အပိုင်း (၂၈၅)
Vol. 21 Ch. 285
ရှမ့်လန်သည် ပါးစပ်ကိုဟကာဖြင့် သူ၏အမှားကို ဝန်ခံရန် ကြိုးစားလိုက်၏။
“မင်းပါးစပ်ကို မဟနဲ့တော့၊ မရှင်းပြနဲ့တော့”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “နောက်တစ်ကြိမ်ဆိုတာ ရှိလာမယ်ဆိုရင် မင်းရဲ့လက် ဒီနေရာမှာရှိနေဖို့ မျှော်လင့်နဲ့တော့”
“ဟုတ်ကဲ့ပါ” ရှမ့်လန်က ပြောလိုက်၏။
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ရှမ့်လန်... မင်းက တကယ့်ကို ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ။ ဒီတော့ ဘာဖြစ်နိုင်တယ်ဆိုတာ သိတယ်မလား”
ရှမ့်လန်သည် ရုတ်တရက် ဦးခေါင်းကိုငုံ့ကာဖြင့် သူ၏ ပေါင်ကြားဆီသို့ လှမ်းကာ ကြည့်လိုက်မိ၏။ တကယ့်ကို အရေးကြီးသည့် ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်၏။
ဘုရင်မင်းမြတ်သည် လူများကို ဆူငေါက်သည့်အချိန်တွင် ကြောက်ရွံ့စရာ မကောင်းလှချေ။ သို့ပေမည့် အေးအေးဆေးဆေး ပြောဆိုနေချိန်တွင် ကြောက်ဖို့အလွန်ကောင်းသည်။
ဘုရင်မင်းမြတ်က ထပ်မံကာ ပြောလိုက်၏။ “ငါ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား။ ဒါ့ကြောင့်မင်းက မကြောက်ရွံ့ တာလား”
ဤစကားစု၏ အဓိပ္ပာယ်သည် ‘ငါ မင်းလို ဉာဏ်ကောင်းတဲ့လူတစ်ယောက်ကို ကြိုက်တယ်။ ဒါပေမဲ့ သေလမ်း ရှာလွန်းတာ များရင်တော့ မကောင်းဘူး’ ဆိုသည်ပင်။
ထို့ကြောင့်ပင်လျှင် ချောင်ချောင်းသည် ရန်ရှုကို မြင်ချိန်တိုင်း ထိုကဲ့သို့ ခံစားရခြင်းဖြစ်ပေလိမ့်မည်။ ချောင်ချောင်းသည် ရန်ရှု၏ ပါရမီကို နှစ်သက်၏။ သို့ပေမည့် အမူအကျင့်ကို မနှစ်သက်ခဲ့ချေ။ အကြိမ် အနည်းငယ်ကြာ သည်းခံပြီးသည့်နောက် ရန်ရှုကို သတ်ဖြတ်ပစ်ခဲ့သည်။ (သုံးပြည်ထောင်ဇာတ်လမ်း)
ဟုတ်ပေ၏။ ရှမ့်လန်သည် ရန်ရှုထက် ပိုမိုကာ ဉာဏ်ကောင်း၏။ ထို့ကြောင့် သူသည် ဘုရင်မင်းမြတ်၏ အောက်ခြေစည်းမျဉ်းကို ဘယ်တော့မှ သွားရောက်ထိပါးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူသည် ဘုရင်မင်းမြတ် အသုံးပြု၍ရသည့် လူမျိုးဖြစ်ကြောင်း ထုတ်ဖော်ပြသထား၏။
ရှမ့်လန် မင်းသမီးနင်ယန်ကို အခွင့်အရေးယူခြင်းနှင့် ပတ်သက်၍ ဘုရင်မင်းမြတ်၏ အမြင်အရဆိုလျှင် နင်ယန်သည် ၂၄ နှစ်ရှိပြီ ဖြစ်ပြီး လက်ထပ်ပြီးသား လူတစ်ယောက်လည်း ဖြစ်၏။ ထို့အပြင် သူမ ကိုယ် သူမ မုဆိုးမအဖြစ်လည်း ကြေညာထားခဲ့၏။ ထို့ကြောင့် သူမ၏ ဂုဏ်သိက္ခာသည် အစောကြီးတည်းက ပျက်စီးနှင့်ပြီး ဖြစ်လ။ ထို့ကြောင့် မသိချင်ယောင်ဆောင်ထားသည်က အကောင်းဆုံးပင်။
ဟုတ်ပေ၏။ ရှမ့်လန်အနေနှင့် နင်ယန်နှင့်သာ အိပ်ခဲ့သည်ဆိုပါက ဘုရင်မင်းမြတ်က လုံးဝ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေသို့ ရောက်ပြီဆိုလျှင် သူ့ဓားက ထက်လွန်းသည်ဟု အပြစ်တင်ရန် မသင့်တော့ချေ။
.............................
