← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း ၂၀၅ - ထွက်ပြေးသွားသည့်ခွေးအား လိုက်လံဖမ်းဆီးခြင်း

ဤစစ်ပွဲသည် ရှောင်ယုအပါအဝင် လူတိုင်း၏စိတ်ကူးယဉ်မှုထက် များစွာကျော်လွန်နေခဲ့သည်။

တိုက်ပွဲမစတင်မှီက ရှောင်ယုသည်ပင် ဤသို့လွယ်ကူစွာပြီးဆုံးသွားမည်ဟု မထင်ထားခဲ့ပေ။သူသည် ဝေဟင်နှင့်မြေပြင်တပ်ဖွဲ့များအား အတူတကွအသုံးပြုခြင်း၏ စွမ်းအားကိုလျော့တွက်မိနေပုံရသည်။၂၀ရာစုကမ္ဘာကြီး၏ နည်းစနစ်များနှင့်နည်းဗျူဟာများသည် အလွန်အားကောင်းလှသည့်အတွက်ကြောင့် ရန်သူသည်ရှုံးနိမ့်မှုကိုသာခံစားခဲ့ရခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဆိုလိုမွန်းသည် ရှောင်ယုအားဖိနှိပ်ရန်ရည်ရွယ်ချက်ဖြင့် ဂီစကိုမြို့၌ သူ၏အင်အားအားလုံးကို စုစည်းထားခဲ့ပေသည်။သို့သော် ဤအရှုံးက သူ့အတွက်အရာအားလုံးပြီးဆုံးသွားပြီဟု အချက်ပေးနေသလိုဖြစ်ခဲ့သည်။

ရှောင်ယုသည် တပ်ဖွဲ့များအား မြို့ကိုစနစ်တကျကျူးကျော်ရန် အမိန့်ပေးခဲ့သည်။ထို့ပြင် သူသည်ဆိုလိုမွန်း၏လှုပ်ရှားမှုများအကြောင်း အချက်အလက်များကို အချိန်ပြည့်ပို့ပေးရန် နတ်မြင်းပျံများကိုအမိန့်ပေးခဲ့သည်။တစ်ချိန်တည်းမှာပင် ထွက်ပြေးသွားသည့်ဆိုလိုမွန်းနှင့်သူ့သားများနောက်သို့လိုက်ရန်အတွက် အခြေစိုက်စခန်းမှတပ်သားများကိုစေလွှတ်ခဲ့သည်။အမာခံမြင်းတပ်သားများနှင့်အောစ့်စီးနင်းသူများသည် မြေပြင်၌လိုက်လံဖမ်းဆီးနေစဉ် လင်းနို့များနှင့်နတ်မြင်းပျံများက ဝေဟင်မှလိုက်လံဖမ်းဆီးနေ၍ ဆိုလိုမွန်းသည်လွတ်မြောက်ရန်အလွန်ခက်ခဲမှာဖြစ်သည်။

ရှောင်ယု၏တပ်ဖွဲ့များသည် ဂီစကိုမြို့အားသိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်နက်ချသူများမှလွဲ၍ ခုခံတိုက်ခိုက်နေသူအားလုံးက်ို သတ်ဖြတ်ခဲ့သည်။ရန်သူစစ်သားအများစုသည် တိုက်ခိုက်လိုစိတ်ကုန်ဆုံးနေခဲ့ပြီး ရံဖန်ရံခါတွင်သာ ခုခံလိုသောအုပ်စုငယ်အချို့ရှိနေခဲ့သော်လည်း အောစ့်များ၏လျင်မြန်သောတိုက်ခိုက်မှုအောက်၌ ချေမှုန်းခံခဲ့ရသည်။သာမန်လူသားစစ်သားများသည် ဖွဲ့စည်းပုံမပြင်ဆင်ခဲ့ပါက အောစ့်များ၏ပြိုင်ဘက်မဟုတ်ပေ။

ဝတ်ရုံနက်ဝတ်ထားသော ဆိုလိုမွန်းနှင့်အတူရှိနေခဲ့သည့် မှော်ဆရာအုပ်စုသည် ထွက်ပြေးနေကြောင်း နတ်မြင်းပျံများ၏အစီရင်ခံစာမှတဆင့် ရှောင်ယုသိလိုက်ရသည်။ထိုအခိုက်အတန့်တွင် မြေအောက်မြို့တော်၌သူကြုံတွေ့ခဲ့ရသည့် ဝတ်ရုံနက်များကိုသတိရမိလိုက်သည်။ထိုလျှို့ဝှက်ဆန်းကြယ်သောအင်အားစုသည် စစ်ပွဲမှော်ဆရာများကိုပင် ပိုင်ဆိုင်ထားပေသည်။

သူတိုသည် အဘယ်ကြောင့် ဆိုလိုမွန်းအားကူညီရန် ကြိုးစားခဲ့ကြသနည်း...ရှောင်ယုကသူတို့၏စစ်ပွဲမှော်ဆရာကို သတ်ဖြတ်ခဲ့သည်ကို သိရှိသွားသည်လား....

ရှောင်ယု၏အမြင်တွင်မူ ထိုဝတ်ရုံနက်များသည် ဆိုလိုမွန်းအားကူညီရခြင်းမှာ စစ်ပွဲမှော်ဆရာသည် သူ့လက်ချက်ကြောင့်သေဆုံးသွား၍ လက်စားချေခြင်းမဖြစ်နိုင်ဟု ကောက်ချက်ချမိသည်။ထိုဝတ်ရုံနက်များတွင် သူတို့၏ကိုယ်ပိုင်အစီအစဉ်များ ရှိနေပုံရသည်။ရှောင်ယုသည် ထိုလူများ၌ မြေအောက်မြို့တော်၏မြေပုံရှိနေသည်ကို သိရှိထား၍ ထိုသို့အဆင်အခြင်မဲ့ မပြုလုပ်နိုင်ကြောင်း နားလည်ပေသည်။အကယ်၍ ရှောင်ယုကသာ မြေအောက်မြို့တော်၏တည်ဆောက်ပုံနှင့်ရင်းနှီးခြင်းမရှိပါက ရတနာအများစုကို ထိုဝတ်ရုံနက်များကယူဆောင်သွားမှာဖြစ်သည်။

ရှောင်ယုသည် နတ်မြင်းပျံများအား ထိုမှော်ဆရာများနောက်သို့ ခြေရာခံလိုက်ရန် အမိန့်ပေးထားခဲ့သည်။သို့သော် မကြာမှီ နတ်မြင်းပျံအချို့သည် ထိုမှော်ဆရာများ၏သတ်ဖြတ်မှုကိုခံခဲ့ရကြောင်း နတ်မြင်းပျံများက မကြာမှီပြန်လည်သတင်းပို့လာခဲ့သည်။ထိုသတင်းကိုကြားကြားချင်း ရှောင်ယုအံ့သြသွားခဲ့ရသည်။သူတို့သည် မြေပြင်မှနေ၍ နတ်မြင်းပျံအချို့အား သတ်ဖြတ်ရန်မည်သည့်မှော်မန္တန်အား အသုံးပြုခဲ့သနည်း....

