အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အခန်း ၂၃၅ - တန်ပြန်အစီအမံတစ်ခုကို ရေးဆွဲခြင်း
"အဲ့လူရဲ့နာမည်က်ိုမင်းတို့သိကြလား..."
ရှောင်ယုက စိတ်ဝင်တစားမေးမြန်းလိုက်သည်။
ထို့ပါဟောင်က ခေါင်းညိတ်ပြလိုက်သည်။
"သူပြောတဲ့အချက်တွေအားလုံးနဲ့ကိုက်ညီတဲ့သူတစ်ယောက်ပဲရှိရမယ်...ဒါပေမဲ့သူက သူ့ရဲ့ရည်ရွယ်ချက်တွေကို ခုချိန်ထိဖုံးကွယ်ထားပြီးတော့ ခုလ်ိုစီစဉ်ထားမယ်လို့ ဘယ်သူကမှမထင်ထားဘူး..."
"မင်းအဲ့လူကိုသိရင် ပြန်ရောက်တဲ့အခါသွားပြီးသတ်လိုက်လေ..."
ရှောင်ယုက အကြံပေးလိုက်သည်။
"သူဘယ်လောက်အစွမ်းထက်သလဲဆိုတာ မင်းသိလို့လား...မုတ်ဆိတ်နီလိုလူတွေကတောင် သူ့လက်အောက်မှာအလုပ်လုပ်ကြရတယ်...သူ့ရဲ့လက်ရှိစွမ်းအားကို စိတ်ကူးယဉ်ကြည့်လိုက်...အင်ပါယာရဲ့မှူးမတ်အများစုက ခုချိန်မှာသူ့ရဲ့အမိန့်အောက်မှာပဲရှိလိမ့်မယ်...ဒါကြောင့်သူက ငါ့အဖေဧကရာဇ်ကိုဖြုတ်ချပြီး ထီးနန်းကိုလုယူဖို့ပြင်ဆင်နေတာပဲ...ငါ့ရဲ့ဆရာအောင်းတူတောင်မှ ဒီကိစ္စကိုမကူညီနိုင်လောက်ဘူး...ဒီလူရဲ့လက်အောက်မှာဆဌမအဆင့်တွေတောင် အနည်းငယ်ရှိနေလိမ့်မယ်...ငါ့ဆရာတောင်မှသတိမထားမိရင် အရှင်းခံရနိုင်တယ်"
မုတ်ဆိတ်နီအတုသည် ထီးနန်းကိုသိမ်းပိုက်လိုသော ထိုလူအကြောင်းကိုပိုမ်ိုပြောဆိုနေခဲ့သည်။မုတ်ဆိတ်နီ၏စကားများကို နားထောင်ရင်း ထို့ပါဟောင်နှင့်ရှောင်ယုတို့၏ဆုံးဖြတ်ချက်သည် တဖြည်းဖြည်းယိမ်းယိုင်လာခဲ့သလို ထို့ပါဟောင်၏မျက်နှာအမူအရာသည်လည်း တဖြည်းဖြည်းကြည့်ရဆိုးလာခဲ့သည်။
ထိုသားအဖသည် အာဏာကိုရယူလိုသည့်အတွက်ကြောင့် နှစ်ပေါင်းများစွာကြာသည်အထိ လုံ့လဝိရိယအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထို့ပါဟောင်နားလည်လိုက်သည်။လက်ရှိအခြေအနေသည် အလွန်ပင်အန္တာရယ်များလှပေသည်။
"မင်းကတကယ့်အရူးပဲ...ဘာလို့ခုချိန်ထိမာနကြီးနေသလိုပြုမူနေရတာလဲ...အဲလူသာထီးနန်းကိုရပြီးသွားတဲ့အချိန်ကျရင် မင်းကအကျိုးကျေးဇူးတစ်ခုခုရမယ်လို့ထင်နေတာလား...မင်းကဓားပြတစ်ယောက်ဖြစ်ပြီး ဘာမှကိုအရေးမပါတဲ့လူတစ်ယောက်ပဲ...မင်းကိုသူတို့ကဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး စစ်သည်၁၀၀၀၀ကိုအုပ်ချုပ်ဖို့ခိုင်းစေမယ်လို့ထင်နေတာလား...အိပ်မက်မက်နေလိုက်...မင်းလိုမောက်မာနေတဲ့သုံ့ပန်းတစ်ယောက်ကို ငါကအရှင်ထားရမှာတောင်စိတ်ပျက်လာပြီ"
ရှောင်ယုသည် မုတ်ဆိတ်နီ၏ရင်ဘတ်ပေါ်၌ ဓားထိပ်ဖျားကိုဖိချလိုက်သည်။
အား...အား
မုတ်ဆိတ်နီအတုသည် နာကျင်မှုကြောင့်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ငါပန်းချီဆွဲနေတာမင်းမမြင်ဘူးလား...အနုပညာရှင်တစ်ယောက်ကို မနှောင့်ယှက်နဲ့ မဟုတ်ရင် ပုံပျက်သွားလိမ့်မယ်...ခုမင်းရဲ့ရင်ဘတ်ပေါ်မှာ ငါကဝက်ဝံတစ်ကောင်ရဲ့ပုံကိုရေးထိုးနေတာပဲ...မင်းသာပန်ဒါလေးတစ်ကောင်ဖြစ်ခဲ့ရင် မင်းရဲ့ရင်ဘတ်ပေါ်က ဝက်ဝံပုံကအရမ်းကိုကြည့်ကောင်းနေလိမ့်မယ်"
ရှောင်ယုသည် ဆက်လက်ပုံဖော်ရင်း ပြောလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် ရှောင်ယုသည် ခေါင်းကိုကုတ်လိုက်မိသည်။
"ဒါကသွေးထွက်မယ်ဆိုတာ ငါတကယ်မေ့သွားတာပဲ...အင်းခြုံငုံပြောရရင်တော့ အရမ်းလှတဲ့ပန်းချီကားတစ်ချပ်ပဲ...ငါ့ရဲ့လျှို့ဝှက်ချက်တစ်ခုကိုပြောပြမယ်...ငါငယ်ငယ်ကငါ့ရဲ့အိပ်မက်က ပန်းချီဆရာတစ်ယောက်ဖြစ်လာဖို့ဘဲ"
မုတ်ဆိတ်နီသည် အံကိုတင်းတင်းကြိတ်ထားရင်း ရှောင်ယုကိုမကျေမနပ်စိုက်ကြည့်လိုက်သည်။
"မုတ်ဆိတ်နီရဲ့အခြေစိုက်စခန်းကဘယ်မှာလဲ"
ထို့ပါဟောင်က အေးစက်သောလေသံဖြင့်မေးမြန်းလိုက်သည်။
မုတ်ဆိတ်နီက အံကြိတ်ရင်း ကတိတောင်းလိုက်သည်။
"ငါသာအဲအကြောင်းကိုပြောရင် မင်းငါ့ကိုလွှတ်ပေးမယ်လို့အာမခံလား"
"မင်းကနယ်ရုပ်တစ်ယောက်သာသာပဲမလို့ မင်းကိုငါသတ်မှာမဟုတ်ဘူး...ဒါပေမဲ့မင်းကိုတော့ငါချက်ချင်းလွှတ်ပေးမှာမဟုတ်ဘူး"
ထို့ပါဟောင်က ကတိပေးလိုက်သည်။
မုတ်ဆိတ်နီသည် သူလွတ်မြောက်မယ့်မျှော်လင့်ချက်ကို တဖြည်းဖြည်းမြင်တွေ့လာရသည်။
"ငါမင်းကိုပြောပြမယ်...ဒါပေမဲ့မင်းသားတစ်ပါးအနေနဲ့မင်းကျမ်းကျိန်ရမယ်"
ထို့ပါဟောင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ညာလက်က်ိုမြှောက်လိုက်သည်။
"ငါထို့ပါဟောင်က အနောက်တိမ်တိုက်အင်ပါယာရဲ့မင်းသားတစ်ပါးအနေနဲ့ ဒီနေ့သဘောတူညီချက်ကိုလိုက်နာပါမယ်လို့ လောကကြီးရဲ့နတ်ဘုရားတွေဆီမှာ ကျိန်ဆိုပါတယ်...မဟုတ်ရင်နတ်ဘုရားတွေက ငါ့ကိုအပြစ်ပေးပါစေ"
မုတ်ဆိတ်နီသည် ခဏလောက်တုံ့ဆိုင်းနေပြီးမှ စခန်းတည်နေရာကိုပြောပြလိုက်သည်။
"မန်တောင်ရဲ့အနောက်ဘက်မှာ လှေကားထစ်တစ်ခုရှိတယ်...အဲနေရာမှာသစ်ပင်ငါးပင်ရှိပြီးတော့ လှေကားထစ်ဆီခေါ်ဆောင်သွားလိမ့်မယ်"
"ပုန်ကန်မှုကိုတွန်းလှန်ပြီးရင် မင်းကိုငါလွှတ်ပေးမယ်"
ထို့ပါဟောင်က ပြောလိုက်သည်။
"အနောက်တိမ်တိုက်အင်ပါယာရဲ့ ဧကရာဇ်ဖြစ်တဲ့ မင်းအဖေဆိုရင်တောင် ဒီအချိန်မှာဘာမှလုပ်ဆောင်နိုင်မှာမဟုတ်ဘူး...မင်းကဘာလုပ်နိုင်မှာလဲ"
မုတ်ဆိတ်နီက သံသယဖြစ်နေသောလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"မင်းတွေးချင်သလိုတွေးလို့ရတယ်..."
