← Chapters

အပိုင်း (၂၉၁)

Vol. 21 Ch. 291

အပိုင်း (၂၉၁)

Vol. 21 Ch. 291

အကြီးဆုံး မင်းသမီးနင်ကျဲ့သည် ငြင်သာစွာပြောလိုက်၏။ “အရူးကြီး.. မင်းဒီကိုလာပြီး ဘာတွေလုပ်ရမယ်လို့ မင်းရဲ့ဆရာက ပြောခဲ့သေးလဲ”

အရူးကြီးက ပြောလိုက်သည်။ “ဆရာက ပြောတာတော့ နင်ကျဲ့ကိုရှာတဲ့။ ပြီးတော့ သူ့တပည့်နဲ့ တိုက်ခိုက်တဲ့”

မင်းသမီးနင်ယန်က ပြောလိုက်၏။ “ဆရာ ကြားတယ်မဟုတ်လား။ သူ ကျွန်မနဲ့ တိုက်ခိုက်ချင်နေတာ”

အကြီးဆုံးမင်းသမီး နင်ကျဲ့၏အသံသည် တည်ငြိမ်အေးစက်သွားခဲ့သည်။ “ငါ့ကိုဆရာလို့ မခေါ်နဲ့”

“အဒေါ်” နင်ယန်သည် အကူအညီမဲ့သလို ခံစားနေမိ၏။

နင်ကျဲ့၏အသံသည် ရုတ်တရက် နူးညံ့သွားသည်။ “အရူးကြီး... ဒါနဲ့ မင်းဆရာဆီမှာ သိုင်းပညာ လေ့ကျင့်ခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ”

“နှစ်ဝက်လောက်ရှိပါပြီ” အရူးကြီးက ပြောလိုက်၏။

နင်ကျဲ့က ထပ်မံကာ မေးမြန်းလိုက်၏။ “ဒါဆိုရင် ဘာတွေသင်ခဲ့ရသေးလဲ”

အရူးကြီးက ပြောလိုက်၏။ “ဘာမှမသင်ခဲ့ရပါဘူး”

နင်ကျဲ့က ပြောလိုက်၏။ “ဒါဆိုရင် ဓားကွက်ကော၊ အတွင်းအားနည်းစနစ်တွေကော ဘာမှမသိဘူးပေါ့”

အရူးကြီးသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဘာတစ်ခုမှမသိပါဘူး”

နင်ကျဲ့က ပြောလိုက်သည်။ “ဒါဆိုရင် နင်ယန်နဲ့ စမ်းသပ်တိုက်ခိုက်လို့ရတယ်”

ပြီးနောက် သူမသည် မင်းသမီးနင်ယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “သူ့ကို မနာကျင်စေနဲ့။ ဟုတ်ပြီလား”

“သိပါပြီ”

မင်းသမီးနင်ယန်သည် စိတ်အားတက်ကြွသွားခဲ့မိ၏။ ‘ဟား ဟား ဟား ဟား... ငါ နင်ယန်က သိုင်းကွက်ရော၊ ပါရမီရောရှိတယ်။ ပြီးတော့ အတွင်းအားကိုလည်း ကောင်းကောင်းနားလည်နေပြီ။ သိုင်းပညာကို လေ့ကျင့်ခဲ့တာ ၁၈ နှစ်တိတိ ရှိပြီ။ မင်းအရူးကြီးကတော့ လူညံ့လူဖျင်းတစ်ယောက်ပဲ။ သိုင်းပညာကို လေ့ကျင့်တာလည်း နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ ဘာသိုင်းပညာကိုမှလည်း မသိဘူး။ ဒါနဲ့ တိုက်ခိုက်ချင်နေသေးတယ် ဟုတ်လား။ ဟာသပဲ။ လာခဲ့ လာခဲ့။ ငါ မင်းကို လက်တစ်ဖက်ထဲနဲ့တိုက်မယ်’

မင်းသမီးနင်ယန်သည် ရုတ်တရက် သူမ၏ဓားကို ဆွဲထုတ်ကာဖြင့် အရူးကြီးဆီသို့ ချိန်ရွယ်လိုက်သည်။

အရူးကြီးသည် သူ၏နောက်ကျောဘက်တွင်ရှိနေသည့် ကြီးမားလွန်းသောတုတ်ကြီးကို အသာချ၏။

သူသည် ရှမ့်လန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် အဆင်မပြေသလို ပြောလိုက်သည်။ “အရူးလေး.. ငါ ဘယ်လို တိုက်ခိုက်ရမှာလဲ။ ဆရာက ငါ့ကို ဘာမှလည်း မသင်ပေးထားဘူး”

ရှမ့်လန်က ပြောလိုက်၏။ “တိုက်ချင်သလို တိုက်ပေါ့။ ဘာပဲပြောပြော မင်းတစ်စက္ကန့်အတွင်း ရှုံးမှာပဲဟာကို”

