← Chapters

တောင်းပန်တယ်၊ လက်ချော်သွားလို့

Vol. 72 Ch. 1433

တောင်းပန်တယ်၊ လက်ချော်သွားလို့

Vol. 72 Ch. 1433

သို့သော် ဆက်ဖြစ်လာသောမြင်ကွင်းမှာ လူတိုင်းကို ကြောင်အသွားစေသည်။

ထိုလူ၏ခေါင်းမှာ တစ်စစီမဖြစ်သွားသော်လည်း ဦးထုပ်မှာ နှစ်ခြမ်းကွဲသွားသည်။

အားလုံးမှာ နားမလည်နိုင်ဖြစ်ကာ ကြောင်အစွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။

ဒီကောင်လေး အားမရှိတာလား၊ ဒါမှမဟုတ် ဦးထုပ်အရည်အသွေးကပဲ ကောင်းလွန်းနေတာလား။

ယဲ့ဖန်သည် သူတို့ကို စဉ်းစားရန် အချိန်အများကြီးမပေးဘဲ ထိုယောက်ျားကို ကန်ထုတ်လိုက်သည်။

ထို့နောက် ပေါက်ချွန်းကို ကိုင်ပြီး အခြားမိုင်းလုပ်သားတစ်ဦး၏ ဦးခေါင်းကို ရိုက်ခွဲလိုက်ပြန်သည်။

အရှေ့က လုပ်သားခေါင်းဆောင်ကဲ့သို့ပင် ထိုမိုင်းတွင်းလုပ်သားသည်လည်း ဘေးကင်းလေသည်။ သို့သော် သူ့ခေါင်းပေါ်ရှိ လုံခြုံရေးဦးထုပ်မှာ ရိုက်ခွဲခံလိုက်ရပြီး နောက်တစ်စက္ကန့်မှာပင် ယဲ့ဖန်မှ သူ့ကို ကန်ထုတ်ပစ်ခဲ့သည်။

ပထမအကြိမ်မှာ တိုက်ဆိုင်မှုဖြစ်လျှင် ဒုတိယအကြိမ်မှာ ရည်ရွယ်ချက်ရှိသော လုပ်ဆောင်ချက် ဖြစ်သည်။

လန်ရှင်းယွီနှင့် အခြားသူများသည် မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။

လူကို မထိခိုက်စေဘဲ လုံခြုံရေးဦးထုပ်ကို ဘယ်လိုလုပ် ခွဲနိုင်တာလဲ။

မိုင်းလုပ်သားအုပ်စုမှာလည်း သတိကပ်လာပြီး ပေါက်တူးများနှင့် ပေါက်ချွန်းများကို ဝှေ့ယမ်းကာ ယဲ့ဖန်ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်ကြသည်။

ထို့အပြင် ယဲ့ဖန်၏ ပေါက်ချွန်းအသုံးပြုပုံမှာ အလွန်ကောင်းမွန်လှသည်။

ယဲ့ဖန် ပေါက်ချွန်းအသုံးပြုပုံမှာ အလွန်ပင် ပျော့ပြောင်းပြီး မိုင်းသားများ၏ ခေါင်းမှ ဦးထုပ်ကို အကုန်ကွဲသွားစေသည်။

ဘန်း

ဘန်း

ဘန်း

လက်ထဲမှ ပေါက်ချွန်းသည် ပေါက်ချွန်းနှင့်မတူတော့ပေ။

ပန်းချီဆရာလက်ထဲမှ စုတ်တံကဲ့သို့၊ ဂီတပညာရှင်လက်ထဲမှ တူရိယာကဲ့သို့၊ ပန်းပုဆရာလက်ထဲမှ တူရွင်းကဲ့သို့ လှပသေသပ်နေတော့သည်။

ဤသည်မှာ ကြမ်းတမ်းမှုမဟုတ်ဘဲ အနုပညာတစ်ရပ် ဖြစ်လာသည်။

နှစ်မိနစ်မျှသာ ကြာပြီးနောက် မိုင်းတွင်းလုပ်သားများမှာ မြေကြီးပေါ်သို့ လဲကျကုန်တော့သည်။

သို့သော် သူတို့သည် ပေါက်ချွန်းကြောင့် မဟုတ်ဘဲ ယဲ့ဖန်၏ ကန်ချက်ကြောင့် ထိခိုက်ဒဏ်ရာရသွားကြခြင်း ဖြစ်သည်။

