← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

“လူငယ်တစ်ဦး၏ သူရဲကောင်းစိတ်ဓာတ်”

ကျန်းချင်းရှီ သည် ဤလောကမှ ထိပ်သီးကျင့်ကြံသူများ၏ အမည်များနှင့် ၎င်းတို့၏ ကိုယ်ရေးအကျဉ်းများကို ကရားရေလွှတ် ပြောဆိုသွားသောကြောင့် စွန်းယန်ဝမ် မှာ မည်သည့်နေရာမှ အစပြန်ကောက်ရမှန်း မသိအောင် ဖြစ်သွားသည်။ သူသည် အတန်ကြာအောင် စဉ်းစားပြီးနောက် ဖြစ်နိုင်ချေရှိသော မေးခွန်းတစ်ခုကို ဦးစွာ မေးလိုက်၏။

“ကျွန်တော်တို့ ဖုန်းဘိုးဘေးကလည်း အထွဋ်အထိပ် ကျင့်ကြံသူ နာယကကြီး တစ်ဦးပဲ မဟုတ်ဘူးလား…”

ကျန်းချင်းရှီ သဘောကျစွာ ရယ်လိုက်သည်။

“ငါတို့ ဘိုးဘေးကြီးက သေသွားတာဖြင့် ကြာလှပေါ့… လူမရှိဘဲနဲ့တော့ နေရာပေးထားရင်ကော ဘာအဓိပ္ပာယ် ရှိမှာလဲ… ဟိုးအရင်တုန်းက ဖုန်းဘိုးဘေးကြီး သက်ရှိထင်ရှား ရှိစဉ်က ဒီလောကမှာ နာယကကြီး ငါးဦးနဲ့ ဂိုဏ်းချုပ်ကြီး လေးဦး ဆိုပြီးတော့ ရှိခဲ့တာ…”

“နောက်ပိုင်းမှာ ငါတို့ ဘိုးဘေးကြီးနဲ့ တခြားနာယကကြီး တစ်ယောက်က သက်တမ်းကုန်ပြီး သေသွားကြတယ်… ဂိုဏ်းချုပ်ကြီး လေးဦးထဲက တစ်ဦးလည်း သေဆုံးသွားခဲ့တယ်… အဲဒီနောက်ပိုင်းမှာ ငါတို့ဆရာနဲ့ ရှောင်ရှန်းကျောင်းတော်က ဘုန်းတော်ကြီး ချန်ကွန်း တို့ ရုတ်တရက် ပေါ်ထွက်လာပြီး ဂိုဏ်းချုပ်ကြီးတွေ နေရာကို အစားဝင်ယူ ခဲ့ကြတယ်…”

“ဒါတွေအားလုံးက အခု လက်ရှိ မြေပြင် အခြေအနေပဲ… လက်ရှိ ဂိုဏ်းချုပ်ကြီး ငါးဦးထဲမှာ ဟူချင်းတိ က စွမ်းအားအကြီးဆုံးနဲ့ စီနီယာ အကျဆုံးသူဖြစ်သလို သိုင်းလောက ကနေ အနားယူသွားခဲ့တာ နှစ်ပေါင်းတော်တော် ကြာနေပြီ… ရွှမ်မင်ဘုန်းတော်ကြီး ကတော့ ငါတို့ဘိုးဘေးကြီးနဲ့ သက်တူရွယ်တူ ဖြစ်တာကြောင့် အသက်အကြီးဆုံးသူပဲ…”

“မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး ယန်ဝူကျိ ကတော့ ငါတို့ ဆရာနဲ့ အဆင့်အတန်းချင်း အတူတူဆိုပေမယ့် သူက ဆရာ့ထက် အသက်ဆယ်နှစ်ကျော် ပိုကြီးတယ်… ရှောင်ရှန်းကျောင်းတော်က ဘုန်းတော်ကြီး ချန်ကွန်း က အားလုံးထဲမှာ အငယ်ဆုံးဖြစ်ပြီး ငါတို့ ဆရာထက် ခုနှစ်နှစ်၊ ရှစ်နှစ်လောက်ကို ပိုငယ်တယ်…”

