← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

“ကင်းမြီးကောက်ဂိုဏ်း ဂိုဏ်းချုပ်”

လျိုအယ် ထံတွင် လျို ဟူသော မျိုးရိုးနာမည် ရှိနေသည်။ သူ့စီနီယာကလည်း သူမအား ဂိုဏ်းချုပ်၏ သမီးဟု ခေါ်သည်ကို ကြားခဲ့ဖူးသည်။ ဤအဖိုးအို၌လည်း လျို ဟူသော မျိုးရိုးနာမည်က ပါဝင်လာသည်။ ဤမျှရှားပါးသော မျိုးရိုးနာမည်သည် မည်သို့မျှ မတော်တဆ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ သူတို့အားလုံးသည် မိသားစုတစ်စုတည်းမှ လာကြခြင်း ဆိုသည်က သေချာသည်။

လျိုချင်ရှန်း က သက်ပြင်းတစ်ချက်ကို လေးကန်စွာချရင်း ပြောလိုက်သည်။

“ကျုပ်က ကင်းမြီးကောက်ဂိုဏ်းချုပ် မဟုတ်တော့ပါဘူး…”

စွန်းယန်ဝမ် သည် ချက်ခြင်းပင် လျိုအယ် ၏ “သူမ၏ ဖခင်မှာ ဂိုဏ်းချုပ်တစ်ဦး မဟုတ်တော့” ဟု ပြောဆိုခဲ့ဖူးသည်ကို အမှတ်ရသွားပြီး အဖြစ်အပျက်ကို နားလည်သွားသည်။

“ဒါဆိုရင် ခင်ဗျားတို့ရဲ့ လက်အောက်ငယ်သားတွေက ခင်ဗျားတို့ကို ပုန်ကန်ကုန်ကြပြီပေါ့…”

စွန်းယန်ဝမ် က မေးသည်။ လျိုချင်ရှန်း က ခါးသီးစွာ ပြုံးလိုက်ရင်း ရှင်းပြသည်။

“ကိုယ်တော့်ကို လျှို့ဝှက်ထားစရာ အကြောင်းမရှိပါဘူး… ကင်းမြီးကောက်ဂိုဏ်းဟာ တော်ဝင်မိသားစုက အဆင့်မြင့် အရာရှိတွေ အတွက် အလုပ်လုပ်ပေးနေရတာပါ… ဂိုဏ်းချုပ်ရာထူး ဆိုတာကလည်း နာမည်ခံသက်သက်ပဲ ရှိပါတယ်… သူတို့ကပဲ ဘယ်သူက ဂိုဏ်းချုပ်လုပ်… ဘယ်သူက ဂိုဏ်းချုပ်မလုပ်နဲ့ ဆိုပြီးတော့ ဆုံးဖြတ်ပေးတာ…”

“ဒီတစ်ကြိမ်မှာ ဒီအဖိုးကြီးက တာဝန်တချို့ လစ်ဟင်းခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ အစီအစဉ်တွေကို ပျက်စီးစေခဲ့တယ်… အဆင့်မြင့် အရာရှိတွေ အကုန်လုံး အကြီးအကျယ် ဒေါသထွက်ကုန်ပြီး စကားတစ်ခွန်းနဲ့ ကျုပ်ကို ဂိုဏ်းချုပ်ရာထူးကနေ ဖယ်ရှားလိုက်ကြတယ်… ကိုယ့်ကံကြမ္မာကို စောင့်ဆိုင်းဖို့လည်း အကျဉ်းချထားခြင်း ခံခဲ့ရတယ်… အဲဒီအချိန်မှာ ကျုပ်သမီးက သူ့မိတ်ဆွေအချို့ကို ခေါ်လာပြီး ကျုပ်ကို လာကယ်တင်ခဲ့တာပဲ…”

စွန်းယန်ဝမ် သည် သူ့ဆရာ၏ ရှေ့နောက်မညီသော စကားများထဲမှ “ကင်းမြီးကောက်ဂိုဏ်းက တော်ဝင်မိသားစုရဲ့ အစောင့်တပ်မှူး မိုချန်ကျန်း အတွက် အလုပ်လုပ်ပေးနေတယ်လို့ ကြားတယ်” ဟူသော စကားကို နောက်ဆုံးတွင် ဆက်စပ် စဉ်းစားမိသွားပြီး မေးလိုက်သည်။

