← Chapters

သားရဲအုပ်

Vol. 8 Ch. 108

သားရဲအုပ်

Vol. 8 Ch. 108

"သားရဲအုပ် ဟုတ်လား ... ဘယ်လောက်များလဲ ..." အန်လင်းသည် ထိုသတင်းကြောင့် ဆွံ့အသွားမိသည်။

"မသေချာဘူး ... အရမ်းများပြီးလွန်းတယ် ... ထောင်နဲ့ချီပြီး ရှိနိုင်တယ် ... အဲဒီအပြင် သူတို့က ငါတို့ရှိတဲ့နေရာကို လာနေကြတာ ..." ရှောင်းချောင်၏ မျက်နှာသည် လွန်စွာလေးနက်သည့် အမူအရာဖြင့် ရှိနေသည်။

"သောက်ခွေးဟေ့ ... ပြေးကြစို့ ..."

သန္ဓေပြောင်းသားရဲ တစ်ရာခန့်သာဆိုလျှင် သူ့တို့အား ဝန်းရံထားခြင်းများသာ ပြုလုပ်နိုင်လိမ့်မည်။ ထောင်နှင့်ချီသည့် အုပ်လိုက်ကြီး အတွက်မူ … ထိုအထဲတွင် ဝိညာဉ်သားရဲများပင် ပါနိုင်သေးသည်။

ထိုသို့ဖြင့် သူတို့သည် သင်အန်းမြို့ဆီသို့ ထွက်ပြေးကြတော့သည်။

ခေတ္တမျှ ကြာပြီးသည့်နောက်တွင် သူတို့၏ အမူအရာများသည် ပိုမိုလေးနက် လာတော့သည်။

သားရဲအုပ်ကြီးသည် သူတို့ ထွက်ပြေးသည့် နေရာအတိုင်း လိုက်ပါလာနေသည်။ သူတို့၏ ဦးတည်ရာ နေရာသည် သင်အန်းမြို့သာလျှင် ဖြစ်ပေလိမ့်မည်။

အန်လင်းသည် စိတ်မသက်မသာ ဖြစ်စွာဖြင့် ရွှေမျက်လုံးမျောက်မင်းအား "ရှောင်းချောင်ရေ ... မင်းပျံနိုင်တယ် မဟုတ်လား ... အရင်ပျံသွားပြီး ဓားအင်မော်တယ် လင်းရှောင်နဲ့ မြို့အရှင် ကျန်းချင်းချူကို ဒီအခြေအနေကို ပြောပြလိုက်.."

ရှောင်းချောင်သည် အရေးကြီးသည့် အခြေအနေအား သိရှိသည့်အတွက် တိမ်တိုက်အား စီးနင်းကာ ပျံသန်းသွားတော့သည်။

ထိုအချိန်မှာပင် မိန်းမပျို တစ်ဦးသည် သူမ၏ ဓားအား စီးနင်းလျက် ရောက်ရှိလာသည်။

"ဟေ့ အန်လင်း ..."

သာယာသည့် အသံလေးသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

အန်လင်း မော့ကြည့်လိုက်သည့်အခါတွင် စုရှောင်လန်အား တွေ့လိုက်ရသည်။

စုရှောင်လန်သည် အန်လင်းအား တွေ့လိုက်ရသဖြင့် ဝမ်းသာနေခြင်း ဖြစ်သည်။ သို့သော်လည်း သူမသည် တစ်စုံတစ်ခုအား မြင်တွေ့လိုက်ရသည့် အခါ ရုတ်တရက် ဆိုသလို လှပသည့် မျက်နှာလေးသည် မည်းမှောင်လာတော့သည်။

သူမစီးနင်းလာသည့် ဓားအား လက်တွင် ကိုင်ဆောင်လျက် မီတာရာပေါင်းများစွာ အကွာအဝေးသို့ မီးလျှံဓားခုတ်ချက်အား အသုံးပြုလိုက်သည်။

"အကျည်းတန်မျောက်မင်း ... နင်က ငါ့ရဲ့ အတန်းဖော်တွေကို တိုက်ခိုက်ရဲတယ်ပေါ့ ... သွားသေလိုက်တော့ ..."

