← Chapters

အပိုင်း (၂၈၁)

Vol. 21 Ch. 281

အပိုင်း (၂၈၁)

Vol. 21 Ch. 281

“သွားစမ်း” စုကျန့်ထင်က တီးတိုးပြောလိုက်၏။

ရှမ့်လန်က မထွက်ခွာသွားချေ။ သူသည် နန်းတော်၏ဂိတ်တံခါးရှေ့ တည်နေရာ မြေကွက်လပ်ကြီးတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ စုကျန့်ထင်သည် သူ့ကို ထကာ မောင်းထုတ်၍ မဖြစ်နိုင်ချေ။

ရှမ့်လန်သည် အနည်းငယ် နီးကပ်သွားအောင် လှမ်းလျှောက်လိုက်၏။ ပြီးနောက် တီးတိုးပြောလိုက်သည်။ “ဦးရီးတော် စုနန်.. ခင်ဗျား ကြားခဲ့ပြီးပြီလား။ ကျုပ် မနေ့က ဘုရင်မင်းမြတ်ကို နန်းတွင်းမှာ တွေ့ခဲ့တယ်။ အဲတုန်းက ကျုပ် ခင်ဗျားကို သတ်မယ်လို့ ကြိမ်းဝါးခဲ့တယ်”

ဤအရာက အမှန်ပင်ဖြစ်လေသည်လား။ ရှမ့်လန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒါက ကောလာဟာလ တွေပါ။ လူတွေ လျှောက်ပြောနေကြတာ။ ဒီစကားကို မယုံကြည်ပါနဲ့”

စုကျန့်ထင်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် အေးစက်စက် ပြောလိုက်သည်။ “မင်းရဲ့စကားကို ပြန်ပြောင်းဖို့ အခုနောက်ကျသွားပြီ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောအုံးမယ်။ ကျုပ် ခင်ဗျားတို့ မိသားစု တစ်ခုလုံးကို သတ်ချင်တာ။ ခင်ဗျားတို့ စုကလန်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ချင်တာ။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်က ဦးရီးတော်စုနန် တစ်ယောက်တည်းကို သတ်မယ်ဆိုပြီး ကောလာဟာလ ပျံ့ရတာလဲ။ ဒီမှာရှိတဲ့ လူတွေက ကောလာဟာလ ဖြန့်မယ်ဆိုရင်တောင် ပေါ့ဆလွန်းတယ်။ အသေးစိတ် သေချာဖြန့်မှပေါ့။ ခုတော့ ဟိုကျန်၊ ဒီကျန်နဲ့”

ဤစကားကို ကြားရချိန်မှာတော့ စုကျန့်ထင်၏ မျက်နှာတစ်ခုလုံးသည် စိမ်းပြာသွားခဲ့၏။ သူသည် ရုတ်တရက် ပေါက်ကွဲလုမတတ်ပင် ဖြစ်သွား၏။ ဓားကို ဆွဲထုတ်ကာဖြင့် ရှမ့်လန်ကို အပိုင်းပိုင်း ခုတ်ချင်မိသည်။

“မင်း... ရှမ့်လန်... ဒီလောက်ကြီး မောက်မာရိုင်းစိုင်းရတယ်ပေါ့ ဟုတ်လား။ ဝံပုလွေအသည်းကို စားထားလို့ ဒီလောက် သတ္တိကောင်းနေရတာလား”

သို့ပေမည့် နန်းတော်၏ ဂိတ်တံခါးရှေ့ဝတွင် ဓားကို ဆွဲထုတ်ကာ တစ်စုံတစ်ယောက်ကို သတ်ဖြတ်သည် ဆိုပါက ကျိန်းသေပေါက် ပုန်ကန်မှု ဖြစ်မည် မဟုတ်ပါလား။

