← Chapters

အပိုင်း (၂၈၄)

Vol. 21 Ch. 284

အပိုင်း (၂၈၄)

Vol. 21 Ch. 284

ဘုရင်မင်းမြတ်က ပြောလိုက်၏။ “စုကလန်ရဲ့စစ်တပ်က ချင်နိုင်ငံရဲ့စစ်သည်တွေကို ခုခံနိုင်လိမ့်မယ်လို့ ထင်လား”

စုနန်ကပြောလိုက်၏။ “နိုင်ငံတော်အပေါ်ထားတဲ့ သစ္စာတရားကြောင့် သေဆုံးရမယ်ဆိုရင်တောင်မှ ကျုပ် ကျိန်းသေပေါက် အလုပ်အကြွေး ပြုပါ့မယ်”

ချီးတဲ့မှ... လောကကြီးတွင် ဤမျှ ရှက်ရွံ့စရာကောင်းသည့် စကားလုံးမျိုး မရှိတော့ချေ။ ဆိုလိုသည်မှာ စုနန်၏ စကားလုံးက အလွန်ပင် ရိုးရှင်းလွန်းလှချေ၏။ စုကလန်သည် ချင်နိုင်ငံ၏ ဒေါသတရားများကို ပြေပျောက် သွားစေရန် လိုလိုချင်ချင်နှင့် ကြီးမားသည့်ပေးဆပ်မှုမျိုးကို ပြုလုပ်ချင်၏။ သွေးမည်မျှ ထွက်ထွက် ကိစ္စမရှိချေ။

“အရှင်မင်းကြီး စိတ်မပူနဲ့။ ဒီသံတမန်တွေကိုသာ သတ်လိုက်ပါ။ ကျန်တာအကုန်လုံးကို စုကလန်က ဖြေရှင်းပေးပါ့မယ်”

စုနန်သည် ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် တည့်တိုးဆန်လျက်ရှိနေ၏။ သူသည် တခြားသော ကိစ္စရပ်များကို ထပ်ကာ ပြောဆိုခြင်းမရှိချေ။ ဘုရင်မင်းမြတ် လိုချင်သည့်အရာတစ်ခုကိုသာ ထိပ်တိုက်ဦးတည် ပြောဆိုခဲ့၏။

ဘုရင်မင်းမြတ်သည် တည်ငြိမ်စွာပြောဆိုလိုက်သည်။ “ချင်နိုင်ငံက ကျုပ်တို့ရဲ့ဘုံကျောင်းကို ဖျက်ဆီးခဲ့တယ်။ ဒါက ကျုပ်တို့ရဲ့သစ္စာတရား၊ ကျုပ်တို့ရဲ့လေးနက်မှုကို ဖျက်ဆီးခဲ့တာနဲ့ တူတူပဲ။ သူတို့ရဲ့ ကိုယ်စားလှယ် အနည်းငယ်ကို သတ်ဖြတ်ပစ်ရုံနဲ့ မလုံလောက်ဘူး”

နယ်စားကြီးစုနန်က ပြောလိုက်၏။ “ဘုရင်မင်းမြတ်... ချင်နိုင်ငံဆီကို ကိုယ်စားလှယ်တစ်ယောက်ကို စေလွှတ်သင့်တယ်။ ပြီးတော့ မှားယွင်းကြောင်း တောင်းပန်စာတစ်စောင်ကို တောင်းခံသင့်တယ်။ ဒါတင်သာ မကသေးဘူး။ ချင်နိုင်ငံက ဘုံကျောင်းကြီးကို ပြန်လည်ပြင်ဆင်ဖို့ လူတွေ စေလွှတ်ပေးသင့်တယ်။ ဒါမှမဟုတ် ချင်နိုင်ငံထဲမှာ ဘုံကျောင်းတစ်ခု တည်ဆောက်သင့်တယ်။ ဒါမှရိုင်းစိုင်းတဲ့လူတွေရဲ့ နယ်မြေထဲမှာ သူတော်စင်တွေရဲ့ ဘုံကျောင်းကြီးက ထွန်းလင်းတောက်ပနေတော့မှာပေါ့။ ဒါဆိုရင် ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်သိက္ခာလည်း မပျက်စီးတော့ဘူး။ သူတော်စင်တွေကလည်း ကောင်းကင်ကနေ သဘောကျပါလိမ့်မယ်”

