← Chapters

အဖွဲ့ဝင်သစ်

Vol. 8 Ch. 106

အဖွဲ့ဝင်သစ်

Vol. 8 Ch. 106

“အစ်ကိုကြီးအန်နဲ့ ခဏလောက် လိုက်လို့ရတယ် ဟုတ်လား ... အရမ်းကောင်းတာပဲ ...”

ရွှေမျက်လုံးမျောက်မင်းသည် အန်လင်း၏ အကြံပြုချက်အား သေချာစွာ တွေးတောနေလေသည်။

လောင်ကျိပင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားနေသည့် မျောက်မင်းအား ကြည့်နေကြတော့သည်။

သူတို့၏ ခံစားချက်အား ဖော်ပြရန် မဖြစ်နိုင်ချေ။ အကယ်၍ မျောက်မင်းသည် အန်လင်း၏ အကြံပေးချက်အား လက်ခံမည်ဆိုပါက သူတို့အနေဖြင့် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အလယ်အဆင့်ရှိ စိတ်ဝိညာဉ်သားရဲ တစ်ကောင်အား အဖွဲ့ဝင်အဖြစ် ရရှိမည် ဖြစ်သည်။

တုန်လှုပ်ဖို့ ကောင်းလိုက်တာ။

“ကောင်းပြီ ... ကျွန်တော်က အစ်ကိုကြီးအန်နဲ့ ခဏလောက် လိုက်မယ် ...”

မျောက်မင်း၏ အဖြေအားကြားသည့် အန်လင်းမှာ ပျော်ရွှင်မိလေသည်။ သူ့အဖွဲ့အား လှည့်ကြည့်ကာ “ရှောင်းချောင်ကို ငါတို့ရဲ့ အဖွဲ့ဝင် အသစ်အဖြစ် ကြော်ငြာတယ် ...”

ရွှေမျက်လုံးမျောက်မင်းသည် မတ်တတ်ရပ်ကာဖြင့် အန်လင်း၏ အဖွဲ့သားများကို အရိုအသေ ပေးလိုက်သည်။ “မင်းတို့နဲ့ အလုပ်တွဲလုပ်မယ့် ရှောင်းချောင်ပါ ...”

“မင်္ဂလာပါ အစ်ကိုကြီးချောင်ရေ ...” မုန့်ထျန်းသည် ရယ်မောကာ နှုတ်ဆက်လိုက်သည်။

စွန်းရှန့်လျန် : “ ...”

ကျုံးရုံရန်သည် စိတ်ထဲတွင် တသီတတန်းကြီး ကျိန်ဆဲလိုက်ပြီးနောက် အားတင်းကာ ပြုံးလိုက်သည်။ “ဟဟ ... ကံတရားက ကျွန်တော်တို့ကို အတူတူ ရှိစေချင်ပုံပါပဲ ...”

လောင်ကျိပင် တစ်ဦးတည်းသာလျှင် နှစ်နှစ်ကာကာ ပြုံးလျက် “ဟားဟား ... အစ်ကိုမျောက်နဲ့ အတူရှိပြီဆိုတော့ သားရဲတွေကို အမဲလိုက်တာ ပိုလွယ်သွားပြီပေါ့ ...”

လောင်ကျိပင်၏ စကားကြောင့် သူ့အဖွဲ့သား သုံးဦးတို့သည် ရှုံ့မဲ့လာကြသည်။ ဒါက အဓိကအချက်လား ဟမ် ... သူတို့သည် စိတ်ထဲတွင် အော်ဟစ်လိုက်ကြသည်။

အဓိကအချက်မှာ သူတို့အဖွဲ့ထဲတွင် မျောက်တစ်ကောင် ရောက်ရှိလာခြင်း ဖြစ်သည်။

ရွှယ်ကျိုးမင်သည် ဖြစ်ရပ်များအား အစမှအဆုံး မြင်တွေ့ခဲ့သူ ဖြစ်ကြောင့် ယခုအခါတွင် ပါးစပ် အဟောင်းသားဖြင့် ရှိနေလေသည်။

မမျှော်လင့်ထားသည့် အလှည့်အပြောင်းများသည် သူ့ဘဝကြီးအား မေးခွန်းထုတ်စရာ ဖြစ်လာဲ့လေပြီ။

ဒီဖြစ်ရပ်တွေ ဘယ်ကစသလဲ ...