အချို့အကြီးစားလှံပစ်စက်များသည် အနိမ့်ပိုင်း၌ပျံသန်းနေသော နတ်မြင်းပျံများကိုပစ်သတ်နိုင်ကြောင်း ရှောင်ယုသတိပြုမိခဲ့သည်။ထို့ပြင် သန်မာသောသူရဲကောင်းများသည် သူတို့၏တိုက်ပွဲစွမ်းအင်ကိုအသုံးပြုကာ နတ်မြင်းပျံများအားပစ်ချရန်အတွက် သူတို့၏လက်နက်များကိုပစ်ခတ်နိုင်သည်။လင်းနို့များသည်တောင်မှ ကောင်းကင်ယံ၌လက်လွတ်စပယ်မနေဝံ့ပေ။

ထို့ကြောင့်ရှောင်ယုသည် လေကြောင်းယူနစ်များကို အသုံးပြုရာ၌ အမြဲသတိထားနေရခြင်းဖြစ်သည်။

ရှောင်ယုသည် ဒေါသတကြီးဖြစ်နေသော်လည်း ထိုဝတ်ရုံနက်များကို လိုက်လံဖမ်းဆီးခြင်းမပြုရန်အတွက် နတ်မြင်းပျံများကိုအမိန့်ပေးထားခဲ့သည်။ရှောင်ယုက ရန်သူများထံတွင် အဆင့်မြင့်မှော်ဆရာတစ်ဦးရှိနေကြောင်း သတိထားမိလိုက်၍ သူတို့ကိုသာဆက်လက်လိုက်လံဖမ်းဆီးနေပါက ကြီးကြီးမားမားဆုံးရှံးမှုကိုခံစားရမည်ဖြစ်သည်။

ရှောင်ယုသည် အစွမ်းထက်သော်လည်း သူ့တွင်ရှိသောစွမ်းအားများက ဆဌမအဆင့်မှော်သခင်တစ်ပါးကို မရင်ဆိုင်နိုင်သေးပေ။စစ်မြေပြင်တွင် ပဥ္စမသို့မဟုတ် ဆဌမအဆင့်မှော်ဆရာများကို ရင်ဆိုင်ရန်အလွန်ခက်ခဲပေသည်။

ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ရုံနက်များသည် ရှောင်ယုနှင့်ဆိုလိုမွန်းတို့အကြား စစ်ပွဲတွင်ဝင်ရောက်စွက်ဖက်ဝံ့သည့်အတွက် သူတို့သည်နှစ်ဖက်လုံး၏စွမ်းအားကို ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။ဆိုလိုသည်မှာ သူတို့သာဤတစ်ကြိမ်မအောင်မြင်ပါက နောက်တစ်ကြိမ်ပြန်လာမည်ဖြစ်သည်။ထို့ကြောင့် တစ်ကြိမ်ကြိမ်တွင်ရှောင်ယုသည် သူတို့အနက်တစ်ယောက်ကို ဖမ်းဆီးနိုင်ရန်အခွင့်အရေးရမှာဖြစ်သည်။

ထို့ပြင် သူ၏အဓိကရည်ရွယ်ချက်မှာ ဆိုလိုမွန်း၏နယ်မြေကိုထိန်းချုပ်ရန်ဖြစ်သည်။ထို့ကြောင့် ယခုအချိန်၌ရန်သူအပိုများ မထားရှိလိုသေးပေ။ဝတ်ရုံနက်များ၏နောက်ကွယ်မှစွမ်းအားသည် အလွန်အားကောင်းသောကြောင့် ယခုအချိန်၌ ၎င်းတို့နှင့်ထိပ်တိုက်တွေ့ရန်မဖြစ်နိုင်ကြောင်း ရှောင်ယုနားလည်ပေသည်။

အကယ်၍ သူသည်သာ ထိုမှော်ဆရာများကို မရမကလိုက်လံဖမ်းဆီးခဲ့ပါက ရှောင်ယုအားကိုင်တွယ်ရန် ပိုမိုအားကောင်းသူများကို ဝတ်ရုံနက်များကစေလွှတ်လိုက်မည်ဖြစ်သည်။

သူတို့ကဘယ်သူတွေလဲ...

ရှောင်ယုသည် ဂီစကိုမြို့အား အပြည့်အဝသိမ်းပိုက်ပြီးနောက် မြို့ထဲဝင်လာခဲ့သည်၊ရှောင်ယုသည် မြို့ထဲသို့ဝင်ဝင်ချင်း အကြီးစား၊အလတ်စားနှင့်အသေးစားလှံပစ်စက်မျိုးစုံကို တွေ့လိုက်ရသည့်အတွက် အလွန်ထိတ်လန့်သွားခဲ့သည်။ရန်သူများသည် သူတို့၏နည်းဗျူဟာအတိုင်း စနစ်တကျခုခံတိုက်ခိုက်မည်ဆိုပါ ရှောင်ယုသည် ကြီးမားသောပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

တောင်ဘီလူးများတွင် မာကျောခိုင်ခံ့သည့်ကျောက်အရေပြားများရှိနေသော်လည်း ၎င်းတို့အားသတ်ဖြတ်၍မရဟုမဆိုလိုပေ။ရှောင်ယုသည် ဂီစကိုမြို့တွင်း၌ သံမဏိဂိတ်တံခါးများကိုပင် ဖောက်ထွင်းနိုင်သည့် အကြီးစားလှံပစ်စက်များကိုပင် တွေ့မြင်ခဲ့သည်။ထိုအကြီးစားလှံပစ်စက်များကိုသာ သေချာချိန်တွယ်ပစ်ခတ်မည်ဆိုပါက တောင်ဘီလူးများကိုသတ်ဖြတ်နိုင်မည်ဖြစ်သည်။ထို့ပြင် ဆရာကြီးအယ်လ်မာကဲ့သို့ စွမ်းအားကြီးမှော်ဆရာများသည်လည်း တောင်ဘီလူးများကိုတစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်သည်။

ယခုအချိန်တွင် တောင်ဘီလူးများသည် အဆင့်၁သို့သာရောက်ရှိသေးပြီး ၎င်းတို့သာအဆင့်၁၀အထိ ရောက်ရှိလာမည်ဆိုပါက တိုက်ခိုက်နိုင်စွမ်းပိုတိုးလာကာ ခုခံကာကွယ်နိုင်စွမ်းမြောက်တက်သွားမည်ဖြစ်သည်။

"ဆိုလိုမွန်းက ဒီလောက်လက်နက်တွေအများကြီး ပိုင်ဆိုင်ထားဖို့မဖြစ်နိုင်ဘူး...လျှို့ဝှက်ဆန်းကြယ်တဲ့ ဝတ်ရုံနက်တွေကသူ့ကိုထောက်ပံ့ပေးထားတာ ဖြစ်ရမယ်...မဟုတ်ရင်အချိန်တိုလေးအတွင်း ခုလိုစျေးကြီးတဲ့အဆင့်မြင့်လက်နက်တွေအများကြီး ထွက်ပေါ်လာမှာမဟုတ်ဘူး"

မည်သို့ပင်ဆိုစေ ရှောင်ယုသည် ယခုအခါဤလက်နက်များကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။

ရှောင်ယုသည် ဤစစ်လက်နက်များကို တွေ့တွေ့ချင်း စစ်ပွဲတူကုမ္ပဏီအကြောင်းကို မတွေးဘဲမနေနိုင်ခဲ့ပေ။ဤလက်နက်လုပ်ငန်းရပ်ဝန်းတွက် စွမ်းအားကြီးမားသည့် အင်အားစုတစ်ခုက စစ်ပွဲတူကုမ္ပဏီအားထောက်ပံ့ပေးနေကြောင်း ရှောင်ယုသိရှိထားသည်။သူတို့သည် ဤတိုက်ကြီးရှိအဓိကမြို့တိုင်းတွင် ဌာနခွဲများထားရှိခဲ့သည်။

ကနေဒီမိသားစုသည် စော်ကား၍မရနိုင်သောအင်အားစုအဖြစ် ဆရာကြီးအယ်လ်မာက သတ်မှတ်ထားခဲ့သည်မှာ အံ့သြစရာတော့မဟုတ်တော့ပေ။သို့သော် စစ်ပွဲတူကုမ္ပဏီအား နောက်ကွယ်မှနေ၍ ပံ့ပိုးပေးနေသည့်အင်အားစုသည် ကနေဒီမိသားစုထက်များစွာပိုမိုအစွမ်းထက်နိုင်သည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။

ယခုအခါ ရှောင်ယုသည်အင်အားစုများစွာကို စော်ကားမိလိုက်ပြီဖြစ်သည်။ယခုအခါသူသည် လျှို့ဝှက်ဆန်းကြယ်သည့်ဝတ်ရုံနက်များ ၊ ကနေဒီမိသားစုနှင့်မြို့စားအချို့တို့အား ရန်စမိထားပြီဖြစ်သည်။ထိုလူတို့သည် သူ၏အသက်ကိုလိုချင်နေလိမ့်မည်ဟု ရှောင်ယုယုံကြည်ထားသည်။ထို့ကြောင့် ရှောင်ယုသည်လျင်မြန်သောအရှိန်အဟုန်ဖြင့် တိုးတက်သန်မာလာစေရန်လိုအပ်နေခဲ့သည်။

...

