အခန်း (၁၅)
Vol. 2 Ch. 15
“မဟာဆောင်ယန် နတ်ဓား”
“ဒီတစ်ခေါက် လုပ်ရမယ့် ကိစ္စက အကျိုးဆက် ကြီးမားလွန်းလို့ ဘယ်လို အမှားအယွင်းမှ မရှိအောင် သေချာလုပ်မှရမယ်… ဒီဘုန်းကြီးငယ်လေး နှစ်ယောက်ကို သတ်ပြီးမှ ဝူချင်းယင် ကို အရှင်ဖမ်းရမယ်… ကျောင်းတော်ကို မီးရှို့လိုက်ရင် သူတို့ ဆရာ ပြန်ရောက်လာရင်တောင် ငါတို့ ကင်းမြီးကောက်ဂိုဏ်း လက်ချက်ဆိုတာ သေသေချာချာ စုံစမ်းနိုင်မှာ မဟုတ်တော့ဘူး…”
“တစ်ယောက်မှ အရှင်မထားနဲ့…”
စက္ကူဖြူ တစ်ရွက်လို ဖြူရော်နေသည့် မျက်နှာပိုင်ရှင် လူထွားကြီးက အံကိုတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။ ၎င်းသည် ခါးတွင်ချိတ်ထားသည့် ဓားကို ဆွဲထုတ်ကာ နောက်လိုက် နှစ်ဆယ်ကျော်ကို ဦးဆောင်ပြီး ကျန်းချင်းရှီ ဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
စွန်းယန်ဝမ် သည် သူ့စီနီယာ ၎င်းတို့အား အနိုင်မယူနိုင်မည်ကို စိုးရိမ်သောကြောင့် နတ်ဆိုးသတ်ဓား ကို အလျင်အမြန် ပစ်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း အခြား ဓားတစ်လက်၏ ဓားရိုးကို ဆုပ်ကိုင်ကာ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ်မျှ မရှိတော့ပေ။
ယနေ့ မနက်တွင် သူသည် လူများစွာကို သတ်ဖြတ်ခဲ့ဖူးပြီး ဖြစ်သလို ဟူမိသားစု၏ နတ်ဆိုးသတ် ဓားသိုင်းမှာလည်း အလွန်အဆင့်အတန်း မြင့်မားကာ သာမန် ကျင့်ကြံသူများ၏ ကျင့်စဉ်များထက် အဆပေါင်းများစွာ ပိုမိုသာလွန်ကြောင်း သိထားသည်။
တစ်ဖက်ရန်သူသည် လူအင်အား တစ်ခုသာ များနေပြီး မည်သို့မျှ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ကြောင်း သိနေသောကြောင့် အရေအတွက် နှင့် အရည်အချင်း က ထိုနေရာတွင် စကားပြောပေလိမ့်မည်။
ကျန်းချင်းရှီ က လက်ကို ဆန့်ထုတ်လိုက်ပြီး နတ်ဆိုးသတ်ဓားကို “ဆတ်”ခနဲ ဖမ်းယူရင်း ပြုံးလိုက်၏။ သူသည် အလွန်လျင်မြန်သော အရှိန်နှင့် ခေါင်းဆောင်လူထွားကြီး ထံ ပြေးဝင်သွားရင်း အော်ဟစ် လိုက်သည်။
“ဒုတိယညီလေး… သေသေချာချာ ကြည့်ထား…”
ဤခေါင်းဆောင်၏ ဓားပညာသည် ယနေ့မနက် စွန်းယန်ဝမ် သတ်ခဲ့သော ခေါင်းဆောင်ထက်တော့ များစွာပိုမိုထူးချွန်သည်။ ၎င်းတို့သည် သက်သေသာဓက အားလုံးကို ဖျောက်ဖျက်ရန် ရည်ရွယ်ထားသောကြောင့် မည်သည့်ခွန်အားကိုမျှ ထိန်ချန်မထားဘဲ တိုက်ခိုက်ကြ၏။