သူက အင်မော်တယ် သစ်သီးတွေကို ခိုးယူတယ် ...

အခုတော့ ပိုင်ရှင်ကိုပါ ခိုးယူနေပြီ ...

အရမ်း ရက်စက်လွန်းတယ် ...

“ကျင်းကျန့်ဇီ ... အခုကစပြီး မင်းက ပန်းမန်သစ်သီးတောင်ရဲ့ ယာယီခေါင်းဆောင်ပဲ ...”

ခန္ဓာကိုယ် ထွားကျိုင်းသည့် မျောက်တစ်ကောင်သည် ဒူးထောက်ကာဖြင့် “ကျေးဇူးတင်ပါတယ် မျောက်မင်း ...”

ထိုသို့အားဖြင့် ထူးခြားသည့် အပြုအမူများ ပြီးဆုံးသွားပြီးသည့် နောက်တွင် ရွှေမျက်လုံးမျောက်မင်းသည် သူ၏ ငွေသံတုတ်အား ကိုင်ဆောင်ကာ အန်လင်းတို့နှင့်အတူ သင်အန်မြို့သို့ လိုက်ပါလာလေသည်။

ထိုအချိန်တွင် အန်လင်းသည် အမဲလိုက်အဖွဲ့အား အင်မော်တယ်သစ်သီး သုံးလုံး ပေးအပ်ပြီး သူ့၏ အဖွဲ့တင်များအား တစ်လုံးကျစီ ပေးလိုက်သည်။

သူ၏ အဖွဲ့သားများသည် အတော်လေး မလုံမလဲ ဖြစ်နေကြသည်။ တိုက်ပွဲအတွင်း၌ သူတို့သည် ပါဝင်ဆောင်ရွက်ခြင်း သိပ်မရှိကြချေ။ အန်လင်းသည်သာလျှင် အဆောင်လက်ဖွဲ့ များစွာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူတို့သည် အန်လင်းပေးသည့် အရာအား လက်ခံလိုက်ကြရသည်။

အန်လင်း၏ အပြုအမူများသည် သူ့အဖွဲ့သားများကို သာမက ရွှေမျက်လုံးမျောက်မင်းကို စိတ်လှုပ်ရှားစေသည်။

***

သင်အန်းမြို့ရှိ သီးသန့်စံအိမ် တစ်လုံးတွင် ...

သူတို့၏ နေ့စဉ်ရလဒ်များအား တင်ပြရန်အလို့ငှာ အတန်းသားများ စုဝေးရာ နေရာဖြစ်သည်။

ညသည် တဖြည်းဖြည်း ရောက်ရှိလာပြီး စံအိမ်အတွင်းတွင် ကျောင်းသားခြောက်ဆယ်ခန့် ရောက်ရှိနေပြီ ဖြစ်သည်။

ကျောင်းသားအချို့မှာ မရောက်ရှိသေးဘဲ အချို့မှာ ဟိုဟိုဒီဒီ ကြည့်ရှုရန် ထွက်ခွာသွားကြသည်။ သူတို့သည် ညလုံးပေါက် အပြင်ဘက်တွင် အချိန်ဖြုန်းရန် ဆုံးဖြတ်ထားကြသူများ ဖြစ်သည်။

ဓားအင်မော်တယ် လင်းရှောင်သည် ရလဒ်များအား စစ်ဆေးလျက် ရှိနေသည်။

ကျောင်းသားများနှင့် စစ်သားများ၏ တုံ့ပြန် ပြောဆိုချက်များအပေါ် အခြေခံ၍ ထိုအဖွဲ့၏ ရလဒ်အား စစ်ဆေးဆုံးဖြတ်ခြင်း ဖြစ်သည်။

“ထျန်းဟွိုင် ... မင်းအဖွဲ့ရဲ့ စွမ်းဆောင်ရည်က အတော်လေး ကောင်းတယ် ...မင်းတို့က သားရဲ ၁၅ ကောင်ကို သတ်ဖြတ် နိုင်ခဲ့တာကြောင့် သတ်မှတ်ချက်ထက် ကျော်လွန်တဲ့ အရေအတွက်ပဲ ...”