“ဆရာလျိုက ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲဆိုတာ သိခွင့်ရှိမလား…”

လျိုချင်ရှန်း က လက်နှစ်ဖက်ကိုဆုပ်ကာ ဦးညွှတ်လိုက်ပြီး ဖြေသည်။

“ကိုယ်တော်တို့ဆီမှာ ခိုလှုံခွင့် တောင်းခံချင်လို့ လာခဲ့တာပါ…”

စွန်းယန်ဝမ် အလွန်အမင်း အံ့အားသင့်သွားသည်။ သူသည် စိတ်ထဲတွင် ဖြစ်နိုင်ချေရှိသော အကြောင်းအရာ တစ်ဒါဇင်ခန့်ကို စဉ်းစားထားခဲ့ပြီး ဖြစ်သည်။ ဖြစ်နိုင်ချေအရှိဆုံးမှာ သူမသည် ဖခင်ဖြစ်သူကို ခေါ်ဆောင်လာပြီး လက်တုံ့ပြန်ခြင်းသာ ဖြစ်မည်ဟု ထင်ထားသော်လည်း ယခုလို ခိုလှုံခွင့် တောင်းခံခြင်းကိုတော့ သူလည်း တစ်ကြိမ်တစ်ခါမျှ မတွေးမိပေ။

“ဒါက ဘယ်လိုကိစ္စများကြောင့်ပါလဲ…”

စွန်းယန်ဝမ် သိချင်စွာ မေးလိုက်၏။ လျိုချင်ရှင်း သည် အလွန်စိတ်ဓာတ်ကျသွားပြီး မျက်နှာက ပို၍ပင် အိုစာသွားသည်ဟု ထင်ရသည်။

“ကျုပ်တို့လည်း ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့တာပါ… ကင်းမြီးကောက်ဂိုဏ်းချုပ် ရာထူးကို ဆက်ခံတဲ့ တုဝမ်လီ နဲ့ တုချန်ရှင်း တို့ ညီအစ်ကို နှစ်ယောက်ဟာ တော်ဝင်မိသားစုက လူတွေကို ဖားယားမြှောက်ပင့်ချင်တဲ့အတွက် တစ်မြို့လုံးကို သတ်ဖြတ်တဲ့အထိ ရက်စက်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး…”

“သူတို့က ဒါကို သစ္စာရှိကြောင်း ပြသချင်လို့ လုပ်ခဲ့တာဆိုပေမယ့် ဒီ အဆင့်မြင့် ပုဂ္ဂိုလ်တွေက အရင်ကတည်းက ကင်းမြီးကောက်ဂိုဏ်းကို အပြစ်အားလုံး ပုံချဖို့ ကြိုတင်စီစဉ်ထားပြီးသား ဖြစ်နေတာကို သူတို့ လုံးဝ မသိကြဘူး…”

“အခုဆိုရင် အင်ပါယာစစ်တပ်က ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ အမိန့်ထုတ်လိုက်ပြီ… အဲဒီအမိန့်က မြို့တော်ကနေ ထွက်မလာသေးဘူး ဆိုပေမယ့် အများဆုံး တစ်လ ဒါမှမဟုတ် နှစ်လအတွင်းမှာပဲ ရောက်လာလိမ့်မယ်… အမိန့်ရောက်ပြီဆိုတာနဲ့ ကင်းမြီးကောက်ဂိုဏ်းဟာ ဒီလောကကနေ ထာဝရ ပျောက်ကွယ်ရပြီပဲ… ကျုပ်ရဲ့ မိသားစုလည်း လုံးဝ လွတ်မြောက်နိုင်စရာ အကြောင်းမရှိဘူး…”

“ကျုပ်တို့ သားအဖ အသက်ရှင်လွတ်မြောက်ဖို့အတွက် နည်းလမ်းကို စဉ်းစားလိုက်တော့ ကိုယ်တော်တို့ နေရာတစ်ခုပဲ မျှော်လင့်ချက် အလင်းရောင် တစ်စွန်းတစ်စကို တွေ့ရတယ်…”

