အပိုင်း (၂၈၂)
Vol. 21 Ch. 282
တိုင်ကြားပြီးနောက် မိန်းမစိုးလေးသည် ပျော်ရွှင်သွားခဲ့မိ၏။ ရှမ့်လန်သည် ဤတစ်ကြိမ်တွင် ပြီးဆုံးမည် ဖြစ်၏။ ပြီးနောက် အိမ်ရှေ့စံမင်းသားနှင့် စုဖေးတို့သည် သူအား ကြီးကြီးမားမား ဆုချပေလိမ့်မည်။
ဘုရင်မင်းမြတ်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားခဲ့၏။ နှလုံးသားထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒများ ဆူဝေလာခဲ့၏။ ဟုတ်ပေ၏။ ဤအရာက ရှမ့်လန်ကြောင့် မဟုတ်ချေ။ အခွင့်အရေးကို အရယူနေသည့် မိန်းမစိုးလေးကြောင့်ပင်။
သို့နှင့် ဘုရင်မင်းမြတ်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဒီသမက်တော်က ဒီလောက်တောင် ရဲတင်းပြီး လုပ်ချင်ရာကို လုပ်နေတာလား”
မိန်းမစိုးလေးက ပြောလိုက်၏။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး စိတ်ကို အေးအေးထားပါ။ ကျုပ် လူတွေကို ခေါ်ပြီး ဒီခွေးကောင်လေးကို တစ်ခါတည်း ဖမ်းဆီးလိုက်ပါ့မယ်”
နင်ယွမ်ရှန်းအကြောင်း ကောင်းကောင်းသိရှိသည့် လူသည် လက်ရှိအခြေအနေကို ကောင်းကောင်း နားလည်ပေလိမ့်မည်။ နင်ယွမ်ရှန်း ဒေါသထွက်သည်မှာ ဒေါသမထွက်ချေ။ နင်ယွမ်ရှန်း ပြုံးနေခြင်းကသာ ကြောက်ဖို့ကောင်းသည်။ ပြုံးနေလျှင် တစ်စုံတစ်ယောက် သေပေလိမ့်မည်။
ဘုရင်မင်းမြတ်သည် ဒေါသတကြီး ပြောလိုက်၏။ “အင်း... ဒီ ရှမ့်လန် ဘာတွေဆက်လုပ်မလဲ ကျုပ် ကြည့်ချင်သေးတယ်”
ပြီးနောက် သူသည် ရှမ့်လန်ကို မဆင့်ခေါ်တော့ချေ။ နန်းတော်ရှေ့တွင် ကောင်းကောင်း သရုပ်ဆောင်နိုင်ရန် လွှတ်ပေးထားလိုက်သည်။
ရှမ့်လန်သည် လာသမျှ အရာရှိများအား စုလန်ကို တိုင်ကြားရန် တွန်းအားပေးလျက်ရှိ၏။ နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ်သည် မည်သို့မှ မခံစားနိုင်တော့ချေ။
“အစောင့်တွေ.. အဲဒီ သမက်တော်လေးကို ခေါ်ခဲ့တော့။ သူ့ကို ချုပ်ပြီးတော့ ခေါ်ခဲ့ကြ။ တကယ့် ဆိုးတဲ့ကောင်ပဲ။ ငါ သူ့ကို မသတ်ရဲဘူးများ ထင်နေတာလား”
မိန်းမစိုးလေးသည် ပျော်ရွှင်သွား၏။ ချက်ချင်းပဲ သူ၏ စစ်သည်များကို ခေါ်ဆောင်ကာဖြင့် ရှမ့်လန်ကို ဖမ်းဆီး နှိပ်စက်ရန် ပြင်ဆင်၏။ သို့ပေမည့် သူ၏ဘေးတစ်ဖက်တွင် ရှိနေသည့် မိန်းမစိုးကြီးသည် ရှေ့ဆီသို့ အသာ လှမ်းတက်လိုက်၏။ ပြီးနောက် စစ်သည်လေးယောက်နှင့်အတူ ရှမ့်လန်ကို သွားရောက် ဖမ်းဆီးလိုက်၏။