ဓားသွားများသည် လျှပ်စီးတန်းများကဲ့သို့ ထွက်ပေါ်လာပြီး အလွန်ကြောက်မက်ဖွယ် စွမ်းအားများက နေရာအနှံ့အပြားမှ ဝင်ရောက်လာကြသည်။
စွန်းယန်ဝမ် ၏ ရင်သည် တဒိန်းဒိန်းခုန်ပေါက်လာပြီး ဓားပေါ်တွင် တင်ထားသော လက်ဖဝါးထက်မှ ချွေးစေးအနည်းငယ် စို့လာကာ စိတ်ထဲတွင်လည်း တိတ်တဆိတ် စဉ်းစားလိုက်မိသည်။
“ဒီ လူမမာ မျက်နှာနဲ့လူက တော်တော်လေးတော့ ကြမ်းတမ်ဟ… ဒီလောက် စွမ်းအားကြီးတဲ့ ဓားချက်နဲ့ တိုက်ခိုက်ခံရရင် ငါ တစ်ချက်တောင် ခံနိုင်မှာ မဟုတ်လောက်ဘူး…”
ကျန်းချင်းရှီ သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သောအခါ သူ၏ ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးစွာ ယိမ်းနွဲ့သွားပြီး “လှစ်”ခနဲ ဘေးသို့ အသာအယာ ရှောင်တိမ်းသွားသည်။ ထိုအခါ ခေါင်းဆောင် လူထွားကြီး တိုက်ခိုက်လိုက်သော ဓားချက်က လေကိုသာ ပိုင်းဖြတ်မိသွားသည်။
ကျန်းချင်းရှီ သည် မျက်လှည့်ဆန်သော တိကျမှုမျိုးဖြင့် ဓားကို ပုံရိပ်ယောင်ကဲ့သို့ ဝှေ့ရမ်းလိုက်သည်။ သူ့၏ ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီးနောက် ကျယ်လောင်သော ပြတ်ရှသော တစ်ချက်ကို ကြားလိုက်ရပြီး ခေါင်းဆောင်လူထွားကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ပခုံးနေရာမှ နံရိုးအထိ ကန့်လန့်ဖြတ် သွေးစင်းကြောင်းရာကြီး တစ်ခု ထွက်ပေါ်လာသည်။
စွန်းယန်ဝမ် အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားပြီး အလွန်မယုံကြည်နိုင်စွာ ရေရွတ် လိုက်မိသည်။
“ငါ့စီနီယာက တော်တော်လေး ကြောက်စရာ ကောင်းတာပဲ…”
အမှန်တွင် ထိုခေါင်းဆောင် လူထွားကြီးသည် ကျင့်ကြံခြင်း လောကထဲတွင် အထိုက်အလျောက် နာမည်ကျော်ကြားသူ တစ်ဦးဖြစ်သည်။ တာလန် နိုင်ငံတွင် သတ်မှတ်ထားသော သိုင်းကိုးဆင့် အဆင့်သတ်မှတ်ချက်အရ ၎င်းသည် အဆင့်ရှစ် အဆင့်တွင်ရှိသော ကျင့်ကြံသူဖြစ်ပြီး သွေးကြောကြီး ငါးခု၊ သို့မဟုတ် ထို့ထက် ပိုများသော သွေးကြောများကို ဖွင့်လှစ်ထားနိုင်သူ ဖြစ်သည်။