ထို့ပါဟောင်က ဂရုမစိုက်သောလေသံဖြင့်ပြန်ဖြေလိုက်သည်။
ထို့နောက် ထို့ပါဟောင်သည် နောက်ထပ်မေးခွန်းများကို မေးမြန်းခဲ့သည်။ထို့နောက်ထို့ပါဟောင်သည် လက်ရှိပြဿနာအားဖြေရှင်းရန်အတွက် နည်းလမ်းများကိုစဉ်းစားရန် ဘေးသ်ို့ထွက်သွားသည်ကို ရှောင်ယုတွေ့လိုက်ရသည်။ယခုအချိန်၌ ထို့ပါဟောင်၏စိတ်သည် အလွန်ရှုပ်ထွေးနေသည်ဟု ယုံကြည်သည့်အတွက် ရှောင်ယုသည်ထို့ပါဟောင်အားသွားရောက်မနှောင့်ယှက်ခဲ့ပေ။
"ငါခုဘာဆက်လုပ်သင့်တယ်လို့ထင်လဲ..."
ထို့ပါဟောင်သည် ကြံရာမရသည့်ဆုံး ရှောင်ယုအားမေးမြန်းလိုက်သည်။
ရှောင်ယုသည် ထို့ပါဟောင်က ဤကိစ္စနှင့်ပတ်သက်၍ သူ့အားမေးမြန်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"မင်းကမင်းသားတစ်ယောက်ပဲ...ဘာလို့ငါ့ကိုမေးမြန်းရတာလဲ...တကယ်လို့ငါကမင်းကိုအကူအညီပေးရင် မင်းကငါ့ကိုဘာအကျိုးကျေးဇူးတွေပြန်ပေးမှာလဲ..."
"မင်းကဘာတွေမျှော်လင့်ထားတာလဲ..."
ထို့ပါဟောင်က မေးမြန်းလိုက်သည်။
"ခုချိန်မှာမင်းရဲ့အခြေအနေက တော်တော်ကိုဆိုးနေတာပဲ...မင်းရဲ့ရန်သူတွေကိုကျော်လွှားနိုင်ဖို့ မင်းဆီမှာနည်းလမ်းတွေအများကြီးမရှိနိုင်ဘူး..."
ရှောင်ယုသည် ခဏလောက်စဉ်းစားဟန်ဆောင်ကာ သူလိုချင်သည့်အကျိုးကျေးဇူးများအကြောင်းကို စကားမစခဲ့ပေ။
ထို့ပါဟောင်သည် အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်လိုက်သည်။
"မင်းကိုငါဘာမှမပေးနိုင်သေးဘူး...ဒါပေမဲ့ ငါသာဧကရာဇ်ဖြစ်လာတဲ့အချိန်ကျရင် မင်းလိုချင်တဲ့အရာကိုရလိမ့်မယ်...မင်းတောင်းဆိုတဲ့အရာက အင်ပါယာရဲ့အကျိုးကျေးဇူးကိုမထိခိုက်သရွေ့ ငါဧကရာဇ်ဖြစ်လာတဲ့အခါ မင်းရဲ့လိုအပ်ချက်တွေကိုဦးစားပေးပြီး ဖြည့်ဆည်းပေးမယ်လို့ငါကတိပေးတယ်"
"မင်းဧကရာဇ်ဖြစ်လာမယ်ဆိုတာ မသေချာတဲ့အခြေအနေတစ်ခုပဲ...မင်းရဲ့ကတိတွေကလေလိုပဲ အချိန်မရွေးပျောက်ကွယ်သွားနိုင်တယ်"
ရှောင်ယုကပြုံးပြလိုက်သည်။
ထို့ပါဟောင်သည် ရှောင်ယု၏မျက်လုံးများကိုစိုက်ကြည့်လိုက်သည်။
"မင်းရဲ့ထောက်ခံမှုကိုငါလိုအပ်တယ်...မင်းကဒီကိစ္စမှာလောင်းကြေးထပ်ဖို့ သတ္တိရှိလားမရှိဘူးလားဆိုတာ ငါစောင့်ကြည့်ချင်တယ်...မင်းသာဒီအလောင်းအစားမှာအနိုင်ရခဲ့ရင် မင်းဘယ်လောက်ချမ်းသာလာမယ်...မင်းရဲ့အဆင့်အတန်းကဘယ်လောက်ထိမြင့်မားသွားမယ်ဆိုတာ မင်းစိတ်ကူးကြည့်နိုင်တယ်"
ရှောင်ယုသည် အချိန်ခဏကြာပြီးနောက် အားရပါးရရယ်မောလိုက်သည်၊
"ကောင်းပြီလေ...မင်းကတကယ်စိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ပဲ....ကောင်းပြီလေ ငါပဲလောင်းကြေးထပ်ရမှာပေါ့...တကယ်တော့မင်းအနိုင်ရဖို့ကအခွင့်အရေးတော်တော်များနေတာကြောင့် အဆိုးမြင်စိတ်တွေမွေးမထားလိုက်နဲ့"
ထို့ပါဟောင်က သူ့အားစိုက်ကြည့်လိုက်သည်။
"ငါ့ရဲ့အခွင့်အလမ်းကတော့ တော်တော်များနေတယ်ဟုတ်လား...မုတ်ဆိတ်နီပြောသလိုမျိုးဖြစ်နေခဲ့ရင် ငါကဘယ်လိုဖြစ်ပြီးတော့သူတို့ကိုခုခံနိုင်မှာလဲ...ငါ့မှာလူအင်အားကော၊အကြံအစည်ကောဘာမှမရှိဘူး"
ရှောင်ယုသည်လည်း ထိုကိစ္စနှင့်ပတ်သက်၍သေသေချာချာတွေးတောနေခဲ့သည်။သူသည် ဤပြဿနာကိုကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်ခဲ့မယ်ဆိုပါက ခြင်္သေ့နယ်မြေ၏ခေါင်းဆောင်အဖြစ် အကျိုးကျေးဇူးများစွာရရှိလာမည်ဖြစ်သည်။သို့သော်လည်း သူသာအခြေအနေကိုလွဲမှားစွာကိုင်တွယ်မိပါက ဆိုးရွားသောအကျိုးဆက်များစွာကိုလက်ခံရမည်ဖြစ်သည်။
သူသည် မုတ်ဆိတ်နီပြောသောထိုလူ၏ ကောင်းကင်ခြင်္သေ့မင်းဆက်အပေါ် သဘောထားမည်သို့ရှိသည်ကိုမသိသေးပေ။အကယ်၍ ရန်သူကသာ ကောင်းကင်ခြင်္သေ့မင်းဆက်ကိုတိုက်ခိုက်မည်ဆိုပါက ခြင်္သေ့နယ်မြေအား ပထမဆုံးကျူးကျော်ဝင်ရောက်လာမည်ဖြစ်သည်။
ထို့ကြောင့်ရှောင်ယုကသူသည် အနောက်တိမ်တိုက်အင်ပါယာ၏ အထက်ပိုင်းအဆင့်များကို အချိန်ကြာမြင့်စွာ အချင်းချင်းတိုက်ခိုက်နေစေရန်အတွက် နည်းလမ်းတစ်ခုခုကိုစဉ်းစားနိုင်မည်ဟု ယုံကြည်နေခဲ့သည်။ထိုမှသာ သူတို့သည်အချိန်အတိုင်းအတာတစ်ခုအထိ အားနည်းနေပြီး ထိုအချိန်၌ ခြင်္သေ့နယ်မြေကိုဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ယခုအချိန်တွင် ဧကရာဇ်သည်မည်သူမည်ဝါဆိုသည် အရေးမကြီးတော့ပေ။ရှောင်ယုသည် သူ့အတွက်အခွင့်အရေးများ ပိုမိုရရှိလာစေရန်အတွက် တစ်ခုတည်းသောနည်းလမ်းအဖြစ် အနောက်တိမ်တိုက်အင်ပါယာ၏ အထက်ပိုင်းအဆင့်များကိုမွှေနှောက်ရမည်ဖြစ်သည်။
