အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
အခန်း ၂၇၁ - ပြင်းထန်စွာထိုးစစ်ဆင်ခြင်း
"သတ်...."
မရေမတွက်နိုင်သော ရန်သူစစ်သားများသည် လှေကားအမြောက်အများကိုသယ်ဆောင်ကာ ဝူဟယ်မြို့အားစတင်တိုက်ခိုက်လိုက်ကြသည် ။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် အစောင့်တပ်သားများအား လောက်လွဲစင်များနှင့်လှံပစ်စက်များကို အသုံးပြုရန် အမိန့်ပေးလာခဲ့သည် ။ ထို့ပြင် လေးနှင့်မြှားအမြောက်အများကိုလည်း ပေးအပ်ခဲ့သည်။ အနောက်တိမ်တိုက်အင်ပါယာမှလူများသည် လေးပစ်စွမ်းရည်အလွန်ကောင်းမွန်သည့်အတွက်ကြောင့် ရှောင်ယုသည် စစ်သားများကိုထောက်ပံ့နိုင်ရန် မြှားအလုံအလောက်ယူဆောင်လာခဲ့သည်။ ထို့နောက်စစ်သားများကို မြှားတံကုန်ဆုံးမှုအားဂရုမစိုက်ဘဲ ရန်သူကိုသာထိမှန်အောင်ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။
ရှောင်ယုသည် စစ်သားများကို စက်လုံးပုံရွှံအုတ်များပြုလုပ်ထားရန် မှာကြားထားခဲ့ပြီး ယခုအခါ၎င်းတို့အား လောက်လွဲစင်များပစ်ခတ်ရာ၌အသုံးပြုနိုင်ပြီဖြစ်သည်။ စက်လုံးပုံစံရွှံလုံးများသည် ပစ်မှတ်အားထိမှန်ပြီးနောက်တွင် ရပ်တန့်မသွားဘဲ ရှေ့သို့ဆက်လိမ့်သွားကာ ပျက်စီးမှုများစွာကိုဖြစ်ပေါ်စေသည်။
ရန်သူများ၏ ပထမဆုံးတိုက်ခိုက်ရေးတပ်များသည် မြို့ရိုးပေါ်မှ ပြင်းထန်သောပစ်ခတ်မှုစွမ်းအားကိုရင်ဆိုင်ခဲ့ရပြီး တပ်ဖွဲ့၏၇၀ရာခိုင်နှုန်းခန့်သည် သေဆုံးခြင်း သို့မဟုတ် ပြင်းထန်စွာဒဏ်ရာရရှိခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဝိုင်းရံစစ်ပွဲများ၌ ဆုံးရှုံးမှုများအားမလွဲမသေရင်ဆိုင်ရမည်ကို သူတို့သိရှိထားပြီးဖြစ်သည်။ ပါထျန်းမင်သည် ဆုံးရှုံးမှုကိုလုံးဝဂရုမစိုက်ဘဲ တပ်ဖွဲ့များကိုရှေ့သို့ဆက်ပို့နေခဲ့သည်။
ပထမဆုံးတိုက်ခိုက်မှုတွင် လှေကားများကိုမြို့ရိုး၌ချိတ်ထားနိုင်ခဲ့သော ကံကောင်းသည့်စစ်သားအချို့ရှိနေခဲ့သည်။ထိုလှေကားများကို ယခုလိုတိုက်ပွဲမျိုးအတွက် အထူးပြုလုပ်ထားခြင်းဖြစ်သည်။လှေကားချိတ်များကို သံမဏိကုန်ကြမ်းများဖြင့်ထုလုပ်ထားရာ သာမန်လက်နက်များဖြင့်ဖြတ်တောက်ပစ်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် မြို့ရိုးအားတိုက်ရိုက်တိုက်ခိုက်နိုင်ရန်အတွက် လှံပစ်စက်များနှင့် လောက်လွဲစင်များကိုရှေ့သို့ယူဆောင်လာခဲ့သည်။
ပါထျန်းမင်အသုံးပြုနေသော အကြီးစားလှံပစ်စက်များနှင့်လောက်လွဲစင်များသည် မြို့ရိုးကိုထိမှန်ပါက ကြီးမားသောပျက်စီးမှုများကိုဖြစ်ပေါ်စေမှာဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်၌ပျံသန်းနေသော သားရဲများထွက်ပေါ်လာခဲ့သည်။ ထိုပျံသန်းနေသောသားရဲများကို တွေ့မြင်လိုက်ရသောအခါတွင် ပါထျန်းမင်၏မျက်လုံးများသည်ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် ထိုသားရဲများအကြောင်းကိုကြားဖူးသော်လည်း တစ်ခါမှမမြင်တွေ့ဖူးပေ။ ထို့ပြင် ဤသားရဲများသည်စစ်မြေပြင်၌ထွက်ပေါ်လာမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
" ဟမ့်...ဒီကောင်တွေက ပေါ်လာရဲသေးတာလား...ပျံသန်းနိုင်တဲ့သားရဲတွေက အစွမ်းထက်ပေမဲ့ ... ငါတို့မှာ အကြီးစားလှံပစ်စက်တွေ အများကြီးရှိတယ် ... သူတို့အသတ်ခံရမှာမကြောက်ကြဘူးလား "
ပါထျန်းမင်သည် သူ၏လက်နက်ကြီးများအပေါ်တွင် ယုံကြည်မှုအပြည့်ရှိပေသည်။ သူသည် စစ်သားအချို့အား လှံပစ်စက်များကိုချိန်ညှိရန်အမိန့်ပေးကာ ပျံသန်းနေသောသားရဲများကို ပစ်ချရန်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ထိုသို့ချိန်ညှိရသောလုပ်ငန်းစဉ်သည် ရှည်လျားပြီး ခက်ခဲပေသည်။ အထူးသဖြင့် အကြီးစားလှံပစ်စက်များကို အမြင့်သို့ချိန်ရွယ်ပစ်ခတ်လိုပါက ပြင်ဆင်ချိန်ပိုမိုလိုအပ်ပေသည်။ ထိုအချိန်တွင် ပျံသန်းနေသောသားရဲများသည် လှံပစ်စက်များနှင့်လောက်လွဲစင်များ၏ တည်နေရာကိုဖြတ်ကျော်သွားခဲ့သည်။ သို့သော်လည်း သူတို့သည်မြေပြင်သို့ဆင်းကာတိုက်ခိုက်မယ့်အစား ကောင်းကင်ပေါ်မှနေ၍ပုလင်းအမြောက်အများကို ပစ်ချခဲ့ကြကာ ပျံသန်းထွက်ခွာသွားကြသည်။
ဗုံး ... ဗုံး ...