ရှောင်းချောင်သည် တိမ်ပေါ်မှ ခုန်ဆင်းကာ အန်လင်းနောက်တွင် ပြေးပုန်းလိုက်သည်။ ထို့နောက်တွင် မီးလျှံဓားခုတ်ချက်သည် သူ့ထံသို့ ပြေးဝင်လာတော့သည်။

ရှောင်းချောင်သည် ဆွံ့အသွားပြီးနောက် ချက်ချင်းဆိုသလိုပင် ငွေသံတုတ်အား မြှောက်ကာ တားဆီးလိုက်သည်။

ဘုန်း

အဖျက်အဆီး စွမ်းအားများစွာ ပါဝင်သည့် မီးလျှံဓားသည် ကျယ်ပြန့်သည့် နေရာတစ်ခုလုံးကို လောင်ကျွမ်းသွားသည်။ မြေပြင်ပေါ်တွင် ရှိနေသည့် အန်လင်းသည်ပင်လျှင် အံ့အားသင့် နေမိသည်။

"စုရှောင်လန် ... ဒီမျောက်က သူငယ်ချင်းပဲ ..."

"သူငယ်ချင်း ဟုတ်လား ..." သူမ၏ လှပသည့် မျက်ခုံးများသည် တွန့်ကွေးသွားသည်။ သို့သော်လည်း သူမ၏ အမူအရာမှာ လျင်မြန်စွာပင် ပြေလျာ့သွားသည်။

အန်လင်းသည် အမြဲလိုလို ဆန်းကြယ်သည့် အရာများအား ပြုလုပ်လေ့ရှိသည်။ အလွန် ရုပ်ဆိုးလှသည့် မျောက်တစ်ကောင်အား သူနှင့်အတူ တွေ့ရခြင်းသည် သိပ်တော့ မထူးဆန်းပေ။

"နင်ကဘာလို့ တစ်ယောက်တည်း ပျံသန်းလာတာလဲ ... နင့်ရဲ့ အဖွဲ့ဝင်တွေကော ..." အန်လင်းမှ မေးလိုက်သည်။

သူမသည် ယခုအခါမှသာလျှင် လုပ်ဆောင်ရန် ရှိသည်အား သတိရမိသဖြင့် နဖူးအား လက်ဖြင့် ရိုက်လိုက်တော့သည်။ "ဟုတ်သားပဲ … ငါတို့ရဲ့ အတန်းပိုင်ဆရာကို အဲဒီအကြောင်း ပြောရမှာပဲ ..."

ထို့နောက်တွင် သူမသည် အန်လင်းအားကြည့်ကာ "ငါ့အဖွဲ့သားတွေက လုံခြုံတဲ့နေရာမှာ ရှိနေကြတယ် ..."

"အန်လင်းရေ ... နင်တို့ သင်အန်းမြို့ကို မြန်မြန် ပြန်သင့်နေပြီ ... အချိန်ကျလာရင် နင်တို့အတွက် စပရိုက်တစ်ခု ရှိနေတယ် ..."

အန်လင်းမှာ မျက်နှာ ရှုံ့မဲ့သွားသည်။ "နင်ပြောတဲ့ စပရိုက်ဆိုတာ သားရဲအုပ်ကို ပြောတာ ဟုတ်တယ်မလား ..."

စုရှောင်လန်သည် တုန်လှုပ်ကာဖြင့် "နင်က ဘယ်လိုသိတာတုန်း ..."

အန်လင်းသည် သက်ပြင်းချကာ "ရှောင်းချောင်က မြင်လိုက်တာလေ ..."

သူတို့သည် စကားပြောနေချိန်မှာပင် မြေပြင်သည် အနည်းငယ် တုန်ခါလာနေပြီ ဖြစ်သည်။

"အန်လင်းရေ.. ငါ့မှာ အရေးကြီးတဲ့ ပြဿနာတွေ ရှိနေသေးတာကြောင့် နင်တို့ကို ရှင်းပြဖို့ အချိန်မရှိဘူး ... မြန်မြန်သာ ပြေးပေတော့ ..."

ထိုသို့ပြောရင်း စုရှောင်လန်သည် သူမ၏ ဓားပေါ်သို့တက်ကာ ပျံသန်း ထွက်ခွာသွားတော့သည်။

အန်လင်းသည် သူ၏ခေါင်းအား ခါယမ်းလိုက်ပြီးနောက် အဖွဲ့သားများနှင့်အတူ သင်အန်းမြို့သို့ ဦးတည်လိုက်သည်။

စုရှောင်လန်သည် အတန်းပိုင်ဆရာအား တစ်နည်းနည်းဖြင့် အသိပေး အကြောင်းကြား ပေလိမ့်မည်။ ရှောင်းချောင်သည်လည်း တိမ်တိုက်စီးနင်းရန် မလိုတော့သည့်အတွက် အန်လင်းနှင့် လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်မှာပင် နောက်ထပ် ပုံရိပ်လေးတစ်ခု ရောက်ရှိလာပြန်သည်။ နွေးထွေးကာ ကြင်နာတတ်သည့် အမျိုးသားတစ်ဦး၏ အသံသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ "အမ် ... ကျောင်းသားအန်လင်းလား ..."

