← Chapters

အပိုင်း (၂၈၀)

Vol. 21 Ch. 280

အပိုင်း (၂၈၀)

Vol. 21 Ch. 280

ကောင်းကင်နှင့် ယှဉ်ပြိုင်ကာတိုက်ခိုက်ခြင်းသည် အဆုံးစမဲ့သော ပျော်ရွှင်မှုတစ်ခု ဖြစ်၏။ မြေပြင်နှင့် ယှဉ်ပြိုင်ကာတိုက်ခိုက်ခြင်းသည် အဆုံးစမဲ့သော ပျော်ရွှင်မှုတစ်ခု ဖြစ်၏။ တခြားသောသူများ နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသည် အဆုံးစမဲ့သော ပျော်ရွှင်မှုတစ်ခု ဖြစ်၏။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် ထိုအရာကို မပြုလုပ်ဘဲ မနေနိုင်ချေ။ သို့ပေမည့် တခြားသောသူများနှင့် တိုက်ခိုက်ခြင်းသည် အဆုံးမဲ့သည့် ပျော်ရွှင်မှုတစ်ခုဖြစ်သည် ဆိုလျှင်တောင် ကောင်းကောင်း သတိထားမှ ဖြစ်ပေမည်။

နယ်စားကြီး စုနန်သည် ကောက်ကျစ်လွန်းသည့် မြေခွေးအိုကြီးဖြစ်ပြီး အလှည့်အပြောင်းများသည့် လူတစ်ယောက်လည်း ဖြစ်၏။ မျက်နှာပြင်ထက်တွင် ဘုရင်မင်းမြတ်၏ အောက်ဆွဲတစ်ယောက်အဖြစ် ပြုမှုနေထိုင်နေသည့်အပြင် ဘုရင်မင်းမြတ်၏စိတ်ဆန္ဒကို မည်သည့်အခြေခံစည်းမျဉ်းမှ မရှိဘဲ ထောက်ပံ့ပေးလျက် ရှိနေသည့် လူတစ်ယောက်ဟု သရုပ်ဖော်ထားသည်။ သို့ပေမည့် ထိုအရာသည် အပြင်ဘက်ပိုင်းမှာသာ ဖြစ်၏။

ဘုရင်မင်းမြတ်သည် စုနန်နှင့် သီးသန့်ရင်ဆိုင်ရမှုသည် မည်မျှ ခက်ခဲကြောင်း ကောင်းကောင်း နားလည်သိရှိ၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် အဆိပ်လူးထားသည့် အပ်တစ်စင်းကဲ့သို့ပင်။ ထို့အပြင် အနည်းငယ်လည်း စိတ်တိုစရာ ကောင်းသည်။

မျက်နှာပြင်ထက်တွင် စုမိသားစု၏ မဟာဗျူဟာအားလုံးတို့သည် ဘုရင်မင်းမြတ် စိတ်ဆန္ဒအတိုင်း ပြုလုပ်သည့် အရာအားလုံးကို ထောက်ပံ့ပေးသည့်ပုံပေါ်၏။ သို့ပေမည့် အစစ်အမှန်တရားမှာတော့ ချင်နိုင်ငံသည်သာ နံပါတ်တစ် ဖြစ်၏။ ချင်နိုင်ငံသည်သာလျှင် သူ့အတွက် အရေးကြီး၏။

လွန်ခဲ့သည့် ဆယ်စုနှစ်တည်းက စုမိသားစုသည် ထိုမဟာဗျူဟာကို စတင်နင်းလျှောက်ခဲ့ခြင်းဖြစ်၏။ အချိန်အတိုင်းအတာတစ်ခုအထိ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်၏။ ချင်နိုင်ငံနှင့် စုမိသားစုသည် ခွဲခွာ၍ မရနိုင်သည့် သွေးသောက်မဟာမိတ်များအဖြစ်သို့ပင် ပြောင်းလဲလာခဲ့၏။ စုမိသားစုသည် ရွှဲ့ပြည်နယ်၏ နိုင်ငံရေးရာ မဟာဗျူဟာများ အားလုံးကို မောင်ပိုင်စီးထား၏။ ထိုအထဲတွင် ချင်နိုင်ငံကလည်း တစ်ခုအပါအဝင်ပင်။

