အခေါင်းထဲ ဝင်ခြင်း
Vol. 137 Ch. 1760
လောကသစ်ပင်၏ အကိုင်းအခက်နှင့် သစ်ရွက်များ ညှိုးခြောက်ကြွေကျကာ အမြစ်များလည်း မျက်စိတစ်မှိတ်အတွင်း ကျုံ့ကုန်ကြသည်။ လောကသစ်ပင် လွှမ်းခြုံထားသော ဧရိယာမှာလည်း တဖြည်းဖြည်း သေးငယ်သွားသည်။ ဤတစ်ကြိမ်တွင် အနန္တအဘိုးအိုမှာ ဒဏ်ရာ အပြင်းအထန် ရသွားသဖြင့် ပုန်းအောင်းကာ ပြန်လည်အားဖြည့်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
ဘိုးဘေးနန်းတော်ထဲတွင် အတိတ်စကြ၀ဠာမှ ခိုးဝင်လာသူများသည် ဆင့်ခေါ်သံကို ခံစားလိုက်ရသဖြင့် လောကသစ်ပင်ဆီသို့ အသီးသီးပျံသန်းသွားကြသည်။ အကြီးအကဲသုံးဦးပင်လျှင် ကျောက်စိမ်းမြို့တော်အပြင်ဘက်မှ ဆုတ်ခွာကာ လောကသစ်ပင်သို့ ပြန်သွားကြသည်။
အင်အားကြီးသိုင်းပညာရှင် ထောင်သောင်းပေါင်းများစွာက လောကသစ်ပင်၏ အပြင်ဘက်တွင် ကာကွယ်စောင့်ရှောက်လျက် တိုက်ခိုက်ရန် အသင့်တပ်စွဲထားကြသည်။
လောကသစ်ပင်သည် သူတို့ နောက်စကြဝဠာအထိ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်ပင် ဖြစ်ရာ ဆုံးရှုံး၍ မဖြစ်ချေ။
အခြားတစ်ဖက်တွင် မီလော့နန်းတော်၌ သခင်လေးသုံးနှင့် သခင်လေးလေးတို့က ကုန်းရုန်းထ၍ ခပ်ဩဩအသံများဖြင့် အမိန့်ပေးလိုက်သည်။ “၁၇ စင်းမြောက် စကြဝဠာကို ချီတက်ကြ”
တူ…
ကျောက်စိမ်းမြို့တော်ထဲ၌ ကြည်လင်ပြတ်သားသော ခရာသံတစ်ချက် ပျံ့လွင့်လာသည်။ အနန္တအဘိုးအိုနှင့် ထိုက်ယီတို့ ဒဏ်ရာရသွားသဖြင့် မီလော့နန်းတော်သည် သွေးယဇ်ပူဇောင်ပွဲအား ဟန့်တားနေသော အတားအဆီးများကို ရှင်းလင်းနိုင်ခဲ့လေပြီ။
ဤတစ်ကြိမ်တွင် ချင်မူ့ကို အတိတ်သို့ ပြန်မပို့နိုင်ခဲ့သော်လည်း မီလော့နန်းတော်၏ မဟာဗျူဟာမြောက် ရည်မှန်းချက်က အောင်မြင်သွားခဲ့ပြီ ဆိုရမည်။
ယခင်က အနန္တအဘိုးအိုသည် သွေးယဇ်ပူဇော်ခြင်း၏ စွမ်းအင်ကို တိတ်တဆိတ် ခိုးယူနေခဲ့ကာ ခိုးဝင်လာသူများကို ဆင်းသက်လာစေခဲ့သည်။ ထို့ကြောင့် မီလော့နန်းတော်မှာ ဆင်းသက်လာမည့် အစီအစဉ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။
ယခု အနန္တအဘိုးအိုမှာ ကိုယ့်ကိုယ်ကိုပင် မကာကွယ်နိုင်တော့သဖြင့် သွေးယဇ်ပူဇော်ခြင်းစွမ်းအင်ကိုလည်း ထပ်မံခိုးယူနိုင်တော့မည် မဟုတ်ချေ။
ထိုက်ယီမှာမူ မီလော့နန်းတော် ဆင်းသက်လာမည်ကို တားဆီးနေခဲ့သည့် နောက်တစ်ဦး ဖြစ်သည်။ အနက်ရောင်တောင်တန်းအား နှစ်ပေါင်းခြောက်ကုဋေကြာအောင် စောင့်ရှောက်ခဲ့ပြီး သွေးယဇ်ပူဇော်ခြင်းကို အမြဲတစေ ဟန့်တားခဲ့၏။ ဤတစ်ကြိမ်တွင် သူလည်း အပြင်းအထန် ဒဏ်ရာရသွားသဖြင့် မီလော့နန်းတော်၏ ရန်သူတော်ကြီးနှစ်ဦးအနေဖြင့် အချိန်တိုအတွင်း မီလော့နန်းတော်ကို ထပ်မံတားဆီးနိုင်တော့မည် မဟုတ်ပေ။