သူ၏ မျက်လုံးထဲမှာတော့ ဘေးတစ်ဖက်ရှိ မိန်းမစိုးလေးသည် သေလူပင် ဖြစ်၏။
မည်မျှရူးသွပ်သည့် အကောင်နည်း။ ဘုရင်မင်းမြတ်၏ အစစ်အမှန် ရည်မှန်းချက်ကိုပင် မခန့်မှန်းနိုင်ချေ။ ထိုကဲ့သို့သော အရည်အချင်းနှင့် ဘုရင်မင်းမြတ်၏ဘေးတွင် မည်သို့အလုပ်အကျွေး ပြုမည်နည်း။
“ဘုံကျောင်းကြီး မီးလောင်သွားပြီ။ ချင်နိုင်ငံက လူတွေမှာ အပြစ်ရှိတယ်။ ဒါပေမဲ့ စုမိသားစုက ဒီကိစ္စရဲ့ လက်သည်ပဲ။ အားလုံးပဲ ညီလာခံထဲမှာ စုနန်ကို အပြစ်ပေးဖို့ ညီလာခံမှာ တင်သွင်းကြပါ။ ကျုပ် ရှမ့်လန်က ကျောင်းတော်သားတစ်ယောက်ပဲ။ ဒါကြောင့် ဘုံကျောင်းမီးလောင်တယ်ဆိုတာ ကျုပ်ရဲ့ အတွင်းကလီစာတွေ မီးလောင်သလိုမျိုး ခံစားရစေတယ်”
ရှမ့်လန်သည် မိမိကိုယ်ကိုယ် ကျောင်းတော်သားတစ်ယောက်ဟု ကင်ပွန်းတပ်လျက် ရှိနေ၏။ သို့ပေမည့် တကယ်တမ်းမှာတော့ သူသည် ကျေးရွာကျောင်းလေးတစ်ခုတွင်သာ ပညာသင်ကြားခဲ့ခြင်းဖြစ်ပြီး နန်းတွင်းကျောင်း၏ အခန်းထဲတွင် တစ်ခါမှမဝင်ဖူးချေ။
ရှမ့်လန်သည် နန်းတော်၏အပြင်ဘက်တွင် ပေါက်ပန်းလေးဆယ်များကို ပြောဆို၊ ပြုလုပ်လျက် ရှိလို့နေ၏။ မိန်းမစိုးတစ်ယောက်သည် ရှေ့ဆီသို့ လှမ်းတက်လာကာ ပြောလိုက်၏။ “သူ့ကို ဖမ်းကြစမ်း”
ခဏလောက်ကြာပြီးနောက် ရှမ့်လန်သည် ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ သူသည် စစ်သည်တော် လေးယောက်တို့၏ ကြိုးနှင့် ဝိုင်းဝန်းချုပ်နှောင်ခြင်းကိုခံခဲ့ရပြီး အတွင်းသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
ပဉ္စမမင်းသား နင်ကျန်းသည်လည်း နောက်မှ မြန်မြန်ဆန်ဆန် လိုက်ပါလာခဲ့၏။
မိန်းမစိုးသည် စုနန်ဆီသို့ အသာလှမ်းလျှောက်သွားပြီး ပြောလိုက်သည်။ “သခင်ကြီးစု.. အပြင်မှာ အေးနေတယ်။ ဒီတော့ မတ်တပ်ထပါအုံး။ နွေးနွေးထွေးထွေးဖြစ်အောင် အဓိကဟောခန်းထဲ လိုက်ခဲ့ပါ။ မကြာခင်မှာ ညီလာခံက ကျင်းပတော့မှာလေ”
စုနန်သည် အမှတ်မထင် ဆိုသလို သက်ပြင်းချလိုက်၏။ “ကျေးဇူးတင်ပါတယ် မိန်းမစိုးကြီး”
ပြီးနောက် စုကျန့်ထင်၏ ကူညီဖေးမနှင့်အတူ စုနန်သည် မတ်တပ်ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ကြည့်ရှုရသည်မှာ သံချေးတက်နေသည့် စက်ပစ္စည်းတစ်ခုကဲ့သို့ပင် လှုပ်ရှားရန် ခက်ခဲနေ၏။ ကြည့်ရသည်မှာ အလုံးစုံ ပြိုလဲလုမတတ်ပင်။