“ကောင်းပြီ.. လိုရင်းကိုပြောမယ်။ ရော့၊ ဒါကိုယူလိုက်တော့” မင်းသမီးနင်ယန်သည် တင်းမာခက်ထန်စွာ အော်လိုက်၏။ ပြီးနောက် သူမသည် ရုတ်တရက်ဆိုသလိုပဲ အနီရောင်အလင်းတန်း တစ်ခုကဲ့သို့ အသွင်ပြောင်းကာ အရူးကြီးဆီသို့ ပြေးဝင်သွားခဲ့၏။ သူမ၏ခန္ဓာကိုယ်သည် ကြမ်းတမ်းရိုင်းစိုင်းလွန်း၏။ ကျားတစ်ကောင် လှောင်အိမ်ထဲမှ ထွက်ခွာလာသကဲ့သို့ပင်။

သူမ၏ဆရာသည် သက်ညှာမှု ပြသရမည်ဟု ပြောဆိုခဲ့၏။ သို့ပေမည့် သူမသည် ဟိတ်ဟန်ထုတ်ကြွားဝါချင် သေး၏။ ထို့ကြောင့် အင်ပြည့်အားပြည့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းပင်။ ဆွစ်... သူမသည် အားကုန်သုံးကာဖြင့် အရူးကြီးဆီသို့ ပြေးဝင်သွားခဲ့သည်။

“အား”

အရူးကြီးသည် ကြောင်သွားခဲ့၏။ အလျင်အမြန်ဆိုသလိုပဲ သူ၏တုတ်ကြီးကို ဆွဲမြှောက်ကာ ကာကွယ်လိုက်၏။

“ဘန်း”

ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ မီးပွင့်မီးလျှံများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ မင်းသမီးနင်ယန်၏ သွယ်လျလှပသည့် ခန္ဓာကိုယ်သည် အပြင်ဘက်ဆီသို့ ပြန်လည်ကာ လွင့်စင်သွားခဲ့လေ၏။

….

နင်ယန်သည် ဆယ်မီတာကျော်အထိ လွင့်စင်သွားခဲ့၏။ ကျားမင်းသမီးသည် မြေပေါ်သို့ဘုတ်ခနဲ ပြုတ်ကျ၏။ ပြီးနောက် ခြေလှမ်းအနည်းငယ်ပင် နောက်သို့ ဆုတ်ခွာသွားခဲ့ရ၏။ သူမသည် အလုံးစုံ ဆွံအသွားခဲ့သည်။

ရှမ့်လန်နှင့် အကြီးဆုံးမင်းသမီးကြီး နင်ကျဲ့တို့သည်လည်း ကြောင်အသွားခဲ့၏။

အရူးကြီးသည်လည်း ကြောင်အသွားခဲ့၏။ ဘာတွေဖြစ်သွားသနည်း။ မင်းသမီးနင်ယန်သည် ရှုံးနိမ့်သွားခဲ့သည်။

သူမသည် ဒေါသတကြီးဖြစ်သွားခဲ့၏။ ဓားကု အသာ ဆွဲမြှောက်ပြီးနောက် အရူးကြီးဆီသို့ ထပ်မံတိုးဝင်ကာ တိုက်ခိုက်ရန် ပြင်လိုက်၏။ “ကျွန်မ သေတဲ့အထိ တိုက်ခိုက်တော့မယ်”

ပြီးနောက် သူမသည် ဓားနှင့်ထပ်မံကာ ခုတ်ပိုင်းလိုက်သည်။

ဘန်း...

ပြီးနောက် ထပ်မံကာ လွင့်စင်သွားခဲ့၏။ သူမသည် ထပ်မံကာ ခုတ်ပိုင်း၏၊ ပြီးနောက် ထပ်မံကာ လွင့်စင်၏။ မြေပေါ်သို့ ပြုတ်ကျပြီးနောက် သူမသည် ငိုချင်စိတ်ပင် ပေါက်သွားမိ၏။ သူမ၏လက်များသည် အလွန်အမင်း နာကျင်လျက်ရှိနေ၏။ လက်ကို အားကုန်ခါယမ်းလိုက်မိ၏။ လက်ညှိုးနှင့် လက်မကြားရှိ အရေပြားသည် ကွဲထွက်သွားခဲ့ပြီး သွေးများပင် စို့နေခဲ့၏။

“ဆရာ... ကြည့်... ဘာတွေ သင်ပေးထားတာလဲဆိုတာ။ ကျွန်မ ဆယ်နှစ်ကျော် လေ့ကျင့်ခဲ့ပြီ။ ဒါပေမဲ့ သူ့ကိုတောင် နိုင်အောင်မတိုက်နိုင်ဘူး”

မင်းသမီးနင်ယန်က ပြောလိုက်၏။ “အရူးကြီး... မင်း ကျားသားစားဖို့ ဝက်ယောင်ဆောင်ထားတာလား”