...

ဆိုလိုမွန်းသည် သူ့အသက်အတွက် ခွေးတစ်ကောင်လိုထွက်ပြေးနေခဲ့ရသည်။ယခုအချိန်တွင် သူ့စိတ်ထဲတွင် မြင်းကိုဒုန်းစိုင်းစီးနင်း၍ အခြားမြို့သို့အမြန်ဆုံးရောက်အောင်သွားရန်သာ ရှိတောသည်။ဂီစကိုမြို့အား လင်းနို့စီးနင်းသူများက ဗုံးကြဲတိုက်ခိုက်ချိန်ကပင် သူရှုံးနိမ့်ခဲ့ပြီဖြစ်ကြောင်း ဆိုလိုမွန်းသိရှိလိုက်သည်။မူလကသူသည် ရှောင်ယု၏အောစ့်များကိုသတ်ဖြတ်ရန်အတွက် မြင့်မားသည့်မြို့နံရံတံတိုင်းအား အားကိုးရန်စီစဉ်ထားခဲ့သော်လည်း သူသည်ဓားကိုဆွဲထုတ်ရန်ပင်အခွင့်အရေးမရခဲ့ဘဲ ရှုံးနိမ့်သွားခဲ့ရသည်။သူတို့သည် အောစ့်များကိုတိုက်ခိုက်ရန်ပင် အခွင့်အရေးမရခဲ့ပေ။

ထို့နောက် မြို့နံရံများပြိုကျလာချိန်တွင် သူတို့၏အကြီးမားဆုံးသောအကာအကွယ်အား ဆုံးရှံးခဲ့ရသည်။သူတို့ပြင်ဆင်ထားသည့် အရာမှန်သမျှသည် ရှောင်ယု၏ထိုးစစ်အောက်၌ အသုံးမဝင်ဖြစ်ခဲ့ရသည်။စစ်သားများသည် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ကြကာ ဖရိုဖရဲထွက်ပြေးကုန်ကြသည်။ထို့ပြင် ယခုလိုဖရိုဖရဲအခြေအနေအောက်၌ အောစ့်များသည်လုံးဝအသာစီးရထားကြောင်း အလွန်ရှင်းလင်းစွာတွေ့မြင်ခဲ့ရသည်။

ယခုအခါ အရာအားလုံးပြီးစီးသွားပြီး သူသည်လည်းဂီစကိုမြို့အား ဆုံးရှံးခဲ့ရသည်။အထူးသဖြင့်သူသည် ရှောင်ယုအားတိုက်ခိုက်ရန်အတွက် သူ၏တပ်အားလုံးကိုဂီစကိုမြို့၌ တပ်ဖြန့်ထားခဲ့သည်။ အရာအားလုံးသည် ယခုလိုပုံစံမျိုးဖြင့်ပြီးဆုံးသွားလိမ့်မည်ဟု မည်သူမှမတွေးမိခဲ့ကြပေ။

ထိုအချိန်တွင် ဆိုလိုမွန်းအားအကာအကွယ်ပေးနေသည့် စစ်သားများသည် ကောင်းကင်ပေါ်မှပစ်ခတ်လာသည့် မြှားချက်များကြောင့် တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားကြရသည်။သူတို့သည် ဤဝေဟင်တပ်များ၏အမြင်တွင် ပြေးလွှားနေသောသားကောင်များသဖွယ်ဖြစ်သည်။တစ်ချိန်တည်းမှာပင် ဝံပုလွေများ၏ငြီးတွားသံကိုကြားလိုက်ရပြီး အောစ့်စီးနင်းသူများက သူ့နောက်သို့လိုက်နေသည်ကို တွေ့လိုက်ရသည်။ဆိုလိုမွန်းတို့၏မြင်းများသည် ဝံပုလွေအူသံကိုကြားချိန်တွင် တုန်ရီသွားခဲ့ကာ အမြန်နှုန်းကျဆင်းသွားခဲ့ရသည်။

ဤသို့ဖြင့်အချိန်တစ်ခုကြာပြီးနောက် သူတို့်အားလုံးဖမ်းဆီးခံခဲ့ရသည်။

အခန်း ၂၀၆ - အောင်မြင်စွာပြီးဆုံးခြင်း

ရှောင်ယုသည် ဂီစကိုမြို့၏အုပ်ချုပ်ရေးခန်းမအတွင်း၌ ကြိုးတုပ်ကာဖမ်းဆီးထားသည့် ဆိုလိုမွန်းနှင့်သူ၏သား ၃ယောက်ကိုစိုက်ကြည့်လိုက်သည်။

သူတို့သည် အမြန်ဆုံးထွက်ပြေးခဲ့ကြသော်လည်း နတ်မြင်းပျံများနှင့်အောစ့်စီးနင်းသူများလက်မှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ဆိုလိုမွန်းသည် စစ်ပွဲရှံးနိမ့်မှုကြောင့် ရုတ်ချည်းအသက်ကြီးသွားသလိုခံစားနေရသည်။စစ်ပွဲအပြီးတွင် သူသည်ယခုလိုအကျိုးဆက်များကို ကြုံတွေ့ရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။အမှန်တော့သူသည် ဤစစ်ပွဲအတွက် ကြီးကြီးမားမားမျှော်လင့်ထားခဲ့သော်လည်း ဂီစကိုမြို့သည်သိမ်းပိုက်ခံလိုက်ရကာ သူ၏စစ်တပ်အားလုံးကိုလည်း ဆုံးရှုံးခဲ့ရသည်။သူသည် အိပ်မက်ဆိုးမက်နေသည်ဟု မျှော်လင့်ထားခဲ့သော်လည်း သူ့အားချည်နှောင်ထားသည့်ကြိုးများက ဤအရာသည်အိပ်မက်မဟုတ်ကြောင်း သူ့အားရှင်းရှင်းလင်းလင်းသတိပေးနေခဲ့သည်။

"ဘာမှပြောစရာမရှိဘူး...ငါကအရှုံးသမားဘဲ...မင်းလိုသားရဲတစ်ကောင်ကိုရန်စမိခဲ့တဲ့အတွက် ငါတကယ်နောင်တရတယ်...ငါ့ရဲ့ကံကြမ္မာကိုလည်းငါမုန်းတယ်....မင်းရဲ့စစ်တပ်ကအစွမ်းထက်တဲ့ ထူးဆန်းတဲ့မျိုးနွယ်တွေနဲ့ဖွဲ့စည်းထားတာပဲ....တကယ်လို့ငါသာအဲ့စစ်တပ်ကိုပိုင်ဆိုင်ခဲ့ရင် ကမ္ဘာကြီးကိုလုံးဝအောင်နိုင်လိမ့်မယ်"

ဆိုလိုမွန်းသည် ရှောင်ယုအားစိုက်ကြည့်ရင်း အရူးတစ်ယောက်လိုအော်ဟစ်လိုက်သည်။

သူသည် ရှေးယခင်ကပင်ရှောင်ယု၏နယ်မြေကို သိမ်းပိုက်ရန်လိုလားနေခဲ့သူဖြစ်သည်။သူသည် နယ်မြေအားသိမ်းပိုက်ကာ အနောက်မြေရိုင်းဒေသ၏ ဘုရင်ဖြစ်လိုခဲ့သော်လည်း ကံကြမ္မာကသူ့အားမျက်နှာသာမပေးခဲ့ပေ။

"ဒီလူဘာတွေပြောနေတာလဲ..."

