← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

“သွေးကြွေးဆပ်ချင်ရင် ဆရာတင်လိုက်”

မျက်နှာနီနီနှင့် လူထွားကြီးပါ အသတ်ခံလိုက်ရသည်ကို မြင်သောအခါ ကင်းမြီးကောက် ဂိုဏ်းသားများ၏ တိုက်ခိုက်လိုစိတ်က လုံးဝ ပျောက်ဆုံးသွားသည်။ ထိုသူများသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခြေဦးနှင့် ဒူးတည်ထားသည့် အရပ်မျက်နှာကို ကယ်တင်ရှင်အဖြစ် သတ်မှတ်ကာ ဒရောသောပါး ထွက်ပြေးကြတော့သည်။

ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ကို စိုးရိမ်သောကြောင့် ထိုသူများအား လိုက်လံတိုက်ခိုက်ခြင်း မရှိပေ။ သူက မေးလိုက်၏။

“ဒုတိယညီလေး… အသက်ရှင်ပြီး ကျန်နေတဲ့သူ ရှိသေးလားဆိုတာ လိုက်ရှာကြည့်ရအောင်…”

စွန်းယန်ဝမ် သည် တစ်မြို့လုံးကို ဝါးမြိုထားသော မီးတောက်မီးလျှံများကို ကြည့်ရင်း စိတ်မထိန်းနိုင်စွာ မေးလိုက်မိ၏။

“ဒီလူတွေမှာ နှလုံးသားတွေ ပါမလာကြဘူးလား… ဘာအကြောင်းပြချက်မှ မရှိဘဲ အပြစ်မဲ့သူ ရာပေါင်းများစွာကို ဘယ်လိုစိတ်တွေနဲ့များ သတ်ဖြတ်နိုင်ရတာလဲ… သူတို့က သားရဲ တိရစ္ဆာန်တွေလား…”

ကျန်းချင်းရှီ က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောသည်။

“ကျင့်ကြံခြင်း လောကဆိုတာ အမြဲတမ်း ဒီလိုချည်းပဲ ညီလေး…”

“ဒီအချက်ကြောင့်ပဲ ငါတို့ဟာ ပြင်းထန်တဲ့ စိတ်အားထက်သန်မှုမျိုးနဲ့ ဒီပညာရပ်တွေကို ကျင့်ကြံနေရတာပေါ့… အခုလို သိပ်ကို လူမဆန်တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့ကြုံလာတဲ့အခါ အားနည်းသူဘက်က ရပ်တည်ပြီး သူတို့ကို သေချာပေါက် ကယ်တင်ပေးရမယ်…”

ကင်းမြီးကောက် ဂိုဏ်းသားအားလုံးကို မသတ်နိုင်ခဲ့သည့်အတွက် စွန်းယန်ဝမ် အနည်းငယ် နောင်တရမိသော်လည်း သူ့စီနီယာကို အနှောင့်အယှက် ပေးနေသူမှာ အခြားသူ မဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်ကြောင်းကို နားလည်သည်။

စွန်းယန်ဝမ် သည် ကျန်းချင်းရှီနှင့်အတူ မြို့အတွင်း လိုက်လံကြည့်ရှုခဲ့ရာ နေရာတိုင်းတွင် အလောင်းများကိုသာ တွေ့ရသည်။ အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်ရှိ သက်ကြီးရွယ်အို များမှအစ စကားမပြောတတ် သေးသော ကလေးငယ်များအဆုံး အားလုံးကို အပြစ်မဲ့ သတ်ဖြတ်ထားသည်ကို မြင်ရသောအခါ စိတ်ထဲမှ ပို၍ပင် နာကျင်ခံပြင်းလာသည်။ တစ်ချိန်တည်းမှာပင် ထိုအနီရောင်ဝတ်ရုံနှင့် မိန်းမပျို၏ နောက်ခံဇစ်မြစ်ကို ပို၍သိချင်စိတ် ပြင်းပြလာခဲ့၏။

