← Chapters

တကယ်တော့ ရတနာရှာနေတာ

Vol. 72 Ch. 1437

တကယ်တော့ ရတနာရှာနေတာ

Vol. 72 Ch. 1437

လုကျင်းရွှေသည် တုန်လှုပ်နေ၍ သွားများပင် ရိုက်မိနေသည်။

တုန်လှုပ်နေလျက် သွားကြားထဲမှအသံဖြင့် ပြန်ပြောသည်။

" ဟုတ်ပါတယ် ....... ကျွန်တော်ပါ ....... "

" ကျွန်တော်တို့က သတ္တုတွင်းဌာနကပါ။ မန်းတောင်ကျောက်မီးသွေးမိုင်းကို စစ်ဆေးဖို့ အထက်အရာရှိတွေစီက အကြောင်းကြားစာရထားပါတယ်။ မကြာခင်မှာ ကျွန်တော်တို့လူတွေ အဲ့ဒီကိုလာပါမယ်။ စုံစမ်းစစ်ဆေးမှုအတွက် ပူးပေါင်းဆောင်ရွက်ပေးပါ ........ "

လုကျင်းရွှေ ဆက်၍ နားမထောင်နိုင်တော့ပေ။

သူ့တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပျော့ခွေကျသွားပြီး သူ့မျက်လုံးများသည် ရှေ့ကိုသာ ကြောင်ပြီး စိုက်ကြည့်နေသည်။

" ပြီးပြီ၊ ပြီးပြီ ........ "

လန်ရှင်းယွီနှင့် စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည်လည်း ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

သူတို့အားလုံးသည် တူးဖော်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ကြပြီး ဤကျောက်မီးသွေးတွင်း သူဌေးကြီးများ၏ နောက်ခံသည် မည်မျှနက်ရှိုင်းသည်ကို ကောင်းစွာ သိသည်။

သို့သော် ယဲ့ဖန်သည် ဖုန်းခေါ်ဆိုဖြင့် ထိုကဲ့သို့သော ကျောက်မီးသွေးတွင်းကြီးကို ပိတ်ပစ်လိုက်နိုင်သည်။

သူတို့သူဌေးအသစ်ရဲ့ အင်အားက ကြောက်စရာကောင်းနေပုံပဲ။

ကျူးရှောင်ကျောင်းသည်လည်း ထပ်တူထိတ်လန့်သွားသည်။

ယဲ့ဖန်သည် ကျန်းကောပြည်နယ်သို့ ရောက်တာမကြာသေးကြောင်း သူမ သိသည်။

သူ့မှာ ဘာအဆက်အသွယ်မှ ရှိမှာ မဟုတ်ဘူး မဟုတ်လား။

ထို့ကြောင့် သူမသည် ယဲ့ဖန်ကိုကူညီရန် သူမမိသားစု၏ အဆက်အသွယ်များကို အသုံးပြုသင့်သည်လားဟု တွေးနေမိဆဲဖြစ်သည်။

ယဲ့ဖန်မှ ဖုန်းခေါ်ဆိုရုံနှင့် အားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

ထိုသည်က သူမကို စူးစမ်းချင်စိတ် ဖြစ်သွားစေသည်။

သူမ ယဲ့ဖန်အနားကို ဖြည်းညှင်းစွာ လျှောက်လာသည်။

" ခုနက ဘယ်သူ့ကို ခေါ်လိုက်တာလဲ "

ယဲ့ဖန်သည် သူမအား စူးရှသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။

" မပြောဘဲ ထားလိုက်တာတွေက အကောင်းဆုံးဆိုတာတွေရှိတယ်။ မဟုတ်ရင် အဲ့တာက အရမ်းအန္တရာယ်များလိမ့်မယ် "

သို့သော်လည်း မမလေးကျူးသည် သူ့ကို မကြောက်ခဲ့ပေ။

ထိုအစား သူမသည် ရန်လိုလာပုံပေါက်သည်။

" ကျစ်၊ နင် ဘယ်သူ့ကို အထင်သေးနေတာလဲ။ ငါအရင်က မတွေ့ဖူးတာ ဘာရှိလို့လဲ "

" မင်း အရင်က မမြင်ဖူးသေးတဲ့ အရာတွေရှိပါတယ် "

ယဲ့ဖန်သည် အောက်ကိုငုံ့ကြည့်လျက် ဆိုးရွားသည့် အပြုံးတစ်ခုပေါ်လာသည်။

" ယဲ့ဖန်၊ နင် ........ နင် လူရမ်းကား "

ကျူးရှောင်ကျောင်းသည် အချိန်အတော်ကြာ ယဲ့ဖန်နှင့် နေပြီးနောက် အတွေ့အကြုံရှိလာသည်ဟု ယူဆနိုင်သည်။

