အခန်း (၂၀)
Vol. 2 Ch. 20
“ဆရာမရှိတုန်း မင်း ပျင်းနေသေးလား”
စွန်းယန်ဝမ် သည် ပြန်လည်ဝင်စားလာသူ ဖြစ်သောကြောင့် အချို့သော အကြောင်းအရာများက သူ့အတွက် အနည်းငယ်မျှ စိတ်လှုပ်ရှားမှု မပေးစွမ်းနိုင်တော့ပေ။ ထိုကဲ့သို့ သံမဏိနှလုံးသားပိုင်ရှင် တစ်ဦးသည်ပင် သနားစိတ်များ ဖြစ်ပေါ်လာပြီး ဤအဖိုးအို လျိုချန်ရှန်း သည် အမှန်တကယ် နောင်တရသွားခဲ့သည်ဟု ထင်မြင်လာသည်။
သို့သော် သူသည် ကာယကံရှင် မဟုတ်သလို သူ့ဆရာ ကျန်းယွမ်ချောင် တစ်ယောက်လုံးလည်း ရှိနေသောကြောင့် ဝင်ရောက်ပြောဆိုခြင်းတော့ မရှိခဲ့ပေ။
လင်ကျန်းသည် ကလေးတစ်ဦး အသိမျှသာ ရှိသေးပြီး ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ကြိမ် တစ်ခါမျှ မကြုံဘူးသောကြောင့် ချက်ခြင်းပင် ဆွံ့အသွားသည်။ သူသည် မသိစိတ်ဖြင့် ညီဖြစ်သူ ကျန်းဖန်အာ ကို ရုတ်တရက် လှမ်းကြည်လိုက်မိ၏။
စွန်းယန်ဝမ် သည် သူတို့ဆရာဖြစ်သည် ဆိုသော်လည်း ပူပူနွေးနွေးသာ ရှိသေးသောကြောင့် ဆရာသည် အားကိုးရာအဖြစ် ရှုမြင်ခံရခြင်း မရှိဘဲ အတူတကွ ကြီးပြင်းလာသော ညီလေး အပေါ်တွင်သာ ပိုမို ယုံကြည်ခဲ့သည်။
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျန်းဖန်အာ က နောက်ဆုံးတွင် စီးကျနေသော မျက်ရည်များကို သုတ်လိုက်ပြီး ပြောသည်။
“အစ်ကို… ကျွန်တော်တို့ မိသားစုတွေကို သတ်တဲ့သူတွေက သူတို့ကို စေခိုင်းနေတဲ့သူတွေလို့ ပြောတယ်… ဒါဆိုရင် ဒီလူတွေက သူတို့သဘောနဲ့ လုပ်ရတာမဟုတ်ဘဲ သူများရဲ့ အတင်းအကျပ် ခိုင်းတာကို ခံရတာပေါ့… ကျွန်တော်တို့ရဲ့ သွေးကြွေးကို အဲဒီအမိန့်ပေးတဲ့ သူတွေဆီမှာပဲ ပြန်တောင်းကြရအောင်…”
လင်ကျင်း က သက်ပြင်းတစ်ချက်ချလိုက်သည်။
“ညီလေးပြောတာ အမှန်တရားပဲ…”
ထိုအချိန်တွင် လင်ကျင်း သည် သူ့ဆရာကို ရုတ်တရက် သတိရသွားပြီး အလျင်အမြန် လှမ်းကြည့်လိုက်ရာ ဆရာဖြစ်သူက သူတို့ ဆရာဘိုးဘိုးကြီးအား မသိမသာ လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်ရသည်။ သူက ကျန်းယွမ်ချောင် ၏ ရှေ့သို့သွားကာ အလျင်အမြန် ဒူးထောက်ချလိုက်သည်။