အားလုံးသောသူတို့သည် ချီးကျူးသလို သက်ပြင်းချလိုက်၏။ သို့ပေမည့် တစ်ခုခုဆိုးဝါးနေသည်ဟု သူတို့က ခံစားမိ၏။ ချင်နိုင်ငံဆီမှ ကိုယ်စားလှယ်များကို သတ်ဖြတ်ပစ်ခဲ့၏။ ထိုသို့ဆိုလျှင် ချင်ဘုရင်သည် ကျိန်းသေပေါက် ဒေါသထွက်ပေမည်။ စစ်သည်များကို ခေါ်ဆောင်ပြီး ကျိန်းသေပေါက် နယ်စပ်ကို လာရောက်တိုက်ခိုက်မည် မဟုတ်ပါလား။

တစ်ဖက်ချင်ဘုရင်အား တောင်းပန်စေချင်၏။ ထို့အပြင် ချင်နိုင်ငံအတွင်း၌ ဘုံကျောင်းတစ်ခုကို တည်ဆောက်စေချင်နေသေး၏။ အိမ်မက်မက်နေသည်ကို ရပ်တန့်လိုက်သင့်သည်။ ချင်နိုင်ငံသည် တကယ်ကို မောက်မာပြီး အရာအားလုံးကို ပြုလုပ်နိုင်စွမ်း ရှိနေသည့် နိုင်ငံမျိုးပင်။

သူတို့၏စစ်သည်များကို သတ်ဖြတ်လိုက်ပါက မည်သို့လုပ်မည်နည်း။ ထို့အပြင် ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ရမည်လား။ ထိုကိုယ်စားလှယ်သည် ချင်နိုင်ငံ၏ ပြည်တွင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့်တပြိုင်နက် အစိတ်စိတ် အပိုင်းပိုင်း ခုတ်ပြတ်ခြင်းကို ခံရပေလိမ့်မည်။

ဘုရင်မင်းမြတ်သည် ချက်ချင်းပဲ စုနန်၏ သတ်ဖြတ်ခြင်းဆန္ဒများကို အာရုံခံမိ၏။

သေချာပေ၏။ စုနန်သည် ထပ်မံကာ ဒူးထောက်ရန်ပြောလိုက်သည်။ “လိုရင်းကို ပြောရမယ်ဆိုရင် ကျင်းကလန်က ကျုပ်တို့နဲ့ ဆွေမျိုးနီးစပ် တော်စပ်ပါတယ်။ ရှမ့်လန်ကလည်း ပါရမီရှိတဲ့ လူတစ်ယောက်လေ။ ကျင်းချန်ကျွန်း တိုက်ပွဲမှာ သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်ပြသခဲ့တယ်။ ဒီတော့ ရွှဲ့ပြည်နယ်ရဲ့ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ဘုရင်မင်းမြတ်ကို ကိုယ်စားပြုပြီး ချင်နိုင်ငံကိုသွားဖို့ ရှမ့်လန်ကို ကျုပ် အဆိုပြုချင်ပါတယ်။ ချင်နိုင်ငံမှာ ဘုံကျောင်းတစ်ခု တည်ဆောက်ဖို့အတွက် သူ အကောင်းဆုံး ပြုလုပ်ပေးနိုင်မယ်လို့ထင်ပါတယ်”

ဤစကားစုထွက်ပေါ်လာချင်းမှာပဲ အားလုံးတို့သည် စိတ်ထဲတွင်ကြိတ်ကာ အံ့ဩသွားခဲ့ကြ၏။ တကယ့် ဆရာကြီးက ဆရာကြီးသာလျှင်ဖြစ်၏။ နယ်စားကြီးစုနန်သည် တစ်ဖက်လူအား သဲလွန်စမချန် သတ်ဖြတ်ချင်၏။ မနေ့တုန်းက ရှမ့်လန်သည် စုကလန်ကို ကျိန်းသေပေါက် ရန်ပြုခဲ့၏။ ယနေ့အချိန်မှာတော့ နယ်စားကြီးစုနန်သည် တစ်ဖက်လူကို တရားမျှတစွာဖြင့် သတ်ဖြတ်ပစ်ရန် ပြင်ဆင်ခဲ့၏။

ကျင်းမိသားစုနှင့် စုကလန်တို့သည် ဖြေရှင်း၍ မရနိုင်သည့် ရန်ငြိုးများရှိနေ၏။ တစ်ဖက်နှင့်တစ်ဖက် မညှာတမ်း သတ်ဖြတ်ချင်စိတ်ရှိကြ၏။ ဘုရင်မင်းမြတ်သည် တစ်ဖက်လူ၏ စကားလုံးများဆီမှ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်နှင့် စုနန်တို့သည် တစ်ယောက်နှင့်တစ်ယောက် လည်မြို ညှစ်သတ်ရန် ပြင်ဆင်လျက်ရှိနေ၏။ ပွဲကလည်း အကောင်းဆုံးအခြေအနေဆီသို့ ရောက်ရှိလာခဲ့သည်။

