ရှေးခေတ်စစ်သူကြီးတွေထက် ပိုသာတယ်
Vol. 72 Ch. 1426
အဖွဲ့သားများသည် ယဲ့ဖန်ကို စိုးရိမ်နေချိန် တောဝက်ကြီးမှ ဦးတည်ချက်ပြောင်းလာမည်ဟု မမျှော်လင့်ထားပေ။
" မြန်မြန်ပြေးကြ ...... "
လူအုပ်ကြီးသည် ချက်ချင်းပင် သေမတတ် ကြောက်လန့်ကာ ဘေးအရပ်ရပ်သို့ ပြေးကြသည်။
ကျူးရှောင်ကျောင်းနှင့် စူးစမ်းရှာဖွေရေးအဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ဦးတို့သည် လန်ရှင်းယွီကို သယ်ဆောင်ကာ ထွက်ပြေးရန် ပြင်ဆင်ကြသည်။
သို့သော် တောဝက်ကြီး၏အရှိန်မှာ အလွန်မြန်ပြီး သူတို့၏အရှိန်မှာ နှေးလွန်းနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အားကုန်သွားကြသည်။
" အား ........ "
ကျူးရှောင်ကျောင်း ထိတ်လန့်တုန်လှုပ်သွားကာ သုံးယောက်လုံး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ရက်စက်ကြမ်းကြုတ်သော တောဝက်ကြီးသည် ခုန်အုပ်တော့မည်ဖြစ်သည်။
သူတို့သုံးယောက်လုံး အဆုံးသတ်ပေတော့မည်။
သို့သော် ထိုအချိန်တွင် တောဝက်၏ အနောက်မှ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်လာကာ တောဝက်ကြီးကို ပွေ့ဖက်ပြီး ဘေးသို့ လှိမ့်ချသွားသည်။
ကျူးရှောင်ကျောင်း ထိတ်လန့်တုန်လှုပ်နေလျက် အမြန်ကြည့်လိုက်သည်။
ထိုပုံရိပ်သည် ယဲ့ဖန် ဖြစ်သည်။
သူသည် တောဝက်ကြီးနှင့် တိုက်ပွဲဝင်နေသည်။
တောဝက်ကြီးသည် ယဲ့ဖန်၏ ရင်ဘတ်ကို အစွယ်များဖြင့် ထိုးဖောက်ရန် ကြိုးပမ်းလျက် ခေါင်းငုံ့ကာ ပြေးလာသည်။
ယဲ့ဖန်သည် တောဝက်ကြီး၏ အစွယ်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ပြန်ဆွဲယမ်းလိုက်သည်။
ကျူးရှောင်ကျောင်းသည် အလွန်ကြောက်လန့်နေ၍ သူမနှလုံးသားမှာ တင်းမာလာသည်။
မြေပြင်၌ ကျနေသော ဓားမြှောင်ကို ကောက်ကိုင်ပြီးဘမတ်တပ်ထရပ်ကာ တောဝက်ကြီးဆီသို့ ပြေးသွားသည်။
" မလာနဲ့ ...... "
ယဲ့ဖန် အမြန်အော်လိုက်သော်လည်း သူ အလွန်နောက်ကျသွားပြီ ဖြစ်သည်။
ကျူးရှောင်ကျောင်းသည် ဓားမြှောင်ကို လက်နှစ်ဘက်ဖြင့်ကိုင်ကာ တောဝက်ကြီး၏ဖင်ကို ဓားဖြင့်ထိုးသည်။
" အွတ် အွတ် ဂွတ် ...... "
တောဝက်ကြီးသည် ချက်ချင်းပင် ပြင်းထန်လာပြီး ကျယ်လောင်အူသံကို ထုတ်လွှတ်ကာ ယဲ့ဖန်အား လှုပ်ခါလိုက်ပြီး နောက်လှည့်ကာ ကျူးရှောင်ကျောင်းစီသို့ ခုန်အုပ်လိုက်သည်။
