← Chapters

အခန်း (၁၁)

Vol. 2 Ch. 11

အခန်း (၁၁)

Vol. 2 Ch. 11

“နာယကကြီး သုံးဦး၊ ဂိုဏ်းချုပ်ကြီး ငါးဦး”

စွန်းယန်ဝမ် သည် ဆရာတူအစ်ကို၏ ဆုံးမစကားကြောင့် အတော်ပင် စိတ်ထိခိုက်သွားသည်။ သူ့ယခင် ကမ္ဘာတွင် ကျန်းချင်းရှီ ကဲ့သို့ လူမျိုးမှာ မျိုးတုံးသလောက်ပင် ဖြစ်နေချေပြီ။

သူ့အနေဖြင့် ကျန်းချင်းရှီ ၏ စိတ်နေသဘောထားကို အလွန်သဘောကျမိသောကြောင့် သူ့၏ ဘဝနှစ်ခု ပေါင်းထားသော အသက်ကိုပင် ဂရုမစိုက်ဘဲ စိတ်ထဲမှလာသည့်အတိုင်း ရိုသေစွာ ပြောလိုက်သည်။

“ဒုတိယ ညီလေးက စီနီယာ အစ်ကိုရဲ့ ဆုံးမစကားကို မှတ်သားထားပါမယ်…”

ကျန်းချင်းရှီ သည် ဖြောင့်မတ်တည်ကြည်သူ တစ်ဦးဖြစ်သော်လည်း ခေတ်နောက်ပြန်ဆွဲသူမျိုးတော့ မဟုတ်ပေ။ သူသည်လည်း စွန်းယန်ဝမ် ၏ အကြံပြုချက်ကို နားထောင်ပြီး အပ်ချုပ်ဆိုင်တွင် ဘုန်းတော်ကြီး ဝတ်စုံ သုံးစုံနှင့် လိုအပ်သော ဖိနပ်သုံးရံကို မှာယူလိုက်သည်။ စွန်းယန်ဝမ် က စောင်သုံးထည် ကိုပါ ထပ်မံဝယ်ယူခဲ့၏။

ဘုန်းတော်ကြီး ဝတ်ရုံများမှာ ဝယ်ယူသူ လွန်စွာ ရှားပါးသောကြောင့် ကြိုတင်မှာယူရပြီး ရက်အနည်းငယ်ကြာမှသာ လာရောက် ယူဆောင်နိုင်မည် ဖြစ်သော်လည်း စောင်များမှာတော့ နေ့ချင်းရလာသည်။

တောင်ပေါ်ဒေသတွင် နေထိုင်ရသောကြောင့် အအေးဓာတ်က မြေပြန့်ဒေသထက် လွန်ကဲနေပြီး သူ့၏ ယခင်ကမ္ဘာမှ အဲကွန်းတပ်ဆင်ထားသော အိမ်နှင့် ဇိမ်ခံမွေ့ယာများကို ပြန်လည် အမှတ်ရမိလိုက်သည်။

ထိုပစ္စည်းများ ဤကမ္ဘာသို့ ရောက်လာခဲ့မည် ဆိုပါက နတ်ပစ္စည်းများအဖြစ် လူများက ထင်ကြပေလိမ့်မည်။ သူတို့ နှစ်ယောက်စလုံးမှာ ကျင့်ကြံသူများ ဖြစ်သောကြောင့် သာမန်လူများထက် စွမ်းအားပိုမို ကြီးမားကြသည်။ ထို့ကြောင့် စောင်ထုပ်များ သယ်ဆောင်သည့်အခါ အလုပ်သမား ငှားရမ်းရန် မလိုအပ်ဘဲ သူတို့ဘာသာ ထမ်းပိုးသွားကြသည်။

နှစ်ဦးသား အထုပ်ကိုယ်စီဖြင့် တိုင်ရီကျောင်းတော်သို့ ပြန်လာခဲ့ကြပြီး ကျောင်းတော် နောက်ဘက်မှ သန့်ရှင်းရေးလုပ်ထားသော နေရာဆီသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားကြ၏။

