← Chapters

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း (၂၅၆-၂၅၈)

Vol. 18 Ch. 256-258

အခန်း ၂၅၆ -သွေးသံမဏိဓား

"ပထမဆုံး ပဥ္စမအဆင့်မှော်ဆရာတစ်ယောက်...ပြီးတော့ထူးဆန်းတဲ့ဖောက်ခွဲရေးပစ္စည်းတွေ...ခုတော့အောစ့်တွေ"

ထို့ပါဟောင်သည် သူ့လက်ထဲ၌ ဝှက်ဖဲတစ်ခုထက်မက ဆုပ်ကိုင်ထားသည်ဟု ပါထျန်းမင်တွေးမိခဲ့သည်။ထို့ပါဟောင်သည် နောက်ဆုံးတိုက်ပွဲမစတင်မှီ သူ၏ဝှက်ဖဲအားလုံးကို အသုံးပြုရမည်ဟု ပါထျန်းမင်ခံစားမိသည်။

ဤသို့ဖြင့် တစ်ညကုန်ဆုံးသွားပြီးနောက် နေအလင်းရောင်က ပြန်လည်ထွက်ပေါ်လာခဲ့သည်။ပါထျန်းမင်သည် မြို့ကိုဆက်လက်ဝိုင်းရံထားရန်အတွက် တပ်များကိုအသင့်ပြင်ထားရန် အမိန့်ပေးထားခဲ့သည်။တပ်အတွင်းရှိတပ်မှူးများအားလုံးသည် တိုက်ခိုက်မှုအကြောင်း အသေးစိတ်အချက်အလက်များကို ဆွေးနွေးရန်အတွက် ပါထျန်းမင်၏တဲထဲသို့ရောက်လာကြသည်။

"ဗိုလ်ချုပ်...ရန်သူတွေမှာ ထူးဆန်းတဲ့လက်နက်တွေအများကြီးရှိနေတယ်...ဒီလိုနည်းနဲ့ဆိုရင် မြို့ကိုသိမ်းပိုက်ဖို့ဆိုတာ လွယ်ကူမှာမဟုတ်ဘူး...ဒီနေ့နတ်ဆရာတွေကိုဘာလို့အကူအညီမတောင်းတာလဲ...နတ်ဆရာတွေရဲ့အကူအညီနဲ့ဆိုရင် အနည်းဆုံးတော့ မြို့ရိုးရဲ့တစ်ဖက်ခြမ်းကိုတော့ ထိန်းချုပ်နိုင်မှာပါ"

တပ်မှူးတစ်ယောက်က အကြံပေးလိုက်သည်။

"ဟုတ်တယ်...ဗိုလ်ချုပ် လက်ရှိအချိန်မှာ ငါတို့ကသူတို့ထက်ပိုပြီးတော့ အစွမ်းထက်နေသေးတယ်...ငါတို့သာဝံပုလွေစီးစစ်သည်တွေနဲ့နတ်ဆရာတွေကိုထုတ်သုံးရင် ငါတို့ကကျိန်းသေအောင်ပွဲရလိမ့်မယ်..."

နောက်ထပ်တပ်မှူးဖြစ်သူက အသံကျယ်ကျယ်ဖြင့် ဝင်ပြောလိုက်သည်။

ပါထျန်းမင်သည် တပ်မှူးအားလုံး၏ဆုံးဖြတ်ချက်ကို နားထောင်ပြီးသော်လည်း နောက်ဆုံးသောဆုံးဖြတ်ချက်ကိုချမှတ်ရန် အဆင်သင့်မဖြစ်သေးပေ။

ပါထျန်းမင်သည် သူတို့အားလုံး၏အကြံပေးချက်ကိုနားထောင်ပြီးနောက် ပြုံးမိလိုက်သည်။

"မင်းတို့အားလုံးရဲ့ စိုးရိမ်မှုတွေကိုငါနားလည်ပါတယ်...ထို့ပါဟောင်ကဒီမြို့မှာဆက်နေဖို့ သတ္တိရှိတယ်ဆိုတော့ သူ့မှာအထူးဝှက်ဖဲတစ်ခုရှိရမယ်...ဒါကြောင့်ငါတို့ရဲ့လက်ရွေးစင်တပ်တွေကို မြို့ထဲအလဟာဿမပို့နိုင်ဘူး...ငါတို့ကသူတို့ရဲ့ဝှက်ဖဲအားလုံးကိုထုတ်သုံးခိုင်းပြီးတော့ သူတို့ရဲ့ခွန်အားတွေကုန်ဆုံးသွားတဲ့အချိန်အထိ ငါတို့ရဲ့ခွန်အားကိုချွေတာထားရမယ်...သူတို့ကိုအတတ်နိုင်ဆုံးပင်ပန်းနွမ်းနယ်အောင်လုပ်ဖို့ အဆက်မပြတ်အလှည့်ကျတိုက်ခိုက်ခိုင်းလိုက်...သူတို့ကိုလုံးဝအနားယူခွင့်မပြုနဲ့..ညကျရင်လဲဆက်ပြီးတိုက်ခိုက်နေပါ"

ပါထျန်းမင်သည် တပ်မှူးများအား ခေတ္တအနားယူရန်နှင့် အချိန်တစ်ခုကြာပြီးသည့်နောက် သူပြောသည့်အစီအစဉ်အတိုင်း အဆက်မပြတ်တိုက်ခိုက်ရန်အမိန့်ပေးခဲ့သည်။အဓိကထိုးစစ်ကိုမူ ညအချိန်၌စတင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ယုသည် ဟင်းခတ်အမွှေးအကြိုင်များဖြင့်ကင်ထားသော အသားကိုစားနေပြီး ဂရင်း၊ဒီရွန်၊အန်တိုနီဒက်စ်နှင့်အခြားသူများနှင့်အတူ ဝိုင်သောက်နေခဲ့သည်။ထို့ပါဟောင်သည် ထိုလူတစ်စုကိုကြည့်ရင်း စကားမပြောနိုင်ဖြစ်သွားရသည်။

"အစ်ကိုဟောင်...ဒီလိုအရသာရှိတဲ့အသားကင်တွေကို ဘာလို့မစားရတာလဲ...ငါ့မှာဝိုင်ကောင်းကောင်းတွေရှိတယ်...လာပါတစ်ခွက်လောက်သောက်လိုက်"

ရှောင်ယုသည် ရန်သူစစ်သားများကိုသတ်ဖြတ်ပြီးနောက် အေးအေးလူလူဝိုင်သောက်နေခဲ့သည်။

ထို့ပါဟောင်သည် ဒေါသတကြီးပြုံးလိုက်မိသည်။

"မင်းကိုငါတကယ်လေးစားတယ်...ခုလ်ိုအချိန်မျိုးမှာတောင် မင်းကဝိုင်သောက်နေနိုင်တာပဲ"

ရှောင်ယုက ပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။

"ငါကဘာလို့မစားနိုင်မသောက်နိုင်ဖြစ်ရမှာလဲ...မစားမသောက်ဘဲ ဒီစစ်ပွဲကိုငါဘယ်လိုတိုက်ရမှာလဲ...လူတွေကိုသံမဏိနဲ့ထုလုပ်ထားတာမဟုတ်ဘူး...အကုန်လုံးနားထောင်ကြ...ရန်သူစစ်သား၁၀ယောက်ကိုသတ်ခဲ့တဲ့သူတိုင်း ဘယ်သူမဆိုအသားကင်တစ်ချောင်းနဲ့ဝိုင်တစ်ခွက်ရမယ်..."