"မင်းကိုကြည့်စမ်း....မင်းကဒီလိုပုံစံနဲ့ အနောက်တိမ်တိုက်အင်ပါယာရဲ့အနာဂတ်ဧကရာဇ်ဖြစ်လာချင်တာလား...ခုချိန်မှာမင်းကိုယ်တိုင်တာဝန်ယူပြီး အင်ပါယာရဲ့ရှင်သန်မှုအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းရမယ်...မင်းသာခုလိုအခြေအနေမျိုးကနေ ရုန်းမထွက်နိုင်ဘဲနစ်မြုပ်နေမယ်ဆိုရင် ငါမင်းကိုမကူညီနိုင်ဘူး...ဒီအချိန်မှာမင်းကသာအဓိကပဲ"
ရှောင်ယုသည် ထို့ပါဟောင်၏ပုခုံးကိုပုတ်၍ပြောလိုက်သည်။
ယခုအချိန်တွင်ရန်သူသည် အသာစီးရနေသည့်အတွက် ၎င်းတို့အားတန်ပြန်ရင်ဆိုင်ရန်အတွက် ရှောင်ယုသည်ထို့ပါဟောင်အား ကိုယ်ပိုင်အဖွဲ့တစ်ခုကိုဖွဲ့စည်းစေလိုခဲ့သည်။
ရှောင်ယု၏စကားကိုကြားသောအခါတွင် ထို့ပါဟောင်သည် အံ့အားသင့်သွားခဲ့သည်။
"မင်းကစကားကောင်းကောင်းပြောတတ်ပေမဲ့ လက်ရှိအခြေအနေကြောင့် ငါစိတ်ချမ်းသာနေတာမဟုတ်ဘူး...ငါအဲ့လူကိုသတ်ချင်တယ်"
ရှောင်ယုကရယ်မောလိုက်သည်။
"မင်းစိတ်ပူနေစရာမလိုပါဘူး....အဲ့ကောင်ကခုအခွင့်အရေးရင် ခုအာဏာသိမ်းတော့မှာပဲ...ဒါကြောင့်ငါတို့ပထမဆုံးလုပ်ရမှာက မုတ်ဆိတ်နီရဲ့စခန်းကိုသွားပြီးတော့ အဲ့ဒီကရတနာပစ္စည်းတွေအကုန်သိမ်းယူရမှာပဲ...ငါတို့ကကိစ္စအကြီးကြီးလုပ်မယ်ဆို အရင်းအနှီးလိုတယ်"
ထို့ပါဟောင်ကခေါင်းညိတ်၍ ထောက်ခံလိုက်သည်ကိုမြင်လျင် ရှောင်ယုကဆက်ပြောလိုက်သည်။
"ဒုတိယအချက်ကတော့ မင်းကမြို့တော်ကိုသူလျှို့တွေစေလွှတ်ရမယ်...မင်းအဲ့ဒီကအခြေအနေတွေကိုနားလည်ထားမှရမယ်...မင်းသာမြို့တော်ကိုကိုယ်တိုင်ပြန်သွားရင် စောင့်ကြည့်ခံရမယ်ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်ကျခံရလိမ့်မယ်...ပြီးတော့ခုချိန်မှာမင်းလူအင်အားစုဆောင်းဖို့လိုတယ်...အာဏာသိမ်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကဘာလဲဆိုတာမင်းသိလား..သေနတ်တွေကိုစုဆောင်းဖို့ဘဲ"
"သေနတ်...အဲ့ဒါကဘာလဲ"
ထို့ပါဟောင်သည် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။
ရှောင်ယုသည် သူ၏အကြံအစည်ကိုရှင်းပြနေချိန် စကားလုံးအသုံးမှားသွား၍ ချွေးပြန်သွားခဲ့သည်။
"သေနတ်ဆိုတာ စစ်တပ်အတွက် ကုဒ်စကားလုံးတစ်ခုပဲ...အဲ့ဒါကစစ်တပ်နဲ့အာဏာကိုသိမ်းပိုက်နိုင်တယ်...မင်းမှာသာစစ်တပ်တစ်ခုမရှိရင် မင်းကမင်းသားဖြစ်နေရင်တောင် နယ်ရုပ်တစ်ခုထက်မပိုဘူး"
ရှောင်ယု၏စကားကိုနားထောင်ပြီးနောက် ထို့ပါဟောင်သည်လမ်းစအချို့အားတွေ့မြင်လာသည်ဟု ယုံကြည်လာခဲ့သည်။
"ဟုတ်တယ်...မင်းပြောတာလုံးဝအမှန်ပဲ...ငါကငါ့အပေါ်က်ိုသစ္စာရှိပြီးတော့ ငါ့ရဲ့ရန်သူတွေကိုရင်ဆိုင်ဖို့အတွက် လုံလောက်တဲ့စွမ်းအားကိုထူထောင်ဖို့လိုအပ်နေတယ်"
ရှောင်ယုသည် ကျေနပ်စွာခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။
"တတိယအချက်ကတော့ မင်းရဲ့ဆရာဖြစ်တဲ့ အောင်းတူကိုရှာဖို့ဘဲ သူကအနောက်တိမ်တိုက်အင်ပါယာမှာ လူသိများထင်ရှားတဲ့ကျွမ်းကျင်သူဖြစ်ပြီး သူ့ရဲ့စကားလုံးတွေကကြီးကြီးမားမားအလေးချိန်ရှိတယ်...မင်းကိုထောက်ပံ့ပေးဖို့သူ့ကိုပြောရမယ်...မင်းနားမှာသူ့လိုလူမျိုးရှိနေရင် စစ်တပ်ကိုစုစည်းရတာပိုပြီးလွယ်ကူလိမ့်မယ်"
ထို့ပါဟောင်က နောက်ထပ်တစ်ကြိမ်ခေါင်းညိတ်ပြလို်က်သည်။
"ဟုတ်တယ်...ခုချိန်မှာ ငါ့ဆရာကငါရနိုင်တဲ့အကြီးမားဆုံးအထောက်အပံ့ဘဲ...သူအကူအညီတောင်းလိုက်မယ်ဆိုရင် ငါ့ပတ်ဝန်းကျင်မှာအခြားသူတွေကိုစုစည်းဖို့ကြီးကြီးမားမားအထောက်အကူပြုလိမ့်မယ်"
"စတုတ္ထအရေးအကြီးဆုံးအချက်ကတော့ မင်းကမဟာမိတ်ဒါမှမဟုတ် ပြင်ပထောက်ခံသူတွေကိုရှာဖွေရမယ်...အနောက်တိမ်တိုက်အင်ပါယာရဲ့ပြင်ပမှာ မင်းကိုပံ့ပိုးပေးမယ့်သူရှိနေရမယ်....မင်းသာမဟာမိတ်တွေရဲ့အကူအညီကိုမရရင် မင်းတစ်ယောက်တည်း ရန်သူတွေကိုအချိန်ကြာကြာတိုက်ခိုက်နိင်မှာမဟုတ်ဘူး"
ထိုအချက်ကိုပြောပြီးသည်နှင့် ရှောင်ယုသည်ဆန်းကြယ်စွာပြုံးလိုက်မိသည်။
အခန်း ၂၃၆ - မှော်အစီအရင်
"မဟာမိတ်..."