“ဒီကိစ္စကို ဆရာဘိုးဘိုး ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်…”
ကျန်းယွမ်ချောင် ခေတ္တခဏ စဉ်းစားလိုက်၏။ ဤကလေးနှစ်ဦးသည် အလွန်ကံကောင်းစွာ အသက်ရှင် လွတ်မြောက်လာခြင်း ဖြစ်သောကြောင့် သူတို့၏ ကံတရားက နည်းနည်းနောနော ဖြစ်လိမ့်မည် မဟုတ်ပေ။ သို့သော် ကျင့်ကြံခြင်း လမ်းစဉ်တွင်ကော မည်ကဲ့သို့ အရည်အချင်းမျိုး ရှိနေပါသနည်း။
“ကောင်းပြီ… ကလေးတို့အတွက် ဘိုးဘိုးကြီးက ဆုံးဖြတ်ပေးမယ်…”
ကျန်းယွမ်ချောင် က အေးအေးဆေးဆေး ဆက်ပြောလိုက်သည်။
“ဒီကိစ္စမှာ ခိုင်လုံတဲ့ အကြောင်းတွေ ရှိနေပေမယ့်လည်း အပြစ်မဲ့သူတွေကို သတ်ဖြတ်ခဲ့တာကတော့ လွယ်လွယ်ကူကူနဲ့ ခွင့်လွှတ်ပေးနိုင်တာမျိုး မဟုတ်ဘူး… ဒီနေ့ကစပြီး ကင်းမြီးကောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က…”
သူက လင်ကျင်း ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို ခါရမ်းလိုက်သည်။ ဤကလေးသည် ထက်မြက်သော်လည်း စိတ်မြန်လက်မြန်နှင့် မဆင်မခြင် လုပ်လွန်းသည်ဟု သူထင်သည်။
သူက ကျန်းဖန်အာ ကို လက်ညှိုးထိုးလိုက်ပြီး ကြေညာလိုက်သည်။
“ငါ့ရဲ့ မြေးတပည့် ကျန်းဖန်အာ ကို ဂိုဏ်းချုပ်အဖြစ် ခန့်အပ်တယ်… မင်းတို့ သားအဖက ဒုဂိုဏ်းချုပ်တွေ အဖြစ်နဲ့ တာဝန်ဆက်ယူပါ…”
“နောင်တစ်ချိန် ငါ့ရဲ့ ဒီမြေးတပည့် နှစ်ယောက်စလုံးဟာ သူတို့ရဲ့ မိဘတွေအတွက် ကျိန်းသေပေါက် လက်စားပြန်ချေလိမ့်မယ်… မင်းတို့ သားအဖက သူတို့ကို စိတ်ရောကိုယ်ရော ကူညီပေးရမယ်…”
စွန်းယန်ဝမ် သည် ယနေ့ခေတ်ကမ္ဘာမှ အတွေးအခေါ်ဖြင့် စဉ်းစားကာ ဆရာ ပြန်လာသည်နှင့် လင်ကျင်းနှင့် ကျန်းဖန်အာ တို့ကို တပည့်အဖြစ် လက်ခံလိမ့်မည်ဟု လုံးဝမျှော်လင့်ခဲ့သည်။ သို့သော် ယင်းက မိမိ၏ အတွေးနှင့် တစ်ဖက်သူ၏ စိတ်တို့ တစ်ထပ်တည်း မကျနိုင်သော မှားယွင်းသည့် ယူဆချက် တစ်ခု ဖြစ်လာခဲ့သည်။
