← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

“နှာဘူးမ… ငါတို့ ရေချိုးနေတာကို ချောင်းကြည့်ရဲတယ်ပေါ့”

ဤသေရေးရှင်ရေး အခြေအနေကို ရောက်သွားသောအခါ စွန်းယန်ဝမ် သည် သူ့၏ စွမ်းအားပြည့် အခြေအနေကို မဖြစ်မနေ ထုတ်ဖော်အသုံးပြုရန် ဖိအားပေးခံလိုက်ရသည်။ အစစ်အမှန် စွမ်းအင်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး သူ့လက်မောင်းနေရာရှိ နောက်ထပ် သွေးကြောတစ်ခုက အလိုအလျောက် ပွင့်ထွက်သွားခဲ့သည်။

သူသည် ဗီဇစိတ်ကြောင့် ဓားကို အလိုအလျောက် ဝှေ့ရမ်းလိုက်ရာ ထိုဓားကွက်မှာ နတ်ဆိုးသတ်ဓားကွက်များ အတွင်းမှ လေပြေဓားကွက် ဖြစ်နေခဲ့သည်။ သံမဏိဓားသည် အလွန်လျင်မြန်စွာ ရောက်ရှိလာသော သေမင်းတမန်မြှားတံကို တိကျစွာ ရိုက်ထုတ်ပစ်လိုက်ပြီး လမ်းကြောင်း လွှဲပေးလိုက်ရာ မြှားသည် သူ့နားရွက်အနီးမှ “ရွှီး”ခနဲ ဖြတ်သွားပြီး မြေပြင်အတွင်းစိုက်ဝင်သွားသည်။

သူသည် ဟူမိသားစု၏ ပါရမီရှင်ဖြစ်သော ဟူဖုန်းဝေ အား ပထမဆုံး အကြိမ် စတင်တွေ့ဆုံခဲ့စဉ်က ၎င်းသည် ဤဓားကွက်ကိုပင် အသုံးပြုကာ မိုဝူရွှယ် ၏ သုံးချက်ဆက်တိုက် တိုက်ခိုက်မှုအား ကာကွယ်ခဲ့သည်ကို မြင်ခဲ့ဖူးသည်။ ယင်းသည် ဟူမိသားစု၏ နတ်ဆိုးသတ်ဓားကွက်များ အနက်မှ အလှပဆုံး ခုခံကာကွယ်သည့် ဓားကွက် ဖြစ်နေခဲ့သည်။

စွန်းယန်ဝမ် ၏ နောက်ကျောတွင် ချွေးစေးများဖြင့် ရွှဲနစ်သွား၏။ ကံကောင်းစွာပင် ထိုဓားကွက်သည် အမှန်တကယ် ထူးခြားကောင်းမွန်သော စွမ်းဆောင်ရည်မျိုးကို ဖော်ထုတ်နိုင်စွမ်းရှိပြီး လွန်ခဲ့သည့် လများက သူ ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရသော နတ်ဆိုးသတ်ဓားသိုင်းသည် ယခုအခါ မကြုံစဖူးသည့် အဆင့်တစ်ခုသို့ အတင်းတွန်းပို့ခြင်း ခံလိုက်ရသည်။

သို့သော် နောက်တစ်ကြိမ် ထိုကဲ့သို့ ပြန်လုပ်ရမည် ဆိုလျှင်တော့ ယခုကဲ့သို့ တုံ့ပြန်မှုမျိုး ဖြစ်ချင်မှ ဖြစ်တော့မည်ကို သူလည်း မသေချာပေ။ သူက သတိလက်လွတ်ဖြင့် ရုတ်တရက် ကျိန်ဆဲလိုက်၏။

“အကြောင်းမဲ့ ငါ့ကို မြှားနဲ့ပစ်ရအောင် မင်းက ရူးနေလို့လား…”