ထို့ပါဟောင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့...ခုလိုအချိန်မျိုးမှာ ဘယ်ကနေပြီးမဟာမိတ်တွေကိုသွားရှာရမှာလဲ...အနောက်တိမ်တိုက်အင်ပါယာရဲ့စစ်တပ်က လူဘယ်လောက်များများကို သိမ်းသွင်းထားပြီဆိုတာ ငါမသိသေးဘူး...ခုချိန်မှာငါသာအဆက်အသွယ်လုပ်လ်ိုက်မယ်ဆိုရင် သူတို့ရဲ့ထောင်ချောက်ထဲကျသွားနိုင်တယ်"
ရှောင်ယုက ပြုံးလိုက်သည်။
"မင်းပြောတာအမှန်ပဲ...စစ်တပ်ရဲ့ဗိုလ်ချုပ်တွေနဲ့အထက်အရာရှိအများစုက ခုချိန်မှာအဲ့လူတွေအတွက် အလုပ်လုပ်ပေးနေမှာ အသေအချာပဲ...ခုချိန်မှာမင်းရဲ့အင်ပါယာထဲမှာ ယုံကြည်ရလောက်တဲ့သူကို မင်းရှာမတွေ့နိုင်ဘူး....အကောင်းဆုံးကတော့ ပြင်ပအင်အားစုတွေကိုရှာဖွေပြီး အခွင့်အရေးကိုအကောင်းဆုံးအသုံးချရမယ်"
"အင်ပါယာရဲ့အပြင်ဘက်လား..."
ထို့ပါဟောင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။
ရှောင်ယုက သူ့ကိုယ်သူညွန်ပြလိုက်သည်။
"ငါဒီမှာရှိနေတယ်လေ...မင်းဘာလို့အဲလောက်ထိတုံးနေရတာလဲ"
ထို့ပါဟောင်သည် ရှောင်ယုအားပွေ့ဖက်ကာ ရယ်မောလိုက်သည်။
"ဟုတ်တယ်...မင်းကိုငါဘယ်လိုလုပ်ပြီးမေ့နိုင်မှာလဲ...မင်းမှာခုလ်ိုမျိုးအစွမ်းထက်တဲ့ မြင်းတပ်တစ်ခုရှိနေတယ်ဆိုကတည်းက မင်းကသာမန်လူတစ်ကောင်မဖြစ်နိုင်ဘူး...ကောင်းကင်ခြင်္သေ့မင်းဆက်မှာတောင် မင်းကအာဏာနည်းနည်းရှိရမယ်...မင်းကငါ့ရဲ့မဟာမိတ်ဖြစ်ချင်တာလား..."
ရှောင်ယုက တိုးတိုးလေးပြောလိုက်သည်။
"ငါ့ရဲ့လောင်းကြေးကမှန်မလားဆိုတာ မသေချာဘူး...ဒါပေမဲ့ မင်းရဲ့မဟာမိတ်ဖြစ်ဖို့ရွေးချယ်လိုက်တာက ငါ့အတွက်တော်တော်ဝန်လေးစရာပဲ"
ထို့ပါဟောင်သည် ရှောင်ယု၏ပုခုံးက်ိုပုတ်လိုက်သည်။
"ငါသာ ပလ္လင်ပေါ်ထိုင်နိုင်ခဲ့ရင် မင်းလိုချင်တာတစ်ခုခုရလိမ့်မယ်လို့ ငါကတိပေးတယ်"
ရှောင်ယုက သူ၏လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
"မင်းသာဧကရာဇ်ဖြစ်လာပြီးရင် အများကြီးပြောင်းလဲသွားလိမ့်မယ်...ဒါပေမဲ့အဲ့ဒီနေပြီးတော့ အကျိုးကျေးဇူးတချို့ရလာရင် အဲ့ဒါကိုအလောင်းအစားတစ်ခုလို့ယူဆနိုင်တယ်"
ရှောင်ယုတွင် သူ့နည်းသူ့ဟန်နှင့်အစီအစဉ်များရှိကြောင်း ထို့ပါဟောင်နားလည်ထားသော်လည်း သူသည်ရှောင်ယု၏နှလုံးသားအကြောင်းကို များစွာနားလည်သဘောမပေါက်သေးပေ။သို့သော်ယခုအချိန်၌ ရှောင်ယုသည်လွန်စွာအရေးပါသူတစ်ဦးဖြစ်ပြီး သူဧကရာဇ်ဖြစ်လာချိန်တွင် ရှောင်ယုအားအကျိုးကျေးဇူးတစ်စုံတစ်ရာပေးအပ်မည်ဆိုပါက များစွာထိရောက်မှုရှိမည်မဟုတ်ကြောင်း ထို့ပါဟောင်ယုံကြည်ပေသည်။ရှောင်ယု၏စွမ်းအားအတိအကျကိုသူမသိသော်လည်း အမာခံမြင်းတပ်သား၄၀၀သည် လက်ရွေးစင်များသာဖြစ်၍ ရှောင်ယု၏နောက်ကွယ်၌ အင်အားစုတစ်ခုရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ယခုအချိန်၌ ကောင်းကင်ခြင်္သေ့မင်းဆက်တွင် မဟာမိတ်တစ်ဦးထားရှိနိုင်ပါက အရေးကြီးသောအခိုက်အတန့်၌ အကူအညီရနိုင်မည်ဟု ထို့ပါဟောင်ကယုံကြည်ခဲ့သည်။
"စိတ်မပူပါနဲ့...ငါ့ရဲ့ကတိတွေကိုငါအမြဲတည်မှာပါ..."