အချက်အလက်အားဖြင့် ပြောရမည်ဆိုလျှင် ကျင်းမိသားစု၏ အရှေ့ဘက်ပင်လယ်ပြင်တစ်ခုလုံးကို အုပ်စိုးထားသည့် မဟာဗျူဟာနှင့် ခြားနားခြင်း မရှိချေ။ ပိုမို၍ပင် ဆိုးဝါးလွန်းလျက် ရှိနေ၏။ ကျင်းကျိုးသည် ခေါင်းမာတတ်သည့် လူတစ်ယောက်ဖြစ်သော်လည်း ဖြောင့်မတ်ပြီး ရိုးသားသူဖြစ်၏။ မဆိုင်သည့် အရာများကို ဘယ်တော့မှ ပြုလုပ်လေ့မရှိချေ။ သူ့ကြောင့် တစ်ပါးသူ ဒုက္ခရောက်ခြင်းဆိုသည်မှာ တစ်ခါမှပင် မကြားဖူးချေ။

ဟုတ်ပေ၏။ ထိုသို့ဆိုလျှင်တောင်မှ ဘုရင်မင်းမြတ်သည် တစ်ဖက်လူ၏ လည်ကုပ်ပေါ်သို့ သားသတ်ဓား တစ်ချောင်း တင်ပေးခဲ့၏။ ချီးထဲမှ.... ဤလောကကြီး၏ ကျိုးကြောင်းဆီလျော်မှု ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။

လက်ရှိအချိန်တွင်မှာတော့ ကျင်းကျိုးသည် နုရှောင့်မြို့ တစ်ခုလုံးကို သိမ်းဆည်းထားခဲ့၏။ ဘုရင်မင်းမြတ်သည် အလွန်တရာ ဒေါသထွက်၏။ စစ်သည်များကို စေလွှတ်ကာ ဖျက်ဆီးတိုက်ခိုက်ချင်စိတ်ပင် ပေါက်၏။ သို့ပေမည့် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် သူသည် ပထမဦးဆုံး အကျိုးအမြတ်ကို စတင်ကာ စဉ်းစား၏။ သူ့အနေနှင့် ရှမ့်လန်ကို မျက်စိဒေါက်ထောက် ကြည့်ရှုနိုင်မည်ဆိုပါက ကျင်းကျိုးသည် သူ့ကို ဘယ်တော့မှ ပုန်ကန်လိမ့်မည် မဟုတ်ချေ။

အခြားတစ်ဖက်က ကြည့်ရှုရမည် ဆိုလျှင် စုမိသားစုမှာတော့ ပြောရခက်၏။ နိုင်ငံရေးရာမူဝါဒသစ်ကိုသာ စုမိသားစုဆီသို့ ပစ်မှတ်ထားသည်ဆိုပါက စုနန်သည် မျက်နှာပြင်ထက်တွင် ပွင့်ပွင့်လင်းလင်း ပုန်ကန်မည် မဟုတ်သော်လည်း ချင်နိုင်ငံမှ စစ်သည်များသည် ရွဲ့ပြည်နယ်ထဲသို့ဝင်ပြီး ပြဿနာရှာပေလိမ့်မည်။ စစ်ပွဲ၏ မီးတောက်များသည် နေရာအနှံ့တွင် တောက်လောင်ပေလိမ့်မည်။

ရွှဲ့ပြည်နယ်၏ အရှေ့ဘက် စစ်တပ်တစ်ခုလုံးသည် ချူပြည်နယ်နှင့် ရင်ဆိုင်ရသောကြောင့် ကြီးမားသည့် ဖိအားဒဏ်အောက်သို့ ရောက်ရှိနေခဲ့၏။ တကယ်၍ ချင်နိုင်ငံနှင့်သာ ထပ်မံတိုက်ခိုက်မည် ဆိုပါက စစ်သည်များသည် မောပန်းနွမ်းနယ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချူပြည်နယ်သည် အခွင့်အရေးတစ်ခုကို ရရှိမှာ သေချာ၏။

ထို့ကြောင့်ပင်လျှင် မူဝါဒအသစ်သည် စုမိသားစုပေါ် မသက်ရောက်ခြင်းဖြစ်သည်။ ထိုအစား အရေးကြီးဆုံး အခိုက်အတန့်တွင် ဘုရင်မင်းမြတ်သည် စုနန်အား အိမ်ရှေ့စံ၏ အငယ်တန်း စောင့်ရှောက်သူ၊ စစ်တပ်၏ စစ်သူကြီး တစ်ယောက်အဖြစ် ရာထူးဘွဲ့ ပေးအပ်ခဲ့သည်။

