← Chapters

ကောင်းကင်နတ်အရှင်ယွီ ပြန်ပေါ်လာပြီ

Vol. 137 Ch. 1764

ကောင်းကင်နတ်အရှင်ယွီ ပြန်ပေါ်လာပြီ

Vol. 137 Ch. 1764

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင်

သွေးယဇ်ပူဇော်ခြင်းစွမ်းအင်ကို ကြားဖြတ်ခိုးယူနေသော အန္တအဘိုးအို မရှိတော့သဖြင့် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ လျင်မြန်စွာ ဆင်းသက်လာနိုင်ကြသည်။ နှစ်ပေါင်းများစွာ မကြာတော့ချေ။

ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ၊ ရွှမ်းဝူနတ်မင်းနှစ်ပါး၊ လန်ဝူ၊ ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် ကျန်းပိုင်ကွေ့တို့ ဘိုးဘေးနန်းတော်သို့ ရောက်သည့်အခါတွင် ကောင်းကင်နတ်ဘုံမှ လက်ကျန်စစ်သည်တော်နှစ်သိန်းသည် ကောင်းကင်နတ်ဧကရီ၊ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ဟွမ်ရှီခန်းမသခင်တို့၏ ဦးဆောင်မှုအောက်တွင် ဤနေရာအား ကာကွယ်စောင့်ရှောက်နေသည်ကို တွေ့လိုက်ရသည်။

ကျောက်စိမ်းမြို့တော် အပြင်ဘက်တွင်မူ အလွန်တရာ တိတ်ဆိတ်ခြောက်ကပ်နေသည်။

မြို့ထဲတွင် မရဏလေပူနှင့် လေအေးတို့ ဝေ့လည်တိုက်ခတ်နေပြီး တာအိုသစ်ပင်တို့မှာ ညှိုးခြောက်ကျဲပါးနေသည်။ မကြာခဏဆိုသလို ၎င်းလေတို့က ဤရှေးကျမြင့်မြတ်သော မြို့တော်အပြင်ဘက်သို့ ကျူးကျော်တိုက်ခတ်တတ်သောကြောင့် ပတ်ဝန်းကျင်အား ပျက်စီးယိုယွင်းလာစေခြင်းပင်။

ရွှမ်းဝူနတ်မင်းနှစ်ပါး ဆင်းသက်လာသည်။ ရှေးဟောင်းနတ်ဘုရားနှစ်ပါး မော့ကြည့်လိုက်သည့်အခါ ရှေးဟောင်းမဟာတာအိုနိယာမများ လှည့်ပတ်နေသည်ကို တွေ့လိုက်ရ၏။ အတိတ်၏ အချိန်နှင့် နေရာဟင်းလင်းပြင်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များသည် ဤစကြဝဠာသို့ စီးဝင်လာကာ ယှက်ဖြာရောနှောသွားပြီးနောက် ကောင်းကင်နတ်ဘုံ စစ်သည်တော်နှစ်သိန်း၏ နောက်ကွယ်တွင် တာအိုသိုင်းပညာရှင်တစ်ဦး၏ ပုံရိပ်အား ဖွဲ့တည်လိုက်သည်။

ထိုတာအိုသိုင်းပညာရှင်သည် ရှေးကျပြီး စွမ်းအားကြီးမား၏။ ဤတစ်ကြိမ် စွမ်းအင်အစားထိုးဖလှယ်နေသည့် အမြန်နှုန်းမှာ ယခင်ကထက် များစွာ မြန်ဆန်သည်။ ထိုတာအိုသိုင်းပညာရှင်၏ ခန္ဓာကိုယ်နှင့် မူလဝိညာဉ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ဖြစ်တည်လာနေချေပြီ။

ယခင်က ခန်းမသခင်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဆင်းသက်လာရန် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ ယခု အမြန်နှုန်းဖြင့်ဆိုလျှင် အများဆုံး လဝက်အတွင်း တာအိုသိုင်းပညာရှင်တစ်ဦး ဆင်းသက်လာပေလိမ့်မည်။

ရွှမ်းဝူနတ်မင်းနှစ်ပါးလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အနေဖြင့် အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိကြသော်လည်း မှော်စွမ်းအင်ကို တစ်ပြိုင်နက် အသက်သွင်း၍ သူတို့၏ဘိုးဘေးမြေအား ဆင့်ခေါ်လိုက်၏။

