သုံးဖွဲ့စလုံး ဒဏ်ရာရ
Vol. 137 Ch. 1759
အရာအားလုံး မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားကြသည်။ ထိုက်ယီ၏ တာအိုသစ်သီး ၁၁ လုံး ပျံသန်းလာသည့်အချိန်တွင် အနန္တအဘိုးအိုကလည်း သူ၏ ခွန်အားအလုံးစုံ ထုတ်သုံးကာ ထိုက်ယီအား ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ မီလော့နန်းတော်မှ သခင်လေးသုံးနှင့် သခင်လေးလေးတို့ကလည်း မီလော့နန်းတော်မှ သိုင်းပညာရှင်များကို ဦးဆောင်၍ ထိုက်ယီနှင့် အနန္တအဘိုးအိုကို တစ်ချိန်တည်း ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အချိန်ဖြစ်သည်။
အဖွဲ့သုံးဖွဲ့လုံးက ဤအခိုက်အတန့်တွင် တစ်ပြိုင်နက်တည်း အင်အားအလုံးစုံ ထုတ်ဖော်လိုက်ကြချေပြီ။
ထိုက်ယီ၏ ပုဆိန်က အနန္တအဘိုးအိုနှင့် ဦးစွာ ဝင်တိုက်သွားသည်။ ပုဆိန်သည် တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် အနန္တအဘိုးအို၏ လည်ပင်းထဲသို့ ခုတ်ဝင်သွား၏။ တစ်ချိန်တည်းမှာပင် ပုဆိန်သွားက လောကသစ်ပင်ထဲသို့လည်း ခုတ်ဝင်သွားသည်။
“ထိုက်ယီ၊ အရင်က ငါဟာ မွေးဖွားခြင်းကပ်ဘေးကို ဖြတ်ကျော်နေရတဲ့ အားနည်းနေတဲ့အချိန်မလို့ မင်း အခွင့်ကောင်းယူပြီး ငါ့ကို ခုတ်လှဲနိုင်ခဲ့တာ… ဒါပေမဲ့ အခုက အရင်ကနဲ့ မတူတော့ဘူး”
အနန္တအဘိုးအို၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မဟာတာအိုများ စီးဖြာနေပြီး လောကသစ်ပင်ပေါ်ရှိ တာအိုသစ်သီး သုံးသောင်းခြောက်ထောင်ကလည်း လှည့်ပတ်နေကြသည်။ တာအိုအလင်းများ စုစည်းသွားပြီး တောင်ဝှေးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွား၏။ တောင်ဝှေးက သူ၏ လည်ပင်းရှေ့တွင် ကာလျက် ပုဆိန်နှင့် ဝင်တိုက်သွားသည်၊ ကြီးမားလှသော ဝင်တိုက်အားကြောင့် အနန္တအဘိုးအို၏ ခန္ဓာကိုယ်မှာ မိုင်ထောင်ပေါင်းများစွာ ဘေးတိုက်လွင့်ထွက်သွားတော့သည်။
သူ၏အနောက်ရှိ လောကသစ်ပင်မှာလည်း ၎င်းအားကြောင့် သူနှင့်အတူ လွင့်ထွက်သွား၏။
လောကသစ်ပင်နှင့် အနန္တအဘိုးအိုသာမက ဘိုးဘေးနန်းတော်တစ်ခုလုံးသာ လွင့်ထွက်သွားသည်။ ဘိုးဘေးနန်းတော်မှာ ဤအင်အားကြီးပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ခိုက်မှုကြောင့် မိုင်ထောင်ပေါင်းများစွာ ရွေ့လျားသွားလေသည်။
သို့သော် ရွေ့လျားသွားသော အကွာအဝေးမှာ ဝေးကွာပုံရသော်လည်း ဘိုးဘေးနန်းတော်ကဲ့သို့ ကြီးမားကျယ်ပြန့်သော နေရာအတွက်မူ ဆံချည်မျှင်တစ်မျှင်စာမျှသာ ရွေ့လျားသွားသကဲ့သို့ပင်။