ထိုနေရာ၏ အနောက်ဘက်စူးစူးတွင် အလွန်မြင့်မားသော တောင်တန်းကြီးများ ရှိနေပြီး တောင်ဘက်တွင်တော့ နှစ်ပေခန့်အမြင့်ရှိသော မြေသားများကို ဖို့ထားသည်။

ထိုမြေဖို့ထားသော အပေါ်တွင် အပြာရောင်အုတ်ချပ်များနှင့် အုတ်ကြွပ်များ မိုးထားသည့် အခန်းဆယ်ခုကျော်ကို ဆောက်လုပ်ထားသည်။ ယင်းက မိုးရွာသွန်းသည့်အခါ နှင့် နှင်းစက်များ ကျသည့်အခါ အစိုဓာတ်ပြန်ခြင်းကို ကာကွယ်နိုင်ရန်၊ သို့မဟုတ် တောင်ကျရေများ၏ ရန်ကို ကာကွယ်ရန် အတွက် မြေဖို့ထားခြင်း ဖြစ်နိုင်သည်။

ခြံဝန်းအတွင်း ကျယ်ပြန့်သော မြေကွက်လပ် အလွတ်များလည်း ရှိနေသည်။ သူတို့ ပြင်ဆင်ထားသော အဆောက်အဦမှာ တစ်ပိုင်းတစ်စ ပြုပြင်ရန် ကျန်နေသေးသော်လည်း သူနေထိုင်ခဲ့သော စတိုခန်းထက်တော့ အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းကာ အလင်းရောင်လည်း ကောင်းစွာရသည်။

“ဒုတိယညီလေး… ငါတို့ တိုင်ရီကျောင်းကို စပြီး ရောက်လာကာစတုန်းက ဒီခြံထဲမှာ အခန်းတစ်ခုပဲ အကောင်းအတိုင်းနီးပါး ကျန်ရစ်ခဲ့တယ်… အဲဒီအခန်းကတော့ မိုးလည်းမယိုဘူး… ပြတင်းပေါက်တွေကလည်း မပျက်စီးသေးဘူး… ဆရာက အဲဒီအခန်းမှာပဲ နေခဲ့တယ်… သူ့အခန်းက အရှေ့ဘက် အစွန်ဆုံးမှာ ရှိနေတဲ့အတွက် ငါကလည်း သူနဲ့ ကပ်လျက်အခန်းတစ်ခုကို ရွေးပြီးတော့ နေခဲ့တယ်… အခု ဒုတိယညီလေးကလည်း လွတ်နေတဲ့အခန်းထဲက ကြိုက်တဲ့အခန်းကို စိတ်ကြိုက်ရွေးချယ်ပြီး‌ နေလို့ရတယ်…”

ကျန်းချင်းရီ က ပြောသည်။ စွန်းယန်ဝမ် က ပုတ်သင်ညို တစ်ကောင်ကဲ့သို့ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး အနောက်ဘက် အစွန်ဆုံးမှ အနည်းငယ် ယိုင်နေသော အခန်းတစ်ခုကို ရွေးလိုက်၏။ ထိုအခန်းသည် အခြားအခန်းများထက် ပြတင်းပေါက် တစ်ခု အပိုပါသည်။ ဝင်/ထွက်ပေါက်နှင့် ပြတင်းပေါက် နှစ်ခု ပါဝင်သောကြောင့် အခြားအခန်းများထက် အနည်းငယ် ပိုကျယ်သလို အလင်းရောင်လည်း ပိုရသည်။

လက်ရှိတွင်တော့ အခန်းထဲ၌ မည်သည့် အသုံးအဆောင် ပရိဘောဂမျှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေ၏။ စွန်းယန်ဝမ် သည် ထမ်းလာသော စောင်ထုပ်ကြီးအား ကြမ်းပြင်ပေါ် “ဘုန်း”ခနဲ ပစ်ချလိုက်ပြီး ကျန်းချင်းရှီ ကို လှမ်းခေါ်ကာ ဆရာဖြစ်သူ၏ အခန်းကို ဦးစွာရှင်းလင်းကြသည်။

ကြမ်းပြင်ကို ပြောင်လက်နေအောင် လှဲကျင်းလိုက်ပြီး မျက်နှာကျက်နှင့် ပြတင်းတံခါးများတွင် တွယ်ကပ်နေသော ပင့်ကူအိမ်များကို လိုက်လံ ရှင်းလင်းကာ အသစ်ဝယ်ယူလာသည့် စောင်များကို ခင်းလိုက်ကြ၏။