နယ်စားကြီး စုနန်သည် ခေါင်းကို ရုတ်တရက် လှည့်ပြီး ရှမ့်လန်ကို ကြည့်ရှုလိုက်၏။ သူသည် အနည်းငယ် ကြောင်အသွားခဲ့၏။ ဉာဏ်ပညာအရာ၌ နတ်ဆိုးတစ်ကောင်ဟုပင် ပြောစမတ်တွင်သည့် ရှမ့်လန်သည် တကယ်ပင် ဤကဲ့သို့ ပြောဆိုလေသည်လား။ ဈေးပေါလွန်းသည့် လူတစ်ယောက် ကဲ့သို့ ပြောဆို ဆက်ဆံလို့နေသည်။

စုကျန့်ထင်က ခြောက်ကပ်ကပ် ပြောလိုက်၏။ “ရှမ့်လန်... ဘုံကျောင်းမီးရှို့တဲ့ နောက်ကွယ်က တရားခံက မင်း မဟုတ်လား။ တကယ်လို့ မင်းမှာသာ သတ္တိရှိတယ်ဆိုရင် ငါ့ကို အမှန်အတိုင်း ပြောစမ်း”

ပြောပြီးသည့်နောက် စုကျန့်ထင်သည် ရှမ့်လန်ကို စူးစိုက်ကြည့်ရှုလျက် ရှိနေ၏။ သူသည် တစ်ဖက်လူ လိမ်ညာမလား ဆိုသည်ကို မျက်လုံးထဲမှ ကြည့်ရှုနေမိသည်။

“ကျုပ်ပါပဲ။ ကျိန်းသေပေါက် ကျုပ်ပါပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်မှာ သတ္တိတော့မရှိပါဘူး။ ဒါပေမဲ့ ကျုပ်က အမှန်တရားကိုတော့ ပြောနိုင်ပါတယ်”

စုကျန့်ထင်သည် မျက်လုံးများ ပြူးထွက်သွားခဲ့၏။ သူသည် အမှတ်မထင်ဆိုသလို ခါးတွင် ချိတ်ထားသော ဓားဆီသို့ လက်ရောက်သွားခဲ့၏။ ရှမ့်လန်တစ်ယောက် ဤကဲ့သို့ ရဲရဲဝံ့ဝံ့နှင့် ဝန်ခံရဲလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ဤကဲ့သို့ ကြီးမားလွန်းသည့် ကိစ္စရပ်ကြီးကို ပြုလုပ်ခဲ့ပြီးနောက် မျက်နှာပြောင်တိုက်ကာဖြင့် ဝန်ခံလျက်ရှိသည်။

“ဒါ ကျုပ်ရဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ ကျင်းမူကုန်းကို ကယ်တင်ဖို့အတွက် ၊ ခင်ဗျားတို့ စုကလန်တစ်ခုလုံးကို ခေါင်းပုံချနိုင်ဖို့အတွက် ကျုပ်က ဘုံကျောင်းကို မီးရှို့ဖို့ နည်းလမ်း စဉ်းစားခဲ့မိတယ်”

ရှမ့်လန်က ပြောလိုက်၏။ “စုကျန့်ထင်... ကျုပ်က ရန်သူရဲ့ရှေ့မှာတောင် အရမ်းကို ရိုးသားတဲ့ လူတစ်ယောက်ပဲ။ မညာတတ်ဘူး။ ပွင့်လင်းတယ်။ ရိုးသားတယ်။ ချစ်ဖို့ကောင်းတယ်။ ခင်ဗျား ကျုပ်ကိုဘာလုပ်နိုင်လဲ။ ခင်ဗျား ကျုပ်ကို အခု ဘာလုပ်နိုင်လဲ”

