ဒါက ဘယ်သူ့နယ်မြေလဲသိလား
Vol. 72 Ch. 1432
" ဘာကို ပြောချင်နေတာလဲ "
လန်ရှင်းယွီ ဆက်မပြုံးနိုင်တော့ဘဲ ယဲ့ဖန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
အခြားအဖွဲ့ဝင်များမှာလည်း ကြောင်အနေကြကာ ရှင်းပြချက်လိုချင်နေသည်။
ယဲ့ဖန် ပြန်ဖြေတော့မည့်အချိန်တွင် အဝေးမှ ခြေသံများကို ရုတ်တရက် ကြားလိုက်ရကာ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
" သူတို့ ရောက်လာပြီ "
" ဘယ်သူတွေ ရောက်လာတာလဲ ......... "
လန်ရှင်းယွီ၏မေးခွန်း အဆုံးမသတ်ခင်မှာပင် ဦးထုပ်အကြမ်းများ ဝတ်ဆင်ကာ ပေါက်တူးနှင့် တူရွင်းများ ကိုင်ဆောင်ထားသော ယောက်ျားတစ်စုသည် လူသတ်လိုသော အငွေ့အသက်များဖြင့် သူတို့စီသို့ လျှောက်လာနေသည်ကို သူမ တွေ့လိုက်ရသည်။
ထိုလူအုပ်စုမှာ ဆယ့်ငါးယောက်မှ ဆယ့်ခြောက်ယောက်လောက် ရှိနိုင်သည်။
ခေါင်းဆောင်သည် အဖြူရောင် ဦးထုပ်ကို ဝတ်ဆင်ထားပြီး ပါးစပ်ထဲ၌ ဆေးလိပ်တစ်လိပ်ကို ညှပ်ထားကာ ရက်စက်သော ရုပ်ရည်သွင်ပြင်နှင့် လူတစ်ယောက်ဖြစ်သည်။
အစောက ယဲ့ဖန်နှင့် စကားပြောနေသည့် မိုင်းတွင်းလုပ်သားအနည်းငယ်လည်း ပါဝင်ခဲ့သည်။
" ဒီနေရာကို စူးစမ်းရှာဖွေဖို့ မင်းတို့ကို ဘယ်သူက ပြောလဲ။ ဒါက ဘယ်သူ့နယ်မြေလဲ သိလား "
ထိုလူသည် သတ္တုတူရွင်းကို ကိုင်ဆောင်ကာ ပြင်းထန်စွာ မေးသည်။
" ရှင်က ဘယ်သူလဲ "
လန်ရှင်းယွီသည် အနည်းငယ် ကြောက်နေပါသော်လည်း သူမသည် စူးစမ်းရှာဖွေရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။
တစ်စုံတစ်ခုသော ပြဿနာရှိပါက သူမသည် ဖြေရှင်းရန် အစပျိုးလုပ်ဆောင်ရမည် ဖြစ်သည်။
" ငါတို့က မန်းတောင်ကျောက်မီးသွေးတွင်းကပဲ။ ဒါက မန်းတောင်ကျောက်မီးသွေးတွင်းကုမ္ပဏီရဲ့ နယ်မြေ။ ဒုက္ခမဖြစ်ချင်ရင် မြန်မြန်ထွက်သွား "
ထိုလူသည် သူမအား ဖော်ရွေခြင်းမရှ်သောလေသံဖြင့် ပြောလိုက်သည်။
" ကျွန်မတို့က နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ရထားပြီးလို့ စူးစမ်းရှာဖွေရေးလုပ်ငန်းကို တရားဝင် လုပ်ဆောင်နေတာ။ ယုတ္တိမတန်တာတွေ မလုပ်ဖို့ မျှော်လင့်ပါတယ် "
လန်ရှင်းယွီသည် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြပေ။
" ဟားဟား၊ ယုတ္တိမရှိဘူးတဲ့လား။ ငါတို့ မန်းတောင်ကျောက်မီးသွေးတွင်း နယ်မြေကို စူးစမ်းလေ့လာဖို့ ငါတို့သူဌေးစီက ခွင့်ပြုချက်ရပြီးပြီမလို့လား။ ငါမင်းကို နောက်ဆုံးတစ်ခေါက် မေးလိုက်မယ်။ မင်းတို့ ထွက်သွားမှာလား၊ မသွားဘူးလား "
ထိုလူသည် အနည်းငယ် စိတ်မရှည်တော့ပေ။
သူသည် တူရွင်းကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ တူရွင်း၏ အဖျားသည် မြေကြီးထဲသို့ စိုက်ကျသွားလေသည်။
