သေစေနိုင်သော အန္တရာယ်
Vol. 89 Ch. 1231
မန်ဟိုက မျက်မှောင်ကြုတ်၍ သူ့ထံ ပြေး၀င်လာနေကြသော မန်မျိုးနွယ်ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးသည် အင်မော်တယ်နယ်ပယ်တွင်ဖြစ်ပြီး တစ်ယောက်မှာ လောလောလတ်လတ်ကမှ အင်မော်တယ်အဆင့်တက်လှမ်းထားသည့် အဆင့် ၁ အင်မော်တယ်ဖြစ်ကြောင်း သိသာထင်ရှားသည်။
သူတို့ခမျာ မန်ဟို့ကို ကြောက်စရာသတ္တဝါကြီးလို ကြည့်ရင်း တုန်ရီနေကြ၏။ အမှန်တွင် မန်ဟို့အကြည့် သူတို့ဆီ ရောက်လာသောအခါ တစ်ယောက်မှ ရှေ့တက်သွားလိုစိတ် မရှိကြတော့သယောင်ပင်။
"မင်းတို့ကောင်တွေ ဘာလုပ်နေကြတာတုန်း" လူငယ်က ဒေါသတကြီး မာန်မဲလိုက်သည်။ "အခုချက်ချင်း သွားကြစမ်း။ သူ့ကို အလွတ်မပေးနဲ့" ဘေး၌ ရပ်နေသော အဘိုးကြီးက မန်ဟို သူ့အား ကြည့်နေသည်ကို မြင်လိုက်၏။ သူ့မှာ ကြက်သီးမွေးညင်းထသွားပြီး အံတင်းတင်းကြိတ်ကာ လူငယ်၏ခေါင်းအား ဖြန်းခနဲ ချလိုက်တော့သည်။
လူငယ်မှာ လောကကြီးနှင့် ချက်ချင်း အဆက်အသွယ်ပြတ်သွားသည်။ အဘိုးကြီးက ပြေးလာပြီး လက်ယှက်၍ မန်ဟို့အား ခါးကိုင်းအရိုအသေပေး၏။
"စီနီယာခင်ဗျား ကျွန်တော်တို့မျိုးနွယ်စုရဲ့ သခင်လေးက လောကကြီးအကြောင်း သိပ်နားမလည်သေးလို့ပါ။ လူမှားသွားတာဖြစ်မယ်ဗျ။ စီနီယာ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ခင်ဗျာ။ ကျွန်တော်တို့ အခု ကိုယ့်လမ်းကိုယ် သွားတော့မယ်နော်" ထို့နောက် သူက မျိုးနွယ်ဝင်များကို သင်္ဘောဆီ ပြန်ဖို့ ကပျာကယာ ပြောပြီးနောက် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားလေသည်။
မန်ဟိုသည် အဘိုးကြီးမျက်နှာပေါ်ရှိ ချွေးသီးချွေးပေါက်များကို မြင်နေရ၍ သူမည်မျှ ထိတ်ပျာနေသလဲ ပြောနိုင်၏။ ထိုအဘိုးကြီးမှာ သခင်လေးဆိုသူကို ပို၍ပင် စက်ဆုပ်သွားကြောင်း သိသာထင်ရှားသည်။
လူငယ်က မန်ဟို့ကို ချက်ချင်း မှတ်မိခဲ့သလို သူ၏တာအိုစောင့်ရှောက်သူလည်း မှတ်မိခဲ့သည်။ သို့သော် အဘိုးအိုက မန်ဟို ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဝိညာဉ်နက်အဖွဲ့အစည်းကို မည်ကဲ့သို့ အမြစ်ဖြုတ်ခဲ့ပြီး သူ့နောက်လိုက်ဖမ်းသူများထဲမှ တာအိုနယ်ပယ်ပညာရှင်များကိုပင် မည်သို့သတ်ဖြတ်ခဲ့ကြောင်း တွေးလိုက်လျှင် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ "သောက်ဦးနှောက်မရှိတဲ့ ငတုံးကောင်။ မျိုးနွယ်စု ဒီကောင့်ကို ဘာကြောင့်ဂရုစိုက်နေရတာလဲ နားမလည်နိုင်ဘူး။ ဒီကောင် အဲ့ဒီလူသတ်သမားကို တမင်တကာ ရန်စခဲ့တာ ယုံတောင်မယုံနိုင်ဘူး"