ခဏလောက်ကြာပြီးနောက် စုနန်က ပြောလိုက်၏။ “အင်း... မိန်းမစိုးလီကို ပါဝင်ပတ်သက်စေမိတာ ကျုပ်ရဲ့ အပြစ်ကြောင့်ပါပဲ။ ကျုပ် ဒီကိစ္စကို မကြည့်နိုင်တော့ပါဘူး”
မိန်းမစိုးလီက ပြောလိုက်သည်။ “ဒီလိုလည်း မဟုတ်ပါဘူး။ ကျုပ်က အိုမင်းနေတဲ့ လူတစ်ယောက်၊ ရူးသွပ်နေတဲ့ လူတစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ အရှင်မင်းကြီး အနှစ်သက်ဆုံး သစ်ခွပန်းကို စိုက်ပျိုးပေးနိုင်တဲ့ လူတစ်ယောက်လေ။ အရှင်မင်းကြီးက ဒီကောင်းချီးကြောင့် ကျုပ်ကို သတ်မှာ မဟုတ်ပါဘူး။ သခင်ကြီးစု... ကျေးဇူးပြုပြီး နန်းတော်ထဲကို ဝင်ခဲ့ပါ”
မိန်းမစိုးလီသည် စုနန်ကို ဖေးမကာဖြင့် နန်းတော်အတွင်းသို့ ခေါ်ဆောင်လာခဲ့၏။ စုနန်သည် ထိုအရာကို လက်မခံရန် စဉ်းစားမိ၏။ သို့ပေမည့် သူသည် အိုမင်းရင့်ရော်နေသည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် မိန်းမစိုးကြီးသည် သူ့ကို တွဲကာဖြင့် နန်းတော်ထဲသို့ ခေါ်ဆောင်သွားခဲ့၏။
နန်းတော်ထဲသို့ဝင်ရောက်ပြီးနောက် အားလုံးသောသူတို့၏ အကြည့်သည် သူ့ဆီသို့ ရောက်ရှိနေကြောင်း သူ သိသည်။ အထူးသဖြင့် အိမ်ရှေ့စံမင်းသား နင်ယီနှင့် တတိယမင်းသား နင်ချီတို့ပင် ဖြစ်၏။ သူတို့သည် စုနန်အား အလွန်အမင်း မေတ္တာသက်ဝင်သည့်အကြည့်များဖြင့် လှမ်းကာ ကြည့်ရှုနေ၏။ ထိုအရာသည် ပုံမှန် အခြေအနေ ထက်ပင် သာလွန်လျက် ရှိသည်။
ညီလာခံတစ်ခုလုံးသည် စုနန်ကြောင့် တိုက်ရိုက်ဆိုသလိုပင် မီးကျွမ်းလောင်ခြင်းကို ခံရတော့မည် ပုံပင်။ သို့ပေမည့် အရာအားလုံးတို့သည် မင်းသားနှစ်ပါးအပေါ်တွင် မူတည်လျက် ရှိ၏။
“အရှင်မင်းသားတို့... ကျုပ်က အိုမင်းပြီး အားနည်းနေပါပြီ။ ဒီတော့ မျက်လုံးမှိတ်ပြီး ခဏလောက် အနားယူပါရစေ”
မင်းသားနှစ်ပါးတို့သည် ချက်ချင်းပဲ လက်သီးကိုဆုပ်၊ ဦးညွှတ်ကာဖြင့် ထွက်ခွာသွားခဲ့သည်။
ပြီးနောက် စုနန်သည် မျက်စိကို စုံမှိတ်၏။ ပြီးနောက် သူ့ကိုတိုက်ခိုက်မည့် မီးပွားများအား မည်ကဲ့သို့ ရှင်းလင်းရမည် ဖြစ်ကြောင်း စတင်ကာ စဉ်းစားလျက် ရှိ၏။
မင်းသားနှစ်ပါးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ နှစ်ဖက်ခြမ်းသည် တခြားသောသူ ဘာကို ဆိုလိုသည်ကို အချင်းချင်း သိရှိကြ၏။ အရာအားလုံးသည် ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒအတိုင်း ပြုလုပ်ခြင်းသာ ဖြစ်၏။ အားလုံးသောသူတို့သည် စုနန်ကို ဝိုင်းဝန်းကာ ချုပ်နှောင်ရန် ကြိုးစားလျက် ရှိနေကြသည်။
