← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

“သက်သေဖျောက်ဖို့ လူသတ်ချင်သူ”

ကျန်းချင်းရှီ သည် ဘုန်းတော်ကြီး ဝတ်ရုံအသစ်ကို “ဆတ်”ခနဲ ဆွဲယူလိုက်ပြီး အလျင်အမြန် ရုံလိုက်ကာ လိုက်လံဖမ်းဆီးရန် ပြင်လိုက်သည်။ အေးစိမ့်သော လေပြေတစ်ချက်က သူ့ပေါင်ခွကြား နေရာကို ဖြတ်တိုက်သွားပြီး ခန္ဓာကိုယ် အောက်ပိုင်းတွင် အနည်းငယ် အေးမြသော ခံစားမှုတစ်ခုကို ချက်ခြင်း ခံစားလိုက်ရ၏။ တစ်စုံတစ်ခု လွဲချော်နေပြီ ဖြစ်ကြောင်း သူတပ်အပ်သိလိုက်၏။

စွန်းယန်ဝမ် အတွက်တော့ ထိုမျှ ရှုပ်ထွေးနေခြင်း မရှိလှပေ။ သူသည် ဝတ်ရုံအဟောင်းဖြင့် ရေစိုနေသော ခန္ဓာကိုယ်ကို သုတ်လိုက်ပြီးနောက် ဝတ်ရုံအသစ်ကို အေးအေးဆေးဆေး ဝတ်ဆင်ကာ ခြေအိတ်အသစ် နှင့် ဖိနပ်အသစ်တို့ကို သက်သောင့်သက်သာ စီးနင်းလိုက်၏။

သို့သော် ဤကမ္ဘာ၏ လက်မှုပညာသည် အလွန်သာမန်ဆန်လွန်းသောကြောင့် အဝတ်အစား အသစ် ဖြစ်ပင်ဖြစ်ငြား သော်လည်း ဝတ်ရသည်က အတော်လေး အဆင်မပြေ ဖြစ်နေသည်။ စွန်းယန်ဝမ် စိတ်ထဲတွင် တွေးလိုက်မိ၏။

“ဘယ်တတ်နိုင်ပါ့မလဲ… ဒီကမ္ဘာရဲ့ လက်မှုပညာ အဆင့်အတန်းက ဒီလောက်ပဲ ရှိတာကိုး…”

သူက ကျန်းချင်းရှီ ကို လှမ်းပြောလိုက်သည်။

“စီနီယာ… အရင်ဆုံး ခန္ဓာကိုယ်ကို သုတ်ပြီး ဝတ်ရုံအသစ်ကို အေးအေးဆေးဆေး လဲလိုက်ပါဦး… ပြီးမှ ကျွန်တော်တို့ အဲဒီ မိစ္ဆာနှာဘူးမနောက်ကို လိုက်ကြတာပေါ့…”

ကျန်းချင်းရှီ က နောက်ဆုံးတွင် သဘောပေါက်သွားပြီး အနည်းငယ်ရှက်ရွံ့စွာ ရယ်လိုက်၏။

“ဒါနဲ့ နေပါဦး… အဲဒီ မိစ္ဆာနှာဘူးမ ဆိုတာက ဘာကြီးလဲ…”

စွန်းယန်ဝမ် ချက်ခြင်းပင် နားလည်သွားသည်။ သူ့ စီနီယာသည် မာယာများသည့် အမျိုးသမီး၊ သို့မဟုတ် အဆက်မပြတ် သွေးဆောင်ဖြားယောင်းတတ်သည့် အမျိုးသမီးများနှင့် တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်း မရှိသည်က လုံးဝသေချာသည်။ သူက ရှင်းပြလျှင်လည်း နားလည်ရန် အတော်လေး အာပေါက်မှ ဖြစ်နိုင်မည်ကို သိသဖြင့် ရိုးရိုးရှင်းရှင်းသာ ပြောလိုက်၏။

“ကျွန်တော် အရင်ဆုံး လိုက်သွားလိုက်မယ်…”

ဤအနီရောင်ဝတ်ရုံနှင့် မိန်းမပျိုသည် သူ့ကို မြှားတစ်ချက်ဖြင့် နောက်တစ်ကြိမ် ပြန်လည်ဝင်စားခြင်း သံသရာထဲကို ပို့ဆောင်ပေးလုနီးပါး လုပ်ခဲ့သောကြောင့် သူ့အနေဖြင့် သူမအား မည်သို့မျှ အလွယ်တကူ လွှတ်ပေးနိုင်မည် မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သူမကို ကောင်းကောင်းရိုက်နှက် ဆုံးမပေးရ ပေလိမ့်မည်။