ကျန်းယွမ်ချောင် ဆိုသည်မှာ ဤကမ္ဘာမှ ဒိတ်ဒိတ်ကျဲ ထိပ်သီးကျင့်ကြံသူ တစ်ဦးဖြစ်သောကြောင့် တပည့်ရွေးချယ်သည့် နေရာ၌ လွန်စွာ ဇီဇာကြောင်လွန်းခြင်း၊ သို့မဟုတ် စိစစ်လွန်းခြင်း ဖြစ်သည်။
သူသည် မိုဝူရွှယ် ၏ အသက်ကို ကယ်တင်ဖူးသောကြောင့် ၎င်းက ကျေးဇူးပြန်ဆပ်သောအားဖြင့် ဖြစ်စေ၊ မိုမိသားစု၏ ဘိုးဘေးများနှင့် ဖုန်းဘိုးဘေးကြီးတို့ကြားမှ အပြန်အလှန် ဆက်နွှယ်မှုများကို ကိုးကား၍ ဖြစ်စေ၊ သူနှင့် ကျန်းယွမ်ချောင် တို့၏ ရင်းနှီးခင်မင်မှုကို အသုံးချ၍ ဖြစ်စေ၊ ထို့အပြင် ကျန်းချင်းရှီ ၏ သူ့အပေါ် အလွန်သံယောဇဉ်ရှိပြီး အာမခံပေးခြင်းများ မရှိခဲ့ဘူး ဆိုပါက စွန်းယန်ဝမ် သည် သူ့တပည့် ဖြစ်လာရန် အလွန်လွယ်ကူခဲ့မည် မဟုတ်ပေ။
စွန်းယန်ဝမ် သည် မိုဝူရွှယ် ၏ ထောက်ခံချက်မှာ မည်မျှအတိုင်းအတာအထိ သက်ရောက်မှုကြီးသည် ဆိုသည်ကို မသိသလို ကျန်းချင်းရှီ ၏ အာမခံမှုကလည်း မည်မျှ ရှားပါးကြောင်းကို နားမလည်ခဲ့ပေ။
ထိုသို့သာ ဖြစ်မလာခဲ့ပါက ကျန်းယွမ်ချောင် အနေဖြင့် တပည့်လက်ခံရန် စိတ်အားထက်သန် နေမည် ဆိုလျှင်ပင် အနည်းဆုံး နှစ်ပေါင်းများစွာ စမ်းသပ်ပြီး ကိုယ့်ကျင့်သီလ၊ ရိုးသားဖြောင့်မတ်မှု နှင့် စိတ်နေသဘောထားတို့ကို အတည်ပြု စစ်ဆေးပြီးမှသာ ဆောင်ယန်ဂိုဏ်း၏ သိုင်းပညာများကို တရားဝင် သင်ကြားပေးပေလိမ့်မည်။
လင်ကျင်းနှင့် ကျန်းဖန်အာ တို့အတွက်တော့ သူတို့သည် မျိုးဆက်ပြတ်သည့် အခြေအနေမျိုး ကြုံနေရခြင်း၊ မူလဇစ်မြစ်မှာလည်း လွန်စွာရိုးစင်းသည့် သာမန်လူများ ဖြစ်နေခြင်း၊ ထို့အပြင် သူတို့၏ ဗီဇစိတ်အပေါ် သံသယ ဖြစ်ဖွယ်ရှိပြီး သွေးကြွေးပြန်ဆပ်ရန် အချက်များ ရှိနေကာ ကျင့်ကြံရန် အရည်အချင်းသည် မည်ကဲ့သို့ ရှိမည်ကို မသိသောကြောင့် ကျန်းယွမ်ချောင် အနေဖြင့် သူတို့အား တပည့်အဖြစ် လက်ခံရန် လုံးဝစဉ်းစားတော့မည် မဟုတ်ပေ။
စွန်းယန်ဝမ် သည် သူ့အတွက် မြေးတပည့်နှစ်ဦး ရှာဖွေပေးထားသော်လည်း သူသည် ထိုကလေးများ အပေါ်တွင် အထူးတလည် ခင်မင်တွယ်တာစိတ် မဖြစ်ခဲ့ပေ။ ကျန်းယွမ်ချောင် စဉ်းစားလိုက်မိသည်။