အရူးကြီးသည် အံ့အားတသင့် ပြောလိုက်သည်။ “ကျားသားစားဖို့ ဝက်ယောင်ဆောင်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”

အကြီးဆုံးမင်းသမီး နင်ကျဲ့က အသာပင် ပြောဆိုလိုက်၏။ “အရူးကြီး... မင်း လွန်ခဲ့တဲ့ ခြောက်လလုံးလုံး ဘာလုပ်ခဲ့လဲ”

အရူးကြီးက ပြောလိုက်သည်။ “အရိုက်ခံတယ်။ ပြီးတော့ ရေစိမ်ရတယ်”

အကြီးဆုံးမင်းသမီးနင်ကျဲ့က မေးလိုက်၏။ “နေ့စဉ်နေ့တိုင်း အရိုက်ခံရတာလား”

အရူးကြီးက ပြောလိုက်သည်။ “အင်း... မနက်နေထွက်တဲ့အချိန်ကနေပြီး မိုးချုပ်တဲ့အထိပဲ။ တစ်နေကုန် ရေစိမ်လိုက်၊ အရိုက်ခံလိုက် လုပ်နေရတာပဲ”

အကြီးဆုံးမင်းသမီးနင်ကျဲ့က ပြောလိုက်၏။ “မင်းကို ဘယ်သူ ရိုက်တာလဲ”

“ဆရာပေါ့”

မင်းသမီးနင်ကျဲ့က ဆက်လက်ကာ မေးမြန်းလိုက်သည်။ “ဒါဆိုရင် ဘာကြောင့် ရိုက်တာလဲ”

အရူးကြီးက ပြောလိုက်၏။ “ကျုပ်က အရမ်းကို ညံ့ဖျင်းတယ်လို့ ပြောတယ်”

မင်းသမီးနင်ကျဲ့က မေးမြန်းလိုက်သည်။ “ဒါဆိုရင်... ဘယ်အချိန်မှာ မင်းကို မရိုက်တော့ဘူးလို့ ပြောသေးလဲ”

အရူးကြီးက ပြောလိုက်၏။ “အင်း... သူရိုက်တာကို ကာကွယ်နိုင်တဲ့အချိန်ကျရင် မရိုက်တော့ဘူးလို့ ပြောတယ်”

မင်းသမီးနင်ကျဲ့က မေးလိုက်သည်။ “ဒါဆိုလို့ရှိရင် နေ့စဉ်နေ့တိုင်း ရေချိုးပြီးတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ”

အရူးကြီးက ပြောလိုက်၏။ “နာတယ်လေ။ ဆရာက ကျုပ်ကို အကြီးဆုံးအိုးကြီးထဲကို ထည့်ပြီးတော့ ချက်တာပဲ။ ချက်နေတုန်းမှာ ဆရာက အော်ဟစ်ငိုယိုနေသေးတယ်။ ဆယ်နှစ်လောက် စုဆောင်းထားခဲ့တဲ့ အရာအားလုံး ကုန်ပြီ၊ ကုန်ပြီလို့လည်း ပြောသေးတယ်”

အမှန်တရားက ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ ယခင်က ပြောဆိုခဲ့သည့် အကြောင်းအရာများကို သူပြန်လည် ရုတ်သိမ်းမိပြီဖြစ်၏။ ကျုံးချူးကဲ့သည် ကျိန်းသေပေါက် မဟာပညာရှင်တစ်ယောက် ဖြစ်ပြီး ပိုက်ဆံနှင့်ဝယ်ယူ၍ ရနိုင်သည့် ဆရာမျိုး မဟုတ်ချေ။ တကယ့်ကို အံ့ချီးလောက်စရာပင်။

သိုင်းပညာလေ့ကျင့်ရာ၌ ဓားသိုင်းကို လေ့ကျင့်ခြင်း သို့မဟုတ် အတွင်းအားနည်းစနစ်ကို လေ့ကျင့်ခြင်း .. ထိုအရာများကို သင်ကြားပေးလိမ့်မည်ဟု လူအများစုက ထင်မှတ်မိပေလိမ့်မည်။ ဤသည်မှာလည်း အမှန်ပင် ဖြစ်၏။ သို့ပေမည့် ထိုအရာသည် သာမန်လူများအတွက်သာ ဖြစ်၏။ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ပါရမီရှင်များ ပင်လျှင် ထိုနည်းလမ်းအတိုင်း လေ့ကျင့်ရ၏။