သူ့၏ ခန္ဓာကိုယ်သည် သစ်ရွက်တစ်ရွက်လို အလွန်လျင်မြန်စွာ ရွေ့လျားသွားသည်။ သို့သော် စက္ကန့်ပိုင်းမျှ အကြာတွင် သူ့နောက်ကျောမှ “ဝှီး”ခနဲ လေတိုးသံ တစ်ချက်ကို ကြားလိုက်ရပြီး ကျန်းချင်းရှီ ရောက်ရှိလာသည်။ ယခုအခါ သူသည် ဝတ်ရုံအသစ်ကို အပြည့်အစုံ ဝတ်ဆင်ထားပြီ ဖြစ်သည်။

စွန်းယမ်ဝမ် အနေဖြင့် သူ့စီနီယာ၏ လှုပ်ရှားမှု အတတ်ပညာကို ပထမဦးဆုံးအကြိမ် မြင်တွေ့ခွင့်ရခဲ့သည်။

ထို ဓားတစ်လက်ကဲ့သို့ ဖြောင့်စင်းသော မျက်ခုံးမွှေးများနှင့် ကျောက်စိမ်းကဲ့သို့ တလက်လက် တောက်ပနေသော မျက်ဝန်းများကို ပိုင်ဆိုင်သည့် ချောမောခန့်ညားသူ လူငယ်ဘုန်းတော်ကြီး၏ ပုံစံသည် အလွန်သက်သောင်သက်သာရှိပြီး လှုပ်ရှားမှုတိုင်းက တည်ငြိမ်အေးဆေးနေသည်။

သူသည် လေဟုန်စီးနေသော သိမ်းငှက်တစ်ကောင်ကဲ့သို့ ဖြစ်ကာ သူ့နောက်မှ လိုက်လာခြင်း ဖြစ်သော်လည်း သူ့ကို ချက်ခြင်း ကျော်တက်သွား၏။ ထိုအချက်ကို ကြည့်ပါက ၎င်း၏ လှုပ်ရှားမှုပညာရပ်သည် သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်ကို သိနိုင်သည်။ စွန်းယန်ဝမ် က လုံးဝမအောင့်အီးနိုင်ဘဲ မေးလိုက်၏။

“စီနီယာ… ဒါက ဘယ်လို လှုပ်ရှားမှု ပညာရပ်မျိုးလဲ…”

ကျန်းချင်းရှီ က အသာအယာ ပြုံးလိုက်ပြီး ပြန်ဖြေသည်။

“ဒါက ငါတို့ ဆောင်ယန်ဂိုဏ်းရဲ့ အထွဋ်အထိပ် ကျင့်စဉ် ဆယ့်သုံးမျိုးထဲက တစ်ခုဖြစ်တဲ့ လေဟုန်စီး ကျင့်စဉ်ပဲ… ဂိုဏ်းတည်ထောင်သူ ဖုန်းဘိုးဘေးကြီးဆိုရင် ဒီကျင့်စဉ်ကို ကျင့်ကြံပြီး လေထဲမှာ အချိန်အကြာကြီး ပျံဝဲနေနိုင်တယ်… ငါတို့ ဆရာဆိုရင်လည်း လေထဲမှာ အချိန်အကြာကြီး ပျံသန်းနိုင်ပြီး ပုံစံဆယ့်သုံးမျိုးအထိ ပြောင်းလဲနိုင်တယ်… ငါကတော့ ဒီကျင့်စဉ်နဲ့ ပတ်သက်ရင် တော်တော်လေး အားနည်းချက်တွေ ရှိနေသေးတယ်… ငါ့အတွက်တော့ သာမန်လှုပ်ရှားမှုလောက်ကိုပဲ အသုံးချနိုင်သေးပြီး တကယ့် စစ်မှန်တဲ့ စွမ်းရည်ကို မထုတ်ဖော်နိုင်သေးဘူး…”

