← Chapters

အမှားအမှန်ကို ရှင်းလင်းစွာ ခွဲခြားသိနိုင်ဖို့

Vol. 137 Ch. 1763

အမှားအမှန်ကို ရှင်းလင်းစွာ ခွဲခြားသိနိုင်ဖို့

Vol. 137 Ch. 1763

အဘိုးအိုအပါအဝင် အားလုံး မဟာရန်သူတော်တစ်ယောက်အား ရင်ဆိုင်နေရသည့်အလား သတိရှိနေကြသည်။ မဟာဥသျှောင်က သူတို့ကို ချုပ်နှောင်ပိတ်လှောင်ထားခဲ့သူ မဟုတ်လော။

သခင်လေးတစ် မဟာဥသျှောင်သည် အလုပ်လက်မဲ့ အဘိုးအိုတစ်ယောက်နှင့် တူ၏။ မီလော့နန်းတော်သခင်နောက် မီလော့နန်းတော်ကို မနာခံသည့် အင်အားစုများကို အမြဲစောင့်ကြည့်နေခဲ့သည်။ မူမမှန်သည့်အရာ တွေ့သည်နှင့် ဖမ်းဆီးချုပ်နှောင်ပစ်တတ်သည်။

ဤကျောက်ပြားတောအုပ်ထဲတွင် ကျောက်ပြားချပ်ပေါင်း မရေမတွက်နိုင်အောင် ရှိ၏။ ကျောက်ပြားတစ်ချပ်စီတွင် အတိတ်စကြဝဠာမှ တာအိုသိုင်းပညာရှင်တစ်ဦးစီ ချိပ်ပိတ်ချုပ်နှောင်ခြင်း ခံထားရသည်။ ဤသို့ညှည်းဆဲသည့်ဒဏ်အား မခံနိုင်သဖြင့် ကျောက်ပြားထဲတွင် ပြာကျသွားသူ များစွာရှိလေသည်။

သခင်လေးတစ် မဟာဥသျှောင်က သူတို့ကို ဖမ်းဆီးချုပ်နှောင်ခဲ့သည့်တိုင် စိတ်မချခဲ့ပေ။ တာအိုသစ်ပင်ကိုပင် ဤနေရာတွင် စိုက်ပျိုးထားခဲ့ပြီး မျက်လုံးများကို ကောင်းကင်ရှိ နေအဖြစ် ပြောင်းလဲကာ နေ့ရောညပါ စောင့်ကြည့်နေခဲ့သည်။ တစ်ရက်မှ အနားမယူခဲ့ချေ။

အရင်တစ်ခေါက် ချင်မူ ရောက်လာပြီး ဤနေရာတွင် ရှစ်ပင်မြောက် တာအိုသစ်ပင် ရှိနေကြောင်း ဖော်ထုတ်လိုက်သည့်အခါတွင်မှ သခင်လေးတစ် မဟာဥသျှောင် သူတို့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ကြောင်း သိခဲ့ရသည်။

ထို့နောက်တော့ မဟာဥသျှောင်၏ တာအိုသစ်ပင်နှင့် မျက်လုံးများ ပျောက်ကွယ်သွားခဲ့သည်။

“အရှက်မရှိတဲ့ အဘိုးအိုကြီး” ကလေးမလေးက ကောင်းကင်သို့ အော်ပြောလိုက်သည်။

“သတ္တိရှိရင် ဆင်းခဲ့စမ်း... ငါ ကျူစန်းထုံနဲ့ တစ်ယောက်ချင်း ချကြမယ်” ကျူစန်းထုံက ရဲရင့်စွာ စိန်ခေါ်လိုက်သည်။

ကောင်းကင်ရှိ မဟာဥသျှောင်၏ မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး သူတို့၏ ဆဲဆိုသံများအား စိတ်ထဲပင် မထည့်ချေ။

အဘိုးအိုကလည်း သတ်ဖြတ်လိုစိတ် ထုတ်ဖော်၍ မော့ကြည့်ကာ ပြောလိုက်သည်။ “မဟာဥသျှောင်၊ မင်းက ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ ကိုင်လှုပ်နိုင်တဲ့အထိ စွမ်အားကြီးတယ်.... ဒါပေမဲ့ မင်းက ပြိုင်ဘက်ကင်းတော့ မဟုတ်ဘူး… အရင်က မင်းနဲ့ ငါက တန်းတူကျော်ကြားခဲ့တာ… ငါသာ မင်း ချုပ်နှောင်တာ မခံခဲ့ရရင် မင်း ငါ့ရှေ့မှာ မောက်မာရဲမှာ မဟုတ်ဘူး”

