဲစွမ်းသတ္တိအားပြသရန် စိတ်အားထက်သန်လာကြသည်။သူတို့သည် အစွမ်းထက်သော သားရဲများကိုမြင်တွေ့ဖူးကြသည်ဖြစ်ရာ အောစ့်များသည် ထိုသားရဲများရှေ့တွင် မခုတ်တတ်သောကြောင်ကလေးများသဖွယ် ပြုမူကြလိမ့်မည်ဟု တွေးထင်ထားကြသည်။သူတို့သည် ထိုအစွမ်းထက်သောသားရဲများကိုပင်သတ်ဖြတ်နိုင်ခဲ့ရာ အောစ့်များကိုသတ်ဖြတ်ရာ၌ ပြဿနာရှိမယ့်ပုံမပေါ်ပေ။
ထိုအချိန်တွင် နတ်ဆိုးသခင်သည် သူတို့မြို့ကိုလာရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သူတို့၏သခင်က သတင်းပေးလာခဲ့သည်။စစ်သားများအားလုံးသည် မြို့ရိုးနံရံပေါ်၌ အဆင်သင့်ပြင်ထားကြကာ နတ်ဆိုးသခင်၏တပ်များပေါ်ထွက်လာမည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြသည်။သူတို့သည် အောစ့်များ၏ဦးခေါင်းကိုဖြတ်တောက်နိင်မည့် နည်းလမ်းအမျိုးမျိုးကို အချင်းချင်းတီးတိုးပြောဆိုနေခဲ့သည်။သူတို့ထံ၌ရှိနေသော အကြီးစားလှံပစ်စက်များသည် မြို့တံခါးကိုပင်ဖောက်ထွင်းနိုင်ပေရာ အောစ့်များသည် လွယ်ကူသောပစ်မှတ်ဖြစ်လာမည်ဖြစ်သည်၊
သို့သော် နတ်ဆိုးသခင်၏တပ်များကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူတို့၏စိတ်လှုပ်ရှားမှုများသည် ထိတ်လန့်ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။သူတို့သည်အောစ့်များအစား ၎င်းတို့ထက်ပိုမိုအားကောင်းသည့် တောင်ဘီလူးကြီးများကိုတွေ့လိုက်ရသည်။
ထိုတောင်ဘီလူးကြီးများသည် ခြောက်မီတာမှ ခုနစ်မီတာခန့်အထိမြင့်မားကာ အရေပြားအစားကျောက်တုံးများသာရှိကြသည်။သူတို့၏ခြေလှမ်းတစ်လှမ်းစီက မြေပြင်ကိုတုန်ခါနေစေခဲ့သည်။
နတ်ဆိုးသခင်သည် တပ်သားများအဖြစ် အောစ့်များ၊နတ်သူငယ်များနှင့်လူပုများရှိနေကြောင်း သူတို့သိရှိထားခဲ့သည်။သို့သော် တောင်ဘီလူးကြီးများရှိနေကြောင်း သူတို့မသိခဲ့ကြပေ။စစ်သားများသည် အောစ့်များကိုတိုက်ခိုက်ရန် ကြောက်ရွံ့မှုမရှိသော်လည်း သူတို့၏အတွင်းစိတ်ထဲတွင်မူ မည်သူကမှဧရာမတောင်ဘီလူးကြီးများကို မရင်ဆိုင်လိုကြပေ။
ထိုဧရာမတောင်ဘီလူးတစ်ကောင်၏ လက်သီးတစ်ချက်သည် သူတို့၏အသက်ကို ချက်ချင်းနှုတ်ယူသွားနိုင်သည်။
စစ်သားများသည် လွန်ခဲ့သောနှစ်အနည်းငယ်ခန့်မှစ၍ အောစ့်များကိုတိုက်ခိုက်ရန်အတွက် နည်းဗျူဟာများကို လေ့ကျင့်သင်ကြားခဲ့သည်။သို့သော်သူတို့၏လေ့ကျင့်မှုများသည် ဧရာမတောင်ဘီလူးများအပေါ် အသုံးမဝင်ခဲ့ပေ။
အကြွင်းမဲ့ခွန်အား၏ရှေ့မှောက်တွင် သူတို့၏လေ့ကျင့်မှုသည် လေတိုက်သလိုလွှင့်ပါသွားခဲ့သည်။
