အတင်းအကြပ်မလုပ်ခင် ယဉ်ကျေးပြခြင်း
Vol. 72 Ch. 1424
" လူတိုင်းပဲ စိတ်လျော့ကြပါ။ ကျွန်တော်က ဒီမှာလာပြီး သင်ယူတာဖြစ်တဲ့အတွက် ခင်ဗျားတို့အားလုံးက ကျွန်တော့်ရဲ့ ဆရာတွေပါပဲ "
ယဲ့ဖန် အတတ်နိုင်ဆုံး ကိုယ်ဟန်နှိမ့်ချကာ ဆက်ဆံပါသော်လည်း ထိုလူများမှာ သတိလျော့သွားခြင်း မရှိပေ။
သူ့ဘေး၌ ရပ်နေသော ကျူးရှောင်ကျောင်းသည် သူမရင်ထဲ၌ ထူးခြားသော ခံစားချက်တစ်ခု ရလာသည်။
အခြားလူများ၏ လေးစားခြင်းကို ခံရသော ယောက်ျားများသည် အထူးတလည် ဆွဲဆောင်မှုရှိလေသည်။
ယဲ့ဖန်သည် ခေါင်းဆောင်ကြီးတစ်ယောက်၏ ကိုယ်ရောင်ဝါရှိသည်ကို ပြောနိုင်လေသည်။
ထိုအချိန်တွင် မိန်းမတစ်ဦးထွက်လာသည်။
" မင်္ဂလာပါ၊ ယဲ့လူကြီးမင်း။ ကျွန်မက စူးစမ်းရှာဖွေရေးအဖွဲ့ ခေါင်းဆောင်ပါ။ လန်ရှင်းယွီလို့ ခေါ်ပါတယ် "
ထိုမိန်းမသည် မျက်နှာသာဖော်ထားသည့် ဝတ်စုံပြည့်ကို ဝတ်ထားသော်လည်း သူမသည် အလွန်ပင်ချောမောလှပသည်ဟု ဆိုနိုင်သည်။
အထူးသဖြင့် သူမ၏လှပသော ဆံနွယ်များသည် လေပြည်တိုက်ခတ်သည့်အခါတိုင်း အနံ့သင်းတစ်ခုကို ရစေသည်။
စူးစမ်းရှာဖွေရေးကဲ့သို့ အလုပ်ကြမ်းလုပ်သည့်အမျိုးသမီးတစ်ဦးသည် ဤမျှဆံသားကောင်းသည်မှာ မတွေးဖူးသည့်အရာဖြစ်သည်။
ကျူးရှောင်ကျောင်းပင် အားကျနေသည်။
" မင်္ဂလာပါ၊ ခေါင်းဆောင်လန် "
ယဲ့ဖန် လက်ကိုဆန့်ထုတ်ပြီး သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်ရာ သူမ၏လက်လေးများသည် အလွန်ပင်နူးညံ့နေရာ အလုပ်ကြမ်းလုပ်သူဟု ထင်ရက်စရာတစ်စိုးတစိမျှ မရှိပေ။
သို့သော် တွေးကြည့်လျှင် အဓိပ္ပါယ်ရှိသည်။
သူမသည် ခေါင်းဆောင်ဖြစ်လေသည်။
ခက်ခဲတဲ့အရာတွေကို သူမကိုယ်တိုင် ဘာလို့ လုပ်မှာလဲ။
ပါးစပ်က စကားပြောနိုင်သရွေ့ သူများကို အမိန့်ပေးလို့ရတယ် မဟုတ်လား။
" ယဲ့လူကြီးမင်း၊ ရှင်က သူဌေးဖြစ်ပေမဲ့ ကျွန်မ အရင်ရှင်းအောင် လုပ်ရမယ့် စည်းမျဉ်းတွေရှိတယ် "
လန်ရှင်းယွီသည် ယဲ့ဖန်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် သူမ၏လေသံသည် ပို၍လေးနက်လာသည်။
ယဲ့ဖန်သည် ချက်ချင်းပင် သဘောကျသွားသည်။
အတင်းအကြပ်မလုပ်ခင် ယဉ်ကျေးပြတာလား။