အနီရောင် ဝတ်ရုံနှင့် မိန်းမပျိုသည် မြှားပစ်ပြီးသည်နှင့် ခေါင်မိုးပေါ်မှ ချက်ခြင်းခုန်ဆင်းကာ နောက်ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ အဝေးသို့ လျင်မြန်စွာ ပြေးလွှား ပျောက်ကွယ်သွားသည်။ သူမသည် မည်သည့် ဖြေရှင်းချက်ကိုမျှ မပေးခဲ့သလို၊ သူ့စကားကို မကြားလိုက်ခြင်းလား၊ သို့မဟုတ် ပြန်ပြောရန် ထိုက်တန်ခြင်း မရှိဟု ယူဆသောကြောင့်လား ဆိုသည်ကိုတော့ သူမကိုယ်တိုင်သာ ရှင်းလင်းနိုင်လိမ့်မည်။

အနီရောင်ဝတ်ရုံ မိန်းမပျို၏ တိုက်ခိုက်မှုသည် သူ့ကို သတ်ဖြတ်လုနီးပါး ဖြစ်သောကြောင့် စွန်းယန်ဝမ် သူမကို လွယ်လွယ်ကူကူတော့ ခွင့်မလွှတ်နိုင်ပေ။ သူသည် သူမနောက်သို့ ပြေးလိုက်ရန် ပြင်လိုက်သော်လည်း သံယောဇဉ်များက နွယ်နေပြန်၏။

အစောပိုင်းက သူသတ်ဖြတ်လိုက်သော ဂိုဏ်းခေါင်းဆောင်၏ နောက်လိုက်များသည် မြင်းကိုယ်စီဖြင့် သူ့ဆီသို့ ဝိုင်းလာပြီး လက်နက်မျိုးစုံသည် အရပ်မျက်နှာပေါင်းစုံမှ မိုးရွာသလို ကျဆင်းလာခဲ့သည်။

“သေပေတော့…”

လက်ရှိအချိန်တွင် ထိုမိန်းမပျိုထံမှ တရားမျှတမှုကို သွားတောင်းရန် မဖြစ်နိုင်သေးပေ။ ဤလူ့တိရစ္ဆာန်အုပ်ကို ဦးစွာရှင်းလင်းရပေမည်။ စွန်းယန်ဝမ် ၏ ခန္ဓာကိုယ်သည် အလင်းတန်း တစ်ခုကဲ့သို့ လှုပ်ရှားနေပြီး ကျင့်ကြံသူ ဆယ်ဦးကျော်ဦး၏ ပတ်ပတ်လည်မှ တိုက်ခိုက်မှုများကို ဘယ်ညာ ယိမ်းနွဲ့ကာ ရှောင်ရှားနေသည်။

အစပိုင်းတွင် သူသည် မိမိကိုယ်ကိုယ် အနည်းငယ် စိတ်မချ ဖြစ်နေသော်လည်း တိုက်ခိုက်မှု အနည်းငယ်ကို ရှောင်တိမ်းပြီးနောက် သူ့ယုံကြည်မှုက တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ သူသည် ရှောင်တိမ်းနေရင်းမှ စဉ်းစားလိုက်မိပြန်၏။

“ဒီလောကမှာ အထွဋ်အထိပ် ကျင့်စဉ်တွေနဲ့ တတိယတန်းစား၊ စတုတ္ထတန်းစား ကျင့်စဉ်တွေရဲ့ ကြားက ကွာဟချက်က ဒါပဲ... နဂိုကတည်းက ဟူမိသားစုရဲ့ ဓားသိုင်းက ဒီဂိုဏ်းသားတွေရဲ့ ဓားသိုင်းထက် အဆမတန် သာလွန်နေပြီးသားပဲ…”

“ငါက ခုမှ စတင်ကျင့်ကြံသူ တစ်ယောက် ဘဝမှာပဲ ရှိနေသေးပြီး လအနည်းငယ်လောက်ပဲ ကျင့်ကြံရသေးတယ် ဆိုပေမယ့် ဒီသူခိုးကြမ်းပိုးလောက် အဆင့်တွေကို သတ်ဖြတ်ဖို့ ဆိုတာကတော့ ဘာအခက်အခဲမှ မရှိသင့်ဘူး…”