ရန်သူတပ်သားများသည် အဆက်မပြတ်တိုက်ခိုက်နေသော်လည်း သူတို့၏အင်အားသည် ယခင်အကြိမ်များထက်လျော့နည်းနေကြောင်း ရှောင်ယုသတိထားမိသည်။ရန်သူသည်သူတို့၏အင်အားကို ကုန်ဆုံးစေရန်အတွက် ခုလိုတိုက်ခိုက်နေကြောင်း သူသိထားသည်။အကယ်၍ ရှောင်ယုနှင့်စစ်သားများသာ ထိုသူတို့အားအလေးအနက်ထားတိုက်ခိုက်နေပါက အချိန်ကြာလာသည်နှင့်အမျှအရေးနိမ့်လာမှာဖြစ်သည်။ထို့ကြောင့်ရှောင်ယုနှင့်ကျန်လူများသည် စစ်မှန်သောညတိုက်ပွဲအတွက် အနားယူစားသောက်နေခြင်းဖြစ်သည်။

ရှောင်ယု၏အော်ဟစ်သံက်ိုကြားလိုက်ရချိန်တွင် စစ်သားများကတုန်လှုပ်သွားကြသည်။သူတို့သည် ရှောင်ယုထံမှအသားကင်နှင့်ဝိုင်ကိုရရှိရန်အတွက် ရန်သူစစ်သားများကိုအစွမ်းကုန်ကြိုးစားသတ်ဖြတ်ခဲ့ကြသည်။ထို့ပြင် သူတို့၏ခေါင်းဆောင်သည် ယခုလိုအချိန်မျိုး၌ပင် ပေါ့ပေါ့ပါးပါးဖြစ်နေပေရာ သူတို့သည်လည်းဖိအားမခံစားရဘဲ သက်တောင့်သက်သာရှိနေခဲ့သည်။

ရှောင်ယုသည် မနေ့ညတိုက်ပွဲတွင် ထူးကဲသောစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့သည်။သူသည် မှော်စာလိပ်များ၊သံဗုံးများကိုအသုံးပြုခဲ့ကာ ရန်သူများကိုချေမှုန်းရန်အတွက် အနီးပတ်ဝန်းကျင်တဝိုက်အား မီးတောက်များဖြင့်လောင်ကျွမ်းစေခဲ့သည်။ထို့ပြင်ရှောင်ယုနှင့်ဂရင်းတို့သည် ဝံပုလွေစီးစစ်သည်များစွာကိုသတ်ဖြတ်ခဲ့ကြသည်။သို့ဖြစ်ရာ ယခုအချိန်၌ရှောင်ယုသည် တည်တည်ငြိမ်ငြိမ်ရှိနေသည်ကိုမြင်ပြီး စစ်သားများကရှောင်ယုထံတွင် ဝှက်ဖဲများစွာရှိနေမည်ဟု ထင်မှတ်သွားကြသည်။

အကယ်၍ သူတို့သာဤစစ်ပွဲကိုအောင်နိုင်လိုပါက သူ့တပ်များ၏စိတ်ဓာတ်ကို မြင့်တင်ရမည်ဖြစ်ကြောင်း ရှောင်ယုသတိပြုမိသည်။ထို့ကြောင့် သူသည်စစ်သားများ၏စိတ်နှလုံးက်ိုတည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားနေခြင်းဖြစ်သည်။

စစ်သားများသည် မကြာခင်မှာဘဲ ရှောင်ယုထံသို့ အသားကင်များတောင်းယူရန်ရောက်ရှိလာခဲ့သည်။

"ရန်သူ၁၀ယောက်ကိုမင်းတကယ်သတ်ခဲ့တာလား..."

ရှောင်ယုကမေးမြန်းလိုက်သည်။

"ကမ္ဘာကြီးရဲ့နတ်ဘုရားအရှင်နာမတော်၌ ကျိန်ဆိုပါတယ်"

စစ်သားများက တစ်ယောက်ပြီးတစ်ယောက်ကျိန်ဆိုကြသည်။

ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ...ခုချိန်ကစပြီးတော့ မင်းတို့ကလူတစ်ရာတပ်ဖွဲ့ရဲ့တပ်မှူးတွေဖြစ်သွားပြီ...မင်းတို့က်ို သွေးသံမဏိဓားတွေပေးလိုက်မယ်....ရန်သူစစ်သားတွေကိုဆက်လက်သတ်ဖြတ်ကြ"

ရှောင်ယုသည် သိုလှောင်လက်စွပ်အတွင်းမှ ဓားအနည်းငယ်ကိုထုတ်ယူ၍ ထိုလူများကိုပေးလိုက်သည်။

ထို့ပါဟောင်သည် ရှောင်ယုကိုစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ထားသည့်အတွက်ကြောင့် စစ်သားများကိုဆုချခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းတို့အား လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်သည်။ယခုအချိန်၌ သူသည်ရှောင်ယုအားသံသယဝင်ရန် နောက်ကျသွားပြီဖြစ်ကြောင်း ထို့ပါဟောင်နားလည်ပေသည်။ရှောင်ယုကသာသူ့အား မကူညီရန်ဆုံးဖြတ်လိုက်ပါက လက်ရှိအချိန်၌ သူသည်အလွန်ကြမ်းတမ်းခက်ခဲသောအခြေအနေ၌ ရောက်ရှိနေမည်ဖြစ်သည်။ထို့ကြောင့် ထို့ပါဟောင်သည် ရှောင်ယုအပေါ်အပြည့်အဝယုံကြည်မှုကိုပြသသည့်အနေဖြင့် စစ်ဦးစီးချုပ်ရာထူးကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။

သွေးသံမဏိဓားကိုရရှိလိုက်သည့် စစ်သည်များသည် အလွန်ပင်စိတ်လှုပ်ရှားနေခဲ့ကြသည်။သွေးသံမဏိသည် အနောက်တိမ်တိုက်အင်ပါယာ၌သာ ထုတ်လုပ်သည့်အထူးသံမဏိအမျိုးအစားဖြစ်သည်။ဓားသွားပြုလုပ်မယ့်သတ္တုရိုင်းကို လူသို့မဟုတ်သားရဲတစ်ကောင်၏သွေး၌ နစ်မြုပ်သိမ်းဆည်းထားသည်ဟု ဆိုစမှတ်ပြုကြသည်။ထို့နောက်သတ္တုရိုင်းအား လက်နက်အဖြစ်မထုလုပ်မှီ ထိုသတ္တုကိုအကြိမ်ပေါင်းထောင်ချီ၍ ထုနှက်ခဲ့ရသည်။

ထို့ကြောင့် ဤလက်နက်သည် အလွန်ထက်မြက်ကာ သွေးကိုစုပ်ယူနိုင်သည့်အစွမ်းရှိသည်။ထိုလက်နက်သည် ရန်သူ၏သွေးကိုအဆက်မပြတ်စုပ်ယူပြီးနောက်တွင် အလွန်အစွမ်းထက်သည့်ဓားတစ်လက်အဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။

ပုံမှန်အားဖြင့် အနောက်တိမ်တိုက်အင်ပါယာ၌ အလွန်ထူးချွန်သောတပ်မှူးများသည်သာ ဤဓားကိုရရှိနိုင်သည်။အနောက်တိမ်တိုက်အင်ပါယာ၌ လူတစ်ရာကိုဦးစီးသောတပ်မှူးတစ်ယောက်ဖြစ်လာရန် အနည်းငယ်မျှသောကောင်းကျိုးကိုသယ်ပိုးရုံဖြင့်မလုံလောက်ပေ။

ရှောင်ယုသည် ဤဓားများကို မုတ်ဆိတ်နီ၏အခြေစိုက်စခန်းသိုလှောင်ရုံမှရရှိခဲ့ခြင်းဖြစ်သည်။ယခုအခါသူသည် ထိုဓားများကိုဆုအဖြစ်ချီးမြင့်၍ စစ်သားများ၏စိတ်ဓာတ်ကိုတိုးမြင့်ပေးခဲ့သည်။