ဤတိုက်ပွဲတွင် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များလည်း ဒဏ်ရာကိုယ်စီ ရခဲ့ကြသော်လည်း သိပ်မပြင်းထန်ကြပေ။ ဒဏ်ရာအပြင်းထန်ဆုံးမှာ ခန်းမသခင်များ၊ သခင်လေးသုံးနှင့် သခင်လေးလေးတို့ ဖြစ်ကြ၏။ သူတို့အနေဖြင့် ဒဏ်ရာများမှ မသက်သာသေးသရွေ့ ဆင်းသက်နိုင်မည် မဟုတ်ချေ။ ဒဏ်ရာအနည်းငယ်သာ ရခဲ့သော တာအိုသိုင်းပညာရှင်များမှာမူ ဆင်းသက်နိုင်ကြပြီဖြစ်သည်။
ကျောက်စိမ်းမြို့တော်အပြင်ဘက်တွင် အလင်းတန်းများ တောက်ပလာသည်။ သွေးယဇ်ပူဇော်ခြင်း၏ စွမ်းအင်တို့ အစားထိုးလဲလှယ်သွားသည်နှင့်အမျှ တာအိုသိုင်းပညာရှင်တို့၏ ခန္ဓာကိုယ်များက တဖြည်းဖြည်း ထင်ရှားလာတော့သည်။
“ဒီတစ်ခေါက် ရန်သူနှစ်ယောက်စလုံး အပြင်းအထန် ဒဏ်ရာရသွားပြီ… မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေလည်း ဆင်းသက်နိုင်ပြီ... ဒါပေမဲ့ မဟာတာအိုကို ဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်လိုက်ရင် အနန္တအဘိုးအိုရဲ့ ဒဏ်ရာကို မြန်မြန်သက်သာစေပြီး သူ့ရဲ့ ခွန်အားကို တိုးပွားစေလိမ့်မယ်”
သခင်လေးလေးကျစ်ရှောင်က ဒဏ်ရာကို ချုပ်ထားရင်း အမိန့်ပေးလိုက်သည်။ “၁၇ စင်းမြောက် စကြဝဠာဆီ ရောက်ရင် ဟင်းလင်းပြင်မှာ တံဆိပ်မခတ်နှိပ်ကြနဲ့”
တစ်ဖက်တွင်
ထိုက်ယီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံပေါ်သို့ ချင်မူ ဆင်းသက်လိုက်သည့် အချိန်တွင် ရုတ်တရက် ဘီလူးကြီးထိုက်ယီမှာ ညည်းညူရင်း ပက်လက်လန်လဲကျသွားတော့သည်။
ဘုန်း…
ဘီလူးကြီးထိုက်ယီသည် ထိုက်ယီချီလုံးအဖြစ် ပြောင်းလဲသွားပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် ပျံ့ကျဲသွား၏။
“တာအိုနောင်တော်”
ချင်မူက ဒဏ်ရာသိပ်မပြင်းထန်သဖြင့် အလျင်အမြန် ခေါ်လိုက်သည်။ သို့သော် ထိုက်ယီချီလုံးက ပြန်လည်စုစည်းသွားသည်ကို တွေ့လိုက်ရသည်။ တစ်ခဏအကြာတွင် အမျိုးသမီးအသွင်ဖြင့် ထိုက်ယီက ထိုက်ယီချီထဲမှ လျှောက်ထွက်လာသည်။
ချင်မူလည်း စိတ်အေးစွာဖြင့် သက်ပြင်းချကာ ပြုံးလိုက်သည်။ “တာအိုနောင်တော်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက တကယ်ကို ထူးဆန်းတာပဲ…”
သူ၏ စကားမဆုံးမီ အမျိုးသမီးထိုက်ယီ၏ တစ်ကိုယ်လုံးတွင် အပေါက်ကြီးများ တဖောက်ဖောက် ကွဲထွက်လာ၏။ သွေးများက သွန်ချနေသလို ဒလဟော စီးကျလာပြီး သူမမှာ ပက်လက်လန် လဲကျသွားသည်။ သူမ၏ခန္ဓာကိုယ်က ပြိုကွဲသွားကာ ပျံ့ကျဲနေသော ထိုက်ယီချီလုံးအဖြစ်သို့ ပြန်လည်ပြောင်းလဲသွား၏။