ကျူးရှောင်ကျောင်းသည် သေမတတ် ကြောက်နေပြီဖြစ်သည်။
သူမသည် တောဝက်ကြီး၏ အစွယ်များ နီးကပ်လာသည်နှင့် ဘာလုပ်ရမည်မှန်း မသိဘဲ စိုက်ကြည့်နေသည်။
တောဝက်ကြီး၏ အစွယ်များသည် သူမ၏ရင်ဘတ်အတွင်းသို့ ထိုးဖောက်တော့မည် ဖြစ်သည်။
ထိုအရေးကြီးသောအခိုက်အတန့်တွင် ယဲ့ဖန်သည် တစ္ဆေသရဲတစ်ကောင်လို သူမအနား၌ ရုတ်တရက် ပေါ်လာပြီး သူမခါးကိုဆွဲကာ ဘေးသို့ဆွဲဖယ်လိုက်သည်။
ယဲ့ဖန်၏ အခြားလက်တစ်ဖက်သည် သူမလက်ထဲမှ ဓားမြှောင်ကို ဆွဲယူလိုက်ပြီး အားအင်အပြည့်နှင့် ပစ်ပေါက်သည်။
ဖောင်း
ဓားမြှောင်သည် တောဝက်ကြီး၏ ညာဘက်မျက်လုံးအား တိကျစွာ ထိုးပေါက်သွားဖြင့် သွေးများ ထွက်ကျလာသည်။
" ဂူး ဂွတ် အွတ် အု ...... "
တောဝက်ကြီးသည် ပြင်းထန်စွာ အော်ဟစ်နေတော့သည်။
ဖောင်း ဖောင်း ဖောင်း
တောဝက်ကြီးသည် ဓားကို ဖယ်ထုတ်ရန် ကြိုးစားလျက် မျက်လုံးကို သစ်ပင်ဖြင့် အကြိမ်ကြိမ် တိုက်နေပါသော်လည်း ဓားမြှောင်သည် ပို၍ နက်ရှိုင်းစွာသာ ထိုးဖောက်နေသည်။
အဆုံး၌ ဓားမြှောင်ရိုးပင် မျက်လုံးထဲ ဝင်သွားလေသည်။
တောဝက်ကြီးသည် နာကျင်မှုနှင့်အတူ အော်ဟစ်ကာ နောက်ဆုံး၌ ခွန်အားများ ကုန်ဆုံးသွားပြီး မြေပြင်ပေါ်သို့ လဲကျကာ မရပ်မနားတုန်လှုပ်နေသည်။
ထိုမှသာ စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် မြေပြင်ပေါ်ရှိ သွေးများကို ထိတ်လန့်စွာ ဝိုင်းကြည့်ကြသည်။
ယခု မြင်ခဲ့ရသော မြင်ကွင်းမှာ အလွန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
လူတိုင်းမှာ ခြေထောက်များပင် ပျော့ခွေသွားသလို ခံစားကြရသည်။
ထို့နောက် အားလုံးမှ ယဲ့ဖန်အား နတ်ဘုရားကို ကြည့်နေသကဲ့သို့ ကြည့်လိုက်ကြသည်။
" အို ဘုရားရေ၊ ယဲ့လူကြီးမင်းက တကယ်ကြီး တောဝက်ကို လက်ဗလာနဲ့ သတ်လိုက်တာလား "
" တကယ်လို့ ကိုယ့်မျက်စိနဲ့ ကိုယ်တိုင် မမြင်လိုက်ရရင် ငါ့ကို အသေရိုက်ရင်တောင် ယုံမှာမဟုတ်ဘူး "
" တောဝက်တွေက ကျားတွေထက်တောင် ပိုသန်မာတယ်လို့ ငါ ကြားဖူးတယ်။ အဲ့တာတောင် ယဲ့လူကြီးမင်းက သတ်လိုက်တာလား။ အရင်ခေတ်က စစ်သူကြီးတွေ ပြန်မွေးလာရင်တောင် ဒီလောက်လုပ်နိုင်မှာ မဟုတ်ဘူး "