မင်းသားနင်ကျန်း၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။ ရှမ့်လန်၏ အမူအကျင့်နှင့် ပတ်သက်၍ သူက ကောင်းကောင်း ကြားခဲ့ဖူး၏။ သို့ပေမည့် ဤမျှ ဆိုးရွားလိုက်လိမ့်မည်ဟု မထင်ခဲ့ချေ။ သူသာ စုကျန့်ထင် နေရာ၌ ဆိုပါက ထကာ ရိုက်နှက်မိမှာ‌ သေချာသည်။ ဈေးထဲမှ ငါးသည် အဒေါ်ကြီး တစ်ယောက် ကဲ့သို့ပင် နှုတ်ခမ်းတစ်လန်၊ ပန်းတလန် နှင့် ရန်တွေ့နေခြင်းဖြစ်သည်။

ထို့အပြင် ဤသို့ ပြောဆိုနေခြင်းနှင့် ပတ်သက်၍ အသားကျနေသည့်ပုံလည်း ပေါ်၏။

“ကောင်းပြီ၊ မင်း နောက်ဆုံးတော့ ဝန်ခံလိုက်ပြီပေါ့”

စုကျန့်ထင်က အေးစက်စက် ပြောလိုက်သည်။ “အခု အမှန်တရားက ထွက်ပေါ်လာခဲ့ပြီ။ မင်းမှာ သတ္တိရှိတယ်ဆိုရင် ဘုရင်မင်းမြတ်ရဲ့ရှေ့မှာ အမှန်အတိုင်း ပြောရဲလား။ ညီလာခံမှာ ရှိနေတဲ့ အရာရှိအရာခံ၊ ဝန်ကြီး အားလုံးရဲ့ရှေ့မှာ မင်း ဒီလိုမျိုး အမှန်အတိုင်း သတ္တိရှိရှိနဲ့ ပြောရဲလား”

ရှမ့်လန်က ပြောလိုက်၏။ “ဘယ်ပြောမလဲ။ ကျုပ်ဆီမှာ သတ္တိမှ မရှိတာ။ ကျုပ် ခုဏလေးတင် ပြောခဲ့သားပဲ။ ကျုပ်မှာ သတ္တိမရှိပါဘူးလို့။ ဘာလို့ ကျုပ်က ဘုရင်မင်းမြတ်ဆီ သွားပြီး ဝန်ခံရမှာလဲ”

“ချီးထဲမှ... ခွေးကောင်။ ငါမင်းကို အစိတ်စိတ် အပိုင်းပိုင်း ပိုင်းချင်တယ်”

သို့ပေမည့် ရှမ့်လန်၏ အံ့အားသင့်စရာကောင်းသည့် အမူအရာနှင့် ပြောဆိုပုံများကို မြင်ရသည့်အချိန်မှာတော့ နယ်စားကြီး စုနန်သည် ဒေါသမထွက်ရုံမျှမက ချီးကျူးသည့် အရိပ်အယောင်များနှင့် လှမ်းကာ ကြည့်ရှုလိုက်မိသည်။

“ဒီကောင်လေးက တကယ့်ကို မြေခွေးလိုကောင်လေးပဲ”

သူသည် သည်းညည်းခံနိုင်ရုံသာမက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ တစ်ဖက်လူသည် အဆိပ်ပြင်း မြွေတစ်ကောင်ကဲ့သို့ပင် တည်ငြိမ်လျက် ရှိနေ၏။ ဒေါသဟူ၍လည်း မထွက်ချေ။

ကျန်းချုံးသည် ထက်ရှသည့် ဓားတစ်စင်း ဖြစ်၏။ ဤ စုနန်မှာတော့ အဆိပ်ကန်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်၏။ ရှမ့်လန် အတွက် ပြိုင်ဘက်ကောင်း တစ်ယောက်ပင်။

ရှမ့်လန်ကတော့ စိတ်လှုပ်ရှားလျက် ရှိနေ၏။ တကယ့်ကို အားကောင်းသည့် လူတစ်ယောက်နှင့် ရင်ဆိုင်တွေ့လေ သူ .. ရှမ့်လန်သည် ပိုမိုကာ အားကောင်းလေ ဖြစ်ကြောင်း ပြသရပေမည်။ ရန်သူကို ဖိနှိပ်နင်းချေရခြင်းသည် စိတ်ဝင်စားစရာ ကောင်းသည့် အရာတစ်ခု ဖြစ်၏။ သို့ပေမည့် ပိုမို အားကောင်းလွန်း သည့် ရန်သူတစ်ယောက်ကို ဖိနှိပ်အနိုင်ယူနိုင်ခြင်းသည် ပိုမိုကာ စိတ်ဝင်စားစရာ ကောင်း၏။

ထိုအချိန်မှာတော့ ....