“သူတို့ဆီမှာ ကျင့်ကြံဖို့အတွက် စစ်မှန်တဲ့ ပါရမီမျိုး ပါလာခဲ့မယ် ဆိုရင်တော့ ငါတို့ တိုင်ရီကျောင်းတော်ရဲ့ ပညာရပ်တွေကို သင်ယူဖို့က အခက်အခဲ မဟုတ်ပါဘူး… တကယ်လို့ သူတို့ဆီမှာ ဒီပါရမီမျိုး မရှိခဲ့ဘူး ဆိုရင်တော့ ပေါ့ပေါ့ပါးပါး ကျင့်စဉ်တချို့ သင်ပေးလိုက်ရုံပဲ ရှိတာပေါ့… ကင်းမြီးကောက်ဂိုဏ်း ဆိုတာကလည်း ကောင်းမွန်တဲ့ နေရာတစ်ခုပါပဲ…”
“တစ်ယောက်က ဂိုဏ်းချုပ် ဖြစ်လာနိုင်သလို… နောက်တစ်ယောက်က ဂိုဏ်းကို ကျောထောက်နောက်ခံပြုပြီး သင့်တော်တဲ့ ဘဝမျိုးကို တည်ဆောက်နိုင်ပါလိမ့်မယ်…”
လင်ကျင်းနှင့် ကျန်းဖန်အာ တို့သည် လက်တုံ့ပြန်မည့် အစီအစဉ်အား မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည် ဆိုသည်နှင့် ပတ်သက်လျှင်တော့ ကျန်းယွမ်ချောင် ၏ စိတ်ကူးထဲတွင် လုံးဝ မရှိတော့ပေ။
လျိုချင်ရှန်း အလွန်ဝမ်းသာသွားပြီး ကျန်းယွမ်ချောင် နှင့် ကျန်းဖန်အာ တို့ကို နောက်တစ်ကြိမ် အလျင်အမြန် အရိုအသေပေးလိုက်သည်။
လျိုအယ် မှာလည်း ဖခင်အနီးတွင် ဒူးထောက်ပြီး စဉ်းစားခန်းဝင်နေမိသည်။
“ငါတို့ လျိုမိသားစုကတော့ နောက်ဆုံးမှာ ဒီကပ်ဆိုးကြီးကနေ လွတ်မြောက်ခဲ့ရပြီ…”
ကျန်းဖန်အာ မှာတော့ လုံးဝထိတ်လန့် တုန်လှုပ်နေ၏။ သူသည် ခုနှစ်နှစ်အရွယ်သာ ရှိသော ကလေးတစ်ဦးမျှသာ ဖြစ်သည်။ သူက အထစ်ထစ် အငေါ့ငေါ့ဖြင့် ကန့်ကွက်လိုက်၏။
“ကျွန်တော်… ကျွန်တော်… ဒီဂိုဏ်းချုပ်ရာထူးနဲ့ မသင့်တော်လောက်ဘူး ထင်ပါတယ်…”
စွန်းယန်ဝမ် သည် ကျန်းဖန်အာ ၏ ပခုံးကို တဘုတ်ဘုတ် ပုတ်လိုက်ပြီး ပြောသည်။
“မင်းတို့ ရင်ဆိုင်ရမယ့် ရန်သူက သိပ်ကို စွမ်းအားကြီးလွန်းတယ်… အကူအညီ တစ်စုံတစ်ရာ မပါဘဲနဲ့ မင်းနဲ့ လင်ကျင်း တို့နှစ်ယောက်တည်းနဲ့တော့ လက်စားချေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
ကျန်းဖန်အာ က အံကိုတင်းတင်းကြိတ်ကာ ပြန်ပြောသည်။
“ကျွန်တော်… ဒီရာထူးကို လက်ခံပါပြီ…”
စွန်းယန်ဝမ် တွေးလိုက်မိသည်။
“ဒါက ဆန်းကြယ်တဲ့ သိုင်းဝတ္ထုတွေထဲက သူရဲကောင်း ဇာတ်လိုက်တစ်ဦး ပုံစံမျိုး နည်းနည်းရှိလာပြီ..”
