အပိုင်း (၂၈၇)
Vol. 21 Ch. 287
“ဟေး”
အရူးကြီးသည် ပျော်ရွှင်စွာပြောလိုက်သည်။ “ကျုပ်က အရူးကြီးပဲ၊ အရူးမဟုတ်ဘူး”
သူမ၏ဘေးတစ်ဖက်တွင်ရှိနေသော အမျိုးသမီးစစ်သည်တော်က ပြောလိုက်၏။ “အရှင်မင်းသမီး.. တော်ဝင်ရန်အင်ပါယာရဲ့ သံအမတ်ကြီး ယွမ်မင်ကျယ်က မြင်းပြိုင်ဖို့ စောင့်နေပါတယ်။ သူ့ရဲ့မြင်းက ပြေးလမ်းမှာ စောင့်နေတာ တော်တော်ကြာနေပြီ”
မင်းသမီးနင်ယန်က ပြောလိုက်သည်။ “အဲအမှိုက်ကို စောင့်ခိုင်းလိုက်။ ဘာပဲပြောပြော သူက စောင့်ရမှာပဲလေ။ စောင့်လို့ပျင်းတယ်ဆိုရင်လည်း သူ့ဘာသူ မြင်းနဲ့ဆော့လိမ့်မယ်”
စစ်သည်တော်များသည် ဆွံ့အသွားခဲ့၏။
နင်ယန်န်သည် အရူးကြီးဘက်ကိုလှည့်ကာ ပြောလိုက်သည်။ “အရူး.. ငါ့ရဲ့မြင်းကို အောက်ချပေးအုံး။ ငါ့မြင်းက မြင်းမကြီး။ ရှင် ဘယ်လိုဖြစ်ပြီး ဒီလိုကိုင်ထားချင်ရတာလဲ။”
ချီးတဲ့မှ …. အရှင်မင်းသမီးသည် ညစ်ညမ်းသည့်စကားလုံးများကို အဘယ်သို့ ပြောဆိုရမည်ဖြစ်ကြောင်း ကောင်းကောင်း သိရှိလို့နေ၏။
သို့ပေမည့် အရူးကြီးသည် ထိုအရာကိုနားမလည်ချေ။ မြင်းမနှင့် မြင်းထီးကြား ကွာခြားချက်ကိုပင် သူ ကောင်းကောင်း မသိရှိချေ။ ထို့ကြောင့် မြင်းကို အသာချလိုက်သည်။
မင်းသမီးနင်ယန်သည် စစ်သည်များထဲမှ တစ်ယောက်ကို ခေါ်ယူပြီး အရူးကြီး စီးနင်းရန် မြင်းတစ်စီး ပေးစေ၏။ သို့ပေမည့် အရူးကြီး၏ခန္ဓာကိုယ်ကို ကြည့်ရှုရလျှင် မြင်းသည် အရူးကြီးကို သယ်ဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်း သူမ နားလည်လိုက်မိ၏။
“အရူးကြီး... ရှင်နောက်ကပဲ ပြေးလိုက်ခဲ့တော့” နင်ယန်က ပြောလိုက်သည်။
အရူးကြီးက ပြောလိုက်၏။ “အင်း... ကောင်းပြီ”
ပြီးနောက် မင်းသမီးနင်ယန်သည် မြင်းကိုအသာလှည့်ပြီး မြို့ထဲသို့ပြန်ဝင်လိုက်၏။ သူသည် ကျင်းမိသားစု၏ ခြံဝန်းရှိရာဆီသို့ အသော့နှင်ခဲ့ခြင်းပင်။ မင်းသမီးသည် စတင်ကာ မြင်းကိုစီးနင်းလိုက်သည်နှင့် တစ်ပြိုင်နက် မရပ်တန့်တော့ချေ။ သူမသည် တခြားသောသူများနှင့် မြင်းပြိုင်သည့် အလေ့အကျင့်ရှိသည် မဟုတ်ပါလား။ ထို့ကြောင့် မြင်းစီးလျှင် အလွန်လျှင်မြန်စွာ စီးနင်းတတ်သည်။