ကင်းမြီးကောက်ဂိုဏ်း အတွင်း ၎င်းသည် ကိုယ်ပိုင်ဒေသ တစ်ခုကို အုပ်ချုပ်ရသော ဂိုဏ်းခွဲခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ သိုသော် ကံဆိုးစွာဖြင့် ကျန်းချင်းရှီ နှင့် တည့်တည့် လာဆုံခဲ့ရသည်။
ကျန်းချင်းရှီ သည် အသက်ငယ်သော်လည်း ဆောင်ယန်ဂိုဏ်း၏ တတိယမျိုးဆက် တပည့်များထဲတွင် သိုင်းပညာ အတော်ဆုံးသူများထဲမှ တစ်ဦးဖြစ်ပြီး အချို့သော နှစ်နှစ်ဆယ်၊ သုံးဆယ်ကြာ ကျင့်ကြံခဲ့သည့် စီနီယာ တပည့်များသည်ပင် သူ့ကို ယှဉ်နိုင်ခြင်း မရှိတော့ပေ။
ဆောင်ယန်ဂိုဏ်းအား စတင်တည်ထောင်ခဲ့သူ ဖုန်းဘိုးဘေးကြီး၏ သွေးသား၊ ဤကမ္ဘာ၏ ပြိုင်ဘက်ကင်း ဂိုဏ်းချုပ်ကြီး ငါးဦးထဲမှ တစ်ဦးဖြစ်သော ကျန်းယွမ်ချောင် ၏ တပည့်ရင်း ဖြစ်သူနှင့် သာမန်အဆင့်သာ ရှိသော ကျင့်ကြံသူတစ်ဦး တို့သည် မည်သည့်နည်းနှင့်မျှ ပြိုင်ဘက်ဖြစ်လာစရာ အကြောင်းမရှိပေ။
ထိုခေါင်းဆောင် လူထွားကြီးကို သတ်ပြီးနောက် ကျန်းချင်းရှီ ထံ၌ မည်သည့် သနားကြင်နာမှုမျှ မကျန်တော့ပေ။ သူ့လက်အတွင်းမှ ဓားသည် လျှပ်ပြက်သလို လှုပ်ရှားနေပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ရန်သူ ငါးဦး၊ ခြောက်ဦးကို သတ်ဖြတ်ပစ်လိုက်သည်။
သူသည် ဒုတိယညီလေးအား ဂိုဏ်း၏ ဓားကွက်များ သင်ကြားပေးရန် တိုက်ခိုက်မှု အရှိန်အဟုန်ကို အတတ်နိုင်ဆုံး နှေးကွေးထားခဲ့သည်။ ထို့သို့သာ မဟုတ်လျှင် ယခုအချိန်တွင် ကျူးကျော်လာသူ အားလုံး သူ့ဓားချက်အောက်တွင် သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။
စွန်းယန်ဝမ် သည် မျက်တောင်တစ်ချက် မခတ်ဘဲ အစွမ်းကုန် ပြူးပြဲကာ လိုက်လံကြည့်ရှု နေသော်လည်း သူ့စီနီယာ၏ လက်တွင်းမှဓားသည် အသက်ဝင်လာပြီး ကိုယ်ပိုင်ဝိညာဉ်တစ်ခု စွဲကပ်လာသလိုသာ မြင်လာရသည်။ သူ စိတ်ထဲတွင် တွေးလိုက်မိ၏။
“စီနီယာရဲ့ ကျင့်ကြံမှု အဆင့်အတန်းက ဆရာ မိုဝူရွှယ် အောက် လုံးဝ မနိမ့်ကျလောက်ဘူး… ငါတို့ ဆောင်ယန်ဂိုဏ်းရဲ့ ဓားသိုင်းဆိုတာကလည်း နတ်ဆိုးသတ်ဓားသိုင်းထက် ဘယ်နည်းနဲ့မှ မလျှော့ဘူး…”
အမှန်စင်စစ်တွင် နတ်ဆိုးသတ် ဓားသိုင်းသည် ရုပ်ခန္ဓာစွမ်းအား အပေါ်တွင် အလွန်မှီခိုပြီး ချီစွမ်းအင်ကို အဓိက အသုံးပြုကာ ဓားအပေါ်ထိန်းချုပ်ရခြင်း ဖြစ်သည်။ သိုင်းကွက်အပြောင်းအလဲ များသည် များစွာ အရေးမကြီးလှပေ။ ထို့ကြောင့်လည်း စွန်းယန်ဝမ် သွေးကြောတစ်ခု ပွင့်လာသည်နှင့် တစ်ပြိုင်နက် ဓားကျင့်စဉ် အဆင့်အတန်းကလည်း လိုက်ပါမြင့်တက်လာခြင်း ဖြစ်သည်။