ရှမ့်လန်သည် နန်းမြို့တော်ဆီသို့ ဝင်ရောက်လာခဲ့ပြီးပြီးချင်းမှာပဲ စုကလန်ကို ဖျက်ဆီးပစ်မည်ဟု ကြွေးကြော်ခဲ့၏။ တိုက်ပွဲစသည့်အချိန်၌ သေဆုံးသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။

စုနန်ကလည်း မြန်ဆန်လွန်း၏။ သတ်ဖြတ်လိုခြင်းဆန္ဒကို အပြည့်အဝ ထုတ်ဖော်ကာဖြင့် တစ်ဖက်လူကို ချောက်ထဲသို့ ဆွဲချခဲ့သည်။

စုနန်၏ အဆိုပြုချက်ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကြားနေအဖွဲ့အစည်းမှ အရာရှိများသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ဝမ်ချန်လီသည် ရှေ့ဆီသို့ လှမ်းတက်ကာပြောလိုက်၏။ “ကျုပ်က ရှမ့်လန်ကို ချင်နိုင်ငံဆီကို သွားမယ့်ကိုယ်စားလှယ်အဖြစ် ထောက်ခံပါတယ်”

တခြားသော ဘဏ္ဍာရေးဝန်ကြီးဌာနမှလူကလည်း ရှေ့ဆီသို့လှမ်းတက်လာကာ ပြောလိုက်သည်။ “ကျုပ်ကလည်း ထောက်ခံပါတယ်”

“ကျုပ်လည်းထောက်ခံပါတယ်”

“ကျုပ်လည်း ထောက်ခံပါတယ်”

အရာရှိအရာခံ ဝန်ကြီးများသည် ရှေ့ဆီသို့ တစ်ယောက်ပြီးတစ်ယောက် လှမ်းတက်လာခဲ့၏။

အိမ်ရှေ့စံမင်းသား၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ ရှမ့်လန်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဆူးတစ်ချောင်းကဲ့သို့ပင်ဖြစ်၏။ ထိုဆူးကို သူဆွဲထုတ်ရပေလိမ့်မည်။ အခွင့်အရေးရတုန်း အသုံးမချလျှင် မည်သည့်အချိန်တွင် သွားကာအသုံးချရမည်နည်း။

ထို့ကြောင့် အိမ်ရှေ့စံမင်းသား၏ အောက်တွင်ရှိနေသည့် အရာရှိများကလည်း ရှေ့ဆီသို့ လှမ်းတက်လာခဲ့သည်။ “ကျုပ်ကလည်း ထောက်ခံပါတယ်”

နောက်ဆုံးမှာတော့ တတိယမင်းသား၏ အောက်တွင်ရှိနေသည့် အရာရှိများကလည်း ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ “ကျုပ်ကလည်း ထောက်ခံပါတယ်။ အားလုံးက ထောက်ခံပါတယ်”

ဤမြင်ကွင်းသည် တကယ့်ကို ဝက်ဝက်ကွဲ အံ့အားသင့်စရာဖြစ်၏။ နယ်စားကြီးစုနန်သည် တိမ်များကို ဆင့်ခေါ်ကာ လက်တစ်ချက်ကို ဝှေ့ရမ်းပြီး မိုးရွာစေသကဲ့သို့ပင်။

ဘုရင်မင်းမြတ်သည် ဒေါသ အလွန်အကျွံ ထွက်နေ၏။ သို့ပေမည့် စုနန်ဖြစ်၏။ ရင်ဆိုင်ရခက်ခဲလျက် ရှိနေတုန်းပင်။ မြေခွေးအိုကြီးနှင့် အဆိပ်ပြင်းသော မြွေတစ်ကောင်တို့၏တိုက်ပွဲပင်။

ခဏလောက်ကြာပြီးနောက် သူနှင့်ရှမ့်လန်တို့သည် တူညီသည့်ရန်သူတစ်ခုကို တူညီသည့် အမုန်းတရား နှင့်အတူ ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း ဘုရင်မင်းမြတ်က ခံစားမိ၏။

“ကျုပ်နားလည်ပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ် သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချမယ်။ တခြားကိစ္စရပ်တွေ ရှိသေးတယ်ဆိုရင်လည်း ပြောစရာရှိ ပြောကြ။ မရှိဘူးဆိုရင် ညီလာခံသိမ်းမယ်”

ညီလာခံ သိမ်းသွားခဲ့၏။ စာကြည့်ခန်းထဲသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် အနည်းငယ် ပင်ပန်းပြီး ဒေါသထွက်သလို ခံစားနေမိ၏။ သူသည် ယနေ့ညီလာခံတွင် အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဟု ခံစားမိသည်။ ကောင်းမွန်သည့်အရာမျိုး မဟုတ်ချေ။

