← Chapters

မင်းက ကိုယ့်မိန်းကလေး လုပ်မလို့လား

Vol. 72 Ch. 1430

မင်းက ကိုယ့်မိန်းကလေး လုပ်မလို့လား

Vol. 72 Ch. 1430

ကျူးရှောင်ကျောင်းသည် နောက်ပြန်လှည့်ပြီး ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်သည်။

" ကြီးလာတဲ့တစ်လျှောက်လုံး ငါ့အဖိုးကတောင် ငါ့ကို တစ်ခါမှ မဆူဖူးဘူး။ အဲ့တာကို နင်က ငါ့ကို အော်တာလား "

" အသည်းနှလုံးမရှိတဲ့လူ။ နေ့ခင်းဘက်တုန်းက ငါနင့်ကို ကယ်ခဲ့တာ နောင်တရတယ်။ စောစောကသိခဲ့ရင် တောဝက်က ချိုနဲ့ထိုးပြီး နင့်အသည်း ဘာအရောင်လဲဆိုတာ သိအောင် ထားလိုက်ရမှာ ...... "

သူမသည် စကားပြောလေလေ၊ ဝမ်းနည်းလေလေ ဖြစ်ကာ သူမမျက်ရည်များကို မရပ်တန့်နိုင်တော့ပေ။

ယဲ့ဖန်သည် သူမ၏ သနားစရာကောင်းသော အကြည့်ကို မြင်ပြီး သူ့ရင်ခွင်ထဲသို့ အမြန်ဆွဲသွင်းလိုက်သည်။

" တောင်းပန်တယ်၊ ကိုယ်မှားသွားတာ။ မင်းကို စိတ်မညစ်စေရဘူးလို့ ကတိပေးတယ် ...... "

ထိုအချိန် ကျူးရှောင်ကျောင်းသည် ရုတ်တရက် သူ့ပုခုံးကို ကိုက်လိုက်တယ်။

ယဲ့ဖန်၏ မျက်နှာသည် နာကျင်မှုကြောင့် တုန်လှုပ်သွားသည်။

ဒီကောင်မလေး ခွေးနှစ်မှာ မွေးတာလား။

" စိတ်မဆိုးတော့ဘူးမလား "

ယဲ့ဖန်သည် ကျူးရှောင်ကျောင်း၏ ဒေါသကုန်လောက်သည့်အချိန် ခေါင်းငုံ့ကာ မေးလိုက်သည်။

ကျူးရှောင်ကျောင်း မော့ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

" ယဲ့ဖန်၊ နောက်တစ်ခါ နင်ငါ့ကို စိတ်ဆိုးအောင်လုပ်ရင် ငါ ...... ငါ ...... "

" မင်း ဘာလုပ်မှာလဲ "

" ငါ နင့်စီက ထွက်သွားပြီး ဘယ်တော့မှ ပြန်ရှာခွင့်မပေးဘူး "

ကျူးရှောင်ကျောင်း၏ အမူအရာသည် အလွန်လေးနက်နေသည်။

နောက်ပြောင်နေပုံမပေါ်ပေ။

" ကောင်းပြီ၊ ကိုယ်မင်းကို ကတိပေးတယ် "

ယဲ့ဖန်မှလည်း လေးနက်စွာ ဖြေသည်။

"နင်က ပလေးဘွိုင်တစ်ယောက်ဆိုတာ ငါသိတယ် ....... "

" အာ ........ "

" ငြင်းစရာ မလိုပါဘူး။ ငါ အမှန်အတိုင်းပြောနေတာ "

ကျူးရှောင်ကျောင်းသည် သူ့ကို မျက်နှာမပြဘဲ ဆက်ပြောသည်။

" နင့်မှာ မိန်းမဘယ်နှစ်ယောက်ရှိလဲ ငါ ဂရုမစိုက်ဘူး။ ဂရုလည်းမစိုက်ချင်ဘူး။ ဒါပေမယ့် ငါတောင်းဆိုချင်တာ တစ်ခုပဲရှိတယ် "

" ဘာတောင်းဆိုချင်တာလဲ "