ဘီလူးကြီးထိုက်ယီနှင့် အနန္တအဘိုးအိုတို့၏ စွမ်းအားက ပြင်းထန်အားကောင်းလှသော်လည်း စကြဝဠာထဲတွင်မူ ဘိုးဘေးနန်းတော်ကို တုန်ခါသွားစေရုံသာ တတ်နိုင်သည်။
သို့ထိတိုင် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဘိုးဘေးနန်းတော်သည် စကြဝဠာ၏ အလယ်ဗဟို ဖြစ်၏။ ဤကမ္ဘာလောကမှာ အဆက်မပြတ် ကြီးထွား၍ ကျယ်ပြန့်နေဆဲ မဟုတ်လေလော။ ဘိုးဘေးနန်းတော် မိုင်ထောင်ပေါင်းများစွာ ရွေ့လျားသွားခြင်းက ကြယ်တာရာကောင်းကင်တွင် ဆူနာမီလှိုင်းများ ထကြွလာစေကာ ကမ္ဘာလောကအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားနေသည်။
နှစ်ပေါင်းထောင်သောင်းပေါင်းများစွာ ကြာလျှင် ဤအင်အားကြီးပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော အချိန်နှင့် နေရာလှိုင်းဂယက်သည် ဝင်ရိုးစွန်းလေးခုဆီသို့ ပျံ့နှံ့သွားမည် ဖြစ်၏။ စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံသွားသည့် လှုပ်ခတ်မှုဟု ဆိုရလိမ့်မည်။
မှန်ပါသည်။ ဤအတိုင်းအတာရှိသော လှုပ်ခတ်မှုမှာ စကြဝဠာတစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်မဟုတ်ချေ။ သာမန်လူများအနေဖြင့် ရုတ်တရက် မူးဝေသွားခြင်းမျိုးသာ ခံစားရနိုင်ပြီး အခြားမည်သည့်အရာမှ ဖြစ်ပေါ်မည်မဟုတ်ပေ။
အနှောင့်အယှက် ဖြစ်စေသည့် တစ်ခုတည်းသောအရာမှာ ချင်မူ အနန္တအဘိုးအို၏ သစ်ရွက်ပေါ်သို့ ကျရောက်သွားပြီး ဖရိုဖရဲမြစ်ထဲသို့ ပြုတ်ကျတော့မည့် ဖြစ်ရပ်ပင်။
ထိုက်ယီ သတ်ဖြတ်ရန် ရောက်လာသည့် အချိန်တွင် ချင်မူမှာ သစ်ရွက်ကုန်းမြေမှ ခုန်ထွက်ကာ ထွက်ပြေးရန် ပြင်နေခဲ့သည်။ သူ၏ အနေအထားအရ လောကသစ်ပင်အောက်သို့ ဘေးကင်းစွာ ခုန်ချနိုင်ခဲ့မည် ဖြစ်သော်လည်း အင်အားကြီးပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ခိုက်မှုက ဘိုးဘေးနန်းတော်ကို မိုင်ထောင်သောင်းပေါင်းများစွာ ရွေ့လျားသွားစေခဲ့သည့်အခါ သူ ဆင်းသက်မည့်နေရာမှာ ဖရိုဖရဲမြစ်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ချင်မူ ကြောင်သွားသည်။ ဤအခိုက်အတန့်တွင် ထိုက်ယီ၏ ပုဆိန်မှာ အနန္တအဘိုးအို၏ လက်ချက်ကြောင့် လွင့်စင်သွားပြီး သူ၏ခြေထောက်အောက်သို့ ရောက်လာ၏။
ထိုက်ယီက ပုဆိန်ကို ဝှေ့ယမ်းလိုက်ရာ ချင်မူမှာလည်း အပေါ်သို့ မြင့်တက်သွားတော့သည်။
သူ မော့ကြည့်လိုက်သည့်အချိန်တွင် သူ့ထံသို့ တဖြည်းဖြည်း နီးကပ်လာနေသည့် ထိုက်ယီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို လှမ်းမြင်နေရ၏။
“ထိုက်ယီက ငါ့ကို ဂရုစိုက်သေးသားပဲ”