ဤမြို့မှ လူများသည် ကင်းမြီးကောက်ဂိုဏ်း၏ ပြန်ပေးဆွဲမှုအား မြင်တွေ့ခဲ့ရုံ သက်သက်မျှသာ ဖြစ်နိုင်သည်။ ထိုကိစ္စလောက်နှင့် လူပေါင်းများစွာအား နှုတ်ပိတ်သတ်ဖြတ်ရန် လိုအပ်မှု ရှိသည်လား။

ထို့အပြင် ၎င်းတို့သည် မြို့တွင်းမှ လူအားလုံးကို သတ်ဖြတ်ရုံသာမက တိုင်ရီကျောင်းတော်အထိပါ လာရောက် နှုတ်ပိတ်ရန် ကြိုးစားခြင်း အကြောင်းအရင်းက မည်သည့်အရာများ ဖြစ်နိုင်ပါသနည်း။ ယင်းတွင် အလွန်ကြီးမားသော လျှို့ဝှက်ကြံစည်မှု တစ်ခုခု ရှိနေခြင်းလော။ ထို့သို့မဟုတ်လျှင် ဤလူများသည် မူလကတည်းက ပင်ကိုယ် ရက်စက်ကြမ်းကြုတ်နေသူများ ဖြစ်နေခြင်းကြောင့်လား။

အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ကြောင်း သေချာသွားသည့်အခါ သူတို့နှစ်ဦးသည် အငြိုးအတေးကြီးစွာ လောင်ကျွမ်းနေသော မီးတောက်မီးလျှံများ၏ လက်မှ မြို့ကို ကယ်တင်ရန်လည်း စိတ်မပါတော့ပေ။

မီးလောင်သည့်အခါ လေသည် သဘာဝအလျောက် ပင့်ပေးတတ်သည့် သဘောရှိသည်။ လေ၏ တွန်းအားပေးမှုကြောင့် မီးတောက်မီးလျှံကြီးများက အရာအားလုံးကို ဝါးမြိုနေပြီး သူတို့သည်ပင် အပူရှိန်ဒဏ်ကြောင့် မြို့တွင်း၌ ဆက်လက်နေထိုင်ရန် မလွယ်ကူတော့ပေ။

စွန်းယန်ဝမ် သည် မြို့တွင်းမှ ထွက်ခွာရန် ကျန်းချင်းရှီ ကို ပြောတော့မည်ပြုစဉ် နေအိမ်တစ်ခုဆီမှ မသိမသာ လှုပ်ရှားမှုအချို့ကို သတိပြုမိလိုက်သည်။

သူသည် ထွေထွေထူးထူး စဉ်းစားမနေဘဲ ထိုခြံဝန်းအတွင်းသို့ ပြေးဝင်သွားရာ ခြံဝန်းအတွင်း ရေတွင်း တစ်တွင်း ရှိနေပြီး ရေတွင်းဘောင်ပေါ်တွင် တင်းကျပ်စွာ ချည်နှောင်ထားသော အဝတ်စတစ်ခုကို တွေ့လိုက်ရသည်။

စွန်းယန်ဝမ် သည် ရေတွင်းဝမှ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ကလေးငယ်လေး နှစ်ဦးသည် တစ်ဦးကိုယ်တစ်ဦး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး ခန္ဓာကိုယ်များက တဆတ်ဆတ် တုန်ခါနေသည်ကို တွေ့ရသည်။ ကလေးနှစ်ဦးစလုံး၏ အသက်သည် ခုနှစ်နှစ်ဝန်းကျင်ခန့် ရှိပြီး စွန်းယန်ဝမ် ကို မြင်သောအခါ အကြီးအကျယ် ထိတ်လန့်သွားသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

စွန်းယန်ဝမ် အလွန်ပျော်ရွှင်သွားပြီး ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။

“စီနီယာ… ဒီမှာ ကလေးလေးနှစ်ယောက် အသက်ရှင်နေသေးတယ်…”

ကျန်းချင်းရှီ သည် ချက်ခြင်းပင် ရောက်ရှိလာပြီး ကလေးနှစ်ဦးကို မြင်သောအခါ သူသည်လည်း ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ သူက နူးညံ့ညင်သာစွာ ပြောလိုက်၏။