ပြီးနောက် ရှမ့်လန်နှင့် ဘုရင်မင်းမြတ်တို့သည် မည်သည့်စကားကိုမှ မပြောတော့ဘဲ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်လျက် ရှိနေ၏။ ဘုရင်မင်းမြတ်က ရုတ်တရက် စုနန်အကြောင်းကို စဉ်းစားတွေးမိ၏။ ဤလူသည် ဒူးထောက်နေသည့်အချိန်တွင်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူတစ်ယောက်ဖြစ်၏။
ဤမြေခွေးအိုကြီးနှင့် နင်ယွမ်ရှန်းတို့သည် ကစားပွဲများကို ထပ်တလဲလဲ ကစားခဲ့၏။ သို့ပေမည့် သူ နင်ယွမ်ရှန်းအား အကြိမ်ပေါင်းများစွာ တစ်ဖက်လူက အခွင့်အရေးရယူခဲ့၏။ ဤကဲ့သို့သော နန်းပလ္လင်ပေါ်တွင် ငြိမ်ငြိမ်သက်သက် ထိုင်နေဖို့ဆိုသည်မှာ လွယ်ကူသည့် အရာမျိုးမဟုတ်ချေ။ အိမ်ရှေ့စံမင်းသားနှင့် နင်ချီတို့သည် လည်း အခွင့်အရေးကို အရယူပြီး နန်းပလ္လင်ကို ဆက်ခံရန် ကြိုးစားလျက် ရှိနေသည်။
ဤအိုမင်းပြီး ကောက်ကျစ်သည့် လူများကို မည်ကဲ့သို့ ထိန်းချုပ်ရမည်နည်း။ ပြောရမည်ဆိုလျှင် ကျင်းကျိုး ကဲ့သို့သော ရိုးသားသည့်လူများနှင့် ရင်ဆိုင်ရသည်မှာ အကောင်းဆုံးဖြစ်၏။ သူ၏ရှေ့ရှိ ရှမ့်လန်မှာတော့ ကြောက်နေစရာပင် မလိုအပ်ချေ။ တကယ်ပင် နှိမ့်ချလျက် ရှိနေ၏။ သို့ပေမည့် ရှမ့်လန်သည်ကလည်း မြေခွေးငယ်လေးပင် ဖြစ်လေ၏။ အလွန်ပင် ကောက်ကျစ်လွန်းလှ၏။ ကောက်ကျစ်မှုအပေါင်း သရဖူဆောင်းမည့် လူပင် ဖြစ်လာနိုင်သေး၏။
“အင်း... ညီလာခံမှာ ဘာတွေဖြစ်ခဲ့လဲ မင်းသိလား” ဘုရင်မင်းမြတ်သည် စိတ်ပါဝင်စားစွာ မေးမြန်းသော လေသံဖြင့် ဆိုလိုက်၏။ သူ့အနေနှင့် ရှမ့်လန်၏ ပါရမီနှင့်ပတ်သက်၍ အပေါင်းလက္ခဏာ ဆောင်သည့် စိတ်ဝင်စားမှုများရှိကြောင်း ပထမဦးဆုံးအကြိမ် ထုတ်ဖော်ခဲ့ခြင်းပင်။
“အိမ်ရှေ့စံမင်းသားနဲ့ တတိယမင်းသားနှစ်ယောက်လုံးက အရှင်မင်းကြီးရဲ့ ဓားဖြစ်ဖို့ စိတ်ဆန္ဒရှိနေကြတယ်။ သူတို့က နယ်စားကြီးစုနန်ကို ဝိုင်းပြီးသတ်ဖြတ်ဖို့ ကြိုးစားကြတယ်” ရှမ့်လန်က ပြောလိုက်၏။
“အင်း” ဘုရင်မင်းမြတ်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ နယ်စားကြီးစုနန်က ကောက်ကျစ်လွန်းတဲ့ မြေခွေးအိုကြီးတစ်ယောက်ပဲ။ သူက ကျိန်းသေပေါက် ပထမဦးဆုံး မတ်တတ်ထရပ်လိမ့်မယ်။ ပြီးတော့ ဘယ်အချိန်မှာ နောက်ကိုဆုတ်ရမယ် ဆိုတာကို အကောင်းဆုံး သိတဲ့လူတစ်ယောက်အနေနဲ့ သူက စပြီးတော့ ရှိရှိသမျှ အပြစ်အားလုံးကို ဝန်ခံလိမ့်မယ်။ သူက သူနဲ့ သက်ဆိုင်တဲ့ပြစ်မှုတွေကော၊ သူနဲ့မသက်ဆိုင်တဲ့ ပြစ်မှုတွေရော .... အားလုံးကို ဝန်ခံလိမ့်မယ်။ ပြီးတော့ သူ့ရဲ့မှားယွင်းမှုတွေကြောင့် ရာထူးကနေ နှုတ်ထွက်မယ်ဆိုပြီး ပြောလိမ့်မယ်”