" အရင်ခေတ်က စစ်သူကြီးတွေ ပြောမနေပါနဲ့။ ယဲ့လူကြီးမင်းက အကောင်းဆုံးပဲ ..... "
စူးစမ်းရှာဖွေရေးအဖွဲ့ဝင်များသည် အိပ်မက်မက်နေဆဲဟု ထင်နေကြပြီး ယဲ့ဖန်အား အလွန်လေးစားလာကြသည်။
အမှန်တကယ်၌ သူတို့သည် အစပိုင်းတွင် ယဲ့ဖန်ကို သဘောမကျဖြစ်ခဲ့ကြသည်။
ငယ်ရွယ်ပြီး မိသားစုကြီးမှ ဆင်းသက်လာကာ ချမ်းသာသည့် ဒုတိယမျိုးဆက် အမွေဆက်ခံသူဟု ထင်ခဲ့သည်။
မူလသတ္တုမိုင်းတွင်းအား ရယူခြင်းမှာ ဆော့ကစားနေခြင်းဟု မြင်လေသည်။
သူတို့မျက်နှာ၌ ထုတ်မပြခဲ့သော်လည်း လူတိုင်းသည် သူတို့၏ နှလုံးသားထဲမှ ကျိန်ဆဲနေကြသည်။
ယဲ့ဖန်မှ သူတို့အသက်ကို ကယ်တင်လိုက်သည့် အခိုက်အတန့်မှသာ သူတို့မှားယွင်းစွပ်စွဲခဲ့သည်ကို နားလည်သွားခဲ့သည်။
သူတို့ အထင်မှားခဲ့သည်။
သူတို့ အကြီးအကျယ် လွဲမှားခဲ့ကြသည်။
ရယ်စရာကောင်းလောက်အောင် မှားခဲ့ကြသည်။
" မင်း အဆင်ပြေရဲ့လား "
ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။
ကျူးရှောင်ကျောင်းသည် သူ့ကို စိုက်ကြည့်နေသည်။
ခဏကြာပြီးနောက် သူမသည် ရုတ်တရက် ယဲ့ဖန်ရင်ခွင်ထဲသို့ လှဲချလိုက်သည်။
" ဟင့်၊ ဟင့် ယဲ့ဖန်၊ ငါ အရမ်းကြောက်တာပဲ။ ငါသေတော့မယ်လို့ ထင်လိုက်တာ "
ဤတစ်ခါ သူမ အမှန်တကယ် ကြောက်သွားသည်မှာ သိသာလေသည်။
သူမ၏ သိမ်မွေ့သော ခန္ဓာကိုယ်လေးသည် တုန်ယင်နေသေးသည်။
" ဟား၊ မင်းက ဘယ်လိုကြောက်ရမယ်မှန်း သိသေးတာလား။ မင်း ခုနက တောဝက်ကို ဓားနဲ့ထိုးခဲ့တဲ့ ရက်စက်မှုက ဘယ်ရောက်သွားတာလဲ "
ယဲ့ဖန်သည် သူမကို ဤကဲ့သို့မြင်သောအခါတွင် မတတ်နိုင်ဘဲ စနောက်သည်။
" နင့်ကို ကယ်ဖို့ ငါလုပ်ခဲ့တာ မဟုတ်ဘူးလား။ အဲ့တာကို နင်က ငါ့ကို ရယ်နေသေးတာလား "
ကျူးရှောင်ကျောင်းသည် သူမ မျက်ရည်များကို သုတ်လျက် ညည်းညူလိုက်သည်။
ယဲ့ဖန် တကယ်ပင် ထိတ်လန့်သွားခဲ့ရသည်။
ကျူးရှောင်ကျောင်း၏ လုပ်ရပ်သည် မဆင်မခြင်ဖြစ်ပြီး ယုံကြည်မှုလွန်ကဲနေသော်လည်း သူမသည် သူ့ကို ကယ်တင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ကိုယ့်အသက်ကို ဂရုမစိုက်ဘဲ လူတစ်ယောက်ကို ကယ်တင်ဖို့ ဘယ်လောက် သတ္တိရှိဖို့လိုလဲ။
ယဲ့ဖန် သူမကို စကားအနည်းငယ် ပြောတော့မည်ဖြစ်သည်။
ထိုအချိန် စူးစမ်းရှာဖွေရေး အဖွဲ့ ဝင်တစ်ယောက်မှ ရုတ်တရက် အော်လိုက်သည်။