ချင်မူမှာ စိတ်ပေါ့ပါးသွားသဖြင့် သူ၏မျက်နှာတွင် ဝမ်းသာပျော်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ ထိုက်ယီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် ထိုက်ယီတာအိုသစ်ပင်၏ အကိုင်းတစ်ခက်က ကွေးညွှတ်၍ အောက်သို့ နိမ့်ဆင်းလာကာ ပိုပို၍ရှည်လျားလာ၏။ ၎င်းက သူ့ကို မဟာခြုံလွှမ်းကောင်းကင်ဘုံထဲသို့ ဆွဲခေါ်ကယ်တင်ပေးလိမ့်မည်။
ဤအချိန်တွင် အနန္တအဘိုးအိုက တောင်ဝှေးကို ဝှေ့ယမ်း၍ ထိုက်ယီ၏ ပုဆိန်ကို ရိုက်ထုတ်လိုက်သည်။ ရုတ်တရက် အဘိုးအို၏ ခြေထောက်နှစ်ဖက်က အလွန်တရာ ထူထဲသော အမြစ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော အမြစ်များက သူ့အောက်တွင် အနက်ရောင်စပါးကြီးမြွေများသဖွယ် လူးလွန့်နေပြီး သူ၏ ကိုယ်ခန္ဓာကို မြှောက်တင်ပေးထားသည်။
အမြစ်များ၏ တစ်စိတ်တစ်ပိုင်းမှာ ဘိုးဘေးနန်းတော်ထဲတွင် အမြစ်တွယ်ထားပြီး တစ်စိတ်တစ်ပိုင်းမှာမူ သူ၏ခန္ဓာကိုယ်ကို ထောက်ပင့်ထားသည်။ သူက တောင်ဝှေးကို ဝှေ့ယမ်းလျက် ဖရိုဖရဲမြစ်ထဲရှိ ထိုက်ယီအား တိုက်ခိုက်လိုက်သည်။
အဘိုးအိုသည် သစ်ပင်ခုတ်ခံရခြင်းအတွက် ကလဲ့စားချေလိုသည့်အပြင် တစ်ချိန်တည်းမှာပင် တာအိုဖီဆန်သူ ထိုက်ယီကိုလည်း သတ်ဖြတ်လို၏။
ချင်မူ ထိုက်ယီတာအိုသစ်ပင်မှ ကျဆင်းလာသော သစ်ကိုင်းကို ဖမ်းဆွဲရန် ပြင်လိုက်စဉ် လောကသစ်ပင်အမြစ်တစ်ချောင်းက ပြေးဝင်လာပြီး သူ၏ခြေထောက်နှစ်ဖက်ကို ချုပ်နှောင်ကာ ဖရိုဖရဲမြစ်ဆီသို့ ဆွဲချလိုက်သည်။
“သေပြီ”
ချင်မူမှာ လက်ဆန့်ကာ ထိုက်ယီတာအိုသစ်ပင်၏ သစ်ကိုင်းကို ဖမ်းဆွဲနေသော်လည်း နောက်တစ်ခဏတွင် အောက်သို့ ဆွဲချခြင်း ခံလိုက်ရတော့သည်။
မြစ်ထဲတွင် ထိုက်ယီမှာလည်း မရေမတွက်နိုင်သော အမြစ်များဖြင့် တင်းကျပ်စွာ ရစ်ပတ်ချည်နှောင်ခံထားရသည်။ အနန္တအဘိုးအို၏ အမြစ်များက သူ၏ ရင်ဘတ်သို့ ရောက်လာကာ သူ၏ လက်မောင်းနှစ်ဖက်ကို ချုပ်နှောင်ထားရင်း လည်ပင်းညှစ်ရန် ပြင်နေ၏။
ဤအချိန်ကား ထိုက်ယီကို သတ်ဖြတ်ရန် အကောင်းဆုံး အချိန်အခါပင်။
အဘိုးအိုက ချွန်ထက်သော တောင်ဝှေး၏ ထိပ်ဖြင့် ထိုက်ယီ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုက်ယီက လက်မောင်းနှစ်ဖက်ကို ရုန်းထွက်လိုက်ကာ နတ်ပုဆိန်ဖြင့် သူ၏နဖူးရှေ့တွင် ကန့်လန့်ကာထားလိုက်သည်။
ဒေါင်…
တောင်ဝှေး ပုဆိန်မျက်နှာပြင်ပေါ်သို့ ထိုးစိုက်မိသွားသည်နှင့် နှစ်ခုလုံး၏ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ဖရိုဖရဲမြစ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဘိုးဘေးနန်းတော်ကုန်းမြေမှာလည်း နောက်တစ်ကြိမ် မိုင်ထောင်သောင်းပေါင်းများစွာ ရွေ့လျားသွားပြန်သည်။