ချင်မူ တုန်လှုပ်သွားသည်။ ခဏအကြာတွင် ထိုက်ယီချီသည် နောက်တစ်ကြိမ် စုစည်းသွားပြီး အဘိုးအိုတစ်ဦး ဖြစ်လာသည်။ တွေ့လိုက်ရ၏။ သူ၏ရုပ်ခန္ဓာမှာလည်း အပေါက်များ ဗလပွဖြစ်နေပြီး နေရာတိုင်းမှ သွေးများ စီးကျနေသည်။
အဘိုးအိုထိုက်ယီ၏ ခန္ဓာကိုယ်သည်လည်း အချိန်ကြာကြာ တောင့်ခံမထားနိုင်ဘဲ နောက်တစ်ကြိမ် ပြိုကွဲသွားပြန်၏။
ထိုထိုက်ယီချီလုံးမှာ ကလေးမလေးအသွင် ပြောင်းလဲသွားပြန်သော်လည်း ထိန်းထားရန် ခက်ခဲနေဆဲပင်။
ချင်မူမှာ ပြောင်းလဲနေသော်လည်း အသွင်သဏ္ဍာန်ကို ထိန်းသိမ်းနိုင်ခြင်းမရှိသည့် ထိုက်ယီကို ကြည့်နေမိသည်။ ဤတိုက်ပွဲတွင် ထိုက်ယီ၏ တာအိုဒဏ်ရာများက အလွန်ပြင်းထန်လှသည်။
ယခင်ကဆိုလျှင် ထိုက်ယီ ပုံစံပြောင်းလဲလိုက်သည်နှင့် သူ၏ကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း ပျောက်ကွယ်သွားတတ်သည်။ သို့သော် ဤတိုက်ပွဲတွင် ထိုက်ယီသည် အနန္တအဘိုးအိုနှင့် မီလော့နန်းတော်ကို ရင်ဆိုင်ခဲ့ရသည် မဟုတ်လော။
အနန္တအဘိုးအို၏ စွမ်းအားများ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကိုတော့ ပြောစရာပင် မလိုပေ။ မီလော့နန်းတော်မှ သခင်လေးသုံးနှင့် သခင်လေးလေးတို့က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသေးသည်။ ထို့အပြင် တာအိုသစ်သီးများစွာပို င်ဆိုင်သော ခန်းမသခင် ခုနစ်ဆယ်ခန့်နှင့် မီလော့နန်းတော်မှ မရေမတွက်နိုင်သော တာအိုသိုင်းပညာရှင်များပါ တိုက်ခိုက်ခဲ့ကြသည်။ ဤသို့အင်အားစုမျိုးကို စကြဝဠာ ၁၇ စင်းအတွင်း နောက်တစ်ကြိမ် ရှာမရနိုင်ချေ။
သူ၏တာအိုဒဏ်ရာမှာ မူလဇစ်မြစ်အထိ လှိုက်စားထိခိုက်သွားခဲ့သောကြောင့် အသွင်ပြောင်းလဲရုံဖြင့် ကုသ၍မရနိုင်တော့ပေ။
ရုတ်တရက် ထိုက်ယီချီမှာ လူငယ်ထိုက်ယီအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။ ချင်မူက သူ၏ဒဏ်ရာကို အလျင်အမြန် စစ်ဆေးပေးလိုက်သည်။ “တာအိုနောင်တော်၊ ခင်ဗျားဒဏ်ရာတွေထဲမှာ မီလော့နန်းတော်ရဲ့ တာအိုဒဏ်ရာက အပြင်းထန်ဆုံးပဲ… အနန္တအဘိုးအို ပေးခဲ့တဲ့ တာအိုဒဏ်ရာက အဲ့ဒီလောက် ကြောက်စရာမကောင်းဘူး… မီလော့နန်းတော်ရဲ့ တာအိုဒဏ်ရာကို ဖြေရှင်းဖို့က သိပ်မခက်ခဲဘူး… ခဏလေးစောင့်”
လူငယ်ထိုက်ယီမှာ မစောင့်နိုင်တော့ဘဲ ရုပ်ခန္ဓာက နောက်တစ်ကြိမ် ပြိုလဲကာ ထိုက်ယီချီအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