သေးငယ်သောကျောက်တုံးများဟုထင်ရသည့် ဤပုလင်းများသည် ပြင်းထန်သောပေါက်ကွဲမှုများကိုဖြစ်ပေါ်စေခဲ့သည်။ ထိုပုလင်းများနှင့်ထိခိုက်မိသော လှံပစ်စက်များနှင့်လောက်လွဲစင်များသည် သစ်သားအပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုလောက်လွဲစင်များနှင့် လှံပစ်စက်များကိုထိန်းချုပ်နေသည့်စစ်သားများသည်လည်း သေဆုံးခြင်းသို့မဟုတ် ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်ခဲ့ကြသည်။ ထိုပေါက်ကွဲမှုများသည် စခန်းအတွင်း၌ မီးတောက်များကိုပင် ဖန်တီးပေးခဲ့သည်။
" အဲ့ဒါတွေက ဘာတွေလဲ "
ပါထျန်းမင်သည် ပေါက်ပွဲမှုများကိုကြည့်ကာ စိတ်ရှုပ်ထွေးနေခဲ့သည်။
" ဒီအရာတွေက စတုတ္ထအဆင့်မှော်ဆရာတစ်ယောက်ရဲ့ မှော်မန္တန်အစွမ်းထက် မနိမ့်တဲ့ပေါက်ကွဲမှုကိုဖြစ်ပေါ်စေတယ် ... ဘာပဲဖြစ်ဖြစ် သူတို့ကအဲ့ဒါတွေကို အကန့်အသတ်မရှိပစ်ချလို့တော့မရဘူး ... မဟုတ်ရင်ငါတို့အားလုံးသေသွားတဲ့အထိ အဲ့ဒါတွေကိုဆက်တိုက်ပစ်ချနေလိမ့်မယ် "
ပါထျန်းမင်သည် ထိုတိုက်ခိုက်မှုအား အလွန်ပင်ကြောက်ရွံ့သွားခဲ့သည်။
" ဖွဲ့စည်းပုံကိုပြင်ဆင် .... လောက်လွဲစင်နဲ့လှံပစ်စက်တွေကို နေရာရွေ့ကြ "
ပါထျန်းမင်ကအမိန့်ပေးလိုက်သည်။ သူသည် လောက်လွဲစင်များနှင့် အကြီးစားလှံပစ်စက်များကို အမြောက်အများပြင်ဆင်ထားခဲ့ရာ အချို့သောဆုံးရှုံးမှုများက အခြေအနေတစ်ခုလုံးအားမထိခိုက်စေပေ။
ဤတိုက်ခိုက်မှုသည် ခြင်္သေ့နယ်မြေသို့ ကာရီပြုလုပ်ခဲ့သော တိုက်ခိုက်မှုနှင့် လုံးဝကွဲပြားသည့်အဆင့်တွင်ရှိသည်။ ကာရီသည် ခြင်္သေ့မြို့အားတိုက်ခိုက်စဉ်က ဒါဇင်နှင့်ချီသည့်လောက်လွဲစင်များနှင့် လှံပစ်စက်များကိုသာ ယူဆောင်လာခဲ့သော်လည်း ပါထျန်းမင်သည် ရာနှင့်ချီသော အကြီးစားလှံပစ်စက်များနှင့် မရေမတွက်နိုင်သော အသေးစားလှံပစ်စက်များကိုယူဆောင်လာခဲ့သည်။
အကြီးစား လောက်လွဲစင်များနှင့်လှံပစ်စက်များသည် မြို့ရိုးနံရံအားဦးတည်တိုက်ခိုက်ရာတွင် အသုံးပြုနေခဲ့ပြီး သာမန်လောက်လွဲစင်များနှင့်အသေးစားလှံပစ်စက်များကိုမူ မြို့ရိုးပေါ်ရှိတပ်သားများအား ပစ်ခတ်ရာတွင်အသုံးပြုနေခဲ့သည်။ အထူးသဖြင့် အသေးစားလှံပစ်စက်များသည် အလွယ်တကူချိန်ညှိနိုင်ကာ ပစ်မှတ်ကိုမြန်ဆန်စွာပစ်ခတ်နိုင်သည်။
ဒုံး ... ဒုံး ....
စစ်ပွဲစည်သံနှင့်ဗုံသံများက အဆက်မပြတ်ထွက်ပေါ်လာကာ စစ်သားများကိုစိတ်ဓာတ်တက်ကြွနေစေခဲ့သည်။ သူတို့သည် သူတို့၏ရဲဘော်ရဲဘက်များကို ဆုံးရှုံးသွားခဲ့သော်လည်း ဝူဟယ်မြို့အားတိုက်ခိုက်ရန်အတွက် သူတို့ရဲဘော်များ၏အလောင်းကိုတက်နင်းသွားခဲ့ကြသည်။ အနောက်တိမ်တိုက်အင်ပါယာမှလူများသည် သဘာဝအလျှောက်သန်မာကြသည်။ သူရဲဘောကြောင်သူများ ၊ ပျော့ညံ့သူများသည် ဤခက်ခဲကြမ်းတမ်းသောပတ်ဝန်းကျင်၌ ကြာကြာမရှင်သန်နိုင်ကြပေ။ လူထောင်ပေါင်းများစွာသေကြေပျက်စီးခဲ့ပြီးနောက်တွင် ဒါဇင်နှင့်ချီသောမြို့သိမ်းလှေကားများသည် မြို့ရိုးပေါ်၌တွဲလောင်းကျနေခဲ့သည်။ ထို့ပြင် မြို့ရိုးဖောက်မောင်းတုံးသည်လည်း မြို့တံခါးကိုရောက်ရှိလာခဲ့သည်။
သို့သော်လည်း မြို့တံခါးကိုဖျက်ဆီးတော့မည့်အချိန်တွင် တံခါးများပွင့်သွားသည်ကိုတွေ့လိုက်ရ၍ ရန်သူစစ်သားများအံ့သြသွားကြသည်။ သူတို့၏ပင်ကိုယ်အသိစိတ်က အထဲတွင်ထောင်ချောက်တစ်ခုရှိနေသည်ဟု ပြောနေသော်လည်း သတ္တိကောင်းသူအချို့က မြို့တံခါးကိုဖြတ်ကျော်ဝင်ရောက်သွားကြသည်။ သို့သော်လည်း သူတို့မြို့ထဲသို့ဝင်လိုက်ချိန်တွင် သူတို့၏ရွေးချယ်မှုအား နောင်တရသွားကြသည်။ သူတို့ရှေ့တွင် သပ်သပ်ရပ်ရပ်တန်းစီးထားသော တောင်ဘီလူး၁၀ကောင်ရှိနေခဲ့သည်။
တောင်ဘီလူးများသည် ရန်သူစစ်သားများကိုတိုက်ခိုက်ရန်အတွက် သူတို့၏လက်သီးများကို အသုံးမပြုခဲ့ကြပေ။ ယင်းအစားရန်သူစစ်သားများအပေါ်သို့ သူတို့၏ခန္ဓာကိုယ်များအား လှိမ့်သွင်းလိုက်ကြသည်။ရှောင်ယုသည် အမြင့်၇မီတာမှ၈မီတာခန့်ရှိသော တောင်ဘီလူးများ၏အရွယ်အစားကိုချိန်ညှိနိုင်ရန်အတွက် စစ်ပွဲမတိုင်မှီ မြို့တံခါး၏အရွယ်အစားကိုပြောင်းလဲခဲ့သည်။ သို့ဖြစ်ရာ တောင်ဘီလူးများသည် မည်သည့်အတားအဆီးကိုမှမခံစားရတော့ဘဲ သက်တောင့်သက်သာဖြစ်နေကာ သူတို့၏ခန္ဓာကိုယ်များအား အလိုရှိသလိုလဲလျောင်းလှိမ့်သွင်းနိုင်ပြီဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် ရန်သူတပ်သားများသည် တောင်ဘီလူးတစ်ကောင်တည်းဆိုလျှင် ထွက်ပြေးနိုင်မည်ဖြစ်သည်။ သို့သော်လည်း တောင်ဘီလူး၁၀ကောင်က အတူတကွလှိမ်းသွင်းလာရာ ရန်သူများသည်ကြောက်ရွံ့ထိတ်လန့်သွားကြပြီး ပရမ်းပတာဖြစ်ကာ အမြောက်အများသေကြေပျက်စီးကုန်ကြသည်။ အောစ့်နှင့်နတ်သူငယ်လေးသမားများသည် တောင်ဘီလူးများနောက်မှလိုက်ပါလာခဲ့ကြကာ တောင်ဘီလူးများ၏လက်ချက်မှ လွတ်မြောက်သွားသည့်ရန်သူများအား သတ်ဖြတ်ကြသည်။