သူက လင်ကျင်း ဘက်သို့ လှည့်လိုက်ပြီး ပခုံးကို ပုတ်ကာ ပြောသည်။
“မင်းတို့ ဆရာဘိုးဘိုးကြီးက အစောပိုင်းကလေးတင်ပဲ ကောင်းကင်မြွေဂိုဏ်းကို လက်အောက်ခံ အဖြစ် သိမ်းသွင်းလိုက်ပြီးပြီ…”
“အင်း… ငါဆိုလိုချင်တာက မင်းကို ကောင်းကင်မြွေဂိုဏ်းရဲ့ ဂိုဏ်းချုပ် လုပ်ခိုင်းဖို့ မဟုတ်ပါဘူး…”
“ဆရာဆိုလိုတာက… အဟမ်း… ငါတို့ တိုင်ရီကျောင်းတော်ရဲ့ ကျင့်ကြံခြင်းလောက က ဂုဏ်ပုဒ်အရ ဆိုရင် ဒီလို တတိယတန်းစား… စတုတ္ထတန်းစား ဂိုဏ်းမျိုးတွေကို ဆယ့်ခုနှစ်ဂိုဏ်း… ဆယ့်ရှစ်ဂိုဏ်းလောက် တစ်လက်စတည်း သိမ်းသွင်းပစ်လိုက်လို့ ရတယ်…”
“အဲဒါကြောင့် မင်းအနေနဲ့ ရန်သူတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် ဒီ့ထက်ပိုပြီး ကြိုးစားကျင့်ကြံဖို့ လိုအပ်လိမ့်မယ်…”
လင်ကျင်း သည် မူလက ထိုမျှအထိ စဉ်းစားမိခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့အရွယ်တွင် ထိုမျှ အတိုင်းအတာထိ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိသေးပေ။ သို့သော် ဆရာဖြစ်သူ၏ စကားကို ကြားသောအခါ သူ့၏ သွေးများ ချက်ခြင်းဆူပွက်လာပြီး ကျင့်စဉ်များ ကျင့်ကြံရန် မထိန်းနိုင်အောင် ဖြစ်လာသည်။
သူသည် ထောင်ပေါင်းများစွာသော လူများကို ဦးဆောင်ကာ ရန်သူများ၏ ဦးခေါင်းများအား ခုတ်ဖြတ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။
ကျန်းယွမ်ချောင် မှာ သူ့၏ ဤဒုတိယတပည့်ငယ်လေးသည် ဤမျှအထိ လိမ္မာပါးနပ်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသောအခါ သဘောကျစွာ ရယ်မောလိုက်သည်။
“မင်းက တပည့်မွေးချင်နေတယ် ဆိုမှတော့ ဒီလောကီရေးရာ ကိစ္စတွေ အားလုံးကို မင်းကိုပဲ စီစဉ်ခိုင်းတော့မယ်… ဒါပေမဲ့ ကျင့်ကြံခြင်းအပိုင်းမှာတော့ လုံးဝနောက်ကျ ကျန်ခဲ့တာမျိုး မဖြစ်စေချင်ဘူး…”
“ဆရာ မရှိတဲ့ ကာလတွေမှာကော မင်း ပျင်းနေခဲ့သေးလား…”
စွန်းယန်ဝမ် က အလျင်အမြန် ပြန်ဖြေသည်။
“စီနီယာ ချင်းရှီ သက်သေခံနိုင်ပါတယ်… တပည့်ဟာ အလွန်တရာကို ကြိုးစားပမ်းစား ကျင့်ကြံခဲ့ပါတယ်…”
ကျန်းယွမ်ချောင် သည် သူ့တပည့်၏ ကျင့်ကြံမှု အခြေအနေအား စစ်ဆေးလိုသောကြောင့် လက်ကို ဝှေ့ရမ်းပြီး လျိုချင်ရှန်း နှင့် သမီးဖြစ်သူတို့အား ကျောင်းဝန်းအတွင်း ဦးစွာ ဝင်ရောက်စေသည်။ လင်ကျင်းနှင့် ကျန်းဖန်အာ တို့ကိုလည်း ပြန်ခိုင်းလိုက်ပြီး သူ့တပည့်နှစ်ဦးကို ခေါ်ကာ သူတို့၏ သင်ကြားရေး အဆောင်သို့ တိုက်ရိုက်ပင် ထွက်လာခဲ့ကြသည်။