သို့ပေမည့် တစ်ရာခိုင်နှုန်းသော ပါရမီရှင်များမှာတော့ ထိုသို့ ကျင့်ကြံ၍ မရချေ။

ချောင်ယောင်းအာကို ကြည့်ရှုသင့်၏။ သူမသည် မည်သည့်သိုင်းကွက်ကိုမှ လေ့ကျင့်ခဲ့ခြင်း မရှိချေ။ ထိုတင်သာ မကသေးချေ။ သူမသည် တစ်ချက်တည်းသာ တိုက်ခိုက်၏။ တစ်ချက်တိုက်ခိုက်သည်နှင့် ပြိုင်ဘက်များက ရှုံးနိမ့်သွားခဲ့၏။ သူမ၏ ကြီးမားသော ဓားကြီးနှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရန်သူများစွာ သေဆုံးသွားခဲ့သည်။

ထို့ကြောင့် အရူးကြီး သိုင်းပညာလေ့ကျင့်ချိန်တွင် မည်သည့်သိုင်းကွက်မှ မလိုအပ်ခြင်းပင် ဖြစ်၏။ အချက်အလက်အားဖြင့်ဆိုလျှင် သိုင်းကွက်များသည် လေ့ကျင့်သူကို ပြန်လည်ချုပ်နှောင်သည့်အခြေအနေမျိုး ဖြစ်လာနိုင်၏။ ကျုံးချူးကဲ့သည် အရူးကြီးအား နေ့စဉ်နေ့တိုင်းဆိုသလို တုံ့ပြန်မှု ကောင်းမွန်ရန်သာ လေ့ကျင့် ပေးခဲ့၏။ တုံ့ပြန်မှုနှင့် အမြန်နှုန်းသည် သိုင်းကွက်လေ့ကျင့်ရခြင်းထက် ပိုမိုကာ အရေးကြီးမား၏။

ထို့အပြင် အရူးကြီးကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးဖြင့် လျှို့ဝှက်သိုင်းကွက်များကို အဘယ်သို့ မှတ်သားမည်နည်း။ ခုသင် ၊ ခုမေ့ သာဖြစ်ပေလိမ့်မည်။

ချောင်ယောင်းအာသည် တကယ့်ကို ဉာဏ်ကောင်းလွန်း၏။ သို့ပေမည့် သူမသည် ဦးနှောက်ကို အသုံးပြုရန် မလိုသည့် ပါရမီရှင်တစ်ယောက်လည်း ဖြစ်၏။

အရူးကြီးသည် ဉာဏ်ရည်နိမ့်ပါးသည်။ ဆရာကြီး ကျုံးချူးကဲ့သည် နေ့စဉ်နေ့တိုင်းဆိုသလို သူ့ကို ရိုက်နှက်ခဲ့၏။ တစ်နေ့တွင် အကြိမ်တစ်သောင်း နီးပါးခန့်ပင် ရိုက်နှက်၏။ သုံးရာခြောက်ဆယ်ဒီဂရီ ကြုံသည့်နေရာမှ ဝင်ရောက်ကာ ရိုက်နှက်သည်။

အရူးကြီး ဘာလုပ်ရမည်နည်း။ မည်သို့ ရှောင်ရှားရမည်ကို သူ မသိရှိချေ။ ကျားတစ်ကောင် သူ့ဆီသို့ ခုန်ဝင်လာခဲ့သည်ကိုပင် ရှောင်ရှားရန် စိတ်ဆန္ဒရှိခဲ့သူ မဟုတ်ချေ။ ထို့ကြောင့် ကျိန်းသေပေါက် ခုခံခြင်းကိုသာ ပြုလုပ်၏။

နှစ်ဝက်ခန့် ကြာမြင့်ပြီးနောက် ကျုံးချူးကဲ့သည် အကြိမ်နှစ်သန်းနီးပါးခန့် တိုက်ခိုက်ခဲ့ပြီးဖြစ်၏။ အရူးကြီးကလည်း အကြိမ်နှစ်သန်းနီးပါးခန့် ကာကွယ်ခဲ့ပြီးသား ဖြစ်၏။ ဟုတ်ပေ၏။ သူသည် တကယ်တမ်း မကာကွယ်နိုင်ခဲ့ချေ။ ထို့အပြင် ကျုံးချူးကဲ့က မဟာပညာရှင်တစ်ယောက်ဖြစ်၏။ အရူးကြီးကဲ့သို့သော လူတစ်ယောက်အနေနှင့် အဘယ်သို့ ကာကွယ်နိုင်မည်နည်း။

သို့ပေမည့် ကျုံးချူးကဲ့ကို မကာကွယ်နိုင်ဘူး ဆိုလျှင်တောင်မှ မင်းသမီးနင်ယန်ကိုတော့ အဘယ်သို့ မကာကွယ်နိုင်ဘဲ နေမည်နည်း။ ထို့ကြောင့် နှစ်ဝက်ခန့် ကြာမြင့်ပြီးနောက် အရူးကြီးသည် တစ်ကွက်တည်းသော အရာကိုသာ တတ်မြောက်ခဲ့သည်။