သို့သော် လှည့်ကွက်အချို့နှင့် ခမ်းနားကြီးကျယ်သော မျက်စိပသာဒ ဖြစ်မှုတွင်တော့ ကျန်းချင်းရှီ အသုံးပြုနေသည့် ဆောင်ယန်ဂိုဏ်း၏ မဟာဆောင်ယန်နတ်ဓား ကျင့်စဉ်ကို မည်သို့မျှ မယှဉ်နိုင်ပေ။
မဟာဆောင်ယန် နတ်ဓား ဆိုသည်မှာ ဆောင်ယန်ဂိုဏ်း၏ ဓားရှည်၊ ဓားတို စုစုပေါင်း တစ်ဆယ့်ကိုးမျိုးသော ဓားကျင့်စဉ်များထဲတွင် အခမ်းနားဆုံးသော ကျင့်စဉ်တစ်ခုဖြစ်ပြီး လျှပ်စီးမုန်တိုင်းလို ပြင်းထန်လွန်းသည်။
အကယ်၍ ဆောင်ယန်ဂိုဏ်းမှ မည်သူမဆို ထိုကျင့်စဉ်အား အထွဋ်အထိပ် အဆင့်သို့ လေ့ကျင့်ထားမည် ဆိုလျှင် ထိုအရာတစ်ခုတည်းနှင့် သိုင်းလောကအတွင်း နာမည်တစ်လုံး ရယူနိုင်စွမ်း ရှိသည်။
မူလက စွန်းယန်ဝမ် ဆီသို့ ပြေးဝင်လာသူမှာ လူခြောက်ဦး၊ ခုနှစ်ဦးခန့် ရှိနေသော်လည်း ကျန်းချင်းရှီ ၏ စက်ကဲ့သို့ သတ်ဖြတ်မှုများက အလွန်ကြမ်းတမ်း ပြင်းထန်သည်။ ခေါင်းဆောင်ဖြစ်သူမှာပင် ဓားချက်တစ်ချက်ဖြင့် အသတ်ခံလိုက်ရပြီး အခြားသူများမှာလည်း လမ်းဘေးမှ မြက်များ မြက်ဖြတ်စက်နှင့် ဖြတ်ခံနေရသကဲ့သို့ တဘိုင်းဘိုင်း လဲကျသေဆုံးနေသည်ကို မြင်သောအခါ ထိုသူများသည် ရှေ့ကို အနည်းငယ်မျှ ထပ်မံတိုးဝံ့ခြင်း မရှိတော့ပေ။
သူတို့အားလုံးသည် တိုင်ပင်ထားသကဲ့သို့ နောက်ကို တရကြမ်း လှည့်ထွက်ပြေးကြ၏။
သို့သော် ဤသာမန်အဆင့်သာရှိသော ကျင့်ကြံသူများတွင် အများစုသည် အခြေခံအကျဆုံး လှုပ်ရှားမှု စွမ်းရည်ကိုပင် ကောင်းစွာ အသုံးမချနိုင်သေးသူများ ဖြစ်နေသည်။ ထို့ကြောင့် ဆောင်ယန်ဂိုဏ်း ဘိုးဘေးကြီးထံမှ အမွေဆက်ခံရရှိထားသော လေဟုန်စီးကျင့်စဉ် အောက်တွင် တစ်ဦးတစ်ယောက်မျှ လွတ်မြောက်ခြင်း မရှိဘဲ အကုန်လုံး သတ်ဖြတ်ခံလိုက်ရ၏။
ကျန်းချင်းရှီ သည် လေထဲတွင် ပျံဝဲနေသော ကြိုးကြာငှက် တစ်ကောင်ကဲ့သို့ ကျင်လည်စွာ လှုပ်ရှားရင်း ရန်သူများကို တစ်ယောက်ချင်းစီ လိုက်လံ သတ်ဖြတ်နေသည်။ စွန်းယန်ဝမ် သည် ထိုမြင်ကွင်းကို မြင်ရသောအခါ အလွန်အံ့အားသင့်သွားပြီး စိတ်ထဲတွင် စဉ်းစားလိုက်မိ၏။
“ငါ့ စီနီယာရဲ့ ပျံသန်းနိုင်တဲ့ စွမ်းရည်က ဆရာမိုဝူရွှယ် ထက် ဘယ်လိုမှ နိမ့်ကျမှုမရှိဘူး...”