ဆရာဖြစ်သူက မည်သည့်စကားမျှ မဟရသေးမီမှာပင် စွန်းယန်ဝမ် က ဦးစွာ ပြောလိုက်သည်။
“တပည့်ဟာ ဆရာ ထွက်ခွာသွားပြီးတဲ့ အချိန်ကစလို့ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို တစ်ရက်မှ မပြတ်စေရဘဲ ကြိုးစား ကျင့်ကြံခဲ့ပါတယ်… အခုဆိုရင် တပည့်က တတိယမြောက် သွေးကြောကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါပြီ…”
ကျန်းယွမ်ချောင် သည် လက်ကိုဆန့်ထုတ်လိုက်ပြီး ဒုတိယတပည့်၏ သွေးလည်ပတ်မှုကို ထိန်းချုပ်ကာ ချီစွမ်းအင်လှိုင်း တစ်ခု သူ့ခန္ဓာကိုယ်တွင်းသို့ ပို့လွှတ်လိုက်သည်။ စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်အတွင်း၌ အမှန်တကယ်ပင် သွေးကြောသုံးခု ပွင့်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရ၏။
သူ့မျက်နှာထက်တွင် ကြည်နူးရိပ်များ မဖုံးနိုင်အောင် ပေါ်ထွက်လာပြီး တွေးလိုက်မိသည်။
“အစကတော့ မိုဝူရွှယ် ရဲ့ မျက်နှာကြောင့်… နောက်ပြီး ချင်းရှီ ကလည်း အာမခံပေးလို့ ဒီတပည့်ကို လက်ခံထားခဲ့တာ… ဒီလောက်အထိ အရည်အချင်း ရှိမယ်လို့တော့ တကယ် မထင်ခဲ့ဘူး…”
“ငါ အရင်တုန်းက အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို ကျင့်ကြံခဲ့တုန်းက အရှိန်အဟုန်မျိုး လောက်ကို မြန်ဆန်နေပါလား… ဒီတပည့်ကို အားနာမှုနဲ့ လက်ခံလိုက်ရတာက ငါ့အတွက် တကယ် တန်သွားပြီပဲ…”
“ဒါပေမဲ့ ကိစ္စတချို့မှာတော့ ဒီကောင်က တော်တော်ဆိုးတယ်… သူစိတ်ထင်တဲ့အတိုင်း လျှောက်လုပ်တာ… ငါ ထွက်သွားတာမှဖြင့် ရက်ပိုင်းပဲရှိသေးတယ် သူက ငါ့အတွက် မြေးတပည့် နှစ်ယောက်တောင် ခေါ်ထားပြီးပြီ… ဒီကောင်ကလည်း လက်ခံထားပြီးသား ဖြစ်နေပြီ… ကလေးတွေကလည်း မိဘမဲ့လေးတွေဆိုတော့ မောင်းထုတ်ဖို့ကလည်း နှလုံးသားမရှိရာ ကျဦးမယ်…”
သူက အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။
“ကောင်းတယ် ယန်ဝမ်… တကယ် ကြိုးစားခဲ့တာပဲ…”
“မင်းက အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို ကျင့်ကြံတဲ့နေရာမှာ တိုးတက်မှုတွေ ရှိတဲ့အတွက် ဒီစိတ်ဝိညာဉ် ကျင့်စဉ်ကိုပဲ ဆက်ပြီး ကြိုးစားကျင့်ကြံပါ… နောက်ထပ် သွေးကြောနှစ်ခု ထပ်ပွင့်လာလို့ရှိရင် ဆောင်ယန်ဂိုဏ်းရဲ့ ကျင့်စဉ်တွေကို စပြီးသင်ပေးမယ်…”
“အင်း… နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်…. လင်ကျင်းနဲ့ ကျန်းဖန်အာ တို့ကို အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို အခုလောလောဆယ် မသင်ပေးရသေးဘူး…”
