ခင်ဗျားတို့အားလုံး မူကြိုမတက်ဖူးဘူးလား
Vol. 72 Ch. 1434
" ယဲ့ဖန် ......... "
လန်ရှင်းယွီနှင့် ကျူးရှောင်ကျောင်းသည် တစ်ချိန်တည်းမှာပင် အော်လိုက်သည်။
ယဲ့ဖန်၏ စကားလုံးများအရ အဆုံးသတ်သည်အထိ တိုက်ခိုက်ချင်နေပုံရသည်။
" နားကန်းနေလား "
ယဲ့ဖန်သည် စူးစမ်းရှာဖွေရေးအဖွဲ့မှ လူများသည် တွန့်ဆုတ်နေသည်ကို မြင်သောအခါ သူ၏အသံမှာ ပို၍ စူးရှလာသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း ယဲ့ဖန်သည် ပေါင်းသင်းဆက်ဆံရလွယ်ကူကာ သဘောကောင်းခဲ့လေသည်။
ယခုအခါ သူ၏ လုပ်နိုင်စွမ်းကို ရုတ်တရက် ပြသနေသည်မှာ ကြောက်စရာကောင်းလေသည်။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် တွန့်ဆုတ်မနေရဲတော့ဘဲ လန်ရှင်းယွီနှင့် ကျူးရှောင်ကျောင်းတို့ကို အဝေးသို့ ဆွဲခေါ်သွားတော့သည်။
မိန်းကလေးနှစ်ယောက်မှာ ရုန်းကန်နေပါသော်လည်း ယောက်ျားလေးများကို မတွန်းလှန်နိုင်ပေ။
သူတို့သည် အဝေးတစ်နေရာသို့ ဆုတ်သွားပြီး အခြေအနေကို အဝေးမှ ကြည့်နေသည်။
" အစ်မလန်၊ ရဲခေါ်သင့်လား "
ကျူးရှောင်ကျောင်းသည် ကြောင်အနေပြီးနောက် လန်ရှင်းယွီကို လှည့်ကြည့်လိုက်သည်။
လန်ရှင်းယွီသည် သတိပြန်ကပ်လာပြီးဖြစ်သည်။
ထို့နောက် သူမ ခေါင်းခါလိုက်သည်။
" ဒီလူတွေက အကြောက်ကင်းပြီး မောက်မာလွန်းတယ်။ ပြီးတော့ ဒီနေရာက မြို့နဲ့ ဝေးတာမလို့ အချိန်မလောက်ဘူး "
" ဒါဆို ဘာလုပ်သင့်လဲ။ ဒီအတိုင်း ဘာမှမလုပ်ဘဲနေလို့ မရဘူး မဟုတ်လား "
ကျူးရှောင်ကျောင်း ထိတ်လန့်နေသည်။
လန်ရှင်းယွီ မျက်မှောင်ကြုတ်လိုက်ပြီးနောက် တခဏကြာ စဉ်းစားနေခဲ့သည်။
ထို့နောက် လူတိုင်းကို ညွှန်ကြားလိုက်သည်။
" ကားထဲဝင်နေ။ အခြေအနေက ပြင်းလာရင် မောင်းဝင်ပြီး ယဲ့လူကြီးမင်းကို ကယ်လိုက် "
ကျူးရှောင်ကျောင်း၏ မျက်လုံးမှာ အရောင်တောက်သွားသည်။
ဤအကြံမှာ မဆိုးလှပေ။
သူမသည် ယဲ့ဖန်၏ Hummerကားထဲသို့ ဝင်လိုက်သည်။
အခြေအနေသည် ထိန်းချုပ်မရတော့ပါက သူမ ချက်ချင်း ကားစက်နှိုးကာ ဝင်တိုက်ပစ်မည်ဖြစ်သည်။
ထိုအချိန်၌ လုကျင်းရွှေနှင့် ကျန်လူများမှာ ရောက်လာပြီး ယဲ့ဖန်ကို အလယ်၌ထားကာ ဝိုင်းထားကြသည်။
" အစ်ကိုရွှေ၊ လက်စားချေပေးပါ "
ယဲ့ဖန်၏ ပေါက်ချွန်းကြောင့် ဒဏ်ရာရသွားသောလူကြီးမှာ လုကျင်းရွှေကို ငိုကြွေးလျက်ပြောသည်။
လုကျင်းရွှေသည် ကွဲသွားသော ဦးထုပ်များနှင့် မြေပေါ်၌ လဲနေသော လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။