" ကောင်းပြီ၊ ကျွန်တော် နားထောင်နေပါတယ် "
ယဲ့ဖန်သည် သူဌေးတစ်ဦး၏ အာဏာကို မပြဘဲ နှိမ့်ချစွာ နားထောင်သည်။
" အခုကစပြီး စူးစမ်းရှာဖွေရေးတာဝန် ပြီးဆုံးတဲ့ အချိန်အထိ ကျွန်မက ဒီအဖွဲ့ရဲ့ အမြင့်ဆုံးခေါင်းဆောင်ပါ။ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မအမိန့်ကို မနာခံရင် အဖွဲ့ကနေ ချက်ချင်း ထွက်သွားရမယ် "
လန်ရှင်းယွီသည် အမျိုးသားများတွင်ပင် တွေ့ရခဲသော ဦးဆောင်ရည်ကို ထုတ်ဖော်ပြသခဲ့သည်။
သူမသည် ခေါင်းဆောင်ဖြစ်နိုင်သည်မှာ အံ့သြစရာမရှိပေ။
" ကောင်းပြီ၊ ကျွန်တော်တို့က ခေါင်းဆောင်လန်ရဲ့ အမိန့်ကို လိုက်နာမယ် "
ယဲ့ဖန်သည် သူဌေးဖြစ်ပါသော်လည်း ဤတာဝန်အတွင်း အခြားသူများကို မျက်စိစုံမှိတ် အမိန့်ပေးလိုခြင်းမရှိပေ။
" ကောင်းပြီ သွားကြတာပေါ့ "
လန်ရှင်းယွီသည် ယဲ့ဖန်၏ သဘောထားကို အလွန်ကျေနပ်နေသည်။
ဤသူဌေးဖြစ်သူသည် စူးစမ်းရှာဖွေရေးအဖွဲ့အား ဝေဖန်ကာ စွက်ဖက်မည်ကို သူမ စိုးရိမ်နေခဲ့သည်။
သူမ အမုန်းဆုံးအရာမှာ ကျွမ်းကျင်သူအား မသိနားမလည်သူမှ ဝေဖန်ခြင်းဖြစ်သည်။
ထိုသို့ဖြစ်ပါက သူမ နှုတ်ထွက်လိုက်မည် ဖြစ်လေသည်။
သို့ဖြစ်ရာ ယဲ့ဖန်၏ လက်ရှိသဘောထားကို သူမ ကျေနပ်နေသည်။
သူမ၏အမိန့်ဖြင့် စူးစမ်းရှာဖွေရေးအဖွဲ့မှ ချက်ချင်း လှုပ်ရှားလေသည်။
သူတို့သည် ကားများကြား ဆက်သွယ်မှု လွယ်ကူစေရန် ယဲ့ဖန်အား စကားပြောစက်ပင် ပေးထားသည်။
လန်ရှင်းယွီ၏ ရှင်းပြချက်အရ သူတို့သည် ခန့်မှန်းချက်အရ အချို့နေရာများကို ရွေးချယ်ပြီး ဖြစ်သည်။
ထိုနေရာများမှာ ငွေ၊ကြေးနှင့် ကျောက်မီးသွေးတွင်းများ ဖြစ်သည်။
သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယဲ့ဖန် ရင်ခုန်မျှော်လင့်ခြင့်များ ပြည့်သွားတော့သည်။
သူသည် ထိုသတ္တုများအား ဤတစ်ကြိမ်တွင် တွေ့နိုင်ပါက အတော်ပင် အဆင်ပြေချောမွေ့မည်ဖြစ်သည်။
သတ္တုတွင်းလုပ်ငန်းများသည် အခြားလုပ်ငန်းစုများနှင့် ကွဲပြားလေသည်။
အခြားစက်မှုလုပ်ငန်းများသည် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှု လိုအပ်ပြီး အနာဂတ်၌ အဆုံးသတ်သွားနိုင်သည်။