သူ၏ ခြိမ်းခြောက်မှုမှာ ထင်ရှားသည်။
" ကျွန်မ သိသလောက် ဒီနေရာကို ကျောက်မီးသွေးတွင်းက မပိုင်ဘူး။ ရှင် ကျွန်မတို့ ရှာဖွေရေးလုပ်ငန်းမှာ ဝင်မစွက်ဖက်ဘူးလို့ မျှော်လင့်ပါတယ် ....... "
လန်ရှင်းယွီသည် အကြောင်းပြချက်ဖြင့် ရှင်းပြသေးသည်။
သို့သော် ထိုလူသည် သည်းမခံနိုင်တော့ဘဲ သူမကို ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။
" မင်း လူစကားကို နားမလည်ဘူးလား။ အရိုက်ခံချင်တာလား "
လန်ရှင်းယွီ၏ ခန္ဓာကိုယ်သည် အဆိပ်ကြောင့် မူလကတည်းက အားနည်းနေခဲ့သည်။
ထို့ကြောင့် ထိုလူထံမှ ပြင်းထန်စွာ တွန်းခံလိုက်ရသည့်အခါ သူမသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားသည်။
ယဲ့ဖန် လျင်မြန်စွာ တုံ့ပြန်ပြီး သူမကို ဖမ်းလိုက်သည်။
သူမ၏ ခန္ဓာကိုယ်သည် ပျော့ပျောင်းပါသော်လည်း အတွန်းခံရသည့် အရှိန်ကြောင့် သူ့ရင်ဘတ်ကို နာသွားစေဖြစ်သည်။
" ခင်ဗျား အဆင်ပြေရဲ့လား "
ယဲ့ဖန်သည် နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ စိုးရိမ်တကြီးဖြင့် သူမကို အလျင်အမြန်မေးလိုက်သည်။
လန်ရှင်းယွီသည် ခေါင်းယမ်းလိုက်ပြီး ယဲ့ဖန်လက်ထဲမှ လျင်မြန်စွာ ဖယ်သွားသည်။
ထိုလူအုပ်စုမှ လှုပ်ရှားလိုက်သည်ကို တွေ့လိုက်ရသဖြင့် ရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် သူတို့၏ ကိရိယာများကို ကောက်ယူကာ မိုင်းလုပ်သားများကို ကြည့်လိုက်ကြသည်။
" အိုး၊ မင်းတို့က ချချင်တာလား။ ကောင်းပြီလေ၊ မင်းတို့မှာ သတ္တိရှိရင် စမ်းကြည့်လိုက်။ မင်းတို့ ဒီနေ့အသက်ရှင်လျက် ထွက်သွားနိုင်မလား ငါ ကြည့်သေးတာပေါ့ "
ထိုမိုင်းလုပ်သားခေါင်းဆောင်သည် ချက်ချင်းပင် ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
သူ့အနောက်မှ မိုင်းလုပ်သားအုပ်စုကလည်း လက်ထဲမှ ကိရိယာများကို ဝှေ့ယမ်းပြီး မောက်မာစွာ အော်ဟစ်ကြသည်။
" မင်းတို့ တိုက်ချင်တာမလား၊ လာကြစမ်း "
" မင်းတို့က သေဖို့တောင်းဆိုနေတာပဲ "
" မင်းတို့မှာ သတ္တိရှိရင် ဆက်လုပ်လိုက် ...... "
ထိုလူအုပ်စု၏ ခြိမ်းခြောက်မှုအောက်တွင် ရှာဖွေရေးအဖွဲ့သည် အနည်းငယ်တွန့်ဆုတ်သွားခဲ့သည်။
သူတို့သည် လူများရုံသာမက အကျိုးအကြောင်းမသင့်သော လူရမ်းကားများ ဖြစ်သည်။
ပဋိပက္ခတစ်ခု စတင်ဖြစ်လိုက်သည်နှင့် ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။
" အားလုံးပဲ နောက်ပြန်ဆုတ်ကြ "
လန်ရှင်းယွီသည် ရှာဖွေရေးအဖွဲ့အား အမိန့်ပေးလိုက်သည်။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် အနောက်ဆုတ်သွားခဲ့သည်။
