အပိုင်း (၂၈၉)
Vol. 21 Ch. 289
ဘုရင်မင်းမြတ်သည် ယုဖန်တို့မိသားစုကို သတ်ဖြတ်ရန် အမိန့်ချခဲ့သော်လည်း ယခုအချိန်ထိ အဘယ်ကြောင့် မသတ်ဖြတ်ရသေးသည်ဖြစ်ကြောင်းကို အချို့သောသူတို့က စဉ်းစားကောင်း စဉ်းစားကြ ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောအမိန့်ကို ထုတ်ပြန်လိုက်သည်မှာ မနက်ခင်းသာလျှင် ရှိသေး၏။ လက်ရှိအချိန်မှာတော့ မွန်းတည့်ချိန်ပင် မရောက်ရှိသေးချေ။
ကိစ္စတော်တော်များများက ဖြစ်ပွားခဲ့ပြီ ဖြစ်သော်လည်း နာရီအနည်းငယ်သာလျှင် ကြာမြင့်ခဲ့၏။ ထို့ကြောင့်လျှင် အမိန့်သည် မြေပြင်သို့ ရောက်ရှိမလာခဲ့သေးခြင်းပင် ဖြစ်၏။
လက်ရှိအချိန်တွင်မှာတော့ အထူးတရားရုံးသည် ထိုအရာအားလုံးကို စတင်ကာ ပြုလုပ်နေပြီဖြစ်၏။ ယုဖန်က သေဆုံးသွားခဲ့ပြီဖြစ်သလို သူ၏မိန်းမ မိန်းကလေးချန်းကလည်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုသူတို့၏ သေဆုံးခြင်းသည် အလွန်ဆိုးရွားသည့် သေဆုံးခြင်းသာလျှင်ဖြစ်သည်။
ဟုတ်ပေ၏။ သူတို့သည် မျှော့များကို စားခဲ့ရပြီး မြန်မြန်ဆန်ဆန်နှင့် သေဆုံး မသွားခဲ့ကြချေ။ ရှမ့်လန်သည် သူတို့၏သေဆုံးမှုကို မြန်မြန်ဆန်ဆန်နှင့် ပြီးဆုံးမသွားစေရန် ကြိုးစားပြီး နှိပ်စက်ခဲ့သေးသည်။ ကြောက်မက်ဖွယ်ရာ ကောင်းသော အော်သံသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့ခဲ့၏။ ဆိုးဝါးလွန်းလှချေ၏။
ဝမ်ကွက်မှာတော့ မြေပေါ်တွင် လူးလှိမ့်လျက်ရှိနေပြီး ထကာရပ်နိုင်ခြင်းကိုပင် မပြုနိုင်ခဲ့ချေ။ လက်ရှိအချိန်မှာတော့ ရှမ့်လန် မည်မျှ ရက်စက်ရမ်းကားကြောင်းကို သူ မျက်မြင်တွေ့နေရပြီ ဖြစ်သည်။
ရှမ့်လန်သည် သူ့၏အရှေ့တွင် ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချပြီး ဖြည်းညင်းစွာပြောလိုက်၏။ “အရှင်ကြီးဝမ်.. ခင်ဗျားက အမိန့်တော်ကို ငြင်းဆန်ရုံတင်မကဘူး။ စစ်သည်တစ်ရာကျော်ကို ခေါ်ဆောင်လာခဲ့ပြီး အမိန့်တော်ကို ပုန်ကန်ဖို့တောင် ပြင်ဆင်ခဲ့တယ်ပေါ့။ ဒါဘာကိုဆိုလိုတာလဲ”
မြေပေါ်တွင်လဲကျလျက်ရှိနေသည့် ဝမ်ကွက်သည် ထရပ်ရန် မနည်းပင် ရုန်းကန်နေရ၏။ သူသည် ရှမ့်လန်ကို လက်ညှိုးထိုးကာဖြင့် တုန်ယင်နေသောအသံဖြင့် ပြောဆိုလိုက်သည်။ “မင်း.. မင်းငါ့ကိုလှည့်စားခဲ့တာပဲ”