သူ မထိန်းနိုင်ဘဲ ဆဲရေးလေသည်။
" အမှိုက်တွေ "
ထို့နောက် သူ့ခေါင်းကို မော့ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
" မဆိုးပါဘူး၊ မင်းက ဦးလေးရွှေရဲ့ နယ်မြေထဲမှာ ပြဿနာ လာရှာရဲတာလား။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား "
ထိုလူ၏ ရှေ့သွားမှာ ရွှေဖြင့်လုပ်ထားသည်။ ထို့ကြောင့် ပါးစပ်ဖွင့်လိုက်သည့်အခါတိုင်း နေရောင်အောက်တွင် တောက်ပနေသည်။
အခြားလုပ်သားများမှာ နောက်ကွယ်၌ သူ့အား လုကျင်းယာ (ရွှေသွား)ဟု ခေါ်သည်မှာ မထူးဆန်းတော့ပေ။
" ခင်ဗျားက လုကျင်းရွှေလား "
ယဲ့ဖန်သည် သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
" လုကျင်းရွှေဆိုတာ မင်း ခေါ်နိုင်တဲ့နာမည်လို့ ထင်နေလား။ အဘိုးရွှေလို့ခေါ် ....... "
လုကျင်းရွှေ၏ စကားကို မစောင့်ဘဲ လက်ပါးစေတစ်ယောက်မှ ယဲ့ဖန်အား ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
ထိုလက်ပါးစေ၏စကား မပြီးခင်မှာပင် ယဲ့ဖန်သည် သူ့ကို ရုတ်တရက် ကန်လိုက်တော့သည်။
လုကျင်းရွှေသည် ချက်ချင်းပင် ဒေါသထွက်ကာ သူ၏ အမဲလိုက်ရိုင်ဖယ်ကို မြှောက်ကာ ယဲ့ဖန်ဩခေါင်းကို ချိန်လေသည်။
" ကြီးကျယ်လိုက်တဲ့ကောင်။ မင်းကများ ငါ့အရှေ့မှာ ကြီးကျယ်ရဲသေးတာလား "
ခေါင်းပေါ်၌ သေနတ်တင်ခံရသည့်အခါ မည်သူမဆို ကြောက်လန့်ကြမည်ဖြစ်သည်။
သို့သော် ယဲ့ဖန်၏အမူအရာမှာ အလွန်တည်ငြိမ်နေသေးကာ သူ့ကို ပြုံးလျက်ကြည့်နေသည်။
" သေနတ်ကို ဖယ်လိုက်ဖို့ အကြံပေးတယ်။ အဲ့တာက အရမ်းအန္တရာယ်များတယ် မဟုတ်လား "
" ဟားဟား၊ ကြောက်တာလား။ ကြောက်ရင် ဒူးထောက်ပြီး တောင်းပန်လိုက် "
လုကျင်းရွှေ၏ မျက်နှာပေါ်၌ ယုတ်မာသောအပြုံးရှိနေသည်။
" ခင်ဗျား အထင်လွဲနေပြီ။ ကျုပ်ဆိုလိုချင်တာ ခင်ဗျားအတွက် အရမ်းအန္တရာယ်များတယ်လို့ ပြောတာ။ ဘာလို့ဆို ကျုပ်က သေနတ်ချိန်ခံရတာ မုန်းတယ် "
ယဲ့ဖန်၏ အပြုံးမှာ အတော်ပင် သာမန်ဆန်ပြီး ဟန်ဆောင်ပြုံးနေပုံမရပေ။
" ဟားဟားဟား၊ ငါကတော့ သူများကို သေနတ်နဲ့ ချိန်ရတာကြိုက်တယ်။ မင်းက မုန်းတာလား "
လုကျင်းရွှေ၏ မျက်နှာ၌ ခက်ထန်သော အမူအရာပေါ်လာသည်။
" ငါ မင်းကို ဒူးထောက်ဖို့ ပြောနေတာ။ဘနားကန်းနေလား။ ငါ သုံးထိရေမယ်။ မင်း ဒူးမထောက်ရင် ခေါင်းပွင့်သွားစေရမယ် "
ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
" ဒီဟာပဲလား။ ခင်ဗျား မူကြိုမတက်ဖူးဘူးလား။ ဘာလို့ ၃ထိပဲ ရေကျတာလဲ။ ၄ထိ မရေနိုင်ဘူးလား "