ချင်မူမှာ ဖရိုဖရဲမြစ်ထဲသို့ ပြုတ်ကျတော့မတတ် ဖြစ်နေသော်လည်း မြစ်၏ ပြင်းထန်သောတုန်ခါမှုကြောင့် လွင့်ထွက်သွားကာ မြစ်ထဲသို့ မကျရောက်ခဲ့ပေ။
သူ အလျင်အမြန် လှမ်းကြည့်လိုက်ရာ ထိုက်ယီပုဆိန်မှာ တောင်ဝှေးဖြင့် ထိုးစိုက်ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။
အနန္တအဘိုးအို၏ မျက်နှာတွင် ၀မ်းသာသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ တောင်ဝှေးထိပ်က ထိုက်ယီ၏ ဦးခေါင်းအား ထိုးဖောက်တော့မည့်အချိန်တွင် ထိုက်ယီ၏ လက်မောင်းနှစ်ဖက်မှ အားတစ်ရပ် ဖြာထွက်လာကာ တောင်ဝှေးကို အောက်ဘက်ရှိ ဖရိုဖရဲမြစ်ထဲသို့ ဖိချလိုက်သည်။
မြစ်ထဲတွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် ထွက်ပေါ်လာ၏။ သခင်လေးသုံး၊ သခင်လေးလေးတို့နှင့်အတူ မီလော့နန်းတော်မှ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်တို့၏ ကောင်းကင်နတ်သိုင်းများက ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးအား တိုက်ခိုက်လိုက်ကြချေပြီ။
မီလော့နန်းတော်၏ စုပေါင်းအင်အားက တောင်ဝှေးနှင့် ထိုက်ယီပုဆိန်ပေါ်သို့ ကျရောက်လာသည်။ ဤတစ်ခဏတွင် အရာအားလုံး ရပ်တန့်သွားသည့်အလားပင်။ မဟာပျက်စီးခြင်းကပ်ဘေးပင်လျှင် ဤအချိန်တွင် ရပ်တန့်သွားကာ ပျောက်ကွယ်သွားသယောင် ထင်ရသည်။
မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် အသက်ရှင်ရန် ရုန်းကန်နေရသော တာအိုသိုင်းပညာရှင်တို့မှာ ဖိအားများ ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရကြ၏။ သူတို့လည်း အလွန်အမင်း ဝမ်းမြောက်သွားကာ ဘိုးဘေးနန်းတော်သို့ ဝင်ရောက်ရန် အစွမ်းကုန် ကြိုးစားကြတော့သည်။
သူတို့သည် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ မဟုတ်ကြသလို လောကသစ်ပင်၏ အကာအကွယ်အောက်တွင် ခိုလှုံနေခြင်းလည်း မရှိချေ။ ကိုယ်ပိုင်စွမ်းအားဖြင့်သာ ကပ်ဘေးကို ဖြတ်ကျော်နေရသူများ ဖြစ်ကြသည်။
သို့သော် သူတို့၏ ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့် မဟာပျက်စီးခြင်းကပ်ဘေးကို လုံးဝဖြတ်ကျော်နိုင်ခြင်း မရှိပေ။
အများစုသည် မဟာဓိပတိအရှင်လင်းယွီကဲ့သို့ တာအိုသိုင်းပညာရှင်များ ဖြစ်ကြ၏။ ခမ်းနားကြီးကျယ်သော စွမ်းအားများ ပိုင်ဆိုင်ထားကာ မည်သူ့ကိုမျှ အားကိုးလိုစိတ် မရှိပေ။ သို့သော် သူတို့၏ အင်အားသက်သက်ဖြင့် မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးကို မဖြတ်ကျော်နိုင်ဘဲ ကပ်ဘေးထဲတွင်သာ ခက်ခဲပင်ပန်းစွာ ရှင်သန်နေရသူများ ဖြစ်သည်။