သူမ၏ မြင်းသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ သူမ၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် မြင်းသည်တော်များ အားလုံးတို့သည် မြင်းစီးရာ၌ သူမလောက် မကျွမ်းကျင်ချေ။ ခဏကြာပြီးသည့်နောက် ဒါဇင်နှင့်ချီသော စစ်သည်တော်သည် နောက်၌ ပြတ်ကျန်ခဲ့၏။ ကံကောင်းစွာဖြင့် ဤနေရာသည် ရွှမ်ဝူလမ်းဖြစ်၏။ မည်သည့် လမ်းသွားလမ်းလာမှ မရှိချေ။
အချိန်ခဏကြာအောင် ရူးရူးမူးမူး မောင်းနှင်ခဲ့ပြီးနောက် မင်းသမီးနင်ယန်သည် သူမ၏နောက်တွင် အရူးကြီး လိုက်လာသေးကြောင်း သတိရသွားသည်။ မည်သည့်နေရာတွင် ပြတ်ကျန်ခဲ့သနည်း သူမ မသိချေ။ သို့ပေမည့် အနောက်သို့ လှည့်ကာကြည့်ရှုလိုက်ချိန်မှာတော့ အရူးကြီးသည် သူမကိုသွားဖြီးကာ ရယ်ပြနေ၏။
အရူးကြီးသည် သူမ၏ ဘေးတစ်ဖက်တွင်ရှိနေပြီး သုံးမီတာထက် မဝေးသည့်နေရာမှ ပြေးရင်းလိုက်ပါလာ၏။ မင်းသမီးနင်ယန်သည် အံ့အားသင့်သွား၏။ ဤခန္ဓာကိုယ်သည် အရူးကြီး၏ခန္ဓာကိုယ် ဖြစ်နေသည်လား။ အားကောင်းရုံသာမက အလွန်မြန်ဆန်စွာလည်း ပြေးနိုင်၏။ ခြေတံတွေရှည်သည်ကိုတော့ သူမ သိရှိ၏။ သို့ပေမည့် ဤမျှတော့ မြန်ဆန်မနေသင့်ပေ။
‘ကျွန်မ မိုင်အနည်းငယ်ရောက်တဲ့အထိ မြင်းနဲ့ပြေးတယ်။ ရှင် နောက်ကနေလိုက်ခဲ့တယ်။ ကြည့်ရတာ ရှင်က ပိုပြီးတောင် မြန်ဆန်နေတဲ့ပုံပဲ’
မကြာခင်မှာပင် မင်းသမီးနင်ယန်နှင့် အရူးကြီးတို့သည် ကျင်းမိသားစု၏ ခြံဝန်းဆီသို့ ရောက်ရှိလာခဲ့၏။
အရူးကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အထဲသို့လှမ်းဝင်လိုက်သည်။ “အရူးလေး... အရူးလေး.. ငါလာပြီဟေ့။ ငါလာပြီ။ နှစ်ဝက်လောက် မင်းကို မတွေ့ရတော့ အရမ်းလွမ်းနေတာ။ ဆရာက ငါ့ကို တစ်စုံတစ်ခု လုပ်စေချင်တယ်။ ဒါကြောင့် ငါ့ကို မြို့တော်ရဲ့ဂိတ်တံခါးမှာ ထားခဲ့တာပဲ။
ဆရာကပြောတယ်။ သူ ငါ့ကို မိန်းမတစ်ယောက် ရှာပေးထားတယ်တဲ့။ အဲမိန်းကလေးနဲ့ သွားတွေ့ရမယ်တဲ့။ အဲလို သွားတွေ့တာကို ဘယ်လိုခေါ်တာလဲ။
ဆရာကပြောတယ်။ ငါ ဆရာကြီးနင်ကျဲ့ရဲ့ တပည့်နဲ့ ယှဉ်ပြိုင်သင့်တယ်တဲ့။ ဒါနဲ့ နင်ကျဲ့ဆိုတာ ဘယ်သူလဲ။ အရူးလေး၊ အရူးလေး”
အရူးကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လျက်ရှိ၏။ နှစ်ဝက်နီးပါးကြာပြီးနောက် သူ အလွမ်းဆွတ် ရဆုံးသော လူသည် အရူးလေး ရှမ့်လန်ပင်ဖြစ်၏။ ယခု နောက်ဆုံးမှာတော့ အရူးလေးကို တွေ့ရပေတော့မည်။ ထို့ကြောင့် ကျင်းမိသားစု၏ ခြံဝန်းထဲသို့ ပြေးဝင်ရင်း အော်ဟစ်လျက် ရှိနေခြင်းပင်။
သို့ပေမည့် ရှမ့်လန်က အိမ်မှာမရှိချေ။ ချောမောလွန်းသည့် ရှောင်ပင်းသာလျှင် အိမ်မှာရှိ၏။ သူမသည် အိမ်စေ တစ်ပိုင်းဟုပင် သုံးသပ်၍ရ၏။ အဘယ်ကြောင့်ဆိုသော် အချိန်တိုင်းလိုလို ရှမ့်လန်၏ အဝတ်အစားများကို သန့်ရှင်း လျော်ဖွတ်လျက်ရှိနေသောကြောင့်ပင်။
ဤမိန်းကလေးသည် ယခုအချိန်ထိ မအိပ်သေးချေ။ စိတ်လှုပ်ရှားနေသောကြောင့် ယခုထိ အိပ်မပျော်နိုင်ခြင်း ဖြစ်၏။ ညရောက်ချိန်တွင် သမက်တော်နှင့်အတူ သူမ အိပ်ချင်၏။
အရူးကြီးကိုမြင်ရချိန်မှာတော့ သူမသည် ပထမ ကြောင်သွား၏။ ပြီးနောက် ပြန်လည် တည်ငြိမ်သွားသည်။ ဝေးကွာလွန်းသည့် အရပ်ဒေသတွင် မိတ်ဆွေဟောင်း တစ်ယောက်နှင့် ပြန်လည်တွေ့ဆုံရသည့်အတွက် အံ့အားသင့်မှုလည်း သူမ၌ မရှိချေ။ ဤမိန်းကလေးသည် တကယ့်ကို ထူးခြားလွန်းသည်။
ရှမ့်လန်၏မိန်းမ ဖြစ်လာခဲ့ပြီးနောက် သူမသည် ရှမ့်လန်နှင့် မူလန်တို့ အပေါ်တွင်သာ မျက်လုံးရှိ၏။ တခြားသောလူများကို ဂရုမစိုက်ချေ။ ကျင်းမူကုန်းကိုပင်လျှင် သူ့စိတ်ထဲတွင် ရှိသည်မဟုတ်ချေ။ အရူးကြီးဆိုလျှင် ဝေးလာဝေးပင်။
............
ဝမ်နျန်တရားရုံးမှ အရာရှိ ဝမ်ကွက်သည် ဘုံကျောင်းမီးရှို့ခံရခြင်း၏ နောက်ကွယ်မှ လက်သည်တရားခံမှာ ရှမ့်လန်ဖြစ်ကြောင်း မသိရှိချေ။ သူ၏အဆင့်အရဆိုလျှင်လည်း ဤကိစ္စမှာ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သည်မို့ မသိရှိခြင်းမှာလည်း သဘာဝကျ၏။
အချက်အလက်အားဖြင့် ဘုရင်မင်းမြတ်၊ စုနန်၊ စုကျန့်ထင်တို့သာလျှင် သိရှိ၏။ ထို့အပြင် စုမိသားစုသည် ထိုသတင်းကို ဘယ်တော့မှ ထုတ်ဖော် ပြောကြားလိမ့်မည် မဟုတ်ချေ။ ဘုရင်မင်းမြတ်ကလည်း ထိုကိစ္စကို ဆက်လက်ကာ စုံစမ်းလိမ့်မည် မဟုတ်ချေ။ စုမိသားစုအနေနှင့် အဘယ်သို့ အရှက်ကင်းမဲ့စွာဖြင့် ထိုသတင်းကို ပေါက်ကြားအောင်ပြုလုပ်မည်နည်း။