ယဲ့ဖန် စိတ်ဝင်တစား မေးသည်။

" နင် ငါ့အရှေ့မှာ တခြားမိန်းကလေးတွေနဲ့ ပရောပရည်လုပ်ခွင့် မရှိဘူး "

ကျူးရှောင်ကျောင်း၏ မျက်နှာသည် တင်းမာနေပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မျက်ရည်စများ ရှိနေသေးသည်။

သူမကို ကြည့်ရသည်မှာ သနားစရာကောင်းနေသည်။

" မင်းပြောချင်တာ ...... မင်းမှားနေပြီ ... ကိုယ် အဲ့တာ မဟုတ်ဘူး ...... "

ယဲ့ဖန် ရှင်းပြချင်သေးသည်။

" အစ်မလန်ကို နင် ဘယ်လိုထင်လဲ ငါ ဂရုမစိုက်ဘူး။ နင် ငါ့အရှေ့မှာ အီစီကလီမလုပ်ပြသရွေ့ ငါမသိသလို ဟန်ဆောင်ပေးနိုင်တယ် "

ကျူးရှောင်ကျောင်းသည် ရှင်းပြချက်ကို ရပ်တန့်လိုက်သည်။

ယဲ့ဖန် သူမကို အကြာကြီး စိုက်ကြည့်နေသည်။

" မင်း ဘာပြောချင်နေတာလဲ။ မင်း ကိုယ့်ကောင်မလေး ဖြစ်လာဖို့စီစဉ်နေတာလား "

ကျူးရှောင်ကျောင်းသည် ရှက်ရွံ့နေပြီး သူ့ရင်ခွင်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် ယဲ့ဖန်သည် သူ့လက်များကို တင်းကြပ်စွာ ဖက်ထားသည်။

" အဲ့လို မင်း ဆိုလိုတာလား "

" မဟုတ်ဘူး "

ကျူးရှောင်ကျောင်း၏ မျက်နှာသည် နီရဲနေသည်။

" မင်းက ကိုယ့်ကောင်မလေး မဖြစ်ချင်ဘူးဆိုရင် ဘာလို့ ကိုယ်နဲ့ ပရောပရီလုပ်တဲ့သူကို ဂရုစိုက်နေတာလဲ "

" ဒါ အမှန်တရားကို ငြင်းနေတာ မဟုတ်ဘူးလား။ ရိုးရိုးသားသား ဖြေ။ မင်း ကိုယ့်ကို ဒီလိုပြောချင်နေတာ ကြာပြီမဟုတ်လား "

ယဲ့ဖန် ဆိုးညစ်စွာ ပြုံးလိုက်သည်။

" မဟုတ်ဘူး "

ကျူးရှောင်ကျောင်းသည် သူမမျက်နှာကို လှည့်ကာ ငြင်းပြန်သည်။

ယဲ့ဖန်သည် သူမ၏ လှပပြီး ထည်ဝါသော နားလုံးလေးများနှင့် ငန်းကဲ့သို့ ကျော့စင်းသော လည်ပင်းကို ကြည့်ကာ သူ့နှလုံးသားထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းသွားသည်။

ဖြည်းညှင်းစွာ မှီလျက် နားရွက်ကို နမ်းလိုက်သည်။

ကျူးရှောင်ကျောင်း၏ ခန္ဓာကိုယ်သည် ဓာတ်လိုက်ခံရသကဲ့သို့ တုန်လှုပ်သွားသည်။

သူမ၏ အသက်ရှုသံမှာ မြန်လာသည်။

ယဲ့ဖန်သည် သူမ မငြင်းဆိုသည်ကို မြင်လိုက်ရသည်။

သူ၏ မီးတောက်မှာ ပိုတောက်လောင်လာပြီး သူမကို တွန်းချကာ အမဲဖျက်ရန် ပြင်ဆင်လိုက်သည်။

ထိုအရေးကြီးသောအခိုက်အတန့်တွင် လန်ရှင်းယွီ၏ ချောင်းဆိုးသံသည် အပြင်ဘက်မှ ရုတ်တရက် ထွက်လာသည်။