ထိုအတောအတွင်း ချင်နိုင်ငံ၏ သံတမန်များနှင့် စစ်သည်များသည် ရွဲ့ပြည်နယ်အတွင်း၌ ထင်တိုင်းကျဲလျက် ရှိကြသည်။ သို့ပေမည့် တခြားနေရာများမှာတော့ မဟုတ်ပေ။ စုကလန်၏ ပိုင်နက်အတွင်းမှာသာ ဖြစ်သည်။

ချင်နိုင်ငံနှင့် ရင်ဆိုင်သည့်နေရာတွင် စုနန်သည် အရေးပါသော လူတစ်ယောက်ဖြစ်နေသည်။ ထို့ကြောင့်ပင်လျှင် ဘုရင်မင်းမြတ်သည် တချို့သောကိစ္စများကို လစ်လျူရှုပေးထားခဲ့၏။ မဟုတ်ပါက သူနှင့် ခပ်ဝေးဝေးသို့ ပို့လွှတ်ထားမိမှာ သေချာသည်။ စုနန်သည် ကောက်ကျစ်လွန်းသော မြေခွေးအိုကြီးတစ်ကောင် ဖြစ်မှန်း သူ သေချာသိ၏။

ဤလူသည် တကယ့်ကို ကိုင်တွယ်ရ ခက်ခဲသည့် လူတစ်ယောက် ဖြစ်၏။ မျက်နှာပြင်ထက်တွင် သစ္စာတရားရှိပြီး အမိန့်နာခံမည့် လူတစ်ယောက် ဖြစ်ပုံသော်လည်း တကယ့်တကယ်တမ်းမှာတော့ အလွန်ပင် ထိန်းချုပ်ရ ခက်ခဲသည့် လူတစ်ယောက် ဖြစ်သည်။

နန်းတွင်း၏ ညီလာခံတက်ရောက်နိုင်သော အဆင့်မြင့် ဝန်ကြီး၊ ဝန်ငယ်၊ နယ်စား၊ စစ်သူကြီးတို့ကြားတွင် ကြီးမားသော အာဏာကွန်ထက်တစ်ခုကို ဖွဲ့စည်းထားနိုင်သေး၏။

မူလအားဖြင့် နန်းတွင်း၌ အဖွဲ့အစည်းနှစ်ခုသာရှိ၏။ အိမ်ရှေ့စံမင်းသား၏ အဖွဲ့အစည်းနှင့် တတိယမင်းသား၏ အဖွဲ့အစည်းပင်၏။ စုနန် ညီလာခံအဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် ကြားနေအဖွဲ့အစည်း ဆိုသော အဖွဲ့အစည်းတစ်ခုကို အချိန်အတိုင်းအတာတိုအတွင်း ဖွဲ့စည်းခဲ့သည်။ သုံးဦးသုံးဖလှယ် အဖွဲ့အစည်း သုံးခုသည် ဘက်ညီမျှလျက် ရှိသည်။

အိမ်ရှေ့စံမင်းသား နှင့် တတိယမင်းသား တို့သည် ကြားနေအဖွဲ့အစည်း၏ ထောက်ပံ့မှုကိုရရှိရန် အားသွန်ခွန်စိုက် ကြိုးစားလာခဲ့ကြ၏။

စုနန်အနေနှင့် ဘုရင်မင်းမြတ်ကို ထောက်ပံ့သည်ဟုသာ ဆက်တိုက် ပြောဆိုနေသော်လည်း သူ၏ ဆိုလိုရင်းမှာ နန်းပုလ္လင်ပေါ်သို့ တက်ရောက်လာသည့် မည်သူ့ကိုမဆို ထောက်ပံ့မည်ပင်။ ထို့ကြောင့်ပင်လျှင် ကြားနေအဖွဲ့အစည်းကို ကြည့်ရှုရသည်မှာ ဘုရင်မင်းမြတ်၏ တိုက်ရိုက်အာဏာစက်ကို ပိုင်ဆိုင်သည့်လူများဟု သုံးသပ်နိုင်သည်။