သူတို့အနေနှင့် ရှမ့်လန်၏ပြစ်မှုကို သက်သေမပြချင်၍ မဟုတ်ချေ။ တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင်၊ ရှမ့်လန်သည် အလွန်အားကောင်းသည့် လူတစ်ယောက်ဖြစ်ကြောင်း တခြားသောသူများက ထင်မှတ်သွား နိုင်၏။ ၎င်း၏ကိုယ်ပိုင်အင်အားကို အသုံးပြုကာဖြင့် စုမိသားစုကိုပင် ဒုက္ခရောက်အောင် လှည့်စားနိုင်ခဲ့သည် ဆိုခြင်းမှာ ကြောက်မက်ဖွယ်ရာကောင်းသည့် ဉာဏ်ရည်ပိုင်ရှင်ဖြစ်သည် မဟုတ်ပါလား။
ပိုမို၍အရေးကြီးမားသည်မှာ ဘုံကျောင်းကြီး မီးရှို့ခံရခြင်း၏ အဓိကလက်သည်က မင်းသမီးနင်ယန် ဖြစ်နေခြင်းပင်။ အဘယ်သို့ သူတို့က ဆက်လက် ဒုက္ခပေးရမည်နည်း။
ရှမ့်လန်တစ်ယောက် စစ်သည်တော်များကို ခေါ်ဆောင်ကာဖြင့် အကျဉ်းထောင်ဆီသို့ ရောက်ရှိလာကြောင်း ဝမ်ကွက်က ကြားခဲ့၏။ ပထမ သူက တုန်လှုပ်သွား၏။ ပြီးနောက် အလွန်တရာ ပျော်ရွှင်သွားခဲ့၏။
‘ရှမ့်လန်... မင်းတကယ့်ကို မိုက်မဲလွန်းတာပဲ။ ဒီနေရာကို မင်းရဲ့ရွှမ်ဝူမြို့လို့များ ထင်နေတာလား။ ဒါက နန်းမြို့တော်ကွ၊ နန်းမြို့တော်။ မင်းက အကျဉ်းထောင်ကိုတောင် လာဖောက်ရဲတယ် ဟုတ်လား။ မင်းသေချင်နေတာပဲ။ ရွှမ်ဝူတောင် မင်းကို မကယ်တင်နိုင်တော့ဘူး။ ပြီးတော့ ဟိုအမှိုက်ကောင် ပဉ္စမမင်းသား ကလည်း မင်းကိုမကာကွယ်နိုင်တော့ဘူး’
ဝမ်ကွက်သည် မိန်းကလေးချန်းကို ပြောလိုက်သည်။ “ကျုပ် ခင်ဗျားအတွက် ရထားလုံးတစ်ခုကို ပြင်ဆင်ခိုင်း ထားတယ်။ ခင်ဗျား နဲ့ ခင်ဗျားယောက်ျားတို့ နှစ်ယောက် လယ်ကွင်းထဲမှာ မျှော့တွေသွားကောက်ကြ”
မိန်းကလေးချန်းသည် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “မြို့ရဲ့အပြင်ဘက်က လယ်ကွင်းထဲ သွားစရာ မလိုပါဘူး။ တရားရုံး အနောက်ဘက်ကွင်းမှာလည်း မျှော့တွေ အများကြီး ရှိတယ်။ ကျွန်မ တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ပန်းကန်းလုံးနဲ့အပြည့် ကောက်ခိုင်းလိုက်မယ်”
ဝမ်ကွက်သည် အံ့အားသင့်သွား၏။ ဤမိန်းမသည် တကယ့်ကို အဆိပ်ပြင်းလွန်းလှ၏။ အလွန် ရက်စက်လွန်းသည့် နှိပ်စက်ခြင်းနည်းလမ်းများကို အစောကြီးတည်းက တွေးတောထားပြီး ဖြစ်သည့်အပြင် မျှော့များ မည်သည့်နေရာတွင် ရှိသည်ကိုပင် ကြိုတင်ကာ စုံစမ်းထားသည်။
