← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

“ထိပ်သီးဓားဂိုဏ်းဆယ်ခု၏ ဂုဏ်သိက္ခာ”

“ငါက ကင်းမြီးကောက်ဂိုဏ်းက လျိုအယ် ပဲ…”

ကျန်းချင်းရှီ အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်သည်။

“ဒါဆိုရင် မင်းက ကင်းမြီးကောက်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့သမီးပေါ့…”

အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ကျွန်မ အဖေက အခုလက်ရှိမှာ ဂိုဏ်းချုပ်မဟုတ်တော့ဘူး…”

ကျန်းချင်းရှီ သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ထပ်မမေးတော့ပေ။ ကင်းမြီးကောက်ဂိုဏ်းသည် သူ့ဘာသူ ဂိုဏ်းချုပ်ပြောင်းသည်ဖြစ်စေ၊ မပြောင်းသည်ဖြစ်စေ သူ့အတွက် ဘာအရေးတယူ လုပ်နေစရာ လိုအပ်ပါသနည်း။

ဤလောကသို့ မကြာသေးမီကမှ ရောက်ရှိလာသည့် စွန်းယန်ဝမ် အတွက်တော့ ဆရာနှစ်ပါးဖြစ်သော မိုဝူရွှယ်၊ ကျန်းယွမ်ချောင် တို့နှင့် နေထိုင်ရသည့်ကာလမှာ အလွန်နည်းပါး နေသေးသည်။ ထို့ကြောင့် သူတို့ထံမှ သိုင်းလောကနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများကို များများစားစား နားထောင်ဖူးခြင်း မရှိပေ။ ယင်းကြောင့် ကင်းမြီးကောက်ဂိုဏ်း က ဘာဆိုသည်ကို လုံးဝမသိချေ။

သူသည် တည်ငြိမ်နေသော စီနီယာဖြစ်သူကို မနေနိုင်စွာ မေးလိုက်၏။

“စီနီယာ… ကင်းမြီးကောက်ဂိုဏ်းက စွမ်းအားကြီးလား…”

ကျန်းချင်းရှီ က သဘောကျစွာ ပြုံးလိုက်ပြီး ဖြေသည်။

“ငါတို့ ဆရာသာ ဂိုဏ်းခွဲထွက်မလာခဲ့ဘူးဆိုရင် မင်းနဲ့ငါက ကင်းမြီးကောက်ဂိုဏ်းက နှစ်စဉ်ပေးပို့တဲ့ အခွန်ဘဏ္ဍာကို အမြဲတမ်း ရနေလိမ့်မယ်…”

စွန်းယန်ဝမ် အံ့အားသင့်သွားပြီး ထိပ်သီး ဓားဂိုဏ်းကြီးဆယ်ခုတွင် ဦးဆောင်သူဖြစ်ခြင်း၏ တန်ဖိုးကို နားလည်သွားသည်။ သူက အသံကို အတတ်နိုင်ဆုံး နှိမ့်ကာ ထပ်မံမေးမြန်းလိုက်၏။

“ဒါဆိုရင် သူတို့က ဂိုဏ်းထဲမှာလည်း နှစ်ခြမ်းကွဲနေပြီး ဂိုဏ်းတွင်း ပဋိပက္ခတွေ ဖြစ်နေတဲ့ ပုံစံမျိုးလား…”

ကျန်းချင်းရှီ က ခေါင်းရမ်းကာ ပြောလိုက်သည်။

“မဟုတ်ဘူး… ကင်းမြီးကောက်ဂိုဏ်းက ငါတို့ ဆောင်ယန်ဂိုဏ်းကို သစ္စာခံဖို့ တောင်းဆိုနိုင်တဲ့ အရည်အချင်း မရှိဘူး…”

စွန်းယန်ဝမ် သည် ဆောင်ယန်ဂိုဏ်း၏ ထင်ရှားကျော်ဇောမှုကို အထင်သေးမိပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူက အလျင်အမြန် မေးလိုက်၏။

“စီနီယာ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ….”