မကြာမီ သူတို့ မှာယူထားခဲ့သော ကုတင်၊ စားပွဲ၊ ကုလားထိုင် အစရှိသော ပရိဘောဂများအား လာရောက် ပို့ဆောင်သည့် လက်သမားဆရာနှင့် အခြားလူနှစ်ဦး ရောက်ရှိလာသည်။ သူတို့နှစ်ဦးသည် ထိုသူများနှင့်အတူ ပစ္စည်းများ အားလုံးကို အစီအစဉ်တကျ နေရာချလိုက်ကြပြီး ပေးရန်ကျန်သည့် ငွေကို ပေးချေကာ ပြန်လွှတ်လိုက်၏။

စွန်းယန်ဝမ် သည် သူ့အခန်းအတွင်းရှိ ပြတင်းပေါက် တစ်ခုအနီးတွင် ခုတင်ကို နေရာချထားသည်။ ခုတင်ထက်သို့ ကျောက်တုံးအချို့ ထပ်တင်ကာ သစ်သားပြားများကို အပေါ်တွင် ခင်းလိုက်၏။ အလွန်များပြားသော မြက်ခြောက်များကို သစ်သားပြား အပေါ်တွင် ဖြန့်လိုက်ပြီး အပေါ်မှ စောင်ကို ခင်းလိုက်သည်။

ယင်းက တောင်ပေါ်ဒေသတွင် သူကိုယ်တိုင် ဖန်တီးခဲ့သော ရိုးရှင်းသည့် သဘာဝမွေ့ယာ တစ်လုံးလည်း ဖြစ်သည်။ ယင်းသည် နောင်တွင် သမာဓိ ထူထောင်ရန်နှင့် ကျင့်ကြံရန်အတွက် သက်သောင်သက်သာ ဖြစ်လာမည့် နေရာတစ်ခုဟုလည်း ဆိုနိုင်သည်။

အခြား ပြတင်းပေါက်တစ်ခု အနီးတွင်တော့ အသစ်ရလာသော စာရေးခုံတစ်လုံးကို နေရာချလိုက်၏။ သူနှင့် မိုဝူရွှယ် တို့ သိုင်းလောကအတွင်း လှည့်လည်သွားလာစဉ် သူဝယ်ယူ စုဆောင်းခဲ့သည့် စာအုပ်များမှာ များပြားလှပြီး စုတ်တံ၊ မှင်နှင့် စက္ကူတို့ကိုပါ တစ်ပါတည်း ဝယ်ယူခဲ့ခြင်းကြောင့် စာရေးစားပွဲသည် ဟာလင်းဟင်းလင်း မဖြစ်တော့ပေ။

သူတို့နှစ်ဦး အခန်းများကို လိုက်လံပြင်ဆင် ပြီးချိန်တွင် ကျန်းယွမ်ချောင် ၏ တပည့်နှစ်ဦးအား နေ့လယ်စာ စားသောက်ရန် အော်ခေါ်သည့် အသံကို ကြားလိုက်ရသည်။

ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့မှာ နေရာအသစ်ကို ပြောင်းလာခြင်းကြောင်း အလွန် စိတ်လှုပ်ရှား ဝမ်းသာနေကြပြီး ထမင်းဝိုင်းအတွင်း၌ပင် စကားများက ပြောမကုန်အောင် ဖြစ်နေသည်။

ကျန်းယွမ်ချောင် သည် တပည့်ငယ်လေး နှစ်ဦး၏ ယနေ့ မြို့တွင်းသို့ ပစ္စည်းအဝယ်တော် ထွက်ပုံ အကြောင်း ပြန်လည် ပြောဆိုနေကြသည်ကို နားထောင်ရင်း ပြုံးရုံသာ ပြုံးနေသည်။ စားသောက်ပြီးနောက် သူက ရုတ်တရက် ပြောလိုက်၏။