“ငါတို့က ဒီအနားက တိုင်ရီကျောင်းတော်မှာနေတဲ့ ဘုန်းတော်ကြီးတွေပါ… မြို့ထဲမှာ မီးတွေလောင်နေတာ မြင်လို့ လာကြည့်ကြတာ… အခု မြို့ထဲမှာ လူဆိုးတွေ တစ်ယောက်မှ မရှိတော့ဘူး… မြန်မြန်တက်လာခဲ့ကြပါ…”

ကလေးနှစ်ဦးသည် သူ့၏ စကားကို မည်သို့မျှ ယုံကြည်ဟန်မရဘဲ ငုံးငယ်လေးများကဲ့သို့ ငြိမ်ကုပ်နေကြသည်။

ကျန်းချင်းရှီ သည် ရေတွင်းဘေးမှ ကျောက်စရစ်ခဲ နှစ်ခုကို ယူကာ လက်ညှိုးဖြင့် အသာအယာ တောက်ထုတ်လိုက်ပြီး ရေတွင်းထဲသို့ “လှစ်”ခနဲ ခုန်ဆင်းသွားသည်။ ချက်ခြင်းဆိုသလိုပင် သူသည် ကလေးနှစ်ဦးကို ပွေ့ချီကာ အပေါ်သို့ ပြန်ခုန်တက်လာ၏။

ကလေးနှစ်ဦးသည် အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိဘဲ မျက်လုံးလေးများကသာ ပတ်ပတ်လည်ကို လိုက်လံကြည့်နေသည်။ စွန်းယန်ဝမ် ချက်ခြင်းပင် စဉ်းစားလိုက်မိ၏။

“စီနီယာက ဒီကျောက်စရစ်ခဲလေးတွေနဲ့ သူတို့ရဲ့ သွေးကြောတွေကို ပိတ်ပစ်လိုက်တာပဲ… အဲဒါကြောင့် ကလေးတွေက လှုပ်ရှားလို့မရဘဲ ဖြစ်နေကြတာကို…”

ကလေးနှစ်ဦးအနက် တစ်ဦးသည် အလွန်ရိုးအသော ပုံစံမျိုးဖြစ်ပြီး သာမန်တောသူတောင်သား လယ်သမားတစ်ဦး၏ သားဖြစ်ဟန်တူသည်။ နောက်တစ်ဦးမှာ မျက်လုံးမျက်ခုံး ကြည်စင်ကာ နူးညံ့သိမ့်မွေ့သော မျက်နှာသွင်ပြင်နှင့် သန့်ရှင်းသပ်ရပ်သော အဝတ်အစားကို ဝတ်ဆင်ထားပြီး စာပေအငွေ့အသက် အနည်းငယ် လွှမ်းခြုံထားသောကြောင့် စာသင်ဖူးသူ ဖြစ်နိုင်သည်။

ကလေးနှစ်ဦးကို ကယ်တင်ပြီးနောက် ကျန်းချင်းရှီ သည် စွန်းယန်ဝမ် ကို ခေါ်ကာ ရှေ့မှ ဦးစွာ ထွက်သွားပြီး ပြန်ရန် ပြင်ဆင်လိုက်သည်။ စွန်းယန်ဝမ် လည်း နောက်မှ အလျင်အမြန် လိုက်လာခဲ့၏။ ညီအစ်ကိုနှစ်ဦးသား မြို့တွင်းမှ ပြန်ထွက်လာကာ မြို့ပြင်၌ ချည်ထားခဲ့သော မြင်းများပေါ်သို့ တက်၍ တိုင်ရီကျောင်းတော်သို့ ပြန်လာခဲ့ကြသည်။

လမ်းတစ်ဝက်သို့ အရောက်တွင် ကျန်းချင်းရှီ သည် ကလေးနှစ်ဦး၏ ပိတ်ထားသော သွေးကြောများကို ပြန်ဖွင့်ပေးလိုက်သည်။