လျိုအယ် သည် ဘုန်းတော်ကြီးငယ် နှစ်ဦး၏ တီးတိုးတီးတိုး ပြောဆိုနေသည့် စကားများကို ကြားသောအခါ ရုတ်တရက် ရင်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး ချက်ခြင်း စဉ်းစားလိုက်မိသည်။

“ငါတို့ရဲ့ တောင်ပိုင်း အနောက်ဘက်ဒေသမှာ အခြေစိုက်တဲ့ ကင်းမြီးကောက်ဂိုဏ်းက ဂိုဏ်းကြီး သုံးဂိုဏ်းကိုပဲ နှစ်စဉ် လက်ဆောင် ဆက်သရတယ်… ရှောင်လင်ကျောင်းတော် ဆိုတာ ဗုဒ္ဓဘာသာဖြစ်တဲ့ အတွက် လာဘ်လာဘတွေကို သေချာပေါက် လက်ခံမှာ မဟုတ်ဘူး… ဒီဘုန်းတော်ကြီးငယ် နှစ်ပါးက နဂါးဂိတ် ဂိုဏ်းကများ ဖြစ်နေမလား…”

“သူတို့က ဆောင်ယန်ဂိုဏ်းကတော့ လုံးဝ မဖြစ်နိုင်လောက်ဘူး မဟုတ်လား…”

“နဂါးဂိတ်ဂိုဏ်းက သိပ်အစွမ်းထက်လွန်းလို့ သွားရန်မစသင့်ဘူး…”

“တကယ်လို့ ဆောင်ယန်ဂိုဏ်းကသာ ဖြစ်နေမယ်ဆိုရင်ကော…”

“ဒါက ငါတို့ ကင်းမြီးကောက်ဂိုဏ်းကို မပြောနဲ့ ငါတို့နောက်က ကြိုးကိုင်နေတဲ့ လူတွေတောင် ကြောက်ရမယ့်ကိစ္စ ဖြစ်သွားပြီ…”

“ဒါက တော်တော် အန္တရာယ်များလွန်းတယ်…”

လျိုအယ် သည် လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

“ဘုန်းတော်ကြီး နှစ်ပါးရဲ့ ဘွဲ့အမည်နဲ့ ဘယ်ဂိုဏ်းကနေ လာတယ်ဆိုတာ ကျွန်မ မသိရသေးပါဘူး….”

ကျန်းချင်းရှီ သည် ခပ်ဖွဖွပြုံးလိုက်ပြီး ပြန်ဖြေသည်။

“ဒါက မင်းသိဖို့ လိုလို့လား…”

စွန်းယန်ဝမ် စိတ်ထဲတွင် တွေးလိုက်မိ၏။

“စီနီယာက တကယ်ပွင့်လင်းတာပဲ… သေတော့မယ့် လူတစ်ယောက်ကို အသေးစိတ် ရှင်းပြနေတော့ကော ဘာများ ထူးခြားသွားမှာ မိုလို့လဲ…”

ယခုအခါ သူတို့ကြားတွင် ရန်ငြိုးရန်စရှိလာပြီ ဖြစ်သလို ကျန်းချင်းရှီ ကိုယ်တိုင်ကလည်း တုံးအသူ မဟုတ်ပေ။ သူသည် သတ်ဖြတ်ရန် ဆုံးဖြတ်ပြီး ဖြစ်သောကြောင့် နတ်ဆိုးသတ်ဓားကို ကိုင်ဆောင်ကာ လေထဲသို့ ခုန်တက်သွားပြီး ပြင်းထန်သော စွမ်းအားတစ်ခုဖြင့် ခုတ်ပိုင်းချလိုက်သည်။

စွန်းယန်ဝမ် ၏ မျက်လုံးများ တလက်လက်တောက်ပသွားပြီး စိတ်ထဲတွင် တိတ်တဆိတ် အားပေးလိုက်၏။

“စီနီယာ အခုတိုက်ခိုက်လိုက်တဲ့ ဓားကွက်က အစောပိုင်းက ဓားကွက်နဲ့ မတူတော့ဘူး… ဒီစွမ်းအားက တကယ်ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အရှိန်အဝါကလည်း ငါ့စိတ်နဲ့ တစ်ထပ်တည်းပဲ…”