ဘုရင်မင်းမြတ်သည် ထိုအဖွဲ့အစည်းကို ဖျက်ဆီးရမည်လား။ မဖြစ်နိုင်ပေ။ သူသည် လက်ရှိ ဘုရင်မင်းမြတ် ဖြစ်သည်။ ဘုရင်မင်းမြတ်ကို အလုံးစုံထောက်ခံပါသည်ဆိုသော အဖွဲ့အစည်းကို သူ မည်သို့ ဖျက်ဆီး၍ရမည်နည်း။

တောင်ပိုင်းနိုင်ငံနှင့် စစ်ဖြစ်ပွားနေစဉ်မှာပဲ ချင်နိုင်ငံ၏ စစ်သည်များသည် ရွဲ့ပြည်နယ်ထဲသို့ ဝင်ရောက်ပြီး လုပ်ချင်ရာကို လုပ်ကြတော့သည်။ အထိန်းအကွပ် မရှိတော့သည့်ပုံပင်။ ထိုအရာများသည် စုနန်၏ စနက် ကင်းပါမည်လားဟု နင်ယွမ်ရှန်းက သံသယရှိမိနေသည်။

ထိုသို့ဆိုလျှင် သူ အဘယ်ကြောင့် စုနန်ကို မတွေ့ဆုံဘဲ ရှမ့်လန်အား အရင်ခေါ်ခိုင်းရသနည်း။

တစ်ဖက်လူ၏ တောင်းပန်မှုကို လက်မခံရသေးခင် လူထု၏ အမြင်သဘောထားကို သိရှိရန်လိုအပ်သည်။ လူထု၏ စိတ်ခံစားချက်ကို စောင့်မျှော်သည်က အကောင်းဆုံးဖြစ်၏။

မည်ကဲ့သို့သောအခြေအနေပဲဖြစ်ဖြစ် ကြီးမားသည့်နိုင်ငံရေးပြဿနာကြီးတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဘုံကျောင်းပြဿနာ ပိုမို၍ ကြီးထွားလေ စုနန် ရင်ဆိုင်ရမည့်ပြဿနာက ပိုမိုကာ ကြီးမားလေ ဖြစ်၏။ ထိုအချိန်မှသာလျှင် သူသည် အဆုံးအဖြတ်ချမှတ်ရန် စဉ်းစားထားသည်။

ထိုအချိန်မှာပင် အလွန်လှပပြီး ကြည့်ကောင်းလွန်းသည့် အမျိုးသမီးတစ်ယောက်သည် နန်းဆောင်ထဲသို့ လှမ်းဝင်လာခဲ့၏။ စုနန်၏ ညီမငယ် စုဖေးပင် ဖြစ်၏။ နင်ကျန်း၊ နင်ကျင်းတို့၏ မွေးမိခင်ရင်းပင် ဖြစ်၏။ “မိဖုရားက အရှင်မင်းကြီးကို လာပြီးတော့ ဂါရဝပြုပါတယ်”

ဘုရင်မင်းမြတ်သည် ကြင်နာစွာ ပြောလိုက်သည်။ “အင်း.. ဒီအချိန်က နည်းနည်းအေးနေတယ်။ မြေပြင်ကလည်း အေးနေတယ် မဟုတ်လား။ မိဖုရား.. ထပါ။ မိုးတောင် မလင်းသေးဘူး။ ဘယ်လိုဖြစ်ပြီး အစောကြီး ရောက်လာရ တာလဲ”

စုဖေးက ပြောလိုက်၏။ “မိဖုရားက ပညာကောင်းကောင်း တတ်မြောက်ခြင်း မရှိဘူး ဆိုရင်တောင်မှ လောကမှာ ရှိနေတဲ့ လူတွေရဲ့ သစ္စာတရားကို ဖော်ညွှန်းတဲ့ ဘုံကျောင်းကြီးအကြောင်းကို ကောင်းကောင်း သိပါတယ်။ ဘုံကျောင်းကြီးက ချင်နိုင်ငံလူဆိုးလူမိုက်တွေရဲ့ မီးရှို့ခြင်းကို ခံခဲ့ရတယ်။ ဒါ့ကြောင့် အရှင်မင်းကြီး စိတ်ထိခိုက်နေမှာကို စိုးရိမ်မိတယ်။ ဒါကြောင့် စိတ်ပူမိလို့ လာကြည့်တာပါ”