ဘုရင်မင်းမြတ်၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့၏။ သူသည် ရုတ်တရက် ထိုင်ချလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “စုနန်ကို ကြည့်ရတာ ဘာတစ်ခုမှ အားအင်မရှိတော့တဲ့ပုံစံမျိုး ပေါ်တယ်ဆိုပေမဲ့ ဒါက ဘုရင်မင်းမြတ်ရဲ့ အရှေ့မှာပဲ။ တကယ်တမ်းမှာတော့ သူက တကယ်ကို စိတ်ဆုံးဖြတ်ပြီးသားလူတစ်ယောက် ဖြစ်တယ်။ ဘုံကျောင်းကို မီးရှို့ခဲ့တဲ့ ချင်နိုင်ငံရဲ့ သံတမန်တွေကို သတ်ဖြတ်ပစ်ဖို့ သူ အဆိုပြုလိမ့်မယ်”
“ဒါတင်သာ မကသေးဘူး။ ဖြစ်ပျက်သမျှ ပြဿနာအားလုံးအတွက် ချင်ဘုရင်က တာဝန်ယူရလိမ့်မယ်ဆိုပြီး သူက ပြောလိမ့်မယ်။ စုကလန်အနေနဲ့ ချင်နိုင်ငံဆီကနေ ကြီးမားတဲ့ တောင်းဆိုမှုတွေ ပြုလုပ်မယ်။”
ဘုရင်မင်းမြတ်သည် အလွန်ပင် အံ့အားသင့်သွားပြီဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ သူ့ဆီမှာ အခြေအနေတစ်ခုရှိတယ်။ သူက ကျုပ်ကို ချင်နိုင်ငံဆီသို့ သွားစေချင်တယ်။ ပြီးတော့ ကျုပ်ကို သတ်ဖို့ ချင်ဘုရင်ကို တောင်းဆိုလိမ့်မယ်”
ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်သည် ရေနွေးခွက်ကို အသာ သောက်လျက် ရှိ၏။ မျက်လုံးကို အသာ မှိတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ရှိနေသည့် အံ့အားသင့်မှုများကို ဖုံးကွယ်လိုက်၏။ ဤလူငယ်၏ ပါရမီက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ ညီလာခံထဲ၌ လာရောက်ကာ ထိုင်ကြည့်နေသကဲ့သို့ပင် ပြောဆိုလျက် ရှိနေသည်။
သို့ပေမည့် ထိုညီလာခံထဲတွင် ဖြစ်ပျက်သည့် အကြောင်းအရာများကို တစ်လုံးတစ်ပါဒမှ မကြားခဲ့ချေ။ သို့ပေမည့် ပြန်လည်ပြောဆိုသည့်အချိန်၌မူကား မည်သည့်အမှားအယွင်းမှ မရှိခဲ့ချေ။ ကြည့်ရှုရသည်မှာ မိမိ၏ ကိုယ်ပိုင် မျက်လုံး၊ ကိုယ်ပိုင်နားများဖြင့် နားထောင်ကြည့်ရှုနေခဲ့သကဲ့သို့ပင် ဖြစ်၏။ ဤအရာက ခန့်မှန်းမှု မဟုတ်ချေ။ သုံးသပ်မှုတစ်ခုပင် ဖြစ်ပေလိမ့်မည်။ အထင်ကြီးစရာ ကောင်းလှ၏။
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “နယ်စားကြီးစုနန်က အခြေအနေတစ်ခုကို ဖန်တီးခဲ့တယ်။ မင်း အဲဒီကို သွားဖို့ စိတ်ဆန္ဒရှိလား”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ကျိန်းသေပေါက် ချင်နိုင်ငံကို သွားပါ့မယ်”
ဘုရင်မင်းမြတ်သည် ရှမ့်လန်အနေနှင့် ထိုသို့သွားရန် အစောကြီးတည်းက စောင့်မျှော်နေခြင်း ဖြစ်ကြောင်း ခံစားနေမိ၏။ အချက်အလက်အားဖြင့် ဘုံကျောင်းအား မီးမရှို့ခင်တည်းက သူသည် ထိုခြေလှမ်းအတွက် စတင်ကာ ပြင်ဆင်ခဲ့ပြီးသားဖြစ်ပုံပေါ်၏။ ယခုကဲ့သို့သောရလဒ်မျိုး ဖြစ်ပေါ်လာမည်ကို အစောကြီးတည်းက တွေးတောထားပြီး ဖြစ်ပုံပေါ်သည်။