လျိုအယ် သည် အံကိုတင်းတင်းကြိတ်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်သောအခါ ကြာပွတ်ရှည်ကြီး တစ်ချောင်း လက်ထဲတွင် ပေါ်ထွက်လာသည်။ ကြာပွတ်သည် လေထဲတွင် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး ကျန်းချင်းရှီ ဆီသို့ တိုးဝင်သွား၏။

ထိုကြာပွတ်သိုင်းကွက်ကို မြင်သောအခါ စွန်းယန်ဝမ် ၏ စိတ်ထဲတွင် အလွန်လေးနက်သွားပြီး တိတ်တဆိတ် ရေရွတ်လိုက်သည်။

“ဒီမိန်းမရဲ့ သိုင်းစွမ်းရည်ကလည်း ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ… သူမရဲ့ ကျင့်ကြံခြင်းအဆင့်က ဟူဖုန်းဝေ… ဆရာမို ဒါမှမဟုတ် စီနီယာ ကျန်းချင်းရှီ တို့ထက် သာလား မသာဘူးလား ဆိုတာ ငါ့မှာ ခွဲခြားနိုင်တဲ့ အရည်အချင်းမျိုး မရှိသေးဘူး…”

စွန်းယန်ဝမ် သည် ကျင့်ကြံခြင်း လောကထဲသို့ ဝင်ရောက်လာသည်မှာ လအနည်းငယ်သာ ရှိသေးသောကြောင့် သူ၏ ထိုးထွင်းသိမြင်နိုင်မှုနှင့် အတွေ့အကြုံတို့က ပြောပလောက်အောင် မရှိသေးပေ။

လျိုအယ် ၏ သိုင်းပညာအဆင့်သည် နိမ့်ကျခြင်း မရှိသော်လည်း ယခင်မျိုးဆက်မှ ထိပ်သီး နာယကကြီး၏ မြေးဖြစ်သူ၊ လက်ရှိခေတ် ဂိုဏ်းချုပ်ကြီး အဆင့်ရှိသူ၏ လက်ရင်းတပည့်ကြီး ဖြစ်သူ၏ မျက်လုံးထဲတွင် မည်သို့ အရေးပါနိုင်မည်နည်း။

ကျန်းချင်းရှီ သည် လျိုအယ် ၏ ကြာပွတ်ရှည်နှင့် တိုက်ခိုက်မှုကို အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိပေ။ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ဝင်ရောက်လာသော ကြာပွတ်သည် သူ့အနီးသို့ ရောက်သောအခါ စွမ်းအင်လှိုင်းတစ်ခု၏ တားဆီးခြင်းကို ခံရပြီး သူမ၏ တိုက်ခိုက်မှုကို လုံးဝချေဖျက် ပစ်လိုက်သည်။

လျိုအယ် သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားပြီး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားသည်။ သူမ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှ အစွမ်းထက်သော ဘုန်းတော်ကြီးငယ် တစ်ဦးအား မည်သည့်အခါကမျှ မတွေ့ခဲ့ဖူးခြင်း ဖြစ်သည်။ သူမ၏ စွမ်းရည်ဖြင့် မည်သို့မျှ မယှဉ်ပြိုင်နိုင်သည်ကို သိသောအခါ သူမသည် အလျင်အမြန် နောက်သို့ ဆုတ်ခွာလိုက်သည်။

တစ်ချိန်တည်းမှာပင် ကင်းမြီးကောက်ဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ကင်းမြီးကောက် ကြာပွတ်သိုင်းအား စွမ်းအားကုန် အသုံးပြုကာ ကြာပွတ်ကို အဆက်မပြတ် ရိုက်ချလိုက်ပြီး ကျန်းချင်းရှီ ၏ ဓားချက်အား တားဆီးရန် ကြိုးစားလိုက်သည်။

မီးတောက်မီးလျှံကြီးများ ဖုံးလွှမ်းနေသော ပတ်ဝန်းကျင်တွင် သူတို့နှစ်ဦး၏ ပုံရိပ်များက တထပ်ထပ် ဖြစ်ပေါ်လာကြသည်။ ထို့နောက် “ဖုန်း”ခနဲ ပေါက်ကွဲသံ တစ်သံကို ကြားလိုက်ရပြီး လျိုအယ် ၏ ကြာပွတ်သည် ကျန်းချင်းရှီ ၏ ဓားချက်အောက်တွင် အပိုင်းပိုင်း အစစ ပြတ်တောက်သွား၏။