“ငါတို့ ဆရာတပည့် သုံးယောက် အတွက် တိုင်ရီကျောင်းတော်ကို ပြန်လည်ပြင်ဆင်ဖို့ ဆိုတာက အချိန်ကုန်တာလောက်ပဲ ရှိပြီး ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး… ဒါပေမဲ့ ဒီပုံစံအတိုင်း ဆင်းဆင်းရဲရဲ့နဲ့ ဆက်နေသွားမယ် ဆိုရင်တော့ ဂိုဏ်းတစ်ခု တည်ထောင်ဖို့ဆိုတာက တော်တော် ခက်နေဦးမှာပဲ…”

“ငါ စုံစမ်းသိရှိရ သလောက်ကတော့ ဒီအနီးအနား တစ်ဝိုက်မှာ ကောင်းကင်မြွေဂိုဏ်း လို့ခေါ်တဲ့ ဂိုဏ်းတစ်ခုရှိတယ်… အဲဒီဂိုဏ်းထဲမှာ မတရားသဖြင့် ကိုယ်ကျိုးစီးပွား ရှာနေတဲ့သူတွေ အများကြီး ရှိနေသလို ဂိုဏ်းကိုယ်တိုင်ကလည်း မကောင်းမှုတွေနဲ့ပဲ ရပ်တည်နေတယ်…”

“ဒီရက်ပိုင်းအတွင်း ဆရာ က ကောင်းကင်မြွေဂိုဏ်းကို နှိမ်နင်း သိမ်းသွင်းပြီး ဂိုဏ်းဝင်တွေ အားလုံးကို ပြုပြင်ပြောင်းလဲပေးဖို့ စဉ်းစားထားတယ်… ဂိုဏ်းကို ကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်လာစေပြီး ဖြောင့်မတ်မှန်ကန်တဲ့ သူတွေချည်းပဲ စုစည်းစေချင်တယ်… ဒါမှလည်း ငွေကြေးအချို့ကို စုဆောင်းနိုင်ပြီး ငါတို့ကျောင်းတော်ရဲ့ အသုံးစရိတ်အတွက် အထောက်အပံ့တစ်ခု ဖြစ်လာလိမ့်မယ်…”

စွန်းယန်ဝမ် သည် မိုဝူရွှယ် ထံမှ မိုမိသားစု၏ စီးပွားရေး လုပ်ငန်းများ အကြောင်းကို နားထောင်ခဲ့ဖူးသလို ကျန်းချင်းရှီ နှင့်လည်း ဆောင်ယန်ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်မှု အကြောင်း ဆွေးနွေးခဲ့ဖူးသည်။ သို့သော် သူ့ဆရာသည် ကောင်းကင်မြွေဂိုဏ်းအား သွားရောက်နှိမ်နင်းမည် ဆိုသည်ကို ကြားသောအခါ အနည်းငယ် ထိတ်လန့်တုန်လှုပ် သွားမိ၏။

ကြည့်ရသည်မှာ ဤကမ္ဘာ၌ သိုင်းပညာ အခြေခံကောင်းကို ပိုင်ဆိုင်ထားသော ဂိုဏ်းများသည် အလုပ်အကိုင် မယ်မယ်ရရဟူ၍ မရှိဘဲ ကျင့်ကြံလိုက်၊ ဟိုသွားဒီလာ လုပ်လိုက်ဖြင့် လက်ဖျားတွင် ငွေသီးနေခြင်းအပေါ် သူ ယခုမှ ကောင်းကောင်းကြီး သဘောပေါက်သွားသည်။

ဤကမ္ဘာတွင် သာမန် ဂိုဏ်းငယ်လေးများမှ ဂိုဏ်းချုပ်များသည် သိုင်းပညာတွင် များစွာ မထူးချွန်သော်လည်း စွမ်းအား အနည်းငယ် ကြီးမားရုံဖြင့် သာမန်လူများကို နှိပ်စက်ညှင်းပန်းကာ ငွေညှစ်နေကြသည်။

ယင်းက မည်သူ စွန့်ဦးတီထွင်ခဲ့သော နည်းလမ်းဆိုသည်ကို မသိရသော်လည်း မည်သို့မျှ လက်ခံ၍မရသော မကောင်းမှု ဖြစ်နေ၏။ ကျန်းချင်းရှီ က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ဂါရဝါပြုလိုက်ပြီး ပြောသည်။