သို့သော် သတ္တုသွေးကြောလုပ်ငန်းသည် စိုးရိမ်စရာ မရှိပေ။
စျေးကွက်အတွက် ဘယ်သောအခါမှ စိတ်ပူရန်မလိုဘဲ တန်ဖိုးစဉ်ဆက်မပြတ် ဖန်တီးနိုင်မည်ဖြစ်သည်။
သို့သော် ဤဖြစ်နိုင်ခြေမှာ သတ္တုသွေးကြောအား အမှန်တကယ်ရှာတွေ့နိုင်မည်လား ဆိုသည့်အချက်အပေါ် မူတည်နေသည်။
ယာဉ်တန်းကြီးသည် အရှေ့သို့ ဦးတည်ရွေ့လျားပြီး မကြာမီမှာပင် မြို့အတွင်းမှ ထွက်ခွာလာသည်။
ခရီးတွင်လာသည်ဖြစ်လေ၊ မြို့ပြဖြင့် ဝေးလာလေဖြစ်သည်။
တစ်နာရီကျော်ကြာ မောင်းနှင်ပြီးနောက် ယာဉ်တန်းသည် တောင်တန်းဒေသတစ်ခုသို့ ရောက်လာခဲ့ပြီး နောက်ဆုံးတွင် သစ်တောတစ်ခု အပြင်ဘက်တွင် ရပ်တန့်သွားခဲ့သည်။
" ငါတို့ ဆက်မောင်းလို့မရတော့ဘူး။ ကားပေါ်ကဆင်းပြီး ပစ္စည်းတွေ ယူလာကြ "
လန်ရှင်းယွီသည် ကားပေါ်မှ ဆင်းကာ အားလုံးကို ပြောသည်။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းသည်လည်း ကားပေါ်မှ ဆင်းလာခဲ့သည်။
" ကျွန်တော်တို့ ဘာကူညီရမလဲ "
ယဲ့ဖန်သည် လန်ရှင်းယွီအရှေ့သို့ ရောက်လာပြီး တောနက်ထဲသို့ လှမ်းကြည့်လိုက်သည်။
" ပစ္စည်းတွေ ကူသယ်ပေးပါ "
လန်ရှင်းယွီသည် ယဲ့ဖန်ကို အားနာမနေပေ။
သူမသည် ကုန်တင်ကားများပေါ်ရှိ ရှာဖွေရေးကိရိယာများကို ညွှန်ပြသည်။
ယဲ့ဖန်သည် ဘာမှပြန်မပြောဘဲ လျှောက်သွားကာ အမည်မဖော်နိုင်သော ပစ္စည်းတစ်ခုကို ကောက်ကိုင်လိုက်သည်။ ထိုပစ္စည်းမှာ ပေါင်တစ်ရာခန့်ပင် လေးလံနေလေသည်။
ကျူးရှောင်ကျောင်းသည်လည်း ပစ္စည်းများသယ်ယူရာတွင် အစွမ်းကုန်ကူညီခဲ့သည်။
ထို့နောက် လူအုပ်ကြီးသည် တောအုပ်ကြီးဆီသို့ ဦးတည်လျှောက်သွားကြသည်။
" အားလုံး သတိထားကြ။ ဒီတောထဲမှာ မုဆိုးတွေက ထောင်ချောက်တွေ အများကြီး ဆင်ထားတာတွေရှိတယ်။ အဲ့တာတွေကို မထိမိစေနဲ့ "
လန်ရှင်းယွီသည် မြေပုံပေါ်၌ တည်နေရာကို ရှာဖွေနေပြီး လူတိုင်းကို ညွှန်ကြားခဲ့သည်။
" အစ်မလန်၊ ဒီတောထဲမှာ သားကောင်တွေ ရှိတာလား "
ကျူးရှောင်ကျောင်းသည် သူမအနားရောက်လာပြီး ချွေးသုတ်လျက် မေးလိုက်သည်။
ကျူးရှောင်ကျောင်းသည် အသင်းထဲတွင် စိတ်အားထက်သန်ဆုံးသူ ဖြစ်သည်။