မဟာဓိပတိအရှင်လင်းယွီက မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် သူ၏ တာအိုသစ်သီးကို အသုံးပြု၍ကာ ၁၇ စင်းမြောက် စကြဝဠာသို့ ဝင်ရောက်ခဲ့သည်။ တာအိုသစ်သီးထဲတွင်သာ အသိစိတ်အလျဉ်တချို့ သိမ်းဆည်းထားခဲ့ရင်း နတ်ဧကရာဇန်လန်ရွှမ်ကို ဝင်ပူးကာ ဘ၀အသစ် ရနိုင်ရန် ကြိုးစားနိုင်ခဲ့သည်။
သို့သော် အခြားသူများမှာမူ သူ့လောက် ကံမကောင်းပေ။ ကပ်ဘေးထဲတွင်သာ အပြင်းအထန် ရုန်းကန်နေကြရသည်။
ဤအခိုက်အတန့်တွင် အဖွဲ့သုံးဖွဲ့၏ ထိပ်တိုက်တွေ့သွားခြင်းက မဟာပျက်စီးခြင်းကပ်ဘေးကို ခေတ္တရပ်တန့်သွားစေခဲ့ချေပြီ။ သူတို့အတွက် ဝင်ရောက်နိုင်မည့် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ချေပြီ။
ဘိုးဘေးနန်းတော်က သူတို့၏ တစ်ဖက်ကမ်းတွင် ရှိသည်။ ထိုတစ်ဖက်ကမ်းသို့ ရောက်နိုင်သရွေ့ မဟာပျက်စီးခြင်းကပ်ဘေး၏ အဆုံးမဲ့သော ညှဉ်းပန်းနှိပ်စက်မှုဒဏ်မှ လွတ်မြောက်နိုင်ပေမည်။
သူတို့ မဟာပျက်စီးခြင်းကပ်ဘေးမှ ထွက်ခွာရန် ကြိုးစားလိုက်သည့်အချိန်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာသည်။ သူတို့ မဟာပျက်စီးခြင်းကပ်ဘေးမှ ထွက်ခွာ၍ ဘိုးဘေးနန်းတော်သို့ ဝင်ရောက်တော့မည့် အခိုက်အတန့်တွင် ရုတ်တရက် အခြားကပ်ဘေးတစ်ခု ထွက်ပေါ်လာတော့သည်။
မွေးဖွားခြင်းကပ်ဘေး။
စကြဝဠာမွေးဖွားလာသော ဖြစ်စဉ်သည် မဟာပျက်စီးခြင်းကပ်ဘေးထက်ပင် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ကောင်း၏။
မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် မွေးဖွားခြင်းကပ်ဘေးကို မမြင်ရပေ။ ဘိုးဘေးနန်းတော်ကိုသာ မြင်နိုင်သည်။ သို့သော် မဟာပျက်စီးခြင်းကပ်ဘေးကို ဖြတ်ကျော်၍ ဘိုးဘေးနန်းတော်အား ဝင်ရောက်လိုက်သည်နှင့် မွေးဖွားခြင်းကပ်ဘေးထဲသို့ ကျရောက်သွားလိမ့်မည်။
ဤသည်မှာ မီလော့နန်းတော်ပင်လျှင် မဟာပျက်စီးခြင်းကပ်ဘေးကို ဖြတ်ကျော်၍ ၁၇ စင်းမြောက် စကြဝဠာသို့ မဆင်းသက်ရဲသည့် အကြောင်းအရင်း ဖြစ်သည်။
ပထမ စကြ၀ဠာ မဟာပျက်စီးခြင်းကပ်ဘေးတုန်းက မီလော့နန်းတော်အရှင်သခင်သည် မွေးဖွားခြင်းကပ်ဘေးအား တိုက်ရိုက်ဖြတ်ကျော်ရန် ကြိုးစားခဲ့ဖူး၏။ ရလဒ်အနေဖြင့် အားလုံး သေဆုံးသွားခဲ့ကာ မီလော့နန်းတော်အရှင်သခင်နှင့် လောကပေါင်းကူးရွှေသင်္ဘောသာ ကျန်ရစ်ခဲ့သည်။