သူ့မျက်နှာပေါ်မှ အပြုံးကို ကြည့်လိုက်ရုံနှင့် ယဲ့ဖန် ညစ်ပတ်သည့်စကား ပြောနေပြန်ပြီ ဆိုသည်ကို သူမ သိနိုင်သည်။

ယဲ့ဖန် သူမကို အပြစ်ကင်းစွာ ကြည့်သည်။

" ရွှေတွင်းအကြောင်းပြောနေတာ။ မင်းအရင်က မတွေ့ဖူးဘူးလေ။ ဘာတွေတွေးနေတာလဲ "

ကျူးရှောင်ကျောင်းသည် ယဲ့ဖန် ငြင်းနေကြောင်း သိသော်လည်း ထောက်ပြရန် မည်သည့်သက်သေမှ ရှာမတွေ့ခဲ့ပေ။

သူမ အလွန်ဒေါသထွက်ကာ စကားမပြောနိုင် ဖြစ်သွားရသည်။

သတ္တုတွင်းဌာနမှ လူများသည် မန်းတောင်ကျောက်မီးသွေးတွင်းသို့ အလျင်အမြန်ရောက်ရှိလာကြသည်။

စုံစမ်းစစ်ဆေးမှုအပြီးတွင် ကျောက်မီးသွေးတွင်း၌ အမှန်တကယ် လုံခြုံရေးအန္တရာယ်များရှိနေကြောင်း တွေ့ရှိခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောက်မီးသွေးတွင်း၌ လျှို့ဝှက်မတော်တဆမှုပေါင်း ဆယ်ခုမက ရှိနေကြောင်းကိုလည်း သိခဲ့ကြသည်။

နောက်ဆုံး၌ ကျောက်မီးသွေးတွင်းကို ပိတ်ပစ်ရုံသာမက လုကျင်းရွှေအား စုံစမ်းစစ်ဆေးရန် ရဲအရာရှိဝန်ထမ်းများမှ ခေါ်ဆောင်သွားခဲ့သည်။

အကယ်၍ ဤကိစ္စသည် ပြင်းထန်ပါက ထောင်ကျနိုင်သည်။

စူးစမ်းရှာဖွေရေးအဖွဲ့အနေဖြင့် သူတို့သည် ဒုတိယရှာဖွေရေးနေရာ၌ ရှာဖွေရေးလုပ်ငန်းများ ပြီးဆုံးခဲ့ပြီး နောက်ဆုံးရှာဖွေရေးနေရာသို့ မောင်းနှင်သွားခဲ့သည်။

ဤတစ်ကြိမ်၌ လန်ရှင်းယွီသည် ယဲ့ဖန်နှင့်အတူ တစ်ကားထဲ ထိုင်ရန် ရွေးချယ်ခဲ့သည်။

လမ်းတစ်လျှောက် သူမသည် ရံဖန်ရံခါ ယဲ့ဖန်ကို ခိုးကြည့်သည်။

ကားမောင်းလျက် နောက်ကြည့်မှန်မှတဆင့် ယဲ့ဖန် သူမကိုကြည့်ပြီး ပြုံးလိုက်သည်။

" ခေါင်းဆောင်လန်၊ ဘာလို့ ကျွန်တော့်ကို ချောင်းကြည့်နေတာလဲ "

နောက်ထိုင်ခုံတွင် ထိုင်နေသော လန်ရှင်းယွီ၏မျက်နှာ အနည်းငယ် နီရဲသွားသည်။

သူမသည် ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ကျူးရှောင်ကျောင်းကို အမြန်ကြည့်လိုက်သည်။

" မကြည့်ပါဘူး။ ဒီအတိုင်း သိချင်တာပါ "

" ဘာအကြောင်း သိချင်တာလဲ "

ယဲ့ဖန်သည် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ကားပြတင်းပေါက်ပေါ် လက်တစ်ဖက် တင်ကာ အလွန်သက်တောင့်သက်သာရှိနေသည်။

" ယဲ့လူကြီးမင်းလိုလူက ကျွန်မတို့ ရှာဖွေရေးအဖွဲ့နဲ့ ဘာလို့ လာပူးပေါင်းတာလဲ သိချင်တာ "

လန်ရှင်းယွီသည် သူမ၏ သံသယများကို ထုတ်ပြောလိုက်သည်။

" ကျွန်တော့်လိုလူလား။ ကျွန်တော်က ဘယ်လိုလူလဲ "

ယဲ့ဖန်သည် တိုက်ရိုက်မဖြေဘဲ မသက်ဆိုင်သောမေးခွန်းကို မေးသည်။

" ချမ်းသာပြီး အင်အားကြီးတဲ့လူ "

လန်ရှင်းယွီ ရိုးသားစွာဖြေသည်။

" ဒါ ခင်ဗျားမျက်လုံးထဲက ကျွန်တော့်ပုံလား။ တကယ် ဝမ်းနည်းသွားပြီ "