ဤအခိုက်အတန့်တွင် ကောင်းကင်ရှိ မဟာဥသျှောင်၏ မျက်နှာသည် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး သူတို့ကို ငုံ့ကြည့်နေသကဲ့သို့ ဖြစ်လာ၏။ သို့သော် ကောင်းကင်ပြိုကျလာသကဲ့သို့ ဖိစီးလာသောကြောင့် အဘိုးအိုတို့မှာ ခေါင်းနပန်းကြီးလာကြသည်။

သူတို့ ချုပ်နှောင်ခံထားရသည်မှာ အလွန် ကြာမြင့်နေပြီဖြစ်သောကြောင့် ကျင့်ကြံခြင်းအခြေခံမှာ ယခင်ကလောက် မခိုင်မာတော့ချေ။ အခြေအနေတို့ ပြောင်းလဲလာသည်နှင့်အမျှ မဟာဥသျှောင်ကမူ ပိုပို၍ သန်မာလာခဲ့သည်။ ယခုတွင်တော့ သူတို့အနေဖြင့် မဟာဥသျှောင်၏ ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်တော့ပေ။

ဤဖိအား အမြင့်ဆုံးသို့ ရောက်လာသည့်အခါ သူတို့မှာ မခံနိုင်တော့ဘဲ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ ရုတ်တရက် မဟာဥသျှောင်၏ မျက်နှာက ကျောက်ပြားတောအုပ် အပေါ်သို့ ဖိချလိုက်သည်။ ထို့နောက် လျင်မြန်စွာ ကျုံ့ဝင်၍ ကျောက်ပြားတောအုပ်ထဲသို့ ကျဆင်းသွား၏။

ဝှစ်…

ကျူစန်းထုံမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ နောက်သို့ လွင့်ထွက်သွားသည်။ ကျောက်ပြားတစ်ချပ်ထဲသို့ ‌ရောက်သွားကာ ပိတ်လှောင််ခံလိုက်ရသည်။ ကျူစန်းထုံ ကျောက်ပြားထဲတွင် ရုန်းကန်ဟိန်းဟောက်နေသော်လည်း အသံပင် ထွက်မလာနိုင်ပေ။

ရှပ်… ရှပ်… ရှပ်…

အလင်းတန်းများ ဖြတ်ပြေးသွားပြီး ကလေးမလေး၊ အမျိုးသမီးနှင့် အဘွားအိုတို့ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကြသည်။ သူတို့မှာ ကျောက်ပြားထဲသို့ ရောက်သွားကြပြီး ကြည်လင်သော ကျောက်ပြားမျက်နှာပြင်အောက်တွင် ရုန်းကန်နေကြသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိချေ။

သခင်လေးတစ် မဟာဥသျှောင်က ကျောက်ပြားတောအုပ်ထဲ၌ လမ်းလျှောက်နေသည်။ ချင်မူသည် ကျောက်ပြားတစ်ချပ်ကို လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် တင်ကာ သင်္ဘောအား ကျောက်ပြားနှင့်အတူ ဘိုးဘေးနန်းတော်သို့ ထွက်ခွာစေခဲ့၏။ ၎င်းက ကျောက်ပြားတောအုပ်၏ ဝင်္ကပါတွင် လိုအပ်ချက် ရှိသွားစေခဲ့သည်။ သို့သော် ယခုတွင် မဟာဥသျှောင်မှာမူ ပျောက်ဆုံးနေသော ကျောက်ပြားသဖွယ် ဖြစ်နေ၏။ သူ ကျောက်ပြားတောအုပ်ထဲသို့ ဆင်းသက်လိုက်သည်နှင့် ဝင်္ကပါကို ပြည့်စုံသွားစေခဲ့သည်။

