အခန်း (၁၈)
Vol. 2 Ch. 18
“တစ်စုံတစ်ဦးအတွက် အလုပ်လုပ်နေသော ကင်းမြီးကောက်ဂိုဏ်း”
စွန်းယန်ဝမ် သည် ဓားကို ပြန်မယူဘဲ ပြောလိုက်သည်။
“စီနီယာမှာလည်း ကိုယ်နဲ့ကိုက်ညီတဲ့ ဓားကောင်းကောင်း တစ်လက်မှ မရှိတာ… ဒီနတ်ဆိုးသတ် ဓားကိုပဲ ယူထားလိုက်ပါ… ဒါက ဟူဖုန်းဝေ ရဲ့ လက်နက်ဖြစ်ပြီးတော့ ဓားအိမ်က သိပ်ကို ခမ်းနားလွန်း နေတော့ လူတွေရဲ့ အာရုံကို စွဲဆောင်ပြီး အလွယ်တကူ မှတ်မိနိုင်တယ်… စီနီယာက နောက်ထပ် ဓားအိမ်တစ်ခု ထပ်ဝယ်ဖို့တော့ လိုလိမ့်မယ်… အဲဒါမှ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်မှာ…”
စွန်းယန်ဝမ် သည် ပထမတွင် ဤဓားကို ကြိုက်နှစ်သက်ခဲ့ခြင်းမှာ ဓားကိုယ်ထည်သည် လှပပြီး ကျွန်းသားဖြင့် ပြုလုပ်ထားသော ဓားအိမ်ပေါ်တွင် ရွှေကြိုး၊ ငွေကြိုးမျှင်များ ထည့်သွင်း စီချယ် ထားသောကြောင့် ဖြစ်သည်။
နောက်ပိုင်းတွင် ဟူမိသားသည် ဤလောက၌ အလွန် အင်အားကြီးမားပြီး ဂိုဏ်းချုပ်ကြီး အဆင့်ရှိသော ဘိုးဘေးကြီး တစ်ဦးပင် ရှိနေကြောင်း သိသွားသောအခါ ဤဓားကို ဆက်လက် သိမ်းထားချင်စိတ် မရှိတော့ပေ။
နတ်ဆိုးသတ်ဓားကို စီနီယာဖြစ်သူအား ပေးလိုက်ပြီး ဓားအိမ်ပေါ်မှ တန်ဖိုးကြီးသည့် အရာများကို သူကိုယ်တိုင် ဖြုတ်ယူထားခြင်းဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားသည်။
ကျန်းချင်းရှီ သည် ဆရာဖြစ်သူနှင့်အတူ တောင်ပေါ်မှ အလျင်စလို ဆင်းလာခဲ့ကြခြင်း ဖြစ်သည်။ ဆရာဖြစ်သူနှင့် ဆရာဦးလေးတို့ စကားများခဲ့ကြပြီးနောက် ကျန်းယွမ်ချောင် သည် သူ့ကို ဒေါသတကြီးဖြင့် ခေါ်လာသောကြောင့် အခြားမည်သည့် ပစ္စည်းကိုမျှ ယူမလာခဲ့မိပေ။
ထို့ကြောင့် သူအသုံးပြုသည့် လက်နက်ကို မဆိုထားနှင့် အိပ်ကပ်အတွင်း ကပ်ကျန်နေသော ငွေစအနည်းငယ်သာ ပိုင်ဆိုင်မှုအဖြစ် ပါလာခဲ့သည်။ ထို့ကြောင့်ပင် တိုင်ရီကျောင်းတော် ကဲ့သို့သော လူသူမနီးသည့် တောခေါင်ခေါင် အရပ်ဒေသကို ယာယီခိုလှုံရာအဖြစ် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။
ဤနတ်ဆိုးသတ်ဓားသည် ဓားအရှည်၊ ဓားလက်ကိုင်၊ အလေးချိန် မည်သည့်အရာဖြစ်စေ သူနှင့် လုံးဝ ကိုက်ညီနေခဲ့သည်။ ကျန်းချင်းရှီ က ခေတ္တမျှ စဉ်းစားပြီးနောက် ရယ်မောကာ ဆိုလိုက်သည်။
“ငါ့အတွက်က တကယ်ပဲ ဓားတစ်လက်ကို လိုအပ်နေတာ… ဒုတိယညီလေးက ရက်ရက်ရောရောနဲ့ ပေးနေတာ ဆိုတော့လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါမယ်…”