သင်္ဘောပေါ်တွင် မျက်နှာဖြူဖပ်ဖြူရော်နှင့် မန်ဟို့အား လှမ်းကြည့်နေသော လူတစ်ယောက်ရှိသည်။ သူက စကားပြောချင်သော်လည်း ပြောပိုင်ခွင့်မရှိသည့်အလား တွန့်ဆုတ်နေပုံရသည်။
သူသည် တော်၀င်ကိုယ်ရံတော်အ၀တ်အစားများကို ၀တ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်၏။ သူ့မျက်နှာပေါ်တွင် မရေမတွက်နိုင်သော အမာရွတ်များက ကြက်ခြေခတ်ရှိနေပြီး လည်ပင်းနှင့် ထို့အောက်သို့ပင် ပျံ့နှံ့နေသည်။ ကြည့်ရသရွေ့ ထိုအမာရွတ်များက သူ့တစ်ကိုယ်လုံးတွင် ဖုံးနေပုံရပြီး သူ့မှာ အားအင်ချည့်နဲ့နေသယောင်။
မန်ဟိုက မန်မျိုးနွယ်ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။ သူတို့၏ ပထမဆုံးဆုံတွေ့မှုက ယခုလို ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် သတိလစ်နေသော လူငယ်ကို ကြည့်ပြီး မန်မျိုးနွယ်စုအတွက် အလွန်အရေးပါသော လူတစ်ယောက်ဖြစ်မည်ဟု သဘောပေါက်လိုက်၏။ သို့မဟုတ်လျှင် စောစောကကဲ့သို့ လုပ်ပိုင်ခွင့်ရှိလိမ့်မည်မဟုတ်ပေ။
သို့သော် ထိုလူငယ် ထိုကဲ့သို့ ဦးနှောက်မရှိသည့်အချက်က မန်ဟို့အား မန်မျိုးနွယ်စုအပေါ် အတော်လေးစိတ်ပျက်မိစေသည်။ သို့သော် မန်မျိုးနွယ်စုသည် သူ့အမေ၏မျိုးနွယ်စု၊ သူ့အဘိုး၏မျိုးနွယ်စုဖြစ်သည့်အတွက် သူ့ရင်ထဲတွင် သူတို့အပေါ် ခံစားချက်များ ရှိနေသည်။ ထို့ကြောင့် သူ့အပေါ် မကောင်းမြင်စေမည့်အရာမျိုး မလုပ်လိုပေ။
သူသည် အဋ္ဌမတောင်ပင်လယ်တွင် နေ,နေစဉ် သူ့အဘိုး၏သွေးဆက်များ မည်သို့မည်ဖုံရှိသလဲ ကြည့်ဖို့နှင့် အဆက်အသွယ်လုပ်ဖို့ မန်မျိုးနွယ်စုကို သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့သေး၏။
သင်္ဘော အဝေးထွက်သွားသည်ကို ကြည့်ရင်း သူက သက်ပြင်းချ၍ အကြည့်လွှဲပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူ၏မျက်လုံးများက မတူညီသောဘက်သို့ ကြည့်ကာ လင်းခနဲ လက်သွားလေသည်။
"ရောက်နေပြီဆိုမှတော့ ဘာလို့ လူလုံးထွက်မပြသေးတာလဲ" သူက တည်ငြိမ်စွာ မေးလိုက်သည်။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ခပ်လှမ်းလှမ်း အာကာသသည် တွန့်လိမ်သွားပြီး လူသုံးယောက် ထွက်လာ၏။