ဤကလေးနှစ်ဦးစလုံးသည် အလွန်လိမ်မ္မာရေးခြားရှိပြီး သူတို့နှင့် အသာများစွာ မကွာသော ဤဘုန်းတော်ကြီး နှစ်ဦးထံ၌ မည်သည့် ဆိုးယုတ်သော ရည်ရွယ်ချက်မျှ မရှိကြောင်းကို သိကြသည်။ သူတို့သည် မငိုကြသလို၊ အော်ဟစ်ခြင်းမျိုးလည်း မလုပ်ပေ။ သို့သော် သူတို့၏ မျက်နှာများ ထက်တွင်တော့ ဝမ်းနည်းမှုများက မည်သို့မျှ မဖုံးဖိနိုင်အောင် ပေါ်လွင်လျက်ရှိသည်။

သူတို့၏ မိဘများသည် မည်သည့်နည်းနှင့်မျှ ကံကောင်းမည် မဟုတ်ကြောင်းကို သူတို့ကောင်းစွာ သိနေခဲ့သည်။ စွန်းယန်ဝမ် က မေးသည်။

“မင်းတို့က ဒီမြို့မှာနေကြတဲ့သူတွေလား… နာမည်တွေက ဘယ်လိုခေါ်လဲ… ဒီအနီးအနားမှာကော ဆွေမျိုးတွေ ဘာတွေ ရှိကြလား…”

မျက်လုံးမျက်ဖန် ကြည်စင်သော ကလေးငယ်သည် အသက်အားဖြင့် အနည်းငယ် ပိုကြီးပြီး ပို၍လည်း လိမ္မာပါးနပ်သူ ဖြစ်သောကြောင့် သူက ဖြေသည်။

“ကျွန်တော့်နာမည်က လင်ကျင်း ပါ… ကျွန်တော့်ဖေဖေက ဒီမြို့ရဲ့ ကျောင်းဆရာတစ်ဦးဖြစ်ပြီး ကလေးတွေအတွက် မူလတန်းကျောင်း ဖွင့်ထားပါတယ်… သူကတော့ ကျွန်တော့်ရဲ့ ဝမ်းကွဲညီလေး ကျန်းဖန်အာ ပါ… သူ့အမေက ကျွန်တော့်ရဲ့ အဒေါ်အရင်းပါ… သူ့မိဘနှစ်ယောက်စလုံးက လယ်သမားတွေပါ… ဒီမြို့မှာ ကျွန်တော်တို့ မိသားစု နှစ်စုပဲ ဆွေမျိုးတော်စပ်ပြီး တခြားရင်းနှီးတဲ့သူ မရှိပါဘူး…”

“ဆရာ ဘုန်းတော်ကြီးခင်ဗျာ… အဲဒီလူတွေက ဘယ်ကလာတဲ့ လူတွေလဲ… ဘာဖြစ်လို့ တွေ့တဲ့လူတိုင်းကို သတ်ပစ်နေကြတာလဲ… ကျွန်တော်တို့မြို့မှာ လူဆိုးတစ်ယောက်မှ မရှိပါဘူး… ဘယ်သူ့ကိုမှလည်း ရန်မစခဲ့ပါဘူး..."

ထိုအချိန်တွင် လင်ကျင်း ၏ မျက်လုံးများသည် နီရဲနေပြီး သူ့၏ လက်သီး သေးသေးလေးများကို တင်းကျပ်စွာ ဆုပ်ထားကာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ရဲပါးတောင်းခတ်နေသည်။

ကျန်းဖန်အာ သည် အသက်လည်း ပိုငယ်ပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ရှင်းလင်းစွာ နားမလည်သေးဘဲ ကြောင်စီစီလေးဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေ၏။ ထို့နောက် သူသည် မည်သို့မျှ မထိန်းနိုင်တော့ဘဲ ငိုချလိုက်သည်။

“အစ်ကိုကြီး… အမေနဲ့ ဦးလေးက ကျွန်တော်တို့ကို ပုန်းခိုင်းတာ… သူတို့ကော ဘယ်လိုဖြစ်သွားပြီလဲ…”

ကျန်းဖန်အာ က ငိုနေရင်း မေးလိုက်သည်။ လင်ကျင်း သည် ညီဖြစ်သူအား အလျင်အမြန် နှစ်သိမ့်လိုက်သော်လည်း သူကိုယ်တိုင်မှာလည်း ကလေးတစ်ဦးသာ ရှိသေးရာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကံဆိုးမှုကို မည်ကဲ့သို့ ခံနိုင်ရည် ရှိပါမည်နည်း။ သူ့၏ နှစ်သိမ့်စကား မဆုံးမီမှာပင် သူကိုယ်တိုင်လည်း ငိုချလိုက်မိသည်။