ထို့နောက် မြို့ရိုးနံရံပေါ်၌ တောင်ဘီလူးအနည်းငယ်ထွက်ပေါ်လာခဲ့ကာ မြို့ရိုးပေါ်၌လဲလျောင်း၍ အောက်သို့လိမ့်ချလိုက်ကြသည်။ မြို့ရိုး၏အမြင့် ၁၀မီတာသည် တောင်ဘီလူးကြီးများအဖို့ အရေးမပါလှပေ။ သို့သော်လည်း အသွေးအသားဖြင့်ပြုလုပ်ထားသည့်သာမန်လူများသည် သူတို့အပေါ်သို့ တောင်ဘီလူးများပြုတ်ကျလာချိန်၌ ရှင်သန်နိုင်စွမ်းမရှိကြပေ။
တောင်ဘီလူးများသည် အောက်သို့ပြုတ်ကျလာပြီးနောက်တွင် ရှေ့သို့ဆက်၍လိမ့်ဆင်းသွားကြသည်။စစ်သားများသည် နောက်သို့အပြေးအလွှားဆုတ်ခွာကြသော်လည်း ရွှံအုတ်အပြိုအပျက်များကြား၌ ဖရိုဖရဲဖြစ်ခဲ့ကြသည်။ ထို့ကြောင့်မြို့ရိုးနံရံနှင့်နီးကပ်နေသော စစ်သားများသည်တောင်ဘီလူးများကြောင့် သေဆုံးသွားကြရသည်။
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ရင်း ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။ သူသည် သူ၏တပ်သားများကိုသက်ဆိုင်ရာကဏ္ဍအလိုက် သင့်လျော်အောင်ရွေးချယ်၍ အကောင်းဆုံးအသုံးပြုရမှာဖြစ်သည်။ ရှောင်ယုသည် တောင်ဘီလူးများကိုအသုံးပြုကာ ရန်သူများအားတစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ရမည်ကိုငြီးငွေ့နေခဲ့သည်။ ယခုအခါသူတို့သည် အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုဒဏ်ကိုခံစားနေရ၍ တောင်ဘီလူးများ၏ကြီးမားသောခန္ဓာကိုယ်သည် ရန်သူများကိုချေမှုန်းရန် အကောင်းဆုံးလက်နက်ဖြစ်သည်။
ခဏအကြာတွင် တောင်ဘီလူးများသည် မြို့ထဲသို့တစ်ယောက်ပြီးတစ်ယောက်လှိမ့်ဝင်လာကြသည်။ သူတို့၏ခန္ဓာကိုယ်သည် မြို့တံခါးထက်မြင့်နေ၍ ထိုသို့လှိမ့်၍သာဝင်ရပေသည်။
ထိုအခါ ပါထျန်းမင်ဖန်တီးခဲ့သော အားသာချက်အခြေအနေသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ရန်သူစစ်သည်များသည် အဆက်မပြတ်ပြိုလဲနေကာ မြို့သိမ်းလှေကားများသည်လည်း တောင်ဘီလူးများ၏ဖြိုခွဲမှုကိုခံနေရသည်။ သာမန်အောစ့်တစ်ကောင်သည် လှေကားများအားချိုးဖျက်ရန်ခက်ခဲသော်လည်း တောင်ဘီလူးကဲ့သို့ဧရာမသတ္တဝါတစ်ကောင်က ၎င်းကိုအလွယ်တကူပြုလုပ်နိုင်သည်။
မည်သို့ပင်ဆိုစေ တောင်ဘီလူးများ၏တုံ့ပြန်မှုသည် အလွန်ပင်နှေးကွေးပေရာ သူတို့သည် သူရဲကောင်းများကို တစ်ယောက်ချင်းရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲမှုရှိပေသည်။ သူရဲကောင်းများသည် သူတို့၏ကျွမ်းကျင်မှုများအားအသုံးပြုကာ တောင်ဘီလူး၏တိုက်ခိုက်မှုများကို လွယ်ကူစွာရှောင်တိမ်းနိုင်သည်။ သို့သော်လည်း တောင်ဘီလူးများသည် အကြွင်းမဲ့ခွန်အားကိုပိုင်ဆိုင်ထားသည်မှာ ငြင်းဆန်၍မရပေ။
ပါထျန်းမင်သည် သူ၏ပထမတိုက်ခိုက်ရေးတပ်ဖွဲ့များ လုံးဝပြိုဆင်းသွားသည်ကိုမြင်သော် သွေးအန်လုမတတ်ဖြစ်သွားခဲ့သည်။ ရှောင်ယုသည် တောင်ဘီလူးများအားပိုင်ဆိုင်ထားသည်ကို သူသိထားသော်လည်း ယခုလ်ိုနည်းလမ်းဖြင့်အသုံးပြုလာမည်ဟု မမျှော်လင့်ထားပေ။ ပါထျန်းမင်သည် သူ၏စစ်သားများကို တောင်ဘီလူးများအားရှောင်ရှားရန် အမိန့်ပေးထားခဲ့သည်။ သို့သော်လည်း တောင်ဘီလူးများ၏ခန္ဓာကိုယ်ကိုအသုံးပြုကာ တိုက်ခိုက်သောနည်းလမ်းကို ပါထျန်းမင်သည်ပင်မစဉ်းစားတတ်ပေ။
" ဆက်တိုက်ကြ ... နတ်ဆရာတွေနဲ့မှော်ဆရာတွေက တိုက်ပွဲမှာပါဝင်ပြီး ရန်သူတွေကိုနှိမ်နင်းနိုင်အောင်လို့ စစ်သားတွေကိုကူညီပေးကြ "
ပါထျန်းမင်ကလှမ်း၍အော်ဟစ်လိုက်သည်။ နတ်ဆရာများ၏ တိုက်ခိုက်မှုအကွာအဝေးသည် အလွန်ရှည်လျားပြီး စစ်သားများကိုရန်သူများ၏တိုက်ခိုက်မှုမှကာကွယ်ပေးရန် မြေကြီးအကာအကွယ်ကိုထုတ်ဖော်နိုင်သည်။
တစ်ဖက်တွင် ဝတ်ရုံနက်များသည် မှော်ဆရာများကိုစေလွှတ်ခဲ့ကြသည်။ ထိုမှော်ဆရာများသည် တတိယအဆင့်သို့ရောက်ရှိနေကာ ကြီးမားသည့်မှော်မန္တန်များကိုထုတ်ဖော်နိုင်ကြပြီး သူတို့ တိုက်ခိုက်မှုများသည် မယုံနိုင်လောက်အောင် အကျိုးသက်ရောက်မှုရှိကြသည်။
ဤသို့ဖြင့် တိုက်ခိုက်မှု၏ဒုတိယလှိုင်းသည် ချက်ချင်းစတင်လာခဲ့သည်။ စစ်သားများသည် နတ်ဆရာများနှင့်မှော်ဆရာများ၏အကူအညီဖြင့် အကာအကွယ်အလွှာတစ်ခုဖန်တီးကာ ဖြေးဖြေးချင်းရှေ့တိုးလာပြီး တိုက်ခိုက်ရန်စီစဉ်ခဲ့ကြသည်။
" အဲ့ဒီအကာအကွယ်တွေက မင်းတို့ကိုကာကွယ်နိုင်မယ်လို့ထင်နေတာလား ... ဖြိုဖျက်သူတွေနဲ့လမင်းပစ်ခတ်သူတွေ...ပစ် "
ရှောင်ယုသည် ထိုနတ်ဆရာများနှင့်မှော်ဆရာများအား သူတို့တိုက်ခိုက်နိုင်သည့် အကွာအဝေးသို့ရောက်ရှိလာအောင် ချီတက်ခွင့်မပြုနိုင်ကြောင်း နားလည်ထားသည်။
ဝူးရှ်...ဝူးရှ်...ဝူးရှ်
မြို့ရိုးအုတ်အရွယ်ရွှံ့အုတ်များသည် ဒိုင်းများကိုကိုင်ဆောင်ထားသည့်စစ်သားများကို စတင်ပစ်ခတ်ခဲ့ကြသည်။ သို့သော် လမင်းပစ်ခတ်သူများက အထိရောက်ဆုံးဖြစ်သည်။ သူတို့ပစ်လွှတ်လိုက်သောဓားစက်ဝိုင်းများသည် ဒိုင်းလွှားများကိုဖြတ်တောက်၍ ဒိုင်းနောက်ရှိလူများကိုပင် ခွဲထုတ်နိုင်ပေသည်။