ညီလာခံတက်ရောက်မည့် အရာရှိအရာခံ ဝန်ကြီးများသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့သည်။

ပထမဆုံးရောက်ရှိလာသူသည် ပြည်နယ်အုပ်ချုပ်ရေးမှုး ကျူးကျွင်းဖြစ်သည်။ အိမ်ရှေ့စံမင်းသား၏ အမာခံ ထောက်ခံသူလည်း ဖြစ်၏။

ရှမ့်လန်သည် ခပ်သုတ်သုတ်ဖြင့် ရှေ့သို့ လှမ်းတက်ကာ နှုတ်ဆက်လိုက်သည်။ “အုပ်ချုပ်ရေးမှူး ကျူးကျွင်း... မတွေ့ရတာ ကြာပြီ။ ခင်ဗျား ကျန်းကျန်းမာမာ ရှိနေခဲ့မယ်လို့ ကျုပ် ယုံကြည်မိပါတယ်”

ကျူးကျွင်းသည် ကြောင်အသွားခဲ့၏။ တစ်ဖက်လူသည် ဤကဲ့သို့ နက်နက်ရှိုင်းရှိုင်း ခင်မင်ရင်းနှီးသည့် ပုံစံမျိုး နှုတ်ဆက်နေလေသည်လား။ သူတို့သည် ဤသို့မရင်းနှီးချေ။ ရန်သူများဟုပင် သတ်မှတ်နိုင်သေး၏။

ကျူးကျွင်းသည် ခေါင်းညိတ်ပြပြီး နန်းတော်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ရှမ့်လန်က ပြောလိုက်၏။ “အုပ်ချုပ်ရေးမှူး ကျူးကျွင်း.. ဘုံကျောင်းမီးလောင်ရခြင်းရဲ့ နောက်ကွယ်က လက်သည်တရားခံက စုမိသားစုပဲ။ ညီလာခံထဲရောက်ရင် နယ်စားကြီးစုနန်ကို အပြစ်ပေးဖို့ ခင်ဗျား တောင်းဆိုသင့်တယ်။ အိမ်ရှေ့စံမင်းသားဘက်ခြမ်းမှာရှိတဲ့ ဝန်ကြီးတွေအနေနဲ့ အကောင်းဆုံး အစွမ်းပြဖို့ လိုအပ်လာပြီ”

ထိုစကားကို ကြားရသည့်အချိန်မှာတော့ ကျူးကျွင်းသည် လှမ်းလျှောက်နေရာမှ ရပ်တန့်သွားခဲ့၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ရှမ့်လန်ကို လှည့်ကာ ကြည့်ရှုလိုက်၏။ သူ နားကြားမှားခဲ့သည်လား။ မင်း ... ရှမ့်လန်သည် နန်းတော်အား ဈေးတစ်ခုကဲ့သို့ ထင်မှတ်နေလေသည်လား။

နန်းတွင်းကျောင်းမှ ကျောင်းတော်သားတစ်ယောက်အနေနှင့် ညီလာခံအကြောင်း ဘာဝင်ပြောစရာ အရည်အချင်း ရှိမည်နည်း။ ညီလာခံအား ကလေးကစားကွင်းဟု ထင်မှတ်နေလေသည်လား။