ကျန်းချင်းရှီ က ခပ်တိုးတိုး ပြောလိုက်၏။

“ဒီကလေးနှစ်ယောက်စလုံးကို ငါတို့ တိုင်ရီကျောင်းတော်က ခေါ်ထားဖို့ပဲ ရှိတော့တယ်…”

စွန်းယန်ဝမ် က သဘောတူစွာ ခေါင်းညိတ်ပြလိုက်သည်။

“မင်းတို့ရဲ့ မိဘတွေကော မြို့ထဲက လူတွေ အကုန်လုံးကိုကော သိုင်းဂိုဏ်းတစ်ခုက သတ်သွားခဲ့တာ… မီးရှို့သွားတာကလည်း သူတို့တွေပဲ… ငါတို့ တိုင်ရီကျောင်းတော်ရဲ့ ညီအစ်ကိုနှစ်ယောက် ရောက်လာတဲ့ အချိန်မှာ သူတို့တွေက ထွက်မသွားကြသေးဘူး… ဒါပေမဲ ငါတို့က နှစ်ယောက်တည်းနဲ့ သူတို့ရဲ့ လူအင်အား အများကြီးကို ရှင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… အဲဒါကြောင့် သူတို့တွေကို ထွက်ပြေးသွားအောင်ပဲ မောင်းထုတ်နိုင်ခဲ့တယ်…”

“မင်းတို့ ညီအစ်ကိုနှစ်ယောက်က မိဘတွေအတွက် ဒီသွေးကြွေးကို ပြန်ဆပ်ချင်တယ်ဆိုရင် ငါ့ကို ဆရာတင်နိုင်တယ်… ငါက မင်းတို့နှစ်ယောက်လုံးကို သိုင်းပညာတွေ သင်ပေးမယ်… မင်းတို့တွေ သိုင်းတတ်လာတဲ့ အခါကျရင် မင်းတို့ရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေအတွက် လက်တုံ့ပြန်နိုင်လိမ့်မယ်…”

ကျန်းချင်းရှီ သည် မျက်လုံး အပြူးသားဖြင့် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ သူသည် ခေတ္တခဏမျှ စဉ်းစားပြီးနောက် မည်သည့်စကားကိုမျှ ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ သို့သော် သူ့၏ ဒုတိယညီလေးသည် အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းသူ ဖြစ်သည်ဟု သူက ယူဆသည်။ သူဘဝတစ်လျှောက်လုံးတွင် ဤမျှစိတ်ရင်းကောင်းသော ထူးဆန်းသူတစ်ဦးကို တစ်ကြိမ်တစ်ခါမျှ ကြုံခဲ့ဖူးခြင်း မရှိပေ။

စွန်းယန်ဝမ် သည် ထိုကလေးနှစ်ဦးကို ကြည့်နေရင်း သူ့စိတ်ထဲတွင် ဂန္တဝင်ဆန်ဆန် ဇာတ်လမ်း များစွာက ရေလွှမ်းမိုးသလို ပေါ်ထွက်လာသည်။

မည်သို့ပင်ဆိုစေ မိသားစုနှင့် နွေးထွေးသော အိမ်ကို မပိုင်ဆိုင်ခဲ့သည့် သတ္တိရှိသော လူငယ်သည် ဂန္တဝင်ဇာတ်ဆောင် တစ်ဦး၏ ပုံစံမျိုး ဖြစ်နေသည်။ သူတို့တွင် ကြီးကျယ်ခမ်းနားသော ကံကြမ္မာများ ရှိနေပြီး အမျိုးမျိုးသော ထူးခြားသည့် အခွင့်အလမ်းများနှင့် ဆန်းကြယ်သော စွန်းစားခန်းများလည်း ကျိန်းသေပေါက် ဝန်းရံနေပေလိမ့်မည်။