အဓိကသော့ချက်အားဖြင့် ဘုရင်မင်းမြတ် သဘောတွေ့စေရန်ပင်။ ဘုရင်မင်းမြတ်သည် စုကလန်ကို သွေးစုပ်ရန် ပြင်ဆင်ထားခဲ့၏။ ထို့ကြောင့် သူတို့ကလည်း ထိုအတိုင်း လိုက်ပါပြုမူရပေမည်။
ဤနေရာတွင် ရှိနေသည့် အရာရှိအရာခံ အားလုံးတို့သည် ထိုကဲ့သို့ သဘောရှိ၏။ အားလုံးသောသူတို့သည် ဘုရင်မင်းမြတ် ရောက်ရှိလာမည်ကို စောင့်မျှော်လျက် ရှိနေကြ၏။
ထိုအချိန်မှာပဲ မိန်းမစိုးလီသည် အထဲသို့ လျှောက်ဝင်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော် ရှမ့်လန်က နန်းတော်အရှေ့မှာ အဆင်ခြင်မဲ့ ပြုလုပ်ခဲ့တယ်။ နန်းတွင်း ဥပဒေကိုလည်း လေးစားမှု မရှိခဲ့ဘူး။ အရှင်မင်းကြီးက သူ့ကို ကြိမ်ဒဏ်အချက် ၃၀ ရိုက်နှက်ဖို့ အမိန့်ပေးခဲ့တယ်။ ရွှမ်ဝူက သူ့ရဲ့လူတွေကို စည်းမျဉ်းစည်းကမ်း ချမှတ် သင်ပြပေးဖို့ လစ်ဟင်းခဲ့တယ်။ ဒါ့ကြောင့် သူ့ရဲ့ လစာ သုံးနှစ်စာကို ဖြတ်တောက်တယ်။ ဒါတော့ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ပဲ။ အားလုံး သိရှိကြပါ”
“ကောင်းပါပြီ”
ဟောခန်း၏အရှေ့ လေးထောင့်ကွက်ထဲမှာတော့ ရှမ့်လန်သည် အလယ်ဗဟို၌ လှဲလျက် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကြိမ်ဒဏ်များ ကျဆင်းနေ၏။ စုစုပေါင်း အချက် ၃၀ ဖြစ်၏။
ပြီးနောက် စစ်သည်အနည်းငယ်တို့သည် ရှေ့ဆီသို့ လှမ်းလာပြီး သူ့ကို တရွတ်တိုက် ဆွဲခေါ်သွားခဲ့သည်။
....................
ဘုရင်မင်းမြတ်၏ စာကြည့်ခန်းထဲမှာတော့ ....
နင်ကျန်းကို မြင်မြင်ချင်းမှာပဲ ဘုရင်မင်းမြတ်သည် မျက်မှောင်ကြုတ်ကာဖြင့် လက်ကို ဝှေ့ယမ်းလိုက်၏။ “ထွက်သွားစမ်း”
နင်ကျန်း၏ မျက်နှာတစ်ခုလုံးက ပျက်ယွင်းသွားခဲ့၏။ ပြီးနောက် သူက နောက်သို့ ဆုတ်ခွာလိုက်၏။ ဘုရင်မင်းမြတ်သည် သူ၏သားကိုပင် မချစ်ခင်၊မနှစ်သက်ကြောင်း ဖုံးကွယ်မနေချေ။ ချက်ချင်းပင် ထုတ်ဖော် ပြောဆိုခဲ့သည်။
စစ်သည်များသည် ရှမ့်လန်ကို တရွတ်တိုက်ဆွဲကာ အထဲသို့ ဝင်ရောက်လာခဲ့၏။ ရှမ့်လန်၏ ဈေးကြီးလွန်းသည့် ဝတ်စုံတစ်ခုလုံးက စုတ်ပြတ်လျက် ရှိနေပြီး ခန္ဓာကိုယ်ပေါ်တွင် သွေးစီးကြောင်းများဖြင့်ပင်။
“ရှမ့်လန်... မင်းရဲ့အပြစ်ကို မင်း သိရဲ့လား” ဘုရင်မင်းမြတ်က အေးစက်စက်နှင့် မေးလိုက်၏။
ရှမ့်လန်က ပြောလိုက်၏။ “ဒီကျောင်းသားက ပြစ်မှုကို ကောင်းကောင်း သိပါတယ်”