အန်လင်းသည် မော့ကြည့်လိုက်သည့် အခါတွင် လေတွင်တလှပ်လှပ် လွင့်နေသည့် ဝတ်စုံဖြူအား ဝတ်ဆင်ထားသော ခန့်ညားသည့် အမျိုးသား တစ်ဦးအား တွေ့လိုက်ရသည်။ ရွှမ်ယွမ်ချန်ပင်တည်း။

ရွှမ်ယွမ်ချန်သည် အန်လင်းအား မြင်လိုက်ရသည့် အခါတွင် ပျော်ရွှင်သွားလေသည်။ သို့သော်လည်း ရုတ်တရက် ဆိုသလို တစ်စုံတစ်ခုအား တွေ့လိုက်ရသဖြင့် သူ့မျက်နှာမှာ မည်းမှောင် သွားတော့သည်။

"အကျည်းတန်မျောက်မင်း.. မင်းက ငါ့ရဲ့ အတန်းဖော်တွေကို တိုက်ခိုက်ရဲတယ်ပေါ့.."

ရွှမ်ယွမ်ချန်၏ ဓားမှနေ အဖြူရောင်ဓား တိုက်ခိုက်မှု ပေါ်ထွက်လာပြီးနောက် အန်လင်းအနောက်တွင် ရှိနေသည့် မျောက်အား ခုတ်လိုက်လေသည်။

"ဒီဖေ ... ဖြစ်ပြန်ပလားဟ ..." ရှောင်းချောင်သည် ငိုကြွေးမိတော့မည်။

အခြားသူများနှင့် တွေ့ဆုံချိန်တိုင်းတွင် သူ့အား တိုက်ခိုက်ကြလေသည်။ ဘယ်သူ့တွေကိုများ အပြစ်ပြုထားမိလို့ ပါသလဲခင်ဗျာ။

ရှောင်းချောင်သည် ငွေသံတုတ်အား အသုံးပြုကာဖြင့် ရွှမ်ယွမ်ချန်၏ တိုက်ခိုက်မှုအား တားဆီးလိုက်သည်။ ရွှမ်ယွမ်ချန်သည် စုရှောင်လန်ထက် သန်မာသည်ကြောင့် သူ၏တိုက်ခိုက်မှုသည် ရှောင်းချောင်အား ဒူးညွတ်ကွေး သွားစေသည်။

ဘုန်း

ပြင်းထန်သည့် ပေါက်ကွဲမှုများသည် အန်လင်းဘေးတွင် ဖြစ်ပေါ်လာသည်ကြောင့် မုန့်ထျန်းနှင့် အခြားသူများသည် အဘက်ဘက်သို့ ထွက်ပြေးကြလေသည်။ သူတို့၏ ခြေထောက်များအား ဆုံးရှုံးလုနီးနီးပင် ဖြစ်သည်။

"အစ်ကိုကြီးချန်က နားလည်မှု လွဲနေတာပါ ... ရှောင်းချောင်က သူငယ်ချင်းလေးပါ ..."

"သူငယ်ချင်းတဲ့လား ... ရွှမ်ယွမ်ချန်၏ မျက်ခုံးများသည် တွန့်ကွေးသွားပြီးနောက် သူ့အမူအရာသည် လျင်မြန်စွာပင် ပြေလျော့လာသည်”

အန်လင်းသည် အမြဲလိုလို ဆန်းကြယ်သည့် အရာများအား ပြုလုပ်လေ့ရှိသည်။ အလွန်ရုပ်ဆိုးလှသည့် မျောက်တစ်ကောင်အား သူနှင့်အတူ တွေ့ရခြင်းသည် သိပ်တော့ မထူးဆန်းပေ။

ထိုသည်အား စဉ်းစားမိသည့် အခါတွင် ရွှမ်ယွမ်ချန်သည် ရွှေမျက်လုံးမျောက်မင်းအား တောင်းပန်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ လက်နှစ်ဖက်အား ယှက်သန်းပြီးနောက် "အစ်ကိုကြီးရှောင်းချောင် ... ကျွန်တော့်ရဲ့ အမှားပါ ... ကျွန်တော်က ပရမ်းပတာ ပြုခဲ့မိပါတယ်.. ကျွန်တော့် အပြုအမူ အတွက် တောင်းပန်ပါတယ်ခင်ဗျာ ..."