ဤသေရေးရှင်ရေး အကျပ်အတည်းက သူ့ကို စွမ်းအားများ ထွက်ပေါ်လာစေပြီး တတိယမြောက် သွေးကြောကိုပါ ထပ်မံဖွင့်လှစ် နိုင်စေခဲ့သည်။ ယခု ပွင့်လာသော သွေးကြော သုံးခုမှာ သွေးကြောကြီး နှစ်ခုနှင့် ပင်မသွေးကြောတစ်ခု ဖြစ်သည်။

တစ်ခုသည် ခြေထောက်တွင် ရှိနေပြီး သူ့အား အလွန်လျင်မြန်သော လှုပ်ရှားမှုများကို ပြုလုပ်နိုင်စေကာ နောက်တစ်ခုသည် လက်မောင်းနေရာတွင် ရှိသောကြောင့် တိုက်ခိုက်မှု၏ စွမ်းအားကို နှစ်ဆရရှိလိုက်သလို ဖြစ်သွားစေသည်။

ထိုသွေးကြော နှစ်ခုလုံးသည် တိုက်ခိုက်ရေးပိုင်းတွင် အလွန်မြင့်မားသော စွမ်းဆောင်ရည်ကို ပေးစွမ်းသည်က ထင်ရှားသည်။ ယခုအခါ သူ့၏ စွမ်းအားများသည် အထွဋ်အထိပ် ကျင့်စဉ်၏ နည်းစနစ်များအတိုင်း လမ်းကြောင်း သုံးသွယ်မှ စီးဆင်းနေကြပြီး လှုပ်ရှားမှုတိုင်းတွင် အလွန်အားကောင်းသော အသက် စွမ်းအင်များ ထွက်ပေါ်လာကာ ခန္ဓာကိုယ် နေရာ အနှံ့အပြားသို့ စီးဆင်းသွားသည်ကို ခံစားနေရသည်။

စကားလုံးများဖြင့် ဖော်ပြ၍မရသော စွမ်းအားတစ်ခုသည် သူ့အား အလွန် ရဲရင့်စေပြီး မည်သည့် အရာကိုမျှ မကြောက်ရွံ့အောင် ဖြစ်သွားစေသည်။ စွန်းယန်ဝမ် သည် သူ့ဆီသို့ ဝင်ရောက်လာသော လှံတစ်ချောင်းကို ကာကွယ်လိုက်ပြီးနောက် ဓားဖြင့် ပြန်လည်ခုတ်ချလိုက်ပြီး ရန်သူတစ်ယောက်ကို တိုက်ကွက်တစ်ကွက်ဖြင့် တိုက်ခိုက်ကာ နောက်ထပ် လူနှစ်ယောက်ကိုလည်း သတ်ဖြတ်ပစ်လိုက်၏။

သူ့၏ အသက်နှင့် သေဆုံးရမည့်အပေါ် ကြောက်ရွံ့စိတ်သည် တဖြည်းဖြည်းနှင့် လျော့ပါးလာပြီး နောက်ဆုံး လုံးဝ ပျောက်ကွယ်သွားသည်။ ဟူမိသားစု၏ ဓားကွက်များကို အသုံးပြုတိုက်ခိုက်ပြီး အခြားရန်သူတစ်ဦးကိုလည်း ထပ်မံရှင်းထုတ်ပစ်လိုက်၏။

ဤ နယ်လှည့်ဓားပြတိုက်နေသော ဂိုဏ်းသားများအတွက် စွန်းယန်ဝမ် သည် မည်သို့မျှ သာမန်ကျင့်ကြံသူ မဟုတ်တော့ပေ။ ၎င်းတို့သည် ဆိုင်အကူ ဝတ်ရုံကို ဝတ်ဆင်ထားသော စွန်းယန်ဝမ် ၏ အလွန်ထူးခြားသော တိုက်ခိုက်မှုများနှင့် ကြမ်းတမ်းရက်စက်မှုကို အကြီးအကျယ် အံ့အားသင့်နေမိသည်။

၎င်းတို့၏ ခေါင်းဆောင်ဖြစ်သော အဖိုးကြီးတု မှာလည်း တစ်ချက်တည်းနှင့် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ထို့အပြင် ၎င်းတို့ အားလုံး၏ စုပေါင်း တိုက်ခိုက်မှုများ အောက်တွင်ပင် သူသည် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ အလွန်လျင်မြန်စွာ လှုပ်ရှားနေပြီး အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