မိုင်းလုပ်သားများမှာ ထိုအဖွဲ့ဝင်များ ကြောက်လန့်သွားသည်ဟုထင်ကာ မောက်မာစွာ ရယ်မောကြသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် လန်ရှင်းယွီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
" ကျွန်မရထားတဲ့တာဝန် ဒီမှာရှိတဲ့ သတ္တုသွေးကြောကို စူးစမ်းလေ့လာဖို့ပဲ။ တူးဖော်မှု မပြီးသေးဘဲ ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူး "
တစ်ဖက်မှ မိုင်းတွင်းလုပ်သားခေါင်းဆောင်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး သူ၏အမူအရာသည် တဖြည်းဖြည်း ပို၍ပြင်းထန်လာသည်။
" မင်း သေချင်နေပြီထင်တယ်။ မင်းလူတွေကို ဒီကနေ ထွက်သွားဖို့ သုံးစက္ကန့်အချိန်ပေးမယ် "
" မဟုတ်ရင် ငါ့ကို ရက်စက်တဲ့သူလို့ အပြစ်မတင်နဲ့ "
" တစ် "
အော်သံနှင့်အတူ သူ့လက်ထဲမှ ပေါက်ချွန်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် စတင်၍ စိုးရိမ်ပူပန်လာသည်။
ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ အင်္ကျီလက်ကို ဆွဲကာ တစ်ခုခုစဉ်းစားရန် တောင်းဆိုလိုက်သည်။
သို့သော် လန်ရှင်းယွီ၏ အမူအရာမှာ ဆုံးဖြတ်ချက်ချထားပုံရပြီး သူမသည် လုံးဝ နောက်မဆုတ်ခဲ့ပေ။
" နှစ် "
နောက်ထပ် အော်သံနှင့်အတူ ပေါက်ချွန်းသည် ခေါင်းပေါ်သို့ မြှောက်လိုက်သည်။
သူ့မျက်နှာသည် ရက်စက်သောအသွင်အပြင်ဖြစ်ပြီး ရန်လိုမှုအပြည့်ရှိနေရာ လူတိုင်းကို ထိတ်လန့်စေသည်။
သို့သော် လန်ရှင်းယွီသည် သူ့ကို စိုက်ကြည့်နေရန်သာ ရွေးချယ်ခဲ့သည်။
သူမသည် သေခြင်းတရားကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပုံရသည်။
ထိုလူ၏ မျက်နှယသည် အကြိမ်အနည်းငယ် လှုပ်သွားသည်။
ဤတစ်ကြိမ်၌ သူသည် တစ်ဖက်မှ အရှုံးကို ဝန်ခံလာစေစောင့်နေခြင်း ဖြစ်သည်။
သို့သော် နောက်ဆုံး၌ သူ စိတ်ပျက်သွားရသည်။
လန်ရှင်းယွီသည် လုံးဝ အရှုံးပေးရန် ရည်ရွယ်ချက် မရှိပေ။
" သုံး "
ထိုလူသည် မထိန်းထားတော့ချေ။
သူသည် နောက်ဆုံးအကြိမ် အော်ပြီး သူ့လက်ထဲမှ ပေါက်ချွန်းကို ကိုင်လွှဲလိုက်သည်။
" အား ....... "
ကျူးရှောင်ကျောင်းနှင့် စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ကြောက်လန့်တကြား အော်ဟစ်နေကြပြီဖြစ်သည်။
လန်ရှင်းယွီသည် မျက်လုံးမှိတ်ပြီး သေခြင်းတရားကို စောင့်မျှော်နေသည်။
သူမ၏ ခေါင်းမာသော အကျင့်စရိုက်ကြောင့် သူမသည် ရိုက်နှက်ခံရလျှင်ပင် နောက်ပြန်ဆုတ်သွားမည် မဟုတ်ပေ။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးအနေဖြင့် အကောင်းဆုံးသော အဆုံးသတ်မှာ တာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားခြင်း ဖြစ်သည်။
သို့သော် ............