စွန်းယန်ဝမ် သည် မြို့တစ်မြို့လုံး သတ်ဖြတ်ခံရသည်ကို မြင်ခဲ့ရသော်လည်း ကျင့်ကြံခြင်း လောက၏ ခါးသီးမှုနှင့် ရက်စက်ကြမ်းကြုတ်မှုက ထို့ထက်ပင် ပို၍ ဆိုးနေလိမ့်မည်ဟုတော့ အမှန်ပင် ထင်မှတ်မထားခဲ့ပေ။

ကင်းမြီးကောက်ဂိုဏ်းသည် တော်ဝင်မိသားစုဘက်မှ လူများအတွက် အစွမ်းကုန် အလုပ်လုပ်ပေးခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် အလွန်လူမဆန်သော ပြစ်မှုမျိုးကိုပင် ကျူးလွန်ဝံ့ခဲ့သည်။ သို့သော် လုပ်ငန်းအနည်းငယ် မပြီးမြောက်ရုံဖြင့် အင်ပါယာစစ်တပ်၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံရတော့မည် ဖြစ်ပြီး ၎င်းတို့၏ သေခြင်း ရှင်ခြင်းက ကြိုးတန်းပေါ်တွင် လမ်းလျှောက်ရသလို ဖြစ်လာခဲ့သည်။

ကံကြမ္မာ၏ လှိုင်းလေထန်နေသော ပင်လယ်ပြင်ထက်မှ အင်အားချိနဲ့နေသော လှေငယ်လေး တစ်စင်းကဲ့သို့ အချိန်မရွေး နစ်မြုပ်သွားနိုင်ပေသည်။

ဤကိစ္စသည် ကိုင်တွယ်ရ အနည်းငယ် ခက်လိမ့်မည်ကို သိသောကြောင့် သူက အနည်းငယ် တွေဝေနေစဉ် လျိုချင်ရှန်း က ဆက်ပြောသည်။

“ကင်းမြီးကောက်ဂိုဏ်းရဲ့ လုပ်ရပ်တွေက သိပ်ကိုရက်စက်ကြမ်းကြုတ်ပြီး ဒီအဖိုးကြီးက မြို့သူ မြို့သားတွေကို သတ်ဖြတ်တဲ့နေရာမှာ မတားဆီးနိုင်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဝန်ခံပါတယ်… ဘုန်းတော်ကြီးငယ်လေးက ကျုပ်အသက်ကို ယူချင်တယ်ဆိုရင်လည်း ကျုပ်ကျေကျေနပ်နပ်ကြီး ပေးဖို့ ဆန္ဒရှိပါတယ်… သတ်ချင်တယ်ဆိုရင် သတ်ပါ… အပြစ်ပေးချင်သလိုပေးပါ… ကျုပ်မှာ မကျေနပ်စရာ အကြောင်းမရှိပါဘူး…”

စွန်းယန်ဝမ် က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။

“ဒီကိစ္စက ကျွန်တော်တစ်ယောက်တည်း သဘောနဲ့ ဆုံးဖြတ်လို့ မရပါဘူး… ခင်ဗျားတို့ ကျွန်တော်နဲ့အတူ တောင်ပေါ်ကို လိုက်လာခဲ့ပါ…”

လျိုချင်ရှန်း အလွန်အမင်း ဝမ်းသာသွားပြီး သမီးဖြစ်သူနှင့်အတူ စွန်းယန်ဝမ် ၏ နောက်မှ လိုက်လာကာ တောင်ပေါ်သို့ တက်လာခဲ့သည်။

သားအဖနှစ်ဦးသည် ရည်ရွယ်ချက်ရှိရှိဖြင့် ခပ်လှမ်းလှမ်းအကွာမှ လိုက်ပါလာခဲ့ပြီး လျိုအယ်က ခပ်တိုးတိုးလေသံဖြင့် မေးလိုက်သည်။

“အဖေ… သူတို့က တကယ်ပဲ ကျွန်မတို့ကို ကာကွယ်ပေးနိုင်တာ သေချာလို့လား…”