တိုသည် ဧရာမတောင်ဘီလူးများကိုကြည့်ရင်း တံတွေးမျိုချမိလိုက်ပြီး သူ၏မျက်လုံးများသည် ကျွတ်ထွက်မတတ်ပြူးကျယ်နေခဲ့သည်။တို၏ခြေထောက်များသည် ပျော့ခွေနေခဲ့ကာ ဂီစကိုမြို့တွင်းမှထွက်ပြေးလိုစိတ်ဖြစ်ပေါ်လာခဲ့သည်။သူသည် ထိုဧရာမတောင်ဘီလူးကို လုံးဝတိုက်ခိုက်ရန်မဖြစ်နိုင်ကြောင်း တိုနားလည်ပေသည်။
မည်သို့ပင်ဆိုစေ ထွက်ပြေးခြင်းသည် အရည်အချင်းပြည့်မှီသော လက်ရွေးစင်စစ်သားတစ်ယောက်အတွက် အကြီးမားဆုံးအရှက်ကွဲမှုဖြစ်သည်။ထို့ပြင် ထိုသို့ပြုလုပ်မိပါက တိုက်ပွဲအပြီးတွင် ပြင်းထန်သောပြစ်ဒဏ်ကိုကျခံရမည်ဖြစ်သည်။တပ်မှူးများသည် စိတ်ကိုတင်းထားလိုက်ပြီး လှံပစ်စက်များနှင့်လောက်လွဲစင်များကို ဧရာမတောင်ဘီလူး၏ အမြင့်သို့ချိန်ရွယ်ပစ်ခတ်ရန်အမိန့်ပေးခဲ့သည်။သို့သော်လည်း ထိုသို့ပစ်ခတ်ရန် ချိန်ညှိမှုပြုလုပ်နေစဉ် ကောင်းကင်ယံ၌တိမ်မည်းများတဖန် ဖုံးလွှမ်းလာခဲ့သည်။
သူတို့သည် စိတ်ပျက်အားငယ်စွာဖြင့် ပျံသန်းနေသောသားရဲများကို မော့ကြည့်မိလိုက်ကြသည်။ထိုပျံသန်းနိုင်သောသားရဲများသည် မျိုးသုဉ်းသွားခဲ့သည်မှာ ကြာမြင့်နေပြီမဟုတ်ပါလား...အချို့သောစစ်သားများသည် သူတို့မွေးဖွားလာစဉ်ကတည်းက ပျံသန်းနိုင်သောသားရဲများကို တစ်ခါမှမမြင်တွေ့ဖူးပေ။ယခုမူ ၎င်းတို့အမြောက်အများသည် ဂီစကိုမြို့ထံ ပျံသန်းရောက်ရှိလာခဲ့ကြသည်။
သို့သော်လည်း သူတို့ထံ၌ ပျံသန်းနေသည့်သားရဲများကို တိုက်ခိုက်ရန်နည်းလမ်းမရှိပေ။
လှံပစ်စက်များသည် ပျံသန်းနေသည့်သားရဲများကိုပစ်သတ်နိုင်သော်လည်း ၎င်းတို့အားကြိုတင်၍ ချိန်ညှိထားရမည်ဖြစ်သည်။ထိုသို့ဆိုလျှင် လှံပစ်စက်သည် အပြင်းထန်ဆုံးပစ်ခတ်အားကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။
ပျံသန်းနေသည့်သားရဲများသည် သူတို့အားတိုက်ခိုက်လိုပါက အောက်သို့အနည်းငယ်ဆင်းသက်လာရမည်ဟု ယုံကြည်ချက်ဖြင့် စစ်သားများစွာသည် သူတို့ကိုယ်သူတို့နှစ်သိမ့်ခဲ့ကြသည်။သို့သော်လည်း နောက်ထပ်ဖြစ်ပျက်လာမည့် ကြောက်စရာကောင်းသောအခြေအနေအား သူတို့တစ်သက်လုံးမေ့ဖျောက်နိုင်မည်မဟုတ်ပေ။သူတို့သည် ပျံသန်းနေသည့်သားရဲများအပေါ်၌ အပြာရောင်အရေပြားရှိသော မှင်စာသေးသေးလေးများကိုတွေ့လိုက်ရသည်။ထိုမှင်စာလေးများသည် သူတို့်လက်ထဲ၌ကိုင်ဆောင်ထားသည့် တစ်စုံတစ်ရာအားအောက်သို့ပစ်ချလိုက်သည်။
စစ်သားများသည် ထိုမြင်ကွင်းကြောင့် အံ့သြနေကြဆဲဖြစ်သည်။ထိုသို့အသေးအမွှားအရာလေးများသည် သူတို့အားမည်သို့ဒုက္ခပေးနိုင်မည်နည်း...