ထိုအရာက ကာကွယ်မည်။ အရာအားလုံးကို ကာကွယ်မည်ဆိုသည့် အကြောင်းအရာပင် ဖြစ်၏။

ထို့ပြင် သူသည် နတ်ဘုရားစွမ်းအင်များဖြင့် မွေးဖွားလာခဲ့သူတစ်ယောက် ဖြစ်၏။ မည်သည့်အရာက ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအရာ ဖြစ်သနည်း။ သူ၏ သွေးမျိုးဆက်က ရွှေရောင် သွေးမျိုးဆက် ဖြစ်နေခြင်းပင်။ လေ့ကျင့်စရာ မလိုချေ။ အိပ်နေရုံနှင့်ပင် သူ၏အားအင်အဆင့်က တိုးပွားနိုင်၏။ ဒဏ်ရာရရှိထားသည်ဆိုလျှင်တောင် အလိုလို ပြန်လည်ကာ ကောင်းမွန်၏။ ထို့ကြောင့် အရူးကြီးသည် ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိထားသည် ဆိုလျှင်တောင်မှ တခြားသောသူများ သေဆုံးသွားမည့်အခြေအနေမျိုးတွင် မသေဆုံးနိုင်ချေ။

ရှမ့်လန်သည် အရူးကြီးကို ကယ်တင်ခဲ့ပြီး အချိန်မကြာခင်မှာပဲ အရူးကြီးသည် ပြန်လည် ကောင်းမွန်လာခဲ့၏။ ဒဏ်ရာတစ်ချက်တစ်လေပင် မကျန်ခဲ့ချေ။ ထို့ကြောင့် အရူးကြီး၏ အားအင်အဆင့်နှင့် အတွင်းအားသည် သဘာဝအားဖြင့် အလွန်အားကောင်းနှင့်ပြီးသား ဖြစ်၏။ ထို့ကြောင့် လေ့ကျင့်ရန် မလိုအပ်ချေ။ အိပ်နေရင်းနှင့်ပင် အားကောင်းလာနိုင်သည်။

တခြားသောသူများသည် အလွန်ကြိုးစားမှသာ အားကောင်းလာသူတစ်ယောက် ဖြစ်လာနိုင်သည်။ အရူးကြီးမှာတော့ အိပ်နေရင်းနှင့်ပင် အားကောင်းနိုင်၏။ သောက်ကျိုးနည်း.. ဘယ်လိုကိစ္စမျိုးလဲ။

အစစ်အမှန်ချီ သို့မဟုတ် အတွင်းအားများကို လေ့ကျင့်ခြင်းအားဖြင့် ဘာတွေရလာမည်နည်း။

လေဝင်လေထွက်ကို ရှူထုတ်လိုက်ရုံနှင့် ကောင်းကင်နှင့်မြေပြင်တွင် ရှိနေသည့် စွမ်းအင်များကို စုပ်ယူပြီး ဒျန်တန်ထဲသို့ ပို့ဆောင်ရမည်။ သွေးလည်ပတ်မှုကို ထိန်းချုပ်ရမည်။ သာမန်လူများသည် ထိုအရာကို မဖြစ်မနေ ပြုလုပ်ရန် လိုအပ်၏။ ထိုမှသာလျှင် ခက်ခက်ခဲခဲ အသက်ရှူသွင်း၊ ရှူထုတ်မှုဖြင့် အကျိုးသက်ရောက်အောင် ပြုလုပ်ပြီး အတွင်းအား တိုးပွားအောင် ကြိုးစားရ၏။

သို့ပေမည့် အရူးကြီးကဲ့သို့ ရွှေရောင်သွေးမျိုးဆက်ကို ပိုင်ဆိုင်သည့်လူများမှာတော့ ထိုကဲ့သို့သော အရာများကို ပြုလုပ်စရာ မလိုအပ်ချေ။

ကောင်းကင်နှင့်မြေပြင်တွင် ရှိနေသည့် စွမ်းအင်အဆီအနှစ်အားလုံးတို့သည် သူ၏ မွှေးညှင်းပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၏။ သူ ထိုအရာကို သုံးသုံး၊ မသုံးသုံး အထဲသို့ ဝင်နေပေလိမ့်မည်။

ကျုံးချူးကဲ့သည် နေ့စဉ်နေ့တိုင်းဆိုသလို အရူးကြီးအား ဆေးများစိမ်ခိုင်းခဲ့၏။ ထိုကဲ့သို့ ဆေးများ စိမ်ခိုင်းရာ၌ ကျုံးချူးကဲ့သည် နှစ်ပေါင်းနှစ်ဆယ်ကြာ သိမ်းဆည်းထားခဲ့သည့် ဆေးပင်များကို ထုတ်သုံးခဲ့သည်။ ထို့ကြောင့်ပင်လျှင် ဆင်းရဲမွဲတေသွားခဲ့ပြီဟူ၍ အစဉ်အမြဲ ရေရွတ်နေခြင်းဖြစ်၏။