ထို့ပြင်ရှောင်ယုသည် ရှိနှင့်ပြီးသောလူ၁၀၀တပ်မှူးများကို မယုံကြည်ပေ။ထို့ကြောင့်သူတို့အားအစားထိုးရန်အတွက် လွယ်ကူသောနည်းလမ်းက်ိုရွေးချယ်ခဲ့သည်။

သွေးသံမဏိဓားကိုရရှိခဲ့သည့် စစ်သည်များသည် သူတို့၏အစွမ်းထက်သောလက်နက်ကြောင့် ပိုမိုသတ္တိရှိလာခဲ့သည်။ထိုမြင်ကွင်းကိုတွေ့မြင်လိုက်သော အခြားစစ်သည်များသည်လည်း မနာလိုဖြစ်ခဲ့ကြကာ ရှောင်ယုထံမှအလားတူဆုလာဘ်များကိုရရှိရန်အတွက် နောက်ထပ်ရောက်လာသည့်ရန်သူများကိုသတ်ဖြတ်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။သို့သော်လည်း ရှောင်ယုသည်လိုအပ်ချက်ကိုမြင့်တင်ခဲ့သည်။ယခုအချိန်မှစ၍ ရန်သူ၂၀ကိုသတ်ဖြတ်နိုင်သူကသာ သွေးသံမဏိဓားကိုရရှိမှာဖြစ်သည်။

ရှောင်ယုသည် တစ်နေ့တည်းတွင် သွေးသံမဏိဓား၃၀ကျော်ကိုထုတ်ပေးခဲ့သည်။ရာထူးတိုးခံရသောစစ်သားများအကြားတွင် အလွန်ကောင်းမွန်သည့်တိုက်ခိုက်ရေးသမားအချို့ရှိပြီး ရှောင်ယုသည်ထိုလူများကို တန်ဖိုးထားပေသည်။

"မင်းမှာ သွေးသံမဏိဓားဘယ်လောက်တောင်ရှိတာလဲ"

ထို့ပါဟောင်က တိတ်တဆိတ်မေးမြန်းလိုက်သည်။

ရှောင်ယုသည် ကလိမ်ကကျစ်အပြုံးကိုထုတ်ဖော်လိုက်သည်။

"ဒါဇင်နည်းနည်းပါပဲ...အများကြီးမဟုတ်ဘူး"

"ဟုတ်လား...ငါကမုတ်ဆိတ်နီရဲ့စာရင်းစာအုပ်ကိုစစ်ဆေးကြည့်တော့ အနည်းဆုံးထောင်ဂဏန်းလောက်ရှိတယ်လို့တွေ့ခဲ့ရတယ်"

ထို့ပါဟောင်ကအံကြိတ်ပြီး ပြောလိုက်သည်။

ထို့ပါဟောင်သည် ရှောင်ယုတို့ကဂိုဒေါင်အတွင်းမှနေ၍ လက်ဗလာဖြင့်ထွက်လာသည်ကို မြင်တွေ့ခဲ့သည်။သို့သော်လည်း ရှောင်ယုထံ၌ သိုလှောင်လက်စွပ်များစွာရှိနေသည်ကို သူမသိခဲ့ပေ။သို့သော်လည်း ရှောင်ယုထံမှနေ၍ သွေးသံမဏိဓားများစွာထွက်လာသည်ကို တွေ့မြင်လိုက်ရသည့်အခါတွင် သူသည်အရာအားလုံးကိုနားလည်သွားခဲ့သည်။ရှောင်ယုသည် အရေးကြီးသောရတနာအားလုံးက်ို တစ်ခုမကျန်သိမ်းဆည်းယူဆောင်သွားခဲ့လေသည်။ထို့ပါဟောင်သည် စာရင်းစာအုပ်ကိုစစ်ဆေးပြီးနောက် ထိုရတနာအားလုံးသည် မည်မျှအဖိုးတန်ကြောင်းနားလည်သွားခဲ့သည်။

အမှန်တော့ ထိုရတနာများအားလုံးသည် ထို့ပါကွေ့ပိုင်ဆိုင်သည့်ရတနာများဖြစ်ကြောင်း ရှောင်ယုတို့နှစ်ယောက်လုံးမသိခဲ့ကြပေ။ထို့ပါကွေ့သည် သူထီးနန်းရပြီးနောက် ထိုရတနာများကို တော်ဝင်မြို့တော်သို့ ပို့ဆောင်ရန်စီစဉ်ခဲ့သည်။ထိုအချိန်က ထို့ပါကွေ့သည် ဧကရာဇ်မင်းမြတ်၏ညီတော်ဖြစ်၍ ထိုရတနာအားလုံးကို သူ့ဘေးနားတွင်သိမ်းဆည်းထားခြင်းသည် အခြားလူများ၏သံသယကိုတိုးပွားစေသည်။ယခုအခါတွင် ထိုရတနာများအားလုံးသည် ရှောင်ယုနှင့်ထို့ပါဟောင်၏လက်ထဲကျရောက်လာပြီဖြစ်သည်။

"အစ်ကိုထို့ပါ...အဲ့တုံးကမင်းကတိပေးခဲ့တာကို မှတ်မိသေးတယ်မလား...ဓားပြစခန်းထဲကရတနာတွေအားလုံးကို ငါယူနိုင်သလောက်ယူသွားနိုင်တယ်လို့ မင်းပဲပြောခဲ့တာလေ"

ရှောင်ယုသည် ထို့ပါဟောင်ကိုကြည့်ရင်း ပြုံးပြလိုက်သည်။

"ဒါပေမဲ့..အဲ့လောက်ထိရတနာတွေအများကြီးရှိနေမယ်လို့ ငါမထင်ထားခဲ့ဘူး..."

ထို့ပါဟောင်သည် သူပြောခဲ့သည့်ကတိစကားကြောင့် နောင်တရနေခဲ့သည်။

ရှောင်ယုသည် ထို့ပါဟောင်၏ပုခုံးကိုပုတ်လိုက်သည်။

"အစ်ကိုထို့ပါ...မင်းကတော်တော်ပွင့်လင်းတာပဲ...မင်းကအနောက်တိမ်တိုက်အင်ပါယာရဲ့ဧကရာဇ်ဖြစ်ပြီးတော့ အနာဂတ်မှာအင်ပါယာတစ်ခုလုံးကို အုပ်ချုပ်ရမှာပဲ...ခုချိန်မှာငါကရှားပါးတဲ့ရတနာအချို့ကို ရရှိခဲ့တယ်ဆိုပေမဲ့ မင်းကလည်းသဘောထားသေးသိမ်လို့မရဘူးလေ...ဧကရာဇ်တစ်ယောက်အနေနဲ့ မင်းရဲ့ကိုယ်ပိုင်ကတိစကားကို ပြန်ပယ်ဖျက်လို့မရဘူး...နောက်ပြီးတော့မင်းစစ်တပ်တစ်ခုတည်ထောင်ဖို့အတွက် လိုအပ်တဲ့အရင်းအနှီးတွေကို ငါချန်ထားပေးခဲ့တာမင်းမမြင်ဘူလား"

"မင်းက ငါ့ပိုက်ဆံတွေကိုယူသွားပြီးတော့ ခုမှအတိုးနဲ့ပြန်ချေးပေးနေတာပဲ"

ထို့ပါဟောင်က မကျေမနပ်ပြောလိုက်သည်။

ရှောင်ယုက ထို့ပါဟောင်အားနှစ်သိမ့်လိုက်သည်။

"ငါတို့ကညီအစ်ကိုတွေမဟုတ်ဘူးလား...ငါကမင်းဆီကိုချေးငှါးပေးတာတောင်မှ မင်းကငါ့ကိုကြိုဆိုသင့်တယ်...အခုတော့စိတ်မပူနေစရာမလိုပါဘူး...မင်းကအရမ်းစိတ်ဖိစီးနေတာငါမြင်တာပဲ...သွားအိပ်လိုက်တော့ ဒီညပွဲကောင်းတစ်ပွဲရှိမယ်"