“ခင်ဗျားက ညံ့ဖျင်းလွန်းတဲ့လူတစ်ယောက်ပဲ။ ခင်ဗျားလိုလူမျိုးကို မလှည့်စားဘူးဆိုရင် ကျုပ် အရှက်ရ သလိုတောင် ခံစားနေမိမှာပေါ့”
ရှမ့်လန်သည် ဝမ်ကွက်၏ မျက်နှာကို အသာပွတ်ကာဖြင့် ပြောလိုက်၏။ “အင်း.. ဒီကိစ္စကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ စဉ်းစားပြီးပြီလား”
ရှမ့်လန်သည် ဝမ်ကွက်၏ မျက်နှာကို ပိတ်ရိုက်လိုက်၏။ ရိုက်ချက်တစ်ခုချင်းစီတိုင်းသည် အရင်က ရိုက်ချက်ထက် ပိုမိုကာ အားကောင်းလာခဲ့ပြီး အလွန်အမင်း နာကျင်စေခဲ့သည်။ “ဖြောင်း ဖြောင်း ဖြောင်း”
ထိုအချိန်မှာတော့ ဝမ်ကွက်သည် ရိုက်ချက်ကို မရှောင်ရှားရဲချေ။ သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်တစ်ခုလုံး ထွက်ခွာ သွားသကဲ့သို့ပင် ခံစားနေမိ၏။ ကြောက်လန့်မှုများကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေခဲ့၏။
ဟုတ်ပေ၏၊ သူအဘယ်သို့ ထိုကိစ္စကို ကျော်ဖြတ်ရမည်နည်း။ သူမည်သို့ ကျော်ဖြတ်ရမည်နည်း။
...........
ရှမ့်လန်၊ ကျင်းမူကုန်းနှင့် မိန်းမစိုးကြီး လီစွန်းတို့သည် ယုဖန်၏ အိမ်ဆီသို့ သွားခဲ့၏။ ထိုအချိန်မှာတော့ ချစ်စဖွယ် ကလေးနှစ်ယောက်သည် ထမင်းစားလျက် ရှိနေ၏။ အကြီးဆုံးမိန်းကလေးသည် ဆန်ပြုတ်စားရင်းမှ တီးတိုး ရေရွတ်နေ၏။ “အသားစားချင်တယ်။ အသားစားချင်တယ်”
မိန်းကလေးငယ်လေးမှာတော့ ယာဂုကို သောက်လျက်ရှိနေသည်။
သတ်လက်ပိုင်းအရွယ် မိန်းမတစ်ယောက်သည် ထိုမိန်းကလေး နှစ်ယောက်အား အလျင်အမြန်ပင် ခွံ့ကျွေးလျက် ရှိနေ၏။ ယုဖန်၏ အမေအိုကြီးမှာတော့ ဖြည်းညင်းစွာ စားသုံးလျက်ရှိနေပြီး သူ၏မြေးနှစ်ယောက်အား ရွံ့ရှာသလို လှမ်းကာ ကြည့်ရှုလိုက်၏။
“အရှုံးသမားတွေ.. သူတို့အားလုံးက အရှုံးသမားတွေပဲ”
သူ၏သား ယုဖန် ကျင်းမူကုန်းကို အကွက်ချစီစဉ်ခဲ့ခြင်းသာ အောင်မြင်ခဲ့ပါက ရာထူးရာခံနှင့် အရာရှိတစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏သားအား နောက်ထပ်မိန်းမတစ်ယောက် ယူရန် တွန်းအားပေးရမည်။
မိန်းကလေးချန်းနှင့် ကွာရှင်းခိုင်းပြီး တခြားမိန်းမတစ်ယောက်နှင့် လက်ထပ်ကာ ခပ်ဝဝ ကလေး နှစ်ယောက်လောက် မွေးခိုင်းရန်ပင် သူမက စီစဉ်ထားခဲ့၏။ မိန်းကလေးချန်းသည် မသန့်ရှင်းတော့ချေ။ ဤကဲ့သို့ မသန့်ရှင်းတော့သည့် မိန်းကလေးတစ်ယောက်သည် အဘယ်သို့ ယုမိသားစု၏ ချွေးမအဖြစ် ထိုက်တန်တော့ မည်နည်း။