ကျန်းချင်းရှီ သည် အလွန်ပေါ့ပါးစွာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး လှောင်ပြောင်လိုက်သည်။

“ဂိုဏ်းချုပ်ကြီးရဲ့ သမီးက စွမ်းရည်အချို့တော့ ရှိသားပဲ… ကျုပ်ရဲ့ ဓားချက်တစ်ချက်ကိုတောင် ခံနိုင်ရည် ရှိနေတယ်…”

လျိုအယ် သည် အစွမ်းကုန် ကြိုးစားခုခံ လိုက်သော်လည်း ကျန်းချင်းရှီ ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်သော ဓားချက်တစ်ချက်ကိုပင် ခံနိုင်ခြင်း မရှိသည်အထိ သူမ အားနည်း နေလိမ့်မည်ဟုတော့ မည်သည့်အခါကမျှ တွေးမိခဲ့ခြင်း မရှိပေ။

အရိုးများအထိ ထိုးဖောက် ဝင်ရောက်လာသော အေးစက်မှုက သူမ၏ ကျောရိုးတစ်လျှောက် “စိမ့်”ခနဲ ဖြစ်သွားစေပြီး မည်သည့်စကားကိုမျှ ပြန်လည် ခွန်းတုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။ သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“လျှို့ဝှက်လက်နက်တွေကို ပစ်လိုက်တော့…”

လျိုအယ် သည် သူမကိုယ်တိုင်မှာ ကျန်းချင်းရှီ ထက် အသက် ဆယ်နှစ်ကျော်ခန့် ပိုကြီးပြီး ကျင့်ကြံခြင်း တွင်လည်း အစွမ်းကုန် ကြိုးစားခဲ့သောကြောင့် ဤလောက၌ သူမ၏ စွမ်းရည်က လုံးဝနိမ့်ကျခြင်း မရှိဟု ထင်မြင်မိခဲ့သည်။

သူမ၏ ဘဝတွင် လူအနည်းငယ်လောက်သာ သူမ၏ ပြိုင်ဘက်ဖြစ်ခဲ့ပြီး ဤ ဘုန်းတော်ကြီးငယ်လေးသည် နဂါးဂိတ်ဂိုဏ်း၊ သို့မဟုတ် ဆောင်ယန်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်သည် ဆိုလျှင်ပင် အသက်အရွယ် ငယ်ရွယ်လွန်းမှုကြောင့် သူမထက် မည်သို့မျှ စွမ်းအား ပိုမကြီးနိုင်ဟုသာ ယူဆခဲ့သည်။

သို့သော် အမှန်တကယ် တိုက်ခိုက်ကြသောအခါ သူမ၏ အထင်နှင့်အမြင်က တက်တက်စင်အောင် လွဲချော်သွားပြီ သူမ မည်မျှအထိ မိုက်မဲခဲ့သည် ဆိုသည်ကို နားလည်သွားသည်။ ကျန်းချင်းရှီ ၏ ဓားပညာသည် အလွန်ကြောက်မက်ဖွယ် ကောင်းအောင် စွမ်းအားကြီးပြီး သူမ၏ ဖခင်ဖြစ်သူ ကင်းမြီးကောက် ဂိုဏ်းချုပ်ဟောင်းပင်လျှင် ကျန်းချင်းရှီ ၏ ပြိုင်ဘက် ဖြစ်လိမ့်မည်မဟုတ်ပေ။

ထို့အပြင် ဘေး၌ အသင့်ကူညီရန် စောင့်ဆိုင်းနေသော အခြား ဘုန်းတော်ကြီးငယ်လေး တစ်ဦးကလည်း အဆင်သင့် ရှိနေ၏။