“သူက ရှောင်ရှန်းကျောင်းတော်ရဲ့ ရာစုနှစ် တစ်ခုရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်အဖြစ် သတ်မှတ်ခြင်းကို ခံထားရပြီး အနာဂတ် ရှောင်ရှန်း ကျောင်းတော်ရဲ့ ဒုတိယမြောက် နာယကကြီး ဖြစ်လာဖို့လည်း လူတိုင်းက ထင်ကြေးပေး ခံထားရသူပဲ… နာယကကြီးတွေနဲ့ ဂိုဏ်းချုပ်ကြီး အဆင့်တွေ အောက်မှာတော့ ဂိုဏ်းချုပ်အဆင့် ကျင့်ကြံသူတွေ ရှိနေတယ်…”

“သူတို့ရဲ့ စုစုပေါင်း အရေအတွက်က ဆယ်နဲ့ချီပြီး ရှိနေတာမို့လို့ တစ်ပြိုင်နက်တည်း ပြောပြလို့ ပြီးမှာမဟုတ်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေ အားလုံးမှာ အနည်းဆုံး ဂိုဏ်းချုပ်အဆင့်ရှိတဲ့ ကျင့်ကြံသူတွေ အုပ်ချုပ်နေတာကြောင့် အားလုံးက စွမ်းအားကြီးတဲ့ အခြေအနေကို ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်လို့ ပြောလို့ရတယ်…”

ကျန်းချင်းရှီ က ရှင်းပြသည်။ စွန်းယန်ဝမ် သည် ထိုအကြောင်းအရာများကို ကြားရသောအခါ ပထမဆုံး အနေဖြင့် ဆရာဖြစ်သူ မိုဝူရွှယ် အပေါ် အလွန်အမင်း ကျေးဇူးတင်သွားမိသည်။

ယခင်က မိုဝူရွှယ် သည် သူ့အား သူကိုယ်တိုင် သင်ကြားပြသမှု မလုပ်ချင်သောကြောင့် အညတရ ဆရာတစ်ဦး၏ လက်ထဲသို့ ဟင်းရွက်ကန်စွန်း ထိုးထည့်သလို ထိုးထည့်သွားသည်ဟု မချင့်မရဲ ခံစားမိခဲ့သည်။

သို့သော် မိုဝူရွှယ် သည် သူ့အတွက် ဤမျှအထိ စွမ်းအားကြီးသော ဆရာသခင် တစ်ဦး ရှာပေးခဲ့လိမ့်မည်ဟုတော့ အနည်းငယ်မျှပင် မတွေးမိခဲ့ပေ။

“ဆရာ မိုဝူရွှယ် က တကယ် စိတ်ထားပြည့်ဝတဲ့ လူကောင်းတစ်ယောက်ပဲ…”

ကျန်းယွမ်ချောင် သည် ဆောင်ယန်ဂိုဏ်း ဘိုးဘေးကြီး၏ အကြီးဆုံး တပည့်ဖြစ်သူနှင့် ဆက်ဆံရေး ကတောက်ကဆ ဖြစ်ခဲ့သည် မှန်သော်လည်း တကယ်တမ်း လုံးဝ မတည့်သည့် အခြေအနေမျိုးတော့ မဟုတ်ပေ။ သူသည် မိမိဘာသာ ဂိုဏ်းခွဲတစ်ခု တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဆောင်ယန်ဂိုဏ်းသည် သိုင်းလောက၏ ဦးဆောင်ပုဂ္ဂိုလ် ဘိုးဘေးကြီး တစ်ဦးကို ပိုင်ဆိုင်ခဲ့သည့် အပြင် ဓားဂိုဏ်းကြီး ဆယ်ဂိုဏ်းအနက် ထိပ်ဆုံးတွင် ရပ်တည်နေသော ဂိုဏ်းကြီး တစ်ခုလည်း ဖြစ်သည်။ ကျန်းယွမ်ချောင် ကလည်း ထိုအရှိတရားကို ဆက်ခံပြီး မျက်မှောက်ခေတ်၏ ဂိုဏ်းချုပ်ကြီး တစ်ဦး ဖြစ်လာခဲ့သည်။

အကယ်၍ စွန်းယန်ဝမ် သိုင်းလောကအတွင်းသို့ လှည့်လည်သည့်အခါ မည်သည့် ဘေးအန္တရာယ်မျိုး ကျရောက်သည်ဖြစ်စေ ဂိုဏ်း၏အမည်၊ သို့မဟုတ် သူ့ဆရာ၏ အမည်ကို ထုတ်ဖော်လိုက်ရုံဖြင့် မည်သူကမျှ သူ့အား မလေးမစား ပြုဝံ့လိမ့်မည် မဟုတ်တော့ပေ။ ကျန်းချင်းရှီ က ပြုံးကာ ပြောလိုက်၏။