ထို့ပါဟောင်က ပြုံးပြလိုက်သည်။ရှောင်ယုသည် မုတ်ဆိတ်နီအတုအားဆန့်ကျင်သည့်တိုက်ပွဲတွင် ပြတ်သားသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်ကိုသူမြင်တွေ့ရပြီးနောက် ရှောင်ယုသည် သူရာဇပလ္လင်ကိုအရယူမယ့်လမ်း၌လည်း ထိုကဲ့သို့ပါဝင်လှုပ်ရှားမည်ဟု ထို့ပါဟောင်ခံစားမိပေသည်။
ထို့နောက် ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် အသေးစိတ်အချက်အလက်များကို စတင်ဆွေးနွေးခဲ့ကြသည်။ရှောင်ယုသည် နိုင်ငံခြားသားတစ်ယောက်ဖြစ်ရာ ထို့ပါဟောင်၏ပြိုင်ဘက်မှာ အတွင်းလူတစ်ယောက်ဖြစ်သည်။ထို့ပါဟောင်သည် လောလောဆယ်တွင် အနောက်တိမ်တိုက်အင်ပါယာမှလူတစ်ဦးကို မယုံကြည်နိုင်သော်လည်း ရှောင်ယုကိုမူ သူ၏မူလအစကြောင့် ရှောင်ယုနှင့်ပြဿနာမရှိခဲ့ပေ။
အဆုံးသတ်တွင် ရှောင်ယုသည် အဆင့်၃ဆင့်ဖြင့် အစီအစဉ်တစ်ခုကိုချမှတ်ခဲ့သည်။ပထမအဆင့်အနေဖြင့် ထို့ပါဟောင်သည် မြို့တော်သို့သူလျှိုများစေလွှတ်ရန် လိုအပ်ပေသည်။ဒုတိယအချက်အနေဖြင့် ထို့ပါဟောင်သည် သူ၏ဆရာဖြစ်သူအောင်းတူအားအကြောင်းကြားရန် တစ်စုံတစ်ယောက်အားစေလွှတ်ရမည်ဖြစ်သည်။နောက်ဆုံးအနေဖြင့် မုတ်ဆိတ်နီ၏စခန်းကိုတိုက်ခိုက်ရန်အတွက် အသေးစိတ်အချက်အလက်များကို ဆွေးနွေးရမည်ဖြစ်သည်။
သို့သော်လည်း သူတို့ထံတွင်မုတ်ဆိတ်နီ၏စခန်းကိုတိုက်ခိုက်ရန် လက်နက်လူသူအင်အားမပြည့်စုံပေရာ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အစီအစဉ်တစ်ခုရေးဆွဲရန် လိုအပ်နေသည်။ထိုအချိန်တွင် ရှောင်ယုသည် အကြံတစ်ခုအားစဉ်းစားမိသွားခဲ့သည်။သူ၏အကြံမှာ ကုန်သည်လှည်းတန်းများကိုစည်းရုံးကာ ဓားပြစခန်းမှရရှိလာသောရတနာများကို ခွဲဝေပေးရန်ဖြစ်သည်။လက်ရှိအချိန်တွင် အခြေခံလူတန်းစားများနှင့်စွန့်စားသူများသည် အင်ပါယာ၏အခြေအနေကိုမသိထားကြောင်း ရှောင်ယုက ထို့ပါဟောင်အားပြောပြခဲ့သည်။
အကယ်၍ သူတို့သာမှန်မှန်ကန်ကန်လှုပ်ရှားနိုင်ခဲ့ပါက သူတို့နောက်သို့လိုက်ပါမည့်သူ အမြောက်အများရှိမှာဖြစ်သည်။မုတ်ဆိတ်နီသည် နှစ်ပေါင်းများစွာကြာအောင်လုယက်ခဲ့ပြီး မရေမတွက်နိုင်သောရတနာများကို သူ၏စခန်း၌သိမ်းဆည်းထားကြောင်း လူတိုင်းသိရှိထားပေသည်။ထိုရတနာများ၏အစိတ်အပိုင်းသေးသေးလေးတစ်ခုကိုရခဲ့လျှင်ပင် ထိုလူတန်းစားများအတွက် အမြတ်အစွန်းများစွာရရှိမည်ဖြစ်ရာ အလွန်ရှားပါးသည့်အခွင့်အရေးဖြစ်သည်။
ထို့ပါဟောင်သည် ထိုအကြောင်းကိုကြေငြာလိုက်သောအခါ စွန့်စားသူများနှင့်အစောင့်များသည် အလွန်စိတ်လှုပ်ရှားသွားခဲ့ကြသည်။ထို့ပါဟောင်သည် မုတ်ဆိတ်နိ၏ရတနာများကိုသူတို့အား ခွဲဝေပေးလိုသောကြောင့် ထို့ပါဟောင်သည်လူကောင်းတစ်ယောက်ဖြစ်ရမည်ဟု သူတို့ယုံကြည်မိလိုက်ကြသည်။
ထို့ကြောင့် သူတို့သည် နောက်တစ်နေ့တွင် မုတ်ဆိတ်နီ၏စခန်းထံချီတက်ခဲ့ကြသည်။ထို့ပါဟောင်သည် ဤလူများကိုအဖွဲ့များစွာဖြင့်ဖွဲ့စည်းထားကာ ထိုအဖွဲ့များကိုစီမံခန့်ခွဲရန်အတွက် အသင်းခေါင်းဆောင်များကိုရွေးချယ်ခဲ့သည်။တိုက်ပွဲတစ်ခုကိုတိုက်ခိုက်ရာတွင် စစ်တပ်အားကွပ်ကဲရသည်မှာ ပိုအဆင်ပြေပေသည်။ထို့ပါဟောင်သည် ဤကဲ့သို့သောကိစ္စမျိုးတွင် သူစိမ်းတစ်ယောက်မဟုတ်တော့ပေ။အနောက်တိမ်တိုက်အင်ပါယာ၏မင်းသားတစ်ပါးအနေဖြင့် သူ့ထံတွင်စစ်ပွဲအတွေ့အကြုံရှိခဲ့ပေသည်။
သို့ဖြစ်ရာ မုတ်ဆိတ်နီစခန်းအားတိုက်ခိုက်ရာတွင် စစ်တပ်တစ်ခု၏စည်းမျည်းစည်းကမ်းများကို လိုက်နာ၍တိုက်ခိုက်ရမည်ဟု ထို့ပါဟောင်ကအမိန့်ပေးခဲ့သည်။အဆိုပါစည်းမျည်းစည်းကမ်းများအား ချိုးဖောက်ဝံ့သူမည်သူ့ကိုမဆို စစ်တပ်၏အပြစ်ပေးမှုပုံစံအတိုင်း အရေးယူအပြစ်ပေးမည်ဖြစ်သည်။
...