အဘိုးအိုမှာ ဒေါသထွက်နေသောကြောင့် ကျောက်ပြားတောအုပ်၏ ဖိနှိပ်မှုအောက်တွင် သူ၏ခန္ဓာကိုယ်က အဆက်မပြတ် တုန်ခါနေ၏၊ တိုက်ခိုက်လိုသော်လည်း ကျောက်ပြားတောအုပ်၏ ဖိနှိပ်မှုမှာ ပြင်းထန်လွန်းသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံကို လျင်မြန်စွာပျော က်ကွယ်သွားစေကာ တာအိုကိုလည်း တိတ်ဆိတ်လာစေသည်။ သူ့မှာ မည်သည့်မဟာတာအိုကိုမှ အာရုံမခံနိုင်တော့ချေ။

“မဟာဥသျှောင်၊ မင်းက ငါနဲ့ မယှဉ်ပြိုင်ရဲဘူးလား” သူက ချင်မူ၏ အရှေ့တွင် ရပ်၍ နီရဲသောမျက်လုံးများဖြင့် အော်မေးလိုက်သည်။

“အဘိုးကြီးတုံးယန်၊ မင်း မင်းသဘောနဲ့မင်း ငါ ချုပ်နှောင်တာခံခဲ့ကတည်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်တော့ဘူး”

သခင်လေးတစ် မဟာဥသျှောင်က လက်ဖဝါးမြှောက်ကာ ညင်သာစွာ တွန်းထုတ်လိုက်သည်။ အဘိုးအိုမှာ ဝှီးခနဲ လွင့်ထွက်၍ ကျောက်ပြားတစ်ချပ်နှင့် ဝင်တိုက်သွားသည်။

သူ၏ ကျောမှာ ကျောက်ပြားမျက်နှာပြင်ထဲသို့ နစ်ဝင်နေပြီဖြစ်သော်လည်း ခြေလက်များကတော့ အပြင်ဘက်တွင် ကုပ်တွယ်ထားကြ၏။ သူက ခက်ထန်စွာ အော်လိုက်သည်။ “သတ္တိရှိရင် ငါနဲ့ သေတဲ့အထိ တိုက်စမ်း… ဝေဒနာသည်တစ်ယောက်ကို တိုက်ခိုက်တာက မင်းကိုယ်မင်း သိပ်မြင့်မြတ်တယ်ထင်နေလား”

သခင်လေးတစ် မဟာဥသျှောင်က ခံစားချက်ကင်းမဲ့စွာ လက်ဖဝါးမြှောက်လိုက်၏။ ဘုန်းခနဲ မြည်သံနှင့်အတူ အဘိုးအိုတုန်ယန်၏ ခြေလက်များမှာ ကုပ်တွယ်မထားနိုင်တော့ဘဲ ကျောက်ပြားထဲသို့ အတင်းအကြပ် ဖိသွင်းခံလိုက်ရကာ ချိပ်ပိတ်ခံလိုက်ရတော့သည်။

သူတို့ငါးယောက်က ကျောက်ပြားပြင်၏ အနောက်၌ ရပ်လျက် မဟာဥသျှောင် ချင်မူ့အနား ချဉ်းကပ်နေသည်ကို ကြည့်နေကြ၏။ သူတို့၏မျက်နှာများတွင် ဝမ်းနည်းမှုနှင့် အမျက်ဒေါသ ရောထွေးနေသည်သာမက မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်လည်း ထင်ဟပ်နေသည်။

ဝေဒနာသည် အသက်ပြန်ရှင်နိုင်မည့် မျှော်လင့်ချက်ရောင်ခြည် သမ်းလာခဲ့သော်လည်း မဟာဥသျှောင် ရောက်လာသောကြောင့် ယင်းမျှော်လင့်ချက်မှာ ကြေမွသွားခဲ့ရချေပြီ။

သခင်လေးတစ် မဟာဥသျှောင် ချင်မူ့ရှေ့သို့ ရောက်သွားသည့်အခါ ချင်မူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း ပြည့်စုံသော ကျောက်ပြားတောအုပ်ဝင်္ကပါ၏ ဖိနှိပ်ခြင်း ခံလိုက်ရသည်။ အိပ်မက်ကမ္ဘာသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ချင်မူက မျက်လုံးဖွင့်လိုက်သည်။ “အစ်ကိုကြီး မဟာဥသျှောင်၊ ခင်ဗျားက ကျွန်တော့်အပေါ်ကိုရော သုံးနဲ့ လေးအပေါ်ကိုရော ဘက်မလိုက်ဘူး ပြောခဲ့တာမလား… ဒီနေ့ ဘာလို့ ကျွန်တော့်ကို တားဆီးဖို့ ထွက်လာရတာလဲ”