နှစ်ယောက်စလုံးသည် တစ်ရေးမျှ မအိပ်ရသေးဘဲ တိုက်ခိုက်သတ်ဖြတ်ခြင်းများ၊ ကယ်ဆယ်ရေး လုပ်ရခြင်းများကြောင့် အလွန်ပင်ပန်းနေကြပြီ ဖြစ်ရာ ချက်ခြင်းပင် လူခွဲလိုက်ပြီး ကိုယ့်အခန်းကိုယ် ပြန်လာခဲ့ကြသည်။
စွန်းယန်ဝမ် သည် ဓားအိမ်ကို အခန်းထောင်သို့ ပစ်ချလိုက်ပြီး သူ့တပည့်နှစ်ဦးကိုကြည့်ကာ စဉ်းစားနေမိသည်။
“ဆရာက ပြန်မလာသေးတော့ အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို ငါ့ဘာသာငါ သင်ပေးလို့ မဖြစ်နိုင်သေးဘူး… မနက်ဖြန် မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်နဲ့ စကြတာပေါ့…”
ယနေ့တွင် ခန္ဓာကိုယ်သည် အလွန်များပြားစွာ ခိုင်းစေခံရခြင်းကြောင့် စိတ်ရောကိုယ်ပါ နွမ်းနယ်နေပြီ ဖြစ်သော်လည်း စွန်းယန်ဝမ် သည် အထွဋ်အထိပ် သွေးကြောကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်မံ လေ့ကျင့်လိုက်သည်။
ထိုအခါ စစ်မှန်သော ချီစွမ်းအင်သည် အသစ်ပွင့်လာသော သွေးကြောများအတွင်း အံ့အားသင့်ဖွယ် စွမ်းအားများကို သယ်ဆောင်ကာ အရှိန်အဟုန်ဖြင့် စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။
နှစ်နာရီကျော်ကြာအောင် ကျင့်ကြံပြီးနောက် သူသည် အဝတ်အစားပင် မလဲနိုင်တော့ဘဲ “တုံး”ခနဲ ပစ်လှဲချကာ ချက်ခြင်း အိပ်ပျော်သွားသည်။
ကျန်းယွမ်ချောင် သည် ကောင်းကင်မြွေဂိုဏ်းမှ စွမ်းအားကြီးမားသော လူခုနှစ်ဆယ်၊ ရှစ်ဆယ်ခန့်ကို ခေါ်ဆောင်ကာ တိုင်ရီကျောင်းတော်သို့ အလျင်အမြန် ပြန်လာနေသည်။ သူ့အတွက် ကောင်းကင်မြွေဂိုဏ်းအား သိမ်းသွင်းခြင်း ဆိုသည်က လက်ဖဝါးအား မှောက်ခြင်း၊ လှန်ခြင်းထက်ပင် ပိုလွယ်လွန်းနေသည်။
ဆိုးဝါးသော ရာဇဝတ်မှုများကို ကျူးလွန်ပြီး အမိန့်နာခံမှု အားနည်းသော ခေါင်းဆောင်အချို့အား သတ်ပစ်လိုက်ပြီးနောက် အမိန့်နာခံမှုရှိသော လူတစ်ဦးကို ခေါင်းဆောင်အဖြစ် ရွေးချယ်ကာ လစဉ် အလွန်စနစ်ကိုပါ သတ်မှတ်ခဲ့သည်။
ဤသို့ဖြင့် သူသည် မည်သည့်ခွန်အားမျှ များများစားစား မစိုက်ထုတ်ရဘဲ ကောင်းကင်မြွေဂိုဏ်းအား တိုင်ရီဂိုဏ်း၏ အပြင်စည်းအဖြစ် အလွယ်တကူ ပြောင်းလဲပစ်ခဲ့သည်။
ထို့နောက် ဤသန်မာထွားကျိုင်းသော လူငယ်ကျင့်ကြံသူများကို ရွေးချယ်ကာ တိုင်ရီကျောင်းတော်အား ပြန်လည်ပြင်ဆင်မည့် လုပ်အားပေးများ အနေဖြင့် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