“ဒီကိစ္စလောက်ကတော့ ဆရာကိုယ်တိုင် အလုပ်ရှုပ်ခံနေဖို့ မလိုပါဘူး… တပည့်ကြီးပဲ သွားလိုက်ပါမယ်…”

ကျန်းယွမ်ချောင် က အနည်းငယ် နားလည်ရခက်သော အပြုံးနှင့် ဆိုလိုက်သည်။

“မင်းက မကောင်းမှုတွေကို အင်မတန် မုန်းတီးတဲ့ လူတစ်ယောက်လေ… လူတစ်ယောက်က မကောင်းမှု လုပ်ထားပြီလို့ ကြားတာနဲ့ မင်းရဲ့ ပွက်ပွက်ဆူလာမယ့် ဒေါသကို မင်းကိုယ်တိုင် ထိန်းချုပ်နိုင်လို့လား…”

“ဆောင်ယန်ဂိုဏ်းမှာ ရှိတုန်းက အနက်ရောင် ကွန်ယက်ဂိုဏ်းကို နှိမ်နင်းဖို့ မင်းကိုလွှတ်လိုက်တော့ မင်းက ဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်ပစ်ပြီး ကျန်တဲ့သူ အကုန်လုံးကလည်း မင်းကိုကြောက်ပြီး ထွက်ပြေးကုန်ကြတယ်… ငါတို့ဂိုဏ်းကလူတွေ အဲဒီဂိုဏ်းကို ထိန်းချုပ်ဖို့ ရောက်လာတဲ့အခါ အလောင်းတွေပဲ ကျန်ပြီး အသက်ရှင်ကျန်သူဆိုလို့ တစ်ယောက်မှ မရှိတော့ဘူး…”

“ဒီကိစ္စကို တာဝန်ယူထားရတဲ့ မင်းရဲ့ ဆဌမမြောက် ဦးလေးတောင် ငါ့ကို အပြစ်တင်ခဲ့သေးတယ် မဟုတ်လား… အဲဒါကြောင့် ဆရာကိုယ်တိုင်ပဲ သွားလိုက်တော့မယ်…”

စွန်းယန်ဝမ် သည် ဤတပည့်ကြီး၏ စွမ်းအားသည် သာမန်မဟုတ်ကြောင်း သိထားသော်လည်း ကျန်းချင်းရှီ ၏ အစစ်အမှန် စွမ်းအားကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ဖူးခြင်း မရှိပေ။ သူတို့ ပထမဆုံး တွေ့ဆုံစဉ်က သူ့အား စမ်းသပ်ခဲ့သည့် တစ်ကြိမ်သာ ကြုံဖူးသည်။

သို့သော် သူ့၏ ဆရာတူအစ်ကိုမှာ ဤမျှအထိ ရက်စက်ကြမ်းကြုတ်နေလိမ့်မည် ကိုတော့ သူ မည်သည့်အခါကမျှ တွေးခဲ့ဖူးခြင်း မရှိပေ။

သူ့၏ အပေါ်ယံ ပုံပန်းသွင်ပြင်ကို ကြည့်ရုံနှင့်လည်း ထိုအချက်မျိုးက သိနိုင်စရာ မရှိချေ။ ကျန်းချင်းရှီ ၏ မျက်နှာသည် “ဖြန်း”ခနဲ ပူနွေးသွားပြီး သူသည် တစ်စုံတစ်ခုကို ပြန်လည် ပြောဆိုလိုဟန် ရှိသော်လည်း နောက်ဆုံးတွင် ဆရာဖြစ်သူ၏ စကားကို မပယ်ရှားတော့ပေ။

“တပည့်က ကျောင်းကိုစောင့်ရှောက်ရင်း တပည့်ငယ်လေးကို ပိုပြီး လေ့ကျင့်နိုင်အောင် သင်ကြားပြသ ပေးထားပါမယ်… ဆရာ စိတ်ချလက်ချ သွားနိုင်ပါတယ်…”