ထိုချောင်းဆိုးသံသည် ကြည်လင်သော ကောင်းကင်အား မိုးကြိုးပစ်လိုက်ကဲ့သို့ဖြစ်ပြီး တဖြည်းဖြည်း အသိစိတ်ပျောက်ကွယ်နေသော လူနှစ်ယောက်ကို ချက်ချင်းလှုပ်နှိုးလိုက်သည်။

ယဲ့ဖန် အလွန်စိတ်လှုပ်ရှားနေရာ သူ ဘယ်ရောက်နေသည်ကို မေ့သွားလုနီးပါးဖြစ်သွားသည်။

ကျူးရှောင်ကျောင်းသည် ကြောက်ရွံ့ထိတ်လန့်နေသော သမင်တစ်ကောင်လို ဖြစ်နေသည်။

သူမသည် ယဲ့ဖန်ကို တွန်းထုတ်ကာ ထွက်ပြေးသွားခဲ့သည်။

တဲတံခါးဝသို့ ရောက်သောအခါ လှည့်ပြီး ဆူပူရန်လည်း မမေ့ချေ။

" လူဆိုးကောင်ကြီး "

ယဲ့ဖန်သည် ကူကယ်ရာမဲ့စွာ မတ်တပ်ထရပ်ပြီး တဲထဲမှ ထွက်လာခဲ့သည်။

ကျူးရှောင်ကျောင်းနှင့် လန်ရှင်းယွီတို့သည် မီးပုံဘေးတွင်ထိုင်ကာ စကားပြောလျက် ရယ်မောနေကြသည်ကို သူ မြင်လိုက်ရသည်။

လန်ရှင်းယွီသည် သူ့ကို မြင်သော်လည်း သူမအကြည့်များကို အမြန်ရှောင်လိုက်ပြီး သူနှင့် မျက်လုံးချင်း မဆုံပေ။

ယဲ့ဖန်သည် သူတို့နှစ်ဦးကြား လိုက်လျောညီထွေရှိသော လေထုကို မဖျက်ဆီးလိုသောကြောင့် လှည့်ကာ စမ်းချောင်းဆီသို့ လျှောက်သွားလိုက်သည်။

သူ တရားထိုင်နေတော့သည်။

သူတို့အကြား ဝေးကွာနေသော်လည်း ယဲ့ဖန်၏ အကြားစွမ်းရည်မှာ ကောင်လှသည်။

ထို့ကြောင့် မိန်းကလေးနှစ်ယောက်၏ စကားပြောသံမှာ သူ့နားထဲသို့ တိုးဝင်လာသည်။

" အစ်မလန်၊ ယဲ့ဖန်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ အစ်မ မသိဘူး။ သူက ဆေးပညာနဲ့ ကိုယ်ခံပညာ ကျွမ်းကျင်တဲ့အပြင် ရတနာတွေ အကဲဖြတ်နည်းကိုလည်း သိတယ် "

" ဟုတ်လား "

" အစ်မ မသိလို့ အရင်က ရှေးဟောင်းပစ္စည်းလမ်းမှာ သူက ဖုံးထားတဲ့သေတ္တာတွေ ရွေးတာ။ ဒါပေမဲ့ ဖွင့်လိုက်တာနဲ့ အကုန်ရတနာတွေချည်းပဲ "

" အဲ့လောက်တောင် အစွမ်းထက်တာလား "

" အဲ့ဒီတုန်းက သေတ္တာတွေကိုဖွင့်ပြီး သူ ရခဲါတဲ့ငွေ ဘယ်လောက်လဲ သိလား ...... "

ကျူးရှောင်ကျောင်း၏ ချီးမွမ်းသံကို ယဲ့ဖန် ကြားသောအခါ သူ ရှက်ရွံ့လာသည်။

မမလေးကျူးသည် ခင်ပွန်းဖြစ်သူအတွက် အငယ်အနှောင်း ရှာပေးနေပုံဖြစ်နေသည်။

ကံကောင်းစွာဖြင့် အနီးနား၌ သူ မရှိနေပေ။ သူ ရှိနေပါက ပုန်းရန် ကျင်းတစ်ခု ရှာချင်နေပေလိမ့်မည်။