ရွှမ်ယွမ်ချန်၏ အလေးအနက် တောင်းပန်နေမှုကြောင့် ရှောင်းချောင်၏ ကြောက်ရွံ့နေသည့် စိတ်မှာ အနည်းငယ် လျော့နည်းသွားသည်။ ခေါင်းခါလိုက်ပြီးနောက် "ရပါတယ် ... မင်းရဲ့အမှား မဟုတ်ပါဘူး ... တစ်ယောက်ယောက်ကို အပြစ်တင်ရမယ် ဆိုရင် အကျည်းတန်လွန်းတဲ့ ငါ့ကိုငါပဲ အပြစ်တင်ရမှာပါ ... ပြီးတော့ ငါက အစ်ကိုကြီးအန်ရဲ့ အနောက်မှာ ရှိနေတာဆိုတော့ လူတွေ နားလည်မှုလွဲတာ သဘာဝပါပဲ ..."

ရွှေမျက်လုံးမျောက်မင်းသည် သူ့အား အဘယ်ကြောင့် တိုက်ခိုက်ကြခြင်းကို နားလည်သွားပြီ ဖြစ်သည်။

သူ့အား အကျည်းတန်မျောက်မင်း ဟူ၍ ခေါ်ကြလေသည့်အတွက် အဘယ်ကြောင့် နားမလည်ဘဲ ရှိအံ့နည်း။

အန်လင်း : “ ...”

ရွှမ်ယွမ်ချန် : “ ...”

ထိုစကားအား ကြားလိုက်သည့် အခါတွင် စိတ်လှုပ်ရှားလွယ်သည့် မုန့်ထျန်းသည် မျက်ရည်များ ကျဆင်းလာတော့သည်။

ထို့နောက်တွင် ရွှမ်ယွမ်ချန်သည် ကျောက်စိမ်းကဲ့သို့ စိမ်းဖန့်နေသည့် ပုလဲလုံးအား သိုလှောင်လက်စွပ် အတွင်းမှ ထုတ်ယူကာ အန်လင်းအား ပေးလိုက်သည်။ "ခေါင်းသုံးလုံး မြွေပျံရဲ့ သားရဲအမြုတွေပဲ ... မင်းအတွက် ယူလာခဲ့ပေးတာ ..."

သားရဲအမြုတွေကို ဖမ်းဆုပ်ရင်းနှင့် အန်လင်းသည် အလွန်စိတ်လှုပ်ရှား လာလေသည်။ "ကျေးဇူးပါ အစ်ကိုကြီးချန် ..."

ရွှမ်ယွမ်ချန်သည် ရယ်မောကာဖြင့် "မင်းတို့ သင်အန်းမြို့ကို မြန်မြန်ပြန်သင့်တယ် ... မင်းတို့အတွက် စပရိုက်အကြီးကြီး ပြင်ဆင်ထားတယ် ..."

အန်လင်း : “ ...”

ဘယ်လိုတောင် ... သူက ရယ်ချင်လာသဖြင့် "သားရဲအုပ် မလား ... အစ်ကိုကြီးချန်ရဲ့ အဖွဲ့သားတွေကော လုံခြုံတဲ့နေရာမှာ ရှိနေကြရဲ့လား ..."

ရွှမ်ယွမ်ချန်သည် တုန်လှုပ်စွာဖြင့် "အမ် ... ဘယ်လိုသိတာတုန်း ..."

"အခုနလေးတင် စုရှောင်လန်နဲ့ တွေ့လိုက်ရတာ ... သူလည်းပဲ ရှောင်းချောင်ကို တိုက်ခိုက်ခဲ့တယ် ..." အန်လင်းသည် သက်ပြင်းချလိုက်သည်။

ရှောင်းချောင်၏ နှလုံးသားလေးသည် ဆုပ်ကိုင် ထားခံရသကဲ့သို့ နာကျင်လာသည်။ အနာဖေးအား ခွာလိုက်သလိုပင်။

ရွှမ်ယွမ်ချန်သည် ရှောင်းချောင်အား ကရုဏာသက်စွာ ကြည့်လိုက်ပြီးနောက် "နောက်မှပဲ ပြောကြတာပေါ့ ... တခြားကျောင်းသားတွေကို သတင်း လိုက်ပေးဦးမယ် ..."