ဘုရင်မင်းမြတ်က ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ကျောင်းသားဟုတ်လား။ ဘာကျောင်းသားလဲ။ မင်းဆီမှာ ကျောင်းတော်သားတစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေ ရှိလို့လား”
ဟုတ်ပေ၏။ သူသည် နန်းတွင်းကျောင်း၏ ကျောင်းသားတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ရှမ့်လန်က ပြောလိုက်၏။ “ဒီသာမန်ပြည်သူက ကိုယ့်အပြစ်ကို သိပါပြီ”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ဒီ ဘုံကျောင်းမီးလောင်တဲ့ ကိစ္စက မင်းရဲ့ ဇာတ်ကွက်ပဲ မဟုတ်လား”
တိုက်ရိုက်ဆန်လွန်းလှချေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်”
ဘုရင်မင်းမြတ်သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ ရှမ့်လန်သည် အမှန်ကိ ဝန်ခံလျက် ရှိ၏။ ပြီးနောက် ဘုရင်မင်းမြတ်က အေးစက်စက် မေးလိုက်၏။ “ဘာ့ကြောင့်လဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျင်းမူကုန်းကို ကယ်တင်ဖို့ပါ၊ ပြီးတော့ စုကလန်ကို ဖျက်ဆီးဖို့ပါ”
“တောက် ... မင်းက တကယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ ဝန်ခံရဲနေတာပဲ”
ဘုရင်မင်းမြတ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ “ဒါဆိုရင် မင်း ဘယ်လိုပြစ်မှုမျိုး ကျူးလွန်ခဲ့တယ် ဆိုတာ သိလား”
ရှမ့်လန်က ပြောလိုကသည်၏။ “ကျုပ်... မင်းသမီး နင်ယန်ကို အသုံးမချသင့်ခဲ့ပါဘူး”
ဘုရင်မင်းမြတ်က မေးလိုက်သည်။ “ဒီလိုတော့ သိသေးသားပဲ။ ရွှမ်ဝူအိမ်တော်နဲ့ နုရှောင့်မြို့ နောက်ခံရှိနေတယ်ဆိုပြီး မင်းကို ငါ သတ်လို့မရဘူးလို့ ထင်နေတာလား။ မင်းရဲ့ လည်ကုပ်က ခုတ်ပိုင်းခံရဖို့ စိတ်မရှည်သလိုတောင်မှ တမျှော်မျှော် ဖြစ်နေတာလား”
ရှမ့်လန်က ပြောလိုက်၏။ “ဒီသာမန်ပြည်သူက ကိုယ့်အမှားကို သိပါတယ်။ ရှိရှိသမျှ အပြစ်အားလုံးက ဒီသာမန်ပြည်သူရဲ့ အပြစ်ပါပဲ”
ထိုအချိန်မှာပဲ မိန်းမစိုးလီသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “အရှင်မင်းကြီး... အချိန်ကျပါပြီ”
ဘုရင်မင်းမြတ်သည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် သရဖူကို ခေါင်းပေါ်သို့ တင်ကာဖြင့် မိန်းမစိုးလီနှင့်အတူ အရှေ့ဆီသို့ လျှောက်ထွက်သွားပြီး ညီလာခံခန်းမဆီ ဝင်ရောက်ရန် ပြင်ဆင်လိုက်၏။ “ဒီနေရာမှာ ဒူးထောက်နေ။ ညီလာခံပြီးမှ မင်းကို အပြစ်ပေးမယ်”