တိုင်ရီကျောင်းနှင့် အနီးဆုံးတွင်ရှိသော မြို့ငယ်လေးအနီးသို့ ရောက်သောအခါ မြို့သည် အလွန်ရုပ်ပျက်ဆင်းပျက် ပျက်စီးနေပြီး နေရာအနှံ့တွင် လူသေအလောင်းများ ပြန့်ကျဲနေကာ မီးများ တဟုန်းဟုန်း တောက်လောင်နေသောကြောင့် မီးခိုးလုံးကြီးများ အလိပ်လိုက် တက်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းယွမ်ချောင် အလွန်အံ့အားသင့်သွားပြီး ကောင်းကင်ထက်သို့ ခုန်တက်ကာ တစ်မြို့လုံးအား လိုက်လံစစ်ဆေး ကြည့်ရှုပြီးနောက် သိုင်းလောကသားများ၏ လက်ချက်ဖြစ်ကြောင်း တပ်အပ်သိလိုက်သည်။
သူသည် တပည့်နှစ်ဦးအတွက် အလွန်စိုးရိမ်ပူပန်သွားပြီး ခေါ်ဆောင်လာသော ကောင်းကင်မြွေဂိုဏ်းမှ ကျင့်ကြံသူများကို မီးများငြှိမ်းသတ်ရန် တာဝန်ပေးခဲ့ကာ တိုင်ရီကျောင်းတော်သို့ အလွန်လျင်မြန်စွာ ပျံသန်းလာခဲ့၏။
သူ ကျောင်းတော်၏ တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဒုတိယတပည့်၏ ဆူပူအော်ငေါက်သံကို ဦးစွာ ကြားလိုက်ရသည်။
“မင်းတို့က ဒီလောက်ကလေး ဒုက္ခရောက်တာကိုတောင် ဘာဖြစ်လို့ မခံနိုင်ဖြစ်နေရတာလဲ… မင်းတို့ မိဘဆွေမျိုးသားချင်းတွေ အတွက် သွေးကြွေးပြန်မဆပ်ချင်တော့ဘူးလား…”
“ဒီ အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကို ကျင့်ကြံတဲ့အခါ ဦးခေါင်းကို မတ်မတ်ထားရမယ်… ရင်ကိုဖွင့် ခါးကို ဆန့်ထားဖို့ လိုတယ်…”
စွန်းယန်ဝမ် သည် သူ့တပည့်ငယ်လေး နှစ်ဦးအား သိုင်းပညာ သင်ကြားပြသနေစဉ် ဆရာဖြစ်သူ ရုတ်တရက် ပြန်ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် အော်ဟစ်လိုက်သည်။
“စီနီယာ… စီနီယာ… ဆရာ ပြန်လာပြီ…”
သူကိုယ်တိုင်မှာလည်း ဆရာရှေ့သို့ ပြေးသွားပြီး ခရီးဦးကြိုပြုကာ စိုးရိမ်ပူပန်သည့် အမူအရာဖြင့် မေးလိုက်၏။
“ဆရာ အမောပြေ ရေနွေးကြမ်းလေး သောက်မလား…”
“လင်ကျင်း… ဆရာဖိုးဖိုးကြီးအတွက် ရေနွေးသွားယူလိုက်…”
“ကျန်းဖန်အာ သက်သက်လွတ် စားစရာ ချက်ခြင်းပြင်ပါ… ငါ မနေ့က ပြင်ဆင်ထားတဲ့ ခေါက်ဆွဲကို ပြန်နွှေးလိုက်ရုံပဲ…”
သူ၏ စကားအဆုံးတွင် ကလေးငယ် နှစ်ဦးသည် မွတ်နေအောင် လည်နေသော ဂျင်များကဲ့သို့ ကိုယ်စီ အလုပ်များ ရှုပ်ကုန်ကြတော့သည်။