စုဖေးသည် မြေပြင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ အရာအားလုံးတို့သည် ပျက်စီးလျက် ရှိနေ၏။ ဒေါသတကြီးဖြင့် ဖျက်ဆီးထားသည့် အရာမျိုးပင်။ မဟော်ဂနီရောင် စားပွဲကြီးကလည်း ကွဲအက်လျက် ရှိနေ၏။

ထိုအရာသည် ဘုရင်မင်းမြတ်၏ ထက်ရှသည့် ဓားချက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ဘုရင်မင်းမြတ်သည် အနီးအနားရှိ မိန်းမစိုးများကို ဆယ်ကြိမ်ထက်မနည်း ရိုက်နှက်ခဲ့ပြီးပြီ ဖြစ်သည်။ ထိုမှသာ သူ၏ ဒေါသတရားကို ဖြေလျော့နိုင်ပေလိမ့်မည်။ သူသည် စိတ်ထိန်းရပေမည်။ သို့ပေမည့် ဒေါသထွက်နေသည်ဆိုခြင်းကို တခြားသူများ လည်း သိရှိရပေမည်။

စုဖေးအနေနှင့် တစ်စုံတစ်ခုကို ပြောချင်၏။ သို့ပေမည့် တွန့်ဆုတ်လျက် ရှိနေ၏။ တကယ်တမ်းပြောရမည် ဆိုလျှင် သူမသည် သူမ၏အစ်ကိုစုနန်အတွက် လာရောက်တောင်းပန်ခြင်း ဖြစ်၏။ သို့ပေမည့် မိဖုရားများအနေနှင့် နိုင်ငံရေးရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခွင့် မရှိချေ။ ထို့ကြောင့် သူမ ပြောဆို၍ မဖြစ်နိုင်ခြင်းပင်။

သူမ ထုတ်ဖော်ပြောဆို၍ မရလျှင်တောင် အနည်းဆုံး သူမ၏ မျက်လုံးထဲတွင် ရှိနေသည့် အရိပ်သင်္ကေတများကို ဘုရင်မင်းမြတ်ကို ပြသ၍ ရသည်။ ထို့ကြောင့် လာခဲ့ခြင်းဖြစ်သည်။

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “စိတ်ပူမနေပါနဲ့။ နယ်စားကြီး စုနန်က တကယ့်ကို အလုပ်ကြိုးစားခဲ့တာပဲ။ သူက နိုင်ငံအတွက် ကောင်းမွန်တဲ့ အရာတွေကို ပြုလုပ်ခဲ့တယ်။ ကျုပ် ဘယ်လိုလုပ် သူ့ကို အပြစ်တင်ရမှာလဲ။ အေးအေးသာသာနဲ့ သွားပြီး အနားယူတော့”

စုဖေးက ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ မိဖုရား ထွက်သွားပါအုံးမယ်”

ထွက်ခွာသွားခဲ့ပြီးနောက် စုဖေး၏ မျက်လုံးများထဲတွင် တွေဝေငေးငိုင်သည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ သူမ၏ အတွေ့အကြုံအရဆိုလျှင် ဘုရင်မင်းမြတ်၏ တုံ့ပြန်မှုက မကောင်းချေ။ စုဖေးသည် ဤနေရာဆီသို့ ရောက်ရှိလာခဲ့သည်မှာ ရည်ရွယ်ချက်ရှိရှိနှင့် ဖြစ်၏။ ဘုရင်မင်းမြတ်အနေနှင့် စုနန်ကို အရင်ဆုံး တွေ့သင့်သည်။ သို့ပေမည့် အပြင်ဘက်၌သာ စောင့်ခိုင်းထား၏။

အဘယ်ကြောင့်နည်း။

ညီလာခံစတင်ရန် နှစ်နာရီကျော် ကျန်သေး၏။ ဘုံကျောင်းမီးလောင်မှုသည် ကျိန်းသေပေါက် အရာအားလုံးကို လောင်ကျွမ်းလိုက်သကဲ့သို့ပင် ဆူညံပွက်လောရိုက်လျက် ရှိ၏။ ထို့ကြောင့် စုနန်အနေနှင့် ကျိန်းသေပေါက် ကြိုတင်ကာ ရောက်ရှိလာခဲ့ပြီး သူ၏ အပြစ်ကို ဝန်ခံရပေလိမ့်မည်။