ဟုတ်ပေ၏။ ယုဖန်၏အမေအိုကြီးသည် မိန်းကလေးချန်းတစ်ယောက် ကျင်းမူကုန်းနှင့် ဤကဲ့သို့သော ကိစ္စရပ်များဖြစ်ရန် အရင်ဦးဆုံး အကြံပေး ဆောင်ရွက်ခဲ့သူဖြစ်၏။ သူ့သား၏ အနာဂတ်အတွက် ချွေးမတစ်ယောက် ကို စတေးရမည်ဆိုလျှင်လည်း ဘာဖြစ်သနည်း။
ကျင်းမူကုန်းဟုခေါ်သည့် ဝတုတ်ကောင်သည် တကယ့်ကို ညံ့ဖျင်းလွန်းလှချေ၏။ အဘယ်သို့ တော်ဝင်မျိုးနွယ် တစ်ယောက် ဖြစ်လာသနည်း ဆိုသည်ကိုပင် သူမ မသိချေ။ ထိုကဲ့သို့သောလူမျိုးတောင်မှ အဆင့်အတန်း မြင့်မြင့်နှင့် နေထိုင်ရသည်ဆိုပါက သူမ၏သား ယုဖန်က အဘယ်ကြောင့် အဆင့်အတန်းမြင့်မြင့်နှင့် မနေထိုင်ရမည်နည်း။
ထိုအချိန်မှာတော့ ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ မိန်းမစိုးလီစွန်းသည် အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိနေ၏။
မိန်းကလေးငယ် နှစ်ယောက်တို့သည် ကျင်းမူကုန်းကို မြင်သည့်အချိန်မှာတော့ စိတ်လှုပ်ရှားစွာဖြင့် ထကာ အော်ဟစ်လိုက်ကြသည်။ နှစ်နှစ်အရွယ် မိန်းကလေးသည် လက်များကို ဖြန့်ကားကာဖြင့် ကျင်းမူကုန်းကို ချီပိုးရန် ခိုင်းစေ၏။ တချို့သောလူများသည် ကလေးများ၏ ချစ်ခင်နှစ်သက်ခြင်းကို ခံခဲ့ရ၏။ အထူးသဖြင့် ကျင်းမူကုန်းကဲ့သို့ အပြစ် ကင်းစင်သည့် လူမျိုးပင်။
“ချီပါအုံး.... ဦးလေး ချီပါအုံး”
ယုဖန်၏အမေအိုကြီးသည် ရှမ့်လန်နှင့် ကျင်းမူကုန်းတို့ကို မြင်သည့်အချိန်မှာတော့ မျက်နှာအမူအရာက ပြောင်းလဲ သွားခဲ့၏။ “မင်းက ထောင်ထဲမှာရှိနေရမှာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ထွက်လာတာလဲ။ ဘယ်လိုဖြစ်ပြီး ထောင်ကနေ လွတ်လာရတာလဲ။ မြန်မြန်.. အာဏာပိုင်တွေကို သတင်းပို့လိုက်စမ်း။ မြန်မြန်သတင်းပို့။ ဒီလူတွေ ထောင်ဖောက်လာတာပဲ ဖြစ်ရမယ်။ သူတို့ကိုဖမ်း”
အမေနှင့် သားနှင့်သည် တကယ့်ကို တူညီလွန်းလှချေ၏။ ဤမိန်းမအိုကြီးကလည်း တကယ့်ကို ကြမ်းတမ်း ရက်စက်လွန်းသည်။
ကျင်းမူကုန်းသည် ရှေ့ဆီသို့လှမ်းတက်ပြီး မိန်းကလေးနှစ်ယောက်ကို လှမ်းကာချီလိုက်၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူ၏ ခပ်ဝဝပါးကြီးနှစ်ဖက်သည် ကလေးငယ်လေးနှစ်ယောက်၏ ဆွဲလိမ်ခြင်းကို ခံခဲ့ရ၏။