“ဟူမိသားစုကလည်း ဂိုဏ်းချုပ်ကြီး အဆင့်ရှိသူ တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့တယ်… သူတို့ရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် ဆိုတာကလည်း တကယ်ပဲ ဒီနေ့ခေတ်ရဲ့ ထိပ်တန်းအဆင့်ရှိတဲ့ ကျင့်စဉ်တစ်ခု ဖြစ်နေတယ်…”

“အထူးသဖြင့် ဒီ အခြေခံတည်ဆောက်ခြင်း သုံးဆယ့်ခြောက်မျိုးဟာ ပြင်ပက ချီစွမ်းအင်တွေကို ခန္ဓာကိုယ်ထဲကို ဆွဲယူ ကျင့်ကြံရတာမျိုး ဖြစ်ပြီးတော့ လှုပ်ရှားမှုတိုင်းမှာ မူလစွမ်းအင်ကို လှုံ့ဆော်ပေးနိုင်တဲ့ စွမ်းရည်မျိုး ပါနေတယ်… ဒါက တိုက်ခိုက်ရေးနဲ့ စစ်ပွဲတွေအတွက် လုံးဝကို ဖန်တီးထားသလိုပဲ…”

“မင်းက မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ်ကို ထူးခြားတယ်လို့ ယူဆမိတာကလည်း တကယ်တမ်းတော့ မမှားပါဘူး… ဒါပေမဲ့ ဒုတိယညီလေး သတိထားရမှာ တစ်ခုက ဟူမိသားစုနဲ့ မိုမိသားစု နှစ်ခုစလုံးရဲ့သိုင်းပညာတွေက သူတို့ မိသားစုအတွင်းမှာပဲ သီးသန့်အမွေ ဆက်ခံထားကြတာ… အပြင်လူ တစ်ဦးကို ဘယ်နည်းနဲ့မှ သင်ပေးတာမျိုး မရှိဘူး… လျှို့ဝှက်ပြီး ကျင့်ကြံတာကတော့ ကိစ္စမရှိဘူးပေါ့လေ…”

“ဒါပေမဲ့ သိုင်းလောကထဲမှာ လှည့်လည်သွားလာတဲ့ အခါမျိုးကျရင်တော့ ဒီကျင့်စဉ်တွေကို ပေါ့ပေါ့ဆဆ ထုတ်သုံးချင်တိုင်း သုံးလို့မရဘူးဆိုတာ သတိရပါ… ငါတို့ တိုင်ရီကျောင်းတော်မှာလည်း အဆင့်မြင့်တဲ့ ကျင့်စဉ်တွေ ရှိနေတာပဲ မဟုတ်လား… ဟူမိသားစုရဲ့ ကျင့်စဉ်ကို ဘာဖြစ်လို့ ဆက်သင်နေဦးမှာလဲ…”

စွန်းယန်ဝမ် က မသိမသာ ပြုံးလိုက်ကာ ပြောသည်။

“ဆရာတူ အစ်ကို ပြောတာ မှန်ပါတယ်…”

အမှန်တော့ ဟူမိသားစု၏ ကျင့်စဉ်များကို စွန့်လွှတ်ရန် သူက ဝန်လေးနေခြင်း မဟုတ်ပေ။ မကြာသေးမီက ကျင့်ကြံရင်းဖြင့် ဉာဏ်အလင်း ပွင့်လာခဲ့သော လျှို့ဝှက်တချို့ သူ့တွင် ရှိနေသည်။ ယင်းက အထွဋ်အထိပ် သွေးကြော ကျင့်စဉ်နှင့် မူလစွမ်းအင် အခြေခံတည်ဆောက်ခြင်း ကျင့်စဉ် နှစ်ခုစလုံးတွင် တစ်ခုနှင့် တစ်ခု အပြန်အလှန် အထောက်အကူ ပြုနေသော အချက်များ ရှိနေခြင်း ဖြစ်သည်။

အထွဋ်အထိပ် သွေးကြောကျင့်စဉ်သည် စွမ်းအားနည်းပါးသည့် သွေးကြောများအပေါ် ကျင့်ကြံရာတွင် များစွာ ထိရောက်မှု မရှိသော်လည်း မူလစွမ်းအင် ကျင့်စဉ်က ထိုသွေးကြောများအား အားကောင်းလာစေရန် အထူးပြုပြင်ပေးနိုင်စွမ်း ရှိသည်။