မုတ်ဆိတ်နီပြောခဲ့သည့်အတိုင်း ဓားပြစခန်း၏တည်နေရာကို အလွယ်တကူပင်ရှာဖွေတွေ့ရှိခဲ့သည်။သို့သော်လည်း ထို့ပါဟောင်နှင့်ရှောင်ယုတို့သည် ဓားပြစခန်းအားအလျင်စလို ဝင်ရောက်တိုက်ခိုက်ဝံ့ခြင်းမရှိကြပေ။
ရှောင်ယုနှင့်ဂရင်းတို့သည် အဓိကတပ်ဖွဲ့ရောက်မလာမှီ အခြေအနေအရပ်ရပ်ကိုကြိုတင်ကင်းထောက်လှမ်းရန်အတွက် ရှေ့သို့ပြေးထွက်လာကြသည်။သူတို့သည်လက်ရှိအချိန်၌ အလောင်းအစားလုံးဝမလုပ်ဝံ့ပေ။အကယ်၍ ဤနေရာတွင်ကျရှုံးခဲ့မည်ဆိုပါက ထို့ပါဟောင်၏တပ်ဖွဲ့များသည် လုံးဝကျဆုံးသွားမည်ဖြစ်ပြီး နောက်ထပ်တစ်ကြိမ်တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးရရှိတော့မည်မဟုတ်ပေ။ထို့ပြင် သူတို့သာဤတစ်ကြိမ်၌မအောင်မြင်ပါက ရန်သူများသည်ပိုမိုအားသာချက်ရရှိသွားမည်ဖြစ်သည်။
ရှောင်ယုနှင့်ဂရင်းတို့သည် မုတ်ဆိတ်နီပြောသည့်နေရာသို့ရောက်လာသော်လည်း ဝင်ပေါက်ကိုရှာမတွေ့၍အံ့သြသွားကြသည်။
"ဒါကဘယ်လိုဖြစ်ရတာလဲ...ဒီနေရာမှာဝင်ပေါက်လေးတောင်မရှိဘူးလား"
ရှောင်ယုသည် အနည်းငယ်စိတ်ရှုပ်သွားခဲ့သည်။ခုနလေးတင် ဓားပြတစ်ယောက်က ဤနေရာသို့ပြေးလာသည်ကိုသူမြင်တွေ့ခဲ့ရသော်လည်း ယခုမူခြေရာလက်ရာကိုပင်ရှာမတွေ့တော့ပေ။ဤနေရာသည် သာမန်ချိုင့်ဝှမ်းတစ်ခုလိုဖြစ်နေကာ သစ်ပင်များကိုပင် မတွေ့ရတော့ပေ။
"ဒီမှာတစ်ခုခုတော့ရှိရမယ်...မဟုတ်ရင်လူတွေက လေထဲဝင်သွားသလိုမျိုး ဘာလို့ပျောက်ကွယ်သွားရမှာလဲ"
ရှောင်ယုသည် နေရာတစ်ခုလုံးကိုစစ်ဆေးရန် ရှေ့သို့ထွက်လာခဲ့သည်။သူသည် လျှို့ဝှက်ဝင်ပေါက်တစ်ခုရှိလိုရှိငြား ပထမဆုံးအကြိမ်တောင်နံရံကို ထိကြည့်လိုက်သည်။ထိုအချိန်တွင် သူသည်တောင်နံရံပေါ်မှ လှိုင်းလုံးများရိုက်ခတ်သည်ကိုခံစားမိလိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တမှုန်ဝါးသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ..."
ရှောင်ယုသည် အနည်းငယ်အံ့အားသင့်သွားပြီး သူ၏လက်ကိုဖြေးဖြေးချင်း ပြန်ယူလိုက်သည်။ခဏလောက်စဉ်းစားပြီးနောက်တွင် သူ့လက်ကိုနောက်ထပ်တစ်ကြိမ် ဆန့်တန်းလိုက်သည်။ထိုအချိန်တွင် လှိုင်းလုံးသည် ထပ်မံလှုပ်ခတ်လာခဲ့သည်။သို့သော်လည်း ယခုတစ်ကြိမ်တွင် သူ၏လက်ကိုပြန်မဆုတ်ဘဲ ရှေ့သို့ဆက်တွန်းလိုက်ခဲ့သည်။
သူ့လက်အားမည်သည့်အတားအဆီးမှမခံစားရဘဲ လေဟာနယ်ထဲကိုဖြတ်သန်းဝင်ရောက်သွားခဲ့သည်။
ရှောင်ယုသည် သူမြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် သူ၏ခန္ဓာက်ိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး အလွန်အံ့အားသင့်သွားခဲ့သည်။ထိုလေဟာနယ်အားဖြတ်ကျော်ပြီးနောက် ချိုင့်ဝှမ်းငယ်တစ်ခုအတွင်း၌ အိမ်လေးများ၊တဲများနှင့် အခြားအခြေခံအဆောက်အဦးများရှိနေပေသည်။
"အစီအရင်...ဒါကမှော်အစီအရင်တစ်ခုပဲ...တကယ်အံ့သြစရာကောင်းတာပဲ...ဒီနေရာမှာသူတို့ကဖုံးကွယ်ခြင်းမှော်အစီအရင်ကိုတောင် ခင်းကျင်းထားခဲ့တာပဲ"
ရှောင်ယုကသက်ပြင်းချမိလိုက်သည်။
အခန်း ၂၃၇ - ဆွေးနွေးငြင်းခုံကြခြင်း
မုတ်ဆိတ်နီသည် အမှန်တကယ်ပင် စွမ်းအားကြီးသူတစ်ဦး၏ ပံ့ပ်ိုးမှုကိုလက်ခံရရှိခဲ့သည်။
ထိုသို့မဟုတ်ပါက သူမသည်ထိုကဲ့သို့ဖုံးကွယမှော်အစီအရင်တစ်ခုအား ခင်းကျင်းနိုင်မည်မဟုတ်ပေ။
"ဒီထဲမှာ အဆင့်မြင့်မှော်ဆရာတွေရှိနေတာလား...ဓားပြတွေမှာတော့အဲလောက်အဆင့်မြင့်တဲ့ မှော်ဆရာတွေရှိနေမယ်မထင်ဘူး...မုတ်ဆိတ်နီရဲ့နောက်ကွယ်ကလူပဲ ထောက်ပံ့ပေးထားတာဖြစ်ရမယ်"
ရှောင်ယုနှင့်ဂရင်းတို့သည် အထဲသို့ဝင်ရောက်လာခဲ့သည်။ရှောင်ယုသည် မုတ်ဆိတ်နီ၏အခြေစိုက်စခန်းကိုတွေ့သည်နှင့် အံ့သြသွားရသည်။ထိုအခြေစိုက်စခန်းသည် မြို့ငယ်လေးတစ်ခုနှင့်ဆင်တူပြီး ဤနေရာ၏အရွယ်အစားသည် စုဘာရူ၏လင်းယုန်စခန်းထက်မနိမ့်ကျပေ။
ရှောင်ယုသည် စုဘာရူအား အနောက်တိမ်တိုက်အင်ပါယာအား အာဏာသိမ်းပိုက်ရန်ကြံစည်နေသူမှ ထောက်ပံ့ပေးနေသည်လားဟု စဉ်းစားမိသွားခဲ့သည်။သို့သော်လည်း စုဘာရူအား မည်သူကထောက်ပံ့ပေးထားသည်မှာ အရေးမကြီးဟုယုံကြည်ခဲ့သည်။နှစ်ဖက်လုံးသည် ခြင်္သေ့နယ်မြေကိုစစ်ဆေးရန် စိတ်ဝင်စားကြသည့်အတွက် ရှောင်ယုသည်ခြင်္သေ့နယ်မြေအား ခံစစ်၊တိုက်စစ်နှစ်ခုညီမျှနေအောင် လုပ်ဆောင်ထားရမည်ဖြစ်သည်။