“သွား … သွား” ဝမ်ကွက်က ပြောလိုက်၏။
မိန်းကလေးချန်းသည် မျက်နှာသုတ်ပုဝါတစ်ခုကို ကောက်ယူကာဖြင့် သူမကိုယ်သူမ သုတ်လိုက်၏။ ပြီးနောက် ချွတ်ချထားခဲ့သော အဝတ်အစားများကို ပြန်လည်ကာ ဝတ်ဆင်ပြီး ကြည့်ကောင်းလှစွာဖြင့် ကွင်း၏ အနောက်ဘက်ရှိ မျှော့များ ကောက်ယူရန် ထွက်ခွာသွားခဲ့သည်။
ဤအမျိုးသမီးသည် ဆွဲဆောင်မှု ရှိလွန်းလှ၏။ သူ၏ အားကောင်းသည့် ခန္ဓာကိုယ်ပင်လျှင် ထိုမိန်းမနှင့် ဆက်လက်ကာ ကစားသည်ဆိုပါက ချုံးချုံးကျသွားနိုင်၏။
လွန်ခဲ့သည့်ညက သွေးစမ်းသပ်မှုသည် ရှမ့်လန်နောက်ကွယ်မှ ဖန်တီးထားသည့်အကြောင်းအရာ ဖြစ်ကြောင်း သူ တွေးထင်ခဲ့၏။ သို့ပေမည့် ကြည့်ရှုရသည်မှာ မိန်းကလေးချန်းသည် တခြားသော ယောက်ျားများ၏ ကလေးများကို မွေးဖွားပေးထားသည့်လူဖြစ်နိုင်၏။
‘သူမနဲ့ ဆယ်ကြိမ်ကျော်လောက် အိပ်ပြီးသွားရင် ငါတို့ကြားမှာရှိတဲ့ ဆက်ဆံရေးကို ပြန်ပြီးဖြတ်ပစ်ရမယ်။ ဒါနဲ့ ၁၅ ကြိမ်လောက် ဆိုရင်ရော။ အင်း.. အကြိမ် ၂၀ ကျော်လည်း မဆိုးပါဘူး’
ဝမ်ကွက်သည် သူ၏ အစိုးရရုံးဝတ်စုံကို လဲလှယ်ပြီးနောက် အသက်ကိုပြင်းပြင်းရှုလိုက်၏။ ပြီးနောက် သူက တင်းမာခက်ထန်စွာ အော်လိုက်သည်။ “တစ်ယောက်ယောက် လာခဲ့စမ်း။ စစ်သည်တွေအားလုံး စုဝေးစမ်း။ အကျဉ်းသား လုတဲ့လူတွေနဲ့ သွားပြီးတော့ဆုံကြမယ်။ ချက်ချင်းပဲ စစ်သည်တော်တွေအားလုံးကို သတင်းပို့၊ တပ်ကူပေးဖို့ကိုလည်း လှမ်းပြောကြ”
............
တကယ်လည်း ရှမ့်လန်သည် သူနှင့်အတူ စစ်သည်တော် တစ်ဒါဇင်ကျော်တို့ကို ခေါ်ဆောင်လာခဲ့၏။ ထို့အပြင် သူသည် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် မိန်းမစိုးလီစွန်းအား ရထားလုံးထဲတွင် ထိုင်နေရန်သာ တောင်းဆိုခဲ့၏။
သူ၏နောက်လိုက် ရှမ့်ဆယ့်သုံးသည် အပြင်ဘက်ဆီမှ အော်ဟစ်လိုက်သည်။ “ဆက်ခံသူကို လွှတ်ပေးစမ်း”
ဘန်း....
ကျယ်လောင်လွန်းသော အသံကြီး ထွက်ပေါ်လာခဲ့၏။ ဝမ်နျန်တရားရုံး၏တံခါးသည် ရုတ်တရက် ပွင့်သွားခဲ့၏။ ရာနှင့်ချီသော စစ်သည်တော်များသည် အပြင်ဘက်သို့ ပြေးထွက်လာခဲ့ ရှမ့်လန်၏ စစ်သည်တော်များကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြ၏။
“ဟင်း...”