သို့သော်လည်း ယခုတစ်ကြိမ်၌ရှောင်ယုသည် ပါထျန်းမင်အားလျော့တွက်မိသွားခဲ့သည်။ ဒိုင်းများကိုအသုံးပြုနေသော စစ်သားများသည် အစစ်အမှန်နတ်ဆရာများနှင့်မှော်ဆရာများကို အကာအကွယ်ပေးနေခြင်းမဟုတ်ကြောင်း သူမသိခဲ့ပေ။ အစစ်အမှန်နတ်ဆရာများနှင့်မှော်ဆရာများသည် သူတို့၏အဝတ်အစားများကိုဖုံးကွယ်၍ မြို့အားတိုက်ခိုက်ရန်လုံလောက်သောအကွာအဝေးတစ်ခုထိ ချည်းကပ်လာနိုင်ခဲ့ကြသည်။
ထို့နောက်မှော်တိုက်ခိုက်မှုများ စတင်ထွက်ပေါ်လာခဲ့ကာ လျှပ်စီးများ ၊ မီးတောက်များ ၊ ရေခဲများသည် ကောင်းကင်ယံ၌ပြည့်နှက်သွားခဲ့သည်။
အခန်း ၂၇၂ - အသေခံတိုက်ခိုက်မှု
နတ်ဆရာများ၏တိုက်ခိုက်မှုသည် မှော်ဆရာများ၏မှော်မန္တန်နှင့် အနည်းငယ်ကွဲပြားပေသည်။
သူတို့၏တိုက်ခိုက်မှုသည် တူညီသော်လည်း နတ်ဆရာများသည် ကောင်းကင်နှင့်မြေကြီးကိုလှည့်ဖျားရန်အတွက် သူတို့၏ဆန္ဒအတိုင်းဖန်ဆင်းထားသည့် မှော်ဒြပ်စင်များကိုစုဆောင်းကာ တိုက်ခိုက်ကြချိန်တွင် မှော်ဆရာများကသဘာဝမှစွမ်းအားများကို စုဆောင်းတိုက်ခိုက်ကြသည်။
နတ်ဆရာများသည် ကောင်းကင်နှင့်မြေကြီး၏ဒြပ်စင်များကို သူတို့၏စိတ်ဝိညာဉ်နှင့်ဆက်သွယ်ကာ တိုက်ခိုက်ရာတွင်အသုံးပြုခြင်းဖြစ်သည်။ ထို့ကြောင့် ဒြပ်စင်များသည် အဆင့်ဆင့်ပြောင်းလဲနိုင်ပြီး နှင်းခဲများ ၊ လျှပ်စီးများ ၊ မိုးကြိုးများဖြစ်ပေါ်လာကြသည်။ အမှန်တွင် နတ်ဆရာများ၏မန္တန်များသည် မှော်ဆရာများထက်စာလျှင် ယဇ်ပုရောဟိတ်များ၏မန္တန်နှင့်ဆင်တူကြပေသည်။ သူတို့နှစ်ဦးလုံးသည် နတ်ဘုရား၏တန်ခိုးစွမ်းအားနှင့်ချိတ်ဆက်မှုအပေါ် အားက်ိုးကြသည်။ ထိုသို့ယုံကြည်မှုစွမ်းအားက သူတို့၏စိတ်ဝိညာဉ်အား ကောင်းကင်နှင့်မြေကြီးကိုဆက်သွယ်ခွင့်ပေးခဲ့သည်။
ထိုခဏတွင် ဝူဟယ်မြို့၏ကောင်းကင်ယံအား သဲမုန်တိုင်းကလွှမ်းခြုံလာကာ မှိုင်းညို့လာခဲ့သည်။ လျှပ်စီးနှင့်မိုးကြိုးတို့ကလည်း မြို့ရိုးကိုရိုက်ခတ်လာကာ မြို့စောင့်တပ်သားများ၏မြင်ကွင်းကို ပိတ်ဆို့ထားခဲ့သည်။
" မိုက်ရိုင်းလိုက်တဲ့ကောင်တွေ...နောက်တစ်ကြိမ်တိုက်ကြ "
ရှောင်ယုသည် လက်ရှိအခြေအနေအားတည်ငြိမ်စေရန်အတွက် နောက်ထပ်တစ်ကြိမ်ဗုံးကြဲခိုင်းလိုက်သည်။
ဝွီး ... ဝွီး ...
လင်းနို့ကြီးများသည် သူတို့၏အတောင်ပံများကိုရိုက်ခတ်၍ မြို့ရိုးပေါ်၌ပျံသန်းနေခဲ့ကြပြီး နတ်ဆရာများနှင့်မှော်ဆရာများကို တိုက်ခိုက်လာကြသည်။ ထို့နောက် စစ်မြေပြင်အားမီးတောက်များကဖုံးလွှမ်းသွားခဲ့ကာ ရန်သူများ၏မှော်ဆရာများ ၊ နတ်ဆရာများနှင့်စစ်သားများသည် သေဆုံးဒဏ်ရာရသွားကြသည်။
" မှော်ဆရာတွေနဲ့လှံပစ်စက်တွေ...အဲ့ဒီလင်းနို့တွေကိုပစ်ချကြစမ်း ... "
ပါထျန်းမင်သည် လှမ်း၍အော်ဟစ်လိုက်သည်။
ပထမအကြိမ်ဗုံးကြဲမှုကို ခံစားပြီးနောက်တွင် ရန်သူတပ်သားများသည်သူတို့၏ရန်သူများကို ရှင်းရှင်းလင်းလင်းနားလည်သွားခဲ့ရာ မကြောက်ရွံ့ကြတော့ပေ။ သူတို့သည် လင်းနို့များကိုပစ်ချရန်အတွက် လှံပစ်စက်များကိုအသည်းအသန်ပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်း ရှောင်ယုကလင်းနို့များကို စစ်မြေပြင်၏အတွင်းပိုင်းသို့မသွားရန် ကြိုတင်မှာကြားထားပြီး ဗုံးကြဲပြီးသည်နှင့်ပြန်လှည့်လာရန် မှာကြားထားသည်။ မည်သို့ပင်ဆိုစေ လင်းနို့နှစ်ကောင်သည် ကောင်းကင်ပေါ်မှပစ်ချခံခဲ့ရသည်။
လင်းနို့ကိုထိန်းကျောင်းနေသော မှင်စာလေးများသည် လင်းနို့ကိုထိန်းချုပ်နိုင်ခြင်းမရှိတော့၍ သူတို့၏ကံကြမ္မာကိုလက်ခံလိုက်ကြကာ လင်းနို့ကိုနတ်ဆရာများနှက့်မှော်ဆရာများထံ ကျဆင်းစေလိုက်ပြီး သူတို့ကိုယ်သူတို့ဖောက်ခွဲလိုက်သည်။ ထိုလင်းနို့စီးမှင်စာများသည် အသေခံဗုံးတပ်သားများဖြစ်ကြကာ နောက်ဆုံးလက်နက်အနေဖြင့် သူတို့ကိုယ်သူတို့ဖောက်ခွဲ၍ ရန်သူများကိုအပါခေါ်သွားကြသည်။
အဆုံးသတ်တွင် လင်းနို့များသည် မှော်တိုက်ခိုက်မှုများကို ရပ်တန့်နိုင်ခဲ့သော်လည်း သာမန်စစ်သားများသည်ကား မြို့ရိုးနံရံပေါ်သို့တက်လာခဲ့ကြသည်။ သို့သော်လည်း သူတို့မြို့ရိုးပေါ်ရောက်ချိန်ထိ မည်သည့်ခုခံမှုမှမရင်ဆိုင်ခဲ့ရပေ။ ပုံမှန်ဆိုလျှင် သူတို့မြို့ရိုးပေါ်တက်နေချိန်၌ မြှားဖြင့်ပစ်ခတ်ခံရခြင်း သို့မဟုတ် သူတို့တက်နေသောလှေကားများကိုဆွဲလန်ပစ်သော အစောင့်များရှိနေခဲ့သည်။ သို့သော်လည်း ဤတစ်ခေါက်တွင် သူတို့သည်မြို့ရိုးပေါ်သ်ို့လွယ်လွယ်ကူကူရောက်သွားပေရာ တစ်စုံတစ်ခုမှားယွင်းနေပုံရသည်။
ရန်သူစစ်သားများသည် တခဏအကြာတွင် အကြောင်းရင်းကိုနားလည်သွားကြသည်။ သူတို့သည်မြို့ရိုးပေါ်သို့ရောက်ရှိချိန်၌ အောစ့်များမြို့ရိုးပေါ်ဲရပ်နေသည်ကို တွေ့လိုက်ရသည်။ အောစ့်များသည် ရန်သူစစ်သားများကိုတွေ့မြင်သည်နှင့် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။
အား ဂီးး ....