" တစ် "
လုကျင်းရွှေသည် အချိန်ဖြုန်းမနေတော့ဘဲ စတင်ရေတွက်လေတော့သည်။
ယဲ့ဖန်သည် ဘာမှမကြားသကဲ့သို့ ပြုံးနေသည်။
" နှစ် "
လုကျင်းရွှေသည် တစ်ဖက်သူမှ အညံ့ခံလာမည်ကို မျှော်လင့်လျက် အသံကိုမြှင့်ပြောသည်။
သို့သော် ယဲ့ဖန်သည် ပေါက်ချွန်းကိုကိုင်လျက် မလှုပ်ရှားပေ။
လုကျင်းရွှေ ဆက်၍ သည်းမခံနိုင်တော့သည်ဖြစ်ရာ သုံးဟုအော်ပြီး မောင်းခလုတ်ကို လက်ညှိုးဖြင့်ဆွဲလိုက်သည်။
ဘန်း
သေနတ်ပစ်သံ ထွက်ပေါ်လာသည်။
ဘေးရှိလူတိုင်းသည် နားကိုအုပ်ကာ မြေပြင်ပေါ်သို့ ဝပ်၍ ထိုင်လိုက်ကြတော့သည်။
လုကျင်းရွှေမှ အမှန်တကယ် ပစ်လိုက်မည်ဟု မည်သူမှ မထင်ထားပေ။
ခဏကြာပြီးနောက် သတ္တိရှိသူအချို့မှ ဖြည်းညှင်းစွာ ထကြည့်ကြသည်။
သို့သော် မြင်ကွင်းသည် ထင်ထားသလို ဖြစ်မလာပေ။
ယဲ့ဖန်သည် သေနတ်ကို လက်တစ်ဖက်ဖြင့် မြှောက်ထားသည်။
သေနတ်သည် အပေါ်သို့ ၄၅ဒီဂရီ စောင်းနေပြီး ကျည်ထွက်ပေါက်ထဲမှ အနက်ရောင် မီးခိုးများ ထွက်နေသည်။
လုကျင်းရွှေ ခလုတ်ဆွဲလိုက်ချိန် ယဲ့ဖန်မှ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေမည်။
အားလုံးမှ ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ဒီလူငယ်လေးက ရဲရင့်လွန်းတယ် မဟုတ်လား။
ခုနက နည်းနည်းသာ နှေးသွားရင် သူ့ခေါင်း သေချာပေါက် ကွဲသွားမှာ။
တစ်ချိန်တည်းမှာပင် ကျူးရှောင်ကျောင်းနှင့် လန်ရှင်းယွီတို့သည် နောက်ဆုံး၌ သက်ပြင်းချနိုင်ခဲ့သည်။
သေနတ်သံ ထွက်လာသည့်အခါ အားလုံး ကြောက်လန့်သွားကြသည်။
အထူးသဖြင့် ကျူးရှောင်ကျောင်း ဖြစ်သည်။
ထိုအချိန် သူမ၏စိတ်သည် လုံး၀ဗလာဖြစ်သွားရသည်။
သူမ၏ နှလုံးသားအား တစ်စုံတစ်ယောက်မှ ဖြစ်ညှစ်နေသလို ခံစားရကာ နာကျင်လွန်း၍ အသက်ရှုကြပ်လုနီးပါး ဖြစ်သွားသည်။
ကံကောင်းစွာဖြင့် ယဲ့ဖန်မှ အချိန်မီ ဆောင်ရွက်နိုင်လိုက်သည်။
သို့သော် သူမ၏ ခြေလက်မှာ ထုံကျင်နေသောကြောင့် အချိန်အတော်ကြာ ပြန်ထမလာနိုင်ချေ။
လန်ရှင်းယွီနှင့် စူးစမ်းရေးအဖွဲ့အဖွဲ့ဝင်များသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
" ယဲ့လူကြီးမင်းက အရမ်းကြမ်းတာပဲ။ သူ့ခေါင်းကို သေနတ်နဲ့ ချိန်ခံရတာတောင် အရှုံးမပေးဘူး "
" ငါသာဆိုရင် သေးထွက်ကျနေပြီ "
" ကြောက်လို့ မူးလဲမှာ "
" ယဲ့လူကြီးမင်းက အရမ်းချောတာပဲ ...... "
အားလုံးသည် ဘေးလူများဖြစ်၍ ထိတ်လန့်တုန်လှုပ်နေပါသော်လည်း ဤကိစ္စ၏ လေးနက်မှုကို မခံစားရပေ။