ထို့ပါဟောင်သည် ရူးသွပ်လုနီးပါးဖြစ်နေသော်လည်း သူသည်ရှောင်ယုကဲ့သို့အရှက်မရှိသောသူနှင့် ငြင်းခုံနိုင်မည်မဟုတ်ပေ။အကယ်၍ သူသာထိုလျှို့ဝှက်ခန်းအတွင်းမှ ရတနာများ၏တစ်ဝက်ခန့်ကိုသာ သူရရှိထားခဲ့ပါက ထို့ပါကွေ့အားသူတင်ကိုယ်တင်ယှဉ်ပြိုင်နိုင်မှာဖြစ်သည်။သို့သော်လည်း ရှောင်ယုထံ၌သိုလှောင်လက်စွပ်များစွာ ပိုင်ဆိုင်နေလိမ့်မည်ဟု ထို့ပါဟောင်၏အဆိုးရွားဆုံးအိပ်မက်ထဲ၌ပင် မမြင်မက်ဖူးပေ။

ထို့ပါဟောင်သည် ပြန်လည်အိပ်စက်သွားပြီးနောက် ရှောင်ယုသည်လည်း မြို့ရိုးနံရံပေါ်၌ သူအိပ်စက်အနားယူနိုင်ရန် တဲအိမ်လေးတစ်ခုဆောက်လိုက်သည်။မြို့ရိုးတံတိုင်းကို ရွှံ့ဖြင့်ပြုလုပ်ထားကာ ထူထပ်ကျယ်ပြန့်ပေသည်။

"ကြီးကြီးမားမားတစ်စုံတစ်ခုမဖြစ်ရင် ငါ့ကိုမနိုးနဲ့...စစ်သားတွေကိုလည်း အလှည့်ကျအနားယူခိုင်းဖို့မမေ့နဲ့...ရန်သူနဲ့ဖြေးဖြေးချင်းကစားထား...တကယ့်တိုက်ခိုက်မှုကညကျမှရောက်လာလိမ့်မယ်"

ထိုသို့ပြောပြီးနောက် ရှောင်ယုသည်အိပ်ပျော်သွားခဲ့သည်။ဆုရှာနှင့်လီအာတို့သည် ရှောင်ယု၏အပြုအမူနှင့်ရင်းနှီးနေ၍ ချက်ချင်းအနားယူခဲ့ကြသည်။ရှောင်ယုသည်လည်းနံရံပေါ်၌လဲလျောင်းနေပြီး ယခင်အတိုင်းအနားယူနေခဲ့ကာ ရံဖန်ရံခါမြို့ရိုးပေါ်တက်လာသည့်စစ်သားများကိုသတ်ဖြတ်၍ ဆက်အိပ်နေခဲ့သည်။

စစ်သူကြီးများ၏လုပ်ရပ်ကိုတွေ့မြင်လိုက်ကြသော စစ်သားများသည်လည်း ဖိအားမဝင်ကြတော့ဘဲ အေးအေးသက်သာတိုက်ခိုက်နေခဲ့ကြသည်။

အခန်း ၂၅၇ - တပ်ကူများရောက်ရှိလာမှု

ရှောင်ယုသည် နေဝင်တရီရောအချိန်တွင် အိပ်ရာမှနိုးလာခဲ့ပြီး တဲထဲမှထွက်လာကာ အပျင်းကြောဆန့်လိုက်သည်။

ထိုအချိန်တွင် သူ့ဘေးနား၌မိုင်ယဗ်ရှိနေသည်ကို သတိပြုမိလိုက်ပြီး မိုင်ယဗ်ကသူ့အားဦးညွတ်လိုက်သည်။

"အရှင်..."

"အော်...မိုင်ယဗ်..မင်းကအဆင့်၁၁ကိုတောင်ရောက်နေပြီဘဲ"

ရှောင်ယုသည် မိုင်ယဗ်ကိုတွေ့တွေ့ချင်းအနည်းငယ်အံ့သြသွားခဲ့သည်။သူမသည် သူသတိမထားမိလိုက်ချိန်၌ သူ့ဘေးနားတွင်ထွက်ပေါ်လာခဲ့သည်။

"ဟုတ်တယ်အရှင်...လူအချို့က အခြေစိုက်စခန်းတွေရဲ့အနီးကိုချဉ်းကပ်လာခဲ့လို့ သူတို့ကိုသတ်ပြီးတဲ့နောက်မှာ အဆင့်၁၁ကိုရောက်သွားခဲ့တယ်"

မိုင်ယဗ်ကတုံးတုံးတိတိပြန်ဖြေလိုက်သည်။

ရှောင်ယုသည် ခေါင်းညိတ်၍သဘောတူလိုက်သည်။မိုင်ယဗ်သည် အကြောင်းအရာများကို စိတ်အေးလက်အေးပုံစံဖြင့် ပေါ့ပေါ့ပါးပါးပြောနေသော်လည်း သူမသတ်ဖြတ်ခဲ့သောရန်သူများသည် မိုင်ယဗ်အဆင့်၁၁သို့ရောက်ရှိရန် အထောက်အကူပြုခဲ့မည်ဟု ရှောင်ယုနားလည်လိုက်သည်။

ထို့နောက် ရှောင်ယုသည် မိုင်ယဗ်အဆင့်၁၀သို့ရောက်ရှိပြီးနောက် အသစ်ရရှိလာသောကျွမ်းကျင်မှုများအား စတင်စစ်ဆေးခဲ့သည်။ထို့ပြင်သူမသည် အဆင့်၁ချပ်ဝတ်တန်ဆာအားဝတ်ဆင်ထားရာ သူမ၏ခွန်အားသည်တိုးပွားလာခဲ့သည်။

မိုင်ယဗ်သင်ယူနိုင်သည့် ကျွမ်းကျင်မှုအသစ်များမှာ -

သွက်လက်မှုတိုးလာခြင်း (အဆင့် ၄ထိ မြင့်တင်နိုင်သည်)

- သူရဲကောင်း၏သွက်လက်မှုကိုတိုးမြင့်ပေးသည်။တိုက်ခိုက်မှုနှင့်ခန္ဓာကိုယ်လှုပ်ရှားမှုအရှိန်အဟုန်အား တိုးလာစေမည်ဖြစ်သည်။

လေပွလှည့်ပတ်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သူရဲကောင်းသည် ရန်သူများကိုတိုက်ခိုက်ရန်အတွက် လေပွေပုံစံဖြင့် သူ၏လက်နက်ကိုလှည့်ပတ်နိုင်သည်။

ကြိုတင်ပြင်ဆင်မှု (အဆင့်၄ထိမြင့်တင်နိုင်သည်)

- ကိုယ်ယောင်ဖျောက်နေစဉ်အတွင်း သူရဲကောင်းဖြစ်သူ၏အခြေအနေကိုတိုးတက်စေသည်။သူရဲကောင်းသည် ထိခိုက်မှုမခံရသည့်အခြေအနေ၌ရှိနေပါက ထိခိုက်ပျက်စီးမှုများကို ပိုမိုလုပ်ဆောင်နိုင်သည်။

"ဒါတွေအကုန်လုံးက အစွမ်းထက်တဲ့ကျွမ်းကျင်မှုတွေပဲ"

မိုင်ယဗ်သင်ယူနိုင်သည့် ကျွမ်းကျင်မှုအသစ်များသည် လုပ်ကြံသတ်ဖြတ်မှုနှင့်သက်ဆိုင်ကြောင်း ရှောင်ယုသတိပြုမိလိုက်သည်။

"ငါ့မျက်လုံးထဲမှာ မနှစ်သက်တဲ့သူတွေကိုသတ်ဖြတ်ဖို့အတွက် ငါသူ့ကိုအမိန့်ပေးနိုင်ပြီ...ဟားဟား...သူမကအီလီဒမ်ကိုအမှီလိုက်နိုင်ဖို့ အချိန်ဘယ်လောက်မှမလိုလောက်ဘူး..."