“တာ့တာပါ အစ်ကိုကြီးချန်ရေ …”

အန်လင်းသည် ရွှမ်ယွမ်ချန်အား လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင် သားရဲအုပ်၏ ခြေသံများအား ကြားနေရပြီ ဖြစ်သည်။

အန်လင်း၏အဖွဲ့သည် သင်အန်းမြို့သို့ ဆက်လက် ပြေးလိုက်ကြသည်။

ယခုအကြိမ်တွင် ရွှေမျက်လုံးမျောက်သည် အန်လင်း၏အရှေ့မှ ပြေးတော့သည်။ အန်လင်းအနောက်မှ လိုက်ခြင်းသည် ပြဿနာအား ဖိတ်ခေါ်သည်နှင့် တူညီသည်။

အန်လင်းနောက်မှ လိုက်မည့်အစား အန်လင်းနှင့် အခြားသူများသည် သူ၏နောက်မှ လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ထိုသို့ဖြင့် အခြားသူများ သည်လည်း နားလည်မှုလွဲရန် မလိုအပ်တော့ပေ။

***

သင်အန်းမြို့ သီးသန့်စံအိမ် ...

ဓားအင်မော်တယ် လင်းရှောင်နှင့် မြို့အရှင် ကျန်းချင်ချူတို့သည် လက်ဖက်ရည်သောက်ကာ စကားစမြည် ပြောလျက် ရှိကြသည်။

မှောင်စပျိုးနေပြီ ဖြစ်သည့်အတွက် ကျောင်းသား ၆၀ ခန့်သည် စံအိမ်သို့ ပြန်ရောက်နေကြပြီး ဖြစ်သည်။

လက်ဖက်ရည် သောက်သုံးရင်းနှင့် ဓားအင်မော်တယ် လင်းရှောင်သည် ကျောင်းသားများ၏ ရလဒ်များအား စစ်ဆေး အကဲဖြတ်နေလေသည်။

အမျိုးသမီး တစ်ဦးသည် ဓားပျံအား စီးနင်းကာဖြင့် စံအိမ်အတွင်း ‌ဝင်ရောက်လာသည်။

ဓားအင်မော်တယ် လင်းရှောင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် "ကျောင်းသူ စုရှောင်လန် ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ ... အဖွဲ့သားတွေကော ..."

စုရှောင်လန်၏ လှပသည့် မျက်နှာလေးတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေလေသည်။

သူမသည် ဓားအင်မော်တယ် လင်းရှောင်၏ မေးခွန်းအား မဖြေဘဲနှင့် စိတ်အားထက်သန်စွာဖြင့် "အတန်းပိုင်ဆရာ ... ကျွန်မတို့က ဆရာ့အတွက် စပရိုက် အကြီးကြီး ပြင်ထားပေးတယ် ..."

ဓားအင်မော်တယ် လင်းရှောင်၏ မျက်ခုံးများသည် မြင့်တက်သွားပြီး စိတ်ဝင်စားမှုလည်း မြင့်တက်လာသည်။ "ဟုတ်လား ... ဘယ်လိုစပရိုက်တုန်း.."

"ကျွန်မတို့ရဲ့ တာဝန်အားလုံးကို တစ်ခါတည်းနဲ့ အဆုံသတ်နိုင်မယ့် စပရိုက်လေ ..."

ထိုအချက်အား ကြားသည့်အခါတွင် ဓားအင်မော်တယ် လင်းရှောင်၏ သိချင်စိတ်မှာ ပို၍ တိုးလာတော့သည်။ သူသည် ရေနွေးတစ်ငုံအား သောက်လိုက်ပြီးနောက်..

"ကျွန်မတို့က သားရဲအုပ်ကြီးကို ဖန်တီးထားပြီး သန္ဓေပြောင်းသားရဲ ထောင်ချီကို ဆွဲဆောင် လာခဲ့တယ်.. သူတို့တွေ အားလုံးက အခု သင်အန်းမြို့ကို လာနေကြပြီ ... ကျွန်မတို့ အကြီးကြီး သတ်ဖြတ်ကြရတော့မယ် ..." စုရှောင်လန်သည် စိတ်လှုပ်ရှားစွာဖြင့် ထုတ်ပြောလိုက်သည်။

“ဖူး ...”

ဓားအင်မော်တယ် လင်းရှောင်သည် ပါးစပ်နှင့်အပြည့် လက်ဖက်ရည်များအား ထွေးထုတ်လိုက်တော့သည်။

***

All Chapters