ရထားလုံးထဲတွင် ရှိနေသည့်လီစွန်းသည် သက်ပြင်းကြိတ်ကာ ချလိုက်မိ၏။ သူ့ကို အပြင်ဘက်သို့ ထွက်ခိုင်းပါက ကျင်းမူကုန်းကို လွယ်လွယ်ကူကူနှင့် ကယ်တင်၍ ရနိုင်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဤသို့ လုပ်ရသနည်း။
သို့ပေမည့် ရှမ့်လန်သည် အခွင့်အရေးရသည်နှင့် ဟန်ထုတ်တတ်သည့် လူတစ်ယောက် ဖြစ်၏။ အခွင့်အရေး မရဘူးဆိုလျှင်လည်း အခွင့်အရေးရအောင် ဖန်တီးပြုလုပ်တတ်သူဖြစ်၏။ အဓိကသော့ချက်အားဖြင့် သူသည် တခြားသောသူများကို ထိခိုက်နာကျင်စေချင်၏။ ကျင်းမူကုန်းကို ကယ်တင်ရုံနှင့် စိတ်မကျေနပ်ချေ။ ထို့အတူ ယုဖန်နှင့် သူ၏မိန်းမတို့ကို သတ်ဖြတ်ရုံနှင့်လည်း စိတ်ကျေနပ်မည် မဟုတ်ချေ။ အခွင့်အရေးကို အရယူပြီး ဝမ်ကွက်ကို ဒုက္ခပေးရန်ပါ စဉ်းစားထားခဲ့သည်။
ဝမ်ကွက်သည် အလွန်ခန့်ညားထည်ဝါသည့် ဟန်ပန်အမူအရာမျိုးဖြင့် သူ၏အဆင့်ငါး နန်းတွင်းဝတ်စုံကို ဝတ်ဆင်ကာ အပြင်ဘက်သို့ထွက်လျှောက်လာခဲ့၏။ “ရှမ့်လန်... မင်းပုန်ကန်ချင်တာလား”
ရှမ့်လန်က ပြောလိုက်သည်။ “သခင်ကြီးဝမ်... ကျေးဇူးပြုပြီး ကျုပ်တို့ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူကို လွှတ်ပေးပါ ကျင်းမူကုန်းကို ချက်ချင်းလွှတ်ပေးပါ။ မဟုတ်ရင် ခင်ဗျားဖြစ်လာတဲ့ အကျိုးဆက်ကို တာဝန်ယူနိုင်မှာ မဟုတ်ဘူး”
“ဟားဟားဟားဟားဟား”
ဝမ်ကွက်သည် ရယ်မောကာ ပြောလိုက်၏။ “မင်းအိပ်မက်ထဲမှာပဲ ရမယ် ရှမ့်လန်.. ကျင်းမူကုန်းရဲ့ကိစ္စက ဘုံကျောင်း မီးရှို့ခံရပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ထင်နေတာလား။ မဖြစ်နိုင်ဘူး”
ပြီးနောက် သူသည် ရှမ့်လန်၏ လည်ကုပ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာကို လှမ်းကာကြည့်ရှုရင်း ပြောလိုက်သည်။ “အင်း.. မနေ့က နန်းတော်မှာ ကြိမ်ဒဏ် ၃၀ အရိုက်ခံရတယ်ဆို။ နေသာထိုင်သာရော ရှိရဲ့လား။ ဒီမနက်ခင်း နန်းတော်ရဲ့အဝင်ဝမှာ မင်းရဲ့လူပျက်လိုလို၊ လူပြောင်လိုလို ပြုမူတဲ့အပြုအမူက နန်းမြို့တော်တစ်ခုလုံးကိုတောင် ပြန့်နှံ့သွားခဲ့ပြီ။ နယ်စားကြီးစုနန်က ညှာတာသနားတတ်တဲ့ လူတစ်ယောက်မလို့ မင်းတို့မိသားစုကို ဒုက္ခမပေးတာ။ မဟုတ်ရင် ကြိမ်ဒဏ် ၃၀ လောက်နဲ့ ပြီးမှာမဟုတ်ဘူး။ မင်းက သေတဲ့အထိ ရိုက်နှက် ခံရလိမ့်မယ်”