သူတို့ဇနီးမောင်နှံနှစ်ဦးသည် ဤကမ္ဘာလောကတွင် ကျန်ရှိနေသော ရှေးဟောင်းနတ်ဘုရားအနည်းငယ်ထဲမှ နှစ်ပါးဖြစ်သည်။

သူတို့ ဤတိုက်ပွဲတွင် ကျဆုံးသွားပါက ရှေးဟောင်းနတ်ဘုရားများထဲတွင် ထိုက်ယီနှင့် ထိုက်ရှီတို့သာ ကျန်ရှိတော့ပေမည်။

ရွှမ်းဝူဘိုးဘေးမြေ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ စွမ်းအားမှာလည်း တဟုန်ထိုး မြင့်တက်လာသည်။

ရုတ်တရက် ကောင်းကင်နတ်ဧကရီက ဟိန်းဟောက်လိုက်ရာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ဆင်းသက်လာ၏။ အသူရာချောက်နက်သည်် ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများ၏ ရှေ့တွင် ပေါ်ထွက်လာကာ ကြယ်တာရာကောင်းကင်ရှိ အရာအားလုံးကို ဝါးမြိုလိုက်သဖြင့် ကြယ် တစ်လုံးပြီးတစ်လုံး အသူရာချောက်နက်ထဲသို့ ပြုတ်ကျသွားကြသည်။

အဆုံးသတ်မြို့ပျက်အသူရာချောက်နက်သည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ရပ်တည်လျက် ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများ၏လမ်းကို ပိတ်ဆို့ထား၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဟိန်းဟောက်လိုက်သည့်အခါ မွေးရာပါချီစွမ်းအင်က ကောင်းကင်သို့ ပျံတက်ကာ ဟင်းလင်းပြင်အလွှာ သုံးဆယ့်ငါးထပ်ကို ထိုးဖောက်သွားသည်။ ထို့နောက် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခု ထွက်ပေါ်လာပြီး တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးပုံစံ ဖြစ်တည်ကာ အန္တိမဟင်းလင်းပြင်ထဲသို့ ဖြတ်တောက်ဝင်ရောက်သွားသည်။

သူကား ခွန်အားဖြင့် တာအိုအောင်မြင်ရန် ကြိုးစားနေပြီး မဟာတာအိုကို အန္တိမဟင်းလင်းပြင်ထဲတွင် တံဆိပ်ခတ်နှိပ်လျက် မဟာခြုံလွှမ်းကောင်းကင်ဘုံကို ပြန်လည်တည်ဆောက်နေလေသည်။

ရုတ်တရက် ဗျပ်စောင်းသံ ပေါ်ထွက်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့ ဗျပ်စောင်းတီးလိုက်ခြင်းပင်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောင်းကင်နတ်ဘုံမှာ အန္တိမဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်နှင့် ဗျပ်စောင်းသံကြောင့် ပြန်လည်ပြုတ်ကျလာသည်။

ဤအခိုက်အတန့်တွင် ဟွမ်ရှီခန်းမသခင်က ခပ်ဟဟ ရယ်မောလိုက်သည်။ သူမ၏ တာအိုသစ်ပင်က မြေထဲမှ ထိုးထွက်လာ၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောင်းကင်နန်းဆောင်ကို အုပ်မိုးကာကွယ်ပေးလိုက်ရင်း ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံ ကောင်းကင်နတ်သိုင်းကို တားဆီးလိုက်၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောင်းကင်နတ်ဘုံကား အန္တိမဟင်းလင်းပြင်ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားနိုင်ခဲ့ချေပြီ။

လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့က တစ်ပြိုင်နက်တည်း ရှေ့သို့ တက်လိုက်ကြ၏။ လောကသစ်ပင်တစ်ပင်စီက သူတို့နှစ်ယောက်ဆီမှ ထွက်ပေါ်လာသည်။ သစ်ပင်တို့သည် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် အမြစ်တွယ်၍ အဆုံးသတ်မြို့ပျက်၏ ကြောက်မက်ဖွယ်စွမ်းအားကို တည်ငြိမ်စေလိုက်၏။ လောကသစ်ပင်နှစ်ပင်၏ အမြစ်များက ဆန့်ထွက်သွားပြီး အသူရာချောက်နက်၏ ဝင်ပေါက်ကို ပိတ်ဆို့လိုက်သည်။