ထိုသည်အပြင် မြေကြီးပေါ်၌ ဦးထုပ်ကွဲများ ပြန့်ကျဲနေသည်။

လဲကျနေသော မိုင်းသားများထက် မြေပေါ်ရှိ ဦးထုပ်များမှာ ပိုထိတ်လန့်စရာကောင်းသည်။

လန်ရှင်းယွီ၊ ကျူးရှောင်ကျောင်းနှင့် စူးစမ်းရေးအဖွဲ့သားများသည် ထိုမြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။

ပေါက်ချွန်းဖြင့် လူသတ်ရန်မှာ မခက်ခဲပေ။

သို့သော် ဦးထုပ်အားကွဲစေပြီးခါမှ ခေါင်းမကွဲသည်မှာ ထူးဆန်းလှသည်။

" သူ ဘယ်လိုလုပ်တာလဲ "

လန်ရှင်းယွီသည် ဘေး၌ရှိနေသော ကျူးရှောင်ကျောင်းအား မေးခွန်းများပြည့်နှက်နေသည့် မျက်နှာထားဖြင့်ကြည့်သည်။

" ညီ .... ညီမလည်း မသိဘူး "

ကျူးရှောင်ကျောင်းသည် ခါးသီးစွာ ပြုံးလိုက်လေသည်။

ယဲ့ဖန်သည် လွန်စွာ ခွန်အားကြီးသည်ကို သူမ သိထားပါသော်လည်း ဤသို့ ခွန်အားကိုပါကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သည်ကို မသိထားပေ။

အမှန်၌ ယဲ့ဖန်သည်လည်း သူ၏ခွန်အားကို စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

ရလဒ်မှာ သူ့ကို အလွန်ပင် စိတ်ကျေနပ်စေသည်။

သို့သော် ဤသည်မှာ အမြင့်ဆုံးအဆင့် မဟုတ်သေးပေ။

သူ၏ဆရာ လျုံဝမ်းယွမ်ပြောကြားချက်အရ ထိပ်ဆုံးအဆင့်ဆရာကြီးတစ်ယောက်သည် လက်ချောင်းထိပ်ဖြင့်ပင် လက်ရေးလှစာရေးနိုင်သည်။

ထို့အပြင် စုတ်ချက်တိုင်းမှာ သေသပ်ပြီး လှပသည်။

ခွန်အားကို ထိပ်ဆုံးအဆင့်အထိ ထိန်းချုပ်နိုင်မှသာ ထိုသို့ ပြည့်စုံမှုကို ရပေမည်။

ယဲ့ဖန်သည် ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး ပေါက်ချွန်းကို ကိုင်ပြီး မိုင်းသားခေါင်းဆောင်စီသို့ လျှောက်သွားသည်။

" မင်း ..... မင်း ဘာလုပ်နေတာလဲ "

ထိုမိုင်းသားခေါင်းဆောင်သည် သူ့လက်ကို မြေပေါ် ထောက်လျက် နောက်ပြန်ဆုတ်နေသည်။

" ခင်ဗျားကို ဘယ်သူလွှတ်လိုက်တာလဲ "

ထိုလူများ၏ နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိနေသည်ကို ယဲ့ဖန် သိလေသည်။

" ငါတို့သူဌေးပဲ "

ယဲ့ဖန်မှ တိုက်ခိုက်ရန် စတင်ခြင်းမရှိသည်ကို မြင်လိုက်ရသဖြင့် ထိုလူမှာ အနည်းငယ် ငြိမ်သက်သွားသည်။

" ခင်ဗျားရဲ့သူဌေးနာမည်က ဘာလဲ "

ယဲ့ဖန်မှ ဆက်မေးလေသည်။

" လု ...... လုကျင်းရွှေ။ မင်းကို မြန်မြန်ထွက်သွားဖို့ ငါ အကြံပေးမယ်။ ငါတို့သူဌေးရောက်လာရင် ရလဒ်ကောင်းရမှာ မဟုတ်ဘူး "

ထိုလူသည် သူဌေးအကြောင်းကို ပြောသောအခါ ယုံကြည်မှုအနည်းငယ်ရှိလာပြီး ပြန်လည် အော်ဟစ်လာသည်။

" လုကျင်းရွှေတဲ့လား။ သူက မောက်မာရဲမှာလား "

ယဲ့ဖန်သည် ချက်ချင်းပင် သူ၏ အထင်သေးမှုကို ထုတ်ဖော်လိုက်သည်။

" ခွေးသား၊ အစ်ကိုရွှေက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း မသိဘူး။ မင်း အစ်ကိုရွှေရဲ့ လက်ထဲရောက်သွားရင် ယောက်ျားဆို အရှင်လတ်လတ် အမြှုပ်ခံရပြီး မိန်းမဆို အသတ်ခံရလိမ့်မယ် ...... "