စွန်းယန်ဝမ် သည် အလွန်လေးစားအားကျစွာ ဆက်မေးလိုက်၏။

“ကျွန်တော် ဆရာ့ကို ပထမဆုံးအကြိမ် တွေ့တုန်းက ဆရာက ရေပေါ်မှာ ထိုင်ပြီး ကျင့်ကြံနေခဲ့တယ်… အဲဒါက အခု ပြောတဲ့ လေဟုန်စီး ကျင့်စဉ်ကို ကျင့်ကြံနေတာပေါ့ ဟုတ်လား…”

ကျန်းချင်းရှီ က သဘောကျစွာ ရယ်လိုက်သည်။

“သိပ်သေချာတာပေါ့… အဲဒါက ဒီအထွဋ်အထိပ် ကျင့်စဉ်ကို ကျင့်ကြံနေတာ…”

နှစ်ဦးသား မိုင်အနည်းငယ်ခန့် လိုက်လာကြပြီးနောက် သစ်ပင်ကြီးတစ်ပင်တွင် စိုက်ဝင်နေသော မြှားတစ်စင်းကို တွေ့လိုက်၏။ မြှားတံပေါ်တွင် စာသားများ ရေးသားထားပုံရသော ပိုးစာစက္ကူလိပ် တစ်ခု ချည်နှောင်ထားသည်ကိုလည်း မြင်ရသည်။ စွန်းယန်ဝမ် က ထိုစာလိပ်ကို လှမ်းယူလိုက်စဉ် ကျန်းချင်းရှီ က ကမန်းကတန်း တားဆီးလိုက်သည်။

“ဒုတိယညီလေး… အခုအချိန်ကစပြီး ဒီလောကထဲကို လှည့်လည်သွားလာတဲ့အခါ ဒီလိုအရာမျိုးတွေကို ဘယ်တော့မှ လက်လွတ်စပယ် သွားမကိုင်ပါနဲ့… အထဲမှာ အဆိပ်ရှိနေနိုင်တယ်…”

ကျန်းချင်းရှီ ၏ အထိတ်တလန့် အမူအရာကို ကြည့်ပြီးနောက် စွန်းယန်ဝမ် သည် ထိုစကားကို စွဲနေအောင် မှတ်သားလိုက်မိသည်။ သူသည် အနီးအနားရှိ သစ်ကိုင်းတစ်ခုကို ချိုးလိုက်ပြီး စာလိပ်ကို ဖြန့်ကြည့်လိုက်သောအခါ အထဲတွင် ရေးထားသော စာများကို တွေ့လိုက်ရ၏။

“ကျွန်မ ဝူချင်းယင်… အဲဒီနေ့က မဆင်မခြင် လုပ်ဆောင်ခဲ့မိပါသည်… ဘုန်းတော်ကြီး လူငယ်လေးကို မတော်တဆ မြှားနှင့်ပစ်မိသလို ဖြစ်သွားခဲ့ပါသည်… ကျွန်မ တောင်းပန်ရန်အတွက် ကျောင်းတော်သို့ လိုက်လာခဲ့ပါသည်… ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်ပါ… ဘုန်းတော်ကြီး နှစ်ဦးစလုံး အငြိုးအတေး မထားကြရန် စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါသည်…”

နောက်ဆုံးစာကြောင်း နှစ်ကြောင်းသည် အလွန်ကပြာကယာ ရေးသားခဲ့ခြင်း ဖြစ်ဟန်တူပြီး မသပ်မရပ်နှင့် ကြည့်ရဆိုးနေသည်။ ထိုစာကြောင်းများပေါ်တွင် ရေးသားသူ၏ စိတ်ခံစားချက်ကို မြင်နိုင်ပြီး ယင်းက လုံးဝ တည်ငြိမ်နေခြင်း မရှိကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

သူတို့နှစ်ဦး အဝတ်လဲနေချိန်တွင် ဝတ်ရုံနီ မိန်းမပျိုသည် ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ် သွားခဲ့သည်။ ထိုစာလိပ်ကို တွေ့သောအခါ စွန်းယန်ဝမ် ၏ ရင်ထဲတွင် အခဲမကြေသော်လည်း အောင့်သက်သက်နှင့် ပြောလိုက်၏။

“ကောင်းပြီလေ… မင်း ပြေးတာ တကယ်မြန်ပါတယ်…”

ကျန်းချင်းရှီ က ပြုံးကာ ပြောသည်။

“ဒါက အထင်လွဲမှုသက်သက်ပဲ ဖြစ်ပါလိမ့်မယ်… ဒုတိယညီလေးက ဒီမိန်းကလေးရဲ့ လုပ်ရပ်အတွက် ရန်ငြိုးဖွဲ့မနေပါနဲ့တော့…”