နင်ယွမ်ရှန်းသည် နိုင်ငံ၏ အုပ်စိုးသူတစ်ယောက် ဖြစ်၏။ လာရောက်တောင်းပန်သည် ဆိုပါက ကျိန်းသေပေါက် ထောက်ထား ညှာတာပေးရတော့မည်။ စုနန်၏ အမှုသည် ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှုဖြစ် သေးစေ ဆိုသလို ပြီးမြောက်သွားပေလိမ့်မည်။

ဘုံကျောင်းကြီး မီးရှို့ခံရခြင်း ကိစ္စသည် ထိန်းချုပ်၍ မရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိသွားပေလိမ့်မည်။ ဤအရာက ကြီးမားလွန်းသည့် ဘေးအန္တရာယ် ကပ်ဘေးကြီးပင် ဖြစ်၏။ လက်ရှိအချိန်တွင် ရွှဲ့ပြည်နယ်ရှိ မင်းမှုထမ်းအားလုံးတို့၏ ဒေါသတရားသည် ဘုရင်မင်းမြတ်၏လက်ထဲတွင် လက်နက်ဖြစ်လာပေလိမ့်မည်။ ချင်နိုင်ငံသည် မကောင်းမှုဒုစရိုက်ကို ကျူးလွန်ခဲ့၏။ စုကလန်သည် ကပ်ဘေးကြီးကို ခံစားရပေလိမ့်မည်။

အဓိကသော့ချက်အားဖြင့် စုကလန်သည် လူပေါင်းများစွာတို့ကို စေလွှတ်ပြီး ချင်နိုင်ငံမှ ကိုယ်စားလှယ်နှင့် စစ်သည်များအားလုံးတို့ကို စောင့်ကြပ်ထားခဲ့၏။ ယခု ဘုံကျောင်းကြီးက မီးလောင်သွားခဲ့၏။ စုကလန်သည် အပြစ်ကင်းစင်သည်ဟု ပြောဆို၍ ရမည်လား။ ဘုရင်မင်းမြတ်အနေနှင့် စုနန်ကို ကြိုတင်ကာ မတွေ့ရှိခဲ့ချေ။ ဆိုလိုခြင်းမှာ သူ၏ ဓားကို သွေးနေခြင်းပင်။

စုကလန်သည်သာ ဤအရေးကိစ္စဆီမှ ကျော်ဖြတ်ချင်သည်ဆိုပါက ကြီးမားသည့် ပေးဆပ်မှုတစ်ခုကို ပေးဆပ် ရပေတော့မည်။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် အဘယ်သို့ သက်ညှာပေးမည်နည်း။ ကျင်းမိသားစုကိုသာမက စုကလန်ကိုပါ သူက ပစ်မှတ်ထားပေတော့မည်။

ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒကို မြင်တွေ့ခဲ့ပြီးဖြစ်သောကြောင့် စုဖေးသည် အဆင်မပြေသလို ခံစားနေမိ၏။ သူမသည် ဘုရင်မင်းမြတ်နှင့် လက်ထပ်ခဲ့သည် ဆိုသော်လည်း သူမမှာ စုကလန်၏ အမျိုးသမီးတစ်ယောက် ဖြစ်ကြောင်း ဘယ်သောအခါမှ မေ့လျော့လိမ့်မည် မဟုတ်ချေ။ စုကလန်သည် သူမ၏ အစစ်အမှန် ထောက်ပံ့ရာ ဖြစ်၏။ စုကလန်သည် အားကောင်းလွန်း၏။ သူမ၏ မိဖုရားဆိုသည့် ရာထူးရာခံသည် ကြီးမားလွန်းသည် ဆိုလျှင်တောင်မှ စုကလန်ကြောင့် ဤသို့နေထိုင်နေရခြင်းပင်။