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဘုံကျောင်းကိုဖျက်ဆီးခဲ့တဲ့ ချင်နိုင်ငံရဲ့ သံတမန်တွေကို လူမြင်ကွင်းမှာ သုတ်သင်ရှင်းလင်းပစ်ရလိမ့်မယ်။ ဒါမှ လူတွေက စိတ်ကျေနပ်ကြမှာ။ တကယ်လို့ မင်းချင်နိုင်ငံကို သွားမယ်ဆိုရင် သူတို့ရဲ့ခေါင်းတွေကို ယူသွားပေးနိုင်မလား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ဒီအရာရှိ နားလည်ပါပြီ”
အရှက်မဲ့လွန်းသည့် အကောင်ပင်။ ဘာမှလည်း မဆိုင်သေးချေ။ ကိုယ့်ကိုယ်ကိုယ် အရာရှိဟု ပြောဆိုလျက် ရှိနေ၏။ တရားဝင် ရာထူးတစ်ခုခုကို တောင်းဆိုနေခြင်းပင် ဖြစ်ပေလိမ့်မည်။ ချင်နိုင်ငံကို သွားရာ၌ အပေါစား ဆန်ဆန် သွား၍မဖြစ်ပေ။ ရာထူးရာခံနှင့်သွားမှ ဂုဏ်ရှိမည် မဟုတ်ပါလား။
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ဒါတင်သာ မကသေးဘူး။ ချင်ဘုရင်ကလည်း တောင်းပန်စာ ရေးရလိမ့်မယ်။ ပြီးတော့ ချင်နိုင်ငံထဲမှာ ဘုံကျောင်းတစ်ခုကို တည်ဆောက်ပေးရလိမ့်မယ်”
ဟင်း.. ဤကဲ့သို့သော အခြေအနေမျိုးပါ ရှိနေသေးသည်လား။ ထိုအရာများသည် ကောင်းကင်ပေါ်သို့ တက်လှမ်းရန်ထက်ပင် ခက်ခဲလျက် ရှိ၏။ ချင်နိုင်ငံမှ လူများသည် နတ်ဘုရားများကို ကိုးကွယ်၏။ ထို့ကြောင့် သူတို့၏ ပိုင်နက်ထဲတွင် နတ်ဘုရားကျောင်းများသာ ရှိ၏။ နှင်းတောင်နတ်ဘုရားကျောင်းသည် အမြင့်ဆုံးသော တောင်ထိပ်တွင် တည်ရှိပြီး နတ်ဘုရားများနှင့် နီးကပ်သည်ဟုပင် အဓိပ္ပာယ်ဖော်ကြသည်။
ချင်ဘုရင်အား ချင်နိုင်ငံအတွင်းတွင် ကွန်ဖြူးရှပ်၏ သူတော်စင်ဘုံကျောင်းတစ်ခုကို တည်ဆောက် စေချင်သည်လား။ ထိုအရာမှာ တကယ်ပင် ခက်ခဲလွန်းသည့်အရာ ဖြစ်ပေလိမ့်မည်။
ရှမ့်လန်သည် အချိန်ခဏကြာ တွေးတောလိုက်၏။ ပြီးနောက် ခေါင်းကို ညိတ်လိုက်၏။ “အင်း... အဆင်ပြေပါတယ်”
ဘုရင်မင်းမြတ်က အံ့အားသင့်သွားမိသည်။ “မင်း တကယ် ဒီလိုပဲ သဘောတူလိုက်တာလား”
ကျိန်းသေပေါက် မဖြစ်နိုင်သည့်တာဝန်တစ်ခုဆိုတာ သေချာ၏။ ချင်စစ်သည် တစ်ဒါဇင်ကျော်တို့၏ ဦးခေါင်းကို ယူဆောင်သွားခြင်းသည် ရလဒ်တစ်ခုလည်းသာလျှင် ရှိ၏။ ထိုအရာသည် သံသယရှိစရာမလိုဘဲ သေဆုံးခြင်း သာလျှင် ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်။ ရှမ့်လန်အနေနှင့် သွားကိုသွားရပေလိမ့်မည်။ သူကျိန်းသေပေါက် သွားရမှာ ဖြစ်ပြီး ရောက်ရှိသည်နှင့် အသက်ရှင်လျက် အရေခွံခွာခြင်းကို ခံရပေလိမ့်မည်။ အကြောများကို ဆွဲထုတ်ခြင်းလည်း ခံရမှာ သေချာ၏။ ကျိန်းသေပေါက် အသက်ရှင်လျက် ချက်ပြုတ် စားသောက်ခြင်းကို ခံရလောက်၏။