ဤကဲ့သို့ ရှေးဟောင်းတောအုပ်ကြီးဆီသို့ သူမ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ရာ သူမ၏ စူးစမ်းလိုစိတ်သည် သူမ၏ ကြောက်ရွံ့မှုထက် များစွာကြီးမားနေခဲ့သည်။
" မကြောက်နဲ့၊ ငါ့နောက်ကိုသာ လိုက်ခဲ့ "
လန်ရှင်းယွီသည် ကျူးရှောင်ကျောင်း ကြောက်နေသည်ဟု ထင်သောကြောင့် ပေါ့ပါးစွာသာ ပြောလိုက်သည်။
သူမ၏ ခန့်မှန်းချက်အရ ဤမိန်းမလှပလေးသည့် ယဲ့သူဌေးကြီး၏ မိန်းကလေးဖြစ်နိုင်သည်။
သို့သော် သူမအနေဖြင့် ထိုမိန်းကလေးကို ရှုံ့ချရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိပေ။
သူမအတွက် ဒုက္ခမပေးသရွေ့ အခြားသူများ၏ ကိစ္စကို ဂရုမစိုက်ပေ။
စူးစမ်းလေ့လာရေးအဖွဲ့သည် တောနက်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ချိန် အပူချိန်မှာလည်း မြင့်တက်လာခဲ့လေသည်။
မွန်းတည့်ချိန်ရောက်ပြီဖြစ်ရာ တောအုပ်ထဲ၌ပင် အပူချိန်မှာ ၃၀ ဒီဂရီစင်တီဂရိတ်ကျော်နေသည်။
ကိုယ်လုံးကိုယ်ပေါက် သေးကွေးကာ အားနည်းသူများမှာ ခေါင်းမူးနေကြပြီ ဖြစ်သည်။
" ခဏလောက် အနားယူပြီး တစ်ခုခုစားကြရအောင် "
လန်ရှင်းယွီသည် နေရာလွတ်တစ်ခုကိုတွေ့ပြီးနောက် အားလုံးကို ရပ်ကာ အနားယူခိုင်းသည်။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် သူတို့၏ လက်ထဲမှပစ္စည်းများကို ချကာ ရေနှင့် ဘီစကွတ်များကို အတူစားကြသည်။
ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည်လည်း ဝေစုတစ်ခုစီ ရရှိခဲ့သည်။
သို့သော် ကျူးရှောင်ကျောင်းသည် အနည်းငယ် ကိုက်ရုံမျှဖြင့် ရွံရှာဖွယ်ကောင်းလွန်းသည်ဟု ခံစားမိသောကြောင့် ကျန်ဘီစကွတ်များကို ယဲ့ဖန်အား ပေးကာ လန်ရှင်းယွီစီ ပြေးသွားခဲ့သည်။
" အစ်မလန်၊ အစ်မရဲ့ ခံနိုင်ရည်က တကယ်ကောင်းတာပဲ။ တောင်လမ်းတွေ အများကြီး လမ်းလျှောက်လာရတာ ခြေထောက်တွေ ကျိုးတော့မယ်လို့ ခံစားရတယ်။ ဒါပေမယ့် အစ်မကတေ့ အဆင်ပြေနေတာပဲ "
ကျူးရှောင်ကျောင်းသည် လန်ရှင်းယွီကို လေးစားသဘောကျစွာ ကြည့်လိုက်သည်။
" ငါက မကြာခဏ တာဝန်တွေရှိတော့ သွားရတယ်။ အဲ့တော့ ကျင့်သားရနေပြီ "
လန်ရှင်းယွီသည် စကားမပြောချင်သောကြောင့် ပေါ့ပါးစွာသာ ပြန်ဖြေလိုက်သည်။