ယဲ့ဖန်သည် သူ့မျက်နှာပေါ်ရှိ စိတ်ပျက်သွားမှုကို ဖုံးကွယ်မထားပေ။

လန်ရှင်းယွီသည် ပို၍ပင် မျက်မှောင်ကြုတ်ကာ ကျူးရှောင်ကျောင်းကို ကြည့်လိုက်သည်။

သူ့ရည်းစားရှေ့မှာ တခြားမိန်းကလေးကို အီစီကလီ လုပ်နေတာလား။

မျှော်လင့်ထားသည့်အတိုင်း ကျူးရှောင်ကျောင်း၏ လှပသော မျက်နှာသည် ယဲ့ဖန်ကို စိုက်ကြည့်လျက် ဒေါသများဖြင့် ပြည့်နှက်နေသည်။

ယဲ့ဖန်သည် သူ့မျက်နှာပေါ်ရှိ အပြုံးကို အမြန်ဖယ်လိုက်ပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။

" တကယ်တော့ ကျွန်တော် ရတနာ ရှာနေတာ "

လန်ရှင်းယွီသည် စကားမပြောနိုင် ဖြစ်သွားသည်။

ယဲ့ဖန်မှ သူမကို စနောက်နေသည်ဟု သူမ ခံစားမိသည်။

ယဲ့ဖန်သည် သူ့ကို မယုံကြောင်း မြင်လိုက်ရပြီး သူ့စကားများကို ပြောင်းလဲပြောခဲ့သည်။

" ကောင်းပြီ၊ တကယ်တော့ ကိုယ် မင်းနဲ့ ရင်းနှီးဖို့ လုပ်ခဲ့တာ "

ဤတစ်ကြိမ်၌ လန်ရှင်းယွီသည် သူ့စကားကို ယုံကြည်ခဲ့သည်။

သူမသည် ချက်ချင်းပင် ရှက်ရွံ့ပြီး ဒေါသထွက်လာသည်။

" ယဲ့လူကြီးမင်း၊ ကျွန်မတို့ကြားမှာ မဖြစ်နိုင်ဘူး "

ဤတစ်ကြိမ်တွင် ယဲ့ဖန် စကားမပြောနိုင်သည့်အလှည့်ဖြစ်သည်။

သူ အမှန်တိုင်းပြောနေချိန် သူမသည် သူ့ကို မယုံခဲ့သော်လည်း လျှောက်ပြောနေချိန် သူမက သူ့ကို တကယ် ယုံကြည်နေခဲ့သည်။

" ဘာလို့ မဖြစ်နိုင်ရမှာလဲ "

ယဲ့ဖန်သည် ပျင်းနေသောကြောင့် သူမကို စနောက်နေချင်သည်။

" ရှင့်မှာ ရည်းစားရှိနေတယ် "

လန်ရှင်းယွီသည် တည်ကြည်သော မျက်နှာထားဖြင့် လေးနက်စွာ ပြန်ဖြေသည်။

" သူမကို ဆိုလိုတာလား "

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းကို ညွှန်ပြသည်။

ကျူးရှောင်ကျောင်း၏ အကြည့်သည် သူ့ကို သတ်နိုင်ပုံပေါ်သော်လည်း ယဲ့ဖန် ဆက်၍ မဆင်မခြင် လုပ်နေလိုက်သည်။

" ကိုယ်က သူနဲ့ကစားနေတာ။ မင်းကိုတော့ အလေးအနက်ထားတယ်။ ဘာလို့ မစဉ်းစားပေးတာလဲ "

" သမီးရည်းစားဆက်ဆံရေးနဲ့ ပတ်သက်လာရင် ဘာလို့ ဒီလိုပေါ့ပျက်ရတာလဲ "

လန်ရှင်းယွီ၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

" ဒါက တာဝန်မဲ့နေတာလား။ မတတ်နိုင်ဘူးလေ၊ ချမ်းသာပြီး တန်ခိုးကြီးတော့ အားလုံးက သဘောကျကြတယ်။ ကိုယ်နဲ့ မခွဲနိုင်ရင်တော့ အတူတူ ကစားကြတာပေါ့ ...... "

" သေလိုက်ပါလား ...... "

ကျူးရှောင်ကျောင်းနှင့် လန်ရှင်းယွီတို့သည် စိတ်မထိန်းနိုင်တော့ဘဲ ယဲ့ဖန်ကို အတူတကွ ရိုက်ပုတ်ကြတော့သည်။

Hummerကားသည် Sပုံသဏ္ဍာန်ဖြင့် မောင်းနှင်နေတော့ခဲ့သည်။

ကံကောင်းစွာဖြင့် ယဲ့ဖန်၏ မောင်းနှင်မှုစွမ်းရည်မှာ ထူးချွန်နေ၍ ကားကို မြောင်းထဲသို့ မမောင်းနှင်ခဲ့ပေ။