သူ၏စကား မဆုံးခင်မှာပင် ယဲ့ဖန်၏လက်ထဲမှ ပေါက်ချွန်းသည် ရုတ်တရက် ပြုတ်ကျလာသည်။

ပေါက်ချွန်း၏ချွန်ထက်သော အဆုံးသည် ထိုလူ၏ပေါင်ကို ထိမှန်သွားသည်။

ထိုမိုင်းလုပ်သားသည် ခေါင်းပင် ထုံကျင်သွားစေသည်အထိ ပြင်းထန်စွာ အော်လိုက်သည်။

" အိုက်ယား၊ တောင်းပန်ပါတယ်။ လက်ချော်သွားလို့ "

ယဲ့ဖန်သည် တောင်းပန်စကားပြောပြီး ပေါက်ချွန်းကို ဆွဲထုတ်သည်။

" အား ........ "

ပေါက်ချွန်းကို ဆွဲထုတ်လိုက်သည့်အခါ ထိုမိုင်းလုပ်သား၏ပေါင်မှ သွေးများ ချက်ချင်း ထွက်ကျလာသည်။

နာကျင်မှုကြောင့် မျက်လုံးပြူးသွားရသည်။

ယဲ့ဖန်၏ ရက်စက်သောနည်းလမ်းကို မြင်ပြီး ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်။

ယဲ့ဖန် လက်ချော်သည်ဟု ပြောလိုက်သည်ကို မည်သူမှ မယုံပေ။

ယဲ့ဖန်သည် သူတို့၏ အတွေးများကို ဂရုမစိုက်ဘဲ လက်ထဲမှ ပေါက်ချွန်းကို ကိုင်ကာ ထိုလူကို ပြုံးပြလိုက်သည်။

" ခင်ဗျားရဲ့ သူဌေးကို ဖုန်းဆက်ပြီး ငါးမိနစ်အတွင်း ဒီကိုလာဖို့ ပြောလိုက်။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ အလောင်းတွေကို မြှုပ်ပေးမယ် "

ယဲ့ဖန်သည် ပြုံးလျက် ပြောနေပါသော်လည်း ထိုလူ၏ မျက်လုံးထဲ၌ အန္တရာယ်ရှိသည့် သရဲတစ္ဆေတစ်ကောင်ထက် ပိုကြောက်စရာကောင်းနေသည်။

ထိုလူသည်လည်း ပေါ့ဆမနေရဲဘဲ ဖုန်းခေါ်ရန် ဖုန်းကို အမြန်ထုတ်လိုက်သည်။

" အစ်ကိုရွှေ၊ ကျွန်တော်ပါ။ ကျွန်တော်တို့ အရိုက်ခံရတယ် ........ "

" ယဲ့ဖန်၊ ဒီနေရာကနေ ထွက်သွားရအောင် "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်၏ ဘေးသို့ အလျင်အမြန် လျှောက်လာပြီး သူ့ကို စိုးရိမ်တကြီး ကြည့်သည်။

သူမသည် ကျောက်မီးသွေးတွင်းများအကြောင်း ပုံပြင်အဖြစ် များစွာ ကြားသိခဲ့ရပြီး ထိုလူများသည် အလွန်ရက်စက်ကြကြောင်း သိလေသည်။

ဤနေရာသည် ထိုမိုင်းသားများ၏ နယ်မြေဖြစ်သည်။

ဆက်ပြီး ပြဿနာဖြစ်ပါက သူတို့အတွက် ဒုက္ခများနိုင်သည်။

" စိတ်မပူနဲ့၊ မင်းလူက ယုံကြည်ချက်မရှိတဲ့တိုက်ပွဲကို တိုက်မှာမဟုတ်ဘူး "

ယဲ့ဖန် လှည့်ကြည့်ကာ သူမကို မျက်စိမှိတ်ပြလိုက်သည်။

ကျူးရှောင်ကျောင်း၏ မျက်နှာ နီရဲလာပြီး ယဲ့ဖန်ရင်ဘတ်ကို လက်သီးဖြင့် ထိုးလေသည်။

" ဘာတွေ လျှောက်ပြောနေတာလဲ "

" ကိုယ် မဟုတ်တဲ့စကား မပြောပါဘူး။ မနေ့ညက ကိုယ့်ကောင်မလေးဖြစ်ချင်တယ်လို့ ဘယ်သူပြောတာလဲ "

ယဲ့ဖန်သည် သူတို့ဘယ်ရောက်နေသည်လဲ ဂရုမစိုက်ဘဲ ပတ်ဝန်းကျင်၌ ဘယ်သူမှမရှိသလို ကျူးရှောင်ကျောင်းနှင့် ပရောပရည် လုပ်နေသည်။