ပထမဆုံးတစ်ယောက်က အဖြူရောင်၀တ်ရုံ၀တ်ဆင်ထားသော မျက်နှာနီနီနှင့် ကောင်လေးတစ်ယောက် ဖြစ်သည်။ သူက လက်နှစ်ဖက်ကို ကျောနောက်ပစ်ထားပြီး သူ၏နဖူးထက်၌ တတိယမျက်လုံးတစ်လုံး ရှိ၏။ သူ၏မျက်နှာထားသည် တင်းမာအေးစက်နေပြီး တတိယမျက်လုံးမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ကို အဆက်မပြတ် ထုတ်လွှတ်နေလေသည်။ သူ ရှေ့သို့ လျှောက်လာလျှင် သူ့ထံမှ တုန်လှုပ်ဖွယ်လှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားကာ ကြယ်တာရာကောင်းကင်ရှိ သဘာ၀နိယာမများ ဖယ်ရှားခံလိုက်ရသည်။ အနှစ်သာရစွမ်းအားသည် လေးညှို့မှ လွှတ်လိုက်သော မျှားတစ်စင်းသဖွယ် တဟုန်ထိုးမြင့်တက်လာ၏။
"တာအိုသခင်...." မန်ဟိုက သူငယ်အိမ်များ ကျဉ်းမြောင်းလျက် တွေးလိုက်သည်။
ဒုတိယတစ်ယောက်က မျက်နှာပေါ်တွင် ပြည်ဖုများ ဖုံးနေသည့် အဘွားအိုတစ်ဦးဖြစ်သည်။ သူမမှာ အချိန်မရွေး အသက်ထွက်တော့မည့်အလား ခြေတစ်လှမ်းလှမ်းလိုက်တိုင်း တုန်ရီနေ၏။ သို့သော် သူမသည် သူမအား ထာ၀ရမငြိမ်းသေမည့် မီးတောက်သဖွယ်ဖြစ်နေစေသော အသက်စွမ်းအားတို့ဖြင့် ပြည့်၀နေလေသည်။
အဘွားအိုက မန်ဟို့ကို မြင်လျှင် လူသေကို ကြည့်နေသကဲ့သို့ နားမခံဖွယ် ခပ်စူးစူးရယ်သံက သူမပါးစပ်မှ ထွက်လာသည်။
တတိယလူကတော့ ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။ သူသည် ယခင်ပုံစံမဟုတ်တော့ဘဲ အပြင်အားကိုယ်အသစ်ကို ပိုင်ဆိုင်ထား၏။ သို့သော် သူ၏ဝိညာဉ်အရှိန်အဝါနှင့် မန်ဟို့အပေါ် မုန်းတီးစက်ဆုပ်မှုက သူ့အား မည်သူမည်ဝါမှန်း ထင်ရှားနေစေသည်။
“နားထောင်စမ်း ကလေး” အဖြူရောင်ဝတ်ရုံနှင့်ကောင်လေးက ပြောသည်။ “ငါက နက်နဲလိပ်ဂြိုဟ်ပေါ်က တစ်နက်နဲဂိုဏ်းရဲ့ ရွှမ်တောက်စစ်ပဲ” ကောင်လေး၏အသံမှာ မကျယ်သော်လည်း မိုးခြိမ်းသံကြီးသဖွယ် အရပ်မျက်နှာတစ်ခွင် ဟိန်းထွက်သွားသည်။
မန်ဟိုသည် တစ်နက်နဲဂိုဏ်းဟု ကြားလိုက်လျှင်ချင်း မျက်လုံးများ ပြူးကျယ်သွား၏။ အဋ္ဌမတောင်ပင်လယ်၏ ဂြိုဟ်ကြီးလေးလုံးအနက် လော့မြစ်ဂြိုဟ်အပြင် နက်နဲလိပ်ဂြိုဟ်အကြောင်း သူ ကြားခဲ့ဖူးသည်။ တစ်နက်နဲဂိုဏ်းကမူ နက်နဲလိပ်ဂြိုဟ်ပေါ်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်၏။ သူတို့က အလွန်မြင့်မားသောအဆင့်အတန်းကို သိမ်းပိုက်ထားပြီး ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ထိပ်ဆုံးအင်အားစုငါးစုထဲ၌ ပါဝင်သည်။