အောစ့်များသည် ရန်သူစစ်သားများကိုသတ်ဖြတ်ရန် ပုဆီန်များကိုအသုံးမပြုခဲ့ကြပေ။ ထို့အစားသူတို့သည် ရန်သူစစ်သားများကိုမြို့ရိုးအောက်သို့ပစ်ချရန်အတွက် သူတို့၏သန်မာသောခန္ဓာကိုယ်ကို အသုံးချခဲ့ကြသည်။ ကျဆုံးသွားသည့်စစ်သားများသည် အခြားသူများကိုထိမှန်ပြုတ်ကျစေခဲ့ကာ မကြာမှီမြို့ရိုးအောက်၌ လူသေအလောင်းများ အစုလိုက်အပြုံလိုက်ဖြစ်ပေါ်လာခဲ့သည်။
အဆုံးသတ်တွင် မြို့ရိုးပေါ်သို့ရောက်ရှိသွားကြသည့်စစ်သားများသည် မြို့ရိုးပေါ်၌အချိန်ခဏလေးတောင်ရပ်တည်ခွင့်မရလိုက်ပေ။ ထို့ပြင် မြို့ရိုးအောက်သို့ပြုတ်ကျသွားသည့် ရန်သူစစ်သားအများစုသည် ခြေထောက်နှင့်အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ကျိုးကြေသွားကြသည်။ စစ်မြေပြင်၌ သေဆုံးသွားသူအရေအတွက်ထက် ဒဏ်ရာရရှိသူအရေအတွက်ပိုမိုများပြားနေခြင်းသည် အနုတ်လက္ခဏာတစ်ရပ်ဖြစ်သည်။ ဒဏ်ရာရစစ်သည်များသည် တိုက်ပွဲမဝင်နိုင်သော်လည်း အစာစားရန်လိုအပ်ပေရာ သူတို့သည်ပါထျန်းမင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့သည်။
ဤသို့ဆက်ဖြစ်နေပါက ပါထျန်းမင်သည် သူ၏လက်ရွေးစင်တပ်သားများ သို့မဟုတ် ဝှက်ဖဲများကိုအသုံးပြုတော့မည်ဖြစ်ကြောင်း ရှောင်ယုသတိပြုမိခဲ့သည်။ အောစ့်များသည် အဆင့်မြင့်လက်ရွေးစင်တပ်သားများကို တစ်ကိုယ်တော်ယှည်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း အောစ့်များ၏အရေးအကြီးဆုံးလက္ခဏာရပ်များမှာ သူတို့၏သန်မာကြံ့ခိုင်သောကိုယ်ခန္ဓာများဖြစ်ကြသည်။ သာမန်အောစ့်တစ်ကောင်သည် သာမန်ရန်သူ ၃ယောက်ခန့်ကို အလွယ်တကူရင်ဆိုင်နိုင်သည်။
ရှောင်ယုသည် လှည့်ကွက်အချို့ကိုဖန်တီးကာ ရန်သူတပ်သားများကို မြို့ရိုးနံရံအောက်သို့တွန်းချခြင်းဖြင့် ကောင်းမွန်သောနည်းဗျူဟာတစ်ခုဖြစ်လာခဲ့သည်။ အောစ့်များသည် ရန်သူစစ်သားများကိုတိုက်ရိုက်ပစ်ချရန်အတွက် သူတို့၏သန်မာသောခန္ဓာကိုယ်အား မှီခိုအားထားခဲ့ရသည်။ အမှန်တွင် ရှောင်ယုသည်မြို့ရိုးပေါ်တက်လာသောစစ်သားများကို ပစ်ချနိုင်ရန်အတွက် သစ်တုံးထောင်ချီကိုကြိုတင်ပြင်ဆင်ထားခဲ့သည်။
စစ်သားအမြောက်အများသည် မြို့ရိုးပေါ်မှပြုတ်ကျလာသော်လည်း ကျန်စစ်သားများသည် ဆက်လက်တက်ရောက်လာနေဆဲဖြစ်သည်။
ပါထျန်းမင်သည် တောင်ဘီလူးကြီးများအကြားရှိ နေရာလွတ်ကိုဖြတ်ကျော်ကာ မြို့ထဲသို့ဝင်ရောက်စေရန်အတွက် စစ်သည်များကို မြို့တံခါးထံစေလွှတ်ခဲ့သည်။ တောင်ဘီလူးများသည် ဉာဏ်ရည်နိမ့်ပါးကြပြီး ဖြေးညင်းစွာရွေ့လျားနေကြသောကြောင့် စစ်သည်များသည် အမြန်ရွေ့လျားကာ ထိုနေရာလွတ်များကို ဖြတ်ကျော်နိုင်ကြသည်။
သို့သော်လည်း ရှောင်ယုသည်ထိုအချက်ကို သတိပြုမိသည့်အတွက် တောင်ဘီလူးများ၏နောက်ကွယ်၌ နတ်သူငယ်လေးသမား၅၀နှင့်မုဆိုး၅၀တို့်အား ကြိုတင်စေလွှတ်ထားခဲ့သည်။ နတ်သူငယ်မုဆိုးများသည် လျင်မြန်သောတပ်ဖွဲ့များဖြစ်ကြပြီး သူတို့သည် အနီးကပ်နှင့်တာဝေးပစ်နှစ်မျိုးလုံး၌ တိုက်ခိုက်နိုင်သူများဖြစ်ကြသည်။ အောစ့်များသည် တောင်ဘီလူးများ၏နောက်ကွယ်တွင် ကာကွယ်ရေးလိုင်းတစ်ခုဖွဲ့စည်းထားကာ နတ်သူငယ်လေးသမားများနှင့်မုဆိုးများကို အကာအကွယ်ပေးထားပြီး မြို့တွင်းသို့ပြေးဝင်လာသော ရန်သူများကိုဆက်တိုက်ပစ်ခတ် သတ်ဖြတ်ခဲ့ကြသည်။
သူရဲကောင်းများသည်လည်း ဤခုခံကာကွယ်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြသည်။ ဂရင်းနှင့်ခိုင်ရင်းတို့သည် ဤစစ်ပွဲတွင်အထင်ပေါ်ဆုံးများဖြစ်ကြသည်ကို ပြောပြနေရန်မလိုအပ်ပေ။ သူတို့သည် ရန်သူစစ်သားများရှိနေသည့်နေရာတိုင်းသို့ အပြေးအလွှားသွားရောက်ကြသည်။ သူတို့သည် သူတို့၏သန်မာကြံ့ခိုင်သောခန္ဓာကိုယ်နှင့် ထူးကဲသောကျွမ်းကျင်မှုများကိုအသုံးပြုကာ ရန်သူစစ်သားများ၏အသက်ကိုနှုတ်ယူနေကြသည်။
အန်တိုနီဒက်စ်သည်လည်း သူ၏မှော်စွမ်းအင်ကိုမကန့်သတ်ဘဲ ဆက်တိုက်အသုံးပြုကာ မှော်မန္တန်ကိုထုတ်ဖော်လိုက်ရာ ကောင်းကင်ပေါ်မှရေခဲမိုးရွာသွန်း၍ ရန်သူများကိုသတ်ဖြတ်ခဲ့သည်။ မိုင်ယဗ်သည်လည်း စစ်မြေပြင်၌ပြေးလွှားလှုပ်ရှားနေကာ သူမ၏ဓားမြှောင်ဖြင့်ဦးတည်ခံရသူ မည်သူမှအသက်မရှင်ခဲ့ကြပေ။