" ခေါင်းဆောင် သတိမေ့သွားပြီ ....... "
ယဲ့ဖန်သည် ကျူးရှောင်ကျောင်းနှင့် စကားမည့်အရေးကို ဂရုမစိုက်နိုင်တော့ဘဲ စစ်ဆေးရန် အလျင်အမြန် ပြေးသွားခဲ့သည်။
လန်ရှင်းယွီသည် သတိလစ်နေပြီဖြစ်သည်။
သူမ၏ လှပသော မျက်နှာပေါ်တွင် အနက်ရောင်မျဉ်းကြောင်း အနည်းငယ်ရှိနေသည်။
အဆိပ်သည် လျင်မြန်စွာ ပျံ့နှံ့သွားသည်မှာ ထင်ရှားသည်။
ယဲ့ဖန်၏ လင်ဇီးကြောင့်သာမဟုတ်ပါက အဆိပ်သည် သူမ၏ နှလုံးကို တိုက်ခိုက်ပြီးဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ယဲ့ဖန် နှောင့်နှေးမနေရဲတော့ဘဲ ငွေအပ်ကို အမြန်ထုတ်လိုက်သည်။
ပထမဦးစွာ သူသည် လန်ရှင်းယွီ၏ နှလုံးနှင့် အတွင်းအင်္ဂါများကို ကာကွယ်ရန်အတွက် ငွေအပ်သုံးချောင်းကို အသုံးပြုခဲ့သည်။
နောက်ဆုံး၌ ယဲ့ဖန်သည် 'ဂန္ထဝင်ဆေးဘက်ဆိုင်ရာနည်းပညာ အစိမ်းရောင်ဆေးကျမ်းစာ'ထဲတွင် မှတ်တမ်းတင်ထားသည့် အပ်စိုက်ကုထုံးနည်းပညာကို အသုံးပြုပြီး သူမ၏ခြေသလုံးကြွက်သားများကို အပ်များ ထိုးသွင်းခဲ့သည်။
ဤအပ်စိုက်ကုထုံး နည်းစနစ်သည် အလွန်ရိုးရှင်းသည်။
သွေးလှည့်ပတ်မှု လမ်းကြောင်းများကို ပိတ်ဆို့လိုက်ပြီး သွေးနောက်ပြန်စီးဆင်းစေကာ အဆိပ်ရှိသွေးများကို စွန့်ထုတ်စေရန် ဖြစ်သည်။
ဤအပ်စိုက်ကုထုံးသည် လူနာ၏ တက်ကြွမှုကို ထိခိုက်စေသော်လည်း ယဲ့ဖန်သည် လက်ရှိအချိန်၌ အခြားလုပ်ဆောင်နိုင်ခြင်း မရှိပေ။
အသက်အန္တရာယ်ကို ဦးစွာ ကယ်တင်ပြီးနောက်မှသာ ပြန်လည်သက်သာရေး နည်းလမ်းများကို တွေးရမည်ဖြစ်သည်။
အပ်များကို သုံးပြီး မိနစ်အနည်းငယ်အကြာတွင် ဒဏ်ရာမှ သွေးမည်းများ စီးကျလာတော့သည်။
" ဘယ်လောက်မှော်ဆန်လိုက်လဲ "
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် မတတ်နိုင်ဘဲ နှုတ်မှထုတ်ပြောသည်။
တခြားအသင်းသားများမှာ ဘာမှမပြောကြသော်လည်း သူပြောသည့်စကားကို သဘောတူကြသည်။
ယဲ့ဖန်၏ အပ်စိုက်ကုထုံးသည် အမှန်တကယ်ပင် အံ့ဖွယ်ကောင်းပေသည်။
အဆိပ်သင့်နေသောသွေးများမှာ အလိုအလျောက် ပြန်လည်ထွက်ကျလာစေရန် လုပ်ဆောင်နိုင်သည်။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ယဲ့ဖန်ကို တစ်ဖန်ထပ်၍ သဘောကျသွားပြန်သည်။