သူက ရုတ်တရက် ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိပြီး အလျင်အမြန် အော်ဟစ်လိုက်၏။
“စီနီယာ…. မြို့ထဲကို မြန်မြန်သွားရအောင်… ဒီလူတွေနဲ့ အတူတူပါလာတဲ့သူတွေ မြို့ထဲမှာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်နေလောက်ပြီ…”
ကျန်းချင်းရှီ သည် ဆရာဖြစ်သူနှင့်အတူ သိုင်းလောကအတွင်း လှည့်လည်သွားလာဖူးသူ ဖြစ်သောကြောင့် စွန်းယန်ဝမ် ထက် အတွေ့အကြုံ ပိုများသည်။ သူက သက်ပြင်းရှည် တစ်ချက်ကို ချလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိ၏။
“ဒီလူတွေရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ စွန်းထင်းနေတဲ့ သွေးစက်တွေကို ကြည့်တာနဲ့ မြို့ထဲကလူတွေ အကုန်လုံး ဘယ်လိုမှ ကံကောင်းနိုင်မှာ မဟုတ်တော့ဘူး… ဒါပေမဲ့ ဒီကိစ္စကို ဒုတိယညီလေးကို ပြောပြလို့ အဆင်မပြေလောက်ဘူး… အရင်ဆုံး မြို့ထဲကို သွားကြည့်တာပေါ့…”
“မြင်းတွေ သွားယူလိုက်…”
ကျန်းချင်းရှီ က မြင်းများယူလာရန် ပြောသည့်အခါ စွန်းယန်ဝမ် ချက်ခြင်း နားလည်သွားသည်။ သူသည် အကောင်းဆုံး မြင်းနှစ်ကောင်ကို ရွေးချယ်လိုက်ပြီး မြို့ဆီသို့ အလျင်အမြန် ထွက်ခွာလာခဲ့ရာ မကြာမီမှာပင် တောင်ခြေမှ မြို့ငယ်လေးကို ရောက်ရှိလာသည်။
ညီအစ်ကို နှစ်ယောက်သည် အဝေးဆီမှပင် မြို့အတွင်း၌ မီးများတဟုန်းဟုန်း တောက်လောင် နေသည်ကို မြင်လိုက်ရ၏။ စွန်းယန်ဝမ် ၏ မျက်လုံးများသည် ချက်ချင်းဆိုသလို နီရဲလာပြီး လူများကို ကယ်ဆယ်ရန် ရည်ရွယ်ချက်ဖြင့် မြင်းကို မြို့ထဲအထိ တရကြမ်း စီးနင်းလာခဲ့သည်။
သို့သော် မြို့တွင်းရှိ နေရာတိုင်းတွင် အလောင်းများသာ တွေ့ရပြီး တစ်မြို့လုံးမှ လူရာပေါင်းများစွာသည် သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သူ ထိတ်လန့်အံ့ဩစွာ မြင်လိုက်ရသည်။
စွန်းယန်ဝမ် ၏ စီးဆင်းနေသော သွေးအားလုံး ဦးနှောက်ဆီသို့ “ဝုန်း”ခနဲ စောင့်တက်သွား၏။ သူသည် တိုးတက်ထွန်းကားသော ခေတ်တစ်ခုမှ ရောက်ရှိလာသော လူတစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် ဆိုရှယ်မီဒီယာ ပေါ်တွင် မတရားမှုများ တွေ့သည်ဆိုလျှင်ပင် စိတ်ဆိုးဒေါသဖြင့် ငြင်းခုံတတ်သူ ဖြစ်သည်။
ဤကဲ့သို့ အပြစ်မဲ့သူများ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည်ကို မျက်စိရှေ့တွင် မြင်ရသောအခါ သူ့ရင်ထဲမှ သတ်ဖြတ်ခြင်း အသိသည် ပွက်ပွက်ဆူလာပြီး နေရာမှာပင် မိစ္ဆာတစ်ကောင် ဖြစ်လုနီးပါး ဖြစ်သွားသည်။ ကျန်းချင်းရှီ က သူ့ပခုံးကို ပုတ်ကာ ပြောလိုက်၏။