သခင်လေးတစ် မဟာဥသျှောင်က သူအရှေ့တွင် ထိုင်ချလိုက်သည်။ သူ၏အကြည့်က ချင်မူ့ကို ကျော်လွန်၍ ဝေဒနာသည်နှင့် ခေါင်းတလားအပေါ် ကျရောက်သွားသည်။ “ငါက မင်းရော သူတို့အပေါ်ကိုပါ ဘက်လိုက်မှာ မဟုတ်ဘူး… ဒါပေမဲ့ မင်း တျန်းတုကို ပြန်အသက်သွင်းဖို့ မကြိုးစားသင့်ဘူး”

ချင်မူမှာ နားမလည်နိုင်စွာဖြင့် မေးသည်။ “ဘာကြောင့်လဲ ရှင်းပြပေးပါ အစ်ကိုကြီး”

“ဆရာ တျန်းတုကို သတ်ခဲ့တာက ကိုယ်ကျိုးမဖက်ဘူး… တျန်းတုရဲ့ လုပ်ရပ်ကြောင့်ပဲ… ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုဟာ အများပိုင်ဖြစ်ပြီး တရားမျှတတယ်… မင်းက တာအိုသိုင်းပညာရှင်ဖြစ်နေလို့ မင်းအပေါ် ဘက်လိုက်မှာ မဟုတ်သလို မင်းက နာမည်မရှိတဲ့အတွက်လည်း လျစ်လျူရှုထားမှာ မဟုတ်ဘူး… ဒါပေမဲ့ တျန်းတုက ကောင်းကင်ကို ဖွင့်လှစ်ခဲ့ပြီး တာအိုဆိုတဲ့ အများပိုင်ပစ္စည်းကို တစ်ယောက်ပိုင်ပစ္စည်းအဖြစ် ပြောင်းလဲပစ်ခဲ့တယ်”

မဟာဥသျှောင်က အေးဆေးစွာ ဆက်ပြောသည်။ “မင်းက ၇ စင်းမြောက် စကြဝဠာကို မရောက်ဖူးတာကြောင့် အဲ့ဒီက အခြေအနေကို မသိဘူး… ဒါကြောင့် တျန်းတုအပေါ် စာနာစိတ်နဲ့ ခွင့်လွှတ်ပေးနိုင်တယ်… ၇ စင်းမြောက် စကြဝဠာမှာ တျန်းတု ကောင်းကင်နဲ့ မြေကြီးကို ဖွင့်လှစ်ပြီးတဲ့နောက် မဟာတာအိုဟာ တစ်ယောက်ပိုင်ပစ္စည်း ဖြစ်သွားခဲ့ပြီး တျန်းတုဘက်တော်သားလှစ်ခဲ့တဲ့ သူတွေရဲ့ ပိုင်ဆိုင်မှုဖြစ်သွားခဲ့တယ်… အဲ့ဒီအချိန်မှာ သက်ရှိသတ္တဝါအားလုံးက သူတို့ရဲ့တာအိုကို ကျင့်ကြံရတယ်… တျန်းတုသားတွေဟာ ကောင်းကင်မြေကြီးရဲ့ မဟာတာအိုကို ထိန်းချုပ်နိုင်ပြီး စိတ်တိုင်းကျ ပြုမူနိုင်လာကြတယ် … သူတို့ထဲမှာ ထင်ရာစိုင်းခဲ့တဲ့သူတွေ မနည်းဘူး”

ချင်မူက မျက်ခုံးပင့်လိုက်ပြီး ပြော၏။ “ဆရာနဲ့ တျန်းတကြားက ရန်ငြိုးက အနန္တအဘိုးအို ကြားထဲကနေ သွေးထိုးလှုံ့ဆော်ခဲ့လို့ ဖြစ်လာခဲ့တာ... တာအိုဖီဆန်သူဆိုတဲ့ နာမည် ဘယ်လိုရလာလဲဆိုတာ ကိုတော့ အစ်ကိုကြီးက ကျွန်တော့်ထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိသင့်တယ်”