“ခစ် ခစ် ခစ် ခစ်” မိန်းကလေးငယ်လေး နှစ်ယောက်တို့သည် တခစ်ခစ်နှင့် အူမြူးလျက် ရှိနေလေ၏။ သူတို့နှင့် ကျင်းမူကုန်းတို့သည် တစ်ရက်မက ခင်မင်ရင်းနှီးနေကြပြီ ဖြစ်၏။ ယခင်တုန်းက ယုဖန်သည် ကျင်းမူကုန်းကို ကျောင်း၌ လာရောက်ရှာဖွေသည့်အချိန်တိုင်း ဤမိန်းကလေးနှစ်ယောက်ကို ခေါ်ဆောင်လာတတ်၏။ ထို့ကြောင့်ပင်လျှင် ဝတုတ်နှင့် ဤမိန်းကလေးနှစ်ယောက်တို့သည် တကယ့်ကို ရင်းနှီးနေကြခြင်းပင်။
ဝတုတ်သည် ယုဖန်၏အမေအိုကြီးကို ကြည့်ပင် မကြည့်ခဲ့ချေ။ မိန်းကလေးနှစ်ယောက်ကို အသာချီပိုးကာဖြင့် ထွက်ခွာသွားခဲ့၏။
ရှမ့်လန်မှာတော့ ယုဖန်၏အမေအိုကြီးကို လှမ်းကာကြည့်ရှုရင်း အသာပြောလိုက်သည်။ “ခင်ဗျားရဲ့သား သေသွားပြီ။ ခင်ဗျားရဲ့ ချွေးမလည်း သေသွားခဲ့ပြီ။ ဒီတော့ ခင်ဗျားလည်း သူတို့နောက်ကို လိုက်သွားသင့်တယ်”
အဘွားအို၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ သူမက အော်ဟစ်လိုက်၏။ “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မင်းညာနေတာပဲ။ ငါ့သားက အရာရှိဖြစ်တော့မှာ။ ငါ့သားက လူတွေအားလုံးရဲ့အထက်ကို ရောက်တော့မှာ။ ဘယ်လိုဖြစ်ပြီး သေရမှာလဲ”
ရှမ့်ဆယ့်သုံးက ရှေ့ဆီသို့ လှမ်းထွက်လာခဲ့၏။ သူသည် ကြိုးတစ်ချောင်းကို ထုတ်ယူပြီး ထိုအမေအိုကြီး၏ လည်ပင်းကို ရစ်ပတ်ကာ ခပ်တင်းတင်း ဆွဲလိုက်သည်။
ယုဖန်၏အမေအိုကြီးသည် အတင်း ရုန်းကန်နေ၏။ “ငါတို့က လူတွေရဲ့အထက်ကို ရောက်ရမှာ။ ငါတို့က လူတွေရဲ့ အထက်ကို ရောက်တော့မှာ”
ခဏကြာပြီးနောက် သူမလည်း သေဆုံးသွားခဲ့သည်။
.............
ကျင်းမိသားစု၏ ခြံဝန်းထဲမှာတော့ ရှောင်ပင်းသည် အကောင်းဆုံး ကြိုးစားကာဖြင့် မင်းသမီး နင်ယန် သဘောတွေ့စေရန် ပြုမူဆောင်ရွက်လျက် ရှိနေ၏။ သူမသည် ကလေးများကို ချစ်ခင်နှစ်သက်သည်ဟု ခံစားမိ၏။ ထို့ကြောင့်ပင်လျှင် ကလေးများအကြောင်းကို သေသေချာချာ ပြောဆိုနေခြင်းပင်။ သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေးသည် နှစ်လနီးပါးခန့်သာလျှင်ရှိ၏။ သို့ပေမည့် ရုတ်တရက် အပြင်ထွက်ကာ လမ်းလျှောက်တော့မည့်သကဲ့သို့ပင် ချဲ့ကား ပြောဆိုလျက်ရှိနေ၏။