ချောင်ယောင်းအာကို ကြည့်ရှုရန်သင့်၏။ ချောင်ယောင်းအာသည် သိုင်းပညာကို မလေ့ကျင့်ချေ။ အတွင်းအားကျင့်ခြင်းကိုလည်း မပြုလုပ်ချေ။ သူမသည် လူများကို သတ်ဖြတ်ခြင်း သို့မဟုတ် နေ့စဉ် နေ့တိုင်း ဆိုသလို ပုံပြင်များကို နားထောင်ခြင်းကိုသာ ပြုလုပ်သည်။

ထို့ကြောင့် အရူးကြီးသည် နှစ်ဝက်အတွင်း သိုင်းပညာ လေ့ကျင့်ပြီးနောက် အဘယ်သို့ မတိုးတက်ဘဲနေမည်နည်း။ ကျုံးချူးကဲ့သည် နှစ်ပေါင်းနှစ်ဆယ်ကြာ သိမ်းဆည်းထားခဲ့သည့် ဆေးမြစ်များကို အသုံးပြုပြီး အရူးကြီး၏အတွင်းစွမ်းအင်များကို တိုးတက်အောင် ပြုလုပ်ပေးခဲ့၏။

သို့ပေမည့် အရူးကြီး ကာကွယ်ရန်တစ်ခုတည်းကိုသာ တတ်ကျွမ်းခဲ့၏။ တိုက်ခိုက်ရန် မဟုတ်ချေ။ တစ်နှစ် သို့မဟုတ် နှစ်နှစ်နီးပါးခန့်တွင် ကျုံးချူးကဲ့သည် မည်ကဲ့သို့ တိုက်ခိုက်ရမည်ဆိုသည်ကို သင်ကြားပေး ပေလိမ့်မည်။ သို့ပေမည့် ထိုအရာက အလွန်ခက်ခဲမှာ သေချာသည်။

အဘယ့်ကြောင့်ဆိုသော် အရူးကြီးသည် ခေါင်းမာလွန်းသည့် လူကြောက်တစ်ယောက် ဖြစ်၏။ တခြားသောသူများကို ဘယ်သောအခါကမှ သွားရောက်ရိုက်နှက်ရန် စိတ်ကူးမရှိချေ။ တစ်စုံတစ်ယောက် သူ့ကို တိုက်ခိုက်လာချိန်မျိုးတွင် ခေါင်းကိုလက်ဖြင့်ဝှက်ကာ ကာဖြင့် ခုခံခြင်းကိုသာ ပြုလုပ်တတ်၏။

‘မင်းဆီမှာ တင်းပုတ်ကြီးရှိလား။ ငါ့ဆီမှာ မာကျောတဲ့ခေါင်းရှိတယ်။ ရိုက်စမ်း’

တွေးကြည့်ပြီးနောက် မဟာပညာရှင် ကျုံးချူးကဲ့အတွက် လွယ်ကူသည့်အရာမျိုး မဟုတ်ကြောင်း နားလည်လိုက်မိ၏။ အရူးကြီးကဲ့သို့ လူတစ်ယောက်ကို သင်ကြားပြသရခြင်းမှာ လောက၏ နံပါတ်တစ် အခက်ခဲဆုံး တာဝန်တစ်ခုကို ထမ်းဆောင်ရခြင်းနှင့် ဆင်တူ၏။ အနည်းဆုံး တိုက်ကွက်ဘာညာကို မဆိုနှင့်၊ တခြားသောသူတစ်ယောက်ယောက်ကို မည်ကဲ့သို့ ရိုက်နှက်ရမည်ဆိုသည်ကို သင်ကြားပြသနိုင်လျှင်ပင် ကြီးမားသည့် အောင်ပွဲကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

............

အကြီးဆုံးမင်းသမီး နင်ကျဲ့သည် အရူးကြီး အဘယ့်ကြောင့် အားကောင်းနေကြောင်းကို နင်ယန့်အား ရှင်းပြခဲ့သည်။

ကျားမင်းသမီးက ပြောလိုက်၏။ “ဒါဆိုရင် အဒေါ်ဆိုလိုတာ သူက အရမ်းကို အားကောင်းနေတာပေါ့။ ကျွန်မက အားနည်းတာမဟုတ်ဘူး။ သူက သာမန်မဟုတ်လို့ပေါ့”

ဆိုလိုရင်းမှာ ဤအရာပင် ဖြစ်သည်။

ကျားမင်းသမီးနင်ယန်က ပြောလိုက်၏။ “ဒါပေမဲ့ သူတို့လို လူမျိုးတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် တခြားသူတွေက သိုင်းပညာ လေ့ကျင့်နေလို့ ဘာထူးတော့မှာလဲ”

အကြီးဆုံးမင်းသမီးနင်ကျဲ့က ပြောလိုက်သည်။ “ဟုတ်တယ်။ ဘာမှ ထူးမလာနိုင်ဘူး”