စာကြည့်ခန်းသို့ ဝင်ရောက်ပြီးနောက် ရှမ့်လန်သည် ဒူးထောက်မနေချေ။ ထိုအစား နင်ယန်နှင့် ပရောပရီ စကားပြောလျက်ရှိနေသည်ကို မြင်လိုက်ရ၏။ ဘုရင်မင်းမြတ်၏ မျက်နှာသွင်ပြင်က အေးခဲသွားခဲ့၏။

သူသည် တင်းမာခက်ထန်စွာဖြင့် ပြောလိုက်သည်။ “ယောက်ျားနဲ့ မိန်းမဆိုတာ ဒီလို တစ်ယောက်နဲ့တစ်ယောက် ထိတွေ့နေလို့ မဖြစ်ဘူး။ ဒါဘာလဲ။ ဒါကဘာလဲ။ ရှမ့်လန်... မင်း ဒီလိုမျိုး ပရောပရီ နေဖို့ အချိန် ရှိနေသေးတယ်ပေါ့။ နယ်စားကြီးစုနန်ရဲ့ တန်ပြန်တိုက်ခိုက်မှုက မင်းကို သေစေတော့မယ်”

ထိုအချိန်မှာပဲ ဘေးတစ်ဖက်တွင်ရှိနေသည့် မိန်းမစိုးသည် ဒူးထောက်ကာဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး... ဒီရှမ့်လန်က မင်းသမီးနင်ယန်နဲ့ ပရောပရီ တောက်လျှောက်လုပ်နေပါတယ်။ ပြီးတော့ မင်းသမီးရဲ့ ရင်ဘတ်ကိုတောင် ပုတ်ခဲ့သေးတယ်။ တကယ့်ကို အရှက်တရားမရှိတဲ့ကောင်ပါပဲ”

ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်သည် သည်းမခံနိုင်တော့ချေ။ ထို့ကြောင့်အော်ဟစ်လိုက်သည်။ “သူ့ကို ဆွဲခေါ်ပြီး သတ်လိုက်စမ်း”

မိန်းမစိုးက ပျော်ရွှင်သွားခဲ့၏။ “ကြားတယ်မလား ကိုယ့်လူတို့.... ရှမ့်လန်ကိုခေါ်ပြီးတော့ သတ်ပစ်လိုက်”

မိန်းမစိုးအိုကြီးက တွေးလိုက်သည်။ ‘အရူး... သေခါနီးနေပြီ ခုထိတောင် သောက်ရူးလို လုပ်နေတုန်းပဲ’

ဘုရင်မင်းမြတ်သည် မိန်းမစိုးကို လက်ညှိုးညွှန်ကာဖြင့် ပြောလိုက်၏။ “ဒီခွေးသူတောင်းစားကို ဆွဲခေါ်ပြီး သတ်ပစ်လိုက်စမ်း”

မိန်းမစိုးသည် တကယ်ပင် အလန့်တကြား ဖြစ်သွားခဲ့၏။ အဘယ့်ကြောင့် သူ့ကို သတ်ဖြတ်ရသနည်း။ ယခု အရာအားလုံးကို ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သူသည် ရှမ့်လန်ပင် ဖြစ်၏။ နန်းတော်၏ရှေ့တွင် အဆင်ခြင်မဲ့ ပြုလုပ်ခဲ့ပြီး ညီလာခံအား ဟင်းသီးဟင်းရွက်ဈေး တစ်ခုကဲ့သို့ ဖြစ်အောင် ပြုမူမောက်မာခဲ့သည်။

ဘုရင်မင်းမြတ်သည် သူ့ကို အနှစ်သက်ဆုံး ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူသည် သစ်ခွပန်း စိုက်ပျိုးသည့်နေရာတွင် အတော်ဆုံး ဖြစ်၏။ အကောင်းမွန်ဆုံးသော သစ်ခွပန်းသုံးအိုးကိုပင် သူ စိုက်ပျိုးနိုင်ခဲ့၏။ ဟိုခွေးသူတောင်းစားကြီး လီစွန်းသည်ပင် တစ်အိုးတည်းသာ စိုက်နိုင်ခဲ့၏။ သို့ပေမည့် သူကတော့ နှစ်အိုးကို အသက်ရှင်အောင် စိုက်နိုင်ခဲ့၏။

ထို့ကြောင့်ပင်လျှင် ဘုရင်မင်းမြတ်သည် သူ့ကို အဆင့်တိုးမြှင့်ပေးခဲ့ပြီး စာကြည့်ခန်း၌ အလုပ်အကျွေး ပြုစုရန် ခေါ်ဆောင်ထားခဲ့၏။ သူသည် ဘုရင်မင်းမြတ်၏ ချစ်ခင်အနှစ်သက်ဆုံးသော မိန်းမစိုးတစ်ယောက် ဖြစ်၏။ အဘယ့်ကြောင့် သူက အသတ်ဖြတ်ခံရမည်နည်း။