ရှောင်ယု၏မျက်နှာ၌ အပြုံးတစ်ခုဖြစ်ပေါ်လာကာ မိုင်ယဗ်အားလေပွေလှည့်ပတ်ခြင်းနှင့်ကြိုတင်ပြင်ဆင်ခြင်းတို့အား သင်ယူစေခဲ့သည်။မိုင်ယဗ်သည် လေပွေလှည့်ပတ်ခြင်းကိုအသုံးပြုကာ ရန်သူအမြောက်အများကိုရင်ဆိုင်နိုင်မှာဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်းက သူမ၏ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းကို များစွာတိုးမြင့်ပေးမည်ဖြစ်သည်။လုပ်ကြံသူများအတွက် မြန်ဆန်စွာလှုပ်ရှားနိုင်စွမ်းက အလွန်အရေးကြီးပေသည်။

ရှောင်ယုသည် ကျွမ်းကျင်မှုအသစ်များကို သင်ယူစေပြီးနောက်မေးမြန်းလိုက်သည်။

"တပ်ကူတွေက ဒီကိုရောက်လာပြီလား"

မိုင်ယဗ်ကခေါင်းညိတ်ပြလိုက်သည်။

"သူတို့ကဒီကနေ မိုင်၃၀လောက်ဝေးတဲ့နေရာကိုရောက်နေပြီ...မြို့ကအဝိုင်းခံထားရလို့ အရှင်နဲ့စကားပြောဖို့ အရင်ရောက်လာခဲ့တာပါ"

ရှောင်ယုသည် ခဏလောက်စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။

"နေဝင်ပြီဆိုတာနဲ့...တပ်တွေကိုမြို့ထဲဝင်လာခိုင်းလ်ိုက်...မြို့အရှေ့ဘက်ခြမ်းက ရန်သူရဲ့တန်းလျားတွေကိုတိုက်ခိုက်ဖို့ အချက်ပြတဲ့အနေနဲ့ငါကသံဗုံးတွေပစ်ချလိုက်မယ်...အစောဆုံးလင်းနို့စီးနင်းသူတွေနဲ့နတ်မြင်းပျံတွေက တိုက်ခိုက်ရမယ်...တောင်ဘီလူးတွေကသူတို့နောက်ကိုလိုက်သွားရမယ်...အောစ့်တွေကနတ်သူငယ်တွေနဲ့ မှော်စုန်းဆရာတွေကိုအကာအကွယ်ပေးရမယ်...အချိန်ကျရင်အရှေ့တံခါးမှာမင်းနဲ့ဆုံမယ်"

မိုင်ယဗ်ကခေါင်းညိတ်၍ အတည်ပြုလိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။

"အမိန့်အတိုင်းပါ အရှင်"

...

...

ညအမှောင်ထုလွှမ်းခြုံလာပြီးနောက် ကောင်းကင်ယံ၌ ကြယ်များတောက်ပလာခဲ့သည်။မီးရှုးတိုင်များက စခန်းအားလုံးကိုအလင်းပေးနေခဲ့သည်။

"ဒီည အကြီးစားတိုက်ခိုက်မှုတစ်ခုပြုလုပ်ဖို့အတွက် သူတို့အဆင်သင့်ပြင်နေပုံရတယ်...ငါပြောတာမှန်တယ်မလား"

ထို့ပါဟောင်က မေးမြန်းလိုက်သည်။

ရှောင်ယုက နှာခေါင်းရှုံ့လိုက်ကာ အထင်သေးသည့်လေသံဖြင့်ပြောလိုက်သည်။

"တကယ်တော့ အစုလိုက်အပြုံလ်ိုက်သတ်ဖြတ်ရမယ့် အချိန်ကိုရောက်လာပြီ...မင်းစောင့်ကြည့်နေလိုက်"

ထို့ပါဟောင်သည် ရှောင်ယုအား သံသယဖြစ်နေသောအကြည့်ဖြင့် လှမ်းကြည့်မိလိုက်သည်။

"မင်းရဲ့တပ်တွေရောက်လာပြီလား..."

"အရှေ့တံခါးကိုသွားရအောင်..."

ရှောင်ယုက လျှို့ဝှက်စွာပြုံးလိုက်သည်။

ရှောင်ယုသည် အရှေ့ဘက်မြို့နံရံဆီသို့ရောက်ရှိလာခဲ့ပြီးနောက် သံဗုံးတစ်ခုအားထုတ်ယူကာ ပစ်ချလိုက်သည်။

ဗုံး....

သံဗုံးသည်လေထဲတွင် တ်ိုက်ရိုက်ပေါက်ကွဲသွားခဲ့သော်လည်း သေးငယ်သောပျက်စီးမှုအချို့ကိုဖြစ်ပေါ်စေခဲ့သည်။ဤသို့ဖြင့် တိတ်ဆိတ်သောညသည် ပေါက်ကွဲသံကြောင့် အနှောင့်အယှက်ဖြစ်သွားရသည်။

ပါထျန်းမင်၏တပ်များသည် ထိုပေါက်ကွဲသံကြောင့် သတိဝင်လာကြသည်။

"မင်းဘာလုပ်နေတာလဲ..."

ထို့ပါဟောင်က မေးမြန်းလိုက်သည်။

ရှောင်ယုက အပြုံးမပျက်တိုက်တွန်းလိုက်သည်။

"သေချာစောင့်ကြည့်နေစမ်းပါ...ဒီတပ်တွေက ငါ့တပ်တွေရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမရှိ ငါတကယ်ကြည့်ချင်နေပြီ"

"မင်းရဲ့တပ်တွေကို အတင်းအကျပ်အသေခံတိုက်ခိုင်းဖို့ ကြံစည်နေတာလား"

ထို့ပါဟောင်က မယုံသင်္ကာဖြစ်နေသည့်လေသံဖြင့်မေးမြန်းလိုက်သည်။

ရှောင်ယုက သူ့ပုခုံးကိုတွန့်ပြလိုက်သည်။

"မင်းထင်နေသလိုမဟုတ်ဘူး..."

ထို့ပါဟောင်သည် ရန်သူ၏တန်းလျားများကိုညွန်ပြလိုက်သည်။

"အဲ့ဒီမှာ သောင်းချီတဲ့ရန်သူတပ်သားတွေ စခန်းချနေတာလေ"

ရှောင်ယုသည် အဝေးတစ်နေရာသို့ လှမ်းကြည့်ရင်းပြောလိုက်သည်။

"သူတို့အားလုံးပျက်စီးသွားရလိမ့်မယ်...အမိန့်ပေးလိုက်...အတွင်းတံခါးတွေကိုပိတ်ဆို့ထားတဲ့ ကျောက်တုံးတွေကိုဖယ်လိုက်ပြီးတော့ အရှေ့တံခါးကိုဖွင့်လိုက်"

ရှောင်ယုသည် ရန်သူများဝင်ရောက်မလာစေရန်အတွက် တံခါးဘေးတွင် ကျောက်တုံးများစွာကိုစုပုံထားခဲ့သည်။ထိုအရာသည် တံခါးနောက်ကွယ်ရှိ အကာအကွယ်တံတိုင်းတစ်ခုနှင့်ပင်တူနေခဲ့သည်။

...

...