“အဲဒီ အနီရောင်ဝတ်ရုံနဲ့ မိန်းကလေးမှာ ကြီးကြီးမားမား လျှို့ဝှက်ချက်တစ်ခု ကျိန်းသေပေါက် ရှိနေလိမ့်မယ်… ဒါကြောင့် ဒီလူတွေက မြို့သူမြို့သားတွေကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ရုံတင် မကဘဲ ငါတို့နှစ်ယောက်ကိုပါ သတ်ဖို့ လူတွေ လွှတ်လိုက်တာပဲ…”
ထိုအချိန်တွင် အမှောင်ထုအတွင်းမှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
“စွန်ချင်ကျောင်း ကို မင်းတို့ သတ်ပစ်လိုက်ပြီလား…”
စွန်းယန်ဝမ် က မော့ကြည့်လိုက်သောအခါ အနီးရှိ အိမ်ခေါင်မိုး တစ်ခုပေါ်တွင် မတ်တပ်ရပ်ကာ သူတို့နှစ်ဦးကို ငုံ့ကြည့်နေသော အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ဦးကို တွေ့လိုက်ရသည်။
ပါးလွှာသော အနက်ရောင်ဝတ်စုံသည် ထိုမိန်းမပျို၏ ခန္ဓာကိုယ်နှင့် အလွန် ကပ်နေပြီး သူမ၏ သွယ်လျ လှပသော ခန္ဓာကိုယ်ကောက်ကြောင်း အားလုံးကို ရှင်းလင်း ပေါ်လွင်နေစေသည်။ သူမ၏ ရုပ်ရည်သည် စွဲဆောင်မှုရှိကာ ပုရိသတို့၏ သွေးသားကို ဗြောင်းဆန်သွားစေနိုင်သည့် ပုံစံမျိုး ဖြစ်သည်။
အသက်အရွယ်အားဖြင့် နှစ်ဆယ့်ခုနှစ်နှစ်၊ နှစ်ဆယ့်ရှစ်နှစ်ခန့်ရှိပြီး အမျိုးသမီးတစ်ဦး၏ အလှပဆုံး အရွယ်၊ အရှိန်အဝါ အပြည့်အဝဖြင့် စွဲဆောင်မှု အားအကောင်းဆုံး အချိန်လည်း ဖြစ်သည်။ သူမသည် မီးတောက်မီးလျှံများ တဝုန်းဝုန်း တောက်လောင်နေသော ခေါင်မိုးထက်တွင် လေသိမ်းတိုင်း ယိမ်းနွဲ့နေသည့် မိုးမခပင်ကဲ့သို့ နူးညံ့ပျော့ပျောင်းစွာ ရပ်နေ၏။
သူမ၏ မျက်နှာထက်တွင် ဘဝ၏ ခါးသီးသော ကံဆိုးမှု တစ်ခုခုကို ကြုံတွေ့ခဲ့ရသလို ဝမ်းနည်း ကြေကွဲသည့် အရိပ်အယောင်မျိုးလည်း အနည်းငယ် ထင်ဟပ် ဖြစ်ပေါ်နေသည်။ စွန်းယန်ဝမ် သည် ထိုအမျိုးသမီးကို အနည်းငယ်မျှ ကြင်နာသနားစိတ် မဖြစ်ခဲ့ပေ။ သူက ဓားကို ချက်ခြင်း ဆွဲထုတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မိန်းမယုတ်… ဒီနေ့ မင်း မုချသေရမယ်…”
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုသည် အေးစက်စွာ ရယ်မောလိုက်သော်လည်း သူမ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားသည်။
စွန်ချင်ကျောင်း သည် ကင်းမြီးကောက်ဂိုဏ်း၏ ဂိုဏ်းခွဲခေါင်းဆောင် သုံးဆယ်ကျော်ထဲတွင် ပျမ်းမျှအထက် သိုင်းပညာ အဆင့်ရှိသူ ဖြစ်ပြီး သာမန် တိုက်ခိုက်ရေးသမား တစ်ဦးမဟုတ်ပေ။
ထို့အပြင် သူသည် လူငါးဆယ်၊ ခြောက်ဆယ်ခန့်ကို ဦးဆောင် ခေါ်သွားပြီး ယခုအချိန်ထိ ပြန်ရောက်မလာသေးသည်ကို ထောက်ချင့်ပါက ဤဘုန်းတော်ကြီးငယ်လေး နှစ်ဦး၏ ကျင့်ကြံမှု အဆင့်အတန်းမှာ မည်သို့မျှ သာမန်မဟုတ်ကြောင်း ရှင်းလင်းနေသည်။
သို့သော် ထိုအချက်က စိုးရိမ်စရာ မဟုတ်သေးပေ။ လျိုအယ် အစိုးရိမ်ဆုံး အချက်မှာ ဤဘုန်းတော်ကြီးငယ် နှစ်ဦး၏ ဆရာများ ရောက်ရှိလာမည်ကို အကြောက်ဆုံး ဖြစ်သည်။