လျိုချင်ရှန်း က အသံကို နှိမ့်ကာ ဖြေလိုက်သည်။

“ငါရထားတဲ့ သတင်းသာ မှန်တယ်ဆိုရင် ဒီတောင်ပေါ်မှာ အဲဒီ ဂိုဏ်းချုပ်ကြီး ကျိန်းသေပေါက် ရှိကို ရှိလိမ့်မယ်… အဲဒါဆိုရင် ငါတို့ မိသားစုလည်း သေချာပေါက် အသတ်ခံရမှာ မဟုတ်တော့ဘူး… တကယ်လို့ မဟုတ်ခဲ့ဘူးဆိုရင်တော့ ငါတို့ ထပ်ပြီး ထွက်ပြေးရုံပဲ ရှိတော့တာပေါ့…”

“ဒီတစ်ခေါက် စစ်ဆေးရေးမှူး စီမာရဲ့ သမီး ထွက်ပြေးသွားတာက ငါတို့အတွက် အခွင့်အရေးတစ်ခု လက်လွှတ်ဆုံးရှုံး စေခဲ့တာပဲ… အစောင့်တပ်မှူး မိုချန်ကျန်း က ဒီကိစ္စအပေါ် အကြီးအကျယ် ဒေါသထွက်နေတယ်… တုဝမ်လီနဲ့ တုချန်ရှင်း တို့ ညီအစ်ကိုနှစ်ယောက်လည်း ကိုယ်ကျိုးကိုပဲ ကြည့်ပြီး အပြစ်မဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာက ငါတို့ ရန်သူတွေကို ပြောစရာရအောင် လုပ်ပေးလိုက်သလိုပဲ… အခုဆိုရင် ဘယ်သူကမှ ငါတို့ ကင်းမြီးကောက်ဂိုဏ်းကို ကာကွယ်ပေးချင်စိတ် ရှိမှာမဟုတ်တော့ဘူး…

လျိုအယ် က အသံတိုးတိုးဖြင့် မေးလိုက်ပြန်သည်။

“တကယ်လို့ တောင်ပေါ်ကို ရောက်သွားလို့ ဒီကိုယ်တော်တွေက ကျွန်မတို့ကို ရန်ပြုလာမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ…”

လျိုချင်ရှန်း သည် သက်ပြင်းတစ်ချက်ကို လေးကန်စွာ ချလိုက်သည်။

“အနည်းဆုံးတော့ သမီးရဲ့မောင်လေး ပါမလာတာ တော်သေးတယ်လို့ပဲ ပြောရမှာပဲ… သူ့ဆီမှာ ကင်းမြီးကောက်ဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်တွေ ပါသွားတယ်… ငါတို့လျိုမိသားစုက မျိုးဆက်တစ်ခုကိုတော့ ထိမ်းသိမ်းထားနိုင်ပါသေးတယ်…”

စွန်းယန်ဝမ် သည် မြင်းကို ဖြည်းညင်းစွာ စီးနင်းလာခဲ့သည်။ တိုင်ရီကျောင်းတော်သို့ ရောက်သောအခါ သူက မြင်းကို လွှတ်ပေးလိုက်ပြီး ဆရာဆီကို တိုက်ရိုက်သွားတွေ့လိုက်၏။

ကျန်းယွမ်ချောင် သည် ရေချိုးပြီး ဝတ်ရုံအသစ်ကို လဲလှယ်ထားသည်။ ကျောက်စိမ်းရောင် ဝါးလေး တစ်ချောင်းဖြင့် ဆံပင်ကို ထုံးဖွဲ့ထားပြီး သူ့ပုံစံက အလွန်လန်းဆန်းနေသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရှားနေသည်။

ဒုတိယတပည့် ပြန်ရောက်လာသည်ကို မြင်သောအခါ သူက အပြုံးဖြင့် ဆီးကြိုရင်း ပြောလိုက်သည်။

“ယန်ဝမ် မြန်သားပဲ… အလုပ်လုပ်တာ သွက်လက်တယ်… စိတ်ချရတယ်… မင်းက ဆရာ့ကို တကယ်ပဲ စိတ်ချမ်းသာစေရတယ်…”