ယဲ့လူကြီးမင်းသည် ကိုယ်ခံပညာတွင် ကျွမ်းကျင်ရုံသာမက သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမှာလည်း ထက်မြက်လှသည်။
ငယ်ရွယ်နေပါသော်လည်း မူလသတ္တုမိုင်းကုမ္ပဏီကို လက်ဝယ်ယူနိုင်ခဲ့သည်မှာ အံ့သြစရာမရှိပေ။
သူသည် လူသားများကြားမှ နဂါးတစ်ကောင်ဖြစ်သည်မှာ သေချာသည်။
ကျူးရှောင်ကျောင်းသည် အများမှ ယဲ့ဖန်အား ချီးကျူးနေသောစကားကို ကြားသောအခါတွင် သူမ၏ မျက်နှာလေးသည် သူမကို ချီးကျူးနေသကဲ့သို့ ဂုဏ်ယူနေသည့်အမူအရာ ပေါ်လာသည်။
" ခင်ဗျားတို့ ခေါင်းဆောင်ကို အရင်ဂရုစိုက်ထားလိုက်။ ဆေးဖက်ဝင်အပင်တွေ ရှာလိုက်ဦးမယ် "
ယဲ့ဖန်သည် လူတိုင်းကို ညွှန်ကြားပြီးနောက် တောထဲဝင်ဖို့ ပြင်ဆင်လိုက်သည်။
" ယဲ့ဖန်၊ ငါ နင်နဲ့လိုက်ခဲ့မယ် "
ကျူးရှောင်ကျောင်းသည် ရုတ်တရက် ယဲ့ဖန်ကို တားလိုက်ပြီး သူမမျက်နှာမှာ စိုးရိမ်မှုအပြည့်ဖြစ်နေသည်။
" စိတ်မပူပါနဲ့၊ ကိုယ် သတိထားပါ့မယ် "
" ဒါပေမယ့် ....... "
" မဖြစ်ဘူး။ ကိုယ်အန္တရာယ်ကြုံလာရင် တစ်ယောက်တည်း မြန်မြန်ပြေးနိုင်တယ်။ ဒါပေမဲ့ မင်းကိုယ့်အနောက်က လိုက်လာရင် မင်းကိုယ့်ကို နှောင့်ယှက်သလိုပဲ ဖြစ်နေမှာ "
ယဲ့ဖန်သည် ရက်စက်ကြမ်းကြုတ်သော အမှန်တရားကို ပြောပြသည်။
ကျူးရှောင်ကျောင်းသည် သူ့ကို စိုက်ကြည့်နေသည်။
" ကောင်းပြီ၊ ငါ နင့်ကို ဆွဲမချဘူး ဟုတ်ပြီလား။ သတိထားပြီးသွား "
ယဲ့ဖန် သူမကို ပြုံးပြပြီး တောထဲသို့ ဝင်သွားသည်။
မြွေပေါ်လာပါက ခုနစ်လှမ်းအတွင်း အဆိပ်ဖြေဆေးရှိသည်ဆိုသော စကားတစ်ခွန်းရှိသည်။
ဤစကားသည် အနည်းငယ်ချဲ့ကားရာရောက်ပါသော်လည်း အမှန်တကယ် ဖြစ်နိုင်ခြေရှိလေသည်။
အထူးသဖြင့် ယဲ့ဖန်၏ စနစ်မှ နက်နဲသော စကန်ဖတ်ခြင်း၏အကူအညီဖြင့် ခုနစ်ရွက်ကြာပန်းနှင့် ဝက်ကြိမ်ရွက်တို့ကဲ့သို့ အပူဖယ်ရှားနိုင်ပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည့် ဆေးဖက်ဝင်အပင်အချို့ကို လျင်မြန်စွာ တွေ့ရှိခဲ့သည်။
ဆယ်မိနစ်မျှကြာပြီးနောက် ယဲ့ဖန် ပြန်လာသည်။
" ဆေးဖက်ဝင်အပင်တွေကို ဒီလောက်မြန်မြန် ရှာတွေ့တာလား "
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
သူသည် ထွက်သွားပြီး သိပ်မကြာခင်မှာပင် ပြန်လာသည်ကို သူမ ခံစားလိုက်ရသည်။
သူမကို လှည့်စားဖို့ ကြုံရာကျပန်းအရွက်တွေ ရှာလာတာလား။