ဆယ်မိနစ်ခန့်အကြာတွင် ရန်သူစခန်းဆီမှနေ၍ မီးတောက်များ၊ပေါက်ကွဲသံများထွက်ပေါ်လာခဲ့သည်။ထို့ပါဟောင်သည် အဝေး၌ရှိနေသော်လည်း တဲများနှင့်တန်းလျားများမီးလောင်ပြာကျနေသည်ကို တွေ့မြင်လိုက်ရသည်။

"ဘာဖြစ်နေတာလဲ...တားမြစ်မှော်မန္တန်ကိုအသုံးပြုလိုက်တာလား...ဒါပေမဲ့တားမြစ်မှော်မန္တန်ကိုအသုံးပြုလိုက်ရင် အကျိုးသက်ရောက်မှုက ဒီထက်ပိုပြီးပြင်းထန်ရမယ်"

ထို့ပါဟောင်သည် မီးလောင်နေသောရန်သူ၏အရှေ့ဘက်စခန်းကိုကြည့်ကာ အံ့သြနေခဲ့သည်။

မကြာမှီ ကျယ်လောင်သောအော်ဟစ်သံများသည် ကောင်းကင်တခွင်၌ ပြည့်နှက်လာခဲ့သည်။ရန်သူစစ်သားများသည် ကြောက်လန့်တကြားအော်ဟစ်နေခဲ့ကြပြီး သူတို့အားလုံးသည် လုံးဝမထင်မှတ်ထားသည့် တစ်စုံတစ်ခုနှင့်တွေ့ကြုံခဲ့ပုံရသည်။

တန်းလျားများမီးတောက်လောင်နေပြီး နေရာတိုင်းတွင် မီးတောက်များကဖုံးလွှမ်းနေခဲ့သည်။ရန်သူစစ်သည်များသည် ဖရိုဖရဲပြေးလွှားနေခဲ့ကြသည်။သူတို့သည် စစ်တပ်၏စည်းမျည်းစည်းကမ်းများကို လုံးဝလျစ်လျူရှုထားကြပြီး သူတို့၏ကိုယ်ပိုင်အသက်အတွက်ထွက်ပြေးနေကြရသည်။

ခဏအကြာတွင် ရန်သူစစ်သားများသည် သူတို့၏နှလုံးသားထဲ ထာဝစဉ်ရေးထိုးထားမယ့် ကြောက်မက်ဖွယ်မြင်ကွင်းကို တွေ့မြင်လိုက်ကြသည်။

"ဒါ...ဒါတွေကဘာတွေလဲ..ဧရာမ...ဧရာမ...သူတို့ကမင်းရဲ့တပ်ကူတွေလား"

ထို့ပါဟောင်သည် ဧရာမတောင်ဘီလူးကြီးများကိုကြည့်ရင်း စကားမပြောနိုင်ဘဲ ဆွံ့အနေခဲ့သည်။

"အောစ့်...အောစ့်တွေအများကြီးပဲ...အဲ့ဒါတွေကဘာတွေလဲ...ဒဏ္ဍာရီလာကိုဒိုသားရဲတွေလား...နတ်သူငယ်တွေနဲ့လူပုတွေရောပဲ"

ထို့ပါဟောင်၏မျက်လုံးများသည် မျက်လုံးအိမ်မှပြုတ်ကျမတတ် ပြူးကျယ်နေခဲ့သည်။သူသည် ရှောင်ယု၏တပ်ကူများက လက်ရွေးစင်တပ်များဖြစ်ကြောင်း သိရှိနားလည်ထားသော်လည်း ယခုလိုဒဏ္ဍာရီလာစစ်သည်တော်များကို သူ၏ကိုယ်ပိုင်မျက်လုံးများဖြင့်တွေ့မြင်ခွင့်ရလိမ့်မည်ဟု လုံးဝမမျှော်မှန်းထားခဲ့ပေ။ရှောင်ယုသည် သူ၏တပ်သား၃၀၀၀က ရန်သူတပ်သား၁၀၀၀၀၀ခန့်ကိုရင်ဆိုင်နိုင်သည်ဟု ပြောနေခြင်းမှာအံ့သြစရာမဟုတ်တော့ပေ။အင်အားကြီးမားလှသည့် တောင်ဘီလူးကြီးများသည် သာမန်စစ်သားများကို အလွယ်တကူနင်းခြေရန် လုံလောက်သည်ထက်ပိုမိုသန်မာနေခဲ့သည်။

ထို့ပါဟောင်သည် သူ၏ဦးခေါင်းပေါ်မှနေ၍ ပျံသန်းနေသောသားရဲများစွာ ကျော်ဖြတ်သွားချိန်၌ အချိန်မှီတုံ့ပြန်နိင်ခြင်းမရှိတော့ပေ။ထိုအခိုက်အတန့်တွင် ပျံသန်းနိုင်သည့်သားရဲတစ်ကောင်သည် ရှောင်ယုရှေ့သို့ဆင်းသက်လာခဲ့ကာ ထိုသားရဲပေါ်မှအရပ်မြင့်မြင့်နတ်သူငယ်တစ်ယောက်သည် ရှောင်ယုအားဦးညွတ်လိုက်သည်။

"ရာအူးလ်က အရှင့်ကိုနှုတ်ဆက်ပါတယ်"

ထို့နောက် မရေမတွက်နိုင်သော လင်းနို့စီးနင်းသူများနှင့်နတ်မြင်းပျံများသည် ဝူဟယ်မြို့ထဲသို့စတင်ဆင်းသက်လာခဲ့ကြသည်။

အခန်း ၂၅၈ - အကူအညီတောင်းခံရန် ပြင်ဆင်ရခြင်း

ထို့ပါဟောင်သည် ကောင်းကင်ခြင်္သေ့မင်းဆက်သို့ ခရီးထွက်ခဲ့သော အနောက်တိမ်တိုက်အင်ပါယာ၏ ကုန်သည်များမှတဆင့် ရှောင်ယုနှင့်ခြင်္သေ့နယ်မြေအကြောင်းက်ို ကြားသိခဲ့ရသည်။

သို့သော်သူသည် ဤမျှများပြားသည်အောစ့်များကို မြင်တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ထို့ပြင်၎င်းတို့အား အပြင်၌မျက်မြင်ကိုယ်တွေ့မြင်တွေ့ရချိန်၌ ဒဏ္ဍာရီပုံပြင်များမှအောစ့်များနှင့် များစွာကွဲပြားနေကြောင်းခံစားမိသည်။မူလက ရှောင်ယုထံတွင် အောစ့်၈၀မှ ၁၀၀ခန့်သာရှိလိမ့်မည်ဟု ထို့ပါဟောင်ကထင်မှတ်ထားခဲ့သော်လည်း ယခုရောက်လာသည့်တပ်ကူများ၌ အောစ့်၁၀၀၀ပါဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့ပါဟောင်၏အတွေးထဲတွင် ရှောင်ယုသည်ရှေးခေတ်မှူးမတ်များ၏ဟန်အမူအရာနှင့် ဂုဏ်ကျက်သရေကိုပြန်လည်ရယူလ်ိုသောကြောင့် အောစ့်နှင့်နတ်သူငယ်အချို့အားစုဆောင်းနေသည်ဟု အမြဲယူဆထားခဲ့သည်။သို့သော် အောစ့်များ၊နတ်သူငယ်များ၊လူပုများနှင့်အခြားမျိုးနွယ်ဝင်များသည် ခြင်္သေ့နယ်မြေ၏အဓိကတပ်များဖြစ်ကြောင်း သိရှိလိုက်ရချိန်၌ သူအံ့သြမှင်သက်သွားခဲ့သည်။

အောစ့်များကိုပင်မတပ်များအဖြစ် အသုံးပြုပါက ထိုလူသည်မည်သို့သောစစ်တပ်ကိုပိုင်ဆိုင်ထားမည်ကို တွေးကြည့်နိုင်သည်။အောစ့်စစ်သည်များသည် ဤတိုက်ကြီးပေါ်၌ အားအကောင်းဆုံးသောစစ်သည်များအဖြစ် အကြောင်းမဲ့သတ်မှတ်ခံထားရခြင်းမဟုတ်ပေ။