စွန်းယန်ဝမ် သည် အပိုစကားများ ပြောဆိုမနေဘဲ လျိုချင်ရှန်း နှင့် လျိုအယ် တို့ သားအဖအကြောင်းကို ပြောပြလိုက်သည်။ ဆရာဖြစ်သူ၏ အနီးတွင် လက်ဖက်ရည် ငှဲ့ပေးနေသော လင်ကျင်း က ချက်ခြင်းပင် ဒေါသတကြီး အော်ဟစ်လိုက်၏။

“ကျွန်တော်တို့ အခုချက်ခြင်း အပြင်ထွက်ပြီး ဒီသားအဖကို သတ်ပစ်ရအောင်… သူတို့က ဘယ်မျက်နှာမျိုးနဲ့ တောင်ပေါ်ကို တက်လာရဲတာလဲ…”

ကျန်းဖန်အာ သည် မည်သည့်စကားအား ပြောရမည်ကို မသိသောကြောင့် အစ်ကိုဖြစ်သူ၏ နောက်တွင် ခပ်ရို့ရို့ ပုန်းကွယ်နေပြီး စကားမပြောရဲ ဖြစ်နေသည်။

ယခုအခါ ဆရာဖြစ်သူ ရှိနေခြင်းကြောင့် စွန်းယန်ဝမ် ကိုယ်တိုင်လည်း စကားကို လက်လွတ်စပယ် မပြောရဲပေ။ တပည့်တစ်ဦးသည် စကားကို စည်းလွတ်ဝါးလွတ် မပြောဆိုသင့်ဘဲ မည်သည့်အချိန်တွင် ရေငုံနှုတ်ပိတ် နေရမည်ကို သိသင့်သည်။

ကျန်းယွမ်ချောင် က အနည်းငယ်ပြုံးလိုက်ပြီး ပြောသည်။

“ကောင်းပြီ… ဒီ ကင်းမြီးကောက်ဂိုဏ်းချုပ် ဆိုသူကို သွားတွေ့ကြတာပေါ့…”

ကျန်းယွမ်ချောင် သည် တပည့်နှစ်ဦးနှင့် မြေးတပည့်နှစ်ဦးကို ဦးဆောင်ကာ တိုင်ရီကျောင်းတော်၏ အပြင်သို့ ထွက်လာသည်။ သူက လက်သီးဆုပ်ကာ ဦးညွှတ်အရိုအသေ ပေးလိုက်ပြီး ပြောသည်။

“ဆင်းရဲတဲ့ ဘုန်းတော်ကြီး ကျန်းယွမ်ချောင်က ကင်းမြီးကောက် ဂိုဏ်းချုပ်ကြီးကို နှုတ်ဆက်ပါတယ်…”

လျိုချင်ရှန်း သည် ကျန်းယွမ်ချောင် ဟူသော စကားသုံးလုံးကို ကြားလိုက်ရသောအခါ သူ့ခန္ဓာကိုယ်သည် “တောင့်”ခနဲ ဖြစ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် သမီးဖြစ်သူ၏ လက်ကို အတင်းဆွဲကာ ဒူးထောက်ချလိုက်သည်။

သူသည် မြေပြင်နှင့်ဦးခေါင်းအား အကြိမ်ကြိမ် တိုက်ကာ အရိုအသေပေးပြီးမှ ပြောလိုက်၏။

“ကျွန်တော် လျိုချင်ရှန်း နဲ့ သမီးလေး လျိုအယ် တို့ကို ကယ်တင်ပေးဖို့ ကျန်းနတ်ဘုရားထံမှာ တောင်းဆိုပါတယ်…”

သူသည် ကျင့်ကြံခြင်းလောကထဲတွင် အချိန်ကြာမြင့်စွာ လှည့်လည်သွားလာနေသူ ဖြစ်သောကြောင့် မကြာသေးမီက ဆောင်ယန်ဂိုဏ်းအတွင်း အလွန်အရေးကြီးသော ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ခြင်းကို သိသည်။

ကျန်းယွမ်ချောင် ဆိုသည်မှာ ဤလောက၏ ထိပ်သီးတည်ရှိမှုဖြစ်သော ဂိုဏ်းချုပ်ကြီးအဆင့်ရှိသူ ဖြစ်သည်။ သူသည် အကြီးဆုံးတပည့်နှင့် ကတောက်ကဆဖြစ်ကာ ဒေါသအလျောက် ဂိုဏ်းအတွင်းမှ ထွက်ခွာလာခဲ့သည်ဟူသော ကောလဟလများကိုလည်း ကြားဖူးထားသည်။