ချင်ဘုရင်နှင့် စုနန်တို့သည် တကယ့် မိတ်ကောင်းဆွေကောင်းများဖြစ်ကြောင်း အားလုံးသိရှိပြီး ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ ရှမ့်လန်က သဘောတူညီခဲ့သေးသည်။
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ရှမ့်လန်.... နိုင်ငံနဲ့ပတ်သက်တဲ့ အရေးအကြောင်းကိစ္စရပ်မျိုးဆိုတာ သွားပြီးတော့ ရှုပ်ထွေးပြီး ဆော့ကစားလို့ရတဲ့ အရာမျိုး မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီအရာရှိက တကယ့်ကို လေးနက်နေပါတယ်။ ကျိန်းသေပေါက် နိုင်ငံက ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ပါ့မယ်”
‘နိုင်ငံက ပေးအပ်တဲ့ တာဝန်ဟုတ်လား။ မင်းဘယ်လိုတွေပြောနေတာလဲ’
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ပြောစမ်း.. မင်းဘာကြောင့် ချင်နိုင်ငံဆီကို အားတက်သရော သွားချင်ရတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “စုကလန်ကို သတ်ဖြတ်ပစ်ဖို့ပါ”
ထပ်မံကာ ဤစကား ရောက်ရှိလာခဲ့ပြန်ပြီ။ စုကလန်ကို သတ်ဖြတ်ချင်သည်ဆိုလျှင် ချင်နိုင်ငံသည် ကျိန်းသေပေါက် ပါဝင်ပတ်သက်နေမှာ သေချာ၏။
ရှမ့်လန်က ပြောလိုက်သည်။ “သေချာစဉ်စားတွက်ချက်ရမယ်ဆိုရင် ဒီကိစ္စကို ကျုပ် တစ်လအတွင်း ပြုလုပ်နိုင်လောက်မယ်လို့ ထင်ပါတယ်။ ဒါတင်သာ မကသေးဘူး။ ချင်ဘုရင်ရဲ့ ဒေါသတရားကို ဖိနှိပ်နိုင်ရုံသာ မကဘူး။ ကျိန်းသေပေါက် သူ့အနေနဲ့ တောင်းပန်စာ ရေးရလိမ့်မယ်။ ချင်နိုင်ငံထဲမှာ ဘုံကျောင်းတစ်ခု တည်ဆောက်နိုင်ဖို့ကိုပါ ကျုပ် တောင်းဆိုပေးနိုင်ပါတယ်”
ဘုရင်မင်းမြတ်သည် ယုံကြည်ရန်ပင် ပိုမိုကာ ခက်ခဲလာခဲ့၏။ ထိုအရာသည် ကောင်းကင်ပေါ် တက်လှမ်းသည် ထက်ပင် ပိုမိုကာ ခက်ခဲ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်ဆီမှာ တကယ့်ကို သေးငယ်တဲ့ တောင်းဆိုမှုလေးတစ်ခု ရှိပါတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “အင်း... ရွှမ်ဝူနယ်စားကြီးဆိုတဲ့ ဘွဲ့တံဆိပ်ကို မင်းရဲ့ယောက္ခထီးကို ပေးရမှာမဟုတ်လား။ နုရှောင့်နယ်စားကြီးဆိုတဲ့ နာမည် မဟုတ်ဘဲ”
ရှမ့်လန်သည် အမြန်ပဲ မြှောက်ပင့်လိုက်သည်။ “အရှင်မင်းမြတ်က တကယ့်ကို ဉာဏ်ပညာ ကြီးမြတ်လွန်း လှပါတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “မင်း တကယ်သွားချင်တာလား”