ဗုံး..ဘန်း...ဗုံး
ဘာလဲ...အဲ့ဒါလေးတွေက ဘာလို့အဲလောက်အစွမ်းထက်နေရတာလဲ
ပေါက်ကွဲသံများသည် ရုတ်တရက်ထွက်ပေါ်လာ၍ စစ်သားများသည်စဉ်းစားရန် အချိန်များစွာမရခဲ့ပေ။
ပေါက်ကွဲမှုနှင့်အတူ ထိုနေရာတဝိုက်ရှိကျောက်တုံးများ အပျက်အစီးများလွှင့်ထွက်သွားခဲ့ကာ မြို့တစ်ခုလုံးအနှံ့ ပေါက်ကွဲသံကပျံ့နှံ့သွားခဲ့သည်။ပေါက်ကွဲမှုအနီးတွင် ရှိနေသည့်လူများသည် အပိုင်းပိုင်းဖြစ်သွားခဲ့ကာ မီးတောက်များကငြိမ်းသတ်မရအောင် တောက်လောင်နေခဲ့ပြီး တစ်မြို့လုံးပရမ်းပတာဖြစ်သွားခဲ့သည်။
မီးလောင်နေသောစစ်သားများသည် ကျယ်လောင်စွာအော်ဟစ်နေကြပြီး အများစုသည်မြို့ရိုးနံရံပေါ်မှ ပြုတ်ကျသွားခဲ့ကြသည်။သို့သော်လည်း သူတို့သည်ချက်ချင်းမသေဆုံးသွားခဲ့ဘဲ သနားစရာကောင်းစွာအော်ဟစ်ငြီးတွားနေခဲ့ကြသည်။
တိုသည် ကံကောင်းထောက်မစွာဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအနီး၌ ရှိမနေခဲ့ပေ။ထို့ပြင်သူသည် မသိစိတ်၏အသိပေးမှုကြောင့် မြေပြင်ပေါ်၌ဝပ်တွားလဲလျောင်းနေခဲ့သည်။ယခုအချိန်၌ သူ၏အသိစိတ်များသည် ရှုပ်ထွေးနေခဲ့ကာ မည်သို့တုံ့ပြန်ရမည်မှန်းမသိတော့ပေ။တစ်စုံတစ်ယောက်သည် ယခုလိုပုံစံမျိုးဖြင့် တိုက်ခိုက်လာလိမ့်မည်ဟု သူအိပ်မက်ထဲပင်ထည့်မမက်ဖူးပေ။
ယခုအခါ ဂီစကိုမြို့သည်အဆုံးသတ်သွားပြီဖြစ်ကြောင်း လူတိုင်းနားလည်လိုက်ကြသည်။နယ်မြေသခင်သည်ပင် သူ့သား၃ယောက်နှင့်မှော်ဆရာများနှင့်အတူ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။
တိုသည် ကြောင်အစွာလဲလျောင်းနေစဉ် ကောင်းကင်ပေါ်မှနေ၍ ကျောက်တုံးကြီးတစ်ခုပြုတ်ကျလာခဲ့ကာ သူ့အဖွဲ့အတွင်းမှ စစ်သား၂ယောက်ကို သူ့မျက်စိရှေ့၌ပင် အသားပြားများအဖြစ်ပြောင်းလဲစေခဲ့သည်။တိုသည် ထိုကျောက်တုံးကြီးလာရာသို့ နောက်တစ်ကြိမ်မော့ကြည့်မိလိုက်ရာ ထိုအရာသည်ဧရာမတောင်ဘီလူးကြီး၏ လက်သီးချက်ဖြစ်ကြောင်း သူနားလည်လိုက်သည်။ဧရာမတောင်ဘီလူးကြီးသည် ထိုသို့လက်သီးကိုဝှေ့ယမ်းရင်း စစ်သားအမြောက်အများကိုသေဆုံးစေခဲ့သည်။တိုသည် ထိုမြင်ကွင်းကိုမြင်တွေ့လိုက်သည်တွင် လုံးဝတိုက်ခိုက်လိုစိတ်မရှိတော့ဘဲ မြို့ရိုးနံရံပေါ်မှခုန်ထွက်ကာ ထွက်ပြေးရန်လမ်းကြောင်းရှာဖွေခဲ့သည်။