ဤအခိုက်အတန့်တွင် ဝင်ရောက်ရန် ကြိုးစားသော တာအိုသိုင်းပညာရှင်အားလုံးနီးပါး ပေါက်ကွဲကုန်ပြီး အသန့်စင်ဆုံး ကမ္ဘာဦးစွမ်းအင်အဖြစ်သို့ ပြောင်းလဲကုန်ကြသည်။ စွမ်းအင်တို့က ထိုက်ငါးပါးအသွင်ပြောင်းခြင်းကို ဖြတ်သန်းကာ နောက်ဆုံး၌ ဘိုးဘေးနန်းတော်ထဲသို့ စုပ်ယူခံလိုက်ရသည်။
သူတို့သည် ကပ်ဘေးမှ လွတ်မြောက်စေနိုင်မည့် ဘိုးဘေးနန်းတော်ဟူသော တစ်ဖက်ကမ်းသို့ ဝင်ရောက်လိုခဲ့ကြသော်လည်း ယခုမူ ၎င်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားလေပြီ။
မဟာပျက်စီးခြင်းကပ်ဘေး နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။
အဖွဲ့သုံးဖွဲ့ ၀င်တိုက်သွားလျှင်ချင်း ထိုက်ယီနှင့် အနန္တအဘိုးအိုတို့မှာ မီလော့နန်းတော်အင်အားစုကြောင့် အပြင်းအထန် ဒဏ်ရာရသွားသဖြင့် ဖရိုဖရဲမြစ်ပေါ်တွင် သွေးများ စီးကျနေကြသည်။
မြစ်ထဲတွင် မရေမတွက်နိုင်သော အမြစ်များ ပြတ်တောက်နေပြီး ထိုက်ယီပုဆိန်မှာလည်း ကြေမွပျက်စီးနေသည်။
ချင်မူ၏ ခြေထောက်နှစ်ဖက်ကို ရစ်ပတ်ထားသော လောကသစ်ပင်အမြစ်များလည်း ပြတ်တောက်သွားကြသည်။ ချင်မူလည်း လူးလိမ့်ကာ လောကသစ်ပင်အောက်သို့ ပြုတ်ကျသွားသည်။ သူက ချက်ချင်းပင် ခုန်ထ၍ လောကသစ်ပင်ဆီသို့ ပြေးသွားတော့သည်။
အဖွဲ့သုံးဖွဲ့ တိုက်ခိုက်ရာတွင် ချင်မူမှာ အာရုံအစိုက်မခံရဆုံးသူ ဖြစ်လာခဲ့သည်။
သူသည် ပြေးလွှားရင်း ကျန်ရှိသော ချီစွမ်းအင်ကို စုစည်း၍ ထိုက်ယီပုဆိန်တစ်လက် ဖွဲ့တည်လိုက်၏။ ထို့နောက် ပုဆိန်ကို လွှတ်ကာ လောကသစ်ပင်အား ခုတ်ချလိုက်တော့သည်။
မြစ်ပြင်ထက်တွင် အနန္တအဘိုးအိုမှာ ချင်မူ၏ တည်နေရာကို အာရုံခံမိပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်ရ၏။ သို့သော် ထိုက်ယီ၏ ဒဏ်ရာ ပိုမိုပြင်းထန်လာသည်ကို မြင်လျှင် ချက်ချင်းပင် တောင်ဝှေးထဲ၌ ခွန်အားအလုံးစုံ စုစည်း၍ ထိုက်ယီဆီသို့ ထိုးစိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် လောကသစ်ပင်က တဝုန်းဝုန်း မြည်ဟည်းရင်း လှုပ်ခါာလသည်။ သစ်ကိုင်းများသည် အသက်ရှိနေသော နဂါးများသဖွယ် လွှဲရမ်းရင်း တာအိုအဆင့် မဟာကောင်းကင်နတ်သိုင်းအမျိုးမျိုးဖြင့် ချင်မူ့အား တိုက်ခိုက်လိုက်ကြ၏။
မီလော့နန်းတော်ထဲတွင်လည်း သခင်လေးသုံးနှင့် သခင်လေးလေးတို့က ကောင်းကင်နတ်သိုင်းများကို တစ်ပြိုင်နက် အသက်သွင်းလိုက်ကြသောကြောင့် ဒုတိယလှိုင်းတိုက်ကွက်များ ရောက်လာချေပြီ။
ဤအခိုက်အတန့်တွင် တာအိုသစ်သီး ၁၁ လုံးက ဖရိုဖရဲမြစ်များကို ဖြတ်လျက် ပျံသန်းလာပြီး ထိုက်ယီ၏ ဦးခေါင်းအား ကျော်တက်သွားသည်။
ဝှီး... ဝှီး.... ဝှီး...