စွန်းယန်ဝမ် သည် သိုင်းပညာအား လအနည်းငယ်လောက်သာ ကျင့်ကြံရသေးသူ ဖြစ်ကြောင်းကိုတော့ သူမ သိရှိခြင်း မရှိပေ။ ကျန်းချင်းရှီ ကဲ့သို့ ကျန်းယွမ်ချောင် ၏ အနီးကပ် ညွှန်ကြားပြသမှုဖြင့် ကြီးပြင်းလာခဲ့သော တပည့်မျိုးနှင့် သိုင်းပညာ အဆင့်အတန်းချင်း မိုးနှင့်မြေလို ကွာခြားသည် ဆိုသည်ကိုလည်း သူမ မသိပေ။

ကင်းမြီးကောက်ဂိုဏ်းသည် ဤတစ်ကြိမ် ကိစ္စအတွက် လူရာပေါင်းများစွာကို ခေါ်ဆောင်လာခဲ့ပြီး အချို့နေရာများ၌ လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည် မှန်သော်လည်း ယင်းက အင်အား တောင့်တင်းနေဆဲ အခြေအနေသာ ဖြစ်သည်။ ထို့ကြောင့် မရေမတွက်နိုင်သော လျှို့ဝှက်လက်နက် များစွာသည် ကောင်းကင်ထက်မှ မိုးရွာချသကဲ့သို့ တစ်ပြိုင်နက်တည်း ကျဆင်းလာသည်။

ကျန်းချင်းရှီ က ကျယ်လောင်စွာ အော်ဟစ်လိုက်သောအခါ နတ်ဆိုးသတ်ဓား သည် သူ့ခန္ဓာကိုယ် အနီးတစ်ဝိုက်တွင် သက်တန့်တစ်ခုကဲ့သို့ ဖြာထွက်လာပြီး လျှို့ဝှက် တိုက်ခိုက်လာသော လက်နက် အားလုံးကို တချွင်ချွင် ရိုက်ထုတ်ပစ်လိုက်သည်။

စွန်းယန်ဝမ် ဆီတွင်တော့ ထိုကဲ့သို့ စွမ်းရည်မျိုး မရှိပေ။ သူသည် ဓားကို အသဲအသန် ဝှေ့ရမ်းလိုက်ပြီး သူ့ဆီကို လွင့်စင်လာသော လက်နက်ပုန်းများကို ကာကွယ်ရင်း မီးလောင်နေသော အိမ်တစ်လုံး၏ နောက်သို့ ကမန်းကတန်း ဝင်ရောက်ပုန်းအောင်း လိုက်သည်။

ကျန်းချင်းရှီ သည် တစ်ဦးတည်းဆိုပါက အနည်းငယ်မျှ ဂရုစိုက်စရာ မလိုသော်လည်း သူကာကွယ်ပေး ရမည့်သူ တစ်ဦး ပိုလာသောအခါ မဆင်မခြင် တိုက်ခိုက်ရဲခြင်း မရှိဘဲ စွန်းယန်ဝမ် ၏ အနီးသို့ ပြန်လည်ဆုတ်ခွာရင်း ကာကွယ်ပေးလိုက်သည်။

လျိုအယ် သည် အခွင့်အရေး ရသည်နှင့် ချက်ခြင်းဆိုသလို နောက်လှည့်ပြေးတော့သည်။ သူမသည် သူမ၏ လူများကိုပင် ဂရုမစိုက်တော့ဘဲ ပျံသန်းခြင်းစွမ်းရည်ကို အသုံးပြုကာ အလျင်မြန်ဆုံး ထွက်ပြေးသွားခဲ့သည်။ ကျန်းချင်းရှီ၏ နောက်တစ်ကြိမ် တိုက်ခိုက်လာမည့် ဓားချက်ကို သူမ လုံးဝခုခံနိုင်တော့မည် မဟုတ်ကြောင်း ရာနှုန်းပြည့် သေချာနေသောသည်။

ထို့ကြောင့် ဆက်လက်တိုက်ခိုက်လျှင်လည်း ကျောက်တုံးကို ကြက်ဥနှင့် ပေါက်သလိုသာ ဖြစ်မည် ဖြစ်သောကြောင့် သူမ၏ လူများကိုပါ စွန့်လွှတ်ခဲ့သည်။ ကျန်းချင်းရှီ က သက်ပြင်းတစ်ချက် ချကာ ပြောလိုက်၏။