ထိုမိန်းကလေးနှစ်ယောက်မှာ ဆက်၍ အတော်ကြာ စကားပြောနေကြသည်။

သူတို့ ပင်ပန်းလာသည့်အခါ တဲထဲသို့ ပြန်ဝင်သွားသည်။

ယဲ့ဖန်သည် စမ်းချောင်းဘေး၌ ထိုင်ပြီး ဆက်၍တရားထိုင်သည်။

သာယာသောည‌လေးတစ်ည ဖြစ်ခဲ့သည်။

နောက်နေ့မနက် လူတိုင်းနိုးလာပြီး ကိုယ်လက်သန့်စင်ကြသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းတို့သည် မနေ့ညကကဲ့သို့ ပြန်လည်ချစ်ကြည်နူးနေကြရာ စူးစမ်းရှာဖွေရေးအဖွဲ့ဝင်များမှာ အံ့အားသင့်သွားခဲ့ကြသည်။

သူတို့သည် ပြဿနာကို ဖြေရှင်းပြီးရုံသာမကဘဲ သူတို့၏ ဆက်ဆံရေးမှာ ပိုနီးစပ်လာပုံပေါ်နေသည်။

မူလ၌ သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေခဲ့ကြပြီး အလွန်နီးကပ်ခြင်း မရှိခဲ့ကြပေ။

သို့သော် ယခုအချိန်တွင် ကျူးရှောင်ကျောင်းသည် ယဲ့ဖန်အား မျက်နှာသုတ်ပုဝါတစ်ထည် ပေးရုံသာမက သူ့အဝတ်အစားများကို သပ်ရပ်စေရန်လည်း ကူညီပေးနေပုံမှာ သူမသည် တွေးပေးတတ်သော မိန်းမတစ်ယောက်လို ဖြစ်နေသည်။

မနက်အစော၌ ချစ်ကြည်နူးမှု လှိုင်းလုံးကြီးကို လူတိုင်း တွေ့လိုက်ရသည်။

ယဲ့ဖန်၏ ချော့ပေးသည့် နည်းလမ်းများကို လူတိုင်းက မချီးကျူးဘဲ မနေနိုင်ကြပေ။

ရိုးရှင်းသော မနက်စာစားပြီးနောက် လူတိုင်းသည် ထုပ်ပိုးပြီး ထွက်ရန်ပြင်ကြသည်။

တစ်ညတာ အနားယူပြီးနောက် လန်ရှင်းယွီ၏ အခြေအနေသည် အလွန်ကောင်းမွန်လာသည်။

အနည်းဆုံးအနေဖြင့် သူမအား ကူညီရန် မည်သူ့ကိုမှ မလိုအပ်တော့ပေ။

သူတို့ စီစဉ်ထားသော နောက်ထပ်နေရာသို့ ဦးတည်ကြသည်။

လန်ရှင်းယွီ၏ အဆိုအရ သူတို့သည် စုစုပေါင်း သံသယဖြစ်ဖွယ် ဧရိယာသုံးခုကို ရှာဖွေမည်ဖြစ်သည်။

ဒုတိယနယ်မြေသည် အနောက်တောင်ဘက် တောင်တန်းဒေသတွင် တည်ရှိသည်။

ထိုနေရာ၌ ပုဂ္ဂလိက ကျောက်မီးသွေးတွင်းတစ်ခု ရှိသော်လည်း ယုံကြည်စိတ်ချရသော အချက်အလက်များအရ ထိုဒေသ၌ ရွှေတွင်းလည်း ရှိနိုင်သည်။

သုံးနာရီကျော်ကြာ ခရီးထွက်ပြီး နောက်ဆုံး၌ သူတို့အဖွဲ့သည် တောထဲမှ ထွက်လာခဲ့သည်။

သူတို့သည် စက်ပစ္စည်းများကို ပြန်လည်တင်ဆောင်ပြီး သူတို့၏ နောက်ထပ်ပစ်မှတ်နေရာသို့ ဆက်သွားကြသည်။