သို့သော် ဆောင်ယန်ဂိုဏ်းနှင့် အလွန်ရင်းနှီးသော မိုဝူရွှယ် နှင့် မတူသည့်အချက်က သူသည် အကြောင်းအရာ အသေးစိတ်ကို မသိခဲ့ရဘဲ လူများ တစ်ယောက်တစ်ခွန်း ပြောဆိုသည့် စကားများ အပေါ်မှသာ ကောက်ချက်ယူခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင် သူကိုယ်တိုင် အမှားအယွင်းများ လုပ်ခဲ့မိသောကြောင့် ကြောက်မက်ဖွယ် အကျိုးဆက်ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ လျိုအယ် ထံမှ လူငယ်ဘုန်းတော်ကြီး နှစ်ဦး၏ အကြောင်းကို ကြားသောအခါ သူ့စိတ်ထဲတွင် သံသယတစ်ခုလည်း စတင်ဖြစ်ပေါ်လာခဲ့သည်။ ယင်းက သေချာမှုတော့ မရှိပေ။

ကျန်းယွမ်ချောင် က သူ့နာမည်ကို မိတ်ဆက်လိုက်သောအခါ သူ့ရင်ထဲတွင် ဖြစ်ပေါ်နေသော သံသယက နေလာနှင်းပျောက်သလို ပျောက်ကွယ်သွားခဲ့သည်။

လျိုချင်ရှန်း သည် ဝမ်းသာမှုကြောင့် အဆက်မပြတ် ဦးညွှတ်အရိုအသေ ပေးနေသည်။ မြေပြင်နှင့် နဖူး ဆောင့်မိသည့် အကြိမ်အနည်းငယ် အတွင်းမှာပင် နဖူးပေါ်မှ သွေးများ စီးကျလာသည့်တိုင် သူသည် အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် အရိုအသေ ပေးနေမြဲဖြစ်သည်။

ကျန်းယွမ်ချောင် က အနည်းငယ် ပြုံးလိုက်ပြီး ပြောသည်။

“ဘယ်လိုလုပ် နတ်ဘုရား ဖြစ်နိုင်မှာလဲ… ဒါက ကျင့်ကြံခြင်းလောကရဲ့ ချဲ့ကားပြောဆိုမှုတွေပါ… ဂိုဏ်းချုပ်လျို ပြောချင်တာကို ထပြီးပြောပါ…”

သူက လက်တစ်ဖက်ကို အသာအယာ ဝှေ့ရမ်းလိုက်သောအခါ လျိုချင်ရှန်း ဆက်လက် အရိုအသေ ပေးနိုင်ခြင်း မရှိတော့ပေ။

ဤကင်းမြီးကောက်ဂိုဏ်းချုပ်သည် ကျင့်ကြံခြင်းလောကတွင် မျက်မှောက်ခေတ် ဂိုဏ်းချုပ်ကြီး အဆင့်ရှိသူများဖြစ်သော ဘုန်းတော်ကြီး ချန်ကွန်း၊ မိစ္ဆာဂိုဏ်းမှ ယန်ဝူကျိ၊ ရွှမ်မင်ဘုန်းတော်ကြီး နှင့် ဆောင်ယန်ဂိုဏ်းမှ ကျန်းယွမ်ချောင် တို့၏ သိုင်းပညာသည် နတ်ဘုရားအဆင့်ကိုပင် ရောက်ရှိနေပြီး ပခုံးချင်းယှဉ်ကာ ရပ်တည်နေကြသူများဖြစ်ကြောင်း ကောလဟလများကို ကြားဖူးထားသော်လည်း ကျန်းယွမ်ချောင် ကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိပေ။

ထို့ကြောင့် သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေခဲ့သည်။ ယခု ကျန်းယွမ်ချောင် က သူ့၏ အနည်းငယ်သော စွမ်းအားဖြင့်ပင် သူ့အား ဆက်လက်အရိုအသေ မပေးနိုင်အောင် လုပ်နိုင်သည်ကို မြင်သောအခါ ချက်ခြင်းပင် စိတ်သက်သာရာ ရသွားသည်။ ထိုစွမ်းအားက သူနားမလည်နိုင်သော အဆင့်၌ပင် ရှိနေခဲ့သည်။