ရှောင်ယုသည် ဆိုလိုမွန်းကိုကြည့်ရင်း ထိုလူ၏မျက်လုံးများရှိ ဂယောင်ခြောက်ခြားအမူအရာများကို သတိထားမိလိုက်သည်။

"မင်းမှာ စွမ်းအားကြီးတဲ့တပ်တွေပိုင်ဆိုင်ထားရင်လည်း ငါမင်းကိုဖမ်းဆီးထားနိုင်တာပဲ...လောလောဆယ်မင်းကငါ့ရဲ့အကျည်းသားဖြစ်နေပေမဲ့ မင်းသာကောင်းကောင်းမွန်မွန်နေရင် ငါကမင်းရဲ့အသက်ကိုချမ်းသာပေးမယ်...မဟုတ်ရင်မင်းရဲ့ဦးခေါင်းဟာ မင်းရဲ့ခန္ဓာကိုယ်ကိုနှုတ်ဆက်ရလိမ့်မယ်"

ရှောင်ယုသည် ဆိုလိုမွန်းကဲ့သို့ ရူးသွပ်စွာပြောဆိုနေသူများကို လုံးဝကြည့်မရပေ။ထိုသို့သောလူများသည် ယခုလိုအခြေအနေတွင် စကားပြောဆိုနိုင်သည့်အနေအထား၌မရှိသော်လည်း ရူးမိုက်စွာပြောဆိုနေတတ်သည်။ထိုအခိုက်အတန့်တွင် ဆိုလိုမွန်းသည် စကားတစ်ခွန်းမှမပြောတော့ဘဲ တိတ်ဆိတ်သွားခဲ့သည်။

"နောက်ဆုံးတော့တိတ်သွားပြီလား...ဒါပေမဲ့မင်းရဲ့တိတ်ဆိတ်မှုက ဒီကိစ္စရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတာ မင်းနားလည်ထားသင့်တယ်"

ရှောင်ယုသည် လှောင်ပြောင်ပြောဆိုလိုက်ကာ ကာရီနှင့်သူ့အစ်ကိုများထံလှည့်ကြည့်လိုက်သည်။

"အစ်ကိုကာရီ...မင်းရဲ့အခြေအနေကကော ဘယ်လိုလဲ...ငါတို့အတူတူဖြတ်သန်းခဲ့တဲ့ နေ့ရက်ကောင်းလေးတွေကို မှတ်မိသေးလား...ငါတို့အတူတူသောက်စားပျော်ပါးခဲ့ပြီး ကောင်မလေးတွေနဲ့ကစားခဲ့ကြတယ်...ဒါပေမဲ့မင်းကဘာလို့ငါ့နယ်မြေကိုလိုချင်တာလဲ...ခုတော့မင်းမှာဘာမှမကျန်တော့ဘူး"

ကာရီက အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

"ငါတို့ရှုံးသွားပြီ...မင်းကအောင်နိုင်သူဆိုတော့ မင်းလုပ်ချင်သလိုလုပ်"

ရှောင်ယုသည် ကာရီအားစိုက်ကြည့်လိုက်သည်။

"အိုး... ခေါင်းမာတဲ့ကောင်တစ်ကောင်ရှိနေတာပဲ...ဒါပေမဲ့ ငါလိုချင်တဲ့အရာတွေကို ရအောင်လုပ်နိုင်တဲ့နည်းလမ်းတွေငါ့မှာချို့တဲ့နေတယ်ထင်လား...ငါ့ကောင်တွေက မင်းလိုခေါင်းမာတဲ့ကောင်မျိုးရဲ့အရိုးတွေကိုချိုးရတာကြိုက်ကြတယ်...ဒီနေ့တော့အလုပ်ရှိပြီထင်တယ်"

ရှောင်ယုသည် အိုနေးလ်ကိုကြည့်၍ မျက်လုံးမှိတ်ပြလိုက်သည်။အိုနေးလ်သည် ကာရီ၏အနားကိုကပ်လာကာ ကြက်သီးထဖွယ်ပြုံးပြလိုက်သည်။

ကာရီသည် ကြောက်လန့်တကြားဖြစ်ကာ နောက်သို့တုန်တုန်ယင်ယင်ဆုတ်သွားခဲ့သည်။

အကယ်၍ ကာရီသာရှောင်ယုနှင့်ထိပ်တိုက်မတွေ့ခဲ့ပါက သူ၏လိမ္မာပါးနပ်မှုနှင့်နည်းစနစ်ဗျူဟာများကြောင့် သူသည်နယ်မြေအရှင်သခင်ဖြစ်လာနိုင်မည်ဖြစ်သည်။

"မင်း...မင်းဘာလ်ိုချင်တာလဲ"

ကာရီသည် အော်ဟစ်မေးမြန်းလိုက်သည်။

ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ အိုနေးလ်အားဟန့်တားလိုက်သည်။

"ကြီးကြီးမားမားတော့မဟုတ်ပါဘူး...ငါမင်းကိုခုလိုမျိုးမသတ်ချင်ဘူးဆိုတာ မင်းလည်းသိလောက်ပါတယ်...မင်းကိုမသတ်ရမယ့်အကြောင်းပြချက်လေးတစ်ခုငါ့ကိုပေးစမ်းပါ...အရင်ကဆိုရင် မင်းကငါ့ကိုအရှင်လတ်လတ်အရေခွံဆုတ်ချင်နေတာမလား...မင်းကိုဒီတိုင်းလွတ်ပေးလို့တော့မရဘူး"

လက်ရှိအခြေအနေသည် ရှောင်ယုဘက်တွင်ရှိနေကြောင်း ကာရီနားလည်သွားခဲ့သည်။သူ၏အသက်သည်ပင် ရှောင်ယုလက်ထဲ၌ရှိနေပြီဖြစ်ရာ ရုန်းကန်နေခြင်းက အသုံးမဝင်တော့ပေ။

ကာရီသည် ခဏလောက်စဉ်းစားလိုက်ကာ မေးမြန်းလိုက်သည်။

"မင်းဘာလိုချင်တာလဲ"

ရှောင်ယုသည် ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ကာ မေးမြန်းလိုက်သည်။

"ဝတ်ရုံနက်တွေ...သူတို့ကဘယ်သူလဲ...သူတို့ရဲ့ဇာတ်မြစ်ကဘယ်ကလဲ...ဘာလို့မင်းတို့ကိုကူညီတာလဲ...ပထမဆုံးပြောတဲ့သူကအသက်ရှင်ရမယ်...ကျန်တဲ့၃ယောက်ကတော့ သေရမယ်"

ကာရီသည် ထိုအကြောင်းကိုပြောခါနီးတွင် သူ့အစ်ကိုဖြစ်သူကကြားဖြတ်လိုက်သည်။

"ငါသိတယ်...ငါသိတယ်....မကြာသေးခင်ကအဲ့လူတွေဟာ ငါ့အဖေကိုရှာပြီးတော့ ငါတို့ကိုထောက်ပံ့ကူညီပေးခဲ့တာပဲ"

ကာရီသည် အခွင့်အရေးကိုလက်လွတ်လိုက်ရသော်လည်း သူသည်လည်းအသက်ရှင်ရန် လိုလားနေဆဲဖြစ်သည်။

"သူတို့ကလျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခုကပါ...သူတို့ကနယ်မြေတွေအများကြီးကို နောက်ကွယ်ကနေပြီးပံ့ပိုးပေးထားတယ်...အချို့ကတော့ အဲ့ဝတ်ရုံနက်တွေဟာ ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့လျှို့ဝှက်အဖွဲ့အစည်းတွေဖြစ်တယ်လို့ဆိုကြတယ်..အခြားသူတွေကတော့ ခုလိုပရမ်းပတာကာလမှာ ရှေးဟောင်းမိသားစုတွေကပေါင်းစည်းဖွဲ့စည်းထားတဲ့ အင်အားစုတစ်ခုလိုဆိုကြတယ်"

ထိုသို့အရေးကြီးသောအခိုက်အတန့်တွင် ကာရီနှင့်သူ၏ဒုတိယသားဖြစ်သူတို့သည် အလုအယက်ပြောဆိုနေကြသည့်အတွက် ဆိုလိုမွန်းသည်ဒေါသတကြီးဖြစ်သွားခဲ့သည်။

သားအကြီးဆုံးမှာမူ စကားဝင်ပြောလိုသော်လည်း သူသိထားသည်များကို ထိုနှစ်ကောင်ကဦးအောင်ပြောသွားပြီဖြစ်သည်။သို့သော်လည်း သူတို့အားလုံးသည် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ၏ မူလဇစ်မြစ်ကိုမသိရှိကြကြောင်း ရှောင်ယုနားလည်ပေသည်။သူတို့သည် ကောလဟာလများကိုသာပြောဆိုနေကြခြင်းဖြစ်သည်။