ကျူးရှောင်ကျောင်းသည် သူမ၏ ပုံမှန်အခြေအနေကို ပြန်လည်ရရှိခဲ့သည်။

ခရီးတစ်လျှောက်လုံး သူမ စကားမဆုံးတော့ပေ။

စကားပြောသံကို တရစပ် ကြားနေရသောအခါ ယဲ့ဖန်ခေါင်းကိုက်လာပြီး လမ်းတစ်ဝက်မှာပင် သူမကို ပစ်ချချင်ခဲ့သည်။

သို့သော် ကျူးရှောင်ကျောင်း၏ မေးခွန်းများမှ ယဲ့ဖန်သည် လန်ရှင်းယွီအကြောင်းအချို့ သိလာခဲ့သည်။

ခေါင်းဆောင်လန်၏ အဖေမှာ စူးစမ်းရှာဖွေရေးမှ လုပ်သားဖြစ်ခဲ့ဖူးသည်ဟု ဆိုသည်။

နောက်ပိုင်း၌ သူမ၏ဖခင်သည် လူသူနေထိုင်ခြင်းမရှိသော နေရာတစ်ခုအား စူးစမ်းရှာဖွေရန် သွားခဲ့ပြီး မြေပြိုခြင်းနှင့် ရွှံ့မြေပြိုခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်။

ထို့နောက် သူသည် ပြန်ထွက်မလာခဲ့ပေ။

လန်ရှင်းယွီသည် ထိုအချိန်၌ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနေခဲ့ပြီး ပန်းချီဆရာဖြစ်ရန် ပန်းချီတက္ကသိုလ်သို့ လျှောက်ထားခဲ့သည်။

သို့သော် ထိုကဲ့သို့ လောကဓံမှ ထိုးနှက်ချက်ကိုခံရပြီးနောက် သူမသည် ဖခင်၏အသက်မွေးဝမ်းကြောင်းအား ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ကာ လူကြိုက်များခြင်းမရှိသော ဘူမိဗေဒမေဂျာအား လျှောက်ထားခဲ့သည်။

ခေါင်းဆောင်လန်ကဲ့သို့ လှပသောအမျိုးသမီးသည် ယောက်ျားများပင် လုပ်လေ့မရှိသော စူးစမ်းရှာဖွေရေးအား အဘယ်ကြောင့်လုပ်သည်ကို ယဲ့ဖန် သိချင်နေခဲ့သည်။

ယခုအခါ ထိုမေးခွန်းအတွက် အဖြေရလိုက်သည်။

ဤအမျိုးသမီးကို ယဲ့ဖန် စိတ်ထဲမှ ချီးကျူးမိလေသည်။

ကြမ်းတမ်းသည့်လမ်းများကို ဖြတ်ကာ မောင်းလာကြသည်။

သူတို့၏ ဒုတိယပစ်မှတ်နေရာသို့ ရောက်သောအခါ မွန်းတည့်နေပြီ ဖြစ်သည်။

ကံကောင်းစွာဖြင့် ဤနေရာသည် လူအရောက်နည်းသော နေရာမဟုတ်ပေ။

အနီးနားတွင် ကျောက်မီးသွေးတွင်းတစ်ခု ရှိသောကြောင့် ပတ်ဝန်းကျင်၌ စားသောက်ဆိုင်ငယ်များစွာရှိသည်။

ယဲ့ဖန်တို့ အဖွဲ့သားအားလုံး ကားပေါ်မှ ဆင်းပြီးနောက် တာဝန်ထမ်းဆောင်ရန် အလျင်စလို မလုပ်ခဲ့ကြပေ။

ထိုအစား စားသောက်ရန် စားသောက်ဆိုင်တစ်ဆိုင် ရှာကြသည်။

စူးစမ်းရှာဖွေရေးအဖွဲ့သည် ဆာလောင်နေသော သရဲတစ္ဆေများကဲ့သို့ အစာကို အမဲဖြတ်နေကြသည်။

သို့သော် စားသောက်ဆိုင်ထဲရှိ အခြားကျောက်မီးသွေး မိုင်းတွင်းလုပ်သားများမှာ သူတို့ထက် ပိုဆိုးသော စားသောက်မှုပုံစံ ရှိနေသည်။

ထို့ကြောင့် သူတို့မှာ ကြည့်ရမဆိုးတော့ပေ။

All Chapters