ကျင့်ကြံခြင်းလောကတွင် ဓားနတ်ဘုရား ဟူချင်းတိ ဟုခေါ်သော နောက်ထပ် ဂိုဏ်းချုပ်ကြီး တစ်ဦး ရှိသေးသည်ဟု ကောလဟလများ ရှိသော်လည်း ထိုဂိုဏ်းချုပ်ကြီးက ယခင်မျိုးဆက်မှ ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ အကြာကတည်းက ကျင့်ကြံခြင်းလောကမှ အနားယူသွားပြီ ဖြစ်ပြီး ဆယ်စုနှစ် နှစ်ခုနီးပါးကြာအောင် သတင်းအစအန ပျောက်နေခဲ့သည်။

ထို့ကြောင့် ယနေ့ခေတ်တွင် ဂိုဏ်းချုပ်ကြီး လေးဦး၏ နာမည်များသာ အထင်ရှားဆုံး ဂုဏ်သတင်း ဖြစ်နေပြီး ဓားနတ်ဘုရားအကြောင်း ပြောဆိုသူက မရှိသလောက် ဖြစ်သွားသည်။

လင်ကျင်း နှင့် ကျန်းဖန်အာ တို့မှာ ကလေးများသာ ရှိသေးသောကြောင့် လျိုချင်ရှန်း ၏ မြေပြင်နှင့် ဦးခေါင်း ဆောင့်နေသည့် မြင်ကွင်းကို ကြည့်ပြီး အကြီးအကျယ် ထိတ်လန့်သွားကြသည်။ လင်ကျင်း သည် အချိန်အတန်ကြာမှ သတိဝင်လာပြီး အော်ဟစ်လိုက်သည်။

“ခင်ဗျားတို့က အသက်ရှင်ခွင့် လိုချင်သေးတယ်ပေါ့ ဟုတ်လား… အဲဒါဆို ကျွန်တော် မိဘတွေ.. အဒေါ်မိသားစုနဲ့ မြို့ထဲကလူတွေ အကုန်လုံးက အလကားသက်သက် အသေခံသွားရမှာလား…”

လျိုချင်ရှန်း ဆိုသည်မှာ ကျင့်ကြံခြင်းလောက၏ မည်မျှပင် ဝါရင့်နေသူ တစ်ဦးဖြစ်ပါသနည်း။ သူသည် ချက်ခြင်းပင် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး လင်ကျင်းနှင့် ကျန်းဖန်အာ တို့၏ ရှေ့တွင် ဒူးထောက်ချကာ မြေပြင်နှင့် နဖူးကို ထိကပ်ထားလိုက်သည်။

“ဒီကိစ္စက တခြားသူတွေရဲ့ အတင်းအကျပ် စေခိုင်းတာကို ခံရတာပါ… ဒီအဖိုးကြီးမှာ ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပါဘူး… လူသတ်မှု ကျူးလွန်ခဲ့တဲ့ လူဆိုးတွေအကုန်လုံးကိုလည်း ဖမ်းထားပြီးပါပြီ…. ကလေးတို့ စိတ်ကြိုက် စီရင်နိုင်ပါတယ်… ဒီဆုံးဖြတ်ချက်အတွက် မကျေမနပ် ဖြစ်နေမှာလည်း မဟုတ်ပါဘူး…”

“တကယ်လို့ ကလေးတို့ ခွင့်မလွှတ်နိုင်သေးဘူးဆိုရင် ဒီအဖိုးကြီးရဲ့ ခေါင်းကို ဖြတ်ယူပါ… ကျုပ်ရဲ့ သားနဲ့ သမီး အသက်ကိုတော့ ချမ်းသာပေးဖို့ တောင်းပန်ပါတယ်…”

လျိုချင်ရှန်း ၏ ဝမ်းပန်းတနည်း ငိုချလိုက်သည့် အသံက ကျောက်ရုပ်တစ်ရုပ်ကိုပင် အကြီးအကျယ် စိတ်ထိခိုက် သွားစေနိုင်လောက်သည်။

All Chapters