ထိုအချိန်မှာပဲ တခြားသော ဝန်ကြီးနှင့် အရာရှိအရာခံများသည် ရောက်ရှိလာခဲ့၏။

ကျန့်ရှီမြို့စားကြီး၏ ညီငယ်ကျုံးရီ ဝင်လာ၏။ သူသည် တတိယမင်းသား၏ သစ္စာရှိ နောက်လိုက်ပင် ဖြစ်၏။ ရွှဲ့ပြည်နယ်၏ ထိပ်တန်း ညီလာခံအဖွဲ့အစည်းထဲတွင် အဆင့်အမြင့်ဆုံးသောအာဏာကို ပိုင်ဆိုင်ထားသည့် လူလည်း ဖြစ်၏။ နိုင်ငံရေးနှင့် စစ်ရေး နှစ်ခုလုံးကို စောင့်ကြည့် အကဲဖြတ်ရသည့် ဌာနမှ အရာရှိကြီးဖြစ်သည်။

ထိုအဖွဲ့အစည်းတွင် ကျုံးရီ၊ ပျံ့ရှောင်း၊ စုနန်နှင့် ကျန်းပေနယ်စားကြီး နန်းကုန်းအိုတို့ ပါဝင်၏။

ရှမ့်လန်သည် ရှေ့ဆီသို့ လှမ်းတက်ကာ ပြောလိုက်သည်။ “မြို့စားကြီး ကျုံးရီ တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်က ရွှမ်ဝူမြို့စားအိမ်တော်ဆီမှ ရှမ့်လန် ဖြစ်ပါတယ်”

ထိုသူသည် မည်သို့မှ မနေနိုင်ဘဲ မျက်မှောင်ကုတ်သွားမိ၏။ ရွှမ်ဝူအိမ်တော်ဆီမှ ရှမ့်လန် ဖြစ်နေသည်လား။ သူတို့ ဘယ်တုန်းက ရင်းနှီးခဲ့သနည်း။ အဘယ့်ကြောင့်လာရောက်ကာ နှုတ်ဆက်နေရသနည်း။ တစ်ဖက်လူသည် မြို့စားအိမ်တော်မှ သမက်တော်လေးတစ်ယောက် ဖြစ်၏။ အနည်းငယ်လေးတောင်မှ ကိုယ့်ကိုကိုယ် ရှက်ရွံ့တတ်သည့် သိက္ခာတရား မရှိပေဘူးလား။

ထို့အပြင် သူတို့၏ မိသားစုနှင့် ကျင်းမိသားစုတို့သည် ရန်သူဟုပင် သုံးသပ်၍ ရနေ၏။ ကျန့်ရှီနယ်စားအိမ်တော်၊ ကျုံးမိသားစု၊ ဝူအန်းနယ်စားအိမ်တော် ရွှယ်မိသားစုတို့သည် တတိယမင်းသား၏ တိုက်ရိုက်နောက်လိုက်များ ဖြစ်ပြီး မဟာမိတ်များဟုလည်း သတ်မှတ်နိုင်သည်။ ရွှယ်မိသားစုနှင့် ကျင်းမိသားစုတို့သည် သေမျိုးရန်သူများပင် ဖြစ်၏။

ရှမ့်လန်သည် တစ်ချက်လေးမှ ဂရုမစိုက်ချေ။ လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “မြို့စားကြီး ကျုံးရီ... ဘုံကျောင်းမီးလောင်သွားတဲ့ အဓိကတရားခံက နယ်စားကြီး စုနန်ပါပဲ။ ဒီတော့ အပြစ်ပေးနိုင်ဖို့ ညီလာခံမှာ တင်ပြပေးပါ”

ပြီးနောက် မြို့စားကြီး ကျုံးရီသည် ကြောင်အသွားခဲ့၏။ တစ်ဖက်လူသည် သူ့ကို ဤကဲ့သို့ လူသိရှင်ကြား လာရောက်ကာ တောင်းဆိုနေလေသည်လား။

‘မင်းက ဘယ်သူလဲ။ မင်းရဲ့ ဂုဏ်သိက္ခာတရားက ဘာလဲ။ သာမန် သမက်တော်တစ်ယောက်ပဲ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ငါ့ကို လာတောင်းဆိုရဲနေတာလဲ’