ထို့နောက် စကားပြောလိုက်သူက အဘွားအိုပင်။ သူမသည် ပြုံးရင်း အက်ရှရှအသံဖြင့် ပြောလေ၏။ “ငါကတော့ ရှစ်အစီအရင်ဂြိုဟ်ပေါ်က နဂါးနတ်ဘုရားကျောင်းရဲ့ ဟုန်ချိန်”
သူမမျက်နှာသည် အတိုင်းထက်အလွန် အရုပ်ဆိုးပြီး သူမပြုံးလိုက်သည့်အခါ မျက်နှာပေါ်ရှိ ပြည်ဖုတစ်ဖု ဖောက်ခနဲ ပေါက်သွားသည်။ မည်သည့်အရည်မှ ထွက်မလာဘဲ နို့နှစ်ရောင်ကင်းခြေများတစ်ကောင်က ၎င်း၏ခြေချောင်းများအား ကြက်သီးထစဖွယ် လှုပ်ရှားရင်း ပေါက်ပြဲနေသောအသားထဲမှ ထွက်လာသည်။
မန်ဟိုသည် ဟုန်ချိန်ကို ကြည့်လိုက်သည့်အခါ စိတ်လေးလံသွား၏။ ရှစ်အစီအရင်ဂြိုဟ်သည်လည်း အဋ္ဌမတောင်ပင်လယ်၏ ဂြိုဟ်ကြီးလေးလုံးထဲမှ တစ်လုံးဖြစ်သည်။ နဂါးနတ်ဘုရားကျောင်းကမူ တစ်နက်နဲဂိုဏ်းထက်ပင် ပို၍အင်အားကြီးမားသည့်အပြင် ကောင်းကင်နတ်ဘုရားမဟာမိတ်တွင် ခိုင်မာတောင့်တင်းသော ထိပ်ဆုံးသုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်၏။
သိသာထင်ရှားစွာပင် ဤဂိုဏ်းနှစ်ဂိုဏ်းအား ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှ စည်းရုံးခဲ့ခြင်း ဖြစ်မည်။ သူတို့သာ အောင်မြင်၍ ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ကျွန်ခံမှုကို ရရှိလျှင် ဂိုဏ်း၏အင်အားသည် အဆင့်တစ်ဆင့်လုံး မြင့်တက်သွားလိမ့်မည်။ ထို့နောက်တွင် တစ်နက်နဲဂိုဏ်းသည် နဂါးနတ်ဘုရားကျောင်းနှင့် ရင်ဘောင်တန်းနိုင်မည်။ နဂါးနတ်ဘုရားကျောင်းအတွက်မူ မဟာမိတ်၏ အဆင့် ၂ အင်အားစု၊ နတ်ဘုရားကလေးအဖွဲ့အစည်းနည်းတူ မျက်နှာပွင့်နိုင်မည်။
ဤအစွမ်းထက်တာအိုပညာရှင်သုံးဦး ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်မျိုးနွယ်သင်္ဘောက တုံ့ခနဲ ရပ်သွားသည်။ သူတို့၏သခင်လေးက သတိပြန်လည်လာခဲ့ပြီး သင်္ဘောကို ရပ်ဖို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူသည် တောက်ပနေသောမျက်လုံးများဖြင့် မန်ဟို့ကို စိုက်ကြည့်နေပြီး သူ၏တာအိုစောင့်ရှောက်သူကလည်း သူ့ကို မတားတော့ပေ။