ကျားမင်းသမီးသည် မနာလိုဝန်တိုသလိုပင် ခံစားနေမိသည်။
အရူးကြီးသည် ဧည့်ခန်းထဲတွင်ထိုင်ပြီး အဆင်မပြေသလို ခံစားလာမိ၏။ ထို့ကြောင့် အပြင်ဘက်သို့ ထွက်ကာဖြင့် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ပုရွက်ဆိတ်လေးများ သွားနေသည်ကို ကြည့်ရှုနေ၏။ ရှမ့်လန်တံခါးဆီမှ ဝင်ရောက်မလာခင်မှာဘဲ အရူးကြီးသည် ရှမ့်လန်၏ခြေသံကိုမှတ်မိ၏။ ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် ထကာ အော်ဟစ်ကာနှုတ်ဆက်လေ၏။
“အရူးလေး၊ အရူးလေး.. ငါရောက်နေတယ်။ ငါဒီကိုရောက်နေတယ်။ အရူးလေး.. ငါမင်းကိုအရမ်းလွမ်းနေတာ။ ဆရာက ငါ့ကို မြို့ရဲ့ဂိတ်တံခါးမှာ ထားခဲ့တယ်။ မင်းကို လာရှာခိုင်းခဲ့တာပဲ။ ပြီးတော့ ငါ့အတွက် မိန်းမတစ်ယောက် သူရှာပေးခဲ့တယ်လို့ပြောတယ်။ ပြီးတော့ ငါ့အတွက် မိန်းမမိတ်ဆက်ပွဲကို သွားကြည့်ရမယ်တဲ့။ အဲဒါ ဘာကိုဆိုလိုတာလဲ” သူသည် ထိုစကားစုကို အထပ်ထပ် ပြောဆိုလျက် ရှိနေသည်။
ရှမ့်လန်သည် ထိုအသံကို ကြားသည့်အချိန်မှာတော့ အားတက်သရော ဖြစ်သွား၏။ ထို့ကြောင့် ရှေ့ဆီသို့ လှမ်းဝင်လာခဲ့၏။ နောက်တစ်စက္ကန့်အတွင်းမှာပဲ အရူးကြီး၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရ၏။
“လွှတ် လွှတ် လွှတ်... ငါ အသက်ရှုကျပ်နေပြီ။ လွှတ် လွှတ်။ ငါ့အရိုးတွေ ကျိုးတော့မယ်ဟ” ရှမ့်လန်သည် ဆိုးဆိုးဝါးဝါး အော်ဟစ်လျက်ရှိနေသည်။
အရူးကြီး၏အားအင်သည် အဆပေါင်းများစွာ တိုးလာခဲ့၏။ သူသည် ယခင်ကနှင့် တူညီသည်ဟု တွေးထင်နေခဲ့၏။ သို့ပေမည့် ရှမ့်လန်ကိုဖက်ပြီး ညှစ်လိုက်သည့်အချိန်မှာတော့ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အရိုးအားလုံး ကျိုးကြေလုမတတ်ပင် ရှမ့်လန်က ခံစားနေမိ၏။
အရူးကြီးသည် ရှမ့်လန်ကိုလွှတ်ပြီးသည့်နောက် ရှမ့်လန်ကို သေသေချာချာကြည့်ရှုကာ ပြုံးလိုက်သည်။
ရှမ့်လန်သည် ခေါင်းကိုမော့ကာဖြင့် ခြေဖျားထောက်ကာ တိုင်းကြည့်လိုက်၏။ သူစိတ်ထင်နေလေသည်လား သို့မဟုတ် အရူးကြီးသည် အရပ်ရှည်လာသလား။ ယခင်တုန်းက အရူးကြီးသည် ၂.၁ မီတာလောက်သာလျှင်ရှိ၏။ လက်ရှိအချိန်တွင်မှာတော့ ၂.၃ မီတာခန့်ပင် ရောက်သွားခဲ့၏။ ယခင်ကထက်လည်း ပိုမိုကာ အားကောင်းလာပုံပေါ်ပြီး သံမဏိမျှော်စင်ကြီးတစ်ခု မတ်မတ်ရပ်နေသကဲ့သို့ပင်။