သို့နှင့် ဘုရင်မင်းမြတ်သည် ထွက်ခွာသွားခဲ့၏။
မိန်းမစိုးလေးသည် အရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီး ရှမ့်လန်၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို သေသေချာချာ ကြည့်ရှုနေ၏။ ထိုမိန်းမစိုးသည် တကယ့်ကို မောက်မာဝင့်ကြွားလျက် ရှိနေသည်။
“ရှမ့်လန်... ခွေးကောင်လေး၊ မင်း ကြာကြာ အသက်ရှင်မှာ မဟုတ်တော့ဘူး။ ညီလာခံ ပြီးတာနဲ့ မင်း သေရတော့မယ်။ မင်း... ညှာတာခြင်းဟောခန်းမှာတုန်းက ငါ့ကို မြှောက်ပင့်ပြောဆိုမှု မပြုလုပ်ခဲ့ဘူး။ မောက်မောက်မာမာနဲ့ ပြောဆိုခဲ့တယ်”
လောကကြီးထဲတွင် ရှမ့်လန်ထက် ပိုမိုကာ စိတ်သဘောထား ကျဉ်းမြောင်းသည့်လူ ရှိနေလိမ့်မည်ဟု ထင်မှတ် မထားခဲ့ချေ။ သို့ပေမည့် ဤမိန်းမစိုးသည် ရှမ့်လန်ထက်ပင် ပိုမိုကာ စိတ်သဘောထား ကျဉ်းမြောင်းလျက်ရှိသည်။
ရှမ့်လန်သည် ဘုရင်မင်းမြတ် ထွက်ခွာသွားပြီးချင်းမှာပဲ ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။
မိန်းမစိုးသည် အေးစက်စက်ပြောလိုက်သည်။ “မင်းဘယ်လိုလုပ်ရဲတာလဲ။ မတ်တပ်ထရပ်တယ် ဟုတ်လား။ မင်းကို ဘယ်သူက ထရပ်ခိုင်းတာလဲ။ ဒူးထောက်စမ်း”
ရှမ့်လန်က အသာလှမ်းကာကြည့်ရှုလိုက်သည်။ “အရူးပဲ”
မိန်းမစိုးသည် ကြောင်သွားခဲ့၏။ ဤနေရာသည် ဘုရင်မင်းမြတ်၏ နန်းတော်ဖြစ်၏။ ဤအခန်းသည် ဘုရင်မင်းမြတ်၏ စာကြည့်ခန်းလည်း ဖြစ်၏။ အဘယ့်ကြောင့် ဘုရင်မင်းမြတ် ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဤကဲ့သို့ ညစ်ညမ်းရိုင်းစိုင်းလွန်းသည့် စကားလုံးများကိုပြောဆိုရဲရသနည်း။
“မင်းပြောရဲတယ် ဟုတ်လား။ သူ့ကို ပါးအချက်သုံးဆယ်လောက် ရိုက်စမ်း” မိန်းမစိုးလေးယောက်တို့သည် အထဲဆီသို့ ပြေးဝင်လာခဲ့၏။ သူတို့သည် ရှမ့်လန်ကို ရိုက်နှက်ရန် ပြင်လိုက်၏။
ထိုအချိန်မှာပဲ နင်ယန်၏ လက်သီးချက်သည် မိန်းမစိုးများထဲမှ တစ်ယောက်အား မီတာဒါဇင်ချီ အဝေးဆီသို့ လွင့်စင်သွားစေ၏။ တခြားသော မိန်းမစိုးသုံးယောက်တို့သည် မြေပေါ်တွင်ဒူးထောက်ကာဖြင့် နောက်သို့ တရွေ့ရွေ့ဆုတ်ကာ ထွက်ခွာသွားခဲ့ကြသည်။
“နာလား” နင်ယန်က မေးလိုက်၏။
ရှမ့်လန်သည် သူဝတ်ဆင်ထားသည့်ဝတ်စုံကို အသာချွတ်လိုက်၏။ အောက်တွင်တော့ ချပ်ဝတ်အပျော့စား တစ်ခု ရှိနေ၏။ ဟုတ်ပေ၏။ သူ မနာချေ။ ကြိမ်ချက် သုံးဆယ်လုံးသည် ဤနူးညံ့သည့် ချပ်ဝတ်ပေါ်သို့ ကျဆင်းသွားခဲ့ခြင်းပင်။