သူမ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပါသော်လည်း ပေါက်ချွန်းသည် သူမခန္ဓာကိုယ်ပေါ် ကျမလာပေ။
မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ လက်တစ်ဖက်ကို မြင်လိုက်ရသည်။
ထိုလက်သည် ကြီးမားပြီး အစွမ်းထက်ကာ ပေါက်ချွန်း၏ အဆုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ကောင်းကင်ပြိုကျလာသည်ကို ထောက်ပေးထားသည့် ထောက်တိုင်တစ်ခုလို ဖြစ်သည်။
လန်ရှင်းယွီ၏ မျက်လုံးသည် ဖြည်းညှင်းစွာ ပွင့်လာရာ ယဲ့ဖန်၏ စိတ်ပိုင်းဖြတ်ထားသော ဘေးတိုက်မျက်နှာသည် သူမ၏အမြင်အာရုံထဲ၌ ပေါ်လာသည်။
သူတို့နှစ်ယောက်သည် တစ်ရက်တာ ရင်းနှီးပြောဆို နေပါသော်လည်း ယဲ့ဖန်အား သူမ သေချာမကြည့်ခဲ့ဖူးပေ။
ယခုမှ ယဲ့ဖန်မှာ အလွန်ချောမောကြောင်းကို လန်ရှင်းယွီ သိလိုက်ရသည်။
အထူးသဖြင့် ဤအခိုက်အတန့်၌ ပေါ်လွင်နေသောသူ၏ သူရဲကောင်းဆန်သည့် ကိုယ်ရောင်ဝါကြောင့် အလွန်ကြည့်ကောင်းလှသည်။
မိုင်းတွင်းလုပ်သားခေါင်းဆောင်သည် ယဲ့ဖန်၏ လက်ထဲမှ ပေါက်ချွန်းကို ဆွဲထုတ်ရန် ကြိုးစားပါသော်လည်း ယဲ့ဖန်၏ ခွန်အားသည် ကြီးလွန်းသဖြင့် သူ မလှုပ်ရှားနိုင်ပေ။
ဤအသိတရားက သူ့ကို တုန်လှုပ်စေပြီး ဒေါသလည်းဖြစ်စေခဲ့သည်။
ကျောက်မီးသွေးတွင်း၌ အလုပ်လုပ်ကြသည့် လူများမှာ အသက်ရှင်စားသောက်ရန် သူတို့၏ ခွန်အားဗလကို အားကိုးကြရသည်။
ထို့ကြောင့် သူတို့၏ ခွန်အားသည် သာမန်လူများနှင့် နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။
သို့သော် သူ့အရှေ့မှ လူငယ်လေးသည် သူ့ထက်ပင် သန်မာနေသည်။
ဤသည်မှာ အနည်းငယ် မယုံနိုင်စရာကောင်းလှသည်။
သို့သော် သူသည် ထိတ်လန့်သွားပါသော်လည်း တစ်ဖက်လူမှ သူ့အား လူကြားထဲ အရှက်ခွဲသည်ကို သတိထားမိသွားသည်။
ဒီဒေါသကို သူ ဘယ်လိုမျိုနိုင်မှာလဲ။
သူ ထပ်ကြိုးစားသော်လည်း ပေါက်ချွန်းကို ပြန်မဆွဲနိုင်ခဲ့ပေ။
သူ အလွန်ပင် ဒေါသထွက်လာသည်။
" သေလိုက်၊ ခွေးသား "
ထိုမိုင်းလုပ်သားခေါင်းဆောင်သည် ထိုသို့ပြောလျက် လှမ်းကန်သည်။
ယဲ့ဖန်သည် မထိတ်လန့်သွားဘဲ လန်ရှင်းယွီကို ကာကွယ်ရန် သူ့အနောက်သို့ ရွှေ့လိုက်သည်။
ထိုအခါ နူးညံ့သော တစ်စုံတစ်ရာကို ယဲ့ဖန် မတော်တဆ ခံစားလိုက်ရသည်။
သို့သော် လက်ရှိ၌ စဉ်းစားရန် အချိန်မရှိပေ။
ယဲ့ဖန်သည် ပေါက်ချွန်းကို အားဖြင့်ဆွဲယူလိုက်သည်။
မိုင်းလုပ်သားခေါင်းဆောင်သည် ချက်ချင်းပင် ဟန်ချက်ပျက်သွားပြီး ကန်ချက်မှာလည်း လွဲချော်သွားသည့်အပြင် ယဲ့ဖန်မှ သူ၏ ပေါက်ချွန်းကို လုယူသွားခဲ့သည်။
ထိုလူသည် မာနထိခိုက်ပြီး ချက်ချင်း ရူးမတတ်ဒေါသထွက်သွားသည်။
" ခွေးသား၊ ငါ မင်းကို သတ်မယ် ....... "
သူ့စကား အဆုံးမသတ်ခင်မှာပင် ယဲ့ဖန်သည် သူ့ကို ပေါက်ချွန်းဖြင့် ရိုက်လိုက်သည်။
ဘန်း
ပေါက်ချွန်း၏ ချွန်ထက်သော အဆုံးသည် ထိုမိုင်းလုပ်သားခေါင်းဆောင်၏ လုံခြုံရေး ဦးထုပ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ထိုလူကြီးသည် သူ၏ဦးခေါင်းလှုပ်သွားသည်ကိုပင် ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ကြက်သီးလာသည်။
သူ့ဝိညာဉ်ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသလို ဖြစ်နေသည်။
လက်ရှိအချိန်၌ သူ သေရတော့မည်ဟု ထင်မိသည်။
ဦးခေါင်းပေါ်သို့ ပေါက်ချွန်းဖြင့် ပေါက်ခံရပါက မည်သူမဆို ဦးနှောက်တစ်စစီ ဖြစ်သွားပေလိမ့်မည်။