တိုသည်မြေပြင်ပေါ်သို့ခုန်ဆင်းလိုက်သည်နှင့် မြို့ရိုးတံခါးများသည် အလုံးစုံကျိုးပျက်သွားခဲ့သည်။အောစ့်စစ်သည်များသည် ပြိုင်တူဟိန်းဟောက်လိုက်ကာ သူတို့၏ပုဆိန်များကိုဝှေ့ယမ်း၍ စစ်သားများစွာကိုသတ်ဖြတ်လိုက်ကြသည်။တိုသည် ခရမ်းရောင်အလင်းတန်းများဖြင့် တောက်ပနေသည့်တိုမာဟောခ့်ကိုဝှေ့ယမ်းနေသော ထူးခြားသည့်အောစ့်၂ကောင်ကိုသတိထားမိလိုက်သည်။
ထိုအောစ့်များသည် သူရဲကောင်းများကိုပင် မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်ကြသည်။ထိုထဲမှတစ်ယောက်သည် ဒုတိယအဆင့်သူရဲကောင်းဖြစ်ရာ သူ၏ခေါင်းဆောင်ဖြစ်သည့် လူ၁၀၀အဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။
တိုသည်နေရာအနှံ့လှည့်ကြည့်လိုက်သော်လည်း ဘာဆက်လုပ်ရမည်မှန်းမသိသေးပေ။သူ့ကွပ်ကဲမှုအောက်ရှိ စစ်သားအနည်းငယ်သည် သူ့အားအမိန့်ပေးခိုင်းရန် တိုအနားသို့ချည်းကပ်လာကြသည်။တိုသည် ဘာဆက်လုပ်ရမှန်းမသိဘဲ အခြားမြို့တံခါးဆီညွန်ပြကာ ထွက်ပြေးရန်လက်ညွန်လိုက်သည်။သို့သော်လည်း ပေါက်ကွဲစေတတ်သောပစ္စည်းများကို အဆက်မပြတ်ပစ်ချနေသည့် ပျံသန်းနေသောသားရဲများကြောင့် တိုသည်အပြင်သို့မထွက်ဝံ့သေးဘဲ ထောင့်တစ်နေရာ၌ပုန်းအောင်းနေရသည်။
တစ်ချိန်တည်းမှာပင် ထိုလင်းနို့ကြီးများအပြင် ကောင်းကင်ယံ၌ပျံသန်းနေသည့် အခြားသားရဲတစ်မျိုးကိုလည်း တိုသတိထားမိလိုက်သည်။ထိုသားရဲများကိုမူ နတ်သူငယ်များကစီးနင်းထားခဲ့သည်။တိုသည် သူ၏ဘဝတလျှောက်လုံးတွင် နတ်သူငယ်တစ်ကောင်ကိုမှ မတွေ့ဖူးခဲ့ပေ။သို့သော်အကြည့်တစ်ချက်ဖြင့်ပင် သူသည်မည်သူမည်ဝါဖြစ်ကြောင်းခန့်မှန်းနိုင်ခဲ့သည်။ထိုနတ်သူငယ်များသည် လက်ထဲတွင်လေးနှင့်မြှားကိုကိုင်ဆောင်ထားကာ အမြင့်တစ်နေရာမှနေ၍ တိကျသောပစ်ခတ်မှုများကိုလုပ်ဆောင်နေကြသည်။သူတို့လုပ်ဆောင်နေသာ ပစ်ခတ်မှုတစ်ခုစီတိုင်းသည် စစ်သားတစ်ဦး၏အသက်ကိုနှုတ်ယူနေခဲ့သည်။