ကျန်းယွမ်ချောင်း သည် ကျောင်းတော်တွင် ကလေးနှစ်ဦး မည်ကဲ့သို့ ရောက်ရှိလာသည်ကို မေးတော့မည်ပြုစဉ် ကျန်းချင်းရှီ ပေါ်ထွက်လာပြီး ဆရာဖြစ်သူကို နှုတ်ဆက်လိုက်သည်။ ထို့နောက် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များ အားလုံးကို အသေးစိတ်ကအစ ပြန်လည် ပြောပြလိုက်၏။
ကျန်းယွမ်ချောင် က ဖြစ်စဉ်အားလုံးကို နားထောင်ပြီးနောက် ခေတ္တမျှ စဉ်းစားကာ ပြောလိုက်သည်။
“ယန်ဝမ် က တပည့်လက်ခံထားတယ် ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး…”
“အင်း… ဒါပေမဲ့ ဒီတစ်ကြိမ်ပဲ အထူးကိစ္စတစ်ခု အနေနဲ့ ခွင့်ပြုပေးလိုက်မယ်… နောင် အလားတူ ကိစ္စမျိုးတွေ ပေါ်လာခဲ့မယ်ဆိုရင် ဆရာ့ကို အရင်ဆုံး ပြောပါ… ခွင့်ပြုချက် မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် စွတ်ဆက်ပြီး တပည့်လက်ခံခွင့် မရှိဘူး…”
“နောက်ပြီးတော့ ဆရာ ကောင်းကင်မြွေဂိုဏ်းကို သွားတုန်းက လမ်းမှာ ကောလဟလ အမျိုးမျိုးကိုလည်း ကြားခဲ့တယ်…”
“တာ့လန်မင်းဆက်ရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ မတည်ငြိမ်မှုတွေနဲ့ နိုင်ငံရေး အပြောင်းအလဲတချို့ ရှိနေပြီး အဓိက အရှုပ်တော်ပုံ တစ်ခုနဲ့ တိုက်ရိုက်ပတ်သက်နေကြတယ်… အဆင့်မြင့်အရာရှိတွေလည်း ဒါဇင်နဲ့ချီပြီး သေဆုံးလိမ့်မယ်လို့ ပြောနေကြတယ်… ကင်းမြီးကောက်ဂိုဏ်းက တော်ဝင်မိသားစုရဲ့ အစောင့်တပ်မှူး မိုချန်ကျန်း အတွက် အလုပ်လုပ်ပေးနေတယ်လို့ သိရတယ်… သူတို့တွေက တစ်နည်းနည်းနဲ့တော့ ပတ်ကိုပတ်သက်နေလိမ့်မယ်…”
“ဒါပေမဲ့ ဆရာ ကြားတာက ကင်းမြီးကောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လျိုချင်ရှမ်း က စွမ်းအားကြီးသူ တစ်ဦး မဟုတ်ပေမယ့် လူကောင်းတစ်ယောက် ဖြစ်ပြီးတော့ သိုင်းလောကထဲမှာလည်း သူ့နာမည်က အထိုက်အလျောက် ကျော်ကြားမှုရှိတယ်… ဘာဖြစ်လို့များ သူက အပြစ်မရှိတဲ့သူတွေကို သတ်ဖြတ်တဲ့ ကိစ္စမျိုးတွေ လုပ်နေရတာလဲ မသိဘူး… ဒါက တော်တော်လေးတော့ ထူးဆန်းနေတယ်…”
စွန်းယန်ဝမ် သည် သူ့ဆရာ၏ စကားများကို ကြားပြီးနောက် တစ်လောကလုံး အမှောင်ဖုံးသလို ဖြစ်သွားသည်။ သူ့စိတ်ထဲတွင် မည်သို့မျှ ဆက်စပ်စဉ်းစားမရအောင် ဖြစ်နေ၏။
“ဆရာရဲ့ စကားပြောတာ တစ်ခါမှ ရှေ့နောက်မညီတဲ့ အကျင့်က တော်တော်ကို အခြေအနေ ဆိုးနေပြီ… ကင်းမြီးကောက်ဂိုဏ်းက တော်ဝင်မိသားစုရဲ့ အစောင့်တပ်မှူး မိုချန်ကျန်း အတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာတစ်ခုပဲ ဟုတ်တိပတ်တိရှိပြီး ကျန်တာတွေက ဘာတစ်ခုမှ အသုံးဝင်တာ မရှိဘူး…”