ပြောင်းပြန်အားဖြင့် မူလစွမ်းအင် ကျင့်စဉ်ဖြင့် မထိုးဖောက်နိုင်သော သွေးကြောတချို့ ရှိလာသည့်အခါ အထွဋ်အထိပ် သွေးကြော ကျင့်စဉ်ဖြင့် အောင်မြင်အောင် ထိုးဖောက်ပေးနိုင်သည့် ထူးခြားသော နည်းစနစ်မျိုး ဖြစ်သည်။

ထို့ကြောင့် နှစ်ခုစလုံးကို ပြိုင်တူလေ့ကျင့်ခြင်းက သူ့၏ ကျင့်ကြံမှုအတွက် အလွန်ထိရောက်မှု အားကောင်းသောကြောင့် မည်သည့် တစ်ခုကိုမျှ စွန့်လွှတ်စရာ အကြောင်းမရှိခဲ့ပေ။ သို့သော် ကျန်းချင်းရှီ ၏ စကားများက သူ့ကို တိတ်တဆိတ် သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ယခုအချိန်မှစကာ ဟူမိသားစု၏ ကျင့်စဉ်အား လူသိရှင်ကြား လုံးဝ အသုံးပြုနိုင်မည် မဟုတ်တော့ပေ။ မိုဝူရွှယ် သူ့အား ထိုကျင့်စဉ်ကို သင်ပေးခဲ့စဉ်ကလည်း သူမည်သည့် သိုင်းပညာအား သင်ကြားနေသည် ဆိုသည်ကို မည်သူ့ကိုမျှ ပြောမပြရန် အရိပ်အမြွက် ပြောဆိုခဲ့ဖူးသည်။

မျက်စိတစ်မှိတ်အတွင်း တစ်ပတ်၊ ရှစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ သို့သော် ကျန်းယွမ်ချောင် သည် ပြန်ရောက်လာခြင်း မရှိသေးပေ။ ထိုမနက် အိပ်ယာမှ နိုးထလာသောအခါ စွန်းယန်ဝမ် သည် မှာယူထားခဲ့သော ဘုန်းတော်ကြီး ဝတ်ရုံများကို ရုတ်တရက် သတိရသွား၏။

သူက ကျန်းချင်းရှီ ကို အသိပေးပြီးနောက် အနီးအနားရှိ မြို့ငယ်လေးသို့ တစ်ဦးတည်း ထွက်ခွာလာခဲ့သည်။ စွန်းယန်ဝမ် သည် အပ်ချုပ်ဆိုင်မှ ဝတ်စုံသုံးစုံကို ယူဆောင်ပြီးနောက် ဟင်းသီးဟင်းရွက်နှင့် စားနပ်ရိက္ခာများ အပြင် အသေးစား အိမ်သုံးပစ္စည်း အချို့ကိုပါ ထပ်မံဝယ်ယူလာခဲ့သည်။

ဤရက်များအတွင်း ဆရာမရှိသည့်အပြင် ကျန်းချင်းရှီ မှာလည်း အချက်အပြုတ်ပိုင်းတွင် လွန်စွာ အားနည်းသောကြောင့် မီးဖိုချောင် တာဝန်က သူ့အပေါ်ကို အလိုအလျောက် ရောက်လာခဲ့သည်။ ပြန်လည်ဝင်စားလာသူ တစ်ဦး ဖြစ်သည့်အပြင် ယခင်ကမ္ဘာတုန်းကလည်း မိမိဘာသာ မကြာခဏ ချက်ပြုတ်စားသောက်ဖူးသူ ဖြစ်သောကြောင့် ကျေးလက် အစားအစာများအပြင်၊ အရှေ့တိုင်းစာ၊ အနောက်တိုင်းစာ၊ ဟိုတယ်စာ အစရှိသည်ဖြင့် ဟင်းချက်နည်း ပေါင်းစုံကို သင်ယူလေ့လာ ထားခဲ့သည်။

သူ့၏ တစ်နေ့သုံးနပ် ချက်ပြုတ်မှုက ကျန်းချင်းရှီ ထံမှ ချီးကျူးသံများကို ထမင်းစားချိန်တိုင်း ကြားရခြင်း ဖြစ်သည်။ အကျွမ်းကျင်ဆုံး စားဖိုမှူးပင် ဖြစ်လင့်ကစား ပစ္စည်းအမယ် စုံလင်ခြင်း မရှိလျှင်တော့ ခမ်းနားတဲ့ စားတော်ပွဲကို ဖန်တီးနိုင်မည် မဟုတ် ဆိုသည့် ဆိုရိုးစကား တစ်ခုလည်း ရှိသည်။