သူသည် ရုတ်တရက် ဒေါသထွက်သွားမိ၏။ သို့ပေမည့် တခြားသောနေရာများမှာ ဆိုပါက ကျိန်းသေပေါက် ရှမ့်လန်ကို ထကာရိုက်နှက်မိပေလိမ့်မည်။ သို့ပေမည့် နန်းတော်၏ ဂိတ်တံခါးရှေ့သို့ ရောက်နေသည်။ သူ ထကာ ရိုက်နှက်၍ မရနိုင်ချေ။

ဘုရင်မင်းမြတ်သည်သာ ထိုအရာကို သိရှိပါက ကျိန်းသေပေါက် လူများကို စေလွှတ်ကာ ရှမ့်လန်ကို ဖမ်းဆီးပေလိမ့်မည်။ သေဆုံးသည်အထိ မရိုက်နှက်ဘူး ဆိုလျှင်တောင်မှ အနည်းဆုံး သေလုမျောပါး အခြေအနေမျိုးထိ ရိုက်နှက်ပေလိမ့်မည်။ ရှမ့်လန်သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာ ဖြစ်၏။

ပြီးနောက် လူပေါင်းများစွာတို့၏ လောကကြီးအပေါ် ကြည့်ရှုသည့် မြင်ကွင်းက ပြောင်းလဲသွားခဲ့၏။ တစ်စုံတစ်ယောက် ရောက်လာတိုင်း ရှမ့်လန်သည် ရှေ့သို့ သွားပြီး မျက်နှာလို ၊ မျက်နှာရ ဖြင့် နှုတ်ဆက်လျက်ရှိသည်။

“ဘုံကျောင်း မီးလောင်တာ စုမိသားစု လက်ချက်ပါပဲ။ ခင်ဗျားတို့ ဘုရင်မင်းမြတ်ဆီ တိုင်ကြားကြပါ”

ဤအရာသည် နိုင်ငံရေးအရ တွန်းအားပေးနေခြင်းနှင့် မတူချေ။ မဟုတ်တမ်းတရားများ လျှောက်ကာ အော်ဟစ် ပြောဆိုနေတတ်သည့် ဈေးမှ ပုံပြောသူတစ်ယောက်နှင့်ပင် ဆင်တူနေ၏။

စုကျန့်ထင်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ရုတ်တရက်ထကာ ရိုက်နှက်ချင်စိတ်ပေါက်၏။ သို့ပေမည့် ပြုလုပ်၍ မရနိုင်ချေ။ ထို့ကြောင့်ပင် သူသည် နန်းတော်၏ အစောင့်များကို လှမ်းခေါ်ပြီး ရှမ့်လန်ကို ဖမ်းဆီးကာဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ရန် တောင်းဆိုခဲ့၏။

သို့ပေမည့် နန်းတွင်းမှ အမှုထမ်းများသည် ရှမ့်လန်၏ အပြုအမှုကို သတိမပြုမိဘဲ နေမည် မဟုတ်ချေ။ အဘယ့်ကြောင့် တစ်ချက်ကလေးမှ မတုံ့ပြန်ရသနည်း။

ထိုအချိန်မှာတော့ နယ်စားကြီးစုနန်သည် တုန်လှုပ်သွားခဲ့၏။ ဤရှမ့်လန်သည် တကယ့်ကို ကောက်ကျစ် စဉ်းလဲလွန်း၏။ အခြေခံစည်းမျဉ်းလည်း မရှိခဲ့ချေ။ တစ်ဖက်လူများသည် ရှမ့်လန် ပြုလုပ်နေသည့် အကြောင်းအရာကို သေသေချာချာ မမြင်နိုင်ချေ။ သို့ပေမည့် နယ်စားကြီးစုနန်မှာတော့ ကောင်းကောင်း မြင်နေရ၏။ ရှမ့်လန်သည် ပိုမို ကြီးမားသည့် မီးကို ရှို့ချင်နေခြင်းပင်။