ရှမ့်လန်သည် လည်ပင်းကိုပုကာဖြင့် သူ၏လည်ကုပ်ပေါ်ရှိ ဒဏ်ရာကို ဖုံးကွယ်လိုက်၏။ ပြီးနောက် သူသည် ခြိမ်းခြောက်သည့် အမူအရာဖြင့် ပြောဆိုလိုက်၏။ “ချင်နိုင်ငံကလူတွေက ကျုပ်တို့ဘုံကျောင်းကို မီးရှို့ခဲ့တယ်။ လောကမှာရှိတဲ့ကျောင်းတော်သားတွေအားလုံးက ဆင်းရဲဒုက္ခ ခံစားနေရတယ်။ ခင်ဗျားကတော့ အခုထိ ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူကို ဒုက္ခပေးဖို့ စဉ်းစားနေတုန်းပဲ။ ခင်ဗျား ဘာလုပ်ချင်နေတာလဲ”
လွန်ခဲ့တဲ့ညတည်းက ကိစ္စက ရှင်းလင်းနေပြီလေ။ ယုမိသားစုရဲ့ အဆိပ်ပြင်းတဲ့မိန်းမက ကျုပ်တို့ ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူကို အဓမ္မ ပြုကျင့်ချင်ခဲ့တယ်။ သွေးစမ်းသပ်မှုကိုလည်း အကုန်လုံးရှေ့မှာ လုပ်ပြီးသွားခဲ့ပြီ။ ဒါကိုတောင်မှ ကျင်းမူကုန်းကို ဆက်ပြီး ဖမ်းချုပ်ထားချင်သေးတာလား။ ခင်ဗျား ဘာလုပ်ချင်တာလဲ”
ဝမ်ကွက်က ပြောလိုက်၏။ “ရှမ့်လန်... စိတ်မပူနဲ့။ အရမ်းကြီးစိတ်မပူနဲ့။ ကျင်းမူကုန်းက မကြာခင်မှာ ဝန်ခံလိမ့်မယ်။ အဲအချိန်ကျရင် ငြင်းပယ်လို့မရတဲ့ သက်သေတွေ ပေါ်လာမှာပေါ့။ မင်းဘယ်လောက်ကြီးပဲ ကောက်ကျစ်၊ ကောက်ကျစ် ကိစ္စမရှိဘူး။ မင်း ဘယ်လောက်ကြီးပဲ အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်၊ လှန်ပစ် ကိစ္စမရှိဘူး။
ဘုရင်မင်းမြတ်ရဲ့ ဉာဏ်ပညာပါတဲ့ ဆုံးဖြတ်ချက်တွေအောက်မှာ ဘုံကျောင်းကိစ္စက မကြာခင်မှာ ပျောက်ကွယ်သွားလိမ့်မယ်။ အဲအချိန်ရောက်ရင် လောကမှာရှိတဲ့ လူတွေအကုန်လုံးက ကျင်းမိသားစုကို အပြစ်တင်ရအုံးမယ်။ ဒီကိစ္စက လွယ်လွယ်နဲ့အဆုံးသတ်သွားမယ်လို့ မင်းထင်နေတာလား။ ဟား ဟား ဟား ဟား ဟား။ အိပ်မက်ထဲမှာပဲ ရမယ်”
ရှမ့်လန်က အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျား သူ့ကို လွှတ်မှာလား၊ မလွှတ်ဘူးလား”
ဝမ်ကွက်က ပြောလိုက်၏။ “မလွှတ်ပါဘူး”
ရှမ့်လန်သည် တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “ခင်ဗျား လုပ်ရဲတယ် ဟုတ်လား ဝမ်ကွက်။ ကျုပ် ဒီနေရာကို ရောက်လာတာ ဘုရင်မင်းမြတ်ရဲ့အမိန့်အရ ကျင်းမူကုန်းကို လွှတ်ပေးဖို့ ရောက်လာတာပဲ။ ခင်ဗျား ကျုပ်ကို တားဆီးရဲတာလား”
ဝမ်ကွက်က ပြောလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့အမိန့် ဟုတ်လား။ ထုတ်ပြစမ်း”
ရှမ့်လန်သည်၊ ဟိတ်ကြီးဟန်ကြီး အမူအရာတစ်ခုလုံးက ပျော့ပြောင်းသွားခဲ့၏။ သူ၏ စကားလုံးများ ဆွံ့အသွားသကဲ့သို့ပင်။
“ဒါအမိန့်တော် မဟုတ်ဘူး။ ဒါပေမဲ့ ဘုရင်မင်းမြတ်ရဲ့ ဆိုလိုရင်းကို ကျုပ်နားလည်တယ်။ သူက ကျင်းမူကုန်းကို လွှတ်စေချင်တာပဲ”