ရှမ့်လန်သည် အနောက်သို့ ခပ်ခွာခွာသို့ဆုတ်လိုက်၏။ သူ့အနေနှင့် အရူးကြီးနှင့်ယှဉ်ကာ ရပ်နေ၍ မဖြစ်ချေ။ မဟုတ်ပါက သူသည် ကလေးငယ်တစ်ယောက်ကဲ့သို့ပင် အထင်မှားရလိမ့်မည်။ ရှောင်ပင်းနှင့် နင်ယန်တို့၏ မျက်လုံးထဲတွင် သူသည် သေးငယ်သည့် လူတစ်ယောက်ဟု မသက်ရောက်စေချင်သောကြောင့်ပင်။
ရှမ့်လန်က ပြောလိုက်၏။ “အင်း... မင်းရဲ့ဆရာက တစ်ခုခုလုပ်ချင်တယ်လို့ ပြောခဲ့တယ်နော်။ သူ ဘာလုပ်ချင်တာလဲ”
အရူးကြီးက ပြောလိုက်သည်။ “သူက သွားပြီးတော့ တိုက်ခိုက်တာလေ။ ပြီးတော့.. ငါ့အတွက် မိန်းမတစ်ယောက် သွားရှာတာတဲ့”
ရှမ့်လန်က ပြောလိုက်၏။ “သူက ဘယ်သူနဲ့ သွားတိုက်ခိုက်တာလဲ”
အရူးကြီးက ပြောလိုက်သည်။ “အင်း... နှင်းတောင်နတ်ဆိုးလို့ ပြောတာပဲ”
မူလအားဖြင့် ထူးမခြားနား တည်ရှိနေသည့် ဟွမ်ဖန်သည် ထိုစကားလုံးကို ကြားသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်ချေ။ အံ့အားသင့်သွား၏။ “ဘယ်လိုဖြစ်ပြီးတော့ ရှင်ရဲ့ဆရာက ကျွန်မဆရာကို သွားတိုက်ခိုက်ရတာလဲ”
ရှမ့်လန်က မေးလိုက်သည်။ “ဖန်.. မင်းရဲ့ဆရာက နှင်းတောင်နတ်ဆိုးလား”
ဟွမ်ဖန်သည် ခေါင်းညိတ်လိုက်၏။ “ဒါနဲ့ အရူးကြီးရဲ့ဆရာက ဘယ်သူလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “မဟာပညာရှင် ကျုံးချူးကဲ့လေ”
ဟွမ်ဖန်က ပြောလိုက်၏။ “အင်း.. ဒါဆိုရင် အံ့အားသင့်စရာမဟုတ်တော့ပါဘူး”
ရှမ့်လန်က မေးလိုက်သည်။ “မင်းဆရာက တကယ်ပဲ မိန်းမတစ်ယောက် ရှာပေးခဲ့တာလား။ ဘယ်သူလဲ မင်းသိလား”
အရူးကြီးက ပြောလိုက်၏။ “ငါလည်းမသိဘူး။ ဆရာ ပြောတာတော့ သူက ရွှယ်ရင်ရဲ့ နောက်ဆုံး တပည့်လို့ ပြောတယ်။ သူမက နေ့စဉ်နေ့တိုင်း သူမရဲ့ဆရာအတွက် တံခါးပိတ်ပြီး ကျင့်ကြံနေတာများလား”
(တရုတ်သိုင်းပညာရှင် သို့မဟုတ် တခြားပညာရှင်တို့သည် နောက်ဆုံးတပည့်ကို ခေါ်ယူတတ်သည်။ နောက်ဆုံးတပည့်၏ အဓိပ္ပာယ်သည် ရှိရှိသမျှ တတ်မြောက်သည့် ပညာရပ်အားလုံးတို့အား တံခါးပိတ်ကာ ခေါ်ယူ သင်ပေးသည့်အဓိပ္ပာယ်ပင်။ နောက်ဆုံးတပည့် = နောက်ဆုံးတံခါးပိတ် သင်ယူရသည့်တပည့်ဖြစ်သည်။
ဂိုဏ်းချုပ်ကျွင်းစာစဉ်တွင် ရီရှင်းချန်သည် နောက်ဆုံးတပည့်အဖြစ် ခေါ်ယူခြင်းခံရသည်။ သို့ပေမည့် တံခါးကို နောက်ဆုံးပိတ်ပေးရသူသာ ဖြစ်ခဲ့၏။ - ဘာသာပြန်သူ)