အသံ ၁၁ ချက် ထွက်ပေါ်လာပြီး သစ်သီးများကား ထိုက်ယီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံရှိ တာအိုသစ်ပင်တွင် ချိတ်ဆွဲသွားကြလေသည်။
တာအိုသစ်ပင်ပေါ်တွင် အလင်းတန်းများသည် ကောင်းကင်မှ ချွန်ထက်လှသော ဓားသွားများ ကျဆင်းလာသကဲ့သို့ အရပ်လေးမျက်နှာသို့ ခုတ်ပိုင်းလိုက်ပြီး မဟာပျက်စီးခြင်းကပ်ဘေးကို ရပ်တန့်လိုက်၏။
ဝုန်း…
ဤတစ်ကြိမ် အဖွဲ့သုံးဖွဲ့၏ တိုက်ခိုက်မှုမှာ ယခင်ကထက်ပင် ကြောက်စရာကောင်းသည်။ မြစ်ပြင်ထက်ရှိ တိုက်ပွဲဆီမှ အင်အားလှိုင်းဂယက်တို့က မဟာပျက်စီးခြင်းကပ်ဘေးကို ထိုးဖောက်သွားပြီး မွေးဖွားခြင်းကပ်ဘေးကိုပင် ဖြတ်ကျော်ကာ ဘိုးဘေးနန်းတော်ထဲသို့ ပျံ့နှံ့သွားတော့၏။
ချင်မူမှာ လောကသစ်ပင်ထံမှ ကောင်းကင်နတ်သိုင်းများကို ရှောင်တိမ်းနေသည်။ မရှောင်လျှင် ပုဆိန်ဖြင့် ခုတ်သည်။ သို့သော် သူ့အနောက်တွင် မြစ်ပြင်ထက်မှ ကောင်းကင်နတ်သိုင်းစွမ်းအားများက ဖြာဆင်းလာကာ လှိုင်းလုံးများသဖွယ် တုန်ခါနေသည်။
ချင်မူ ကြက်သီးမွေးညှင်းများ ထသွားသည်။
သူသည် လောကသစ်ပင်အောက်သို့ ပြေး၍ လောကသခင်အား ခုတ်လှဲရန် ပြင်နေခဲ့၏။ ဤအခိုက်အတန့်တွင်မူ ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် သစ်ပင်အနောက်သို့ ပြေးသွားလိုက်ရသည်။ ပုဆိန်နှစ်ချက်သုံးချက်ဖြင့် လောကသစ်ပင်ကို အပေါက်ကြီးဖြစ်အောင် ဖောက်ပြီးနောက် သစ်ပင်ထဲသို့ ဝင်ရောက်ပုန်းအောင်းလိုက်သည်။
အဖွဲ့သုံးဖွဲ့တိုက်ပွဲမှ ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ် လှိုင်းဂယက်များ ရောက်လာချေပြီ. ပြင်းထန်လှသော တုန်ခါမှုက အချိန်နှင့် နေရာဟင်းလင်းပြင်ကို ကြေမွသွားစေသည်။ လှိုင်းဂယက်များက အနက်ရောင်တောင်တန်းထဲတွင် ပေါက်ကွဲသွားပြီး ဖြတ်သန်းသွားသည့် လမ်းတလျှောက် အမှုန့်ကြေသွားစေသည်။
ချင်မူမှာ သစ်ပင်အခေါင်းပေါက်ထဲ၌ ပုန်းအောင်းနေသည့်တိုင် အရေပြားများ စတင်ကွဲအက်လာသဖြင့် ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အလျင်အမြန် ထုတ်သုံးလိုက်ရသည်။
လှိုင်းဂယက်များက ဝှစ်ခနဲ ဖြတ်သန်းသွားပြီး လောကသစ်ပင်အား ခြစ်ခြစ်တောက် မီးလောင်လာစေသည်။
ခဏအကြာတွင် ချင်မူက သစ်ပင်အခေါင်းပေါက်ထဲမှ ထွက်လာပြီး ကိုယ်ပေါ်ရှိ တာအိုမီးတောက်များကို ငြှိမ်းနေသည်။ သူ လှမ်းကြည့်လိုက်သည့်အခါ လောကသစ်ပင်မှာ မီးလောင်နေသည့်အပြင် နေရာတိုင်းတွင် မရဏမီးတောက်များ တောက်လောင်နေသည်ကို သတိထားမိလိုက်သည်။ သို့သော် မီးတောက်များက တဖြည်းဖြည်း ငြိမ်းသေနေချေပြီ။