အတန်းပိုင်ဆရာ၏ ချီးကျူးမှုကြောင့် ထျန်းဟွိုင်သည် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်နေမိသည်။

အမှန်တကယ်မှာ သူသည် လက်နက်များအား သန့်စင်ရာတွင်သာ စိတ်ပါဝင်စားသူ ဖြစ်သည်။ သူတို့၏ ခရီးစဉ်အတွင်းတွင် အဖွဲ့သားများ၏ စွမ်းဆောင်မှုကြောင့်သာ သတ်မှတ်ချက်အား ကျော်လွန်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ဝမ်ရှောင်းပိုင် ... မင်းရဲ့အဖွဲ့က ဘယ်လိုဖြစ်ရတာလဲ ... သားရဲတစ်ကောင်ကိုပဲ သတ်နိုင်ခဲ့တယ် ဟုတ်လား ...” ဓားအင်မော်တယ် လင်းရှောင်သည် သူ့အရှေ့တွင် ရှိနေသည့် ကျောင်းသားငါးယောက်အား ကြည့်ကာ သူတို့၏ ရလဒ်အား ကြည့်ကာ ဆူပူတော့သည်။

ဝမ်ရှောင်းပိုင်သည် သူ၏ ဆံပင်ရှည်များအား ဆော့ကစားရင်းနှင့် “ကျွန်တော်လည်း မသိဘူးရယ် ... ကျွန်တော်ရဲ့ ရုပ်ရည်က ခန့်ညားသလို စွမ်းအားကလည်း ကြီးလွန်းတယ်လေ ... သားရဲတွေက ကျွန်တော့်ကို တွေ့လိုက်တာနဲ့ အဝေးကို ထွက်ပြေး ကြတော့တာပဲ ...”

ဝမ်ရှောင်းပိုင်၏ အပြုအမူအား မြင်လိုက်ရသည့် အခါတွင် သူ၏အဖွဲ့ဝင် လေးဦးသည် မျက်နှာကိုသာ ရိုက်မိကြတော့သည်။

ထိုသို့သော အဖွဲ့ခေါင်းဆောင်နှင့် ရှိမည့်အစား ပျောက်ကွယ်သွားသည်သာ ကောင်းပေလိမ့်မည်။

ဝမ်ရှောင်းပိုင်၏ တုံ့ပြန်ချက်အား ကြားသည့်အခါတွင် ဓားအင်မော်တယ် လင်းရှောင်မှာ ရှုံ့မဲ့လာတော့သည်။ ထိုကောင်အား သေသည့်တိုင်အောင် ရိုက်နှက်ချက်မိသည်။

ထိုအချိန်မှာပင် ခြံဝန်းထဲမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ “ကျောင်းသားအန်လင်း ပြန်လာပြီဟေ့ ...”

အန်လင်းသည် ခြံဝင်းအတွင်းသို့ ဝင်လာသည်နှင့် ကျောင်းသားများစွာ၏ အာရုံများအား ဆွဲဆောင်လိုက်နိုင်သည်။

ထို့နောက် ကျောင်းသား အားလုံးတို့သည် စိတ်ရှုပ်ထွေး လာကြသည်။

အဘယ်ကြောင့်ဆိုသော် အန်လင်း၏ဘေးတွင် ချပ်ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် မျောက်ကြီးတစ်ကောင် ရှိနေခြင်းကြောင့်ပင်။

“ဒီမျောက်ကို အရမ်းရင်းနှီး လွန်းနေတယ် ... သူ့ကို အရင်က မြင်ဖူးနေသလိုပဲ ... ခန့်ညားလှတဲ့ မျောက်မင်း စွန်းဝူခုံးများလား ... ဟုတ်တယ်မလား ...”