ချင်မူ တခဏမျှ တစ်ယောက်တည်း တတွတ်တွတ် ရွတ်နေမိသည်။ သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံး ပွင့်လာသည်။ ၎င်းက ဘိုးဘေးနန်းတော်ပေါ်သို့ ဖြာကျသွားကာ အသေးစိတ် ရှာဖွေလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်လေသည်။
ထိုက်ယီမှာ ဤအချိန်တိုအတွင်း ဆယ်ကြိမ်ထက်မနည်း အသွင်ပြောင်းလဲခဲ့ပြီး အကြိမ်တိုင်းတွင် ပြင်းထန်လှသော ဒဏ်ရာများကြောင့် ရုပ်ခန္ဓာအား မထိန်းသိမ်းနိုင်ခဲ့ပေ။
သူ ဘီလူးကြီးထိုက်ယီအဖြစ်သို့ ပြောင်းလဲသွားသည်နှင့် ချင်မူက အလျင်အမြန် ပြောလိုက်သည်။ “တာအိုနောင်တော်၊ လက်ရှိ ခန္ဓာကိုယ်အနေအထားကို ထိန်းထား… ထပ်မပြောင်းလဲနဲ့တော့… ခင်ဗျားရဲ့ ဒဏ်ရာကို ကုသဖို့ ကျွန်တော့်မှာ နည်းလမ်း ရှိတယ်”
ဘီလူးကြီးထိုက်ယီ၏ ဒဏ်ရာများမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ သူက ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာများကို ဖိနှိပ်ထားလိုက်သည်။
လောကပေါင်းကူးရွှေသင်္ဘော ပျံသန်းလာသည့်အခါ နှစ်ယောက်လုံး သင်္ဘောပေါ်သို့ တက်လိုက်ကြသည်။ ဘီလူးကြီးထိုက်ယီက သင်္ဘောထိပ်တွင် ထိုင်ကာ သူ၏ကိုယ်ပေါ်ရှိ တာအိုဒဏ်ရာများကို ဆက်လက် ဖိနှိပ်ထားပြီး ပိုမဆိုးလာစေရန် ကြိုးစားနေသည်။
ဤတစ်ကြိမ် အဖွဲ့သုံးဖွဲ့တိုက်ပွဲတွင် အင်အားကြီးမားလေလေ၊ ဒဏ်ရာပိုနည်းလေလေ မဟုတ်ခဲ့ချေ။
ထိုက်ယီသည် စကြဝဠာ ၁၁ စင်းဆီမှ တာအိုသစ်သီးများဖြင့် ပေါင်းစပ်ပြီးနောက် ခွန်အားက အဆမတန် သန်မာအားကောင်းလာခဲ့၏၊ ထို့ကြောင့် မီလော့နန်းတော်နှင့် အနန္တအဘိုးအိုတို့၏ အဓိကပစ်မှတ် ဖြစ်သွားပြီး ဒဏ်ရာအပြင်းထန်ဆုံး ဖြစ်ခဲ့ရသည်။
အဖွဲ့သုံးဖွဲ့က အားအသာဆုံးအဖွဲ့ကို ဦးစွာ ဖျက်ဆီးမည်သာ မဟုတ်လော။
ရွှေသင်္ဘောက ဦးတည်ရာ ပြောင်း၍ ထိုက်ယီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံမှ ထွက်ခွာသွားသည်။
ထိုအချိန်တွင်
ရှင်းအန်းတစ်ယောက် တာအိုအသုဘခေါင်းတလားရှေ့တွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူက ရှေ့တည့်တည့်သို့ စိုက်ကြည့်၍ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ထိုက်ယီ လှုပ်ရှားနေသဖြင့် ချင်မူ့ကို အလွယ်တကူ ဖမ်းဆီးနိုင်မည်မှာ သေချာသည်။
သူက ချင်မူ ကြိုးတုပ်ခေါ်ဆောင်ခံလာရမည်ကို မျှော်လင့်စောင့်ဆိုင်းနေသည်။ တာအိုအစီအရင်သံများကို ကိုယ်ပေါ်သို့ ရိုက်သွင်းသည့်အခါ ချင်မူ၏ အံ့ဩတုန်လှုပ်သွားမည့် မျက်နှာအမူအရာကိုလည်း ပုံဖော်ရင်း မျှော်လင့်နေမိ၏။