“ဒီဘုန်းတော်ကြီး နှစ်ယောက်က စွန်ချင်ကျောင်း ကိုတောင် သတ်နိုင်တယ်ဆိုတော့ သူတို့ရဲ့ စွမ်းအားက တကယ်ကြောက်စရာ ကောင်းလိမ့်မယ်… နာမည်ကြီး ဂိုဏ်းကြီးတစ်ဂိုဏ်းက တပည့်တွေ ဖြစ်နေလောက်တယ်… တကယ်လို့ တပည့်တွေကို သတ်လိုက်လို့ အကြီးအကဲတွေ ရောက်လာမယ်ဆိုရင် ဒါက ငါလည်း ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူး…”
စွန်းယန်ဝမ် က တိုက်ခိုက်ရန် ရှေ့သို့ ပြေးထွက်သွားစဉ် ကျန်းချင်းရှီ က သူ့လက်ကို “ဖတ်”ခနဲ ဆွဲထားပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဒီအမျိုးသမီးရဲ့ လှုပ်ရှားမှု ပညာက တော်တော် အစွမ်းထက်တယ်… သူ့ရဲ့ စွမ်းအားကလည်း တော်တော် ကြောက်စရာ ကောင်းလိမ့်မယ်… မင်း သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး…”
ထိုအချိန်ကျမှသာ စွန်းယန်ဝမ် ၏ ထူပူနေသော ဦးနှောက်က အနည်းငယ် သတိပြန်ဝင်လာသည်။ သူသည် ကျင့်ကြံခြင်း လောကသို့ ခြေချလာသည်မှာ လအနည်းငယ်ခန့်သာ ရှိသေးပြီး သွေးကြော သုံးခုကိုသာ ဖွင့်လှစ်နိုင်သေးသည်။
နတ်ဆိုးသတ်ကျင့်စဉ်၏ သိုင်းကွက် ခုနှစ်ဆယ့်နှစ်ကွက်ကို ကျွမ်းကျင်စွာ လေ့ကျင့်ပြီး ဖြစ်သည့်တိုင် သူ့၏ အဆင့်အတန်းသည် မည်သည့်နေရာ၌ ရှိနေသည်ကို သူကိုယ်တိုင် အသိဆုံးဖြစ်သည်။
အစောပိုင်းက သူ့စီနီယာ ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ပစ်ခဲ့သော ခေါင်းဆောင်လူထွားကြီး၊ အနက်ရောင် ဝတ်ရုံနှင့် မိန်းမပျိုပြောသော စွန်ချင်ကျောင်း ဆိုသူမှာပင် သူ့ထက် ကျင့်ကြံခြင်း အဆင့်အတန်း ပိုမြင့်မားနေပြီ ဖြစ်သည်။
“ဒါက ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်လဲ… ဒီနေ့ကစပြီး ငါ သေသေကြေကြေ လေ့ကျင့်မှ ရတော့မယ်… အခုလို မြင်သာမြင်ပြီး မကြင်ရတဲ့ ကူကယ်ရာမဲ့ အခြေအနေမျိုးကို နောက် ဘယ်တော့မှ မကြုံစေရဘူး…”
ကျန်းချင်းရှီ သည် လက်တွင်းမှ နတ်ဆိုးသတ်ဓားကို ပေါ့ပါးစွာ ဆုပ်ကိုင်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်၏။
“ကျုပ်တို့ကြားမှာ အတိတ်တုန်းကလည်း ရန်ငြိုးမရှိခဲ့ဘူး… မကြာသေးခင်ကလည်း ပြဿနာ ဖြစ်ခဲ့တာမျိုး မရှိဘဲနဲ့ အကြောင်းမဲ့ ကျုပ်တို့ကို လာသတ်တာက တမင်သက်သက် ရန်စစော်ကား လိုက်တာပဲ မဟုတ်ဘူးလား… ဒါနဲ့ နေပါဦး… မင်းတို့က ဘယ်ကနေ လာလဲဆိုတာကို အရင်ပြောပါ... ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ မင်းတို့ရဲ့ အကြောင်းကို ဆွေးနွေး ဆုံးဖြတ်မှ ရမယ်…”
စွန်းယန်ဝမ် သည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။
“ငါ့ စီနီယာက အတွေ့အကြုံတော့ ရှိတယ်… ပြဿနာရဲ့ ရင်းမြစ်ကို အမြစ်ပြတ် ရှင်းလင်းနိုင်ဖို့ သူတို့ရဲ့ နောက်ခံကို အရင်ဆုံး ရအောင်ယူနေတာပဲ…”