“စွန်းဝူခုံးက ဒီလောက် ရုပ်ဆိုးမလားကွ ... အကျည်းတန်မျောက်မင်းပဲ ဖြစ်ရမယ် ...”

“အဓိက,ကတော့ ဒီမျောက်က ဘယ်ကနေ ရောက်လာတာတုန်း ...”

ဓားအင်မော်တယ် လင်းရှောင်၏ အမူအရာသည်လည်း တည်ငြိမ်မှု မရှိချေ။

“ကျောင်းသားအန်လင်း ... ဒီမျောက်က ဘာကြီးလဲ ...”

“ကျွန်တော့်အဖွဲ့ရဲ့ အဖွဲ့ဝင်သစ် - ကျွန်တော့်ရဲ့ ဆင့်ခေါ်သားရဲ အကျည်းတန်မျောက်မင်းပဲ ... သူ့ကို ရှောင်းချောင် ဒါမှမဟုတ် အစ်ကိုမျောက် လို့ ခေါ်လို့ရတယ် ...”

ထိုအချိန်တွင် ရွှေမျက်လုံးမျောက်မင်းသည် အကျည်းတန်စွာ ပြုံးလိုက်ပြီးနောက် “အားလုံးပဲ မင်္ဂလာပါ ... တွေ့ရတာ ဝမ်းသာပါတယ် ...”

ဓားအင်မော်တယ် လင်းရှောင်သည် အန်လင်း၏ ဖြေရှင်းချက်အား ကြားသည့်အခါတွင် ရှုံ့မဲ့လာတော့သည်။ နောက်ထပ် ဆင့်ခေါ်သားရဲတစ်ကောင် ရောက်လာပြန်ပလား ... စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

ပြီးခဲ့တဲ့ ကန့်သတ်မဲ့ ပြိုင်ပွဲတုန်းက ဧရာမခွေးကြီး ... အခု နှစ်ဆုံးစာမေးပွဲမှာကျ မျောက်တစ်ကောင် ...

သို့သော်လည်း နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသားများအနေဖြင့် စိတ်ဝိညာဉ်သားရဲ ယူဆောင်မလာရန် တားမြစ်ထားခြင်း မရှိချေ။

ဓားအင်မော်တယ် လင်းရှောင်သည် ရုတ်တရက်ဆိုသလို မောပန်းနွမ်းနယ်လာသည်။

ကျောင်းသားအန်လင်းဘာ ဘာလို့များ ပြဿနာ နည်းနည်းပဲ မရှာနိုင်ရတာလဲ ... ပြဿနာ မရှာရရင် သေသွားနိုင်တာ များလား ...

“ပြောပါဦး မင်းရဲ့အဖွဲ့က ဒီနေ့ဘယ်လိုလဲ ...”

အန်လင်း၏ မျက်လုံးများ လက်လာပြီးနောက် သူတို့၏ ရလဒ်အား တင်ပြလိုက်သည်။ အတန်းပိုင်ဆရာသည် ရှောင်းချောင်အား လက်ခံလိုက်လေပြီ။

သူတို့သည် ယနေ့တွင် သန္ဓေပြောင်းသားရဲ ၂၅ ကောင်နှင့် စိတ်ဝိညာဉ်သားရဲ ၃ ကောင်အား သတ်ဖြတ်ခဲ့သည်။

ထိုစကားအား ကြားလိုက်သည့်ခါတွင် ဓားအင်မော်တယ် လင်းရှောင်၏  အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ အန်လင်းအဖွဲ့၏ ရလဒ်သည် ထူးခြားလွန်းသည်။