ရွှမ်းဝူနတ်မင်းနှစ်ပါး၊ ကောင်းကင်နတ်အရှင်ရုံ၊ လန်ဝူနှင့် ကျန်းပိုင်ကွေ့တို့လည်း အသီးသီး ရှေ့တိုးလာကြပြီး လောကသစ်ပင်နှစ်ပင်ပေါ်သို့ တက်လိုက်ကြသည်။

ကောင်းကင်နတ်အရှင်ယွဲ့၏ အဝတ်စများက လေတွင် လွင့်မျောနေပြီး သူမ၏ခန္ဓာကိုယ်က ဖြတ်ခနဲ လှုပ်ရှားသွားသည်။ သူမ လောကသစ်ပင်တစ်ပင်အပေါ်သို့ ဆင်းသက်လိုက်သည့်အချိန်တွင် ဟင်းလင်းပြင် အလွှာ ၃၆ လွှာက အန္တိမဟင်းလင်းပြင်နှင့်အတူ ပေါက်ကွဲထွက်လာပြီး အားလုံးကို ၎င်းနယ်ပယ်အတွင်း ဆွဲသွင်းလိုက်၏။

သူမ၏ အန္တိမဟင်းလင်းပြင်နယ်ပယ်သည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်နှင့် အနည်းငယ် ဆင်တူ၏။ နယ်ပယ်ထဲတွင် ရပ်နေပါက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြင်တွေ့နိုင်သည်။ ရန်သူ၏ မည်သည့်ကောင်းကင်နတ်သိုင်းမဆို လျှို့ဝှက်ချက် မရှိတော့သကဲ့သို့ ထင်းလင်းမြင်သာလာသည်။ ရန်သူ မည်သည့်ဘက်မှ တိုက်ခိုက်လာသည်ဖြစ်စေ ရှေ့တည့်တည့်မှသာ ရင်ဆိုင်ရသဖြင့် အလွယ်တကူ တန်ပြန်တိုက်ခိုက်နိုင်သည်။

သို့သော် သူမ၏နယ်ပယ်မှာ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်နှင့် အနည်းငယ် ကွဲပြား၏။

ကောင်းကင်နတ်အရှင်ယွဲ့သည် နယ်ပယ်ထဲတွင် ‌နေရာဟင်းလင်းပြင်ကို ခေါက်သိမ်းနိုင်ပြီး နယ်ပယ်ထဲတွင် သူမ၏ ပုံရိပ်များစွာ ပွားပစ်နိုင်သည်။

ယင်းက ချင်မူ မလုပ်ဆောင်နိုင်သော အရာပင်။။

“သတ်ကြ” ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခပ်အုပ်အုပ် ဟစ်ကြွေးလိုက်သည်။

ကောင်းကင်နတ်ဘုံစစ်တပ်ကား ဒီရေလှိုင်းများကဲ့သို့ လောကသစ်ပင်နှစ်ပင်ဆီ ပြေးဝင်လာကြတော့သည်။ ထိုအခိုက်အတန့်တွင် နှစ်ဖက်စလုံး အပိုစကားများ မပြောကြတော့ချေ။ ကျင့်စဉ်အားလုံးကို အသက်သွင်းလျက် အသေအလဲ တိုက်ခိုက်နေကြသည်။

ရွှမ်းဝူနတ်မင်းနှစ်ပါးလည်း ဟိန်းဟောက်လိုက်ပြီး ရွှံ့နွံကြီးကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် သူတို့နှစ်ယောက်သည် တစ်သားတည်း ပေါင်းစည်း၍ ဧရာမရွှမ်းဝူသားရဲကြီးအဖြစ် ပြောင်းလဲကာ စစ်သည်တော်နှစ်သိန်းကြားထဲသို့ ပြေးဝင်သွား၏။ လိပ်နက်၊ မြွေပျံတို့က အရပ်လေးမျက်နှာအား သတ်ဖြတ်နေကြသဖြင့် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက် အသွေးအသားများ ပျံ့ကျဲလွင့်စင်နေတော့သည်။

ကောင်းကင်နတ်ဘုံတွင် စစ်သည်တော်နှစ်သိန်းသာ ကျန်ခဲ့သည်။ သို့သော် ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်သူများသည် ထိပ်တန်းတကာ့ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့ထဲတွင် ဧကရာဇ်ပလ္လင်အဆင့်ပုဂ္ဂိုလ်များလည်း ပါဝင်သည်။ သူတို့က ကစဉ့်ကလျား စစ်တပ်ထဲတွင် ပုန်းအောင်း၍ တိုက်ခိုက်နေကြသဖြင့် ရွှမ်းဝူနတ်မင်းနှစ်ပါးမှာ ဒဏ်ရာများစွာ ရလာသည်။