ရှောင်ယုနှင့်ဂရင်းတို့သည် အခြေစိုက်စခန်းအားဆက်လက်စူးစမ်းခဲ့သည်။ထိုအခြေစိုက်စခန်းသည် သူတို့မျှော်မှန်းထားသည်ထက် အင်အားကြီးမားနေခဲ့သည်။အကယ်၍သူတို့သာ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချီတက်လာပါက ဆုံးရှုံးမှုကြီးကြီးမားမားနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
ရှောင်ယုနှင့် ထို့ပါဟောင်တို့သည် အင်အား၂၀၀၀၀ခန့်ဖြင့်ချီတက်လာချိန်တွင် အခြေစိုက်စခန်းတစ်ခုလုံး၌ အင်အား ၁၀၀၀၀၀နီးပါးရှိနေခဲ့သည်။
ထို့ပြင် ရှောင်ယုသည် သူတို့တပ်ဖွဲ့အတွင်းရှိ စွန့်စားသူများနှင့်အစောင့်အကြပ်များက ဤတိုက်ပွဲကိုအသေခံ၍တိုက်ခိုက်ကြမည်မဟုတ်ကြောင်းကိုလည်း နားလည်ထားခဲ့သည်။သူတို့သည် တိုက်ပွဲအောင်နိုင်ရန် အလားအလာမရှိကြောင်းတွေ့မြင်ပါက ချက်ချင်းဆုတ်ခွာထွက်ပြေးကြမည်ဖြစ်သည်။
အထူးသဖြင့် မှော်အစီအရင်အပြင် အမြင့်၁၀မီတာရှိသည့် နံရံတစ်ခုလည်းရှိနေခဲ့သည်။ရှောင်ယုနှင့်ဂရင်းတို့သည် ထိုနံရံအားခုန်ကျော်နိုင်စွမ်းရှိကြသော်လည်း အခြားသူများကထိုသို့မလုပ်ဆောင်နိုင်ပေ။သူတို့၏တပ်ဖွဲ့များတွင် မြို့သိမ်းလှေကားများမပါဝင်လေရာ သူတို့တပ်ဖွဲ့များသည် ဤနံရံကိုကျော်လွှား၍ အတွင်းသို့မဝင်နိုင်ဟုဆိုလိုခြင်းဖြစ်သည်။
ထိုအခက်အခဲကြောင့် ရှောင်ယုသည် တိုက်ခိုက်မှုအစီအစဉ်အား စွန့်လွှတ်ရန် ဆန္ဒမရှိခဲ့ပေ။မုတ်ဆိတ်နီသည် နှစ်ပေါင်းများစွာကြအောင် လုယက်တိုက်ခိုက်လာခဲ့သောကြောင့် သူ၏စည်းစိမ်ဥစ္စာရတနာများသည် တောင်ငယ်လေးတစ်ခုသဖွယ် များပြားနေမှာဖြစ်သည်။
ရှောင်ယုသည် လင်းယုန်စခန်းမှရတနာများကို ရယူပြီးနောက်တွင် ညတွင်းချင်းချမ်းသာလာခဲ့သည်။အကယ်၍ မုတ်ဆိတ်နီ၏ရတနာများကိုသာ ထပ်မံရရှိခဲ့ပါက သူ့နယ်မြေ၏ဘဏ္ဍာရေးအခြေအနေကိုစိတ်ပူနေစရာမလိုတော့ပေ။
ရှောင်ယုနှင့်ဂရင်းတို့သည် အရိပ်ထဲတွင်ပုန်းအောင်းနေပြီး နေရာတစ်ခုလုံးအား စောင့်ကြည့်နေခဲ့သည်။ထိုအခါ အခြေစိုက်စခန်း၌လူတန်းစားနှစ်ခုရှိကြောင်း တွေ့မြင်လာရသည်။ပထမအမျိုးအစားမှာ ဓားပြများဖြစ်ကြပြီး ဒုတိယအမျိုးအစားမှာကျွန်များဖြစ်ကြသည်။ဤနေရာသည် စုဘာရူ၏စခန်းနှင့်လုံးဝမတူပေ။စုဘာရူ၏စခန်းတွင် ဓားပြများ၏မိသားစုများရှိကြသော်လည်း ဤစခန်းတွင်မူဓားပြများသာရှိပေသည်။
ထို့အပြင် ကျွန်အရေအတွက်သည် ဓားပြအရေအတွက်ထက် များစွာပိုလွန်နေခဲ့သည်။ဤနေရာရှိလူဦးရေ၏ ၈၀ရာခိုင်နှုန်းသည် ကျွန်များဖြစ်ကြပြီး ၂၀ရာခိုင်နှုန်းသာဓားပြများဖြစ်သည်။ရှောင်ယုသည် ထိုအချိုးအစားကိုသိရှိလိုက်ချိန်တွင် စိတ်သက်သာရာရသွားခဲ့သည်။ထိုသို့ဆိုလျှင် အရာအားလုံးသည်ပိုမိုလွယ်ကူသွားမှာဖြစ်သည်။ကျွန်များသည် ဖိနှိပ်ချုပ်ချယ်မှုများကို တောင့်ခံနိုင်စွမ်းမရှိပေရာ ရှောင်ယုစကားအနည်းငယ်ဖြင့် သူတို့အားပုန်ကန်ရန်နိုးဆွနိုင်ပေသည်။
ရှောင်ယုနှင့်ဂရင်းတို့သည် အထဲထိတိုးဝင်၍ စူးစမ်းလေ့လာခဲ့ကြရာ ဂိုဒေါင်များ၊သာမန်လူနေအိမ်များနှင့် အခြားသောအဆောက်အဦးများကိုလည်းတွေ့မြင်ခဲ့ရသည်။
ရှောင်ယုသည် မီးကိုအသုံးပြုလိုက်ပါက ဓားပြများနှင့်ကျွန်များ၏စိတ်အခြေအနေကို အလွန်ထိတ်လန့်စေမည်ဟု ယုံကြည်မိ၍ အားရပါးရပြုံးလိုက်မိသည်။စိတ်ဓာတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများသည် ဝိုင်းရံတိုက်ခိုက်သည့်စစ်ဆင်ရေးမျအတွက် မရှိမဖြစ်လိုအပ်သည့်အစိတ်အပိုင်းတစ်ခုဖြစ်သည်။တိုက်ပွဲမစတင်မှီ ရန်သူများ၏စိတ်ဓာတ်ကိုကျဆင်းစေခြင်းသည် အကောင်းဆုံးလက်နက်တစ်ခုဖြစ်သည်။
"ဒီနေရာကမြို့နဲ့တူတယ်ဆိုတော့ အုပ်ချုပ်ရေးခန်းမတစ်ခုရှိရမယ်...ငါမုတ်ဆိတ်နီအစစ်နဲ့တွေ့ချင်မိတယ်..."
ရှောင်ယုသည် မုတ်ဆိတ်နီအစစ်အား အမှန်တကယ်စိတ်ဝင်စားနေမိသည်။မုတ်ဆိတ်နီအတု၏အဆိုအရ သူမသည်အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြောခဲ့သည့်အတွက် ရှောင်ယုသည်သူမအားလက်တွေ့ဘဝ၌ တွေ့မြင်လိုခဲ့သည်။မုတ်ဆိတ်နီအစစ်သည် ရှောင်ယုအပေါ်တစ်နည်းတစ်ဖုံ ဆွဲဆောင်ထားနိုင်ခဲ့သည်။
...
...