“ဆရာက ဘယ်လိုပုဂ္ဂိုလ်မျိုးမလို့လဲ… အနန္တအဘိုးအိုရဲ့ သက်ရောက်မှုဟာ သူ့အပေါ်မှာ အကန့်အသတ်ရှိတယ်… အများဆုံးအနေနဲ့ သူ့ရဲ့အတွေးအခေါ်တွေကို အတည်ပြုပေးနိုင်ရုံပဲ ရှိတယ်… အနန္တအဘိုးအိုက သူ့ကိုယ်သူ သိပ်အရေးပါတယ်လို့ ထင်နေတာ… ဒါပေမဲ့ ဆရာ့နှလုံးသားထဲမှာ သူက အဲ့ဒီလောက် အရေးမပါဘူး”

သခင်လေးတစ် မဟာဥသျှောင်က မနှေးလွန်း မမြန်လွန်းသော လေသံဖြင့် ဆိုသည်။ “တျန်းတုကနေ သင်ကြားပြသပေးတဲ့ အရာတွေက အမျိုးအစားစုံတယ်… သူတို့ထဲမှာ အကျင့်ပျက်နေတဲ့သူတွေကလည်း အများကြီး ပါဝင်ခဲ့တယ်… တျန်းတုသားတွေဟာ သူတို့ရဲ့ မဟာတာအိုကို စိတ်တိုင်းကျပေးနိုင်၊ ယူနိုင်တယ်… သူတို့ သဘောကျတာ၊ မကျတာအပေါ် မူတည်ပြီး တခြားသူတွေ ကြိုးကြိုးစားစား ကျင့်ကြံထားတာတွေကို စိတ်တိုင်းကျ လုယူနိုင်တယ်… အဲဒီလိုနဲ့ ၇ စင်းမြောက် စကြဝဠာရဲ့ သမိုင်းတစ်ခုလုံး ရှုပ်ထွေးလာပြီး တခြားဘယ်သူမှ တာအို မရနိုင်ခဲ့ဘူး… ဆရာက တျန်းတုနဲ့ သွားရောက်ဆွေးနွေးပြီး သူ့ကို သုံးကြိမ်တိုင်တိုင် နားချခဲ့တယ်… အဲ့ဒီသုံးကြိမ်လုံး ငါလည်း လိုက်သွားခဲ့တယ်”

ချင်မူ မျက်မှောင်ကြုတ်လိုက်မိသည်။

သူ့အနေဖြင့် တျန်းတုနှင့် မီလော့နန်းတော်အကြားရှိ ရန်ငြိုးအကြောင်း များများစားစား မသိပေ။ ယခု မဟာဥသျှောင် ပြောပြသည့် သမိုင်းကြောင်းကို ကြားမှ သူ ထင်ထားသည်ထက် များစွာ ရှုပ်ထွေးကြောင်း သိလိုက်ရသည်။

“ဆရာက သုံးကြိမ်တိုင်တိုင် တျန်းတုနန်းတော်ဆီ သွားခဲ့တာ.... တာအိုမိတ်ဆွေတစ်ဦးအနေနဲ့ ဆွေးနွေးတိုင်ပင်ပြီး တျန်းတုလည်း သူ့ရဲ့ အတွေးအခေါ်တွေကို ပြန်တည့်မတ်နိုင်ဖို့ မျှော်လင့်ခဲ့တာပေါ့… ဒါပေမဲ့ ဆရာ တျန်းတုနန်းတော်ဆီ ရောက်သွားပြီးတဲ့နောက် ရခဲ့တာက ကောင်းကင်ဖွင့်လှစ်သူတွေလို့‌‌ ခေါ်တဲ့ တျန်းတုသားတွေရဲ့ လှောင်ပြောင်သရော်မှုတွေနဲ့ မထီမဲ့မြင်အကြည့်တွေပဲ”

သခင်လေးတစ် မဟာဥသျှောင်က ဆို၏။ “ဆရာက ဘယ်လိုပုဂ္ဂိုလ်မျိုးမလို့လဲ… ပထမစကြဝဠာမှာတည်းက တာအိုရနိုင်ခဲ့တဲ့သူလေ... နောက်ပိုင်း စကြဝဠာခေတ်ငါးခေတ်မှာလည်း ဆရာကိုယ်တိုင် လောကထဲ ဝင်ပြီး တာအိုအကြောင်း ဟောပြောလို့ အသိပညာတွေ သင်ကြားလွှဲပြောင်းပေးခဲ့တယ်.... တာအိုမိတ်ဆွေတွေ ပိုများလာဖို့ မျှော်လင့်ခဲ့တာပေါ့… တျန်းတုနန်းတော်က တျန်းတုသားတွေထဲမှာ ဆရာ့ကျေးဇူးနဲ့ မလွတ်ကင်းခဲ့တဲ့သူဆိုတာ ရှိလို့လား… ဒါပေမဲ့ တျန်းတုရဲ့ ကောင်းကင်ဖွင့်လှစ်သူတွေက ဆရာ့ကို စော်ကားလှောင်ပြောင်ရဲခဲ့တယ်… ဆရာက စိန်ခေါ်စော်ကားမှုအမျိုးမျိုးကို လျစ်လျူရှုပေးခဲ့တယ်… သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပေမယ့် တျန်းတုက ဆရာ့ကို ငြင်းပယ်ခဲ့တာပါပဲ”