ရှင်းအန်း၏ နှုတ်ခမ်းထောင့်၌ ခပ်ရေးရေး အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ သူ မော့ကြည့်လိုက်သည့်အခါ လောကပေါင်းကူးရွှေသင်္ဘောသည် ဤနေရာသို့ ဦးတည်လာနေပြီး တဖြည်းဖြည်း အရှိန်လျှော့သွားသည်ကို တွေ့လိုက်ရ၏။
ရှင်းအန်းက ပြုံးလျက် မတ်တပ်ရပ်လိုက်သည်။ သို့သော် ချင်မူသည် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ထိုက်ယီကို ထမ်းကာ ရွှေသင်္ဘောပေါ်မှ လျင်မြန်စွာ ခုန်ချလာ၏။ သူက စကားတစ်ခွန်းမျှမပြောချေ။
ဘုတ်…
ထိုက်ယီကို မြေပေါ်သို့ ပစ်ချလိုက်သည်။
ရှင်းအန်း ကြောင်သွားမိသည်။
ချင်မူက တာအိုအစီအရင်သံများကို ဆွဲယူကာ ခေါင်းမမော့ဘဲ လှမ်းခေါ်သည်။ “တာအိုမိတ်ဆွေရှင်းအန်း၊ လာကူဉီးလေဗျာ”
ရှင်းအန်းမှာ သတိမပြန်ဝင်သေးပေ။ ချင်မူက သံ တစ်ချောင်းပြီးတစ်ချောင်း ထိုက်ယီ၏ ဒဏ်ရာထဲသို့ ထိုးစိုက်နေသည်။
ချင်မူ နောက်တစ်ကြိမ် လှမ်းခေါ်လိုက်မှ ရှင်းအန်း သတိပြန်ဝင်လာတော့သည်။ သူလည်း အလျင်အမြန် ရှေ့တက်သွားပြီး နှစ်ယောက်ပေါင်း၍ သံချောင်းတစ်ရာကို ထိုက်ယီ၏ တစ်ကိုယ်လုံးအပြည့် ထိုးသွင်းပေးလိုက်ကြသည်။
ချင်မူက သက်ပြင်းချကာ ထိုက်ယီကို မ,၍ တာအိုအသုဘခေါင်းတလားထဲသို့ ထည့်လိုက်သည်။ “သူ့ဒဏ်ရာတွေက သိပ်ပြင်းတယ်… အရင်ဆုံး ခေါင်းတလားနဲ့ သူ့ဒဏ်ရာကို ဖိနှိပ်ထားရမယ်… ကျွန်တော့်ဒဏ်ရာတွေ ပျောက်ကင်းသွားတော့မှ တာအိုဒဏ်ရာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း စဉ်းစားတော့မယ်”
ရှင်းအန်းမှာ ချင်မူ ခေါင်းတလားအဖုံးကို မ,ကာ ခေါင်းတလားပေါ်တွင် အုပ်လိုက်သည်ကို ငေးကြည့်ကာ ဆွံ့အနေမိသည်။
သေတ္တာသည် သူ၏ခြေထောက်နားတွင် ရပ်လျက် ဘေးသို့စောင်းကာ သူ၏မျက်နှာအမူအရာကို စပ်စုအကဲခတ်နေ၏။
ရှင်းအန်း၏ မျက်နှာကား ရေကဲ့သို့ တည်ငြိမ်နေဆဲပင်။ ချင်မူကိုလည်း ခေါင်းတလားထဲသို့ တွန်းထည့်၍ ပိတ်ထားချင်သော်လည်း စိတ်ထိန်းထားသည်။
ချင်မူ့ဒဏ်ရာများက အလွန်ပြင်းထန်သော်လည်း စွမ်းဆောင်ရည်တို့က သူ့ထက် သာလွန်နေဆဲပင်။
တစ်ခဏအကြာပြီးနောက် ချင်မူက သက်ပြင်းချလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ တာအိုဒဏ်ရာကို သေချာစွာ စစ်ဆေးကြည့်နေသည်၊။ “တာအိုမိတ်ဆွေ ရှင်းအန်း၊ ခင်ဗျားဗျာ တကယ်ပဲ အားလုံးကို ကြိုသိနေတာပဲနော်… ခေါင်းတလားနဲ့ သံချောင်းတွေကို ကြိုတင်ပြင်ဆင်ထားလိမ့်မယ် မထင်ထားခဲ့ဘူး…ထိုက်ယီ ဒီတစ်ခေါက်သွားတာ အန္တရာယ်များတော့ သေချာပေါက် ဒဏ်ရာရပြီး ပြန်လာမယ်ဆိုတာကို သိနေခဲ့တာမလား”