“အနန္တအဘိုးအို မသေသေးဘူးလားဟ”
ချင်မူ အံ့ဩမှင်သက်မိသည်။ ဤအခိုက်အတန့်တွင် ထိုက်ယီမှာ သွေးသံတရဲရဲဖြင့် သူ့ဆီ လျှောက်လာသည်။ ချင်မူလည်း သူ့ဆီ အပြေးသွားလိုက်သည်။ ကောင်းကင်မှ အလင်းတန်းများက သူတို့နှစ်ဦးပေါ်သို့ ဖြာကျလာပြီး ထိုက်ယီ မဟာခြုံလွှမ်းကောင်းကင်ဘုံမှ တာအိုအလင်းရောင်တို့က သူတို့နှစ်ဦးကို ဆွဲခေါ်သွားတော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် လောကသစ်ပင်အောက်တွင် မမြင်နိုင်သော ကြိုးမျှင်များ တုန်ခါလာပြီး နေရာဟင်းလင်းပြင်ကို ကြေမွသွားစေသည်။
မီလော့နန်းတော်ထဲတွင် သခင်လေးလေးက သွေးအန်လိုက်ရင်း ခေါင်းခါလိုက်သည်။ “သူ လွတ်သွားပြီ…”
သူက ဤသို့ပြောပြီးသည်နှင့် ဝေါ့ခနဲ သွေးများထပ်မံအန်လိုက်၏။ သူ့ဒဏ်ရာများက အလွန်ပြင်းထန်ကြောင်း ထင်ရှားလှသည်။
သူ၏ဘေးတွင် သခင်လေးသုံးလင်းရှောင်မှာ ရင်ဘတ်ကို လက်ဖြင့် ဖိထားရပြီး ရင်ဘတ်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်နေ၏။ သူ မော့ကြည့်လိုက်သည့်အချိန်တွင် မြစ်ပြင်ထက်၌ မည်သူမှ မရှိတော့ချေ။
သခင်လေးနှစ်ပါး၏ ဘေးတွင်မူ မီလော့နန်းတော်မှ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များ လဲကျနေကြသည်။ သူတို့အားလုံး အပြင်းအထန် ဒဏ်ရာရထားကြသည်။
ဖျောက်…
လောကသစ်ပင်သည် ရုတ်တရက် အလယ်မှ ကွဲအက်သွားပြီး ပြိုလဲတော့မည့်အလား ထင်ရ၏။ သစ်ပင်ပေါ်ရှိ တာအိုသစ်သီးအရိပ်များစွာ တဖျတ်ဖျတ် ပျောက်ကွယ်သွား၍ တာအိုအလင်းများလည်း စီးဆင်းနေခြင်း ရပ်တန့်သွားသည်။
သစ်ရွက်များ ကြွေကျလာပြီး အကိုင်းအခက်များလည်း တစ်ခက်ပြီးတစ်ခက် ကျိုးကျလာသည်။ ကျယ်ပြောလှသော သစ်ပင်ထိပ်ဖျားမှာ ဝဲစွဲနေသော ခေါင်းတုံးပမာ ပြောင်သလင်းခါသွားချေပြီ။
အနန္တအဘိုးအိုမှာ သွေးများပေကျံလျက် မြစ်ထဲမှ တက်လာသည်။ သူက လေးလံနေသော ခြေထောက်များကို တရွတ်တိုက်ဆွဲ၍ လောကသစ်ပင်ဘေးသို့ လျှောက်လာပြီးနောက် ဘုန်းခနဲ လဲကျသွားသည်။
အမြစ်တစ်ခုက သူ့ကို ရစ်ပတ်၍ ကွဲအက်နေသော လောကသစ်ပင်၏ ပင်စည်ထဲသို့ ပို့ဆောင်လိုက်သည်။
ပင်စည်မှာ တဖြည်းဖြည်း ပြန်စေ့သွားသည်။ ပြန်စေ့သွားသည့်အချိန်မှာပင် ရုတ်တရက် ဖျောက်ခနဲ နောက်တစ်ကြိမ် ကွဲအက်သွားပြီး အနန္တအဘိုးအိုမှာ အတွင်းမှ လိမ့်ကျလာသည်။
ဤသို့ အကြိမ်ကြိမ် ဖြစ်နေသည်။ နောက်ဆုံးတွင် ကွဲအက်နေသော လောကသစ်ပင်သည် ပြန်ပိတ်သွားပြီး အနန္တအဘိုးအိုအား ဒဏ်ရာကုသနိုင်ရန် သစ်ပင်ထဲတွင် ဖုံးကွယ်ထားလိုက်သည်။