သို့သော် လုကျင်းရွှေသည်သာ ကြောက်ရွံ့မှုကို လွန်စွာခံစားခဲ့ရသည်။
တစ်ဖက်၌ ယဲ့ဖန်၏ ရဲစွမ်းသတ္တိကြောင့် တုန်လှုပ်သွားခဲ့ပြီး တစ်ဖက်၌ ထိုလူ၏ ခွန်အားကြောင့် တုန်လှုပ်သွားသည်။
ခလုတ်ကို ဆွဲလိုက်သော်လည်း တစ်ဖက်မှ လူငယ်၏အမူအရာမှာ လုံးဝ ပြောင်းလဲသွားခြင်းမရှိသည်ကို သူ သေချာမြင်လိုက်သည်။
သူ သေနတ်မောင်းကို ဆွဲလိုက်သောအခါ တစ်ဖက်လူသည် လျှပ်စီးလက်သည့်အရှိန်ဖြင့် သေနတ်ကိုဆွဲလိုက်ရာ ကျည်ဆန်မှာ ပစ်ခတ်မှုမှ လွတ်သွားခဲ့သည်။
ဤသည်မှာ ဆန်းကြယ်လွန်းလှသည်။
" မင်း ......... "
လုကျင်းရွှေ ပါးစပ်ကို ဖွင့်ကာ တစ်စုံတစ်ခု ပြောချင်ရန်ပြင်သည်။
သို့သော် သူ ဘာမှပြန်မပြောမီတွင် ယဲ့ဖန်သည် သေနတ်ကို ကိုင်ပြီး နှာမှုတ်လိုက်သည်။
" ခင်ဗျားက တကယ် မောင်းဆွဲရဲတာလား။ ကောင်းတယ်၊ အရမ်းကောင်းတယ် "
ယဲ့ဖန်၏ လူသတ်ချင်သော အငွေ့အသက်မှာ ပိုပြင်းထန်လာသည်။
လျင်မြန်စွာ မတုံ့ပြန်ပါက ဦးခေါင်းကို ပစ်သတ်ခံရမည် ဖြစ်သည်။
လုကျင်းရွှေသည် လူများကို ရက်စက်စွာ သတ်ရဲသူဖြစ်သည်။
သူ ဤသို့လုပ်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိသာသည်။
ထို့ကြောင့် သူသည် သေရန် ထိုက်တန်လေသည်။
လုကျင်းရွှေသည် အကြောက်တရားကို ဖြတ်ကျော်ပြီး ပြန်လည်တည်ငြိမ်လာသည်။
ဤအမဲလိုက်ရိုင်ဖယ်သည် ရှေးအကျဆုံး အမျိုးအစားဖြစ်သည်။
တစ်ခါပစ်ပြီးတိုင်း မောင်းပြန်တင်ရမည် ဖြစ်သည်။
ထို့ကြောင့် ယဲ့ဖန်သည် တစ်ခါပစ်ပြီးသား သေနတ်ကို ထပ်ပစ်ချင်ပါက မောင်းတင်ရဦးမည်ဖြစ်ကာ အချိန်ယူရပေမည်။
ထိုသည်ကို တွေးမိပြီး နှာမှုတ်လိုက်သည်။
" မင်း ကံကောင်းသွားတာ။ ဒူးထောက်ပြီး မင်းအမှားကို ဝန်ခံသရွေ့ ငါ မင်းကို လွှတ်ပေးနိုင်တယ် "
ယဲ့ဖန်သည် ခစ်ခစ်ရယ်ပြီး 'စောက်ရူး'ဟုသာ ပြောလိုက်တော့သည်။
ထို့နောက် သေနတ်ကိုယ်ကို ဆွဲကိုင်ကာ ထိုလူကို ရိုက်ချလိုက်သည်။
ဘန်း
သေနတ်ဒင်သည် လုကျင်းရွှေ၏ ခေါင်းကို ပြင်းထန်စွာ ရိုက်ခွဲလိုက်ပြီး သွေးများ ချက်ချင်း ထွက်ကျလာသည်။
လုကျင်းရွှေသည် နားကွဲမတတ် အော်ဟစ်ကာ သူ့ခေါင်းကို ကိုင်လျက် နောက်ပြန်ဆုတ်သွားသည်။
ထို့နောက် ဒေါသတကြီးနှင့် တုန်လှုပ်ခြောက်ခြားစွာ အော်လိုက်သည်။
" သူ့ကိုသတ်ကြ "
" ရား ..... "
အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော မိုင်းတွင်းလုပ်သားများသည် သူတို့၏ ကိရိယာများကို ကိုင်ကာ အုပ်စုလိုက် ရှေ့သို့ ပြေးသွားကြသည်။