ယခု သူသည် ဤကိစ္စ၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ရှင်းရှင်းလင်းလင်း သိလိုက်ရပြီ ဖြစ်သော်လည်း မြို့ငယ်လေး၏ အပြစ်မရှိသူများအတွက် တာ့လန်မင်းဆက်၏ ထိုကဲ့သို့ အဆင့်မြင့် အရာရှိတစ်ဦးကို သွားရောက်သတ်ဖြတ်ရန် အထိတော့ စိတ်ကူးမရှိသေးပေ။
မည်သို့ပင်ဆိုစေ လင်ကျင်း နှင့် ကျန်းဖန်အာ တို့လည်း ရှိနေသေးသည် မဟုတ်ပါလား။ ဤကိစ္စသည် သူတို့ကိုယ်တိုင် ပြန်လည်တောင်းယူရမည့် သွေးကြွေးဖြစ်သောကြောင့် သူက တရားမျှတမှုရှိစေရန် လုပ်ဆောင်ပေးရုံသာ ဖြစ်သည်။
သို့သော် ကလေးနှစ်ဦးကို အထူးသတိပေးထားရမည့် အချက်တစ်ခုတော့ ရှိသည်။ အကယ်၍ သူတို့ ပြဿနာ ရှာတတ်လာသည့် အချိန်တွင် သူတို့၏ ဆရာဖြစ်သူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်မပြောရန် ဖြစ်သည်။
ကျန်းယွမ်ချောင် ပြန်ရောက်လာသည့်အခါ ကျန်းချင်းရှီ နှင့် စွန်းယန်ဝမ် တို့သည် သစ်ပင်ကြီး တစ်ပင် ရလိုက်သော ငှက်များပမာ အပြည့်အဝ အားထားမှီခိုစရာ ရှိလာသည်။ တပည့်နှစ်ဦးလုံး အဆင်ပြေပြေ ရှိနေကြောင်း မြင်သောအခါ ကျန်းယွမ်ချောင် လည်း စိတ်သက်သာရာရသွားပြီး ပြောလိုက်၏။
“ငါ ကောင်းကင်မြွေဂိုဏ်းကနေ လူဒါဇင်နဲ့ချီပြီး ခေါ်လာခဲ့သေးတယ်… နောက်ဆိုရင် ငါတို့ကျောင်းတော်ရဲ့ ပြုပြင်တည်ဆောက်ရေး အပိုင်းကို ငါတို့ ဆရာတပည့်တွေ ကိုယ်တိုင်ဝင်လုပ်စရာ မလိုတော့ဘူး… သူတို့ကို ခိုင်းလိုက်ရုံပဲ…”
“ချင်းရှီ… ယန်ဝမ်… မင်းတို့နှစ်ယောက် အဲဒီလူတွေကို သွားခေါ်ပြီး သူတို့အတွက် လုပ်ရမယ့် အလုပ်တွေကို စီစဉ်ပေးလိုက်ကြ…”
ထိုစကားက စွန်းယန်ဝမ် အတွက် အပျော်ဆုံး ဖြစ်စေခဲ့သည်။ သူသည် ပြန်လည်ဝင်စားလာသူ တစ်ဦးဖြစ်သောကြောင့် အလုပ်ကြမ်းများ လုပ်ရခြင်းကို အနည်းငယ်မျှ နှစ်သက်သူ မဟုတ်ပေ။ သူက အားတက်သရောနှင့် ချက်ခြင်းပင် အဖြေပေးလိုက်၏။
“ဒီကိစ္စလောက်ကို စီနီယာချင်းရှီ လုပ်စရာ မလိုပါဘူး… ဆရာက အခုမှ ပြန်ရောက်ကာစဆိုတော့ ပြုစုစောင့်ရှောက်ဖို့ ဆရာ့အနားမှာ တစ်ယောက်ယောက် ရှိကိုရှိမှ ဖြစ်မယ်… စီနီယာချင်းရှီပဲ ဆရာ့အနားမှာ အဖော်ပြုပေးလိုက်ပါ… ကျွန်တော် တစ်ယောက်တည်း သွားရင်လည်း အဆင်ပြေပါတယ်…”