သူက ရွှေပြည်အေး တရားဟောရင်း တိုက်တွန်းသည်။ စွန်းယန်ဝမ် ဒေါသတကြီး ပြန်ပြောလိုက်၏။

“ကျွန်တော့်ကို သေလုနီးပါး လုပ်သွားတာကို ကျွန်တော်က ဘယ်နှလုံးသားနဲ့ ပြန်လွှတ်ပေးရမှာလဲ…”

ကျန်းချင်းရှီ သည် ဤတပည့်ငယ်လေးမှာ အလွန်ရယ်စရာကောင်းသည်ဟု မြင်သွားပြီး ထပ်မံ ရယ်မောလိုက်ပြန်၏။ အနီရောင်ဝတ်ရုံနှင့် မိန်းမပျိုသည် နောက်ကို လှည့်ကြည့်ရင်း သူတို့လိုက်လာ နိုင်သည့်ဘက်ကို ငေးနေမိသည်။

သူမ၏ နှလုံးသားထဲတွင် အလွန်ဆန်းကြယ် ရှုပ်ထွေးကာ ဖော်မပြတတ်သည့် စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထို လူငယ် ဘုန်းတော်ကြီးနှစ်ဦး သူမနောက်သို့ လိုက်မီလာမည်ကို သူမအလွန်စိုးရိမ်သည်။ အကယ်၍ သူတို့နှင့် ဆုံပါက သူမ မည်သို့ ရင်ဆိုင်ဖြေရှင်း ရပါမည်နည်း။ ထိုနေ့က သူမ၏ မြှားသည် ဓားပြခေါင်းဆောင် ဖြစ်သူ၏ ဦးခေါင်းကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စွန်းယန်ဝမ် ၏ အလွန်လျင်မြန်သော ဓားချက်က ထိုသူ၏ ဦးခေါင်းကို ဦးစွာ ခုတ်ဖြတ်သွားသောကြောင့် မြှားလမ်းကြောင်းသည် သူ့၏ ဦးခေါင်းတည့်တည့်ကို ပြေးဝင်သွားခြင်း ဖြစ်သည်။ သူမသည် စွန်းယန်ဝမ် လိုက်လာမည်ကို ကြောက်ရွံ့သောကြောင့် အလွန်လျင်မြန်စွာ ထွက်ပြေးခဲ့မိသည်။

စွန်းယန်ဝမ် ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများက ထိုသူများကို သတ်ဖြတ် ပစ်နိုင်လိမ့်မည်ဟုတော့ သူမ လုံးဝတွေးမိခဲ့ခြင်း မရှိပေ။ ယခု သူမ တောင်းပန်ရန် ရောက်ရှိလာသော်လည်း သူတို့နှစ်ဦး ရေချိုးနေချိန်နှင့် ပက်ပင်းဆုံမိပြီး ချောင်းကြည့်သလို ဖြစ်သွားရပြန်သည်။

ယင်းက သူမကို နှာဘူးမ ဟု အခေါ်ခံရစေပြီး သူမသည် ရှက်လွန်းသောကြောင့် မျက်နှာတစ်ခုလုံး ထူပူကာ မည်သည့်နေရာကို ကြည့်သည်ဖြစ်စေ သူတို့၏ ကိုယ်လုံးတီး ပုံရိပ်များကိုသာ မြင်နေရတော့သည်။

“အိုက်ယား… ငါ့ကို ပြန်ခေါ်နေပါလား… ငါ့ဆရာက အရေးတကြီး ကိစ္စတွေလုပ်ဖို့ ငါ့အကူအညီကို မဖြစ်မနေ လိုအပ်နေပြီထင်တယ်… အချိန်က တစ်စက္ကန့်တောင် ဖြုန်းလို့ မရတော့ဘူး… ဒီလိုသာ မဖြစ်ခဲ့ဘူးဆိုရင် ငါနည်းနည်းလောက်စောင့်ပြီး နောက်တစ်ကြိမ် သေချာပေါက် ပြန်လာပြီး တောင်းပန်မှာပါ…”