ကောင်းကင်နတ်ဘုံမှ အသက်ရှင်ကျန်ရစ်သော စစ်သည်တော်များသည် အရေအတွက် များပြားသော်လည်း မတူညီသော စစ်တပ်များမှ ဖြစ်ကြသည်။ စစ်တပ်များ မတူသည့်အခါ ဗျူဟာများနှင့် ကျွမ်းကျင်သော စွမ်းဆောင်ရည်တို့မှာလည်း မတူညီသဖြင့် စနစ်တကျ မလှုပ်ရှားတတ်တော့ဘဲ ရှုပ်ထွေးနေသည်။

နတ်မင်းနှစ်ပါး၏ တိုက်ခိုက်မှုကြောင့် ချက်ချင်းပင် သေဆုံးထိခိုက်မှုများစွာ ခံစားလိုက်ကြရသည်။

နတ်မင်းနှစ်ပါးက ကောင်းကင်နတ်ဘုံစစ်တပ်ကို တားဆီးထားသည်။ နတ်မင်းရွှမ်းဖြစ်သော လိပ်နက်က စစ်တပ်များကို နင်းချေတိုက်ခိုက်နေ၏။ နတ်မင်းဝူဖြစ်သော မြွေပျံမှာမူ လေလယ်တွင် ပျံဝဲလျက် စစ်တပ်ထဲတွင် ပုန်းအောင်းနေသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များကို သတ်ဖြတ်နေသည်။ သူတို့အား မည်သူမှ မတားဆီးနိုင်ပေ။

သူတို့သည် ဖန်ဆင်းရှင်မျိုးနွယ် ကျူယွီမျိုးနွယ်စု၏ ယဇ်ပူဇော်မှုမှ မွေးဖွားလာသော အသန်မာဆုံး ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသည်။ ကမ္ဘာဉီးခေတ်ကတည်းက တိုက်ပွဲအမျိုးမျိုးကို တွေ့ကြုံဖြတ်သန်းခဲ့ကြရာ ဒဏ်ရာ ရလျှင်တောင်မှ ဂရုမစိုက်ဘဲ ဆက်လက်တိုက်ခိုက်ကြ၏။

ရုတ်တရက် ကောင်းကင်နတ်ဘုံစစ်တပ်ထဲတွင် ကျန်ရှိနေသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်က ဝင်္ကပါခင်းကျင်း၍ နတ်မင်းဝူကို ဝန်းရံလိုက်ကြသည်။ ဝင်္ကပါ ပေါက်ကွဲထွက်လာသည့်အခါ တိုက်ကွက်တစ်ကွက်တည်းဖြင့် နတ်မင်းဝူမှာ နတ်မင်းရွှမ်း၏ ကျောပေါ်မှ ပြုတ်ကျသွားတော့၏။

ထိုဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် နှစ်ဆယ်ကျော် အလွန်ဝမ်းသာသွားကြသည်။ နတ်မင်းဝူ၏ အသက်ကို ချုပ်ငြိမ်းရန် ပြင်လိုက်စဉ် ရုတ်တရက် ကမ္ဘာလောကကြီးသည် ပြောင်းလဲသွား၏။ သူတို့၏မျက်စိရှေ့တွင် ထူးဆန်းသော မြင်ကွင်းအမျိုးမျိုး ပေါ်ထွက်လာကာ ပုံရိပ်ယောင်များထဲ ကျရောက်သွားကြသည်။

လန်ဝူ၏ မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး သူမ၏အသိစိတ်အလျဉ်ဖြင့် မြင်ယောင်ဖန်ဆင်းလိုက်ရာ ချက်ချင်းပင် ထိုဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်၏ ခန္ဓာကိုယ်တွင်းမှ ကောင်းကင်လက်နက်အမျိုးမျိုး ထိုးထွက်လာကြသည်။

ထိုဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် နှစ်ဆယ်ကျော်၏ ခန္ဓာကိုယ်များမှာ ပြင်းထန်စွာ တုန်ရီကုန်ကြသည်။ ကောင်းကင်လက်နက်များက သူတို့ကိုယ်ထဲမှ ဖောက်ထွက်လာကာ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ဖျက်ဆီးလိုက်ကြချေပြီ။