လင်ကျင်းနှင့် ကျန်းဖန်အာ တို့သည် တိုင်ရီကျောင်းတော်တွင် နေထိုင်ခဲ့မည်ဆိုပါက ရာခိုင်နှုန်းအားဖြင့် ကိုးဆယ်ရာခိုင်နှုန်းသည် ကျန်းယွမ်ချောင် ၏ တပည့်များသာ ဖြစ်လာပေလိမ့်မည်။ ထိုအခါ သူတို့သည် ဆရာတူ ညီအစ်ကိုများအနေဖြင့် ပြိုင်ဘက်များ ဖြစ်သွားသည့် ဇာတ်လမ်းများ ဖြစ်လာနိုင်ဖွယ်ရှိသည်။

သို့သော် သူက တစ်ဖက်လှည့်ဖြင့် ကလေးနှစ်ဦးအား သူ့တပည့်များအဖြစ် လက်ခံလိုက်သည် ဆိုခြင်းက လေယူရာကို လိုက်လွှင့်သော အလံတစ်ခုကဲ့သို့ဖြစ်ပြီး ကံကောင်းခြင်း အနည်းငယ်ကို ရရှိနိုင်ပေလိမ့်မည်။

ဆရာတူညီအစ်ကို ဆိုသည့် ယှဉ်ပြိုင်ရသော ဆက်ဆံရေးနှင့် ဆရာတပည့်ဆိုသော အချင်းချင်း အမှီသဟဲပြုသည့် ဆက်ဆံရေးမျိုးက မည်သို့မျှ တူနိုင်စရာ အကြောင်းမရှိပေ။

လင်ကျင်း သည် ဤဘုန်းတော်ကြီးငယ်လေးက သူတို့အား တပည့်အဖြစ် လက်ခံရန် ကမ်းလှမ်းလာမည်ဟု လုံးဝ ထင်မှတ်မထားပေ။ သူသည် မွေးရာပါ ဉာဏ်ပညာ ထက်မြက်သူ တစ်ဦး ဖြစ်သော်လည်း လောက၏ အတွေ့အကြုံက လုံးဝမရှိသေးပေ။ သူက စိတ်ထဲတွင် အလျင်အမြန် စဉ်းစားလိုက်သည်။

“ဒီဘုန်းတော်ကြီးငယ် နှစ်ပါးက အဲဒီကြမ်းတမ်းတဲ့ လူဆိုးတွေကို မောင်းထုတ်ခဲ့တာဆိုတော့ သူတို့ရဲ့ သိုင်းပညာက သိပ်ကို မြင့်မားလိမ့်မယ်… သူတို့ အသက်ငယ်နေတာကို ကြည့်ပြီး ဆုံးဖြတ်လို့ မရလောက်ဘူး… လူတစ်ဦးရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး သူ့ကို ဆုံးဖြတ်တာက မှားယွင်းတဲ့ ယူဆချက်လို့ ငါသင်ခဲ့ရတာပဲ…”

ထို့နောက် ညီဖြစ်သူ၏ လက်ကို ဆွဲလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။

“လင်ကျင်းနဲ့ ကျန်းဖန်အာ တို့က ဆရာ့ရဲ့ တပည့်အဖြစ် ခံယူချင်ပါတယ်…”

စွန်းယန်ဝမ် က ကျန်းဖန်အာ ကို ကြည့်လိုက်သောအခါ ဤကလေးလေးသည် လိမ္မာပါးနပ်ခြင်း မရှိသေးသည်မှာ ထင်ရှားပြီး သူက လင်ကျင်း ၏ စကားအတိုင်း သံယောင်လိုက်လိုက်၏။

“ကျွန်တော် အစ်ကိုကြီး စကားကို နားထောင်ပါမယ်…”

“ကောင်းပြီလေ… ဒါဆိုရင် ငါတို့တွေ လမ်းဘေးမှာ ဆရာတပည့် ခံယူလိုက်ကြတာပေါ့…”

စွန်းယန်ဝမ် က ပြောလိုက်သည်။

လင်ကျင်း ဖြစ်စေ၊ ကျန်းဖန်အာ ဖြစ်စေ သူတို့သည် ဤဘုန်းတော်ကြီးငယ်သည် မည်သည့်အတွက်ကြောင့် ဤမျှ အလျင်စလို ဖြစ်နေသည်ကို နားမလည်သော်လည်း နာခံစွာဖြင့် လမ်းဘေးတွင် ဒူးထောက်ချလိုက်ကြသည်။