နောက်ထပ် အဖွဲ့ဝင် နှစ်ဦး သေဆုံးသွားချိန်တွင် ၎င်းတို့အားလုံး အကြီးအကျယ် ထိတ်လန့်မှုကို ခံစားလာရ၏။ ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်းတို့သည် မြင်းများကို ကမန်းကတန်း နောက်ပြန်လှည့်ကာ မြို့တွင်းမှ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

အကယ်၍ သူသည် ဤဒေသခံ လူငယ်ကျင့်ကြံသူ တစ်ဦး ဖြစ်နေမည်ဆိုလျှင် ၎င်းတို့ကို ထွက်ပြေးခွင့် ပေးကောင်း ပေးမိပေလိမ့်မည်။ သို့သော် စွန်းယန်ဝမ် သည် ပြန်လည်ဝင်စားလာသူ တစ်ဦး ဖြစ်သည့်အပြင် မွန်မြတ်သော မိခင်၏ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံရသည်၊ လူများကို ကယ်တင်ခြင်းသည် အလွန် ကောင်းမွန်သော လုပ်ရပ်ဖြစ်သည် အစရှိသည့် သူတော်ကောင်း တရားများနှင့်အတူ ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။

ယခု သူ့ရှေ့မှ ဤလူများသည် လူသတ်မှုအား ထမင်းစား ရေသောက်သလို ကျူးလွန်နေကြသူများ ဖြစ်ပြီး ယခုအခါတွင်လည်း မိန်းကလေးတစ်ယောက်၏ သတင်းအချက်အလက်ကို သိရရန် တစ်မြို့လုံးကိုပင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

ဤကဲ့သို့ တိရစ္ဆာန်သာသာ အသိရှိသော ရိုင်းစိုင်းသူများကို သူမည်သည့်နည်းဖြင့် လွတ်မြောက်ခွင့် ပေးနိုင်ပါမည်နည်း။ ထို့အပြင် လွန်ခဲ့သည့် မိနစ်ပိုင်းကလေးတွင် သူသည် အမှန်တကယ် သေဆုံးလုနီးပါး ဖြစ်ခဲ့ရပြီး အနီရောင် ဝတ်ရုံနှင့် မိန်းမပျိုမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူ့၏ စုစည်းနေသော ဒေါသများအားလုံးကို သူ့ရှေ့မှ ဤသူခိုးဓားပြများ အပေါ်တွင်သာ ဖောက်ထုတ်စရာ ကျန်တော့၏။

သူသည် လူမရှိတော့သည့် မြင်းတစ်ကောင်ပေါ်သို့ “လွှား”ခနဲ ခုန်တက်လိုက်ပြီး အခြားသူများကို လိုက်လံတိုက်ခိုက်ကာ နောက်ထပ် လူသုံးဦးကို သတ်ဖြတ်ပစ်လိုက်သည်။ သို့သော် လက်တုံ့ပြန်သည့် ကိစ္စများတွင် အတွေ့အကြုံ နုနယ်သေးသူ ဖြစ်သောကြောင့် ၎င်းတို့အားလုံးအား တစ်ချိန်တည်း လိုက်လံသတ်ဖြတ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

ဓားပြများသည် ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာအသီးသီးကို ပြေးထွက်သွားကြပြီး ၎င်းတို့နောက်သို့ ဆက်လိုက်ရန်မှာ မဖြစ်နိုင်တော့သဖြင့် သူသည် အနီးဆုံး နေရာရှိ ဓားပြတစ်ဦးကို ရွေးချယ်ကာ ပေါ့ပေါ့ပါးပါး ဓားချက်တစ်ချက်ဖြင့် အဆုံးသတ်ပေးလိုက်သည်။