“ဒီအမျိုးသမီးရဲ့ တုံ့ပြန်မှုက တကယ်ကို မြန်တာပဲ… သူမ ဒီတစ်ကြိမ်တော့ အသက်ရှင်ခွင့် ရသွားပြီ… ဒါပေမဲ့ ကင်းမြီးကောက်ဂိုဏ်းရဲ့ လက်ချက်ဆိုတာကို ငါတို့ သိခွင့်ရခဲ့ပြီပဲ… နောက်မှ သူတို့နောက်ကို လိုက်သွားပြီး ဘောင်ချာစုတ်ကြတာပေါ့…”

စွန်းယန်ဝမ် သည် ကျန်းချင်းရှီ ၏ နတ်ဘုရားဆန်ဆန် ဓားချက် တစ်ချက်တည်းဖြင့် လျိုအယ် အား ထွက်ပြေးစေခဲ့သည်ကို မြင်သောအခါ သူ့အပေါ် အလွန်အမင်း အထင်ကြီး လေးစားသွားမိသည်။

“စီနီယာပြောတာ အမှန်ဆုံးပဲ…”

ကင်းမြီးကောက် ဂိုဏ်းသားများသည် လက်နက်ပုန်းများဖြင့် တိုက်ခိုက်လိုက်ပြီးနောက် လျိုအယ် ထွက်ပြေးသွားသည်ကို မြင်သောအခါ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် သွေးကဲ့သို့ နီရဲနေသော မျက်နှာပိုင်ရှင် လူထွားကြီး တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်၏။

“လျိုအယ် စစ်မြေပြင်ကနေ ထွက်ပြေးသွားပြီ… သူ့ကို ဂိုဏ်းချုပ်ကိုယ်တိုင် အပြစ်ပေးလိမ့်မယ်… မင်းတို့အားလုံး မကြိုးစားဘူးဆိုရင် ဘယ်လိုပြစ်ဒဏ်မျိုးက မင်းတို့ကို စောင့်နေတယ်ဆိုတာ သိတယ် မဟုတ်လား…”

ထိုအချိန်တွင် စိတ်ဓာတ်များ ကျဆင်းနေပြီဖြစ်သော ကင်းမြီးကောက် ဂိုဏ်းသားများသည် မတတ်သာစွာဖြင့် ၎င်းတို့၏ လက်နက်များကို ဆွဲထုတ်ကာ အရပ်မျက်နှာပေါင်းစုံမှ ပြေးဝင် တိုက်ခိုက်လာကြသည်။

ကျန်းချင်းရှီ က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။

“ဒုတိယညီလေး… ငါ ဒီရန်သူတွေကို ဘယ်လို ရှင်းပစ်မလဲဆိုတာ သေချာကြည့်ထား…”

စွန်းယန်ဝမ် စိတ်ထဲတွင် စဉ်းစားလိုက်မိ၏။

“ဒီကောင်တွေဘက်ကသာ လက်နက်ပုန်းတွေ သုံးမလာဘူးဆိုရင် ငါလည်း စီနီယာအစ်ကိုကို ကောင်းကောင်း ကူညီပေးနိုင်တယ်… ဒါပေမဲ့ သူတို့က လက်နက်ပုန်းတွေ သုံးနေတော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး… ဟူမိသားစုရဲ့ နတ်ဆိုးသတ်ဓားသိုင်းကို ငါ ဒီထက်ပိုပြီး ထိရောက်အောင် လေ့ကျင့်ဖို့ လိုနေပြီ…”

ကျန်းချင်းရှီ သည် ဓားကိုကိုင်ဆောင်ကာ ကင်းမြီးကောက် ဂိုဏ်းသားများ၏ အလယ်သို့ တရှိန်ထိုး ဝင်ရောက်သွားပြီး သူ့၏ လှုပ်ရှားမှုတိုင်းက မျောလွင့်နေသော တိမ်တိုက်များကဲ့သို့ ထင်ရသည်။ သူ့၏ ခန္ဓာကိုယ်သည် အလွန်ပျော့ပျောင်းကာ ရှေ့ဘက်သို့ သွားမည်ဟု အထင်ရှိချိန်တွင် နောက်ဘက်သို့ ရောက်ရှိသွားတတ်သည်။