မိန်းကလေးနှစ်ယောက်သည် ဒေါသထွက်ပြီးနောက် ပြန်ထိုင်ကြသည်။

ယဲ့ဖန် ဆက်မောင်းနေသည်။

တစ်ချိန်တည်းမှာပင် နောက်ကြည့်မှန်ကို ကြည့်လိုက်ရာ မီတာ ၃၀ခန့်အကွာအဝေး၌ သူတို့အနောက်သို့ လိုက်လာသော ကားတစ်စီးကို တွေ့လိုက်ရသည်။

အမှန်တကယ်၌ ထိုကားသည် ယဲ့ဖန်တို့ ဒုတိယရှာဖွေရေးနေရာမှ ထွက်လာစဉ်ကတည်းက လိုက်လာသည်ကို သတိထားမ်ခဲ့သည်။

မူလက ထိုကားသည် ယဲ့ဖန်အာရုံကို မဆွဲဆောင်ခဲ့ပေ။

သို့သော် လမ်းဆုံလမ်းခွအနည်းငယ် ဖြတ်ကျော်သွားပြီးနောက် ထိုကားသည် အနောက်မှ ဆက်လိုက်လာဆဲဖြစ်သည်။

ထိုသည်က သူ့အာရုံကို ဖမ်းစားသွားသည်။

သို့သော် ယဲ့ဖန် အသံမထွက်သေးဘဲ ရှာဖွေရေးအဖွဲ့နောက်မှ ဆက်လက် မောင်းနေခဲ့သည်။

သွားမည့်နေရာသို့ နီးကပ်လာသည်နှင့်အမျှ ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းများမှာ ရင်းနှီးနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ဒါ ..... သူဝယ်ထားတဲ့မြေကို သွားတဲ့လမ်း မဟုတ်ဘူးလား။

သူတို့ မောင်းလာတာနဲ့အမျှ ရှုခင်းများမှာ ပိုရင်းနှီးလာလေဖြစ်သည်။

စူးစမ်းရေးအဖွဲ့၏ကားသည် ကွင်းပြင်တစ်ခု၌ ရပ်တန့်သွားသောအခါ ယဲ့ဖန် ချက်ချင်းပင် အံ့သြသွားခဲ့သည်။

အကြောင်းမှာ သူတို့ ရပ်ထားသည့်နေရာသည် ယဲ့ဖန် ဝယ်ယူခဲ့သော ဒုန်းဟွမ်အိမ်ခြံမြေမှ မြေကွက်ဖြစ်သည်။

" ဒါ ...… ဒါ မင်းပြောခဲ့တဲ့ တတိယမြောက် စူးစမ်းရှာဖွေရေး နေရာလား"

ယဲ့ဖန်သည် လန်ရှင်းယွီကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

" ဟုတ်တယ်၊ ပြဿနာရှိလို့လား "

လန်ရှင်းယွီ ပြန်မေးသည်။

ယဲ့ဖန် စကားမပြောနိုင်ဖြစ်နေသည်။

သူ ဘယ်လိုဖြေရမည်မှန်း မသိပေ။

လန်ရှင်းယွီမှာတော့ စိတ်မ၀င်စားချေ။

သူမသည် တံခါးကိုဖွင့်ကာဆင်းပြီး စက်ပစ္စည်းကိရိယာများ တပ်ဆင်ရန် အဖွဲ့၀င်များကို စုစည်းအမိန့်ပေးသညထ။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းသည်လည်း ကားပေါ်မှ ဆင်းလာခဲ့သည်။

" ဘယ်လိုလဲ ယဲ့လူကြီးမင်း။ ဖုန်းရွှေလျှို့ဝှက်နည်းနဲ့ ကြည့်လို့ရမလား။ ဒီမှာရော သတ္တုသွေးကြောရှိလား "

လန်ရှင်းယွီ ရယ်မောလျက် မေးသည်။

" ရတာပေါ့ "

ယဲ့ဖန် ပြုံးပြီး ခေါင်းညိတ်သည်။

ထို့နောက် သူသည် ဤနေရာ၏ အလယ်ဗဟိုသို့ လျှောက်သွားကာ ပထမဆုံးအနေဖြင့် "ပညာရှင်ကြီး"အမူအရာ အနည်းငယ် ပြုလုပ်လိုက်ရာ လူတိုင်းကို ရယ်မောစေခဲ့သည်။

ထို့နောက် စကန်ဖတ်ခြင်းစနစ်ကို ဖွင့်ပြီး မြေအောက်ကို စတင်စူးစမ်းခဲ့သည်။

" ဟမ် "

ခဏကြာပြီးနောက် ယဲ့ဖန်၏အမူအရာ ပြောင်းသွားသည်။

All Chapters