မည်သို့ပင်ဆိုစေ ရန်သူဘက်မှသူရဲကောင်းအနည်းငယ်သည်လည်း ဂရင်းအားတိုက်ခိုက်ရန်အတွက် အလျင်စလိုဖြစ်လာကြသည်။ ၎င်းတို့အားလုံးသည် စတုတ္ထအဆင့်သူရဲကောင်းများဖြစ်ကြပြီး သာမန်အားဖြင့် ဂရင်းထက်ပိုမိုအားကောင်းနေရမည်ဖြစ်သည်။ သို့သော်လည်း ဂရင်းသည် ကိုဒိုသားရဲများနှင့် ရှောင်ယုဆင့်ခေါ်ထားသည့်တိုတမ်များ ၊ ခိုင်ရင်း၏တိုက်ပွဲအော်သံနှင့် နတ်ဆရာများ၏သွေးဆာလောင်ခြင်းအစွမ်းတို့ကြောင့် သူ၏ခွန်အားသည်များစွာတိုးတက်လာခဲ့သည်။
လိုရင်းပြောရပါက ဂရင်းအပါအဝင် အောစ့်စစ်သည်များအားလုံးသည် သူတို့၏တိုက်ခိုက်မှုစွမ်းအားကို နှစ်ဆမျှမြင့်တင်နိင်ခဲ့ကြသည်။ အဆုံးသတ်တွင် ထိုသူရဲကောင်းများသည် ဂရင်းအားမတားဆီးနိုင်ခဲ့ပေ။
ရှောင်ယုသည် မြေပြင်အနေအထားအားသာချက်ကို အသုံးချကာ ပါထျန်းမင်၏တပ်များကို အလွန်အသေအပျောက်များပြားစေခဲ့သည်။ သူ၏ကွပ်ကဲမှုအောက်ရှိတပ်များသည်ကား အသေအပျောက်နည်းပါးခဲ့သည်။
ပါထျန်းမင်သည် ထိုမြင်ကွင်းကိုသတိထားမိလိုက်သောကြောင့် ဒေါသတကြီးဖြင့်အော်ဟစ်အမိန့်ပေးလိုက်သည်။
" အချိန်တန်ပြီ ... ဒီကောင်လေးတွေကခုချိန်ထိတောင့်ခံနေနိုင်တာကိုက ဂုဏ်ယူစရာပဲ ... ဒါပေမဲ့ငါကဆက်ပြီးတော့မစောင့်နိုင်တော့ဘူး ... တစ္ဆေစစ်သည်တော် ၅၀၀နဲ့ ဝံပုလွေစီးစစ်သည်တွေအားလုံးကိုတိုက်ခိုင်းလိုက်တော့ "
ပါထျန်းမင်ထံ၌ တစ္ဆေစစ်သည်တော်၁၀၀၀ရှိနေသော်လည်း တစ်ဝက်ကိုသာတိုက်ခိုက်ရန်စေလွှတ်ခဲ့သည်။ သူ၏အမြင်တွင် ဤပမာဏသည်ဝူဟယ်မြို့အား အလဲထိုးရန်လုံလောက်နေပြီဖြစ်သည်။ အခြားသော တစ္ဆေစစ်သည်တော်၅၀၀ကို အခြားကိစ္စများ၌အသုံးပြုရန် အရန်အဖြစ်သိမ်းဆည်းထားရမည်ဖြစ်သည်။
အာဝူး ...
အမိန့်နှင့်အတူ ဝံပုလွေစီးစစ်သည်များသည် မြို့ရိုးနံရံဆီသို့ စတင်ချီတက်လာခဲ့ကြသည်။
" ဝံပုလွေစီးစစ်သည်တွေ ... "
ရှောင်ယု၏မျက်လုံးများသည် ချက်ချင်းတောက်ပလာခဲ့သည်။ သူသည်ထိုတပ်သားများ၏အစွမ်းကို မြင်တွေ့ဖူးသောကြောင့် အောစ့်များသည်ပင် သူတို့၏ပြိုင်ဘက်မဟုတ်ကြောင်း နားလည်ထားခဲ့သည်။ သို့သော်သူသည် အောစ့်များကိုအသုံးပြုကာ ဝံပုလွေစီးစစ်သည်များကိုတိုက်ခိုက်မည်မဟုတ်ပေ။
အခန်း ၂၇၃ - ဝေဟင်မှမြေပြင်သို့
" နတ်မြင်းပျံတွေ ... သွားကြတော့ "
ရှောင်ယုကအမိန့်ပေးလိုက်သည်။
တိုက်ပွဲစတင်ချိန်မှစ၍ နတ်မြင်းပျံစီးနတ်သူငယ်လေးသမားများသည် တိုက်ပွဲ၌မပါဝင်သေးပေ။ ထို့ကြောင့် နတ်မြင်းပျံများသည် အမိန့်ရသည်နှင့်ချက်ချင်း မြို့ရိုးပေါ်မှပျံတက်လာခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ဝံပုလွေများသည် လှေကားများမှတဆင့် မြို့ရိုးနံရံပေါ်သို့ လျင်မြန်စွာရောက်ရှိလာကြသည်။
ဝံပုလွေစီးစစ်သည်များသည် အလွန်လျင်မြန်ကြပြီး အောစ့်စီးနင်းသူများတောင်မှ သူတို့လောက်မမြန်ဆန်ကြပေ။
အာဝူး ...
ဝံပုလွေစီးစစ်သည်များသည် မြို့ရိုးပေါ်ရောက်ရှိချိန်တွင် ကျယ်လောင်စွာအော်ဟစ်၍ စစ်သားများကိုတိုက်ခိုက်လိုက်ကြသည်။ ထိုအချိန်တွင် အောစ့်စီးနင်းသူများ၏ ဝံပုလွေများအော်သံကလည်း မြို့တွင်းမှပဲ့တင်ထပ်လာခဲ့သည်။ အောစ့်စီးနင်းသူများသည် သူတို့၏ဝံပုလွေများနှင့်အတူ မြို့ရိုးပေါ်သို့ရောက်ရှိလာခဲ့ကြပြီး ဓားရှည်ကြီးများကိုဝှေ့ယမ်း၍ ဝံပုလွေစီးစစ်သည်များကိုတိုက်ခိုက်လို်က်ကြသည်။ ယခုအချိန်တွင် တပ်ဖွဲ့နှစ်ခုအနက်မည်သည့်တပ်ဖွဲ့က ပိုမိုအစွမ်းထက်ကြောင်းသိရှိချိန်ရောက်ပြီဖြစ်သည်။
ဝံပုလွေစီးစစ်သည်များသည် သာမန်စစ်သားများကိုတိုက်ခိုက်နေကြသော်လည်း အောစ့်စီးနင်းသူများက သူတို့၏အာရုံကိုဆွဲဆောင်သွားခဲ့သည်။ ဤဝံပုလွေစီးစစ်သည်များသည် အောစ့်စီးနင်းသူများထံမှ ပြင်းထန်သောရန်လိုမှုကိုသိသိသာသာခံစားနေရသည်။ သူတို့သည် စာနာစိတ်လုံးဝမရှိဘဲ သွေးဆာလောင်နေသူများဖြစ်ကြသည်။ ဤတိုက်ပွဲ၏အဆုံးသတ်၌ မည်သူကအောင်နိုင်မည်ကို မပြောနိုင်ကြပေ။
အာဝူး ...