သို့ပေမည့် စစ်သည်တော်လေးယောက်သည် ရုတ်တရက် ရှေ့ဆီသို့ရောက်ရှိလာကာဖြင့် သူ့ကို အတင်းဆွဲခေါ်ခဲ့သည်။

မိန်းမစိုးသည် ထကာ အော်ဟစ်လိုက်၏။ “အရှင်မင်းကြီး... အရှင်မင်းကြီး... အခု အမှားအယွင်း ပြုလုပ်ခဲ့တဲ့လူက ရှမ့်လန်ပါ။ သူက မင်းသမီးနင်ယန်ရဲ့ ရင်သားကိုတောင်မှ ကိုင်ခဲ့သေးတယ်”

ထိုစကားကိုကြားသည့်အချိန်မှာတော့ ရှမ့်လန်၏ဆံပင်များသည် ထောင်ထသွားခဲ့သည်။ ‘ချီးထဲမှ... မင်း အဆင့်နိမ့်တဲ့ကောင်... ဘယ်လိုဖြစ်ပြီး မသေခင်တောင်မှ ငါ့ကို ဒုက္ခပေးခဲ့ရသေးတာလဲ’

ဘုရင်မင်းမြတ်၏အကြည့်သည် လျှပ်စီးလက်သကဲ့သို့ပင် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။ ပြီးနောက် သူ၏ အကြည့်သည် ရှမ့်လန်၏ လက်ဆီသို့ ရောက်ရှိလာခဲ့၏။

ရှမ့်လန်သည် သူ၏လက်တစ်ခုလုံး ခုတ်ဖြတ်ခံရလုမတတ်ပင် ခံစားလိုက်မိသည်။

“အရှင်မင်းကြီး... ကျုပ်က ရှားပါးတဲ့ သစ်ခွပန်းတွေကို စိုက်ပျိုးနိုင်တဲ့ လူတစ်ယောက်ပါ။ ဘာကြောင့် ကျုပ်ကို သတ်ပစ်ရတာလဲ။ ဘာကြောင့် ကျုပ်ကို သတ်ပစ်ရတာလဲ” မိန်းမစိုးသည် အဆင်ခြင်မဲ့စွာဖြင့် အော်ဟစ်လျက် ရှိနေသေး၏။

ဘုရင်မင်းမြတ်က မျက်မှောင်ကုတ်လိုက်သည်။ မိန်းမစိုးလီစွန်းသည် ရှေ့ဆီသို့ လှမ်းတက်ပြီး တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးနောက် ထိုအရာကို မိန်းမစိုး၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။ အော်ဟစ်သံသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ခြံဝန်းထဲသို့ အတင်းခေါ်ဆောင်ခံပြီးနောက် မိန်းမစိုးအိုကြီး လီစွန်းက ပြောလိုက်၏။ “ခွေးသူတောင်းစားလေး.. မင်းက ဘုရင်မင်းမြတ်ရဲ့စာကြည့်ခန်းထဲမှာ အလုပ်အကျွေး ပြုစုခဲ့ရတာ ခဏပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီးတော့ ပစ္စည်းခိုးရဲရတာလဲ။ မင်း သေချင်နေတာပဲ။ မင်းကို အကြိမ်သုံးဆယ်တိတိ ကြိမ်ဒဏ် ရိုက်ရမယ်။ နောက်ဆုံးတစ်ချက်မှာ မင်းကိုသတ်ပစ်မယ်”

“ကောင်းပါပြီ”

စစ်သည်တော်လေးယောက်တို့က ပြန်လည်ကာ ပြောဆို၏။ ပြီးနောက် ထိုမိန်းမစိုး၏ ဘောင်းဘီကို ဆွဲချွတ်လိုက်၏။ ထူထဲပြီး ကြီးမားလွန်းသည့် သစ်သားတုတ်ကြီးသည် ကြမ်းတမ်းစွာဖြင့် ထိုသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

“အား”

မိန်းမစိုးသည် ဆိုးဆိုးဝါးဝါး အော်ဟစ်လိုက်၏။ သူ့အနေနှင့် ဤမျှနာကျင်သည့် ခံစားချက်မျိုး လောက၌ မရှိတော့သလိုပင် ခံစားမိ၏။ အလုံးစုံသုတ်သင်ခံရခြင်း၏ ကြောက်လန့်မှုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုလျက် ရှိနေ၏။ သူ၏ပေါင်သည် သွင်သွင်ကျိုးသွားခဲ့၏။ တစ်ချက်တည်းသော ရိုက်ချက်နှင့်ပင်။

ဖြောင်း ဖြောင်း ဖြောင်း ..