ချင်မူလည်း သူ၏ ဘေးရှိ ဝေဒနာသည်ကို ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့ဒီတုန်းက ဆရာ့မှာ သတ်ဖြတ်ချင်တဲ့စိတ် မရှိခဲ့သေးဘူး… ဒါပေမဲ့ နောက်ပိုင်း ၇ စင်းမြောက် စကြဝဠာဟာ ပြိုလဲတော့မယ့် အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်… ၇ စင်းမြောက် စကြဝဠာက တျန်းတုရဲ့ နှောင့်ယှက်မှုကြောင့် ပျက်စီးတော့မယ့် အခြေအနေအထိ ရောက်ခဲ့ရတာ… အဲ့ဒီအချိန်မှာ တျန်းတုနန်းတော်က ကောင်းကင်ဖွင့်လှစ်သူတွေဟာ နောက်တစ်ကြိမ် ကောင်းကင် ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာကို ဆရာ တွေ့ခဲ့ရတယ်”

မဟာဥသျှောင်က ပြော၏။ “အဲ့ဒီအချိန်မှာ ဆရာက ၈ စင်းမြောက် စကြဝဠာကို အရင်လို အမှားမျိုးထပ် မဖြစ်စေဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချခဲ့တယ်.... သူ နှစ်ထောင်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံခဲ့တယ်…ကျင့်ကြံပြီးတဲ့နောက် ဆရာက တျန်းတုကို သတ်ပြီး သူ့ရဲ့ အလောင်းကို ဒီနေရာမှာ ချုပ်နှောင်ထားဖို့ ငါ့ဆီ အမိန့်ပေးခဲ့တယ်”

မဟာဥသျှောင်က နှုတ်ခမ်းတင်းတင်းစေ့သွးပြီးနောက် ဆိုသည်။ “ဆရာက ဒီကိစ္စကို အပြတ်မရှင်းခဲ့ဘူး… အပြတ်ရှင်းခဲ့မယ်ဆိုရင် လင်လို့ ခေါ်တဲ့ တာအိုဖီဆန်သူဟာ တျန်းတုရဲ့ မူလဝိညာဉ်ကို ဘယ်ကယ်တင်နိုင်ခဲ့ပါ့မလဲ … ဆရာက တျန်းတုအရှင်ကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီး ၁၇ ခုမြောက်ခေတ်ရဲ့ ထိုက်ယီ ဖြစ်လာစေခဲ့တယ်… ဒါ့အပြင် ထိုက်ယီကို ၄ စင်းမြောက် စကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးထဲကို ပို့ဆောင်ပြီး ပြန်လည် စတင်နိုင်မယ့် အခွင့်အရေး ပေးခဲ့တယ်… ငါ မေးပါရစေ.... ဒီလောကမှာ ဘယ်သူကများ ဒီလောက် သဘောထားကြီးလို့လဲ”

ချင်မူ တိတ်ဆိတ်သွားသည်။

သူ့တွင် ထိုမျှ သဘောထားကြီးမြတ်သော နှလုံးသား မရှိပေ။

သူသာဆိုပါ အမြစ်ပါမကျန်အောင် ရှင်းလင်းပစ်မည်။ တျန်းတုကို မည်သည့်အခွင့်အရေးမှ ပေးမည်မဟုတ်ချေ။

မဟာဥသျှောင်တွင်လည်း ထိုသို့နှလုံးသားမျိုး မရှိ။

ထို့ကြောင့် မဟာဥသျှောင်သည် မီလော့နန်းတော်အရှင်သခင်၏ တာအိုနှလုံးသား သေဆုံးပြီးနောက် ထိုက်ယီကို ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်၏။ မဟာဥသျှောင်ခန်းမထဲတွင် အကျဉ်းချထားပြီး တာအိုအသုဘခေါင်းတလားဖြင့် ဖိနှိပ်ထားခဲ့သည်။