သူတို့အနေဖြင့် စိတ်ဝိညာဉ် သားရဲများအား သတ်ဖြတ်ရန် မလိုအပ်ချေ။

အသိဉာဏ်မြင့် သားရဲမျိုးနွယ်စု - ရွှေမျက်လုံးမျောက်မင်း ကဲ့သို့သော အသင့်ဉာဏ်မြင့် သားရဲများသည် လူသားများနှင့် ရင်းနှီးဖို့ရန် မလွယ်ကူကြချေ။ ထို့ကြောင့်သာ ဓားအင်မော်တယ် လင်းရှောင်သည် ရှောင်းချောင်အား သက်ညှာပေးလိုက်ခြင်း ဖြစ်သည်။

ထိုသို့ဖြင့် အန်လင်း၏အဖွဲ့သည် အဖွဲ့ဝင် အသစ်တစ်ဦး ရရှိလာသည်။

ကျောင်းသားများသည် အားကျမှုအပြည့်နှင့် ကြည့်လာကြသည်။

ဘယ်လိုတွေများ လုပ်လိုက်တာတုန်း ... ကျုပ်တို့က သန္ဓေပြောင်းသားရဲတွေကို သတ်ဖို့အတွက် အလုပ်များနေတုန်းမှာ သူကတော့ စိတ်ဝိညာဉ်သားရဲ တစ်ကောင်ကို တပ်ကူ ခေါ်လိုက်တယ်တဲ့လား ...

မျှော်လင့်ထားသလိုပဲ ကျောင်းသားအန်လင်း သန်မာလွန်းပြီး အံ့အားသင့်ဖို့ ကောင်းလွန်းသည် ... ဒါက သူနဲ့ ကျုပ်တို့ကြား ကွာခြားချက်ပဲ ...

ထိုသည်က ဝမ်ရှောင်းပိုင်အဖွဲ့မှ အသန်မာဆုံး အဖွဲ့ဝင်၏ အတွေးသာလျှင် ဖြစ်သည်။

သူတို့၏ အဖွဲ့ခေါင်းဆောင်အား ကြည့်လိုက်ပြီးနောက် သူတို့သည် ခရီးတစ်ခေါက် သွားရုံမျှနှင့် စိတ်ဝိညာဉ် သားရဲတစ်ကောင်အား ခေါ်ဆောင်လာနိုင်သည်။

သူတို့၏ အဖွဲ့ခေါင်းဆောင်မှာမူ ခန္ဓာကိုယ်အား ကျော့ရှင်းအောင် ပြုလုပ်ရန်နှင့် စကားများရန်သာ သိပေသည်။ တစ်နေ့လုံးတွင် သန္ဓေပြောင်း သားရဲ တစ်ကောင်သာလျှင် သတ်ဖြတ်နိုင်ခဲ့သည်။

ထိုအချိန်မှာပင် မူးမေ့လောက်အောင် လှပသည့် မိန်းမပျိုလေး တစ်ဦးသည် အန်လင်းထံ လျှောက်လှမ်းလာလေသည်။

ထိုမိန်းကလေးအား မြင်လိုက်သည့် အခါတွင် အန်လင်း၏ မျက်နှာမှာ ပြုံးယောင်သန်းလာသည်။ သူမသည် စုချန်းရန်သာလျှင် ဖြစ်သည်။

“အစေခံသားရဲ တစ်ကောင် ရရှိတဲ့အတွက် ဂုဏ်ယူပါတယ် ကျောင်းသားအန်လင်းရေ ...”

စုချန်းရန်သည် ရှောင်းချောင်အား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

“သူက အစေခံသားရဲ မဟုတ်ဘူး ... ငါ့ရဲ့ ညီလေးပဲ ...”

ရှောင်းချောင်သည် အလွန်စိတ်လှုပ်ရှား သွားမိသည်။ “ဟုတ်တယ် ... ငါတို့က ညီအစ်ကိုတွေ ...”