စစ်သည်တော်နှစ်ယောက်တို့သည် ထပ်တလဲလဲ ရိုက်နှက်လျက် ရှိနေ၏။ ရှမ့်လန်သည် ထိုအရာကို တစ်ချက်သာ လှမ်းကြည့်၏။ ပြီးနောက် အကြည့် ရှောင်လွှဲလိုက်၏။ ထိုအရာက တကယ့်ကို ရက်စက်လွန်း၏။ အပြစ်ပေးနေခြင်းနှင့် မတူချေ။ သတ်ဖြတ်သည့်နေရာတွင် ရက်စက်ဆုံးသောနည်းလမ်းကို အသုံးပြု၍ သတ်ဖြတ်နေခြင်းပင် ဖြစ်၏။

ပထမဦးဆုံး ရိုက်ချက်တစ်ခုတည်းနှင့်ပင် ခြေထောက်ရိုးက သွင်သွင်ကျိုးသွားခဲ့၏။ ပြီးနောက် ခြေသလုံး၊ ဒူး၊ ပေါင်၊ ဖင် စသဖြင့် တစ်ဆင့်ချင်းစီ တက်လာခဲ့၏။ ရိုက်ချက်တစ်ခုချင်းစီတိုင်းသည် အရိုးများကို အပိုင်းပိုင်းအစစ ကျိုးကြေစေခဲ့၏။ စုစုပေါင်း ၂၉ ချက်တိတိကို ရိုက်နှက်ခဲ့သည်။

မိန်းမစိုး၏ အောက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးသည် ပြားချပ်လျက် ရှိနေပြီး မြေပေါ်တွင်ပင် တွဲလောင်းကပ်လျက် ရှိနေ၏။ ထိုအချိန်မှာတော့ သူ၏ နာကျင်မှုသည် စကားလုံးများဖြင့် ဖော်ညွှန်း ပြောဆို၍ ရနိုင်တော့မည် မဟုတ်ချေ။ သို့ပေမည့် အသက်ရှင်လျက် ရှိနေသေးသလို အသိစိတ်လည်း ရှိနေသေး၏။ ထိုအချိန်မှာတော့ သူသည် ချက်ချင်းပဲ သေဆုံးသွားချင်မိ၏။ သို့ပေမည့် သူ မသေဆုံးသေးချေ။

နောက်ဆုံးရိုက်ချက် ‘ဖြောင်း...’

ထိုရိုက်ချက်သည် ဦးခေါင်း၏ နောက်စေ့ တည့်တည့်ကို ထိမှန်သွားခဲ့၏။ ချက်ချင်းပဲ သေဆုံးသွားခဲ့တော့သည်။

................

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းအတွက် မိန်းမစိုး ရွေးချယ်သည့် လိုအပ်ချက်မှာ တကယ့်ကို ရိုးရှင်း၏။ သစ္စာတရားနှင့် ဉာဏ်ပညာရှိခြင်းပင် ဖြစ်၏။ အခြေအနေကို သိရှိနားလည်သည့် လူလည်း ဖြစ်ရပေမည်။ မည်သည့်အချိန်တွင် ပြောဆိုရမည်ဖြစ်ပြီး မည်သည့်အချိန်တွင် မပြောဆိုရမည်ကို သိရှိရမည်။ မည်သည့်အချိန်တွင် ပြုလုပ်ရမည်ဆိုသည်ကို သိရှိပြီး မည်သည့်အချိန်တွင် မပြုလုပ်ရမည်ကို သိရှိရပေမည်။

ဤမိန်းမစိုးလေးသည် တကယ့်ကို လုပ်နိုင်စွမ်း မြင့်မား၏။ ရှားပါးလွန်းလှသည့် သစ်ခွပန်းများကိုပင် ရှင်သန်အောင် မွေးမြူစောင့်ရှောက်နိုင်သည့် လူလည်း ဖြစ်၏။ သို့ပေမည့် ထိုကဲ့သို့သော လုပ်နိုင်သူ နောက်တစ်ယောက် ရောက်ရှိပေဦးမည်။ အထူအပါး နားလည်သူဖြစ်ဖို့က ပိုအရေးကြီးသည်။