ထိုသို့ သဘောထားကြီးမြတ်သူမှာ မရေမတွက်နိုင်သောလူများက ဆရာဟု ခေါ်ဆိုကြသည့် ပုဂ္ဂိုလ်၊ မီလော့နန်းတော်အရှင်သခင်တစ်ဦးတည်းသာ ရှိချေသည်။

“မင်း ထိုက်ယီကို ကယ်ခဲ့တုန်းက ငါ မင်းကို အခက်တွေ့အောင် မလုပ်ခဲ့ဘူး.... ကယ်တင်ခွင့် ပေးခဲ့တယ်… ဘာပဲဖြစ်ဖြစ် ဆရာက သူ့ကို အခွင့်အရေးတစ်ခု ပေးခဲ့တာမလို့ ငါ လုယူလို့ မဖြစ်ဘူး”

သခင်လေးတစ် မဟာဥသျှောင်က ခဏ တိတ်ဆိတ်သွားပြီး ဆက်ပြော၏။ “မင်း တျန်းတုကို ကယ်ပြီး ထိုက်ယီနဲ့ တျန်းတုကို တစ်ကိုယ်တည်း ဖြစ်အောင် ပေါင်းစည်းချင်တယ်ဆိုရင်တော့ ငါ ခွင့်မပြုနိုင်တော့ဘူး… ဖရိုဖရဲ၊ ငါ မင်းနဲ့ မတိုက်ခိုက်ဘူး …မေးခွန်းတစ်ခုပဲ မေးမယ်”

ချင်မူက စိတ်ငြိမ်စေလိုက်ပြီးနောက် ဉီးညွှတ်အရိုအသေပေးလိုက်သည်။ “မေးပါ အစ်ကိုကြီး”

“တျန်းတုရဲ့ ဒဏ်ရာတွေ ပျောက်သွားပြီး ထိုက်ယီနဲ့ တျန်းတု ပေါင်းစည်းသွားလို့ တျန်းတု ပြန်ရှင်လာရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်း စဉ်းစားဖူးလား”

မဟာဥသျှောင်က ပြော၏။ “တျန်းတုနန်းတော်ဟာ သေဆုံးသွားပေမယ့် မပျက်စီးသေးဘူး… အဲ့ဒီတုန်းက ကောင်းကင်ဖွင့်လှစ်သူတွေက သမိုင်းထဲမှာ၊ အမှောင်ထဲမှာ ပုန်းအောင်းနေကြတယ်… တျန်းတု ပြန်ရှင်လာလို့ သူတို့ကို ဆင့်ခေါ်လိုက်ရင်ရော.... မင်းနဲ့ လင်းရှောင်၊ ကျစ်ရှောင်တို့အကြားက တိုက်ပွဲ မဟုတ်တော့ဘဲ မီလော့နန်းတော်နဲ့ တျန်းတုနန်းတော်အကြားက တိုက်ပွဲ ဖြစ်သွားလိမ့်မယ်… ဆရာ မရှိတော့ရင် ဘယ်သူမှ တျန်းတုနဲ့ တျန်းတုနန်းတော်ကို မဖိနှိပ်နိုင်တော့ဘူး… မင်းရဲ့ ၁၇ စင်းမြောက် စကြဝဠာဟာ တျန်းတုကောင်းကင်ဖွင့်လှစ်သူတွေရဲ့ ပြုပြင်ပြောင်းလဲမှုကို ကြိုဆိုဖို့ ပြင်ဆင်ထားပြီးပြီလား”

ချင်မူ ကြက်သီးမွေးညှင်းများ ထသွားတော့သည်။

မဟာဥသျှောင်က မတ်တပ်ရပ်လိုက်ပြီး ကျောက်ပြားတောအုပ်ထဲရှိ ကျောက်ပြားများဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ “ဒီကျောက်ပြားတွေထဲမှာ ချုပ်နှောင်ထားတဲ့ တာအိုသိုင်းပညာရှင်တွေ တစ်ယောက်ချင်းစီတိုင်းက သိပ်ကို ကောက်ကျစ်ယုတ်မာတဲ့သူတွေချည်းပဲ… တစ်ယောက်စီတိုင်း ဒီနေရာမှာ ချုပ်နှောင်ခံရတဲ့ အကြောင်းပြချက် ရှိတယ်… မင်း ကယ်တင်သွားခဲ့တဲ့ ရှန့်ကျွင်း၊ အဘိုးကြီးတုံးယန်နဲ့ ကျူစန်းထုံတို့လည်း ပါတယ်… တစ်ယောက်မှ အပြစ်မကင်းဘူး”