အန်လင်းနှင့် ရှောင်းချောင်တို့အား ကြည့်ကာဖြင့် စုချန်းရန်သည် သူမ၏ ပါးစပ်အား လက်ဖြင့်အုပ်ကာ ရယ်မောလေသည်။ သူတို့နှစ်ဦးမှာ နှစ်လိုဖွယ် ကောင်းလွန်းလှသည်။

သူမ၏ ရယ်သံသည် လွန်စွာ တင့်တယ်လှသဖြင့် အန်လင်း၏ နှလုံးသားလေးမှ တလှပ်လှပ် ခုန်လာတော့သည်။

ထို့နောက်တွင် စုချန်းရန်သည် သိုလှောင်လက်စွပ် အတွင်းမှ တလက်လက် တောက်ပနေသည့် ပုလဲတစ်လုံးအား ထုတ်ယူကာ အန်လင်းထံ ကမ်းပေးလိုက်သည်။ “မီးနတ်ဆိုးကျားနဲ့ ဒီနေ့ ရင်ဆိုင် တွေ့ခဲ့တာလေ ... လရောင်ဝိုင်းနဲ့ သတ်လိုက်ပြီးတော့ သားရဲအမြုတေ ထုတ်လာခဲ့တယ် ... ဒီမှာယူလိုက် ...”

သားရဲအမြုတေအား မြင်လိုက်ရသည့် အခါတွင် အန်လင်းသည် လွန်စွာ စိတ်လှုပ်ရှားလာမိသည်။

ပထမဆုံးနေ့မှာပင် သားရဲအမြုတေ တစ်ခု ရရှိလိမ့်မည်ဟု ထင်မှတ်မထားချေ။ ယခုအခါတွင် သူသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်သို့ တက်ရောက်ရန် နီးကပ်လာနေပြီ ဖြစ်သည်။

“ကျေးဇူးပါ ... ကျောင်းသူစု လိုအပ်တာရှိရင်လည်း ပြောပါ ... ငါ့မှာ ဆေးလုံးတွေ ဆေးရည်တွေ အများကြီး ရှိပါတယ် ...”

စုချန်းရန်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် “ကောင်းပါပြီ ... နင်မမေးရင်တောင်မှပဲ ငါ့ရဲ့ သေမျိုးဘာသာရပ်မှာ ကူညီရမှာပါနော် ... ကျောင်းသားတွေက အပြန်အလှန် ကူညီသင့်တယ်လို့ နင်ပဲ သင်ပေးထားပြီး ...”

ထို့နောက်တွင် သူမသည် ပြုံးကာဖြင့် ထွက်ခွာသွားတော့သည်။

အဝေးတွင် ပျောက်ကွယ်သွားသည့် ပုံရိပ်လေးအား ကြည့်ကာဖြင့် အန်လင်းသည် သက်ပြင်းချလိုက်မိသည်။ စုချန်းရန်သည် အမှန်တကယ် လှပသည့် မိန်းမပျိုလေး ဖြစ်သည်။

“ရှောင်းချောင် ... စုချန်းရန်က လှတယ်လို့ ထင်လား ...”

“ခုနက အမျိုးသမီး ကျင့်ကြံသူလား ...”

“လူသားကျင့်ကြံသူတွေက ကျွန်တော့်မျက်လုံးထဲတော့ အတူတူပဲရယ် ... ကျွန်တော်က မျက်နှာကွယ်နေတယ် လို့တောင် ပြောလို့ရတယ် ...”

“ဒါက အထူးအကာအကွယ် တစ်ခုတောင် ဖြစ်နိုင်သေးတယ် ...”

“ဥပမာပြောရရင် ကျွန်တော့်ရဲ့ မျက်နှာကို မျောက်တွေ အများကြီးထဲကနေ ခွဲထုတ်နိုင်လား ...”

အန်လင်းသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး “သေချာတာပေါ့ ... မင်းက ရုပ်အဆိုးဆုံး မျောက်ပဲလေ ... လွယ်လွန်းပါတယ် ...”

ရွှေမျက်လုံးမျောက်မင်း : “ ...”

***

All Chapters