အောစ့်များသည် မည်သည့်အခက်အခဲမှမရှိဘဲ စစ်တန်းလျားများနှင့်စစ်တဲအိမ်များကို ဖြတ်ကျော်နိုင်ခဲ့သည်။ထိုကဲ့သ်ို့သောစစ်တပ်တစ်ခုကိုမြင်တွေ့လိုက်ချိန်တွင် ရန်သူများကလုံးဝတုံ့ပြန်နိုင်စွမ်းမရှိပေ။

ထိုတပ်များသည် ရန်သူ၁၀၀၀၀၀ကိုပင် သုတ်သင်ရှင်းလင်းနိုင်သည်။

ထို့ပါဟောင်သည် ဝံပုလွေစီးစစ်သည်များနှင့်နတ်ဆရာများအတွက် စိုးရိမ်ပူပန်မှုမဖြစ်တော့ပေ။သူသည် အလွန်သန်မာသောအောစ့်များနှင့်၎င်းတို့စီးနင်းထားသည့် ဝံပုလွေကြီးများကိုတွေ့မြင်ပြီးနောက်တွင် ဝံပုလွေစီးစစ်သည်များသည် ထိုအောစ့်များနှင့်နှိုင်းယှဉ်ပါက လမ်းလျှောက်တတ်ကာစကလေးများကဲ့သို့ ဖြစ်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။

ရှောင်ယု၏တပ်များသည် ဝူဟယ်မြို့သို့တဖြည်းဖြည်းဝင်ရောက်လာခဲ့ကြသည်။ရန်သူတပ်များသည် ထိုမြင်ကွင်းကိုရပ်ကြည့်နေကြပြီး မည်သို့မှတိုက်ခိုက်ခြင်းမပြုကြပေ။သူတို့သည် ဧရာမတောင်ဘီလူးကြီးများအနားသို့တိုးကပ်ရန် သတ္တိမရှိကြပေ။

အဆုံးသတ်တွင် တောင်ဘီလူးကြီးများမြို့ထဲဝင်ရမယ့် အလှည့်သို့ရောက်ရှိလာချိန်၌ ပြဿနာအနည်းငယ်ရှိလာခဲ့သည်။ထိုတောင်ဘီလူးကြီးများသည် အလွန်အရွယ်အစားကြီးမား၍ မြို့တံခါးနှင့်မဆံ့ပေ။သ်ို့ဖြစ်ရာ တစ်ခုတည်းသောရွေးချယ်မှုအဖြစ် ထိုတောင်ဘီလူးကြီးများကို အောစ့်များအားသယ်ဆောင်ရန် အမိန့်ပေးရတော့သည်။တောင်ဘီလူးများသည် သူတို့၏ဒူးများကိုမကွေးနိုင်၍ ထိုင်ထပြုလုပ်၍မရပေ။ထို့ကြောင့် သူတို့အားမြို့တွင်းသို့တစ်စုံတစ်ယောက်က သယ်သွားနိုင်ရန်အတွက် လှဲအိပ်နေရန်လိုအပ်ပေသည်။ကံကောင်းထောက်မစွာဖြင့် အောစ့်များသည်အလွန်သန်မာ၍ တောင်ဘီလူးများကို မြို့တွင်းသို့သယ်ဆောင်နိုင်ခဲ့ကြသည်။အချိန်အတော်ကြာပြီးနောက်တွင် တောင်ဘီလူး၅၀သည် မြို့တွင်းသို့အောင်အောင်မြင်မြင် ရောက်ရှိလာခဲ့သည်။

မြို့ရိုးပေါ်ရှိအစောင့်များသည် ထိုတပ်များကိုကြည့်ရင်း ငေးမောဆွံ့အနေခဲ့ကြသည်။သူတို့သည် ထိုတပ်ဖွဲ့များကိုသတိထားမိသည်မှာ ကြာမြင့်လှပြီဖြစ်သည်။သူတို့ငယ်စဉ်က လူကြီးများပြောပြသည့်ပုံပြင်များထဲတွင် ထိုဒဏ္ဍာရီလာစစ်သည်တော်များအကြောင်းက မပါမဖြစ်ပါရှိလေသည်။ထိတ်လန့်စရာအကောင်းဆုံးသောအပိုင်းမှာ ထိုဒဏ္ဍာရီလာစစ်သည်တော်များ၏အသွင်အပြင်ကို သူတို့၏မျက်စိနှစ်လုံးဖြင့် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် အစောင့်တစ်ယောက်ကရေရွတ်လိုက်မိသည်။

"ငါတို့ရဲ့ဧကရာဇ်က အစစ်အမှန်ပဲ...ဒဏ္ဍာရီတွေရဲ့အဆိုအရ အကြီးမြတ်ဆုံးသောအရှင်သခင်က တစ်ခုတည်းသောစစ်တပ်အောက်မှာ မျိုးနွယ်စုအားလုံးကိုဦးဆောင်နိုင်လိမ့်မယ်"

"အင်း...ဒီအကြောင်းကိုငါတို့သိထားပြီးပြီမလား...မဟုတ်ရင်ငါကဧကရာဇ်မင်းနဲ့ဘာလို့ပူးပေါင်းရမှာလဲ"

"ငါတို့ကမှန်ကန်တဲ့ရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့တာပဲ...ငါတို့နဲ့ပူးပေါင်းလာတဲ့တပ်ကူတွေရဲ့အစွမ်းနဲ့သာဆိုရင် ဒီရန်သူတွေကိုအမြစ်ပြတ်ချေမှုန်းနိုင်လိမ့်မယ်..."

"ဒီစစ်ပွဲကို ငါတို့အနိုင်ရလိမ့်မယ်...ဧကရာဇ်သက်တော်ရာကျော်ရှည်ပါစေ"

"အရှင်မင်းမြတ်သက်တော်ရာကျော်ရှည်ပါစေ...ဧကရာဇ်အတွက်တိုက်ခိုက်ကြ..."

တပ်ကူများရောက်ရှိလာခြင်းကြောင့် မြို့စောင့်တပ်များသည် စိတ်ဓာတ်တဟုန်ထိုးမြင့်တက်လာခဲ့ပြီး နောက်ဆုံးအောင်ပွဲကို သူတို့သာပိုင်ဆိုင်ရလိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေကြသည်။စစ်သည်များသည် ယနေ့တိုက်ပွဲအကြောင်းကို နောင်လာနောင်သားမျိုးဆက်များထံသို့ လက်ဆင့်ကမ်းပေးသွားမည်ဖြစ်ကာ သူတို့ရရှိလာမယ့်ဂုဏ်သိက္ခာနှင့်ဘွဲ့ဆုတံဆိပ်များအကြောင်း အိပ်မက်မက်နေကြပြီဖြစ်သည်။

"အဲ့ဒီမှာဘာတွေဖြစ်နေတာလဲ...အဲ့မီးတောက်တွေကဘာတွေလဲ"

ပါထျန်းမင်သည် အရှေ့ဘက်စခန်းမှတဲများ မီးလောင်ကျွမ်းနေသည်ကိုကြည့်ရင်း ဒေါသတကြီးအော်ဟစ်နေခဲ့သည်။

ရှောင်ယု၏တပ်ကူများသည် မြို့တွင်းသို့ဝင်ရောက်ရန် ဆယ်မိနစ်ခန့်သာကြာမြင့်ခဲ့သော်လည်း အရှေ့ဘက်စခန်း၏ပြိုလဲမှုက ပါထျန်းမင်၏အစီအစဉ်တစ်ခုလုံးအား ကြီးကြီးမားမားအနှောင့်အယှက်ဖြစ်စေခဲ့သည်။