တစ်ဦးချင်းစီသည် ရှစ်ကြိမ်တိတိ ဦးညွှတ် အရိုအသေပြုလိုက်ပြီးနောက် စွန်းယန်ဝမ် ၏ တပည့်များနှင့် တိုင်ရီကျောင်းတော်၏ တတိယမျိုးဆက် တပည့်များအဖြစ်သို့ တရားဝင် ရောက်ရှိသွားခဲ့သည်။

အမှန်စင်စစ် သူတို့သည် ဆောင်ယန်ဂိုဏ်း၏ စတုတ္ထမျိုးဆက် တပည့်များလည်း ဖြစ်လာခဲ့သည်။

ကျန်းချင်းရှီ သည် ရယ်ချင်စိတ်ကို မျိုသိပ်လိုက်ပြီး ဆက်လက်ထွက်ခွာ လာခဲ့ကြသည်။ တိုင်ရီကျောင်းတော်သို့ ပြန်ရောက်လာသောအခါ စွန်းယန်ဝမ် သည် ကလေးနှစ်ဦးအတွက် နေရာထိုင်ခင်း စီစဉ်ပေးခဲ့ပြီး သူနှင့်အတူ နေရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်ရီကျောင်းတော်မှာ အနည်းငယ်ဆင်းရဲသောကြောင့် စောင်နှင့် အိပ်ယာအပိုတို့ မရှိပေ။

ကလေးနှစ်ဦးသည် စွန်းယန်ဝမ် ကျင့်ကြံမည့် သစ်သားကုတင်ပေါ်တွင် ထိုင်နေကာ ခေတ္တခဏမျှ ငိုကြွေးနေကြပြီးနောက် တစ်ဦးနှင့်တစ်ဦး နှစ်သိမ့်ကာ မကြာမီ မောပန်းစွာ အိပ်မောကျသွားကြသည်။

ကျန်းချင်းရှီ သည် လင်ကျင်း နှင့် ကျန်းဖန်အာ တို့ အိပ်ပျော်သွားသည်ကို မြင်သောအခါ စွန်းယန်ဝမ် ကို အပြင်သို့ ခေါ်ကာ မေးလိုက်သည်။

“ဒုတိယညီလေး… မင်းဆရာ့ရဲ့ အပြစ်တင်ခံရမှာကို မကြောက်မလန့်နဲ့ ကိုယ့်သဘောနဲ့ကိုယ် တပည့်တွေ မွေးနေတာလား…”

စွန်းယန်ဝမ် က ပြန်ဖြေသည်။

“တကယ်လို့ ဆရာက သဘောမတူဘူး ဆိုရင်တော့လည်း ဒီကလေးနှစ်ယောက်ကို မောင်းထုတ်လိုက်ရုံပဲပေါ့… တစ်ကြိမ်လောက် ဆူပူကြိမ်းမောင်း ခံရတာက အသားတစ်အောင်စတောင် လျော့သွားတာမှ မဟုတ်တာ… ဘာကို စိုးရိမ်နေစရာ ရှိလို့လဲ…”

ကျန်းချင်းရှီ သည် သူ့ဘဝတစ်လျှောက်တွင် ဤမျှအထိ ရှက်ရကောင်းမှန်း မသိသူမျိုးကို တစ်ခါမျှ မကြုံခဲ့ဖူးပေ။ သူက စိတ်ထဲတွင် တွေးလိုက်မိသည်။

“ဒုတိယညီလေးရဲ့ ဒီလိုစိတ်ဓာတ်မျိုးနဲ့တော့ နောင် ကျင့်ကြံခြင်း လောကမှာ သွားလာရင် လွယ်လွယ်ကူကူတော့ ဖြစ်မှာ မဟုတ်လောက်ဘူး…”

သူက နတ်ဆိုးသတ်ဓားကို ကမ်းပေးရင်း ပြောလိုက်သည်။

“ဒီဓားက မင်းရဲ့ဓား ပြန်ဖြစ်သွားပြီ…”

All Chapters