ထိုမိန်းမစိုးလေးသည် ဘုရင်မင်းမြတ်၏ စာကြည့်ခန်း၌ အလုပ်အကျွေး ပြုစုနေရသည့် လူတစ်ယောက်ဖြစ်ပြီး ညှာတာခြင်းဟောခန်း၏ ခေါင်းဆောင်ငယ်လေးတစ်ယောက်လည်း ဖြစ်၏။ အရာရှိအရာခံတချို့ဆီမှ ငွေညှစ်ကာ လာဘ်စားတတ်သူ တစ်ယောက်ဖြစ်သည်ကို သိရှိသော်လည်း ဘုရင်မင်းမြတ်သည် ထိုအရာကိစ္စနှင့်ပတ်သက်၍ မျက်ကန်းတစ်ယောက်လို နေထိုင်ပေးခဲ့၏။

နန်းတော်၏ ပစ္စည်းများကို ခိုးယူခြင်းဆိုသည်မှာ တကယ့်ကို သည်းခံနိုင်လောက်သည့် အရာမျိုး မဟုတ်ချေ။ ထို့အပြင် ဤအကောင်သည် မင်းသမီးနင်ယန် ကိစ္စကိုပင် လက်လွတ်စံပယ် ပြောဆိုခဲ့သေးသည်။ ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒကို နားလည်ရန် မကြိုးစားချေ။ ရှမ့်လန်ကို သတ်ဖြတ်ရန်သာ အာရုံစိုက်နေခဲ့သည်။

ဘုရင်မင်းမြတ်သည် ရှမ့်လန် စုမိသားစုနှင့် ရင်ဆိုင်နေရသည်ကို ပျော်ရွှင်စွာ ကြည့်ရှုချင်နေကြောင်း သူ မသိခဲ့ချေ။ ရှမ့်လန်သည် ဘုံကျောင်းကို မီးရှို့ခဲ့သည်ဆိုလျှင်တောင်မှ အကျိုးကျေးဇူးအရှိဆုံးသူမှာ ဘုရင်မင်းမြတ်ပင် ဖြစ်၏။

တောင်ပိုင်းနိုင်ငံနှင့် စစ်ပွဲသည် အလှည့်အပြောင်း များပြားလွန်းလှချေ၏။ တောင်ပိုင်းနိုင်ငံသည် သဲကန္တာရ လူရိုင်းတို့ထံမှ အကူအညီကို ရယူထားသည်။ ထို့ကြောင့် ရွဲ့ပြည်နယ် နှင့် တောင်ပိုင်းနိုင်ငံတို့ကြား စစ်ပွဲသည် လိပ်ခဲတည်းလည်း အခြေအနေမျိုးဖြစ်လို့နေသည်။

ထိုကဲ့သို့သောအခြေအနေကို အခွင့်အရေးယူပြီး ချင်နိုင်ငံသည် ရွဲ့ပြည်နယ်ဆီမှ ငွေကြေး နှင့် ပစ္စည်းပစ္စယများကို တောင်းခံခဲ့သည်။ ဘုရင်မင်းမြတ်သည် ထိုအရာကို မပေးချင်ပေ။ ယခု ဘုံကျောင်းကို မီးရှို့ခဲ့သောကြောင့် ရွဲ့ပြည်နယ် အနေနှင့် အထက်စီးမှ ပြန်လည် ငြင်းဆန်ခွင့်ရှိသွားပြီ ဖြစ်၏။

နင်ယွမ်ရှန်းသည် ဘုံကျောင်းကို တစ်ချက်ကလေးမှ နှမျောခြင်းမရှိချေ။ သူ နှင့် ဘာများသက်ဆိုင်နေသနည်း။ ဘုံကျောင်းသည် သူ့ဘိုးဘေးများ၏ သင်္ချိုင်းတည်နေရာလည်းမဟုတ်ချေ။

ထို့ကြောင့်ပင်လျှင် ရှမ့်လန်က ဘုံကျောင်းကို မီးရှို့ရဲခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ဘုရင်မင်းမြတ် နှင့် ရှမ့်လန်တို့သည် တူညီသည့်ဘက်ခြမ်းတွင် တည်ရှိကြသည်။ စုမိသားစု၏ အရိုးကိုချိုး၍ သွေးကိုစုပ်ထုတ်ရန် သူတို့က စဉ်းစားထားကြသည်။ သို့ကြောင့် ရှမ့်လန်အား ကြိမ်ဒဏ်ပေးသည့် အချိန်တွင် ဘုရင်မင်းမြတ်က သံချပ်ဝတ်လေးကို ပေးကာ ဝတ်ဆင်ထားစေခြင်း ဖြစ်၏။

သို့ပေမည့် ထိုအကြောင်းအရာများနှင့်ပတ်သက်၍ မိန်းမစိုးငယ်လေးသည် ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း မရှိခဲ့ချေ။ ထပ်တလဲလဲ ဘုရင်မင်းမြတ်ကို ရန်စနေခဲ့၏။ ထို့ကြောင့်ပင်လျှင် ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား မသေခင် ပြောဆိုသွားခဲ့သည့် စကားလုံးသည် ရှမ့်လန်ကို တွင်းနက်ထဲသို့ ရောက်ရှိစေခဲ့သည်။