ရှင်းအန်း ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ ထွက်မလာချေ။
သူသည် အစက ထိုက်ယီ ပြန်လာပြီးနောက် ချင်မူကို ခေါင်းတလားထဲ ထည့်နိုင်မည် ထင်ထားခဲ့သော်လည်း ခေါင်းတလားထဲ ထည့်ခံရသူမှာ ထိုက်ယီ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကံကောင်းစွာဖြင့် ချင်မူက ထပ်မံမေးမြန်းခြင်း မရှိတော့ချေ။ သူ၏ တာအိုဒဏ်ရာများကိုသာ စိတ်အေးလက်အေး စစ်ဆေးရင်း တာအိုဒဏ်ရာထဲတွင် ကျန်ရှိနေသော ကောင်းကင်နတ်သိုင်းများကို ဖြေရှင်းနေသည်။
ရှင်းအန်း တိတ်တဆိတ် စောင့်နေမိသည်။ သူသည် မည်သူ့ရှေ့တွင်မဆို အေးဆေးတည်ငြိမ်သော်လည်း ချင်မူရှေ့တွင်မူ ကူကယ်ရာမဲ့နေတတ်၏။
သူနှင့် ချင်မူအကြားမှ ဆက်ဆံရေးမှာ “အရိုက်ခံရခြင်း” မှ ဖြစ်ပေါ်လာသော ခင်မင်မှုပင်။
ချင်မူ ရှိနေသရွေ့ သူ မည်သည့်ပြဿနာမှ မရှာရဲပေ။
ရုတ်တရက် ရှင်းအန်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာက ဇဝေဇဝါ ဖြစ်သွားသည်။
“တာအိုမိတ်ဆွေ၊ ခင်ဗျားလည်း အာရုံခံမိလိုက်တာလား”
ချင်မူက မျက်လုံးဖွင့်လိုက်ပြီး ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရှိရာသို့ ကြည့်လိုက်သည်။ “တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာဖို့ ကြိုးစားနေကြတယ်… ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က ဒီနေရာမှာ ရှိနေပုံရပေမယ့် အထဲက တာအိုသိုင်းပညာရှင်တွေက ၁၇ စင်းမြောက် စကြဝဠာဆီ မဆင်းသက်နိုင်သေးဘူး… ဒီတစ်ခေါက်တော့ သူတို့ရဲ့ အတားအဆီးတွေ ပျောက်ကွယ်သွားပြီဆိုတော့ ဆင်းသက်လာနိုင်ကြပြီ… အနာဂတ်မှာ စိတ်ကူးတောင် မယဉ်နိုင်အောင် ပြင်းထန်လွန်းတဲ့ တိုက်ပွဲ ဖြစ်လာလိမ့်မယ်… အဲဒီတိုက်ပွဲမှာ လူတွေအများကြီး သေဆုံးနိုင်တယ်…”
ရှင်းအန်း တိတ်ဆိတ်နေသည်။
ချင်မူက ချက်ချင်းပင် စိတ်ဓာတ်တက်ကြွလာပြီး ပြုံးလိုက်သည်။ “ဒါပေမဲ့ စိတ်မပူပါနဲ့… ဘိုးဘေးနန်းတော်တိုက်ပွဲက ကမ္ဘာဉီးဘုံနဲ့ ကောင်းကင်နတ်ဘုံကြားက တိုက်ပွဲနဲ့ မတူဘူး… သေဆုံးထိခိုက်မှုတွေ ရှိနိုင်ပေမယ့် သေဆုံးထိခိုက်ကြသူတွေက အင်အားကြီးသိုင်းပညာရှင်တွေပဲ… သာမန်ပြည်သူတွေကို ထိခိုက်မှာ မဟုတ်ဘူး… ဒီတိုက်ပွဲက ကောင်းကင်မြေကြီးကို ပြောင်းလဲစေမယ့် တိုက်ပွဲ မဟုတ်ဘဲ အင်အားကြီးသိုင်းပညာရှင်တွေရဲ့ တိုက်ပွဲပဲ”