" ဒီလောက် ပျော်စရာကောင်းတဲ့ နေရာတွေကို သွားရတာ အစ်မတို့ကို တကယ် အားကျတယ် "
ကျူးရှောင်ကျောင်းသည် ဤတာဝန်အတွက် အလွန်ပင် စောင့်မျှော်နေသည်။
" ပျော်စရာတဲ့လား "
လန်ရှင်းယွီသည် ကျူးရှောင်ရှောင်းမျက်နှာကို လှောင်ပြောင်ရိပ်ဖြင့် စိုက်ကြည့်သည်။
ကျူးရှောင်ကျောင်း၏ စကားများသည် ရွဲ့နေသည်ဟု သူမ ခံစားရသည်မှာ ထင်ရှားသည်။
စူးစမ်းရှာဖွေရေးတာဝန်များ ဆောင်ရွက်ရန် သူတို့အတွက် မည်မျှခက်ခဲသည်ကို ထိုမိန်းကလေး မသိနိုင်ပေ။
အသက်မွေးဝမ်းကြောင်းအတွက် မဟုတ်ရင် ဘယ်သူက ဒီလိုလုပ်ချင်မှာလဲ။ အိမ်မှာပဲ အေးအေးဆေးဆေး နေချင်မှာပေါ့။
ထိုမိန်းကလေးမှာတော့ ဤကြမ်းတမ်းသည့်အလုပ်ကို ပျော်စရာဟု ထင်နေသည်။
ကျူးရှောင်ကျောင်းသည် အလွန်အကဲခတ်တတ်သည်။
သူမသည် တစ်စုံတစ်ခု မှားနေသည်ကို သူမ သိလိုက်သောကြောင့် လျှာကိုထုတ်ကာ ယဲ့ဖန်အနားတွင် ပြန်ထိုင်လိုက်သည်။
" အဆူခံလိုက်ရပြီ မဟုတ်လား "
ယဲ့ဖန်သည် သူမကို ကျေနပ်စွာ ကြည့်နေသည်။
ကျူးရှောင်ကျောင်းသည် သူ့ကို စိုက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်သည်။
စားသောက်ပြီးကြသောအခါ စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် အနားယူကြသည်။
လန်ရှင်းယွီ တစ်ယောက်တည်းသာ နားမနေသူ ဖြစ်သည်။
သူမသည် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးရန် မှန်ပြောင်းကို ယူလိုက်သည်။
" ဘာလို့ ခဏလောက် မအိပ်တာလဲ "
ယဲ့ဖန်သည် သူမအနောက်မှ လျှောက်လာပြီး ရေဘူးတစ်ဘူးကို ပေးသည်။
" ကျေးဇူးတင်ပါတယ် "
လန်ရှင်းယွီသည် ရေဘူးကိုယူကာ တစ်ငုံသောက်လိုက်သည်။
ထို့နောက် သူမသည် သူတို့ပတ်ဝန်းကျင်ရှိ တောအုပ်ကို ညွှန်ပြသည်။
" ဒီတောထဲမှာ သားရဲတိရစ္ဆာန်တွေရှိတယ်။ တစ်ယောက်ယောက်က စောင့်ကြည့်နေရမယ်။ မဟုတ်ရင် အရမ်းအန္တရာယ်များတယ် "
" ဒါဆို ကျွန်တော်စောင့်လိုက်မယ်။ ခင်ဗျား သွားနားလိုက်တော့ "
ယဲ့ဖန်မှ ကြင်နာစွာပြောသည်။
မည်သို့ပင်ဖြစ်စေ သူသည် ကိုယ်ခံပညာ လေ့ကျင့်သူဖြစ်ပြီး အလွန်အင်အားပြည့်လေသည်။
တစ်နေ့တာအတွက် ခွန်အားပြည့်စေရန် တစ်နေ့နှစ်နာရီ အိပ်ခြင်းသာ လိုအပ်သည်။