ကြီးမားလွန်းသည့်အခွင့်အရေးတစ်ခုအား လွဲချော်မသွားသင့်ကြောင်း အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့ကို သတိပေးနေခြင်း ဖြစ်၏။ ဘုရင်မင်းမြတ်၏ ဓားသည် စုမိသားစုကို ခုတ်ပိုင်းရန် ပြင်ဆင်လျက် ရှိနေသည်။ အဘယ်ကြောင့် အခွင့်အရေးယူပြီး ဘုရင်မင်းမြတ်အတွက် အလုပ်မလုပ်ပေးရသနည်း ဟု လမ်းညွှန်ပြသနေခြင်းပင် ဖြစ်၏။

ဟုတ်ပေ၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့သည် စုနန်ကို ကျိန်းသေပေါက် သူတို့ဘက်သို့ ခေါ်ဆောင်ချင်စိတ် ရှိ၏။ တစ်ဖက်ခြမ်းဆီသို့ ရောက်ရှိသွားပါက ထိုတစ်ဖက်ခြမ်းသည် ကျိန်းသေပေါက် အင်အားကြီးထွားလာပေလိမ့်မည်။ ထို့ကြောင့် မသေချာသည့် ကိုယ့်ဘက်သို့ခေါ်ယူခြင်း ကိစ္စအား လျစ်လျူရှုပြီး အပြီး ရှင်းပစ်ချင်စိတ်ရှိကြသည်။ ဤသို့သောအခြေအနေမျိုးကို အခွင့်ကောင်းယူကာ ရှင်းပစ်ခြင်းသည် ကျိုးကြောင်းလည်း ဆီလျော်သည်။

စုနန် သဘောတွေ့အောင် ပြုလုပ်ရခြင်းထက်စာလျှင် ဘုရင်မင်းမြတ် သဘောတွေ့အောင် ဆောင်ရွက်ရခြင်းက အကောင်းဆုံး ဖြစ်ပေမည်။

မူလအားဖြင့် ဤကဲ့သို့သော အကြောင်းတရားသည် စုမိသားစုအတွက် ကြီးသည့်အရာ မဟုတ်သလို သေးသည့်အရာတစ်ခုလည်း မဟုတ်ချေ။ သို့ပေမည့် လက်ရှိ ရှမ့်လန်နှင့် ဘုရင်မင်းမြတ်တို့သည် အတူတူ ပူးပေါင်းပြီး ထိုကိစ္စကို ပိုမိုကြီးမားသည့် ကိစ္စရပ်ကြီးတစ်ခုအဖြစ် ဖြစ်အောင် ပြုလုပ်ခဲ့ပါက စုမိသားစုသည် ကျိန်းသေပေါက် ဒုက္ခရောက်ပေလိမ့်မည်။ တကယ့်ကို ကောက်ကျစ်လွန်းသလို ကောင်းမွန်လွန်းသည့် ဗျူဟာ တစ်ခုလည်း ဖြစ်၏။

နယ်စားကြီးစုနန်သည် ရုတ်တရက် စိတ်လှုပ်ရှားသွားမိသည်။ ရှမ့်လန်၏ ဉာဏ်ပညာသည် ကျိန်းသေပေါက် နတ်ဆိုးတစ်ကောင်၏ ဉာဏ်ပညာအထိသို့ နီးကပ်လျက် ရှိနေ၏။ ထိုအရာကို သူ ကျိန်းသေပေါက် ခံစားမိသည်။

နန်းမြို့တော်ဆီသို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့၏။ ထို့အပြင် ရောက်ရှိလာခဲ့သည်မှာ မနေ့ကသာ ဖြစ်၏။ သို့ပေမည့် နန်းမြို့တော်တစ်ခုလုံးကို မုန်တိုင်းထန်စေရန် ဖန်တီးပြုလုပ်နေပြီ ဖြစ်၏။ ကျန်းချုံး ရှုံးနိမ့်သွားသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။

ကျင်းမိသားစုအနေနှင့် နုရှောင့်မြို့ကို သိမ်းဆည်းနိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူ၏ ကိစ္စသည် တကယ့်ကို ပြဿနာကြီး ဖြစ်လာခဲ့၏။ သေးငယ်သည့် ပြဿနာလေးတစ်ခုသည် ကြီးမားသည့် ပြဿနာကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

................