သူ၏ အကြည့်က ချင်မူ့အနောက်ရှိ ဝေဒနာသည်ပေါ်သို့ ကျရောက်သွားသည်။ “သူရောပဲ”

ချင်မူ မတ်တပ်ရပ်လိုက်ပြီး ထိုက်ယီ၏ ခေါင်းတလားနှင့် ဝေဒနာသည်ကို ကြည့်နေမိသည်။ သူ့မှာ ဆုံးဖြတ်ရခက်နေတော့သည်။

“ညီခုနစ်၊ မင်း တျန်းတုကို ထိန်းချုပ်နိုင်မှာ မဟုတ်သလို တျန်းတုနန်းတော်ကိုလည်း ထိန်းချုပ်နိုင်မှာမဟုတ်ဘူး”

မဟာဥသျှောင်၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်း မြောက်တက်သွားကာ ဤတားမြစ်နယ်မြေ၏ ကောင်းကင်နှင့် ပေါင်းစည်းသွားသည်။ သူ၏အသံက ကောင်းကင်အလွန်မှ ပျံ့လွင့်လာသည်။ “မင်း သူ့ကို လွှတ်ပေးလိုက်ရင် စကြဝဠာတစ်ခုလုံးကို ဖျက်ဆီးမယ့် မိစ္ဆာတစ်ကောင်ကို လွှတ်ပေးမိလိမ့်မယ်… မင်းကိုယ်တိုင် ဆုံးဖြတ်ပါ”

သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားမှာလည်း အစအနမကျန် လွင့်ပြယ်သွားတော့သည်။

မကြာမီတွင် အဘိုးကြီးတုံးယန်၊ ကျူစန်းထုံတို့က ကျောက်ပြားများထဲမှ ထွက်လာကြသည်။ ချင်မူမှာ ထိုက်ယီ၏ ခေါင်းတလားနှင့် ဝေဒနာသည်အား ပတ်၍ လျှောက်နေသည်။ သူသည် စိတ်လွတ်သွားသကဲ့သို့ ငေးကြောင်နေသည်ကို တွေ့လိုက်ကြရ၏။

“ငါက သခင်လေးခုနစ် မဟုတ်သေးဘူး”

ချင်မူ ခပ်တိုးတိုး ရေရွတ်နေသည်ကို ကြားလိုက်ရသည်။ “ငါသာ သခင်လေးခုနစ် ဖြစ်ခဲ့မယ်ဆိုရင် ဒီလောက်များတဲ့ စိတ်ညစ်စရာတွေ ရှိတော့မှာမဟုတ်ဘူး…”

အချိန်အတော်ကြာပြီးနောက် ချင်မူက ရပ်ကာ ထိုက်ယီ၏ ခေါင်းတလားကို ထမ်းလျက် ထွက်ခွာသွားသည်။

“သခင်လေးခုနစ်” ကလေးမလေးက သံသယများ ပြည့်နေသော အသံဖြင့် လှမ်းခေါ်သည်။

ချင်မူ ညာလက်ကို ဝှေ့ယမ်း၍ ကျောက်ပြားတောအုပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ “ကျုပ်က သခင်လေးခုနစ် မဟုတ်သေးဘူး… သခင်လေးခုနစ်က ဘယ်သူ့ကိုမှ အားကိုးမှာ မဟုတ်ဘူး… ဒီနေ့ကစပြီး ကျုပ်ရဲ့ ကိုယ်ပိုင်ခွန်အားကိုပဲ အားကိုးဖို့ ဆုံးဖြတ်လိုက်ပြီ… အားလုံးပဲ ကျုပ် အမှားအမှန်ကို ခွဲခြားနိုင်ပြီး အခြေအနေကို ထိန်းချုပ်နိုင်တဲ့ အချိန်ကျမှ ပြန်တွေ့ကြတာပေါ့”

All Chapters