ထိုအချိန်၌ ကင်းထောက်တစ်ဦးကရောက်ရှိလာခဲ့သည်။

"ဗိုလ်ချုပ်....ထူးဆန်းတဲ့တပ်သားတွေနဲ့ဧရာမအကောင်ကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုက အရှေ့ဘက်စခန်းကိုအနောက်ကနေဝင်ရောက်တိုက်ခိုက်ပြီးတော့ ဝူဟယ်မြို့ထဲဝင်ရောက်သွားပါတယ်"

"အောစ့်တွေ...ဧရာမတောင်ဘီလူးတွေ...နတ်သူငယ်တွေဟုတ်လား...မင်းဘာတွေပြောနေတာလဲ"

ပါထျန်းမင်သည် သူ၏ကင်းထောက်များ၏ဦးနှောက်သည် တစ်စုံတစ်ခုကြောင့် ထိခိုက်သွားခဲ့သည်ဟုယူဆမိသွားသည်။တစ်စုံတစ်ယောက်သည် တပ်ဖွဲ့တစ်ခုစာအောစ့်များကို မည်သည့်နေရာမှရရှိနိုင်မည်နည်း။

"လူအချို့က လူပုလေးတွေနဲ့နတ်သူငယ်တွေကိုမြင်လိုက်တယ်လို့ ပြောကြပေမဲ့ သူတို့ကအရမ်းကိုမြန်လွန်းတယ်"

ကင်းထောက်ဖြစ်သူသည် ပါထျန်းမင်၏စိတ်ရှုပ်ထွေးနေမှုကို နားမလည်နိုင်သည့်အတွက်ကြောင့် သူ၏အစီရင်ခံစာကိုဆက်လက်ရှင်းပြနေခဲ့သည်။

"စစ်သားတွေရဲ့တိုက်ခိုက်လိုစိတ်ကို ဖျက်ဆီးဖို့ကြိုးစားနေတာလား...သူ့ကိုဆွဲထုတ်သွားစမ်း"

ပါထျန်းမင်က ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ဗိုလ်ချုပ်ကို အမှန်တရားတွေပြောနေတာပါ...ငါတကယ်ဧရာမဘီလူးကြီးတွေကိုတွေ့ခဲ့တယ်...သူတို့ကအရပ်က၇မီတာ ၈မီတာလောက်ရှိပြီး တစ်ကိုယ်လုံးကိုကျောက်တုံးအရေပြားတွေနဲ့ဖုံးအုပ်ထားတယ်"

ကင်းထောက်က အသက်မရှုစတမ်းပြောနေခဲ့သည်။

"ဗိုလ်ချုပ် ငါတို့မှာပြဿနာရှိနေပြီ"

ထိုအချိန်တွင် အရှေ့ဘက်စခန်းတာဝန်ခံက ပါထျန်းမင်ဆီရောက်လာခဲ့သည်။

ပါထျန်းမင်သည် မျက်မှောင်ကြုတ်လိုက်ကာ ဦးစွာပြောဆိုလိုက်သည်။

"ဧရာမဘီလူးတွေနဲ့အောစ့်တွေက ဝူဟယ်မြို့ထဲကိုဝင်သွားတယ်လို့ မင်းငါ့က်ိုပြောမလို့လား"

တပ်မှူးက ဆက်ပြောလိုက်သည်။

"အဲ့ဒါကအမှန်တရားပဲ...ဒါပေမဲ့ အဲ့ကောင်တွေကငါတို့မြင်ခဲ့သမျှထဲမှာ ကြောက်စရာအကောင်းဆုံးအရာတွေတော့မဟုတ်ဘူး...အဆိုးဆုံးကတော့ ကောင်းကင်ပေါ်ကနေပြီး ပျံသန်းနိုင်တဲ့အကောင်တွေဆီက ပစ်ချလိုက်တဲ့အရာတွေကြောင့် ငါတို့ဆောက်ထားတဲ့တန်းလျားတွေက မီးလောင်ပျက်စီးသွားခဲ့တယ်...ငါတို့ကသတိမမူမိဘဲတိုက်ခိုက်ခံလိုက်ရတာကြောင့် ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့တယ်"

"အဲ့ဒီမှာ ဧရာမတောင်ဘီလူးတွေတကယ်ရှိနေတာလား..."

ပါထျန်းမင်သည် တပ်မှူးဖြစ်သူ၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

တပ်မှူးဖြစ်သူက ရဲရဲတင်းတင်းအဖြေပေးလိုက်သည်။

"အမှန်ပဲဗိုလ်ချုပ်...ဧရာမပုဆိန်ကြီးတစ်လက်ကိုကိုင်ပြီးတော့ ငါတို့တပ်သားတွေကို သတ်ဖြတ်နေတဲ့နွားလားတစ်ကောင်ကိုပါငါတွေ့ခဲ့တယ်...ငါသူ့ကိုတားဆီးဖို့သွားပေမဲ့ အနားမှာရှိတဲ့အခြားတပ်သားတွေကပါ ငါ့ကိုတိုက်ခိုက်ခဲ့ကြတယ်...ငါသူတို့အားလုံးကိုမတိုက်နိုင်ဘူး"

ပါထျန်းမင်သည် ပြဿနာတစ်ခုလုံးအား အလေးအနက်ထား၍စတင်စဉ်းစားလာခဲ့သည်။သူ့အားသတင်းပို့နေသော ဤတပ်မှူးသည် စတုတ္ထအဆင့်သူရဲကောင်းတစ်ဦးဖြစ်ကာ အလွန်အစွမ်းထက်သောသားရဲများကိုပင် တိုက်ခိုက်ဝံ့သူဖြစ်သည်။ထို့ပြင် ထိုသို့အစွမ်းထက်သောရန်သူများသာ ဝူဟယ်မြို့တွင်း၌ရှိနေပါက ပြဿနာကြီးကြီးမားမားဖြစ်ပျက်လာမည်ဖြစ်သည်။

"ထို့ပါဟောင်ကဝူဟယ်မြို့ထဲမှာ ပုန်းအောင်းနေဝံ့တာအံ့သြစရာမဟုတ်တော့ဘူး...အဲ့ဒါကစစ်ကူတွေကြောင့်ပဲ..သူတို့ကဘယ်ကနေရောက်လာတာလဲ..."

ပါထျန်းမင်သည်မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။ထို့ပါဟောင်သည် ထိုတပ်ကူများ၏ထောက်ပံ့မှုကိုရရှိထားပါက ဝံပုလွေစီးစစ်သည် ၂၀၀၀ခန့်ဖြင့်ဝူဟယ်မြို့အားသိမ်းပိုက်ရန်မဖြစ်နိင်ကြောင်း နားလည်ခဲ့သည်။

"အခြားနည်းလမ်းမရှိတော့ဘူး...သူတို့ကိုအကူအညီတောင်းရတော့မယ်ထင်တယ်..."

ပါထျန်းမင်သည် ဆုံးဖြတ်ချက်ချလိုက်သည်။မူလက ထိုလူများသည် သူနောက်ဆုံးအားကိုးရာဖြစ်သည့်အတွက် သူအကူအညီမတောင်းလိုပေ။ထို့ပြင် ထီးနန်းလုပွဲ၌ ထိုလူများအား သူပါဝင်မစွက်ဖက်စေလိုပေ။သို့သော်လည်း ယခုအခါစစ်ပွဲ၏ရလဒ်ကိုထိခိုက်စေနိုင်သော အပြောင်းအလဲများ များစွာဖြစ်ပျက်လာခဲ့သည်။ထို့ကြောင့်ဝူဟယ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ကာ ထို့ပါဟောင်အားအကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်လိုပါက တစ်ခုတည်းသောနည်းလမ်းမှာ ထိုလူများအား အကူအညီတောင်းရန်ဖြစ်သည်။

All Chapters