ကျန်းချင်းရှီ က ပြောသည်။ ကျန်းယွမ်ချောင် သဘောကျစွာ ပြုံးလိုက်ပြီး ခေါင်းတဆတ်ဆတ် ညိတ်နေ၏။ ထိုနောက် သူက စွန်းယန်ဝမ် ၏ သွေးကြောများကို ချီစွမ်းအင်ဖြင့် ကာကွယ်ရင်း နောက်တစ်ကြိမ် လေ့ကျင့်ခိုင်းကာ ညနေစောင်းမှသာ တန်းဖြုတ်လိုက်ကြသည်။

လေ့ကျင့်ပြီးသည်နှင့် ကျန်းယွမ်ချောင် သည် မီးဖိုဆောင်အတွင်းသို့ ချက်ခြင်းဝင်သွားပြီး တပည့်များ အသင့်စားနိုင်ရန် ညစာကို ချက်ပြုတ်ရပြန်သည်။

နောက်ရက်များတွင်လည်း ကျန်းယွမ်ချောင် သည် အလျင်စလို ထွက်သွားခြင်း မရှိသေးဘဲ စွန်းယန်ဝမ် ၏ ကျင့်ကြံမှုကို ကူညီကာ အနီးကပ် ကြပ်မတ် ညွှန်ကြားနေသည်။

အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို လေ့ကျင့်ရာ၌ အမှားအယွင်း တစ်စုံတစ်ရာ မရှိကြောင်း၊ မည်သည့် အခက်အခဲမျှ မရှိတော့ကြောင်း သေချာသွားမှသာ ယုံကြည်စိတ်ချစွာဖြင့် တိုင်ရီကျောင်းတော်မှ ထွက်ခွာသွားသည်။

ကျန်းယွမ်ချောင် ထွက်ခွာသွားပြီးနောက် စွန်းယန်ဝမ် သည် ကျန်းချင်းရှီ နှင့်အတူ ချီစွမ်းအင် စုဆောင်းခြင်း၊ သိုင်းပညာ ကျင့်ကြံခြင်းများကို တစ်ရက်မျှ မပြတ်စေရဘဲ လေ့ကျင့်ခဲ့သည်။ ကျန်းချင်းရှီ ကိုယ်တိုင်မှာ ကြိုးစားသူတစ်ဦး ဖြစ်သော်ငြားလည်း အခြားလောကတစ်ခုမှ ရောက်လာသော ဤမျှ ကြိုးစားသူမျိုးကိုတော့ ယခုမှ ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

စွန်းယန်ဝမ် သည် တစ်နေ့တွင် နှစ်ဆယ့်လေးနာရီ ရှိသည်ဆိုလျှင် နှစ်ဆယ့် သုံးနာရီလောက်ကို ကျင့်ကြံချင်သူဖြစ်ပြီး ကောင်းကင်ဘုံက ထိုသို့ ပြုလုပ်ခွင့် မပေးခြင်းအပေါ် မကျေမနပ် ဖြစ်နေသူ ဖြစ်သည်။ ကျန်းချင်းရှီ သည် ဤတပည့်ငယ်လေးအား ဆရာမရှိချိန်တွင် အနည်းငယ် ကြီးကြပ် ပြောရဆိုရလိမ့်မည်ဟု ထင်ခဲ့မိ၏။

သို့သော် သူ့၏ ကြိုးစားမှုသည် သာမန် လူသားတစ်ဦး၏ အကန့်အသတ်အား ကျော်ထွက်နေသည်အထိ ဖြစ်လိမ့်မည်ကိုတော့ သူလည်း လုံးဝ မျှော်လင့်ထားခြင်း မရှိပေ။

စွန်းယန်ဝမ် သည် မနားမနေ ကျင့်ကြံသလို တစ်ဖက်တွင်လည်း ဟူမိသားစု၏ မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း နှင့် နတ်ဆိုးသတ်ဓားကွက် များအား သူထိုးထွင်း သိမြင်သည့်အတိုင်း မှတ်စုများ ချရေးထားခဲ့သည်။

မိုဝူရွှယ် သည် သူ့အား သဘောတရား လောက်ကိုသာ လမ်းညွှန်ပေးခဲ့ခြင်းကြောင့် ယခု ဆောင်ယန်ဂိုဏ်း၏ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို အသုံးပြုပြီး မူလစွမ်းအင် ကျင့်စဉ်မှ သွေးကြောများအား သူ့ဘာသာသူ ပြန်လည် ဖော်ထုတ်ကာ တစ်ခုချင်းစီ မှတ်သားထားခဲ့သည်။ ထိုအထဲတွင် သူ့၏ ကိုယ်ပိုင်သဘောတရားနှင့် ယူဆချက်များသာ အများဆုံး ပါဝင်သည်။