“ရှမ့်လန်... မင်းလုပ်ရဲတယ်ဟုတ်လား။ မင်းက အိမ်ထောင်ရှိပြီးသား လူတစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီး ငါ့သမီးကို အခွင့်အရေး ယူခဲ့ရတာလဲ” ဘုရင်မင်းမြတ်၏အကြည့်သည် ရှမ့်လန်၏လက်ဝါးဆီသို့ ရောက်ရှိလာခဲ့၏။

ဆရာလန်၏ ဆံပင်များသည် ထောင်ထသွားခဲ့၏။ သူသည် အန္တရာယ်၏အငွေ့အသက်ကို ခံစားလိုက်မိသည်။

နင်ယန် က ပြောလိုက်၏။ “အဖေ... ရှမ့်လန်က ကျွန်မကို မထိခဲ့ပါဘူး။ သူက ကျွန်မ ရင်ဘတ်ကို တစ်ချက် ပုတ်လိုက်ရုံပါပဲ”

ရှမ့်လန်က ဆွံ့အခဲ့သည်။ “မရှင်းပြပါနဲ့တော့”

မင်းသမီးနင်ယန်သည် တစ်စုံတစ်ခုကို တွေးတောမိသွားဟန် ပေါ်၏။ ပြီးနောက် ပြောလိုက်၏။ “ဪ ဟုတ်ပြီ၊ အဖေ.. ရှမ့်လန်က လွန်ခဲ့တဲ့ညက ကျွန်မရဲ့ ရောဂါကို ကုသပေးခဲ့တယ်။ ကျွန်မက သူ့ကို ပြန်လည်ပေးဆပ်မယ်လို့ ကတိပေးထားခဲ့တယ်။ သူက အရာရှိ တစ်ယောက် ဖြစ်ချင်နေတယ်။ ဒါပေမဲ့ အဆင့် ၇၊ အဆင့် ၈ ဘာမဆို ကိစ္စမရှိဘူး။ ဩဇာအာဏာရှိရင် ရပြီတဲ့။ သူ့အနေနဲ့ ဘာတာဝန်ဝတ္တရားကိုမှလည်း မပြုလုပ်ချင်ဘူးတဲ့။

နေ့စဉ့်နေ့တိုင်း ရုံးတက်ရတဲ့အလုပ်မျိုးကိုလည်း မပြုလုပ်ချင်ဘူးတဲ့။ ဩဇာသာရှိပြီး တာဝန်ဝတ္တရားမရှိတဲ့ လူမျိုးပေါ့”

ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးသည် မျက်ရည်များဖြင့် ပြည့်နှက်လျက် ရှိနေသည်။ ‘ကျုပ် ခင်ဗျားကို သတ်ပစ်မယ်။ ခင်ဗျားက ရင်ဘတ်သာကြီးတာ ဦးနှောက်ကမကြီးဘူး။ ဘယ်လိုဖြစ်ပြီး ဒီလိုအချိန်မျိုးမှာမှ အခွင့်အရေးကို သွားတောင်းဆိုနေရတာလဲ”

ကျားမကဲ့သို့သော အသင်းဖော်တစ်ယောက်ကို ရရှိထားခဲ့ခြင်းသည် တကယ့်ကို အသုံးဝင်၏။ သို့ပေမည့် တစ်ခါတစ်ရံတွင် ထိုအရာသည် လူကို သေဆုံးစေနိုင်၏။

ဘုရင်မင်းမြတ်သည် ဤကဲ့သို့ ရူးကြောင်ကြောင် သမီးမျိုးကို မွေးဖွားခဲ့ရသည့်အတွက် တကယ်ပင် အကူအညီမဲ့သလို ခံစားနေမိ၏။ သူသည် လက်ကို ခါယမ်းကာ ပြောလိုက်သည်။ “မင်းအခုထွက်သွားတော့ .... သွားတော့”

“အင်း”

နင်ယန်က ပြောလိုက်၏။ “ရှမ့်လန်... တစ်ခုခုဖြစ်တယ်ဆိုရင် အထဲကနေ ငါ့ကို လှမ်းသာအော်လိုက်။ ငါချက်ချင်း ရောက်လာခဲ့မယ်။ စိတ်မပူနဲ့။ ဒီနန်းမြို့တော်ထဲမှာ ငါမလုပ်နိုင်တဲ့အရာဆိုတာ ဘာမှမရှိဘူး”

‘မြန်မြန်သွားပါတော့ အစ်မကြီး… ခင်ဗျားကြောင့်ပဲ ကျုပ်သေတော့မယ်’

....................

All Chapters