“မဟာပညာရှင် ရွှယ်ရင်”
ရှမ့်လန်သည် ဤနာမည်ကိုကောင်းကောင်းသိ၏။ မဟာပညာရှင်ခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ကျုံးချူးကဲ့၊ လီချင်းချိုး၊ ရန်နန်းဖေးတို့နှင့် နှိုင်းယှဉ်၍ ရနိုင်သည့်လူတစ်ယောက် ဖြစ်၏။ နှင်းတောင်နတ်ဆိုး မှာတော့ မဟာပညာရှင်အဆင့်နှင့် နီးကပ်သည့်အခြေအနေ၌ ရှိသည်။ သို့ပေမည့် မရောက်သေးချေ။
သို့ပေမည့် ကောင်းကင်ပင်လယ်နန်းဆောင်၏တွက်ချက်မှုအရ ရွှဲ့ပြည်နယ်တစ်ခုလုံးတွင် မဟာပညာရှင် ခြောက်ယောက် သာလျှင်ရှိ၏။ ဤလောကကြီးထဲတွင် သိုင်းပညာနှင့်ပတ်သက်သော အခြားသော အဆင့်အတန်းများကို ခွဲခြားထားခြင်းမျိုး မရှိချေ။ သိုင်းပညာရှင်၊ သိုင်းဆရာ၊ သိုင်းတပည့် စသဖြင့် ခွဲခြားထားခြင်းမျိုး မရှိချေ။
မဟာပညာရှင် ခြောက်ယောက်သာလျှင် တည်ရှိ၏။ မဟာပညာရှင် ဖြစ်ချင်သည်လား။ အလွန်ရိုးရှင်း၏။ ထိုမဟာပညာရှင်ခြောက်ယောက်ထဲမှ တစ်ယောက်ကို အနိုင်ယူနိုင်သည်ဆိုပါက ထိုသူ့အစား တည်နေရာ ပြောင်းကာ မဟာပညာရှင်အဖြစ်ရောက်ရှိနိုင်၏။
ထို့ကြောင့် နှင်းတောင်နတ်ဆိုးသည် ရူးရူးမူးမူးဆိုသလိုပင် မဟာပညာရှင် ခြောက်ယောက်ကို စိန်ခေါ် တိုက်ခိုက်ခဲ့၏။ လက်ရှိအချိန်တွင်မှာတော့ ထိုသူတို့ကို စိန်ခေါ်တိုက်ခိုက်ခဲ့သည်မှာ ခုနှစ်နှစ်၊ ရှစ်နှစ်ခန့်ပင် ကြာမြင့်ပြီဖြစ်၏။ သို့ပေမည့် အားလုံးကို ရှုံးနိမ့်ခဲ့သည်။
ကျုံးချူးကဲ့၏ သိုင်းပညာသည် အားအနည်းဆုံးဖြစ်သည်ဟု သူမက ခံစားမိ၏။ ထို့ကြောင့် သုံးကြိမ်တိုင်တိုင် စိန်ခေါ်ခဲ့၏။
ကျုံးချူးကဲ့သည် မပျော်မရွှင်သလို ခံစားနေမိသည်။ ‘ချီးတဲ့မှ.. မဟာပညာရှင် ခြောက်ယောက်ထဲမှာ ငါက အားအနည်းဆုံးလို့ မင်းကိုဘယ်သူပြောခဲ့တာလဲ။ ငါ့ဆီမှာ ဂုဏ်သိက္ခာကော ရှိသေးရဲ့လား။ မင်းစောင့်နေအုံး။ ငါ့ရဲ့တပည့်အရူးကြီးက အံ့အားသင့်စရာကောင်းတဲ့အခြေအနေမျိုးထိ ရောက်လာလိမ့်မယ်။ အဲအချိန်ရောက်ရင် သူက တစ်ယောက်ပြီးတစ်ယောက်ကို အနိုင်ယူပြလိမ့်မယ်’
သို့ပေမည့် အရူးကြီးသည် ငယ်ရွယ်သည့် လူတစ်ယောက် မဟုတ်တော့ချေ။ ထို့ကြောင့် မိန်းမတစ်ယောက်ကို ရှာဖွေပေးရပေလိမ့်မည်။ အရူးကြီးသည် အံ့အားသင့်စရာကောင်း၏။ အနာဂတ်တွင် တစ်လောကလုံး၏ အားအကောင်းဆုံး လူတစ်ယောက်ဖြစ်ရန် ရည်မှန်းထားခဲ့၏။ ထို့ကြောင့် သူသည် အရူးကြီးအတွက် ကြုံရာ မိန်းမတစ်ယောက်ကို ရှာဖွေပေးခြင်းမျိုး မလုပ်ချင်ပေ။ သင့်တော်သည့် မိန်းကလေးတစ်ယောက်ကို ရှာဖွေပေးရမည်။