လူတိုင်းမှာ သူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

ဤသို့ စိတ်ဓာတ်မျိုး မည်သူမှ မရှိနိုင်ပေ။

လန်ရှင်းယွီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်၏ အပြုအမူကို သူမ သည်းမခံနိုင်ပေ။

မူလမိုင်းသတ္တုတွင်းရဲ့ သူဌေးကြီးအနေနဲ့ သူ ပိုပြီးလေးနက်သင့်တယ် မဟုတ်လား။

ဘယ်လိုလုပ် လူမြင်ကွင်းမှာ မိန်းကလေးတစ်ယောက်နဲ့ အီစီကလီ လုပ်နိုင်တာလဲ။

အေးဆေးတည်ငြိမ်နေသည် လေထုသည် ကြာရှည်မခံလိုက်ဘဲ ကားအင်ဂျင်သံ ကြားလိုက်ရသည်။

အဝေးမှ စုတ်ပြတ်နေသော ကုန်တင်ကားကြီးတစ်စီး သူတို့စီသို့ မောင်းနှင်လာသည်ကို မြင်လိုက်ကြရသည်။

ထိုကားသည် ကျောက်မီးသွေးများကို ဆွဲထုတ်သည့် ကားမျိုးဖြစ်သည်။

ကားကြီးသည် ကျောက်မီးသွေးမှုန်များကြောင့် မည်းနက်နေသည်။

ထရပ်ကားပေါ်၌ အနည်းဆုံး လူငါးဆယ်ခန့် လိုက်ပါလာသည်။

ထိုလူများအားလုံးကို ကျောက်မီးသွေးမှုန်များ ပေကျံနေပြီး လက်ထဲ၌လည်း သတ္တုကိရိယာမျိုးစုံကို ကိုင်ဆောင်ထားသည်။

" အော်၊ ဒါက အဓိကအဖွဲ့ပဲ "

ယဲ့ဖန်သည် ဤလူများ ပေါ်လာပုံကြောင့် အံ့အားသင့်သွားရသည်။ ထိုလူများမှာ စစ်တပ်ကြီးကဲ့သို့ပင် ဖြစ်သည်။

ပီ ........

ထရပ်ကားသည် သိပ်မဝေးသည့် တစ်နေရာ၌ ရပ်သွားသည်။

တံခါးပွင့်လာပြီးနောက် ထိပ်ပြောင်ဖြင့်လူတစ်ယောက် ကားပေါ်မှ ခုန်ဆင်းလာသည်။

ထိုလူသည် သူ့အနောက်မှ လူများကို လှမ်းအော်သည်။

" ထရပ်ကားပေါ်ကနေ ဆင်းကြ။ ဒီခွေးသားက ငါ့နယ်မြေမှာ ဒုက္ခပေးရဲတဲ့သူက သေချင်နေတာပဲ ...... "

ထရပ်ကားပေါ်မှ လူအုပ်ကြီးသည် ကားပေါ်မှ ခုန်ဆင်းလာကြသည်။

ထိုအုပ်စုအား ခေါင်းဆောင်လာသူသည် လှည့်ပြီးနောက် ကုန်တင်ကားပေါ်မှ ပိုက်ပုံသဏ္ဍာန်ရှိသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။

လန်ရှင်းယွီ၊ ကျူးရှောင်ကျောင်းနှင့် စူးစမ်းရှာဖွေရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များသည် ထိုလူထုတ်သောအရာကို မြင်သောအခါ ထိတ်လန့်သွားကြသည်။

အမဲလိုက်သေနတ်တစ်လက် ဖြစ်လေသည်။

" ယဲ့ဖန် မြန်မြန်ထွက်သွားရအောင် "

လန်ရှင်းယွီသည်လည်း ဤအကြိမ်၌ စိုးရိမ်နေသည်။

ထိုလုကျင်းရွှေဆိုသူသည် သေနတ်တစ်လက် ယူလာသည်အထိ ရူးသွပ်နေလိမ့်မည်ဟု သူမ မျှော်လင့်ထားချေ။

ဤသည်ကို ကောင်းမွန်စွာ မကိုင်တွယ်ပါက တကယ်ပင် သေသွားနိုင်သည်။

ယဲ့ဖန်သည် မျက်လုံးများကို မှေးထားကာ ထိုလူကို ကြည့်လိုက်ပြီး လှည့်ကြည့်ကာ စူးစမ်းရှာဖွေရေးအဖွဲ့ဝင်များကို အမိန့်ပေးလိုက်သည်။

" ခင်ဗျားတို့ ခေါင်းဆောင်လန်နဲ့ မိန်းကလေးကျူးတို့ကို ဘေးကင်းရာ ခေါ်သွားကြ "

All Chapters