ရှောင်ယုသည် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ၏ မူလဇာတ်မြစ်အကြောင်းစဉ်းစားရင်း မျက်မှောင်ကြုတ်မိလိုက်သည်။ထိုလျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် အနာဂတ်တွင် သူ့အတွက်ပြဿနာဖြစ်လာလိမ့်မည်ဟု ရှောင်ယုခံစားနေရသည်။

ယခုအချိန်တွင် ဆိုလိုမွန်းမှလွဲ၍ ကျန်ညီအစ်ကို၃ယောက်လုံးသည် သူတို့သိရှိထားသမျှကို အလုအယက်ပြောဆိုနေကြသည်။သူတို့သည် ရှောင်ယု၏အမြင်ကောင်းကိုရယူလိုကြကာ သေခြင်းတရားမှလွတ်မြောက်လိုကြသည်။

ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်းကာအမိန့်ပေးလိုက်သည်။

"ငါပြောသလိုပဲ အရင်ဆုံးစပြောတဲ့သူကအသက်ချမ်းသာခွင့်ရမယ်...ဒုတိယမြောက်သားက အောစ့်အခြေစိုက်စခန်းမှာ အလုပ်ကြမ်းလုပ်ရလိမ့်မယ်...အခြားသူတွေကိုတော့ဆွဲခေါ်ပြီးသတ်ပစ်လိုက်ကြ..."

ရှောင်ယုသည် အိုနေးလ်အား တစ်ချက်လှမ်းကြည့်လိုက်ရာ အိုနေးလ်သည် အောစ့်အနည်းငယ်နှင့်အတူရောက်လာခဲ့ပြီး ဆိုလိုမွန်းတို့၃ယောက်ကို ဆွဲခေါ်သွားခဲ့သည်။သူသည် ထိုလူများကိုသတ်ဖြတ်ရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။မူလက ကာရီသည် သူ့အားနှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရလေသည်။သို့သော်ရှောင်ယုသည် ကာရီအပေါ်၌မုန်းတီးမှုကိုမခံစားခဲ့ရပေ။သို့သော် ယခုအချိန်၌သူတို့အားအသက်ရှင်ခွင့်ပေးလိုက်ပါက အနာဂတ်တွင် ထိုလူများသည်သူတို့၏ကိုယ်ပိုင်အင်အားကို ပြန်လည်စုဆောင်း၍၎င်း အခြားသူများနှင့်ပူးပေါင်း၍၎င်း သူ့အားဒုက္ခပေးလာနိုင်ကြောင်း သူနားလည်ထားသည်။ထို့ကြောင့် သူတို့အားသတ်ဖြတ်ခြင်းသည် အနာဂတ်၌သူကြုံတွေ့လာရမည့် ပြဿနာအရေအတွက်ကိုလျော့နည်းစေမည်ဖြစ်သည်။

ရှောင်ယုသည် ဆိုလိုမွန်း၏စစ်သားအားလုံးကို အလုံးစုံဖြေရှင်းရန်အတွက် အချိန်တစ်ရက်ထက်မနည်းယူခဲ့ရသည်။ဤနည်းဖြင့် မြို့၃မြို့လုံးသည် ရှောင်ယု၏လက်အောက်သို့ကျရောက်လာခဲ့သည်။ရှောင်ယုသည် အခြားမြို့စားတစ်ယောက်၏နယ်မြေကို တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း ကောင်းကင်ခြင်္သေ့မင်းဆက်ကငြိမ်သက်နေခဲ့သည်။ယခုခေတ်တွင် ပိုမိုသန်မာသည့်လက်သီးကသာ မှန်ကန်မှုရှိပေသည်။

မည်သို့ပင်ဆိုစေ ရှောင်ယုသည် အသစ်ရယူထားသည့်နယ်မြေတွင် ကြီးမားသောတပ်ဖွဲ့များကို တပ်စွဲထားရန်အစီအစဉ်မရှိပေ။သူသည် မြို့ကြီးကို ကာကွယ်ရန်အတွက် တပ်သား၅၀၀၀သာချန်ထားရစ်ခဲ့သည်။

ဆိုလိုမွန်း၏နယ်မြေသည် ရှောင်ယု၏နယ်မြေနှင့်များစွာနီးကပ်မှုမရှိပေရာ သူသည်ထိုနယ်မြေ၌တပ်အင်အားများစွာ ချထားလိုပါက သူ၏တပ်များကိုဖြန့်ခွဲပစ်ရမည်ဖြစ်သည်။ထိုအချိန်တွင် အခြားတစ်ယောက်ကသူ၏နယ်မြေအားတိုက်ခိုက်လာပါက သူပြဿနာတက်မည်ဖြစ်သည်။

ရှောင်ယုသည် သူသိမ်းပိုက်ထားသောနယ်မြေ၌ အခွန်များဖြေလျော့ပေးခြင်း ၊ လယ်ယာစိုက်ပျိုးပေးခြင်းနှင့် စစ်တပ်စုဆောင်းရေးတို့ကိုအားပေးရန်အတွက် မူဝါဒအနည်းငယ်ကိုအကောင်အထည်ဖော်ခဲ့သည်။သူသည် ဖြစ်နိုင်လျှင် အချိန်တိုအတွင်း ဤနယ်မြေ၏လူများကို သူ၏ကိုယ်ပိုင်စနစ်ဖြင့် ရင်းနှီးကျွမ်းဝင်သွားစေချင်သည်။ထိုလူများသည် ခြင်္သေ့မြို့သို့ပြောင်းရွေ့နေထိုင်ချင်ပါက ခွင့်ပြုပေးမည်ဖြစ်သလို ဂီစကိုမြို့နှင့်အခြားမြို့များ၌သာ ဆက်လက်နေထိုင်လိုလျင်လည်း ပြဿနာမရှိပေ။အဘယ်ကြောင့်ဆိုသော် ထိုမြို့များအားလုံးသည်ရှောင်ယုနှင့်သက်ဆိုင်နေ၍ဖြစ်သည်။

စစ်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေအောက်တွင် ရှောင်ယုသည် သူ၏တပ်များအားလုံးကို ခြင်္သေ့မြို့သို့ဆုတ်ခွာရန် လမ်းကြောင်းတစ်ခုဖော်ထားခဲ့ပြီး ထိုမြို့များကိုခေတ္တစွန့်လွှတ်ရန် ပြင်ဆင်ထားသည်။လက်ရှိအချိန်တွင် သူ၏အင်အားသည်များစွာမကြီးမားသေး၍ အခြေစိုက်စခန်းမှတပ်သားများကို အဓိကအားကိုးနေရသောကြောင့် ထိုကဲသို့ဗျူဟာကိုချမှတ်ထားရခြင်းဖြစ်သည်။

ဆိုလိုမွန်း၏တပ်သားအများစုသည် ရှောင်ယုထံတွင်လက်နက်ချခဲ့ကြသည်။သူတို့သည် သူတို့အားကောင်းမွန်စွာဆက်ဆံနေသရွေ့ မည်သူ့ထံ၌အမှုထမ်းရမည်ကို စိတ်ထဲမထားခဲ့ပေ။ရှောင်ယုသည် သူတို့အားဆိုလိုမွန်းထက်ပင် ပိုမိုကောင်းမွန်သည့်ခံစားခွင့်များပေးအပ်ခဲ့ရာ သူတို့သည်ယခင်သခင်ဟောင်းထက် ရှောင်ယုအားခစားရန် ပိုမိုဆန္ဒရှိကြသည်။

ရှောင်ယုသည် သိမ်းပိုက်ထားသည့်နယ်မြေ၏အမည်ကို ကူလွမ်ဟုအမည်ပေးခဲ့ကာ ၎င်းကိုသူ၏ကိုယ်ပိုင်နယ်မြေအဖြစ်သတ်မှတ်ပြီးနောက် ကောင်တီတစ်ခုအဖြစ်ပြောင်းလဲခဲ့ပြီး ခြင်္သေ့နယ်မြေသို့ပေါင်းထည့်ခဲ့သည်။