“သူတို့ နှစ်အနည်းငယ်အတွင်းမှာ ဘာအမှားအယွင်းမှ မလုပ်ဘူး… အကျင့်စာရိတ္တလည်း ကောင်းတယ်… အရည်အချင်းလုံလောက်ပြီး ကြိုးစားချင်စိတ် ရှိမှသာ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ကို သင်ကြားပေးရမယ်…”
“လောလောဆယ်တော့ သူတို့ကို အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကိုပဲ စပြီး သင်ပေးထားပါ… ဒါပေမဲ့ နတ်ဆိုးသတ်ဓားသိုင်းကတော့ အရမ်းကာရော သင်ပေးလို့ မရဘူးဆိုတာ သတိရပါ…”
စွန်းယန်ဝမ် မှာ ကျန်းယွမ်ချောင် သည် အထွဋ်အထိပ် သွေးကြောကျင့်စဉ်အား သူ့တပည့်များကို သင်ကြားပေးခြင်းအား မည်သည့်အတွက် တားမြစ်သည်ကို နားမလည်နိုင်အောင် ဖြစ်သွားသည်။
မည်သို့ပင်ဆိုစေ သူသည် ပြန်လည်ဝင်စားလာသူ တစ်ဦးဖြစ်သောကြောင့် ထိုသို့သော ရှေးဟောင်းဂိုဏ်းများ၏ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်လျှင် အစိမ်းသက်သက်သာ ဖြစ်နေသည်။
သို့သော် သူက ထိုကိစ္စကို ခေါင်းထဲတွင် မထားပေ။ ဆရာက မရှင်းပြလျှင် သူကလည်း သိစရာ အကြောင်းမရှိဟု ယူဆသည်။ သူက ရိုးရှင်းစွာပင် နာခံလိုက်ပြီး ဖြေလိုက်သည်။
“တပည့် နားလည်ပါပြီ…”
ဒုတိယတပည့်၏ စွမ်းရည်ကို အကဲဖြတ်ပြီးနောက် ပထမတပည့်၏ တိုးတက်မှုကို မေးမြန်းကာ အကြောင်းအရာ တချို့ကို လမ်းညွှန်ပြောပြလိုက်သည်။ ထိုသို့ သင်ကြားနေချိန်တွင် စွန်းယန်ဝမ် ကို ထွက်သွားခိုင်းခြင်း မရှိသော်လည်း ထို လမ်းညွှန်ချက်များ အားလုံးသည် အဓိက နည်းစနစ်များကိုသာ ညွှန်ပြခြင်းဖြစ်ပြီး အရေးကြီးသော အပိုင်းတချို့ကို ချပ်လှပ်ထားခဲ့သည်။ စွန်းယန်ဝမ် ရှိခြင်း၊ မရှိခြင်းက မည်သို့မျှ အသုံးဝင်မည် မဟုတ်ပေ။
တပည့်နှစ်ဦး၏ ကျင့်ကြံမှုများကို ပြန်လည်သုံးသပ်ပြီးနောက် ကျန်းယွမ်ချောင် သည် သူ့၏ မကြာသေးမီက ထွက်ခွာသွားချိန်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၊ သူ ကောင်းကင်မြွေဂိုဏ်းအား မည်ကဲ့သို့ သိမ်းသွင်းခဲ့ပုံများကို ပြန်ပြောင်း ပြောပြခဲ့သည်။
ကျင့်ကြံခြင်း လောကထဲသို့ ဆရာနှင့်အတူ အမြဲတမ်း လိုက်ပါခဲ့ဖူးသော ကျန်းချင်းရှီ အတွက် ထိုအကြောင်းအရာများက အထူးအဆန်း မဟုတ်သော်လည်း စွန်းယန်ဝမ် အတွက်တော့ လုံးဝ အံ့အားသင့်စရာများချည်း ဖြစ်နေသည်။
ထိုအခါ သူသည် စွမ်းအားကြီးမားသော ကျင့်ကြံသူများသည် စည်းစိမ်ဥစ္စာ စုဆောင်းရန် မခက် ဟူသည့် အဓိပ္ပာယ်ကို နောက်ဆုံးတွင် အပြည့်အဝ နားလည်သွားတော့သည်…..
အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးက စိတ်ဝင်စားခြင်း မရှိသည့် ပုံစံမျိုးဖြင့် မေးလိုက်၏။
“လျိုချင်ရှန်း က မင်းတို့ညီအစ်ကိုတွေကို ဖမ်းပြီး အဲဒီကျောင်းတော်ကို ခေါ်သွားခဲ့တာပေါ့ ဟုတ်လား…”
ခန္ဓာကိုယ် တောင့်တင်းသော လူထွားကြီးနှစ်ဦးသည် ကြောက်ရွံ့တုန်လှုပ်နေသော အမူအရာဖြင့် ခေါင်းကို ပုတ်သင်ညိုကဲ့သို့ အဆက်မပြတ် ညိတ်လိုက်ကြသည်။ အင်ပါယာအရာရှိသည် ချက်ခြင်း ဒေါသထွက်ပြီး သူတို့အား ကွပ်မျက်လိုက်မည်ကို အကြီးအကျယ် ကြောက်လန့်နေ၏။
ထိုအမျိုးသားက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“မင်းတို့က လျိုချင်ရှန်း ရဲ့နေရာဖြစ်တဲ့ ကင်းမြီးကောက်ဂိုဏ်းချုပ် နေရာကို အစားဝင်နေရတဲ့ သူတွေလေ… ဒါနဲ့တောင် ကိစ္စတစ်ခုလုံးကို ဖျက်ဆီးလိုက်ပြီး လျိုမိသားစု တစ်ခုလုံးကို လွတ်မြောက်ခွင့် ပေးလိုက်သေးတယ်ပေါ့… မင်းတို့ကို ငါ ဘယ်လိုလုပ်ရမလဲ ပြောစမ်း…”
တုဝမ်လီ နှင့် တုချန်ရှင်းတို့ ညီအစ်ကိုနှစ်ဦး၏ ရင်ထဲတွင် အလွန်အေးစက်သော အသိတစ်ခုကို ခံစားလိုက်ရသည်။ အပြာရောင် ဝတ်ရုံနှင့် အမျိုးသားထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို သူတို့ ကောင်းစွာ သတိထားမိနေသည်။
ကလေးဘဝမှစကာ အတူတူကြီးပြင်းလာကြသူများ ဖြစ်သည့်အလျောက် ညီအစ်ကို နှစ်ယောက်စလုံးသည် စကားဖြင့် ပြောရန်မလိုဘဲ မျက်လုံးများကို ကြည့်ရုံဖြင့် နားလည်မှု ရှိသည်။
နှစ်ဦးသား ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တစ်ဦးသည် မျိုးရိုးစဉ်ဆက် အမွေဖြစ်သော သိမ်းငှက်လက်သည်း တိုက်ကွက်ကို ထုတ်လိုက်ပြီး နောက်တစ်ဦးက ကင်းမြီးကောက်ဂိုဏ်း၏ အမှတ်သညာ ဖြစ်သော သွေးကင်းမြီးကောက်လက်ဝါး တိုက်ကွက်ကို ထုတ်ဖော်ကာ ထိုအမျိုးသားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။