မဟာပညာရှင်ခြောက်ယောက်တို့၏ တပည့်များထဲမှ တစ်ယောက်ကို မိန်းမအဖြစ် ရှာဖွေမှသာ သင့်တော်ပေလိမ့်မည်။
‘နှင်းတောင်နတ်ဆိုးလား။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ သူက မဟာပညာရှင် မဟုတ်ဘူး။ သူ့ရဲ့အဆင့်အတန်းက လိုက်ဖက်မညီဘူး။ ပြီးတော့ သူ့ရဲ့တပည့်ကလည်း ရုပ်ဆိုးလွန်းတယ်’
ဟွမ်ဖန် ‘ကျွန်မ ရှင်တို့အားလုံးကို သတ်ပစ်မယ်’
ဓားဘုရင် လီချင်းချိုး၌ တပည့်တစ်ယောက်တည်းသာလျှင်ရှိ၏။ ထိုတပည့်ကလည်း ယောက်ျားဖြစ်၏။ ထိုသို့ဆိုလျှင် ရန်နန်းဖေးလား။ ရန်နန်းဖေး၌ သမီးတစ်ယောက်နှင့် အမျိုးသမီးတပည့် တစ်ယောက်ရှိ၏။ သို့ပေမည့် ဤလူသည် ကြမ်းတမ်းပြီး ရက်စက်ကာ ရည်မှန်းချက် ကြီးမားလွန်း၏။ ဘုရင်မင်းမြတ်အတွက်ပင် အလုပ်လုပ်ပေးလျက် ရှိနေလေ၏။ ထို့ကြောင့် ထိုသူ့ကို ခမည်းခမက်တော်၍ မဖြစ်နိုင်ချေ။
အနားပတ်ဝန်းကျင်ကို လှည့်ပတ် စဉ်းစားချိန်မှာတော့ သိုင်းပညာရှင်ရွှယ်ရင် တစ်ယောက်တည်းသာလျှင် အမျိုးသမီးတပည့် ရှိတော့၏။ ထိုတပည့်သည် အရူးကြီးနှင့် အသက်တူညီလုနီးပါးရှိ၏။ အများဆုံး ငါးနှစ်ခန့်သာလျှင် အသက်ကြီးသည်။
ထို့ကြောင့် ကျုံးချူးကဲ့သည် နှင်းတောင်ဆီသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်၏။ တော်ဝင်နှင်းတောင်သည် အလွန်ကြီးမား၏။ ရွှဲ့ပြည်နယ်၏ အစိတ်အပိုင်းများထဲမှတစ်ခုဖြစ်ပြီး ချူပြည်နယ်၏ အစိတ်အပိုင်း ထဲမှာလည်း ပါဝင်၏။ ထို့အပြင် ချင်ပြည်နယ်၏ အစိတ်အပိုင်းထဲတွင်လည်း ပါဝင်လျက်ရှိနေ၏။ သူသည် နှင်းတောင်နတ်ဆိုးနှင့် သွားရောက်ကာယှဉ်ပြိုင်ခဲ့၏။ တစ်ချိန်တည်းမှာပဲ အရူးကြီးအတွက် မိန်းမ တစ်ယောက်ကို ရှာဖွေပေးရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်၏။
ထိုအချိန်မှာတော့ ကျင်းမူကုန်းသည် အားပျော့သလို ပြောလိုက်သည်။ “ရှောင်ပင်း... ငါပြန်လာပြီ။ အရူးကြီး.. ကျုပ် ခင်ဗျားကို တွေ့ရတာ ဝမ်းသာတယ်”
သူသည် ထောင်ထဲမှ ထွက်လာခြင်းဖြစ်၏။ အဘယ်ကြောင့် သူ့ကို တခြားသူများက ဂရုမစိုက်ရသနည်း။