မိမိ၏အကျိုးစီးပွားအတွက် အခြေအနေတစ်ခုကို အခွင့်အကောင်းယူလိုသူများ နေရာတိုင်းလိုလို တည်ရှိပေရာ မန်မျိုးနွယ်စုလည်း ခြွင်းချက်မဟုတ်ပေ။
“ငါက မန်ဟိုပဲ” မန်ဟိုက မိတ်ဆက်လိုက်သည်။ သူ့အနေဖြင့် ဒဏ်ရာမရထားသော အခြေအနေတွင် အင်အားကြီးမားသော ဤတာအိုသခင်သုံးဦးကို ရင်ဆိုင်ရလျှင်တောင်မှ အသတ်ခံရဦးမည်ဖြစ်သည်။ ထို့ကြောင့် ယခုလို ဒဏ်ရာအပြင်းအထန်ရထားသည့် သူ၏အခြေအနေကို ထည့်တွက်လျှင် တိုက်ပွဲမည်သို့ဖြစ်လိမ့်မည်ကို ပြောနေစရာပင် မလိုတော့ပေ။ အမှန်တွင် သူတို့ထဲမှ တစ်ယောက်ကို ရင်ဆိုင်ရခြင်းကပင် သူ့အတွက် အတော်လေး ခက်ခဲလိမ့်မည်။
သို့သော် မန်ဟိုသည် မာန်ကို ခဝါချလိုစိတ်မရှိ။ ထို့ကြောင့် ဟုန်ချိန်နှင့် ရွှမ်တောက်စစ် သူတို့ကိုယ်သူတို့ မိတ်ဆက်သည့်အခါ သူလည်း ထိုနည်းတူ လုပ်လိုက်သည်။ သူ မည်သည့်နေရာမှ လာသလဲ ဆိုရာတွင်မူ သူတို့ သိထားသင့်သလောက် သိထားပြီးလေပြီ။ သို့ဖြစ်၍ အထွေအထူး ရှင်းပြနေစရာမလို။
ဝိညာဉ်နက်ခေါင်းဆောင်ကြီးက စက်ဆုပ်ရွံ့မုန်းနေသော မျက်လုံးများဖြင့် မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်သည်။ မန်ဟိုသည် သူ၏ဖြစ်တည်မှုတစ်ခုလုံးကို ဖျက်စီးခဲ့၍ ယခုတွင် သူလည်း မန်ဟို့ကို အလားတူ လုပ်ချင်နေလေ၏။
“မန်ဟို” ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ကျယ်လောင်စွာ ပြောသည်။ “နဝမတောင်ပင်လယ်က အက်ရှလွန်ကျင့်ကြံသူ ဘယ်လောက်မြင့်မားတဲ့ အဆင့်အတန်းလဲ။ ဒါမဲ့ ဒီမှာတော့ မင်းက ဘာကောင်မှ မဟုတ်ဘူး”
ဘယ်သူမှ သတိမထားသောအရာတစ်ခု ဖြစ်ပျက်သွားသည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးပင် သတိမထားမိ။ သို့မဟုတ် ဂရုမစိုက်ခြင်းလည်း ဖြစ်တန်ရာသည်.... မန်မျိုးနွယ်သင်္ဘောပေါ်တွင် အမာရွတ်များနှင့် ကိုယ်ရံတော်လူငယ်လေးသည် ထိုစကားများကြောင့် တုန်ရီသွား၏။ ထို့နောက် မန်ဟို့ကို လှမ်းကြည့်လိုက်သော သူ့မျက်လုံးများက တောက်ပလာသည်။
သို့သော် မည်သည့်အရာပဲဖြစ်နေဖြစ်နေ၊ ထိုအခြင်းအရာက မဖြစ်နိုင်သည့်အလား သူ့မျက်လုံးများသည် လျင်မြန်စွာ မှေးမှိန်သွား၏။ မည်သူမှ ဤအခြင်းအရာကို သတိမထားမိလိုက်ပေ။ မန်မျိုးနွယ်သင်္ဘောအပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာလည်း ဖြစ်ပေါ်လာတော့မည့် တာအိုနယ်ပယ်တိုက်ပွဲကိုသာ အာရုံစိုက်နေကြ၏။
ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ရှေ့သို့ လျှောက်လာသဖြင့် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်လာသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ကာ မရေမတွက်နိုင်သောဝိညာဉ်များစွာ တိတ်ဆိတ်စွာ ဖြစ်ပေါ်လာစေ၏။ အနှစ်သာရစွမ်းအားသည်လည်း ကြယ်တာရာကောင်းကင်ကို တုန်ခါနေစေလျက် လိမ့်ထွက်လာပြီး မန်ဟို့အပေါ် ဖိနှိပ်လိုက်သည်။
တာအိုနယ်ပယ်အောက် မည်သူမဆို ယခုလို အသေတိုက်ကွက်တစ်ကွက်ကို ရင်ဆိုင်ရလျှင် ကျင့်ကြံအဆင့် မည်သို့ပင်ဖြစ်စေ တစ်ချက်တည်းနှင့် အသက်ထွက်ရလိမ့်မည်။ သို့သော် မန်ဟိုကား လောကပါလတာအိုအင်မော်တယ်တစ်ဦး ဖြစ်ပြီး သူ၏အပြင်အားကိုယ်ကလည်း ရှေးဟောင်းနယ်ပယ်၏ မဟာစက်ဝန်းအဆင့်တွင် ဖြစ်လေသည်။ ထို့ကြောင့် တာအိုနယ်ပယ်မဟုတ်သည့်တိုင် သူသည် တာအိုနယ်ပယ်ကျင့်ကြံသူများနှင့် ယှဉ်နိုင်၏။
မန်ဟိုမှာ တည်ငြိမ်စွာ နေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ယခုအချိန်တွင် ခံစားချက်များက အသုံးမဝင်။ တိုက်ပွဲစတင်တော့မည်ဖြစ်၍ ... မည်သို့တိုက်ခိုက်ရမလဲ၊ မည်သို့ခုခံရမလဲ၊ မည်သို့တန်ပြန်ထိုးနှက်ရမလဲ အစရှိသော ဗျူဟာအကုန်လုံး တခဏလေးအတွင်း မန်ဟို့ခေါင်းထဲတွင် ဆုံးဖြတ်ပြီးသွားသည်။
သူက ရုတ်တရက် လှစ်ခနဲ လှုပ်ရှားရင်း ညာလက်ကို မြှောက်ကာ အင်မော်တယ်တောင်များနှင့် ပါရာဂွန်တံတားကိုပင် ဆင့်ခေါ်၍ ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏လမ်းကို ပိတ်ရန် ကျဆင်းသွားစေသည်။
သူတို့၏နတ်ဘုရားစွမ်းရည်များ ဆုံတွေ့သောအခါ မန်ဟိုမှာ ဓာတ်လိုက်သကဲ့သို့ ကျဉ်တက်သွားပြီး သွေးတစ်ပွက် အန်လိုက်ရ၏။ သို့သော် သူက တိုက်ကွက်၏အားကို ငှားယူ၍ ... စောစောက မြင်ခဲ့ရသော အကွဲကြောင်း ၃၃ ကြောင်းဆီသို့ ပြေးဝင်သွားလေပြီ။
အစောပိုင်းက ထိုဧရိယာကို စစ်ဆေးပြီးနောက် ၎င်းတွင် အန္တရာယ်များစွာ ပါရှိနေပြီး ထိုအရာများမှာ သေခြင်းမှအပ တခြားမဟုတ်ကြောင်း သူ သိခဲ့သည်။ သို့သော် ယခုတွင်လည်း အလားတူ သေစေနိုင်သောအခြေအနေထဲ သူ ရောက်နေသည်။ ထိုမျှသာမက ထိုကဲ့သို့သေစေနိုင်သောအခြေအနေနှစ်ခု ဆုံတွေ့လျှင် ရလဒ်က သေခြင်းမဟုတ်ဘဲ .... ရှင်သန်နိုင်မည့်အခွင့်အရေး ဖြစ်လာနိုင်သည်။