ဝူချင်းယင် သည် အနောက်ဘက် တောင်တန်းများဆီမှ တိုင်ရီကျောင်းတော်သို့ အရင်ဆုံး ပြန်ရောက်လာခဲ့သည်။ စွန်းယန်ဝမ် ယူလာသော မြင်းခုနှစ်ကောင်ကို တွေ့သောအခါ သူမ၏ ခရီးကလည်း အရေးပေါ်သွားရမည့် ခရီးဖြစ်နေခဲ့သည်။

ယင်းက ကတုံးပေါ်ထိပ်ကွက်ခြင်း ဖြစ်သည်ကို သူမသိသော်လည်း မတတ်သာစွာဖြင့် မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်လိုက်ပြီး အလျင်စလို မောင်းနှင်ထွက်ခွာ သွားတော့သည်။

စွန်းယန်ဝမ် နှင့် ကျန်းချင်းရှီ တို့ ပြန်ရောက်လာသောအခါ မြင်းတစ်ကောင် ပျောက်နေသည်ကို တွေ့ရသဖြင့် စွန်းယန်ဝမ် မှာ နောက်တစ်ကြိမ် အကြီးအကျယ် ပေါက်ကွဲသွားတော့သည်။

သို့သော် ဤမြင်းသည် သူ အလကားယူလာသည့် မြင်းဖြစ်သောကြောင့် ဆုံးရှုံးမှု ကြီးမားသည်ဟုတော့ မဆိုသာပေ။ စွန်းယန်ဝမ် က ကျန်းချင်းရှီ ကို ပြောလိုက်၏။

“နောက်တစ်ကြိမ် အဲဒီ မိစ္ဆာနှာဘူးမနဲ့တွေ့ရင် ကျွန်တော် သူ့ကို ရိုက်တာကို စီနီယာ လုံးဝ လာမတားပါနဲ့…”

နှစ်ယောက်စလုံးသည် ပင်ပန်းနွမ်းနယ်မှုကြောင့် ဗိုက်ထဲတွင် တဂွီဂွီအော်ကာ ဆာလောင်နေကြပြီ ဖြစ်သည်။ စွန်းယန်ဝမ် သည် ဂျုံမှုန့်ကို လက်ဖြင့်နယ်ပြီး လက်ဖြစ်ခေါက်ဆွဲ တစ်အိုးကို အလျင်အမြန် ပြင်ဆင်လိုက်၏။ သူဝယ်ယူလာသော ရှီတာကီမှို (အပ်မှိုလိုလား မသိဘူး :P) နှင့် ဟင်းသီးဟင်းရွက် စိမ်းများကို ဆော့သဖွယ် ပြုလုပ်လိုက်ပြီး စားဝိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

“ဒုတိယညီလေး… အခုအချိန်ကစပြီး ငါတို့ ကျောင်းတော်ရဲ့ ချက်ပြုတ်ရေး တာဝန်ကို မင်းပဲ ယူသင့်တယ်… ဆရာ့ရဲ့ ဟင်းချက်လက်ရာက အပြစ်ပြောစရာ မရှိအောင် အားနည်းလွန်းတယ်…”

ကျန်းချင်းရှီ က မှတ်ချက်ပြုသည်။ စွန်းယန်ဝမ် လန့်ဖြန့်သွား၏။ သူသည် အပိုအလုပ်များကို ယူချင်သူ မဟုတ်သောကြောင့် အလျင်စလိုပင် ကန့်ကွက်လိုက်သည်။

“ဆရာက ကျွန်တော်တို့အတွက် ချက်ပြုတ်ကျွေးမွေးတယ် ဆိုတာက အကြီးအကျယ် ကျေးဇူးပြုမှု တစ်ခုပါ… ကျွန်တော်က ဒါကို ဘယ်လိုလုပ်ပြီး သွားလုလိုက်လို့ ဖြစ်မှာလဲ… ဒါက လုံးဝ မဖြစ်နိုင်ပါဘူး…”

ကျန်းချင်းရှီ က ဆရာနှင့်တပည့်ကြားတွင် ထိုမျှအသေးအဖွဲ ကိစ္စလောက်ကို စကားထဲတွင်ပင် ထည့်ပြောနေရန် မလိုအပ်ကြောင်း စည်းရုံးသိမ်းသွင်းရန် ပြောတော့မည်ပြုစဉ် အခန်းအပြင်ဘက်မှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာသည်။