ကောင်းကင်နတ်ဘုံမှ ပြေးလာနေသော စစ်သည်တော်များမှာ နေရာတွင်ပင် ကြက်သေသေသွားကြ၏။ သူတို့၏ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ အနက်ရောင်ဝိညာဉ်သဲမှုန်များ အံကျလာကြသည်။ သူတို့မှာ ဝိညာဉ်မရှိသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသော်လည်း တိုက်ခိုက်နေသည့် ဟန်ပန်မှာမူ မပျောက်သွားကြချေ။

သူတို့၏ မျက်ခုံးနှစ်ဖက်အကြားမှ စက္ကူလှေများ မျောလွင့်လာကြသသည်။ စက္ကူလှေတစ်စင်းစီပေါ်တွင် မီးအိမ်ကိုင်ထားသော မရဏတမန်တော်တစ်ဦးစီ ရှိနေသည်။

ကောင်းကင်နတ်အရှင်ရုံက စက္ကူလှေ စီးကာ ပျံသန်းလာ၏။ သူ၏ကိုယ်ခန္ဓာ တစ်ချက် ယိုင်သွားသည့်အခါ စက္ကူလှေများနှင့် မရဏတမန်တော်အားလုံးမှာ သူနှင့် ပေါင်းစပ်သွားကြသည်။

သူက ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်အား လျင်မြန်စွာ နုပျိုလာစေသည်။ မကြာမီ လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အနောက်ရှိ မူလဝိညာဉ်မှာ ကြီးမားကျယ်ပြန့်လှသည်။ သူက မီးအိမ်ကို ကိုင်ထားပြီး မီးအိမ်အလင်းရောင်က ကောင်းကင်နတ်ဧကရီ၏ မျက်နှာပေါ်သို့ ဖြာကျသွား၏။

ကောင်းကင်နတ်ဧကရီမှာ ပြေးဝင်လာနေစဉ် မီးအိမ်အလင်းရောင်နှင့် ထိမိသွားသည်နှင့် သူမခန္ဓာကိုယ်ထဲရှိ မူလဝိညာဉ်သည် စူးရှစွာ ဟစ်အော်လိုက်ရင်း ခန္ဓာကိုယ်မှ လွင့်ထွက်သွားမတတ် ဖြစ်သွား၏။

“ရုံ၊ နင်က တာအိုမအောင်မြင်သေးဘဲ ငါ့ကို မရိုမသေ လုပ်ရဲတယ်ပေါ့”

ကောင်းကင်နတ်ဧကရီက တခစ်ခစ် ရယ်ချက် ချက်ချင်းပင် ပြေးချလာသည်။ နတ်မင်းရွှမ်းသည် ချက်ချင်းပင် နဂါးခေါင်း၊ လိပ်ကျောနှင့် လူကိုယ်အဖြစ် ပြောင်းလဲသွားပြီး ကြားဝင်ခုခံလိုက်၏။ နတ်မင်းဝူက မြွေပျံအဖြစ် ပြောင်းလဲ၍ သူ့ခန္ဓာကိုယ်အား ရစ်ပတ်လိုက်ရင်း ကောင်းကင်နတ်ဧကရီအား အကြမ်းပတမ်း တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လန်ဝူက ပြိုင်ဘက်ကင်း အသိစိတ်အလျဉ်ကို အသက်သွင်းလိုက်သည်။ ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်မှာလည်း ဘဝပြန်ဝင်စားခြင်းတာအိုနှင့် ယိုတုမူလဝိညာဉ်နယ်ပယ်ကို အသက်သွင်းလိုက်၏။ သူတို့အားလုံး ကောင်းကင်နတ်ဧကရီဆီကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

ဘုန်း…

အလွန်ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုတစ်ချက် ထွက်ပေါ်လာသည်။ အားလုံး၏ တိုက်ကွက်များမှာ ပင်လယ်ထဲသို့ ကျောက်တုံး ပစ်ချလိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်။ လန်ဝူ၏ ပြိုင်ဘက်ကင်းအသိစိတ်အလျဉ် ဖြစ်စေ၊ ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်နယ်ပယ် ဖြစ်စေ၊ ရွှမ်းဝူနတ်မင်းနှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်စေ အရာမထင်ခဲ့ချေ။