ဤအရာသည် သေဆုံးခြင်းဆီမှ အနည်းငယ်လေးသာ လွတ်မြောက်နိုင်မည့် နေရာမျိုးဖြစ်၏။ ၉၉ ရာခိုင်နှုန်း သေဆုံးမည့်အရာမျိုးပင်။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီးအတွက် .. ရွှဲ့ပြည်နယ်အတွက် ကျိန်းသေပေါက် ဆိုးဝါးတဲ့ သေခြင်းတရားကို ရင်ဆိုင်ရမယ်ဆိုရင်တောင် စိတ်ပါလက်ပါ တာဝန်ထမ်းဆောင်ပါ့မယ်”
‘ချီးထဲမှ... ငါမင်းကို ယုံရမှာလား’
ရှမ့်လန်သည် ၇၀ - ၃၀ ရာခိုင်နှုန်းမျိုး သေဆုံးရမည်ဆိုလျှင်တောင်မှ ထိုကဲ့သို့သော စွန့်စားမှုကို ပြုလုပ်မည့် လူတစ်ယောက် မဟုတ်ချေ။ ၉၀ - ၁၀ ဆိုသည့် အခြေအနေမျိုးတွင် ပိုမိုကာ ဆိုးဝါးပေမည်။ ဤကိစ္စသည် သေခြင်းရှင်ခြင်း ကိစ္စရပ်မျိုး မဟုတ်ချေ။ သေခြင်းတစ်ခုတည်းသာ ရှိသည်။ ကျိန်းသေပေါက် လုံခြုံမှု ကင်းမဲ့၏။ သေချာမှု၊ ရေရာမှုဟူ၍ တစ်ချက်ကလေးမှ မရှိချေ။
ဘုရင်မင်းမြတ်သည် မျက်လုံးကို စုံမှိတ်လိုက်၏။
ရှမ့်လန်က ပြောလိုက်လေသည်။ “အင်း... ကျုပ်ရဲ့ယောက္ခထီးဆီကို စာတစ်စောင်ရေးလိုက်ပါ့မယ်။ ချင်နိုင်ငံကို သွားဖို့ တောင်းဆိုခဲ့တဲ့လူက ကျုပ်ပါပဲ။ ဘုရင်မင်းမြတ်အနေနဲ့ ကျုပ်ကို တွန်းအားပေးခဲ့တာ မဟုတ်ပါဘူး။ ချင်နိုင်ငံမှာ ကျုပ်သေဆုံးသွားရမယ်ဆိုရင်တောင်မှ ကျင်းမိသားစု အနေနဲ့ စုကလန်ကိုပဲ မုန်းတီးပါလိမ့်မယ်။ သူတို့က ဘယ်တော့မှ .............................”
သူသည် ဆက်လက်ကာ မပြောတော့ချေ။ ‘ဘုရင်မင်းမြတ်ကို မုန်းတီးလိမ့်မည်’ ဟူ၍ သူထုတ်ဖော်ပြောဆို၍ မဖြစ်နိုင်ချေ။
ဘုရင်မင်းမြတ်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “ရှမ့်လန်... မင်းအနေနဲ့ ဒီကိစ္စကိုသာ အောင်မြင်အောင် ပြုလုပ်နိုင်မယ်ဆိုရင် ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ်။ ရွှမ်ဝူနယ်စားကြီးဆိုတဲ့ဘွဲ့ကို ကျင်းကျိုး ရရှိဖို့ဆိုတာ ပြောနေစရာတောင် မလိုဘူး။ မင်းပြန်ရောက်ပြီဆိုရင် ငါကျိန်းသေပေါက် မင်းကို အရေးကြီးတဲ့ ရာထူးနေရာတစ်ခုမှာ ထားပေးမယ်”
ဤအရာက သဘောတူညီမှုတစ်ခု ဖြစ်၏။ သို့ပေမည့် ရှမ့်လန်သည် အရာရှိအရာခံတစ်ယောက် ဖြစ်လာရန် စိတ်ဝင်စားမှု မရှိချေ။ သူ၏တစ်ခုတည်းသော ရည်မှန်းချက်သည် စုကလန်ကို သုတ်သင်ရှင်းလင်းခြင်းပင် ဖြစ်၏။ သို့သော်ငြား ထိုကဲ့သို့ သုတ်သင်ရှင်းလင်းနိုင်ရန် သူ့အတွက် ရာထူးရာခံတစ်ခု လိုအပ်နေပြန်၏။
ဘုရင်မင်းမြတ်သည် ခေါင်း ညိတ်၏။ ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ “သွားတော့”
ရှမ့်လန်သည် ဦးကို ညွှတ်ကာဖြင့် ထွက်ခွာသွားခဲ့၏။ သူ့အနေနှင့် ဒူးထောက်သင့်၏။ သို့ပေမည့် ထိုအရာကို မသိသလိုဖြင့် လျှောက်သွားခဲ့၏။ ဘုရင်မင်းမြတ်ကလည်း ထိုအရာကို မမြင်သလို ဟန်ဆောင်ထားခဲ့၏။