“ဘယ်လောက်ကောင်းတဲ့ရတနာလဲ။ ဒီကောင်က သွေးတောင်ထွက်သေးတာပဲ” ရှမ့်လန်သည် အံ့အားတသင့်ဖြင့် မေးမြန်းလိုက်သည်။
နင်ယန်က ပြောလိုက်၏။ “ဟုတ်တယ်။ ဒီချပ်ဝတ်ရဲ့ အပေါ်ဆုံးအလွှာက ဂွမ်းသားနဲ့ ပြုလုပ်ထားတာ။ ဒါကြောင့် သွေးတွေစိမ်ထားလို့ရတယ်။ ကျာပွတ်တစ်ချက် ရိုက်တာနဲ့ သွေးရာ ပေါ်လာမယ်။ ဒါနဲ့ မင်းခုနတုန်းက အော်လိုက်သေးလား”
“အင်း.. သုံးကြိမ်၊ လေးကြိမ် အော်လိုက်တယ်။ ဒါပေမဲ့ အော်တာ ဟန်ဆောင်တယ်လို့ ထင်မှာစိုးလို့ ရပ်လိုက်တယ်” ရှမ့်လန်က ပြန်လည်ကာ ပြောဆိုလိုက်သည်။
နင်ယန်က ပြောလိုက်၏။ “အင်း... ဒါပေမဲ့ ဝက်တစ်ကောင် အသတ်ခံရတော့မယ့်ပုံစံမျိုး ဆိုးဆိုးဝါးဝါး အော်လိုက်တဲ့ အသံကို ငါကြားလိုက်ရသေးတယ်။ သနားစရာကောင်းတဲ့ အသံပဲ”
ရှမ့်လန်သည် ဒေါသတကြီးပြောလိုက်သည်။ “ဟိုခွေးကောင်ပေါ့။ နောက်ဆုံးရိုက်ချက်မှာ လည်ကုတ်နားကို ထိအောင် ရိုက်ခဲ့တယ်။ ကြည့်စမ်းကြည့်စမ်း ကျုပ်ရဲ့လည်ပင်းနားမှာ သွေးတောင် စို့နေတယ်”
နင်ယန်သည် ရုတ်တရက် ရှေ့ဆီသို့ လှမ်းတက်ပြီး အင်္ကျီစကို ဟကာဖြင့် ကြည့်ရှုလိုက်၏။ တကယ်ပင် သုံးလက်မနီးပါးခန့်ရှိသော ခြစ်ရာကြီးတစ်ခုက ရှိနေ၏။
“ချီးတဲ့မှ... တကယ်ကိုနာတာပဲ။ အဲခွေးကောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲနေမယ်။ ကျိန်းသေပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ရမယ်။ ချီးတဲ့မှပဲ”
ရှမ့်လန်သည် ဟန်ဆောင်၍အရိုက်ခံသည့်နေရာတွင် မောက်မာဝင့်ကွာစွာဖြင့် နာကျင်စွာ အော်ဟစ်ခြင်းမျိုးကိုပင် မပြုလုပ်ခဲ့ချေ။ ထိုကဲ့သို့သော မောက်မာမှုကြောင့် ရိုက်နှက်နေသည့်သူမှာ မပျော်မရွှင် ဖြစ်သွားသည်ပုံပေါ်၏။
အနည်းဆုံး ရိုက်ခံရသည်ဆိုလျှင် ပူးပေါင်းပါဝင်မှုရှိရှိဖြင့် အော်ရမည် မဟုတ်ပါလား။ မအော်သည်မှာ ဘာအဓိပ္ပာယ်နည်း။ ထို့ကြောင့် နောက်ဆုံးရိုက်ချက်သည် ရှမ့်လန်အတွက် သေးငယ်သည့် အပြစ်ပေးမှုတစ်ခုသာ ဖြစ်သည်။
ပုံမှန် ကျာပွတ်ရိုက်ချက်၏ ဆယ်ပုံပုံ တစ်ပုံစာလောက်သာ အားထည့်ကာ ရိုက်နှက်ခဲ့ခြင်းဖြစ်၏။ သို့ပေမည့် ရှမ့်လန်သည် ထိုရိုက်ချက်တွင် အသတ်ခံရတော့မည့် ဝက်တစ်ကောင်ကဲ့သို့ ဆိုးဆိုးရွားရွား အော်ဟစ်ခဲ့၏။ ကြိမ်ချက်သုံးဆယ်ကို ဤကဲ့သို့သာ ရိုက်နှက်သည်ဆိုပါက ရှမ့်လန်တစ်ယောက် သေဆုံးနှင့်နေသည်မှာ ကြာလောက်ပေပြီ။