“ဟား ဟား ဟား ဟား ဟား”
ဝမ်ကွက်သည် အားရပါးရ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ “ရှမ့်လန်... မင်းက ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒကိုတောင်မှ တွက်ချက်ရဲတယ်ဟုတ်လား။ အသက်ရှင်ရမှာ ပျင်းနေပြီလား။ မင်း သူ့ကို ကယ်တင်ချင်တယ် မဟုတ်လား။ သတ္တိရှိတယ်ဆိုရင် ထောင်ကိုဖောက်လေကွာ”
ရှမ့်လန်သည် ကျယ်လောင်စွာပြောလိုက်၏။ “ဝမ်ကွက်... ကျင်းမူကုန်းက အပြစ်ကင်းစင်တယ်။ ယုဖန်နဲ့ သူ့ရဲ့မိန်းမက မကောင်းတဲ့ ပြစ်မှုတွေကို ပြုလုပ်ထားခဲ့ကြတာ။ ဒါက တကယ့်ကို အပြစ်ကြီးတစ်ခုပဲ”
ဝမ်ကွက်သည် အေးစက်စက် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်သည်။ “ရှမ့်လန်... သူ့ကိုလွှတ်ပေးဖို့ မဖြစ်နိုင်ဘူး။ မင်းသတ္တိရှိတယ်ဆိုရင် ထောင်ဖောက်လို့ ငါ ထပ်ပြောမယ်”
ရှမ့်လန်ကို ကြည့်ရှုရသည်မှာ မနည်း စိတ်ထိန်းနေရသည့်ပုံပေါ်၏။ ပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်၏။ “ကိုယ့်လူတို့.. ငါနဲ့အတူ အထဲကိုဝင်မယ်။ ပြီးတော့ ကျင်းမူကုန်းကို ကယ်တင်ကြရအောင်”
သူအမိန့်ပေးလိုက်ချိန်မှာတော့ အနောက်ဘက်တွင်ရှိနေသည့် စစ်သည်တော်တစ်ဒါဇင်ကျော်တို့သည် ဓားကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် အထဲသို့ လှမ်းဝင်လိုက်သည်။
ဝမ်ကွက်သည် ပျော်ရွှင်သွားခဲ့မိ၏။ တစ်ဖက်လူသည် လှုပ်ရှားပြီဖြစ်၏။ ရှမ့်လန်သည် တကယ့်ကို လှုပ်ရှားပြီ ဖြစ်၏။ ဘုရင်မင်းမြတ်၏ ခြေထောက်အောက်တွင် ရှမ့်လန်သည် အမှုဖမ်းများကို ဝင်ရောက် တိုက်ခိုက်ရန် စဉ်းစားရဲနေ၏။ ဤအရာက ပုန်ကန်ခြင်းနှင့် တူ၏။ လောကတွင်ရှိနေသည့် မည်သူမှသည် သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။ သေဆုံးခြင်းကို စောင့်မျှော်ရန်သာရှိ၏။
ထိုအချိန်မှာပဲ ဝမ်ကွက်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “သတ်ကြ၊ သူ့ကိုသတ်ကြစမ်း”
ဟုတ်ပေ၏။ ပြေးဝင်လာသည့်လူများသည် လက်ရွေးစင် စစ်သည်များ၏ တားဆီးခြင်းဖြင့် မရပ်တန့်နိုင်ခဲ့ကြချေ။ လူအရေအတွက် နှစ်ဆခန့် ပိုမိုများပြားသည် ဆိုလျှင်တောင်မှ တစ်ဖက်လူများ၏ စွမ်းဆောင်ရည်က ကျိန်းသေပေါက် ကြီးမား၏။
ဝမ်ကွက်သည် ခုခံဟန်ဆောင်ထား၏။ ရှမ့်လန် အထဲသို့ ဝင်ရောက်ပြီး ထောင်ဖောက်သည့်အထိ သူက စောင့်နေခြင်းပင်။