တိုင်ရီကျောင်းတော်တွင် စုဆောင်းထားသော ရိက္ခာစားအင်အားမှာ အလွန်နည်းပါးသည့် ပမာဏသာ ဖြစ်သောကြောင့် သူမည်မျှ ကြိုးစားပမ်းစား ချက်ပြုတ်သည်ဖြစ်စေ ဟင်းပွဲများစွာ ဖန်တီးရန်က အခက်အခဲ ဖြစ်လာသည်။

ထို့ကြောင့် ဤတစ်ခေါက် မြို့ပေါ်သို့ တက်လာရခြင်း အကြောင်းတွင် ရိက္ခာဖြည့်တင်းရန် ကလည်း အဓိက အကြောင်းအရာထဲတွင် ပါဝင်ပြီး သူတို့၏ နေ့စဉ် ဟင်းအမယ်များကို အဆင့်မြှင့်တင်ရန် အကောင်းဆုံး အခွင့်အရေး ဖန်တီးရမည် ဖြစ်သည်။

စွန်းယန်ဝမ် သည် စိတ်ကူးထဲတွင် ပေါ်သမျှ ပစ္စည်းများကို ဝယ်ယူနေခြင်းကြောင့် ပစ္စည်းများမှာ လှည်းတစ်စီးတိုက်စာခန့် ဖြစ်လာပြီး အပြန်ခရီးအတွက် လှည်းတစ်စီး မဖြစ်မနေ ငှားရမ်းရတော့သည်။ သူက ဝယ်ယူထားသော ပစ္စည်းများအား ထပ်မံစစ်ဆေးနေစဉ် ပြင်းထန်သော မြင်းခွာသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။

ယင်းက ဂိုဏ်းတစ်ခုမှ လူများဖြစ်ကြောင်း သိသာထင်ရှားလွန်းပြီး သိုင်းပညာကို တတ်မြောက်ထားသူများလည်း ဖြစ်သည်။ ထိုလူအုပ်စု တစ်ဒါဇင်ကျော်သည် မြင်းများကို ဒုန်းစိုင်းစီးကာ မြို့တွင်းသို့ အရှိန်ပြင်းစွာဖြင့် ဝင်ရောက်လာကြပြီး အားလုံးသည် ကြမ်းတမ်းရိုင်းစိုင်းသလို ဖုန်မှုန့်များနှင့် ချွေးနံ့ပြင်းပြင်း များက နှာခေါင်းဝသို့ “ထောင်း”ခနဲ ရိုက်ခတ်လာသည်။

ခြိမ်းခြောက်ခြင်း အငွေ့အသက်တို့က ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ခြင်း ပြည့်နှက်သွားသည်။ ဗန်းတစ်ခု ရွက်ထားပြီး ဟင်းသီးဟင်းရွက်များ လိုက်လံရောင်းချနေသော သက်ကြီးရွယ်အို တစ်ဦးသည် ၎င်းတို့ မြင်းများ၏ အလျင်ကြောင့် အချိန်မီ ရှောင်တိမ်းနိုင်စွမ်း မရှိဘဲ ၎င်းတို့သွားမည့်လမ်းကို ပိတ်ဆို့ထားသလို ဖြစ်သွား၏။

ရုတ်တရက် ခေါင်းဆောင်ဖြစ်သူ၏ ဓားပေါ်တွင် အေးစက်သော အလင်းရောင် တစ်ခု “လက်”ခနဲ ဖြစ်ပေါ်လာပြီး လမ်းအလယ်တွင် တုန်တုန်ရီရီ ရပ်နေသော အဖိုးကြီးကို ဓားချက်တစ်ချက်ဖြင့် နှစ်ပိုင်း ပိုင်းဖြတ် ပစ်လိုက်သည်။ ၎င်း၏ မြင်းက အဖိုးအို၏ အလောင်းပေါ်မှ ဖြတ်ကျော်သွားချိန်တွင် သွေးများ “ဗြန်း”ခနဲ ပန်းထွက်လာပြီး မြေပြင်ကို နီစွေးသွားစေခဲ့သည်။