ထို့နောက် သူသည် ထိုသူများ၏ အလောင်းများကို လွတ်နေသော မြင်းများပေါ်သို့ တင်လိုက်ပြီး အားလုံး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် မည်သည့်စကားမျှ ပြောဆိုခြင်း မရှိဘဲ မြင်းခုနှစ်ကောင်နှင့် ဝယ်ယူထားသော ပစ္စည်းများကို သယ်ဆောင်ကာ တိုင်ရီကျောင်းတော်သို့ တိုက်ရိုက်ပင် ပြန်လာခဲ့သည်။

ထိုအချိန်တွင် ကျင့်ကြံနေသည့် ကျန်းချင်းရှီ မှာ သွေးများ ပေကျံနေပြီး မြင်းခုနှစ်ကောင်ကို ဦးဆောင်ကာ အလောင်းများ သယ်ဆောင်လာသော သူ့ကို မြင်သည့်အခါ အကြီးအကျယ် ထိတ်လန့်သွား၏။

“ဒုတိယညီလေး…”

သူက ထိတ်လန့်တကြား အော်ခေါ်ရင်း မေးလိုက်သည်။

“ဘာတွေ ဖြစ်လာတာလဲ…. ဘယ်လိုလုပ်ပြီး အလောင်းတွေ အများကြီး ပါလာရတာလဲ…”

စွန်းယန်ဝမ် က မြို့ငယ်လေးအတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို တစ်ခုတစ်လေမျှ ဖုံးကွယ်ခြင်းမရှိဘဲ အတိအကျ အားလုံး ပြန်ရှင်းပြလိုက်သည်။ ဤသူခိုးကြမ်းပိုး အုပ်စုသည် အပြစ်မဲ့သူများအပေါ် ရမ်းကားစွာ သတ်ဖြတ်ခဲ့သူများ ဖြစ်ကြောင်း ကြားရသောအခါ ကျန်းချင်းရှီ သည် စွန်းယန်ဝမ် အား ဆုံးမရမည့်အစား သူ့၏ လုပ်ဆောင်ချက်ကို အကြီးအကျယ် ထောက်ခံကာ ချီးမွမ်းလိုက်သည်။

“ဒုတိယညီလေး… ငါတို့လို သိုင်းပညာရှင်တွေဟာ မကောင်းသူပယ် ကောင်းသူကယ် ပေးရမယ့် တာဝန် အပြည့်ရှိတယ်… ဒီလူတွေက အပြစ်မဲ့သူတွေကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တဲ့အတွက် သေဖို့ လုံးဝ ထိုက်တန်တယ်… ဒီအတွက် ဆရာကလည်း ငါတို့ကို ဘာမှ အပြစ်တင်စရာ အကြောင်းမရှိဘူး… ဒီအလောင်းတွေကို အနောက်က တောင်တန်းတွေဆီမှာ သွားပြီး မြှုပ်ပစ်ကြတာပေါ့… မြင်းတွေကတော့ ငါတို့ အလုပ်လုပ်ဖို့ သိမ်းထားရမယ်…”

ကျန်းချင်းရှီ က အလုပ်တာဝန်များကိုပင် ခွဲတမ်းချနေပြီ ဖြစ်သည်။ စွန်းယန်ဝမ် သည် သူ့၏ စဉ်းစားဆင်ခြင်မှု မရှိဘဲ တဇွတ်ထိုး လုပ်ရပ်အတွက် စီနီယာ အစ်ကို၏ စည်းမျဉ်းစည်းကမ်းများကို ကိုးကားပြီး ဆုံးမလာမည့် အရေးကို တွေးတောကာ စိုးရိမ်နေခဲ့မိသည်။ ယခုတော့ သူစိတ်ပူရသမျှက အလကားသက်သက် ဖြစ်နေခဲ့၏။

“စီနီယာ… အဲဒီအနီရောင်ဝတ်ရုံနဲ့ အမျိုးသမီးက ဘယ်သူလဲ… သူ့နောက်ခံကကော ဘာလဲ… ဒီလူတွေကရော ဘယ်ဂိုဏ်းက လူတွေလဲ…”

စွန်းယန်ဝမ် က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ကျန်းချင်းရှီ က ရယ်လိုက်ပြီး ဆိုသည်။