သူသည် ပြဿနာများကိုဖြေရှင်းပြီးလုနီးပါးဖြစ်နေချိန်တွင် ခြင်္သေ့နယ်မြေမှနေ၍ သတင်းဆိုးတစ်ပုဒ်လက်ခံရရှိခဲ့သည်။ဓားပြအဖွဲ့တစ်ခုသည် ခြင်္သေ့မြို့အနီးရှိကျေးရွာတစ်ခုအား လုယက်ဖျက်ဆီးကာ ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ထိုသတင်းကိုရရှိချိန်တွင် ရှောင်ယုသည်အလွန်အံ့သြသွားခဲ့သည်။စုဘာရူထွက်ပြေးသွားပြီးနောက် ဓားပြများပျောက်ကွယ်သွားပြီဟု သူထင်ထားခဲ့ရာ ယခုလိုနောက်တစ်ကြိမ်ပေါ်ထွက်လာမှုကြောင့် သူပင်စိတ်ရှုပ်ထွေးသွားရသည်။ထိုဓားပြများသည် သူ၏စစ်တပ်ကိုမကြောက်ရွံ့သည်လား...

ရုတ်တရက် ထိုဓားပြများပြန်လည်ထွက်ပေါ်လာရခြင်း၏ နောက်ကွယ်မှအင်အားစုတစ်ခုအား ရှောင်ယုသတိရလိုက်သည်။

"အနောက်တိမ်တိုက်အင်ပါယာ..."

အခန်း ၂၀၇ - စုဘာရူတဖန်ပြန်ပေါ်လာခြင်း

ရှောင်ယုသည် ဖျက်ဆီးခံရသည့်ကျေးရွာကိုစစ်ဆေးရန်အတွက် ခြင်္သေ့နယ်မြေသို့ပြန်သွားခဲ့သည်။

ဓားပြများသည် ထိုရွာမှလူများကိုတစ်ယောက်မကျန်သတ်ဖြတ်ခဲ့ကြကာ ကလေးများကိုပင်ချမ်းသာမပေးခဲ့ပေ။ရှောင်ယုသည် အလောင်းများအားလုံးကို တစ်နေရာတည်းတွင်စုပုံ၍ မီးတင်ရှို့လိုက်သည်။လူသားတစ်ယောက်သည် လူသားအချင်းချင်းအပေါ် ထိုသို့ရက်စက်စွာမဆက်ဆံသင့်ပေ။ထိုသို့လုပ်ရပ်မျိုးသည် နတ်ဆိုးများနှင့်သားရဲများသာ ပြုမူတတ်ကြသည်။

ထို့နောက်ရှောင်ယုသည် ကျောက်တုံးတစ်ခုပေါ်၌ သွေးနှင့်ရေးထားသည့်စာတန်းတစ်ခုအား သတိပြုမိလိုက်သည်။

"စုဘာရူပြန်ရောက်လာပြီ..."

ရှောင်ယုသည် ထိုစာတန်းကိုတည်ငြိမ်စွာ စိုက်ကြည့်နေသော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခက်ထန်နေခဲ့သည်။စုဘာရူသည် ပြဿနာကောင်ဖြစ်သည်။ရှောင်ယုသည် သူ့အားမသတ်ဖြတ်နိုင်ခဲ့သည့်အတွက် ထိုကောင်သည်သူ့အားပြန်လည်ဒုက္ခပေးရန် ကြိုးစားနေခဲ့သည်။

"အနောက်တိမ်တိုက်အင်ပါယာ...မင်းတို့ကဒီလိုလုပ်ဖို့ ပထမဆုံးအစပြုခဲ့ကြတဲ့သူတွေပဲ..."

ရှောင်ယုက ညည်းညူမိလိုက်သည်။

သူသည် အနာဂတ်တွင် အနှေးနှင့်အမြန်ဆိုသလို အနောက်တိမ်တိုက်အင်ပါယာနှင့် တိုက်ခိုက်ရမည်ဖြစ်ကြောင်း မျှော်လင့်ထားခဲ့သည်။ထိုကိစ္စပြီးနောက် ရှောင်ယုသည်နတ်မြင်းပျံများကို နယ်စပ်တလျှောက်ကင်းလှည့်နေစေရန် အမိန့်ပေးခဲ့သည်။သူတို့သည် အနောက်တိမ်တိုက်အင်ပါယာမှ မြင်းတပ်သားများကိုတွေ့လျှင် သူ့အားချက်ချင်းသတင်းပို့ရမည်ဖြစ်သည်။ထို့နောက် ရှောင်ယုသည် ပြဿနာအရပ်ရပ်ကိုဖြေရှင်းရန်အတွက် ခြင်္သေ့မြို့သို့ပြန်လာခဲ့သည်။

သူသည်ယခုအချိန်ထိ အနောက်တိမ်တိုက်အင်ပါယာ၏နောက်ကွယ်မှ လုပ်ရပ်များကိုတိတိကျကျမသိရသေးပေ။

ဤအရာသည် စုဘာရူ၏ကိုယ်ရေးကိုယ်တာအရ လက်စားချေသည်လား...အနောက်တိမ်တိုက်အင်ပါယာမှ ခြင်္သေ့နယ်မြေအား ကျူးကျော်ရန်ဆုံးဖြတ်လိုက်သည်လား....

ခြင်္သေ့နယ်မြေသည် ကောင်းကင်ခြင်္သေ့မင်းဆက်နှင့် အနောက်တိမ်တိုက်အင်ပါယာတို့၏ ကြားခံနယ်မြေဖြစ်သည်။ဤနယ်မြေသည် နှစ်ပေါင်းထောင်ချီကာလအတွင်း အလွန်ရှုပ်ထွေးနေခဲ့သော်လည်း ရှောင်ယုသည်နယ်မြေအတွင်းရှိ ဓားပြအုပ်စုအားလုံးကို ရှင်းလင်းပြီးနောက်တွင် အခြေအနေများသည်တည်ငြိမ်သွားခဲ့သည်။

သို့ဖြစ်ရာ အနောက်တိမ်တိုက်အင်ပါယာ၏ အုပ်ချုပ်သူများသည် အကျပ်အတည်းနှင့်ကြုံတွေ့လာရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ယခင်က အမြဲရှုပ်ထွေးနေသောကြားခံနယ်မြေသည် တည်ငြိမ်စပြုလာပေရာ ခြိမ်းခြောက်မှုကိုခံစားလာရသည်မှာ သဘာဝကျပေသည်။ယခုအခါ သူတို့နှင့်ရှောင်ယုအကြားတွင် အချင်းချင်းတိုက်ခိုက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။

ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာဘုရင်၏ ဆုံးဖြတ်ချက်များကို မထီမဲ့မြင်မပြုဝံ့ပေ။ယခင်က အနောက်တိမ်တိုက်အင်ပါယာနှင့်ကောင်းကင်ခြင်္သေ့မင်းဆက်တို့သည် အချိန်အတော်ကြာအောင် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ထို့ပြင် အနောက်တိမ်တိုက်အင်ပါယာ၏နယ်မြေအကျယ်အဝန်းသည် ပိုမိုကြီးမားသော်လည်း ကောင်းကင်ခြင်္သေ့မင်းဆက်ကဲ့သို့ သူတို့၏နယ်မြေများသည် မြေဆီသြဇာကြွယ်ဝခြင်းမရှိပေ။မည်သို့ပင်ဆိုစေ သူတို့၏စစ်တပ်အင်အားသည် ကျော်ကြားလှသည့်အပေါ့စားမြင်းတပ်သားများကြောင့် ပိုမိုအားကောင်းလာခဲ့သည်။အကယ်၍ စစ်ပွဲကြီးတစ်ခုဖြစ်ခဲ့ပါက ရှောင်ယုသည်အင်ပါယာတစ်ခုအား မည်သို့မှရင်ဆိုင်နိုင်စွမ်းမရှိပေ။ကောင်းကင်ခြင်္သေ့မင်းဆက်သည်ကား ပြည်တွင်းပြည်ပပြဿနာများနှင့် ရှုပ်ယှက်ခတ်နေခဲ့သည်။

ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာကို ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းများစွာကို စဉ်းစားခဲ့သည်။သမိုင်းကြောင်းအရကြည့်လျှင် အနောက်တိမ်တိုက်အင်ပါယာမှ လူမျိုးများသည် ခြေသလုံးအိမ်တိုင်များဖြစ်ကာ တရုတ်တို့နှင့်တိုက်ခိုက်ခဲ့ဖူးသော ဟန်များ၊မွန်ဂိုများနှင့်ဆင်တူပေသည်။မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့သောအင်ပါယာတစ်ခုအား ကိုင်တွယ်ဖြေရှင်းရသည်မှာ အလွန်ပင်ခက်ခဲသောကိစ္စရပ်တစ်ခုဖြစ်သည်။

ထိုသို့သောရန်သူမျိုးသည် လေနှင့်တူကာ သူတို့အားလိုက်လံတိုက်ခိုက်ပါက ထွက်ပြေးရှောင်တိမ်းနေမှာဖြစ်ပြီး သင်သာအနားယူနေပါက လာရောက်တိုက်ခိုက်ကြမည်ဖြစ်သည်။

ခြင်္သေ့နယ်မြေ၏အနောက်ဘက်ခြမ်းသည် ကန္တရများနှင့်မြက်ခင်းပြင်များဖြစ်သည်။ထိုဒေသတွင် အနောက်တိမ်တိုက်အင်ပါယာ၏ မြင်းတပ်များကို တိုက်ခိုက်ရန်မျှော်လင့်ချက်လုံးဝရှိမနေပေ။ဟန်ဧကရာဇ်သည် ဟွမ်များကိုတိုက်ခိုက်ရန်အတွက် မြင်းတပ်သား၅၀၀၀၀ကိုစေလွှတ်ခဲ့သည်။ရှောင်ယုသည် ရဲစွမ်းသတ္တိပြည့်ဝကာ ကျွမ်းကျင်သည့်မြင်းတပ်သားများစွာကို မည်သည့်နေရာမှရှာဖွေရမည်နည်း...

အင်အား၁၀၀၀၀၀ရှိသော မြင်းတပ်တစ်ခုအား ပြုစုပျိုးထောင်ရခြင်းသည်အမှန်ပင်မလွယ်လှပေ။ဟန်မင်းဆက်သည် လက်ရွေးစင်မြင်းတပ်သား များစွာကိုပြုစုပျိုးထောင်ပေးရန်အတွက် သူတို့၏ဘဏ္ဍာတစ်ဝက်ကိုဖြုန်းတီးခဲ့ရသည်။ရှောင်ယုသည် နာလန်ထူခါစသေးငယ်သည့်ပြည်နယ်လေးတစ်ခု၏ သခင်ဖြစ်သည်။သူ၏နယ်မြေသည် ဟန်မင်းဆက်နှင့်ယှဉ်လျင် မိုးနှင့်မြေလိုကွာခြားနေ၍ ထိုသို့အရင်းအနှီးများစိုက်ထုတ်ရန် မတတ်နိုင်ပေ။

မြင်းတပ်ကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် နေ့စဉ်ထောက်ပံ့ပေးခြင်းသည် အရင်းအနှီးများစွာကုန်ကျပေသည်။

ရှောင်ယုသည် စခန်းမှတဆင့် အကန့်အသတ်မရှိသောယူနစ်များစွာကို ခေါ်ယူနိုင်လျှင်ထိုကိစ္စအား ဖြေရှင်းနိုင်မည်ဖြစ်သည်။သူသည် ဤပြဿနာကိုဖြေရှင်းရန် အနည်းဆုံးအောစ့်စီးနင်းသူ၁၀၀၀၀ကိုလိုအပ်သော်လည်း ကံမကောင်းစွာဖြင့်သူ့ထံတွင် ၆၀၀သာရှိပေသည်။

ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၏ပြဿနာကိုဆွေးနွေးရန်အတွက် သူ၏တပ်မှူးများနှင့်ဗိုလ်မှူးများကိုဆင့်ခေါ်ခဲ့သည်။သို့သော်လည်း အနောက်တိမ်တိုက်အင်ပါယာသည် မကြာသေးမှီက မည်ကဲ့သို့လုပ်ဆောင်ခဲ့သည်ကို တိတိကျကျမသိခဲ့၍ တိကျသောဆုံးဖြတ်ချက်တစ်ခုအား မချမှတ်နိုင်ခဲ့ပေ။

အချိန်အတော်ကြာအောင် ဆွေးနွေးပြီးနောက် ရှောင်ယုကရုတ်တရက်ထပြောလိုက်သည်။

"ငါကိုယ်တိုင် အနောက်တိမ်တိုက်အင်ပါယာကို ခရီးတစ်ခေါက်ထွက်မယ်"

ရှောင်ယု၏ဆုံးဖြတ်ချက်သည် အလွန်အန္တာရယ်များသည့်အတွက်ကြောင့် ကပ္ပတိန်ဟွေ့၊အိမ်တော်ထိန်းဟောင်နှင့်အခြားသူများက ရှောင်ယု၏ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြသည်။

"ဒီခရီးစဉ်က အန္တာရယ်မရှိနိုင်ပါဘူး...ငါကအနောက်တိမ်တိုက်အင်ပါယာကို ကုန်ပစ္စည်းတွေသွားရောက်ရောင်းချမယ့် ကုန်သည်တစ်ယောက်လိုဟန်ဆောင်ပြီး သွားမှာပါ...နှစ်တိုင်းအဲလိုကုန်သည်တွေ အများကြီးရှိနေတာပဲ...သူတို့နဲ့မတိုက်ခိုက်ခင် သူတို့ရဲ့အတွေးအမြင်တွေနဲ့ ရင်းနှီးသွားအောင် အရင်ဆုံးလုပ်ရမယ်...ရန်သူနဲ့မတိုက်ခိုက်ခင် သူတို့နဲ့ရင်းနှီးနေတာက အောင်ပွဲကိုရရှိဖို့ပိုမိုလွယ်ကူစေတယ်လို့ နတ်ဘုရားဖခင်ကပြောဖူးတယ်"

ရှောင်ယုကပြုံးပြီးပြောလိုက်သည်။

"နတ်ဘုရား ဖခင်က ဘယ်သူလဲ"

မူလီကရုတ်တရက်မေးမြန်းလိုက်သည်။

မူလီ၏အမေးကို ရှောင်ယုကရယ်မော၍ပြန်ဖြေလိုက်သည်။

"သူကအရမ်းကျော်ကြားတဲ့လူတစ်ယောက်ပဲ...နောက်ဆိုရင်မင်းသူ့ကိုသိလာမှာပါ"

ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာသို့ ခရီးမထွက်မှီ စုဘာရူအားဦးစွာသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။အဆုံးသတ်တွင် စုဘာရူသည် ရှောင်ယု၏အသွင်အပြင်ကို လွန်စွာရင်းနှီးနေကာ အနောက်တိမ်တိုက်အင်ပါယာ၌ ရှောင်ယုအားဖော်ထုတ်နိုင်ပေသည်။

"စုဘာရူ...မင်းပြန်မလာခဲ့သင့်ဘူး"

ရှောင်ယုက အေးစက်သောလေသံဖြင့် ရေရွတ်လိုက်သည်။

ယခင်ကနှင့်နှိုင်းယှဉ်ပါက ယခုအခြေအနေသည် လုံးဝခြားနားသွားခဲ့ပြီဖြစ်သည်။ယခင်က ရှောင်ယုသည် စုဘာရူအားထိပ်တိုက်ရင်ဆိုင်ရန် ခွန်အားမရှိခဲ့သော်လည်း ယခုအခါသူသည် အဆင့်၂၀သို့ရောက်ရှိနေပြီဖြစ်ပြီး တတိယအဆင့်သူရဲကောင်းတစ်ယောက်ကဲ့သို့ အားကောင်းနေပြီဖြစ်သည်။စုဘာရူသည် စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်နေလျှင်တောင်မှ သူသည် စုဘာရူအားသတ်ဖြတ်နိုင်ပေသည်။