“တပည့်နဲ့ စီနီယာအစ်ကိုက ကျွန်တော်တို့ သောက်ရေသုံးရေခပ်တဲ့ စမ်းချောင်းဘေးမှာ ကန်တစ်ခု တူးပြီး စမ်းချောင်းထဲက ရေကို သွယ်ထားတယ်… အဲဒါကြောင့် ရေချိုးဖို့က အရမ်းကို အဆင်ပြေသွားပြီ… ဆရာ့အတွက် ဝတ်ရုံအသစ်လည်း အဆင်သင့် ပြင်ထားတယ်… ဆရာရေမိုးချိုးပြီးတာနဲ့ အဲဒီဝတ်ရုံကို အဆင်သင့် လဲလိုက်ရုံပဲ…”
ကျန်းယွမ်ချောင် သည် ကျေနပ်ပီတိဖြစ်မှုကြောင့် အလွန်စိတ်သက်သာရာ ရသွားကာ နူးညံ့စွာ ပြောလိုက်သည်။
“သွား… သွား… တပည့်လေး…”
စွန်းယန်ဝမ် သည် မြင်းတစ်ကောင်ကို စီးနင်းပြီး တောင်ခြေမှ မြို့ငယ်လေးဆီသို့ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ အဝေးမှ လှမ်းကြည့်လိုက်သောအခါ နေရာတိုင်းတွင် မီးခိုးများ အူထွက်နေပြီး အိမ်တစ်လုံးမျှ မရှိတော့သည့် မြို့ကို မြင်လိုက်ရသောကြောင့် သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ကို လေးကန်စွာ ချလိုက်မိသည်။
သူမြို့တွင်းသို့ ရောက်လာသောအခါ စိတ်ပျက်လက်ပျက် အမူအရာများဖြင့် ဟိုဟိုသည်သည် လျှောက်သွားနေသော လူငယ်ဒါဇင်ကျော်ကို တွေ့လိုက်ရ၏။
ကျန်းယွမ်ချောင် သည် ၎င်းတို့အား မီးလောင်ကျွမ်းထားသော နေအိမ်များအား မီးငြှိမ်းသတ်ရန် မှာထားခဲ့သော်လည်း ဤကမ္ဘာမှ ကျင့်ကြံသူများသည် နွားများ၊ မြင်းများလောက်ပင် အလုပ်ကြိုးစားလိုစိတ် မရှိဘဲ ပျင်းရိနေချင်သူများသာ ဖြစ်နေသည်။ ထို့ကြောင့် အလုပ်လုပ်နေသူ ဟူ၍ တစ်ဦးတစ်လေပင် မရှိခြင်း ဖြစ်သည်။
စွန်းယန်ဝမ် သည် မြင်းပေါ်မှ အော်ဟစ်ပြောဆိုလိုက်၏။
“ငါက တိုင်ရီကျောင်းတော်က ကျန်းဘုန်းတော်ကြီးရဲ့ ဒုတိယတပည့်ပဲ… မင်းတို့အကုန်လုံးက ကောင်းကင်မြွေဂိုဏ်းက လူတွေလား… ငါနဲ့အတူတူ တောင်ပေါ်ကို လိုက်ခဲ့ကြ…”
ဤကောင်းကင်မြွေဂိုဏ်းမှ ကျင့်ကြံသူများသည် စွန်းယန်ဝမ် ၏ ငယ်ရွယ်နုပျိုမှုကို သတိပြုမိသော်လည်း ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။
ကျန်းယွမ်ချောင် ၏ ကောင်းကင်မြွေဂိုဏ်းအပေါ် စည်းရုံးသိမ်းသွင်းရန် အသုံးပြုခဲ့သည့် နည်းလမ်းများသည် လွန်စွာ ရက်စက်ကြမ်းတမ်း ခဲ့သောကြောင့် အမိန့်မနာခံတတ်သူများ၊ ပြန်မပြော နားမထောင်များနှင့် ဉာဏ်ရည်မမီသူများ အားလုံး မိုက်ဇာတ်သိမ်းသွားပြီ ဖြစ်သည်။ ၎င်းတို့အားလုံးသည် တညီတညွတ်တည်း ဖြေလိုက်ကြပြီး သူ့အနီးသို့ အပြေးအလွှား ရောက်လာကြ၏။