“သိုင်းလောကမှာ ဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးကို အစ်ကိုက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ… သိုင်းလောကထဲမှာ လူပေါင်း သန်းနဲ့ချီပြီး ရှိပေမယ့် တကယ့် ထိပ်သီးကျင့်ကြံသူတွေက ထောင်ဂဏန်းလောက်ပဲ ရှိတယ်…”

သူသည် အနီရောင်ဝတ်ရုံနှင့် မိန်းမပျိုအပေါ် အနည်းငယ်မျှ မကျေနပ်သော်လည်း ကျန်းချင်းရှီ ၏ စကားကိုကြားသောအခါ ယင်းက ကျိုးကြောင်းဆီလျော်မှု ရှိသည်ကို ခံစားရသည်။ သူသည် သူ့၏ တအုံ့နွေးနွေး ဒေါသကို ကူကယ်ရာမဲ့စွာ ရင်ထဲတွင်သာ မြိုသိပ်လိုက်ရ၏။

ကျန်းချင်းရှီ သည် ထိုအလောင်းများကို ချက်ခြင်းမြေမြှုပ်ရန် ပြင်ဆင်လိုက်သော်လည်း စွန်းယန်ဝမ် က ၎င်းတို့ထံမှ ပစ္စည်းများကို ဦးစွာရှာဖွေရန် တောင်းဆိုခဲ့သည်။ သူသည် အကြံအဖန်များဖြင့် ဂွင်ဆင်ကာ ရိုးသားသော စီနီယာ အစ်ကိုဖြစ်သူကို မည်သည့်နည်းလမ်းနှင့်မဆို စည်းရုံးနိုင်ခဲ့သည်။ သူတို့နှစ်ဦးသည် အလောင်းများပေါ်တွင် လိုက်လံမွှေနှောက် ရှာဖွေခဲ့ရာ ကြေးပြားအိတ် များစွာနှင့် ငွေစတစ်ရာကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။

တာ့လန်ပြည်နယ် တစ်ခုလုံးတွင် ကြေးပြားအိတ် တစ်အိတ်သည် ကြေးဒင်္ဂါးတစ်ထောင်နှင့် တန်ဖိုးချင်း တူညီပြီး ဤငွေကြေးအနည်းငယ်သည် ပြည့်စုံသော မိသားစုတစ်ခုအတွက်ပင် နှစ်နှစ်၊ သုံးနှစ်ခန့် လုံလုံလောက်လောက် သုံးစွဲနိုင်သော အခြေအနေမျိုး ဖြစ်သည်။

ထိုလူများတွင် ပါလာသော လက်နက်များကိုတော့ စွန်းယန်ဝမ် က သူ့အခန်းထဲတွင် သိမ်းဆည်းထားလိုက်ပြီး ယင်းသည် သူက လိုချင်သောကြောင့် မဟုတ်ဘဲ ကျန်းချင်းရှီ က ထိုအရာများကို မလိုချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောထားသောကြောင့် ဖြစ်သည်။

အလောင်းများကို ရှာဖွေပြီးနောက် သူတို့နှစ်ဦးသည် လူသူအရောက်အပေါက် မရှိသော အနောက်ဘက်ရှိ တောင်တန်းများပေါ်တွင် အလောင်းခုနှစ်လောင်းကို မြှုပ်နှံလိုက်ကြ၏။

အချိန်သည် ညသို့ပင် ရောက်ရှိသွားပြီ ဖြစ်သည်။ နှစ်ဦးသား တစ်ယောက်နှင့် တစ်ယောက် အဓိပ္ပာယ်ပါသော အပြုံးဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤနေ့ အဖြစ်အပျက်သည် အလွန် စိတ်လှုပ်ရှားစရာ ကောင်းသည်ဟုလည်း ခံစားမိကြသည်။ စွန်းယန်ဝမ် က ပြောလိုက်၏။

“စီနီယာ… ကျွန်တော်တို့ မှာထားခဲ့တဲ့ ဝတ်စုံအသစ်တွေ ဒီနေ့ ကျွန်တော် ယူလာခဲ့ပြီ… ရေမိုးချိုးပြီး ဝတ်စုံအသစ်လေးတွေနဲ့ လဲလိုက်ကြရအောင်…”