ထိုလူသည် မြင်းကို အနည်းငယ်မျှ အရှိန်လျှော့ခြင်း မရှိဘဲ မြို့အလယ်သို့ တိုက်ရိုက်ပင် စီးနင်းလာပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ဝတ်ရုံ အနီရောင်နဲ့ မိန်းမပျို တစ်ယောက်ကို ဘယ်သူမြင်လဲ… မပြောဘူးဆိုရင် ဒီနေရာက လူအားလုံးကို သတ်ပစ်မယ်…”

စွန်းယန်ဝမ် သည် အဖိုးအို နှင့် အနည်းငယ် အလှမ်းကွာသော နေရာကို ရောက်နေသောကြောင့် ဝင်ရောက်ကူညီရန် အချိန်မမီလိုက်ပေ။ လူသတ်သမားသည် ယခုအခါ အလွန်ရဲတင်းစွာဖြင့် လူများကို ခြိမ်းခြောက် မေးမြန်းနေပြန်သည်။

ထိုအခါ သူ့၏ တည်ကြည်ဖြောင့်မတ်သော ဒေါသတရားသည် သူ့၏ အသွေးအသား အတွင်းမှ တဝုန်းဝုန်း ပေါက်ကွဲ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ် လိုက်မိ၏။

“အကြောင်းမရှိဘဲ အပြစ်မဲ့တဲ့ သူတွေကို သတ်ဖြတ်နေတဲ့ မင်းလို လူသတ်သမားက… ငါတို့အားလုံးကို ထပ်ပြီး သတ်ချင်တယ်ပေါ့ ဟုတ်လား… မင်းကိုယ်တိုင် သေဖို့ကော ပြင်ဆင်ထားပြီးပြီလား…”

သူသည် ဤကမ္ဘာသို့ အချိန်ခရီးဖြင့် ရောက်ရှိလာခဲ့ပြီး သိုင်းပညာကိုလည်း တတ်မြောက်ထားခဲ့ပြီ ဖြစ်သောကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး သတ်ဖြတ်ခံလိုက်ရခြင်းနှင့် ဤနေရာမှ လူအားလုံးကိုပါ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သံကို ကြားသောအခါ လုံးဝ သည်းမခံနိုင်တော့ပေ။

ဤကဲ့သို့ အရာမျိုး သူ့မျက်လုံးရှေ့တွင် မျက်ဝါးထင်ထင် ဖြစ်ပျက်လာသောအခါ သူသည် မည်သည့် စိတ်ဓာတ်ဖြင့် ခေါင်းငုံ ခံနေရပါမည်နည်း။ သူသည် ဝတ်ရုံများ ယူဆောင်ရန်အတွက် တောင်ပေါ်မှ တောင်အောက်သို့ ဆင်းလာခဲ့ခြင်းဖြစ်ပြီး မည်သည့် လက်နက်ကိုမျှလည်း ယူဆောင်မလာခဲ့ပေ။

သို့သော် ဤသူခိုးကြမ်းပိုးကဲ့သို့သော ဓားပြများလောက်ကို သူက ကြောက်ရွံ့နေရပါမည်လော။ သူက ကြုံးဝါးအော်ဟစ်လိုက်ပြီး လက်ဗလာဖြင့် ထို ထွားကျိုင်းသော ခေါင်းဆောင်ဖြစ်သူထံ ရုတ်တရက် ခုန်ဝင်သွားသည်။ အစောပိုင်းကမှ အဖိုးကြီးတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သော ခေါင်းဆောင်ဖြစ်သူထံမှ အေးစက်သည့် လှောင်ပြောင် ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ မြင်းအား သူ့ဆီကို ဦးတည်ကာ မောင်းနှင်လိုက်၏။

၎င်း၏ ဓားသွားသည် ကောင်းကင်ထက်မှ လျှောကျလာသော ပိုးသားလွှာများကဲ့သို့ လေထဲတွင် စီးဆင်းသွားပြီး ဓားသိုင်းပညာက အံ့အားသင့်စရာ ကောင်းလောက်အောင် သေသပ်လှပမှုရှိသည်။ သာမန် အခြေအနေမျိုးတွင် ဆိုပါက တိုက်ခိုက်ရေး အတွေ့အကြုံ လုံးဝမရှိသော စွန်းယန်ဝမ် အတွက် အကြီးမားဆုံး အခက်အခဲကြီးတစ်ခု ဖြစ်လာနိုင်စရာ ရှိသည်။