အသံကို နားထောင်ရသည်က လူအများအပြား ဝင်ရောက်လာဟန် ဖြစ်သည်။ ကျန်းချင်းရှီ ၏ မျက်နှာက အနည်းငယ် တင်းမာခက်ထန်သွားပြီး သူ့ကို တိုးတိုးလေး ပြောလိုက်၏။

“ဒုတိယညီလေး လက်နက်နှစ်ခု ယူလာခဲ့လိုက်…”

စွန်းယန်ဝမ် သည် ကျန်းချင်းရှီ ၏ အသံကို ကြားသောအခါ လက်နက်များယူရန် သူ့အခန်းသို့ အလျင်အမြန်ပင် ပြေးထွက်သွားသည်။ ဆောင်ယန်ဂိုဏ်းသည် ဓားဂိုဏ်းဖြစ်သောကြောင့် ဓားပညာရပ်တွင် အလွန်ကျွမ်းကျင်သည် မှန်သော်လည်း တိုင်ရီဂိုဏ်းတွင်တော့ ဓားတစ်ချောင်းမျှ မရှိပေ။

သူယူလာခဲ့သော လက်နက်များမှာလည်း အရောင်မျိုးစုံရှိသော ဓားကောက် ငါးလက်၊ သံမဏိ ခက်ရင်းခွ တစ်ခုနှင့် ကနုတ်များ ထွင်းထုထားသော လှံရှည်တစ်ချောင်းသာ ဖြစ်သည်။

ဂိုဏ်းခေါင်းဆောင်များနှင့် သိုင်းသမားများ ရွေးချယ်သည့် လက်နက်များမှာ အဆင်ပြေမှုကိုသာ ဦးစားပေး ရွေးချယ်ထားကြခြင်း ဖြစ်သည်။

ဆေဘာဓားကဲ့သို့ ဓားရှည်များသည် ကျွမ်းကျင်ရန် လွန်စွာ ခက်ခဲပြီး ထိပ်သီးအဆင့် ဓားသိုင်းပညာရပ်များမှာလည်း အလွန်ရှားပါးသောကြောင့် မည်သူကမျှ ဆေဘာဓားကို မကိုင်ကြခြင်း ဖြစ်သည်။

စွန်းယန်ဝမ် သည် ပထမတွင် ဓားကောက်တစ်လက်ကို ကောက်ယူလိုက်သော်လည်း အနည်းငယ် တွေဝေသွားပြီးနောက် နတ်ဆိုးသတ်ဓားကိုသာ ယူလာခဲ့သည်။ သူပြန်ရောက်လာပြီး ကျန်းချင်းရှီကို ရှာဖွေသောအခါ ကျန်းချင်းရှီ သည် ရန်သူများစွာနှင့် တိုက်ခိုက်နေပြီ ဖြစ်သည်။

လူခုနှစ်ဦး၊ ရှစ်ဦးခန့် သူ့ခြေထောက်အောက်တွင် မလှုပ်မယှက် လဲကျနေပြီး သေသည်၊ ရှင်သည်ကို မသိရပေ။ ကျန်းချင်းရှီ ၏ ပုံစံသည် အလွန် သက်သောင့်သက်သာ ရှိနေပုံရပြီး ရန်သူများအား အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိပေ။

သူသည် နွံနစ်နေသော ပတ္တမြားတစ်လုံး ဖြစ်သော်လည်း နူးညံ့ပြီး ခမ်းနားသော သွင်ပြင်က ထိန်းချုပ်မရစွာ ထွက်ပေါ်လာသည်။ စွန်းယန်ဝမ် ရောက်ရှိလာသည်ကို မြင်သောအခါ သူက ပြောသည်။

“ဒုတိယညီလေး…. ရန်သူတွေ ငါတို့ကျောင်းတော်ကို ရောက်လာပြီဆိုတော့ ငါတို့ဂိုဏ်းရဲ့ ဓားသိုင်းပညာကို မင်းလေ့လာခွင့် ရတော့မယ်…”

ဤကျူးကျော်လာသူများသည် ညဉ့်နက်သန်းခေါင် အချိန်တွင် တိုင်ရီကျောင်းတော်သို့ တိတ်တဆိတ် ဝင်ရောက်လာကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ သက်သေဖျောက်ဖျက်ရန် ဖြစ်ကြောင်း သိသာ ထင်ရှားနေသည်။ ဆောင်ယန်ဂိုဏ်းတွင် ရှိစဉ်က ကျန်းချင်းရှီ မှာ မကောင်းမှုကို ပြင်းပြင်းထန်ထန် ရွံရှာစက်ဆုပ်သူ ဖြစ်ကြောင်း နာမည်ကြီးခဲ့ပြီး သူ့၏ စိတ်ဓာတ်ကလည်း ပြင်းထန်သည်။