သူသည် ဆောင်ယန်ဂိုဏ်း၏ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်နှင့် နှိုင်းယှဉ်ကြည့်သောအခါ မူလစွမ်းအင် ကျင့်စဉ်သည် သွေးကြော သုံးဆယ့်ခြောက်ခု အထိသာ ကျင့်ကြံနိုင်သည်ကို တွေ့ရသည်။ သို့သော် ထိုသွေးကြောများထဲတွင် သွေးကြောကြီး၊ ပင်မသွေးကြော နှင့် လျှို့ဝှက်သွေးကြောများ အားလုံး ပါဝင်နေခဲ့သည်။ ထိုအရာများ အချင်းချင်း ပေါင်းစပ်လိုက်မည် ဆိုပါက နောက်ထပ် ကြီးမားသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရသည်။

ထိုစွမ်းအားသည် နက်နဲပြီး စွမ်းအားလည်း အလွန်ကြီးသည်ဟု သူက ခံစားရသောကြောင့် ရက်အနည်းငယ် စဉ်းစားပြီးနောက် ကျန်းချင်းရှီ ကို မေးရန်သာ ဆုံးဖြတ်လိုက်၏။ ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ၏ မတင်မကျ ဖြစ်နေသော သံသယစိတ်ကို နားထောင်ပြီးနောက် ရယ်မောရင်း ပြောလိုက်၏။

“ဒုတိယညီလေး… သိုင်းလောကရဲ့ နာယကကြီးသုံးဦးနဲ့ ဂိုဏ်းချုပ်ကြီး ငါးဦး ဆိုတဲ့ စကားကို မင်းကြားဖူးလား…”

စွန်းယန်ဝမ် က ချက်ခြင်းပင် ခေါင်းခါကာ ဖြေသည်။

“မကြားဖူးဘူး စီနီယာ…”

ကျန်းချင်းရှီ က ဆက်ပြောသည်။

“ဒီလောကရဲ့ နာယကကြီး သုံးဦးကတော့ ဓားအိမ်တော်က စံအိမ်သခင် ဘိုးဘေးကြီး မူရှန်ယွမ်… ရှောင်ရှန်းကျောင်းတော်က ဘုန်းတော်ကြီး တကုချန် နဲ့ တာ့လန်တော်ဝင် မင်းဆက်က ဘိုးဘေးကြီးတို့ပဲ… ဂိုဏ်းချုပ်ကြီး ငါးဦးကတော့ ငါတို့ဆရာအပါအဝင် ရှောင်ရှန်း ကျောင်းတော်က ဘုန်းတော်ကြီး ချန်ကွန်း… မိစ္ဆာဂိုဏ်း ဂိုဏ်းချုပ်ကြီး ယန်ဝူကျိ… မကောင်းဆိုးဝါးလမ်းစဉ်ရဲ့ နံပါတ်တစ်ပညာရှင် ရွှမ်မင်ဘုန်းတော်ကြီးနဲ့ ဓားနတ်ဘုရား ဟူချင်းတိ တို့ပဲ…”

“ဟူချင်းတိ အကြောင်း မင်းသိချင်တယ် မဟုတ်လား… သူက ဟူမိသားစုရဲ့ ဘိုးဘေးဖြစ်ပြီးတော့ အရင်က မျိုးဆက် နှစ်ခုရဲ့ အိမ်တော်ခေါင်းဆောင်ပဲ…”

ထိုနေရာအရောက်တွင် ကျန်းချင်းရှီ က မသိမသာ ပြုံးလိုက်သည်။

“သူက ဟူဖုန်းဝေ ရဲ့ အဘိုးပဲ…”

ကျန်းချင်းရှီ ၏ စကားကို ကြားလိုက်ရသောအခါ စွန်းယန်ဝမ် ၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားပြီး စကားမပြောနိုင်အောင် ဖြစ်သွားသည်။

All Chapters