အားလုံး ဟန်ချက်ပျက်သွားပြီး ကောင်းကင်နတ်ဧကရီဆီသို့လဲကျသွားသည်။ နတ်မင်းရွှမ်းနှင့် နတ်မင်းဝူတို့ ပထမဆုံး တိုက်ခိုက်ခံလိုက်ရ၏။ ကောင်းကင်နတ်ဧကရီ၏ လက်တစ်ချက်အဝှေ့တွင် သူတို့မှာ နှစ်ပိုင်းပြတ်သွားလေသည်။

လန်ဝူမှာလည်း မျက်ခုံးနှစ်ဖက်ကြားမှ ထိုက်ချူနတ်ဘုရားကျောက်တုံး ပေါက်ကွဲသွားသဖြင့် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ ကောင်းကင်နတ်အရှင်ရုံ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် မီးလောင်ကျွမ်းသွားပြီး မရဏလေကြောင့် ပြာကျသွားသည်။

ကောင်းကင်နတ်ဧကရီက လေးယောက်လုံးကို သတ်ဖြတ်ရန် ပြင်လိုက်စဉ် ရုတ်တရက် လောကသစ်ပင်နှစ်ပင်၏ အမြစ်များက သူမ၏ခန္ဓာကိုယ်ထဲသို့ အသည်းအသန် ထိုးစိုက်ဝင်ရောက်လာသည်။

ကောင်းကင်နတ်ဧကရီက လောကသစ်ပင်အမြစ်များမှ ရုန်းထွက်လိုက်သည်။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က အတူတူ လျှောက်လာပြီး သူမ၏ ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

“လူကြီးမင်းနှစ်ယောက်ပါလား... အရင်တုန်းက ငါ နင်တို့နှစ်ယောက်လုံးကို ကြိုက်ခဲ့ဖူးတယ်… ကောင်းကင်နတ်အရှင်မူက နင်တို့နှစ်ယောက်ကို ငါနဲ့ ရင်ဆိုင်ဖို့ လွှတ်လိုက်တာပေါ့လေ.... တကယ်ကို ကလိမ်ကကျစ် ကျတာပဲ”

ကောင်းကင်နတ်ဧကရီက လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့၏ မျက်နှာများကို တစ်ချက်မျှ ဝေ့ဝဲကြည့်ပြီးနောက် မှင်သေသေ ပြောလိုက်သည်။ “ငါ နင်တို့ကို တကယ် မသတ်ချင်ဘူး… ဒါပေမဲ့ နင်တို့ကို နောက်ဆုံးခရီး ပို့ပေးရုံက လွဲပြီး ရွေးချယ်စရာ မရှိဘူး”

သူမ၏ခန္ဓာကိုယ်က လှည့်ပတ်သွားသည့်အခါ နေရာဟင်းလင်းပြင်မှာ ပြိုလဲသွား၏။ ဘိုးဘေးနန်းတော်၏ ကောင်းကင်နှင့် မြေကြီးပင်လျှင် ပုံပျက်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ အန္တိမဟင်းလင်းပြင်နယ်ပယ်ပင် ထိန်းသိမ်းရန် ခက်ခဲသွားသည်။

ကောင်းကင်နတ်ဧကရီကား လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့အား တစ်ပြိုင်နက် တိုက်ခိုက်လိုက်ချေပြီ။

အဆုံးသတ်မြို့ပျက်တာအိုသည်် ဤမျှစွမ်းအားကြီး၏။

“မယ်တော်”

ရုတ်တရက် ရှဲ့ဝူကျိက သွေးပင်လယ်နှင့် အလောင်းပုံများအကြားမှ ထရပ်လိုက်ပြီး လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့၏ ရှေ့တွင် ကာရပ်လိုက်သည်။

ကောင်းကင်နတ်ဧကရီ အံ့အားသင့်သွားသည်။ သူမက အလျင်အမြန် ရပ်တန့်၍ သားတော်ကို ကြည့်လိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်သည် ရှဲ့ဝူကျိ၏ အနောက်တွင် ပေါ်ထွက်လာပြီး လန်ဝူနှင့် ရွှမ်းဝူနတ်မင်းနှစ်ပါးတို့ကလည်း ချက်ချင်းပင် အဆုံးသတ်မြို့ပျက်ထဲမှ ထွက်ခွာလိုက်ကြသည်။

ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းအမျိုးမျိုးက ကောင်းကင်နတ်ဧကရီ၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။ ကောင်းကင်နတ်ဧကရီမှာ သတိလွတ်သွားသဖြင့် အပြင်းအထန် ဒဏ်ရာရကာ မြေပေါ် လဲကျသွားသည်။

“ကောင်းကင်နတ်ဧကရီ၊ ခင်ဗျား ရပ်တန့်မယ်ဆိုရင် ရှဲ့ဝူကျိကကို ခေါ်ပြီး ထွက်သွားနိုင်တယ်”

ကောင်းကင်နတ်အရှင်ရုံက အော်ဟစ်လိုက်သည်။ “ခင်ဗျားတို့ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှာ နေကြ.... ဘယ်သူမှ ခင်ဗျားနဲ့ ခင်ဗျားရဲ့ သားကို နှောင့်ယှက်လာမှာ မဟုတ်ဘူး”

ရှဲ့ဝူကျိသည် ဒဏ်ရာအပြင်းအထန် ရထားသော ကောင်းကင်နတ်ဧကရီကို ကြည့်လိုက်ပြီး အနားကပ်သွားသည်။ သူက ကောင်းကင်နတ်ဧကရီဘေးသို့ ရောက်သွားပြီး သူမကို တွဲထူလိုက်သည်။ “မယ်တော်၊ ကောင်းကင်နတ်ဘုံက အဆုံးသတ်သွားပါပြီ… ဒီလောကရဲ့ အာဏာက ကျွန်တော်တို့နဲ့ မသက်ဆိုင်တော့သလို မီလော့နန်းတော်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တိုက်ပွဲကလည်း ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး… သာမန်ဘဝနဲ့ပဲ သီးသန့်နေထိုင်ကြရအောင်ပါ… ဒီလောကက ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်တော့ပါဘူးဗျာ”

ကောင်းကင်နတ်ဧကရီက သူ့ကို မော့ကြည့်လိုက်သည်။ ရှဲ့ဝူကျိသည် မရူးတော့ပေ။ ကောင်းကင်နတ်အရှင်ရုံက သူ၏ဝိညာဉ်ကို ပြုပြင်ပေးခဲ့သည့်အတွက် အသိစိတ်ပြန်ဝင်လာပြီ ဖြစ်သည်။

“မင်းက အမေ့ရဲ့ သွေးသား... အမေ အစိုးရိမ်ရဆုံးသူပဲ…”

ကောင်းကင်နတ်ဧကရီမှာ မျက်ရည်များ စီးကျလာပြီး သားဖြစ်သူ၏ မျက်နှာကို တယုတယ ပွတ်သပ်နေသည်။ ရှဲ့ဝူကျိ၏ မျက်နှာတွင် အပြုံးများ ဝေဆာလာသည်။ “ဒီနှစ်တွေအတွင်း ကျွန်တော် ယိုတုမှာ ငရဲခံပြီး အပြစ်ကြွေးဆပ်ခဲ့တယ်… ကျွန်တော် နားလည်သွားပြီ... ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာရင်ရော ဘာဖြစ်မှာလဲ... ကျွန်တော်တို့ ပျော်ရွှင်ချင်မှ ပျော်ရွှင်ရမှာလေ”

ရုတ်တရက် ကောင်းကင်နတ်ဧကရီက အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ထွက်ပေါ်လာကာ လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့၏ လောကသစ်ပင်နှစ်ပင်မှ အမြစ်များကို ဖြတ်တောက်လိုက်၏။

ရှဲ့ဝူကျိ၏ မျက်နှာထက်ရှိ အပြုံးမှာ တောင့်တင်းသွားသည်။ သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်မှာ ပြိုကွဲ၍ အသူရာချောက်နက်ထဲ ပြုတ်ကျကာ ပြာကျသွားတော့သည်။

“မင်းက အမေ့ရဲ့ တစ်ခုတည်းသော အားနည်းချက်ပဲ”

ကောင်းကင်နတ်ဧကရီက မျက်လုံးများ မှိတ်၍ ရေရွတ်လိုက်သည်။ “အမေ့ရဲ့ ခန္ဓာကိုယ်ထဲကိုသာ ပြန်သွားလိုက်တော့... မင်းကို မွေးဖွားခဲ့တာက အစကတည်းက အမှားတစ်ခုပဲလေ…”