သို့သော် ယခုမူ သူ့၏ သွေးများက ဆူပွက်နေပြီး သူ့၏ အာရုံခံနိုင်စွမ်းကလည်း ထက်မြက်လာခဲ့သည်။ သူ့ဆီသို့ ဝင်ရောက်လာသော ဓားသွားကို ရင်ဆိုင်ရင်း သူ့ခန္ဓာကိုယ်သည် ရုတ်ချည်း အနေအထား ပြောင်းသွားပြီး ကြိုးကြာနှစ်ကောင် ရွေ့လျားခြင်း သိုင်းကွက်ကို အသုံးပြုလိုက်၏။

ထိုသိုင်းကွက်သည် နတ်ဆိုးသတ်ဓားသိုင်း ခုနှစ်ဆယ့် နှစ်ကွက် အတွင်း ပါဝင်သော လက်ဗလာဖြင့် ရန်သူ၏ လက်နက်ကို ဖျက်ဆီးရန် အထူးဖန်တီးထားသော တိုက်ကွက်တစ်ခု ဖြစ်သည်။ သူ့၏ လက်များသည် ကြိုးကြာအတောင်ပံ များကဲ့သို့ တရိပ်ရိပ် လှုပ်ရှားနေပြီး အသက်အန္တရာယ်အပေါ် ခြိမ်းခြောက်နိုင်သည့် တိုက်ခိုက်မှု အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သည်။

ဂိုဏ်းချုပ်ကြီး အဆင့်ရှိသူ တစ်ဦးမဟုတ်ပါက ထိုတိုက်ခိုက်မှု နောက်ကွယ်တွင် ပါလာသော ရည်ရွယ်ချက်ကို ပထမဦးဆုံးအကြိမ် ရင်ဆိုင်ရရုံဖြင့် မည်သို့မျှ သိနိုင်မည် မဟုတ်ပေ။ ဤခေါင်းဆောင် ဖြစ်သူထံတွင် ထိုသို့သော သိမြင်နိုင်စွမ်းမျိုး မည်သို့ ရှိနိုင်ပါမည်နည်း။

၎င်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထိုဆိုင်အကူ ဝတ်စုံဖြင့် လူငယ်သည် မည်သည့် လှည့်ကွက်မျိုး အသုံးပြု တိုက်ခိုက်သည်ဖြစ်စေ သူ့ဓားချက်အောက်တွင် နှစ်ပိုင်းပြတ်ကို ပြတ်ရမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ခုတ်ချလိုက်သည်။

သို့သော် အံ့အားသင့်စရာ ကောင်းလောက်အောင် သူ့ဓားက လေကိုသာ ခုတ်မိသွား၏။ သူ့၏ အံ့အားသင့်မှု မပျောက်ကွယ်သေးသည့် အချိန်မှာပင် သူ့လက်ကောက်ဝတ်မှ စူးရှနာကျင်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး အကြိမ်ရာပေါင်းများစွာ သွေးထားသော ဓားက သူ့လက်အတွင်းမှ “ချွင်”ခနဲ လွတ်ထွက်သွားသည်။

သူ့သက်တမ်း တစ်လျှောက်လုံးတွင် ဤမျှ ထူးခြားဆန်းကြယ်သော နည်းစနစ်မျိုးကို တစ်ကြိမ်တစ်ခါမျှ ကြုံခဲ့ဖူးခြင်း မရှိပေ။ လူတစ်ဦးကို သတ်ဖြတ်ပြီးနောက် မည်သို့မျှ မခံစားရသည့် ထိုသူ၏ ပုံစံကြောင့် အကြီးအကျယ် ဒေါသထွက်သွားသည့် စွန်းယန်ဝမ် သည် ၎င်း၏ ဓားကို ဆွဲယူလိုက်ပြီး ၎င်းအား ဒေါသတကြီး ခုတ်ပိုင်းချလိုက်၏။

“ကောင်းကင်ဖြတ် ဟင်းလင်းပြင်…”

ဓားချက်တစ်ချက်သည် ထိုခေါင်းဆောင်၏ ဦးခေါင်းကြီးကို “ရွှပ်”ခနဲ ပိုင်းဖြတ်ချသွားသည်။ ဂိုဏ်းချုပ်ကြီး အဆင့်ရှိသူကိုပင် မွေးထုတ်ပေးနိုင်သော ဟူမိသားစု၏ ဓားသိုင်းပညာမှာ မည်သို့မျှ သာမန်မဖြစ်နိုင်ပေ။ ၎င်းသည် ယနေ့ခေတ်၏ ထိပ်သီးဓားသိုင်းများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။