ကျားမက ပြောလိုက်၏။ “မဟုတ်သေးဘူး။ တစ်ခုတော့ ရှိသေးတယ်။ ဒီလိုလူမျိုးတွေသာ များလာမယ် ဆိုရင် ပြဿနာပဲ။ ပြီးတော့ ဒီလိုလူမျိုးတွေကို မတွေ့ချင်ဘူး။ အရူးကြီး... မင်း ငါ့နားက ခပ်ဝေးဝေးကို သွားစမ်း။ ငါ မင်းကို မမြင်ချင်ဘူး”

“အင်း...” အရူးကြီးသည် တိုင်တစ်တိုင်၏ နောက်ကွယ်တွင် သွားရောက်ကာ ပုန်းအောင်းလျက်ရှိနေသည်။

“..........”

ရှမ့်လန်က ဆွံ့အသွားမိ၏။ ဤကဲ့သို့ ငကြောက်တစ်ယောက်၏ အသွင်အပြင် အမူအရာမျိုးဖြင့် လောက၏ နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်လာလျှင်ရော ဘာထူးမည်နည်း။

နင်ကျဲ့က ပြောလိုက်လေ၏။ “အင်း... မင်း အရူးကြီးကို အနိုင်ကျင့်လို့ မဖြစ်ဘူး”

ြီးနောက် သူမသည် အရူးကြီးကို လက်ယက်ကာဖြင့် ခေါ်လိုက်သည်။ “ဒီကိုလာခဲ့”

အရူးကြီးက အသာလျှောက်သွားလိုက်၏။ နင်ကျဲ့သည် သူမ၏လည်ပင်း၌ ဆွဲထားသည့် ကျောက်စိမ်းဆွဲကြိုးကို ချွတ်လိုက်၏။ ထိုဆွဲကြိုးသည် တန်ဖိုးကြီးမားလွန်းသည့် ကျောက်စိမ်းတစ်ခု ဖြစ်ပြီး ထွက်ပေါ်နေသော အလင်းရောင်များက တောက်ပလွန်း၏။ တန်ဖိုးလည်း အလွန်ကြီးမား၏။

သူမသည် အရူးကြီး၏ လက်ကောက်ဝတ်ပေါ်တွင် ထိုအရာကိုတင်ကာဖြင့် ချည်နှောင်ပေးလိုက်သည်။

ဤဆွဲကြိုးသည် ကျော်ကြားလွန်းသည့်အရာဖြစ်၏။ မင်းသမီးနင်ကျဲ့ကို ယခင်ဘုရင် ပေးအပ်ခဲ့ခြင်း ဖြစ်၏။ တော်ဝင်မျိုးနွယ်အားလုံးကလည်း ထိုအရာကို သိရှိ၏။ ယခုလက်ရှိ နင်ကျဲ့သည် အရူးကြီးကို ပေးအပ်လိုက်ခြင်းမှာ ဤလူသည် သူမ ကာကွယ်ပေးထားသည့်လူ ဖြစ်ကြောင်း သိရှိစေချင်းသောကြောင့်ပင်။

မင်းသမီးနင်ယန်သည် မနာလိုဝန်တိုပင် ဖြစ်သွားမိ၏။ သူမသည်လည်း ဤလည်ဆွဲကို နှစ်သက်၏။ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့၏။ သို့ပေမည့် သူမ၏အဒေါ်သည် သူမကို ပေးရန် ငြင်းဆိုခဲ့၏။ သို့ပေမည့် သူစိမ်းတစ်ယောက်ကို ပေးအပ်ခဲ့ပြီဖြစ်၏။

သို့ပေမည့် နင်ကျဲ့၏ မျက်လုံးထဲမှာတော့ အရူးကြီးသည် သူစိမ်းတစ်ယောက် မဟုတ်ချေ။ သူသည် ရွဲ့ပြည်နယ်၏ သိုင်းလောကတစ်ခုလုံးကို သိမ်းပိုက်မည့်သူပင်။

“ကောင်းပြီ။ မင်းတို့ သွားလို့ရပြီ” အကြီးဆုံးမင်းသမီးနင်ကျဲ့က လက်ဝှေ့ယမ်းပြလိုက်၏။

ရှမ့်လန်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ သူသည် ပထမဦးဆုံး အပြင်ဘက်သို့ ထွက်ခွာလိုက်၏။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည့် တဲလေးဆီမှ အပြင်ဘက်သို့ ရောက်ရှိချိန်မှာတော့ သူသည် တကယ့်ကို စိတ်အေးသာသာသလို ခံစားလိုက်မိ၏။ မင်းသမီးနင်ကျဲ့နှင့် ခပ်ဝေးဝေးတွင် နေထိုင်ရခြင်းသည် သူ အလွန်နှစ်သက်သည့်အရာ ဖြစ်လာခဲ့သည်။