တိုသည် အချိန်မဆိုင်းဘဲ မြောက်ဘက်တံခါးဆီသို့ပြေးရန် မတ်တပ်ထရပ်လိုက်သည်။နယ်မြေသခင်နှင့်သူ့သားတို့သည်လည်း ထိုတံခါးမှပင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပုံရသည်။လမ်းတလျှောက်လုံးတွင် သူသည်အောစ့်စစ်သည်များစွာသတ်ဖြတ်နေသည်ကို တွေ့မြင်ခဲ့ရသော်လည်း ထိုအောစ့်များသည်လက်နက်မပါသည့် အရပ်သားများကိုရှောင်တိမ်းခဲ့သည်။
သူသာ ယခုအချိန်၌ အောစ့်တစ်ကောင်နှင့်တွေ့ဆုံပါက ချက်ချင်းသေဆုံးရလိမ့်မည်ဖြစ်ကြောင်း တိုကယုံကြည်ခဲ့သည်။ကံကောင်းထောက်မစွာဖြင့် ထိုမြို့သည်အလွန်ပင်ကြီးမားခဲ့ကာ အောစ့်များ၏အရေအတွက်ကို ကန့်သတ်ထားသည်။အောစ့်များသည် မြို့တွင်းသို့ဝင်ရောက်ပြီးနောက် ဖြန့်ခွဲနေရာယူထားသော်လည်း ထွက်ပြေးရန်အခွင့်အလမ်းရှိနေခဲ့သည်။
အဆုံးသတ်တွင် တိုသည်မြောက်ဘက်တံခါးဆီသို့ အရောက်ထွက်ပြေးနိုင်ခဲ့သည်။မြို့တံခါးသည်ယခုအချိန်ထိ ပွင့်နေဆဲဖြစ်သည်။ယခုအခါ သူသာထွက်မပြေးပါက အကောင်းဆုံးအနေဖြင့် ချက်ချင်းသေဆုံးမည်ဖြစ်ကာ အဆိုးဆုံးအနေဖြင့်ကျွန်အဖြစ်ဖမ်းဆီးခံရမည်ဖြစ်၍ နောက်တွန့်မနေတော့ပေ။
မြောက်ပိုင်းဂိတ်တံခါး၌ တပ်စွဲထားသောစစ်သားများသည် ထွက်ပြေးရန်ကြိုးစားနေသူတိုင်းကို တားဆီးခဲ့ကာ ပြန်လည်တိုက်ခိုက်ရန် အမိန့်ပေးနေသည့်တပ်မှူးတစ်ဦးပင်ရှိနေခဲ့သည်။ထိုအချိန်တွင် အမိန့်ကိုလိုက်နာရန် တွန့်ဆုတ်နေသည့်တိုသည် အရပ်၃မီတာရှိသည့် နွားလားတစ်ကောင် ရုတ်တရက်ခုန်ဝင်လာသည်ကို သတိထားမိလိုက်သည်။
ထိုသို့ခုန်ဝင်လာသည့်အချိန်တွင် တုန်ခါမှုလှိုင်းဒဏ်ကြောင့် စစ်သားအနည်းငယ်ကျဆုံးသွားခဲ့ကာ မြေပြင်သည်လည်းတုန်ခါသွားခဲ့သည်။နွားလားသည် သူ့လက်ထဲရှိဧရာမပုဆိန်ကြီးကို စက်ဝိုင်းပုံစံဖြင့်ဝှေ့ယမ်းလိုက်ရာ ထိုဝှေ့ယမ်းမှုစက်ကွင်းအတွင်း၌ရှိနေသည့် စစ်သားအားလုံးသေဆုံးသွားသည်ကို တိုတွေ့မြင်လိုက်ရသည်။
တိုသည် အလွန်ထိတ်လန့်သွားကာ နောက်သို့အလန့်တကြားဆုတ်ခွာလိုက်သော်လည်း ပုဆိန်ကြီးသည်သူ့ဘေးနားမှဖြတ်ကျော်သွားခဲ့ကာ အေးစိမ့်မှုဒဏ်က သူ၏ခန္ဓာကိုယ်အလယ်အားတိုက်စားသွားသည်ကို ခံစားမိလိုက်သည်။