မိဖုရားပျံ့ကို ကြည့်။ သူမက အားလုံးက ငေးကြည့်ရသည့် မိန်းမလှမျိုး မဟုတ်သလို ခန္ဓာကိုယ် အချိုးအစားမှာလည်း သာမန်သာဖြစ်သည်။ ထို့အပြင် ကလေးတစ်ယောက်ကိုပင် မွေးဖွားပေးနိုင်ခဲ့ခြင်း မရှိချေ။ သာမန် အခြေအနေအရဆိုလျှင် သူမသည် တခြားသော နန်းဆောင်တစ်ခုဆီသို့ စေလွှတ်ခံရပြီး မထင်မရှား မိဖုရားငယ်လေး တစ်ပါးအဖြစ် ဖြတ်သန်းနေထိုင်ရမှာ ဖြစ်သည်။ သို့ပေမည့် ဘုရင်မင်းမြတ်သည် မိဖုရားပျံ့ ကို အလေးအပေးဆုံး ဖြစ်လို့နေသည်။

လစဉ်လတိုင်း ဘုရင်မင်းမြတ်သည် မိဖုရားကြီး၏အိပ်ဆောင်တွင် ဆယ့်သုံးရက် နေထိုင်၏။ မိဖုရားပျံ့၏ နေရာတွင် ဆယ်ရက် နေထိုင်၏။ ကျန်သည့် ခုနှစ်ရက်၊ ရှစ်ရက်ကိုသာလျှင် တခြားသော မိဖုရားများဆီ အလှည့်ကျ နေထိုင်တတ်၏။ ဤအရာက ဘာကို သက်သေပြနေသနည်း။ မင်းကြီးပျံ့ရှောင်း၏ အဆင့်အတန်းကို ရည်ညွှန်းပြသနေခြင်းပင်။

.......................

နန်းတော်ကြီး၏ အပြင်ဘက်မှာတော့ ....

ကောင်းကင်တစ်ခုလုံးက စတင်ကာ တောက်ပလင်းထိန်လာ၏။ နယ်စားအိုကြီးစုနန်သည် မြေပေါ်တွင် ဒူးထောက်လျက် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်က မတ်မတ် မဟုတ်ချေ။ သူ၏ ကျောသည် ပိုမိုကာ လေးကန်လာသလို ကွေးညွတ်နေ၏။ သူ၏ ဆံနွယ်ဖြူများသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေသည်။ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လျက် ရှိနေပြီး အချိန်မရွေး လဲကျသွားတော့မည်ကဲ့သို့ပင်။ သူ၏သား စုကျန့်ထင်သည်လည်း ဘေးတစ်ဖက်၌ ခပ်မတ်မတ် ဒူးထောက်လျက် ရှိနေသည်။

ရှမ့်လန်နှင့် နင်ကျန်းတို့မှာတော့ ဒူးထောက်ခြင်း မရှိချေ။ ပဉ္စမမင်းသား နင်ကျန်းသည် ဒူးထောက်ခြင်းကို အသားကျနေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် နေ့နေ့ညည ဒူးထောက်ခဲ့ဖူးသောကြောင့်ပင်။ နောက်ဆုံးအကြိမ် ရွှမ်ဝူအိမ်တော်အတွက် ဝင်ရောက်ပြောဆိုခဲ့တုန်းကလည်း နှစ်ရက်၊ သုံးရက်တိတိ ဒူးထောက်ခဲ့ဖူး၏။

သို့ပေမည့် ရှမ့်လန်တစ်ယောက် ဒူးမထောက်သည်ကိုမြင်တော့ သူလည်း ဒူးမထောက်တော့ချေ။ မဟုတ်ပါက ရှမ့်လန်သည် အလွန်ရိုင်းပျသူဟု သဘောသက်ရောက်သွားပေမည်။

ရှမ့်လန်သည် ရှေ့ကိုလှမ်းတက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ “သမက်တော်ရှမ့်လန်က ဦးရီးတော်ကို ဂါရဝပြုပါတယ်”

စုနန်သည် ခေါင်းကိုသာ ညိတ်ပြပြီး မည်သည့်စကားမှ မဆိုချေ။ တစ်ဖက်လူကို ရိုင်းပျစွာဖြင့် ခွန်းတုံ့မပြန်ခြင်း မဟုတ်‌ပေ။ သူသည် ဘုရင်မင်းမြတ်ကို လာရောက်တောင်းပန်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ နှုတ်မှထွက်သည် ပထမဆုံးသော စကားသည် ဘုရင်မင်းမြတ်အား တောင်းပန်သည့်စကားသာ ဖြစ်ရပေမည်။ မဟုတ်ပါက လေးနက်တော့မည် မဟုတ်ပေ။