ထို့နောက် အောစ့်စီးနင်းသူများနှင့်ဝံပုလွေစီးစစ်သည်များ အချင်းချင်းတိုက်ခိုက်ကြတော့သည်။ အောစ့်စီးနင်းသူများသည် ဝံပုလွေစီးစစ်သည်များထက် အရေအတွက်နည်းပါးကြောင်း ရှောင်ယုသတိပြုမိပေသည်။ အကယ်၍ တစ်ဦးချင်းသာတိုက်ခိုက်ကြမည်ဆိုလျှင် အောစ့်စီးနင်းသူတစ်ဦးသည် ဝံပုလွေစီးစစ်သည်တစ်ယောက်ကိုအနိုင်ရမည်မှာ သေချာပေသည်။ သို့သော်လည်း လက်ရှိအခြေအနေက လုံးဝက်ိုကွာခြားနေခဲ့သည်။
ဘန်း ... ဘန်း
ထိုအချိန်တွင် ဒါဇင်နှင့်ချီသောတောင်ဘီလူးကြီးများသည် တိုက်ပွဲတွင်ပါဝင်လာခဲ့ကြသည်။ သူတို့သည် ဝံပုလွေစီးစစ်သည်များ၏အာရုံကိုဆွဲဆောင်ရန် ရန်စခြင်းအစွမ်းကိုအသုံးပြုခဲ့ကြသည်။ ထိုကျွမ်းကျင်မှုကို အသုံးပြုလိုက်သည်နှင့် အနီးအနားရှိရန်သူများအားလုံးသည် တောင်ဘီလူးများကိုသာဦးတည်၍ တိုက်ခိုက်ကြမည်ဖြစ်သည်။
တောင်ဘီလူးကြီးများသည် တိုက်ပွဲတွင်ပါဝင်လာခဲ့ပြီးနောက်တွင် အောစ့်စီးနင်းသူများအပေါ်သက်ရောက်နေသည့် ဖိအားများသည်အလွန်သက်သာသွားခဲ့သည်။ သာမန်အောစ့်များသည် အောစ့်စီးနင်းသူများကိုကူညီရန် ကြိုးစားခဲ့ကြသော်လည်း ရှောင်ယု၏ရည်ရွယ်ချက်မှာ နတ်မြင်းပျံများ၏အကူအညီဖြင့် ဝံပုလွေစီးစစ်သည်များကိုသတ်ဖြတ်ရန်ဖြစ်သည်။ နတ်မြင်းပျံများသည် မြို့ရိုးပေါ်မှပျံတက်၍ ကောင်းကင်ပေါ်သို့ရောက်ရှိသွားကြသည်။ ထို့နောက် လေတိုးသံများဆက်တိုက်ထွက်ပေါ်လာကြပြီး မြှားတံများသည် ဝံပုလွေစီးစစ်သည်များထံ ဦးတည်သွားကြသည်။
ဝံပုလွေများ၏အရေပြားသည် အလွန်ထူထဲလှပြီး သာမန်ဓားများသည် သူတို့၏ခုခံမှုကိုဖောက်ထွင်းဝင်ရောက်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း နတ်မြင်းပျံစီးနင်းသူများသည် အဆင့်၁၀သို့ရောက်ရှိနေခဲ့ပြီဖြစ်ရာ သူတို့ပစ်လွှတ်လိုက်သောမြှားများသည် အလွန်အစွမ်းထက်ကြသည်။ သူတို့ပစ်လွှတ်လိုက်သောမြှားတစ်စင်းသည် ဝံပုလွေစီးစစ်သည်များ၏အသက်ကိုမနုတ်ယူနိုင်လျှင်တောင်မှ ဆက်တိုက်ပစ်ခတ်နေသည့်မြှားဒါဇင်ကျော်က ဝံပုလွေစီးစစ်သည်များကိုသတ်ဖြတ်ရန်လုံလောက်ပေသည်။ ထို့ကြောင့် ဝံပုလွေစီးစစ်သည်များကိုသတ်ဖြတ်ရှင်းလင်းရာ၌ အရေးအကြီးဆုံးမှာ နတ်မြင်းပျံများဖြစ်ကြသည်။
ထိုတိုက်ပွဲ၌ ရာအူးလ်၏စွမ်းဆောင်မှုသည် အထူးတောက်ပနေခဲ့သည်။ သူသည်ဟာရီကိန်းလေးကိုအသုံးပြုနေကာ သူ၏ပစ်ခတ်မှုနှစ်ကြိမ်သည် ဝံပုလွေစီးစစ်သည်တစ်ဦးကိုသတ်ဖြတ်ရန် လုံလောက်နေခဲ့သည်။
ပါထျန်းမင်၏မူလအစီအစဉ်အရ ဝံပုလွေစီးစစ်သည်များကိုအားကိုးကာ ဝူဟယ်မြို့၏ခံစစ်စည်းကိုချိုးဖျက်၍ မြို့ကိုချက်ချင်းသိမ်းပိုက်ရန်ဖြစ်သော်လည်း မအောင်မြင်တော့ပေ။
ရှောင်ယုသည် အမေရိကန်များ၏နည်းဗျူဟာကိုအသုံးပြုကာ မြေပြင်တပ်များကို ဝေဟင်တပ်များ၏အကူအညီဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပင်လယ်ကွေ့စစ်ပွဲတွင် အမေရိကန်သည်ဤနည်းဗျူဟာကိုထုတ်ဖော်၍ အီရတ်ကိုတိုက်ခိုက်ခဲ့သည်။ ထိုအချိန်က အီရတ်သည်သူတို့၏တင့်ကားများကို အားကိုးကာ အမေရိကန်များကိုတန်ပြန်တိုက်ခိုက်နိုင်မည်ဟု လူတိုင်းက မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း အမေရိကန်လေတပ်သည် အီရတ်လေတပ်ကိုဖျက်ဆီးကာ တင့်ကားအမြောက်အများကိုဖျက်ဆီးခဲ့သည်။ ဗုံးကြဲလေယာဉ်များသည် တင့်ကားများ၏အိပ်မက်ဆိုးများဖြစ်ခဲ့သည်။ အလားတူပင် ခြေလျင်တပ်များသည်လည်း လေကြောင်းရန်ကာကွယ်ရေးကိုမရရှိခဲ့၍ အကူအညီမဲ့နေခဲ့ရသည်။
ရှောင်ယုသည် ပရော်ဖက်ရှင်နယ်ဂိမ်းကစားသူဖြစ်ရာ ဤသဘောတရားကိုနက်နဲစွာနားလည်ပေသည်။ အကယ်၍ ပါထျန်းမင်ထံ၌ လေတပ်သာမရှိပါက ဝံပုလွေစီးစစ်သည်များသေဆုံးနေသည်ကိုသာ ထိုင်ကြည့်နေရမည်ဖြစ်သည်။