ရှင်းအန်း အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်။ “မင်း တားဆီးနိုင်ပါ့မလား”
“တားရမှာပေါ့”
ချင်မူက အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားပြီး အိပ်မက်ထဲတွင် ယောင်ယမ်းပြောဆိုနေသည်။ “မတားဆီးနိုင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက ဟာသ ဖြစ်သွားလိမ့်မယ်... ၁၇ စင်းမြောက် စကြဝဠာလည်း မကြာခင် ပျက်စီးသွားလိမ့်မှာ”
သူ၏အိပ်မက်ကမ္ဘာသည် အရပ်လေးမျက်နှာသို့ ပြန့်ကားလာသဖြင့် ရှင်းအန်းလည်း ခြေလှမ်းအနည်းငယ် ဆုတ်ကာ ရှောင်လိုက်သည်။ ချင်မူ၏ အိပ်မက်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော ချင်မူပိစိလေးများက တာအိုဒဏ်ရာများကို ကုသရန် အလုပ်များနေကြလေသည်။
အနန္တအဘိုးအိုကြောင့် ချင်မူ ရခဲ့သော တာအိုဒဏ်ရာများမှာ ပြင်းထန်သော်လည်း သခင်လေးသုံးလင်းရှောင်ဆီမှ တာအိုဒဏ်ရာများလောက် အန္တရာယ်မများပေ။ အနန္တအဘိုးအို၏ စွမ်းဆောင်ရည်များက မြင့်မားသော်လည်း လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအပေါ် သိမြင်နားလည်မှုက သခင်လေးသုံးအောက် နိမ့်ကျ၏။ ကုသရန် မခက်ချေ။
သို့သော် ချင်မူမှာ တာအိုဒဏ်ရာထဲတွင် ကိန်းဝပ်နေသော ကောင်းကင်နတ်သိုင်းများကို ခွဲခြမ်းစိတ်ဖြာပြီး ကုသရန် ဆယ်ရက်ကျော် အချိန်ယူခဲ့ရသည်။
သူ နိုးလာပြီးနောက် ခေါင်းတလားထဲမှ ထိုက်ယီကို ထုတ်ယူကာ ထိုက်ယီ၏ တာအိုဒဏ်ရာများအား သေချာစွာ စစ်ဆေးလိုက်သည်။ ရှင်းအန်းလည်း ဘေးမှကူညီပေးပြီး နှစ်ယောက်သား အနန္တအဘိုးအိုဆီမှ တာအိုဒဏ်ရာများကို ကုသပေးလိုက်သည်။ ထိုက်ယီ၏ ခန္ဓာကိုယ်ပေါ်တွင် မီလော့နန်းတော်၏ တာအိုဒဏ်ရာများသာ ကျန်ရှိတော့ချေပြီ။ ၎င်းတို့ကို ဖြေရှင်းရန်မှာ မလွယ်ပေ။
ရှင်းအန်းအနေဖြင့် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များနှင့် ခန်းမသခင်များဆီမှ တာအိုဒဏ်ရာများကို ကူညီအဖြေထုတ်ပေးနိုင်သော်လည်း သခင်လေးသုံးနှင့် သခင်လေးလေးတို့ဆီမှ တာအိုဒဏ်ရာများကိုမူ ကူညီနိုင်ခြင်းမရှိပေ။
ချင်မူက အလုပ်များနေသဖြင့် ခေါင်းမမော့ဘဲ ပြောလိုက်သည်။ “တာအိုမိတ်ဆွေ၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံနဲ့ တခြားသူတွေဆီ စကားပါးပေးစေချင်တယ်... ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်တွေ ကျန်နေခဲ့ပြီး ကျောက်စိမ်းမြို့တော်က တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာတာကို တားဆီးခိုင်းပါ… ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားပြီး ရှန့်ကျွင်းကို ဟွမ်ရှီခန်းမသခင်နဲ့ လာရင်ဆိုင်ဖို့ ပြောပေးမယ့် သူတစ်ယောက်လည်း လိုတယ်”