ပထမဦးဆုံးအကြိမ်အဖြစ် စုကလန်ကို သုတ်သင်ရှင်းလင်းရန် စီမံကိန်းသည် စတင်ခဲ့ပြီ ဖြစ်၏။ ပြီးနောက် ဒုတိယခြေလှမ်းကို စတင်ကာ လှမ်းရပေတော့မည်။ တတိယခြေလှမ်းကိုတော့ သူက အစီအစဉ် ချမှတ်ထားခဲ့ပြီးသား ဖြစ်သည်။
စုနန်သည် တကယ့်ကို အားကောင်းသည့် လူတစ်ယောက်ဖြစ်၏။ ဘုရင်မင်းမြတ်နှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ဆော့ကစားခဲ့သည့်နေရာတွင်ပင် အထက်စီးမှ ရင်ဆိုင်ယှဉ်ပြိုင်နိုင်ခဲ့သူတစ်ယောက် ဖြစ်၏။ အစီအစဉ်ချမှတ်ခြင်း၊ ကြမ်းတမ်းခြင်း၊ အသေးစိတ်ကအစ ပြုမူဆောင်ရွက်တတ်ခြင်း၊ သရုပ်ဆောင်ခြင်း ထိုအရာများအားလုံးတွင် ကျန်းချုံးထက် ပိုမိုကာ သာလွန်သည့် တစ်ယောက် ဖြစ်၏။ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက် ရမည်ဆိုလျှင် ပြစ်ချက်ကင်းသည့် လူတစ်ယောက်ဟု သတ်မှတ်ရပေမည်။ သို့ပေမည့် ကျန်းချုံးနှင့် မယှဉ်နိုင်သော အရာတစ်ခုရှိ၏။ ထိုအရာမှာ ရှေ့ရေးကို တွေးမျှော်ကာ မြင်နိုင်ခြင်းပင်။
ကျန်းချုံးသည် သူ၏ ကိုယ်ပိုင် နိုင်ငံရေးလမ်းကြောင်းကိုသာလျှင် ဂရုစိုက်သည့် လူတစ်ယောက်ဖြစ်၏။ လောဘကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း ထိုအရာများ မရှိခဲ့ချေ။ ထို့ကြောင့် ဟိုးအရှည်ကြီးကို လှမ်းကာ မြင်နိုင်၏။
အခြားတစ်ဖက်တွင် ရှိနေသည့် နယ်စားကြီးစုနန်မှာတော့ လိုချင်လောဘကြီးမားပြီး တစ်ကိုယ်ကောင်း စိတ်ကလည်း ကြီးမား၏။ ထို့ကြောင့် သူ၏မဟာဗျူဟာများသည် ကျန်းချုံးနှင့် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ချေ။ ဤအရာက အသိဉာဏ်ပညာဖြင့် နှိုင်းယှဉ်ခြင်း မဟုတ်ချေ။ ကိုယ်ရည်ကိုယ်သွေးအရ နှိုင်းယှဉ်ခဲ့ခြင်းပင် ဖြစ်သည်။
တံခါးဝမှ ထွက်လျှောက်ပြီးနောက် ရှမ့်လန်သည် ရုတ်တရက် အသာလှည့်ကာဖြင့် ပြောဆိုလိုက်၏။ “အရှင်မင်းကြီး... ကျုပ်ကို တစ်ခုလောက် မျက်နှာသာပေးလို့ရမလား”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ကျင်းမူကုန်းကို လွှတ်ဖို့အတွက်လား။ ငါ အစောကြီးတည်းက တစ်စုံ တစ်ယောက်ကို လွှတ်ပြီး အမိန့်တော်ချဖို့ စီစဉ်ပြီးပြီ”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ဒီတာဝန်ကို ကျုပ်ဆီပေးပါလား။ ဒီကိစ္စမှာ အမိန့်တော်ပြန်တာ ကျုပ်ဖြစ်တာ ပိုသင့်တော်မယ်ထင်ပါတယ်”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “မင်း ဒီလိုအရှက်မဲ့တဲ့ ကိစ္စကို သွားပြီးလုပ်ချင်သေးတာလား။ လီစွန်း.. ရှမ့်လန်နဲ့ လိုက်သွားစမ်း”
.............................