စွန်းယန်ဝမ် သည် ထိုသိုင်းပညာများကို ကျင့်ကြံနေဆဲ ဖြစ်သော်လည်း သာမန်အဆင့်မျှသာ ရှိသော ကျင့်ကြံသူများက သူ့အတွက် ပြိုင်ဘက်ဟုပင် ဆို၍မရတော့ပေ။ သူ့ဘဝ၏ ပထမဦးဆုံးအကြိမ် လူသတ်မှုကို ကျူးလွန်လိုက်ရသောကြောင့် စွန်းယန်ဝမ် အနေဖြင့် လွန်စွာ စိတ်လှုပ်ရှားနေသလို အနည်းငယ် စိတ်မသက်မသာ ဖြစ်မှုကိုလည်း ခံစားရသည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာပေါ်ရှိ အလုံခြုံဆုံး နိုင်ငံတစ်ခု၌ မွေးဖွားလာခဲ့သူ ဖြစ်သောကြောင့် လမ်းမများထက်မှ လူသတ်မှုကို မမြင်တွေ့ဘူးသလို ကိုယ်တိုင် ကျူးလွန်ပါဝင်ရန် ဆိုသည်က စိတ်ကူးထဲတွင်ပင် မစဉ်းစားမိသော ကိစ္စမျိုး ဖြစ်သည်။

အကယ်၍ ထိုသူ သတ်ဖြတ်သည်ကိုသာ ဦးစွာ မမြင်တွေ့ခဲ့လျှင်၊ သို့မဟုတ် ဒေါသစိတ်၏ တွန်းအားပေးမှု မရှိခဲ့လျှင် အခိုက်အတန့်လေးပင် ဖြစ်စေဦးတော့ ထိုအရာကို သူလုပ်ဆောင်မိမည် မဟုတ်ပေ။ သူ့၏သွေးများ အစွမ်းကုန် စီးဆင်းနေသကဲ့သို့ ခံစားနေရသည်။

သူသည် အစောပိုင်းက တိမ်တိုက်များကဲ့သို့ လှုပ်ရှားသွားပြီး အလွန်သေသပ်စွာ သတ်ဖြတ်နိုင်ခဲ့ခြင်း အပေါ် အမှန်တကယ် ကျေနပ်အားရမှု ရှိခဲ့သည်။ တိုင်ရီကျောင်းတော်တွင် ဓားပညာကို ကျင့်ကြံစဉ် နတ်ဆိုးသတ် ဓားကွက်များ၏ ရှုပ်ထွေးသော ပြောင်းလဲမှုများကို ယခုအခါ ဤမျှ လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ခြင်းက ရှားပါးသည်ဟုပင် ဆိုနိုင်၏။

ထိုအချိန်မှာပင် အိမ်ခေါင်မိုး တစ်ခုပေါ်တွင် အနီရောင် ဝတ်ရုံဖြင့် မိန်းမပျိုတစ်ဦး “ဖျတ်”ခနဲ ပေါ်ထွက်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ အနီရောင်ဝတ်ရုံသည် လေထဲတွင် တဖျတ်ဖျတ် လွင့်ပါနေပြီး လက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် လေးတစ်လက်နှင့် မြှားတစ်စင်း လက်ထဲတွင် ပေါ်လာကာ လေးသည် လတစ်စင်းကဲ့သို့ အလွန်လျင်မြန်စွာ ကွေးညွှတ်သွားပြီး မြှားက “ရွှီး”ခနဲ ပြေးထွက်လာသည်။

သတ္တဝါ တစ်ကောင်ကောင်၏ အမွှေးကို ဖင်တွင်ညှပ်ထားသော မြှားတံသည် ချက်ခြင်းဆိုသလိုပင် သူ့မျက်နှာဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာလေသည်။ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မိန်းမပျို၏ မျက်နှာထက်မှ အကြီးအကျယ် အံ့အားသင့်သွားသည့် အရိပ်အယောင်ကို သူရှင်းလင်းစွာ မြင်လိုက်ရ၏။ သူမ၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်လာသော “သေစမ်း ငါလူမှား ပစ်လိုက်မိပြီ” ဆိုသည့် စကားများကိုပင် မြင်လိုက်ရသလို ဖြစ်သွားသည်။

“ဒါက ဘယ်လိုငရဲလဲ…”

All Chapters