ယခင်က အနောက်တိမ်တိုက်အင်ပါယာ၏စစ်တပ်သည် ခြင်္သေ့နယ်မြေအားတိုက်ခိုက်လာမည်ကို ရှောင်ယုစိုးရိမ်နေခဲ့သည်။သို့သော်လည်း စုဘာရူသည် နယ်စပ်အားနှောင့်ယှက်ရန် တစ်ကိုယ်တော်ရောက်ရှိလာခြင်းဖြစ်သည်။ရှောင်ယုထံတွင် နတ်မြင်းပျံ၃၀၀၊လင်းနို့၁၀၀၀၊အောစ့်စီးနင်းသူ၆၀၀ နှင့်မြင်းတပ်သား၇၀၀ ပိုင်ဆိုင်ထားသည့်အတွက် အနောက်တိမ်တိုက်အင်ပါယာ၏ထိပ်တန်းလက်ရွေးစင်တပ်သားထောင်ချီကို ကိုင်တွယ်ရန်လုံလောက်သည်ထက်ပိုနေခဲ့သည်။

အစောပိုင်းတွင် လူသားအခြေစိုက်စခန်းမှဆင့်ခေါ်ထားသည့် အမာခံမြင်းတပ်သားများသည် သူတို့ဝတ်ဆင်ထားသည့် လေးလံသည့်ချပ်ဝတ်တန်ဆာများကြောင့် မြင်းများ၏အရှိန်နှုန်းနှင့်သက်လုံအပေါ်ပြဿနာရှိမည်ကို ရှောင်ယုစိုးရိမ်မိခဲ့သည်။သို့သော် အချိန်အတော်ကြာပြီးနောက်တွင် သူတို့၏လေးလံသောချပ်ဝတ်တန်ဆာများသည် မြင်းများ၏အမြန်နှုန်းကို လုံးဝမထိခိုက်စေကြောင်း ရှောင်ယုသိလာခဲ့သည်။၎င်းတို့သည် အလွန်အစွမ်းထက်ကြပြီး အခြေစိုက်စခန်း၏ဖုံးကွယ်ထားသော လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်နိုင်သည်။

မြင်းသည် မြင်းတပ်၏ အကောင်းအဆိုးကို ခွဲခြားဆုံးဖြတ်နိုင်သည့်အဓိကအချက်ဖြစ်သည်။အနောက်တိမ်တိုက်အင်ပါယာ၏ မြင်းတပ်သားများသည် မရေမတွက်နိုင်သည့် အစွမ်းထက်မြင်းကောင်းများကြောင့် နာမည်ကျော်ကြားကြသည်။ထိုနေရာတွင် ကောင်းကင်ခြင်္သေ့မင်းဆက်သည် အနောက်တိမ်တိုက်အင်ပါယာနှင့်နှိုင်းယှဉ်ပါက လွန်စွာနိမ့်ကျပေသည်။

အနောက်တိမ်တိုက်အင်ပါယာ၏ဒေသများသည် မြင်းကောင်းများမွေးမြူရန် ပြီးပြည့်စုံပေသည်။အနောက်တိမ်တိုက်အင်ပါယာတွင် မိုးကြိုးဟုအမည်ရသော မြင်းမျိုးစိတ်တစ်ခုရှိသည်ဟုဆိုတာ သာမန်မြင်းများထက်များစွာပိုမြန်ပေသည်။ထိုမြင်းများသည် ကျားများကိုပင်မကြောက်ရွံ့ဘဲ လေကဲ့သို့မြန်ဆန်ပေသည်။အကယ်၍ သင့်ထံတွင်ထိုကဲ့သို့မြင်းကိုစီးနင်းသည့် မြင်းတပ်သား၁၀၀ကိုပိုင်ဆိုင်ထားမည်ဆိုပါက သာမန်မြင်းတပ်သားထက် အနည်းဆုံး၁၀ဆပိုမိုအစွမ်းထက်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ယု၏လက်အောက်ရှိ အောစ့်စီးနင်းသူများသည် ထိုမြင်းတပ်သားများထက် မနိမ့်ကျပေ။

ထို့ပြင်ရှောင်ယုသည် သူ၏မြင်းတပ်သားများအဆင့်၁၀သို့ရောက်ရှိမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။ထိုအဆင့်သို့ရောက်ရှိပါက သူတို့၏မြင်းများသည် မိုးကြိုးမြင်းများကဲ့သို့ မြန်ဆန်စွာသွားလာလှုပ်ရှားနိုင်မည်ဟု ယုံကြည်ခဲ့သည်။

စုဘာရူသည် နတ်မြင်းပျံများအကြောင်းကို သတင်းရထား၍လွယ်လွယ်နှင့်အပြင်ထွက်မလာခဲ့ပေ။နတ်သူငယ်များ၏အမြင်အာရုံသည် ပြီးပြည့်စုံသော်လည်း နယ်မြေတစ်ခုလုံးအားမစောင့်ကြည့်နိုင်ပေ။ထို့ကြောင့်စုဘာရူသည် ညအချိန်၌တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။ညအချိန်တွင်ဆိုပါက သူသည်ထိုနတ်မြင်းပျံများကို ရှောင်တိမ်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။

ထို့ပြင် သန်မာသည့်သူရဲကောင်းများသည် ညအချိန်တွင်လေထဲပျံသန်းနေသော နတ်မြင်းပျံများကိုအဝေးမှနေ၍ အာရုံခံနိုင်ကြသည်။သို့သော်လည်း သူတို့သည်မုဆိုးများ၏ အစွမ်းအစကိုလျော့တွက်ထားခဲ့သည်။ယခုအခါတွင် အဆင့်၁၀သို့ရောက်ရှိသွားသည့် မုဆိုးများစွာရှိနေခဲ့ပြီဖြစ်သည်။အဆင့်၁၀မုဆိုးများသည် ဧရိယာတဝိုက်တွင်ကင်းစောင့်များထားရှိကာ ထိုဧရိယာတဝိုက်အားသူတို့ကိုယ်တိုင်ရှိမနေသော်လည်း စောင့်ကြည့်ကင်းထောက်နိုင်ပေသည်။

ထို့ကြောင့်စုဘာရူသည် ရှောင်ယု၏ရွာများကိုဖျက်ဆီးရန် စိတ်လောနေ၍ ထောင်ချောက်အတွင်းကျရောက်သွားတော့သည်။

စုဘာရူ၏အဖွဲ့သည် ရွာထဲသို့ဝင်ရောက်လိုက်သည်နှင့် အောစ့်စီးနင်းသူများ၊မုဆိုးများနှင့်မြင်းတပ်သားများက ဝိုင်းရံလိုက်ကြသည်။နတ်မြင်းပျံများကလည်း လေထဲ၌အသင့်ရှိနေခဲ့သည်။

"မင်းဒီည ဘယ်ပြေးမှာလဲ...စုဘာရူ"

ရှောင်ယုသည် စုဘာရူအားကြည့်ရင်း ပြုံးလိုက်မိသည်။

ရှောင်ယုအားတွေ့တွေ့ချင်း စုဘာရူသည်အံ့သြသွားခဲ့သော်လည်း အေးစက်သောလေသံဖြင့်ပြန်ပြောလိုက်သည်။

"ရှောင်ယု...ခြင်္သေ့မြို့ဟာအနှေးနဲ့အမြန်ဆိုသလိုပဲ သွေးရောင်လွှမ်းရလိမ့်မယ်"

စုဘာရူသည် ထိုသို့အော်ဟစ်ပြီးနောက် သူ့အဖွဲ့နှင့်အတူအမြန်ဆုံးပြန်လည်ဆုတ်ခွာခဲ့သည်။စုဘာရူသည် သူတို့၏မြင်းများအကူအညီဖြင့် ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော်သူ၏တွက်ချက်မှုက မှားယွင်းသွားခဲ့သည်။

ထိုခဏတွင်ဝံပုလွေများသည် ကျယ်လောင်စွာအူလိုက်ကြကာ မြင်းများကိုအမှီလိုက်လာကြသည်။

All Chapters