လွန်ခဲ့သည့် နာရီဝက်တုန်းက ဘုရင်မင်းမြတ်သည် မိန်းမစိုးတစ်ယောက်ကို စေလွှတ်ကာဖြင့် ရှမ့်လန်ကို ခေါ်ဆောင်စေခဲ့၏။ ထို့ကြောင့်ပင်လျှင် မိန်းမစိုးလေးသည် နန်းရှေ့သို့ထွက်ကာဖြင့် ရှမ့်လန်ကို လာရောက် ဆင့်ခေါ်၏။ သို့ပေမည့် နန်းတော်၏ ဂိတ်တံခါးရှေ့တွင် အော်ဟစ် ပြောဆိုလျက်ရှိနေသော ရှမ့်လန့်ကို မြင်ရတော့ ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။

“ရှမ့်လန်.. မင်းက ကိုယ့်တွင်းကိုယ်တူးနေတာပဲ။ ဒီအချိန်က မြှောက်ပင့်ပြောဆိုဖို့ အခွင့်ကောင်းတစ်ခု မဟုတ်လား။ ဘုရင်မင်းမြတ်က ကျင်းမိသားစုကို မနှစ်သက်ဘူး။ သူက ရှမ့်လန်ကို ကြိုက်မှာ မဟုတ်ဘူး”

ထို့ကြောင့် ထိုမိန်းမစိုးလေးသည် ရှမ့်လန်အား တိုင်ကြားရန် အနောက်ဘက်သို့ ပြန်လှည့်သွားခဲ့၏။ သူသည် ရှမ့်လန်၏ ရွှံရှာဖွယ်ကောင်းသည့် အပြုအမူကို ဘုရင်မင်းမြတ်ဆီသို့ ပြန်ကာ သတင်းပို့၏။

ပထမဦးဆုံး တစ်ချက်အနေနှင့် ဘုရင်မင်းမြတ် သဘောတွေ့စေရန် ဖြစ်၏။ ဒုတိယအချက်အားဖြင့် အိမ်ရှေ့စံမင်းသား သဘောတွေ့စေရန် ဖြစ်ပြီး တတိယအချက်အားဖြင့် စုဖေး သဘောတွေ့စေရန် ဖြစ်၏။ ခဲတစ်လုံးနှင့် ငှက်သုံးကောင် ပစ်ခဲ့ခြင်းပင်။

“ဒီကျေးကျွန်က သေချာမြင်ခဲ့ပါတယ်။ သမက်တော် ရှမ့်လန်က နန်းတော်ကို ဟင်းသီးဟင်းရွက်ဈေးတစ်ခုလိုမျိုး ပြုမူဆက်ဆံနေပါတယ်။ နယ်စားကြီးစုနန်ကို အပြစ်ပေးဖို့ အော်ဟစ်ပြောဆိုနေသေးတယ်။ ဒီလို လူရွှင်တော် တစ်ယောက်ရဲ့ အပြုအမူမျိုးကို အရှင်မင်းကြီး သည်းခံနေဖို့ မသင့်ပါဘူး။ ဒီကျေးကျွန်တောင်မှ သူ့ကို ကြည့်ပြီး ရှက်ရွံ့မိပါတယ်။ ဒါကြောင့် ဘုရင်မင်းမြတ်ကို လာပြီး သတင်းပို့တာပါ”

All Chapters