အုပ်ချုပ်ရေးခန်းမရှေ့တွင် အစောင့်အကြပ်အနည်းငယ်ရှိနေခဲ့သည်။ရန်သူများသည် တစ်နေ့တွင်သူတို့၏အခြေစိုက်စခန်းကို ထိုးဖောက်ဝင်ရောက်လာလိမ့်မည်ဟု ဓားပြများကမထင်ထားခဲ့ပေ။ထို့ပြင် သူတို့သည် သူတို့၏ဖုံးကွယ်မှော်အစီအရင်နှင့် မြင့်မားသည့်မြို့ရိုးနံရံအပေါ်သူတို့၏ယုံကြည်မှုအား ပြသနေခဲ့သည်။
ရှောင်ယုနှင့်ဂရင်းတို့သည် ထိုနေရာသို့ခိုးဝင်သွားခဲ့ကြရာ ခြင်္သေ့မြို့၏ကိုယ်ပိုင်အုပ်ချုပ်ရေးခန်းမသည်ပင် ဤနေရာထက်နိမ့်ကျနေကြောင်း သိလိုက်ရသည်။
"အင်း...ငါ့ရဲ့နေရာကဓားပြတွေရဲ့ အခြေစိုက်စခန်းထက်စာရင် ပိုပြီးတော့ဆိုးရွားနေသေးတာပဲ"
ရှောင်ယုသည် တိုက်ပွဲတစ်ခုပြီးတစ်ခု အခက်အခဲတစ်ခုပြီးတစ်ခု ရင်ဆိုင်နေရသည့်အတွက်ကြောင့် ခြင်္သေ့မြို့တည်ဆောက်ရေးလုပ်ငန်းများကိုဦးစီးရန် အခွင့်အရေးများစွာမရရှိခဲ့ပေ။
...
...
"ခုချိန်မှာ အရေးအကြီးဆုံးက ကျားကိုဖမ်းဆီးထားတဲ့လူတွေရဲ့ခွန်အားကို ငါသိရှိထားဖို့လိုတယ်...ငါတို့သူ့ကိုကယ်တင်ဖို့အတွက် အလျင်စလိုလုပ်ဆောင်လို့မရဘူး...နောက်ဆုံးတိုက်ခိုက်မှုမှာ ငါတို့ကတပ်ဖွဲ့ဝင်၂၀၀၀၀နီးပါးဆုံးရှံးခဲ့ရတယ်...ရန်သူကသာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ မျက်မမြင်တစ်ယောက်တောင်သိတယ်...ငါတို့သာအရူးတစ်ယောက်လိုပြေးဝင်မိသွားရင် ပိတ်မိသွားလိမ့်မယ်"
ရှောင်ယုသည် ထိုနေရာသို့ရောက်ရောက်ချင်း အတွင်းမှလူများဆွေးနွေးနေသည်ကို ကြားလိုက်ရသည်။
ကျားသည် မုတ်ဆိတ်နီအတု၏ အမည်အရင်းဖြစ်သည်။
ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် နောက်ဆုံးအကြိမ်ဓားပြများကိုတိုက်ခိုက်စဉ်က သူတို့အားလုံးနီးပါးကိုသုတ်သင်နိုင်ခဲ့သည်။သို့သော်လည်း ထွက်ပြေးလွတ်မြောက်သွားသူများ ရှိနေကြဆဲဖြစ်သည့်အတွက်ကြောင့် ကျားကိုရှောင်ယုနှင့်ထို့ပါဟောင်တို့က ဖမ်းမိသွားကြကြောင်း ဓားပြများ၏ခေါင်းဆောင်များကသိရှိသွားကြသည်။
"ကျားကိုဖမ်းမိသွားတဲ့သူက အင်ပါယာရဲ့၉ယောက်မြောက်မင်းသားဖြစ်တဲ့ ထို့ပါဟောင်ပဲ"
နောက်ထပ်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"ထို့ပါဟောင်ဆိုရင် အခြေအနေတွေကပိုပြီးတော့ ရှုပ်ထွေးသွားခဲ့ပြီ..သူကမင်းသားတွေအားလုံးထဲမှာ ပညာအရှိဆုံးနဲ့အသန်မာဆုံးပဲ...ပြီးတော့သူကအောင်းတူရဲ့တပည့်ဖြစ်တဲ့အတွက် ထို့ပါဟောင်ကသာ အောင်းတူရဲ့ထောက်ပံ့မှုကိုရထားခဲ့ရင် အခြေအနေတွေကငါတို့ထင်ထားတာထက်ပိုပြီးတော့ လေးနက်နေလိမ့်မယ်"
တူညီသောအသံပိုင်ရှင်က ဆက်၍ပြောလိုက်သည်။
"အောင်းတူက ဒီအခြေအနေမှာပါဝင်မှာမဟုတ်ဘူး...ဖြစ်နိုင်တာကတော့ ထို့ပါဟောင်ကဧကရာဇ်ရှေ့မှာ အကျိုးဆောင်မှုတစ်ခုကို ရယူလိုတဲ့ပုံဘဲ...ပြဿနာက ငါတို့သာကျားကိုမြန်မြန်မကယ်တင်ဘူးဆိုရင် ထို့ပါဟောင်က အခြေအနေတစ်ခုလုံးကို နားလည်သွားလိမ့်မယ်"
ရှောင်ယုသည် သူတို့၏ဆွေးနွေးငြင်းခုံသံက်ိုနားထောင်နေရင်း ဓားပြများထဲ၌ အရည်အချင်းရှိသူများရှိနေကြောင်းတွေ့လိုက်ရသည်။
"သူတို့ရဲ့အင်အားအတိအကျကိုမသိရသေးဘဲ...ငါတို့ရဲ့တပ်တွေကိုမျက်စိစုံမှိတ်ပြီးတော့ မလွှတ်နိုင်ဘူး...မဟုတ်ရင်ငါတို့နောက်တစ်ကြိမ်ဆုံးရှုံးရလိမ့်မယ်...ငါတို့အတိအကျဆုံးဖြတ်လို့မရသေးခင် လူအချို့ကိုအရင်စေလွှတ်သင့်တယ်"
"ထို့ပါဟောင်က မင်းသားတစ်ယောက်ထက်မပိုပါဘူး...သူ့မှာကအမှန်တကယ်စွမ်းအားမရှိနိုင်ဘူး...ငါတို့ကဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပေမဲ့ သူကလည်း သူ့ရဲ့အင်အားကိုနဂိုအတိုင်းထိန်းသိမ်းထားနိုင်မယ်လို့ မဆိုလိုဘူး...ငါတို့သာချက်ကောင်းကိုထိရင် တစ်ချက်တည်းနဲ့အပြီးသတ်သွားလိမ့်မယ်...တကယ်လို့ထို့ပါဟောင်ကသာ အခြားတပ်ကူတွေကိုခေါ်ယူလိုက်ရင် ရတ်ချက်မြို့ကိုသိမ်းပိုက်ဖို့တော်တော်ခက်သွားလိမ့်မယ်...ဒါ့အပြင် ငါတို့ခုလိုဆွေးနွေးနေတဲ့အချိန်မှာ ကျားကိုအခြားတစ်နေရာဆီရွေ့ပြောင်းသွားနိုင်တယ်...ငါတို့ကအချိန်မနှောင်းခင် အခြေအနေတွေကိုစုံစမ်းဖို့လူအချို့စေလွှတ်ရမယ်...မဟုတ်ရင်သူဌေးကငါတို့ကိုသတ်လိမ့်မယ်"
"မင်းတော်တော်ကြောက်နေတာပဲ...သူဌေးကဒီမှာမရှိဘူး...မင်းကိုသူမကချက်ချင်းလာမသတ်ပါဘူး..."
နောက်ထပ်လှောင်ရယ်သံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"ဒါဆို မုတ်ဆိတ်နီအစစ်က ဒီမှာမရှိဘူးပေါ့"
ရှောင်ယု၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။