တခြားသောအချိန်များသာဆိုပါက နယ်စားကြီးစုနန်သည် ကျိန်းသေပေါက် ရှမ့်လန်အား ကျန်းယွမ်နယ်စား အိမ်တော်ဆီသို့ ဧည့်သည်တစ်ယောက်အဖြစ် နွေးထွေးစွာ ဖိတ်ခေါ်မိမှာ သေချာ၏။

အခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် စုကျန့်ထင်မှာတော့ ခပ်တည်တည်နှင့် ဒူးထောက်ထိုင်လျက် ရှိ၏။ သို့ပေမည့် ကြာကြာမနေနိုင်ချေ။ ရှမ့်လန်ဘက်သို့ လှည့်ပြီး အေးစက်စက် ပြောလိုက်သည် “ဖယ်စမ်း .. ခပ်ဝေးဝေး ကို သွား”

ဤနေရာတွင် တခြားသောသူများ မရှိချေ။ ရှမ့်လန်နှင့် အသုံးမဝင်သည့်နင်ကျန်း တို့သာလျှင် ရှိ၏။ ထို့ကြောင့် သူ သရုပ်ဆောင်နေရန် မလိုအပ်ချေ။

နယ်စားကြီးစုနန်သည် စိတ်ထဲမှာ ကြိတ်ကာ သက်ပြင်းချလိုက်၏။ သူ၏သားသည် လုံလောက်သည့် အတွေ့အကြုံ မရှိသေးချေ။ သရုပ်ဆောင်သည့် နေရာတွင် ကျိန်းသေပေါက် အချိန်တိုင်း လုံလုံလောက်လောက် သရုပ်ဆောင်ခြင်းကို ပြုလုပ်သင့်သည်။ သရုပ်ဆောင်ခြင်းသည် ပရိသတ်ရှိခြင်း ၊ မရှိခြင်းနှင့် မသက်ဆိုင်ချေ။ သရုပ်ဆောင်ပြီဆိုသည်နှင့် ပြစ်ချက်ဟူ၍ မရှိသင့်တော့ပေ။

သူ .... စုနန်သည် ဘဝတစ်လျှောက်လုံး သရုပ်ဆောင်ခဲ့၏။ ဘုရင်မင်းမြတ်၏ ခွေးတစ်ကောင်ကဲ့သို့ ထားရာနေ၊ စေရာသွား၊ လိုအပ်လျှင် အမြီးလှုပ်ပြခဲ့သည်။ ခွေးတောင်မှ သစ္စာရှိခွေး ဖြစ်၏။

အချိန်တော်ကြာ သရုပ်ဆောင်ခဲ့ပြီးနောက် လောကရှိလူပေါင်းများစွာတို့သည် သူ့ကို သစ္စာရှိခွေးဟု တွေးထင်၏။ ဘုရင်မင်းမြတ်ကလည်း ထိုကဲ့သို့ တွေးထင်၏။ တော်ဝင်မျိုးနွယ်များသည် တော်ဝင်မျိုးနွယ်များ၏ အရှက်သိက္ခာကို ဖျက်ဆီးသူဟု ကင်ပွန်းတပ်ကာ ကြိတ်ပြီး ဆဲဆိုကြသည်။

သို့ပေမည့် ဆဲဆိုမှုများကို ပြန်ကြားရချိန်၌ သူသည် ဒေါသထွက်နေမည့်အစား ပိုမို၍ပင် ပျော်ရွှင်မိ၏။ ဤမျှနှင့် မရပ်တန့်သေးချေ။ မဆဲဆိုသော အမှုထမ်းများရှိလျှင်ပင် နောက်ကွယ်မှ ပိုက်ဆံပေး၍ ဆဲဆိုခိုင်းတတ်သေးသည်။

ဤသို့ကြံ့ကြံ့ခံ အဆဲအဆိုခံပြီးနောက် သူသည် ဘုရင်မင်းမြတ်၏ ထီးတော်အောက်တွင် ထိုင်နေနိုင်ခဲ့ပြီး ကြားနေ အဖွဲ့အစည်း၏ ထိပ်တန်း အာဏာပိုင် ခေါင်းဆောင် တစ်ယောက်ပင် ဖြစ်လာခဲ့၏။

All Chapters