ရှင်းအန်းလည်း ခေါင်းညိတ်လိုက်ပြီး ထရပ်ကာ ထွက်ခွာသွားသည်၊ “တာအိုအသုဘခေါင်းတလားနဲ့ သံချောင်းတွေကို ငါ့အတွက် ထားခဲ့”
ချင်မူအနေဖြင့် ထိုက်ယီ၏ ကိုယ်ပေါ်ရှိ ကျန်တာအိုဒဏ်ရာများကို ဖြေရှင်းရန် အပြည့်အဝ အာရုံစိုက်ထားသော်လည်း အချိန်တိုအတွင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သခင်လေးသုံး၊ သခင်လေးလေးတို့နှင့် တိုက်ခိုက်စဉ်က ချင်မူ့ခန္ဓာကိုယ်တွင် တာအိုဒဏ်ရာ ငါးဆယ်ကျော် ရခဲ့လေသည်။ ၎င်းဒဏ်ရာများကို ကုသရန် ရှစ်နှစ်ကြာခဲ့၏။ ထိုမျှသာမက ထိုအချိန်တုန်းက သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ ပုံရိပ်ယောင်များက ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူတို့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ သူ့ကို တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ထိုက်ယီမှာ သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ အစစ်အမှန်ခန္ဓာကိုယ်အား တိုက်ရိုက်ရင်ဆိုင်ခဲ့ရသဖြင့် တာအိုဒဏ်ရာများသည် ထိုစဉ်က ချင်မူ့ဒဏ်ရာများထက် များစွာပြင်းထန်လှ၏။
“နှစ်တစ်ထောင် အချိန်ပေးရင် ဒီတာအိုဒဏ်ရာတွေကို ငါ ဖြေရှင်းနိုင်တယ်… ဒါပေမဲ့ အချိန်မရှိတော့ဘူး… ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ရှန့်ကျွင်းတို့က နှစ်တစ်ထောင် တောင့်မခံနိုင်ဘူး… မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြတော့မှာ…”
မီလော့နန်းတော်မှ ခန်းမသခင်များ ဆင်းသက်လာပါက ကောင်းကင်နတ်အရှင်ယွဲ့၊ ရှန့်ကျွင်းနှင့် အခြားသူများ သေချာပေါက် ခုခံနိုင်မည်မဟုတ်ချေ။
သခင်လေးသုံးနှင့် သခင်လေးလေးတို့သာ ဆင်းသက်လာပါက သူတို့ကို အမြစ်ဖြုတ်ချေမှုန်းမည့် ကပ်ဘေးကြီး ကျရောက်လာပေလိမ့်မည်။
သူက ရုတ်တရက် ထရပ်လိုက်ပြီး ခေါင်းတလားကို လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ သယ်ဆောင်သွားသည်။
“တာအိုနောင်တော်၊ ခင်ဗျားရဲ့ မူလခန္ဓာကိုယ်ကို ပြန်ရယူသင့်ပြီ ထင်တယ်”
ချင်မူ သင်္ဘောထိပ်တွင် ရပ်နေစဉ် ရွှေသင်္ဘောသည် ရွက်လွှင့်ကာ အန္တိမဟင်းလင်းပြင်ရှိ စွန့်ပစ်မြေဆီသို့ ဦးတည်သွား၏။
ထိုနေရာတွင် သခင်လေးတစ် အကျဉ်းသားများကို ချုပ်နှောင်ထားသည့် နေရာ ရှိပြီး အတွင်းတွင် တျန်းတု ဟုခေါ်သော ဝေဒနာသည်တစ်ဦး ရှိနေသည် မဟုတ်လော။