သူသည် ရန်သူများ အားလုံးကို ရှင်းပစ်ရန် အချိန်အတန်ကြာကပင် ဆုံးဖြတ်ထားခဲ့၏။ ယခု ကျူးကျော်လာသူများမှာ ယနေ့နံနက်ပိုင်းက တိုက်ခိုက်ခဲ့သော ဂိုဏ်းသားများနှင့် အတူတူဖြစ်ကြောင်း စွန်းယန်ဝမ် တပ်အပ်သိလိုက်သည်။ ၎င်းတို့အထဲတွင် ထွက်ပြေးလွတ်မြောက် သွားသူများ၏ ရင်းနှီးသော မျက်နှာအချို့ကိုပင် သူ တွေ့နေရ၏။

သို့သော် လက်ရှိ ၎င်းတို့၏ အရေအတွက်က နှစ်ဆ၊ သုံးဆထက်မက တိုးပွားလာခဲ့ပြီး ကျန်းချင်းရှီ သည် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့် ရှင်းလင်းခဲ့ပြီး ဖြစ်သော်လည်း လူ လေးဆယ်မှ ငါးဆယ်ခန့်အထိ ကျန်ရှိနေသေးသည်။ တစ်ဦးချင်းစီတိုင်းတွင် လက်နက်များကိုယ်စီ ကိုင်ထားကြပြီး လူတစ်ဝက်ခန့်က မီးတုတ်များ ကိုင်ထားသောကြောင့် ကျောင်းဝန်းတစ်ခုလုံးက နေ့ခင်းကြောင်တောင်အလား လင်းထိန်တောက်ပနေ၏။

ကျန်းမာရေး ချူချာပုံရပြီး ဒေါသကြီးဟန်တူသော ဖြူဖတ်ဖြူရော် မျက်နှာနှင့် လူထွားကြီးတစ်ဦးသည် ဓားအိမ်အတွင်းမှ ဓားကို လက်ဖြင့်ဆုပ်ကိုင်ထား၏။ အခြားသူများ၏ ပတ်ပတ်လည်မှ ဝိုင်းရံထားမှုကြောင့် ကြယ်တာရာများ ဝန်းရံနေသော လတစ်စင်းကဲ့သို့ ဖြစ်သွားပြီး လေးစားကြည်ညိုစဖွယ် ပုံသဏ္ဍာန်မျိုးဖြင့် ပတ်ဝန်းကျင်ကို အပေါ်စီးမှ ကြည့်နေသည်။

ကျန်းချင်းရှီ သည် သူ့နောက်လိုက် ခုနှစ်ဦး၊ ရှစ်ဦးခန့်ကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် လဲကျစေခဲ့ပြီး သူသည် အသက်ငယ်သော်လည်း သူ့၏ ကျင့်ကြံမှု အဆင့်အတန်းက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းနေသည်။ ထိုဖြူဖတ်ဖြူရော် မျက်နှာနှင့် လူထွားကြီးသည် စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိ၏။

“မကောင်းတော့ဘူး… ငါတို့တော့ မြွေပွေးကို ခါးပိုက်ပိုက်မိပြီနဲ့တူတယ်… တကယ့် ထိပ်သီးဂိုဏ်းက တပည့်တစ်ယောက်ကိုမှ သွားရန်စမိရတယ်လို့… စီမာမိသားစုက ဆက်သား မိန်းကလေးကိုလည်း သူတို့ ကယ်ထားတာ သေချာလောက်တယ်….”

“ပုံစံကြည့်ရတာ ငါတို့ကိုလည်း ပြန်ပေးမယ့်ပုံ မပေါ်ဘူး… တကယ်လို့ သူတို့ကို သတ်လိုက်မယ်ဆိုရင် အဆုံးမရှိတဲ့ ပြဿနာတွေက တသီတတန်းကြီးကို ပါလာလိမ့်မယ်… ဒါပေမဲ့ သူတို့ကို မသတ်ဘဲ ထားပြန်ရင်လည်း ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ငါတို့အကုန်လုံး သေဖို့ပဲရှိတယ်…”

All Chapters