ပါထျန်းမင်သည် ရှောင်ယုကလေကြောင်းတပ်များကို အသုံးပြုနေကြောင်း သတိထားမိပေသည်။ ထို့ကြောင့်သူသည် လင်းနို့များအားဗုံးကြဲခြင်းမှတားဆီးရန်အတွက် လောက်လွဲစင်များနှင့်လှံပစ်စက်များကိုအသုံးပြုခဲ့သည်။ သို့သော်ရှောင်ယုက နတ်မြင်းပျံများကို ဤသို့အသုံးပြုလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လှံပစ်စက်များသည် မြို့ရိုးနှင့်အလွန်ဝေးကွာနေပေရာ နတ်မြင်းပျံများကိုထိမှန်အောင်မပစ်နိုင်ပေ။ ထို့ပြင် ရှောင်ယုထံ၌ မြို့ရိုးပေါ်တွပ်တပ်ဆင်ထားသည့် ဖြိုဖျက်သူများ ၊ လမင်းပစ်ခတ်သူများနှင့်လောက်လွဲစင်များ ၊ လှံပစ်စက်များရှိနေခဲ့သည်။ ထို့ကြောင့် နတ်မြင်းပျံများသည် ဘေးကင်းသောအခြေအနေ၌ရှိနေခဲ့သည်။
အမှန်တော့ အကြီးစားဒူးလေးများကိုအသုံးပြုကာ နတ်မြင်းပျံများကိုပစ်ချရန် ကြိုးစားခဲ့သည့်ရန်သူတပ်သားအချို့ရှိခဲ့သည်။ သို့သော်လည်း သူတို့၏ပစ်ချက်များက နတ်မြင်းပျံများကိုမထိမှန်ခဲ့ပေ။ မည်သို့ပင်ဆိုစေ ရန်သူတပ်သားများအကြား၌ စတုတ္ထအဆင့်သို့မဟုတ် ပဥ္စမအဆင့်ကျွမ်းကျင်သူများရှိနေနိုင်သည်။ အကယ်၍ သူတို့သာသူတို့လက်နက်များကိုပစ်ပေါက်လိုက်ပါက နတ်မြင်းပျံစီးနင်းသူများကို ထိမှန်စေနိုင်သည်။
သို့သော်လည်း အဆုံးသတ်တွင် နတ်မြင်းပျံစီးနင်းသူများသည် ဝံပုလွေစီးစစ်သည်များကို မညာမတာသတ်ဖြတ်နိုင်ခဲ့ကြသည်။ ပါထျန်းမင်သည် ဒေါသပေါက်ကွဲသွားကာ မြင်းပေါ်မှခုန်ဆင်းလိုက်သည်။ သူသည်ယခုအချိန်၌ ဝံပုလွေစီးစစ်သည်များကိုဆုတ်ခွာခွင့်မပေးနိုင်ပေ။ မြို့ရိုးအောက်၌တိုက်ခိုက်နေသော စစ်သားများစွာရှိနေကာ ဝံပုလွေစီးစစ်သည်များဆုတ်ခွာလာပါက လူအုပ်ထဲ၌ပိတ်မိနေမှာဖြစ်သည်။
" တစ္ဆေစစ်သည်တော်တွေ ... တိုက်ကြ "
ပါထျန်းမင်သည်အော်ဟစ်လိုက်သည်။
ပါထျန်းမင်၏အမိန့်ကိုကြားသောအခါ လူအုပ်ကြားထဲရှိနေသော တစ္ဆေစစ်သည်တော်များသည် စတင်လှုပ်ရှားလာကြသည်။ သူတို့သည်လှေကားများမှတဆင့် မြို့ရိုးပေါ်တက်လာချိန်တွင် သူတို့၏ခန္ဓာကိုယ်ပေါ်မှ နက်မှောင်သောအော်ရာများထွက်ပေါ်လာခဲ့သည်။
ရှောင်ယုသည် ထိုမြင်ကွင်းက်ိုတွေ့မြင်လိုက်ချိန်တွင် အံ့သြသွားခဲ့ရသည်။
"သူတို့က ညတစ္ဆေတွေလား"
ရှောင်ယုသည် မြေအောက်မြို့တော်သို့ရောက်ဖူးပြီး ယခုသူမြင်တွေ့နေရသူများသည် မသေမျိုးညတစ္ဆေများနှင့်ဆင်တူကြောင်း ခံစားမိပေသည်။ ထိုတစ္ဆေစစ်သည်တော်များထံမှ သူရရှိလာသည့်ခံစားချက်သည် မသေမျိုးသတ္တဝါများနှင့်ဆင်တူပေသည်။
" သူကဘာလို့ မသေမျိုးတွေကိုသုံးရတာလဲ ... ပါထျန်းမင်ကတိုက်ကြီးရဲ့အမျက်ဒေါသကိုမကြောက်ဘူးလား "
ရှောင်ယုသည် ထိုတစ္ဆေစစ်သည်တော်များ၏ စွမ်းအားကိုခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ သူတို့သည် အနိမ့်ဆုံးစတုတ္ထအဆင့်သူရဲကောင်းများနှင့်ညီမျှပေသည်။ စတုတ္ထအဆင့်မသေမျိုးများသည် သာမန်စတုတ္ထအဆင့်သူရဲကောင်းများထက် များစွာပိုမိုအစွမ်းထက်ပေသည်။ မသေမျိုးများတွင် နာကျင်မှု ၊ ကြောက်ရွံ့မှု ၊ အာရုံခံစားမှုအစရှိသည့် အရာများမရှိကြပေ။ သူတို့သည် ပြီးပြည့်စုံသောလူသတ်စက်များဖြစ်ကြသည်။
" သူတို့ရဲ့ခန္ဓာကိုယ်ကနေ မှောင်မိုက်နေသောအော်ရာတွေထွက်နေတဲ့သူတွေနဲ့ ဝေးဝေးနေကြ ... သူတို့ကမသေမျိုးတွေပဲ ... သူတို့ရဲ့ဦးခေါင်းဒါမှမဟုတ် နှလုံးသားကိုပဲတိုက်ခိုက်ကြ ... "
မသေမျိုးများ၏အားနည်းချက်သည် များသောအားဖြင့် သူတို့၏ဦးခေါင်းနှင့်နှလုံးသားများဖြစ်ကြောင်း ရှောင်ယုနားလည်ထားခဲ့သည်။
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အားသိမ်းဆည်းလိုက်ကာ ပြာမှုန်သယ်ဆောင်သူပုံတူအား ထုတ်ယူလိုက်သည် ၊ ပြာမှုန်သယ်ဆောင်သူပုံတူ၌ရေးထိုးထားသော အလင်းမှော်သင်္ကေတများကြောင့် ဤဓားသည်မသေမျိုးများအားကိုင်တွယ်ရာ၌ ပိုမိုအသုံးဝင်ပေသည်။
ဝူး ...
ရှောင်ယုသည် လှေကားမှတဆင့်တက်လာသည့် တစ္ဆေစစ်သည်တော်အားတိုက်ခိုက်လိုက်သည်။ သို့သော် တစ္ဆေစစ်သည်တော်ကသူ၏တိုက်ခိုက်မှုအား လက်တစ်ဖက်ဖြင့်တားဆီးခဲ့သည်။ ရှောင်ယုသည် ထိုတားဆီးမှုဒဏ်ကြောင့် သူ၏လက်များထုံကျင်သွားခဲ့ရသည်။
" ဘာကောင်လဲဟ ... ငါ့လက်တွေတောင်မှထုံသွားခဲ့တယ် ... သာမန်စစ်သားတွေက ဒီကောင့်ရဲ့ပြိုင်ဘက်မဟုတ်ဘူး ... တောင်ဘီလူးတွေကပဲ သူတို့ကိုထိန်းနိုင်လိမ့်မယ် "