ကျန်းချင်းရှီ က သဘောကျစွာ ရယ်ရင်း ပြောသည်။

“အကောင်းဆုံးပဲ…”

တိုင်ရီကျောင်းတော်၏ အနောက်ဘက်တွင် စမ်းချောင်းငယ်လေးတစ်ခု စီးဆင်းနေပြီး ရေက လုံးဝကြည်လင်နေသည်။ သူတို့ဆရာတပည့် သုံးဦးအတွက် သောက်သုံးရေသည် ဤနေရာမှ ရရှိခြင်း ဖြစ်သည်။ သို့သော် စမ်းချောင်း၏ အနက်မှာ တစ်ပေခွဲခန့်မျှသာ ရှိသောကြောင့် ရေချိုးရန် ဆိုသည်က မည်သို့မျှ အဆင်မပြေနိုင်ပေ။

ကျန်းချင်းရှီ သည် ခြေရေလက်ရေလောက်သာ ဆေးကြောသန့်စင်ရန် ရည်ရွယ်ထားသော်လည်း ပြန်လည်ဝင်စားလာသူ စွန်းယန်ဝမ် အတွက်တော့ ထိုကဲ့သို့ သွေးညှီနံ့ တထောင်းထောင်းကို ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပေ။ သူသည် စီနီယာ ဖြစ်သူကို ရေချိုးရန်အတွက် မရမက သိမ်းသွင်းစည်းရုံးလိုက်၏။

သူတို့နှစ်ဦးသည် ထိုစမ်းချောင်း၏ ဘေးဘက်တွင် ကန်ငယ်တစ်ခုကို အလျင်အမြန် တူးဖော်လိုက်ပြီး စမ်းချောင်းထဲမှ ရေကို သွင်းကာ ယာယီရေချိုးကန် တစ်ခု ဖန်တီးလိုက်ကြသည်။ သူတို့ နှစ်ဦးသည် အဝတ်သစ်များကို ယူလာပြီး ညစ်ပတ်နံစော်နေသော ဝတ်ရုံများကို ချွတ်ကာ ရေချိုးကန် အတွင်းသို့ တဗွမ်းဗွမ်း ခုန်ဆင်းလိုက်ကြသည်။

ကြည်လင်အေးမြသော ရေ၏ အထိအတွေ့ကြောင့် တစ်ကိုယ်လုံး လန်းလန်းဆန်းဆန်း ဖြစ်သွားပြီး ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ဆေးကြောနေစဉ် ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်ခုကြောင့် နှစ်ဦးစလုံး ခေါင်းမွှေးများ တစ်ချောင်းချင်း ထောင်မတ်သွားသလို ခံစားလိုက်ရသည်။

“အိုက်ယား…”

စွန်းယန်ဝမ် အလန့်တကြားဖြင့် မော့ကြည့်လိုက်သောအခါ အနီရောင် ဝတ်ရုံနှင့် မိန်းမပျိုကို နောက်တစ်ကြိမ် တွေ့လိုက်ရပြန်သည်။ သူ့ရင်ထဲမှ ဒေါသမီးတောက်က ချက်ခြင်းပင် “ဝုန်း”ခနဲ တောက်လောင်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“နှာဘူးမ… ငါ့အစ်ကိုနဲ့ငါ ရေချိုးနေတာကို လာချောင်းကြည့်ရဲတယ်ပေါ့ ဟုတ်လား…”

အနီရောင်ဝတ်ရုံနှင့် မိန်းမပျိုသည် မည်သည့်စကားကိုမျှ ပြန်လည်ပြောဆိုခြင်းမရှိဘဲ ပန်းသီးမှည့်လေး တစ်လုံးကဲ့သို့ ရဲပါးတောင်းခတ်သွားသည့် သူမ၏ မျက်နှာကို ဖြူနုသွယ်လျသော လက်ဖဝါးလေး များဖြင့် အုပ်ကာ ချက်ခြင်းပင် ထိုနေရာမှ လှည့်ပြေးသွားတော့သည်။

All Chapters