စွန်းယန်ဝမ် က ထိုလူများကို ခေါ်ဆောင်ကာ တောင်ပေါ်သို့ပြန်ရန် ပြင်ဆင်နေစဉ် အိုမင်းရင့်ရော်သည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ဘုန်းတော်ကြီးငယ်လေး… လျိုချင်ရှန်း က တွေ့ဆုံခွင့် တောင်းခံပါတယ်…”
စွန်းယန်ဝမ် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ မြို့အပြင်ဘက်တွင် လက်သီးဆုပ်ကာ အရိုအသေပေးနေသော အဖိုးအိုတစ်ဦးကို တွေ့ရသည်။
အဖိုးအို၏ အသွင်အပြင်မှာ လွန်စွာ ပင်ပန်းနွမ်းနယ်နေပုံရပြီး ရက်ပေါင်းများစွာ ကောင်းကောင်း မအိပ်ရသေးသလို ဖြစ်နေသည်။ သူ၏ ဝတ်ရုံရှည်သည် အလွန် ညစ်ပတ်ပေရေနေပြီး သွေးစက်များဖြင့် ချင်းချင်းနီရဲလျက် ရှိသည်။
လျိုအယ် သည် ထိုအဖိုးအို၏ နောက်တွင် တိတ်တဆိတ် ရပ်နေသည်။ စွန်းယန်ဝမ် က ထိုအနက်ရောင် ဝတ်ရုံနှင့် မိန်းမပျိုကို ကောင်းစွာ မှတ်မိနေ၏။ သူမသည် ကြာပွတ်သိုင်းပညာသည် ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်သကဲ့သို့ လှပမှုရှိသည်။
သူ လျိုအယ် ၏ တိုက်ခိုက်မှုကို ပထမဆုံး စတင်မြင်တွေ့ခဲ့စဉ်က သူမ၏ သိုင်းပညာသည် ဟူဖုန်းဝေ၊ မိုဝူရွှယ်၊ ကျန်းချင်းရှီ တို့နှင့် တန်းတူဖြစ်နိုင်သည်ဟု အထင်ရှိခဲ့ဖူးသည်။
သို့သော် နောက်ပိုင်းတွင် ကျန်းချင်းရှီ သည် စီနီယာ ဆိုသည်မှာ စီနီယာသာ ဖြစ်ကြောင်းကို သူ့လုပ်ဆောင်ချက်ဖြင့် ပြသခဲ့ပြီး လျိုအယ် ၏ ကြာပွတ်လက်နက်အား တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် အပိုင်းပိုင်းအစစ ခုတ်ဖြတ်ပစ်ခဲ့သည်။
လူနှစ်ဦး၏ အကွာအဝေးသည် အလွန်ဝေးကွာနေသေးသော်လည်း အဖိုးအို၏ အသံသည် သူ့နားအနီးတွင် ကပ်၍ ပြောလိုက်သလိုသာ ကြားရပြီး ကျယ်လောင်စွာ အော်ဟစ်ခြင်းမျိုး လုံးဝမဟုတ်ပေ။ ဤသည်မှာ သူ့၏ စွမ်းအားသည် အလွန်ထူးခြားကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ ထိုစွမ်းအားသည် ဟူဖုန်းဝေ၊ မိုဝူရွှယ်၊ ကျန်းချင်းရှီ တို့နှင့် နှိုင်းယှဉ်နိုင်ခြင်း ရှိ၊ မရှိဆိုသည်ကို အတိအကျ မသိသော်လည်း သူ့ထက်တော့ အဆပေါင်းများစွာ သာလွန်သည်က သေချာသည်။
စွန်းယန်ဝမ် ၏ ရင်သည် တဒိန်းဒိန်း ခုန်ပေါက်သွားပြီး ကြောက်ရွံ့စိတ်က သုံးပုံတစ်ပုံခန့်အထိ ဝင်ရောက်လာသည်။ သို့သော် သူသည် သတ္တိမွေးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြန်လည် အော်ဟစ်မေးမြန်း လိုက်၏။
“ခင်ဗျားက ကင်းမြီကောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးလား…”