“မိန်းမစိုးလီ.. ခဏလောက် စောင့်ပါအုံး။ ကျုပ်အိမ်ကို သွားပြီးတော့ ရေမိုးချိုးလိုက်အုံးမယ်။ ကျုပ် တစ်ကိုယ်လုံးက စုတ်ပြတ်သတ်နေတာပဲ” အပြင်သို့ ရောက်သည့်အချိန်မှာတော့ ရှမ့်လန်က ပြောလိုက်၏။
လီစွန်းသည် ဝေါယာဉ်ပေါ်တွင် အသာထိုင်ရင်းမှ ပြုံးကာ ပြောလိုက်သည်။ “ကျုပ် အဆင်ပြေပါတယ်။ ဒီထိုင်ခုံမှာပဲ အေးအေးဆေးဆေး ထိုင်ပြီးစောင့်နေမယ်”
ရှမ့်လန်သည် အိမ်ဆီသို့ ပြန်လာခဲ့၏။ ရှောင်ပင်းသည် ယခုထိ မအိပ်သေးချေ။ သူမသည် ဧည့်ခန်း၏ ထိုင်ခုံတွင် အသာထိုင်လျက် ရှိနေ၏။ သူမ၏ခေါင်းက ငဲ့စောင်းကာဖြင့် အိပ်ငိုက်လျက် ရှိ၏။ ကံကောင်းစွာဖြင့် အခန်းထဲတွင် ရှိနေသည့် မီးသွေးမီးသည် နွေးထွေးစေ၏။ ဤမိန်းကလေးသည် စောင်ကိုလည်း မလုံ့တခြုံ ခြုံထားသေး၏။ မဟုတ်ပါက အေးခဲသွားနိုင်လောက်၏။
ရှမ့်လန်၏ နှလုံးသားများက နာကျင်သွားခဲ့၏။ နေ့လယ်ခင်းအချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။ သို့ပေမည့် ဤမိန်းကလေးသည် ညတည်းက ယခုထိ အိပ်ရသေးသည့်ပုံစံ မပေါ်ချေ။ ရှမ့်လန်သည် သူမကို အသာချီပိုးကာ အိပ်စက်ရာအခန်းထဲသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။
သို့ပေမည့် ရှမ့်လန်၏ ခြေသံကို ကြားသည့်အချိန်မှာတော့ မိန်းကလေးက နိုးလာခဲ့၏။ သူမက ရုတ်တရက် ပြောလိုက်၏။ “သခင်လေး ပြန်လာပြီလား”
ပြီးသည့်နောက် သူမဟာ ပျော်ရွှင်စွာဖြင့် ဧည့်ခံကြိုဆို၏။ ထိုအချိန်မှာတော့ ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးက နူးညံ့သွားခဲ့သည်။
ဤမိန်းကလေး၏ စိတ်အခြေအနေကို သူရုတ်တရက် နားလည်သွားခဲ့၏။ တခြားသောသူများတွင် မိသားစုနှင့် ဂရုစိုက်မှုဟူ၍ ရှိ၏။ သို့ပေမည့် ရှောင်ပင်းအတွက်တော့ ရှမ့်လန်ကသာလျှင် အရာအားလုံး ဖြစ်၏။ သူမသည် ကိုယ်လုပ်တော်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ ရှမ့်လန်အတွက် အကောင်းဆုံး ပံ့ပိုးပေးသွားမည့်သူတစ်ယောက် ဖြစ်၏။
သူမ၏ ဘဝတစ်သက်တာ အိပ်မက်သည် ရှမ့်လန်ဆီမှ ချစ်ခြင်းမေတ္တာကို ရရှိပြီး ကလေးအနည်းငယ် မွေးဖွားမည်။ ပြီးနောက် ပျော်ရွှင်သည့်ဘဝတွင် နေထိုင်သွားမည် ဆိုသည့် အကြောင်းအရာပင်။
“မင်းအခုထိ မအိပ်သေးဘူးလား။ မင်းက ကိုယ်ဝန်လွယ်ထားရတာလေ။ ဒီလိုမျိုးနေလို့ မဖြစ်ဘူး” ရှမ့်လန်က ဆူငေါက်လိုက်သည်။
ရှောင်ပင်းက ပြောလိုက်၏။ “မနေ့တုန်းက ရှင့်ကို ပြုစုပေးဖို့ ကျွန်မပြင်ထားတာလေ။ ရှင်က ထွက်သွားခဲ့တယ်။ ရှင်ပြန်လာတာကို ကျွန်မစောင့်နေတာ။ ကျွန်မ ဘာလုပ်နိုင်လဲဆိုတာ ရှင့်ကိုပြရမယ်။ သခင်လေး .. လာ... အခန်းထဲ သွားကြစို့။ ရှင့်ကို ကျွန်မ ကောင်းကောင်းပြုစုမယ်။ ကျွန်မ ဘာတွေလုပ်နိုင်လဲဆိုတာ ရှင့်ကို ပြမယ်”