သူသည် မင်းသမီးနင်ယန်၏ ခါးကို အသာလှမ်းကြည့်လိုက်၏။ ‘အင်း... ဒီထဲကထွက်ရင် ဒီလိုအလှအပကို ပြန်ကြည့်ပေးမှ။ မဟုတ်ရင် မလွယ်ဘူး။ အာသဝေါ ကုန်ခမ်းသွားလို့မဖြစ်ဘူး’

တကယ်တမ်းမှာတော့ သူသည် မင်းသမီးနင်ကျဲ့ကို နှစ်သက်ခြင်း မရှိချေ။ ထို့အတူ မင်းသမီးနင်ကျဲ့ကလည်း သူ့ကို မနှစ်သက်ချေ။ ထို့ကြောင့် အစကမှ အဆုံးအထိ စကားတစ်ခွန်းမှ မပြောခဲ့ခြင်းသာ ဖြစ်၏။ နင်ကျဲ့၏ ခန္ဓာကိုယ် သူတော်စင်တစ်ယောက်၏ အလွန်အားကောင်းသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေသည်။ လူပေါင်းများစွာတို့သည် သူမနှင့် ပြောဆိုဆက်ဆံရန် အလွန်ခက်ခဲ၏။ ထို့အတူ ရှမ့်လန်ကလည်း တကယ့်ကို အားကောင်းလွန်းသည့် မကောင်းဆိုးဝါးအော်ရာမျိုး ထွက်ပေါ်လျက်ရှိနေ၏။ ထို့ကြောင့် လူအများစုသည် သူနှင့် စကားပြောရာတွင် အဆင်မပြေသလို ခံစားရသည်။

.....

တစ်စုံတစ်ယောက်အား ညဘက်အချိန်တွင် ဧည့်ခံနေရ၏။ တော်ဝင်ရင်အင်ပါယာ၏ သံအမတ် .. ချင်ယောင် နယ်စားအိမ်တော်၏သား ယွမ်မင်ကျယ်ပင် ဖြစ်၏။ ယနေ့သူသည် နင်ယန်နှင့် မြင်းပြိုင်ရန် ချိန်းဆိုထားခဲ့၏။ သို့ပေမည့် မနက်အစောကြီးတည်းက စောင့်စားခဲ့သော်လည်း နင်ယန်သည် ညနေချိန်ရောက်သည်အထိ ရောက်ရှိမလာခဲ့ချေ။ မလာဘူးဆိုလျှင်လည်း မလာတော့ကြောင်း အသိပေးသင့်သည် မဟုတ်ပါလား။

သေလောက်အောင် ပျင်းရိခဲ့သည့် ယွမ်မင်ကျယ်သည် မိန်းမလှလေးနှစ်ယောက်နှင့်သာ အချိန်ဖြန်းခဲ့ရသည်။

ညသို့ရောက်သည့်အချိန်မှာတော့ နင်ယန်သည် စားပွဲတစ်ခုနှင့် တောင်းပန်ခဲ့၏။ သို့ပေမည့် စားပွဲကို ယွမ်မင်ကျယ်က ရှင်းရပေမည်။

ကျားမင်းသမီးသည် အမှားအယွင်း ပြုလုပ်ခဲ့၏။ တောင်းပန်ချိန်တွင်လည်း တစ်ဖက်လူက သူမကို ကျွေးမွေးရသေးသည်။ သူမက ဤကဲ့သို့ပင် လုပ်ချင်ရာကို လုပ်တတ်သူဖြစ်သည်။

သို့ပေမည့် ယွမ်မင်ကျယ်က ဂရုမစိုက်ချေ။ သူ အနည်းငယ် ပင်ပန်းနေပြီဖြစ်၏။ ပုံမှန်ဆိုလျှင်သူသည် နေ့လယ်ခင်းအချိန်မျိုး၌ မိန်းကလေးများနှင့် ဆော့ကစားခြင်းမရှိအောင် ထိန်းသိမ်းတတ်သည်။ ယနေ့ နင်ယန်ကြောင့် သူ၏ စည်းကမ်းကို ချိုးဖောက်ခဲ့ရ၏။

“အင်း... ငါမင်းကို မိတ်ဆက်ပေးရအုံးမယ်။ ဒါ ကျွန်မရဲ့ ညီငယ် ရှမ့်လန်ပဲ။ ဒါက ယွမ်မင်ကျယ်တဲ့။ တော်ဝင်ရင်အင်ပါယာရဲ့ အမှိုက်ပေါ့။ ဒါကတော့ အရူးကြီးပဲ”

မင်းသမီးနင်ယန်သည် သာမန်ကာလျှံကာ ဆိုသလို မိတ်ဆက် ပေးလိုက်၏။ ပြီးနောက် အသာထိုင်ချကာ စားသောက်တော့၏။

All Chapters