သူမက မျက်လုံးပြန်ဖွင့်ကာ ရေရွတ်လိုက်သည်။ “အခု ငါ့မှာ ဘာအားနည်းချက်မှ မရှိတော့ဘူး”

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် ဖရိုဖရဲပင်လယ်သည် ဗွမ်းခနဲ ထကြွလာ၏ အလင်းရောင်များ ထွက်ပေါ်လာကာ အမြွှာကြာပန်းပွင့်နှစ်ပွင့်က ဖြည်းဖြည်းချင်း မြောက်တက်လာသည်။ ကြာပန်းနှစ်ပွင့်က တစ်ပွင့်တည်းအဖြစ် ပေါင်းစည်းသွားလေပြီ။

ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က ဘိုးဘေးနန်းတော် ကောင်းကင်ကို ဖောက်ထွက်သွားသည့် အလင်းတန်းအား မော့ကြည့်နေကြသည်။ သူတို့နှစ်ယောက်၏ လောကသစ်ပင်မှာ ယိမ်းထိုးနေကြ၏။ အဆုံးသတ်မြို့ပျက်ထဲတွင် လောကသစ်ပင်၏ အကိုင်းအခက်နှင့် အမြစ်များမှာ အဆက်မပြတ် ပြိုကွဲလွင့်ပြယ်နေသည်။

ကောင်းကင်နတ်ဧကရီကား နောက်ဆုံးသော သွေးသားအား ဖယ်ရှားလိုက်ပြီး သူမ၏ အဆုံးသတ်မြို့ပျက်တာအိုအား နောက်ထပ်တစ်ဆင့် တိုးတက်စေနိုင်ခဲ့ပြီဖြစ်သည်။

သူမ၏ ကြာပန်းများက ကြာပလ္လင်တစ်ခုကို ဖွဲ့တည်လိုက်သည်။

“ဒီတိုက်ပွဲမှာ ငါတို့ အသက်ရှင်နိုင်ပါ့မလား” ရှုရှန်းဟွာ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပြီး ခပ်တိုးတိုး မေးသည်။

“မသေချာဘူး”

လန်ယွီတျန်းက တည်ငြိမ်စွာ ဖြေသည်။ “ဒီအခိုက်အတန့်မှာတော့ ကျွန်တော် ကောင်းကင်နတ်အရှင်ယွီ ဖြစ်ချင်မိသား”

သူက ဘယ်ခြေထောက်ကို ရုတ်တရက် မြှောက်လိုက်ပြီး အားဖြင့် ဆောင့်ချလိုက်သည်။ ညာခြေထောက်ကို ရုတ်တရက် ပြန်မြှောက်ကာ သူ၏ခန္ဓာကိုယ်ကို ကိုင်းလိုက်၏။ သူ၏ ခြေထောက်နှစ်ဖက်က ဘိုးဘေးနန်းတော်မြေကြီးပေါ်သို့ ဆောင့်နင်းကာ အော်ဟစ်လိုက်သည်။ “ဘိုးဘေးနန်းတော် တာအိုနယ်ပယ်”

ဘုန်း… ဘုန်း… ဘုန်း…

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် တောင့်တင်းကြံ့ခိုင်လာနေပြီး ဘိုးဘေးနန်းတော် တာအိုနယ်ပယ် အလွှာများကလည်း တစ်ခုပြီးတစ်ခု ဖွဲ့တည်လာနေသည်။ ဤအခိုက်အတန့်တွင် သူ၏ မျက်နှာထက်ရှိ ကလေးဆန်မှုများ ပျောက်ကွယ်သွားပြီး ကောင်းကင်နတ်အရှင်ယွီ၏ ပြတ်သားရဲရင့်သော အသွင်အပြင်များ ပေါ်လွင်လာတော့သည်။

လန်ယွီတျန်း ဟိန်းဟောက်လိုက်စဉ် ဘိုးဘေးနန်းတော် တာအိုနယ်ပယ်ထဲတွင် ထိုက်ငါးပါးကျောက်တုံးတွင်းငါးတွင်းက တဟုန်ထိုး ထွက်ပေါ်လာကာ လောကသစ်ပင်ကို ကာရံလိုက်သည်။ လန်ယွီတျန်းက ခုန်တက်၍ ကောင်းကင်နတ်ဧကရီဆီသို့ ပြေးဝင်သွားတော့သည်။

All Chapters