မန်မျိုးနွယ်ဝင်များက သူတို့၏ကိုယ်ကျိုးအတွက် အခြေအနေကို အခွင့်အကောင်းယူခဲ့သလို… မန်ဟိုလည်း ယူနိုင်ပေသည်။
မန်ဟို နောက်ဆုတ်လိုက်သောအခိုက်အတန့်တွင် ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ ပါရာဂွန်တံတား၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည်။ သို့သော် သူ့ပါးစပ်မှ သွေးများစီးကျလာသည့်အချိန်မှာပင် ရွှမ်တောက်စစ်က ရုတ်တရက် ထရယ်ကာ ဝါးသွားပြီးနောက် မန်ဟို့ဘေးတည့်တည့်တွင် ပေါ်လာသည်။
“ဒီကိုပြန်လာခဲ့စမ်း ကလေး” သူက ညာလက်ဖြင့် မန်ဟိုကို လှမ်းဆွဲရင်း အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူ့လက်သည် ကြယ်တာရာကောင်းကင်ကို နောက်ပြန်ရွေ့လျား၍ အချိန်ကို နောက်ပြန်စီးဆင်းလာစေသော တွင်းနက်ကြီးဖြစ်လာခဲ့သည့်အလားပင်။
မန်မျိုးနွယ်သင်္ဘောပင်လျှင် သက်ရောက်ခံလိုက်ရပြီး သူ့ထံသို့ ဆွဲငင်ခံလိုက်ရသဖြင့် တစ်ဖက်သို့ စောင်းလာကာ တကျွီကျွီမြည်လာသည်။
လှမ်းဆွဲခံရတော့မည်ကို မြင်လျှင် မန်ဟိုက ရုတ်တရက် အေးတိအေးစက် ရယ်ပြီးနောက် လှမ်းစလျှောက်သည်။ သူသည် .... သတ်ဖြတ်သူ ဟု အမည်ရသော အနက်ဝတ်လူမှ သူ့ကို သင်ပေးခဲ့သော အချိန်လမ်းလျှောက်ပညာရပ်အား သုံးနေ၏။
တစ်လှမ်း၊ နှစ်လှမ်း ၊ သုံးလှမ်း။ မန်ဟိုက အချိန်ကို ဖြတ်လျှောက်နေသည်။ နှေးကွေးစွာ ရွေးလျားနေသယောင် ထင်ရသည့်တိုင် ၊ ရွှမ်တောက်စစ်၏လက်ဝါးက အချိန်ကို နောက်ပြန်စီးဆင်းနေစေသည့်တိုင် မန်ဟိုက ရှေ့သို့ လျှောက်သွားနိုင်သေးလေသည်။
ဤသည်ကား အချိန်ကို တိုက်ခိုက်ဖို့ အချိန်ကို သုံးနေခြင်း ဖြစ်သည်။
တဒင်္ဂကြာသော် မန်ဟိုက ရွှမ်တောက်စစ်ကို ပါးစပ်အဟောင်းသားဖြစ်ကျန်စေခဲ့ရင်း အဝေးရောက်သွားလေပြီ။ ရွှမ်တောက်စစ်အတွက် ကျင့်ကြံခဲ့သောနှစ်ပေါင်းများစွာတစ်လျှောက်လုံးတွင် သူ၏အနှစ်သာရမှော်သိုင်းကွက်အား ယခုလိုပုံစံမျိုးဖြင့် ပထမဆုံးအနိုင်ယူခံလိုက်ရခြင်း ဖြစ်ပေသည်။ သူသည် မန်ဟိုကို ကြည့်နေစဉ် ၊ အထူးသဖြင့် သူ၏လမ်းလျှောက်ပုံကို ကြည့်နေစဉ် မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများ တောက်ပလာတော့၏။
“အဲဒါ ဘယ်လိုလမ်းလျှောက်ပညာရပ်လဲ။ ငါ့တာအိုထက်တောင် နက်နဲနေတဲ့ ... အချိန်တာအိုတစ်ခု ပါရှိနေပါလား”