တစ်ခါတရံတွင် ဘယ်ဘက်သို့ လှည့်နေသော်လည်း ညာဘက်သို့ တိုက်ခိုက်တတ်၏။ သူ့လက်တွင်းမှ ဓားသည် ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ လေထဲတွင် ယိမ်းထိုး လှုပ်ရှားနေပြီး စက္ကန့်ပိုင်း အတွင်းမှာပင် ရန်သူ တစ်ဒါဇင်ကျော်သည် မြေပြင်ထက်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။

ဤ တိုင်ရီကျောင်းတော်၏ ထိပ်သီးပါရမီရှင်သည် အသက်ငယ်ရွယ် သေးသော်လည်း သိုင်းလောကအတွင်း လှည့်လည်သွားလာခဲ့သော အတွေ့အကြုံက အမှန်တကယ် ကြွယ်ဝလွန်းသည်။

အစောပိုင်းက လျိုအယ် သည် အနည်းငယ်သော တိုက်ခိုက်မှုဖြင့်ပင် ထွက်ပြေးသွားသော်လည်း မျက်နှာနီနီနှင့် လူထွားကြီးက ဆက်လက် အမိန့်ပေးနေသည်ကို ကြည့်ခြင်းအားဖြင့် ကင်းမြီးကောက် ဂိုဏ်း၌ ဂိုဏ်းတွင်းပဋိပက္ခများ ရှိနေပြီး လျိုမိသားစုကလည်း ဂိုဏ်းအား ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်က ထင်ရှားနေသည်။

“ဒီလူကလည်း ခေါင်းဆောင်တစ်ယောက်ပဲ… သူ့ကို အရင်သတ်ရမယ်…”

ကျန်းချင်းရှီ သည် လေဟုန်စီး ပညာရပ်ကို ထုတ်ဖော် အသုံးပြုလိုက်သောအခါ ကြိုးကြားတစ်ကောင် ကောင်းကင်ထက်သို့ ပျံတက်သွားသလို အပေါ်ကို ချက်ခြင်း ခုန်တက်သွားသည်။ သူ့၏ ခန္ဓာကိုယ်သည် တိမ်တိုက်ကဲ့သို့ ရွေ့လျားပျံဝဲနေပြီး မျက်နှာနီ လူထွားကြီးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။

ဤ မျက်နှာနီ လူထွားကြီးမှာလည်း ကျန်းချင်းရှီ သည် ငယ်ရွယ်သေးသလို သူ့၏ ကျင့်ကြံခြင်း အဆင့်အတန်းက ထိုမျှအထိ မြင့်မားနေလိမ့်မည်ဟု အမှန်တကယ် ထင်မှတ်မထားခဲ့ပေ။ ရာနှင့်ချီသော လူအုပ်ကြီးဖြင့် ဝိုင်းဝန်းတိုက်ခိုက်နေသည့် အချိန်မှာပင် အလွန်သက်သောင့်သက်သာ ဖြစ်နေသော သူ့ပုံစံကို မြင်သည့်အခါ လူထွားကြီး ၏ စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့် သွားမိသည်။

သူသည် ကြောက်လန့်တကြားဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာရန် ကြိုးစားသော်လည်း ယင်းက ဖြစ်နိုင်ချေ အရမ်းနည်းသွားပြီ ဖြစ်သည်။

သူ့၏ ကျင့်ကြံမှု အဆင့်အတန်းသည် လျိုအယ် ထက် နိမ့်ကျသလို၊ လှုပ်ရှားမှုပိုင်းတွင်လည်း ကြီးကြီးမားမား ကွာခြားချက်များ ရှိနေသည်။ ကျန်းချင်းရှီ သည် ပေါ့ပေါ့ပါးပါး ဓားချက်တစ်ခုကို ဖော်ထုတ်လိုက်ပြီး လေပေါ်မှတစ်ဆင့် ၎င်း၏ နောက်သို့ ရောက်ရှိသွားချိန်တွင် လူထွားကြီး၏ ခန္ဓာကိုယ်သည် မြေပြင်ထက်သို့ တအိအိ လဲပြိုကျသွားတော့သည်။

All Chapters