အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
အခန်း ၂၇၇ - ကြေးစားအဖွဲ့
ဤရက်ပိုင်းအတွင်း ရှောင်ယုသည် ထို့ပါဟောင်တစ်ယောက် မျိုးနွယ်စုအချို့အားသတ်ဖြတ်ကာ သူတို့လက်မြောက်အရှုံးပေးလာသည့်အချိန်ထိ ကြားနေအင်အားစုများကို ထိန်းချုပ်ရန်ကူညီပေးခဲ့သည်။
ထို့ပြင်ရှောင်ယုက သူသည် ထို့ပါဟောင်အားထာဝရကူညီမပေးနိုင်ကြောင်း ပြောပြခဲ့သည်။ ထို့ပါဟောင်သည် အနာဂတ်တွင်အနောက်တိမ်တိုက်အင်ပါယာမှ နိုင်ငံသားများနှင့်ခိုင်မာသည့်စစ်တပ်တစ်ခုအား ဖွဲ့စည်းရမည်ဖြစ်ပြီး ရှောင်ယုသည်နောက်ထပ်တစ်ကြိမ်တပ်ဖွဲ့များအား စေလွှတ်ပေးတော့မည်မဟုတ်ပေ။ ဤနေရာတွင် ဗိုလ်ချုပ်ဟတ်တမ်သည် ဗိုလ်ချုပ်တစ်ဦးအနေဖြင့် သူ၏စွမ်းရည်ကောင်းများကို ပြသနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ အနည်းငယ်မယုံသင်္ကာဖြစ်နေမိသည်။လျှို့ဝှက်ဆန်းကြယ်သည့်ဝတ်ရုံနက်များသည် ထို့ပါကွေ့အား အလွယ်တကူကျရှုံးသွားစေရန် ခွင့်ပြုမှာမဟုတ်ကြောင်း အခြားမည်သူထက်မဆိုရှောင်ယုကပိုသိလေသည်။ သူတို့သည်နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာကြမှာဖြစ်ပြီး ထို့ပါဟောင်သည်လည်းခက်ခဲသောစိန်ခေါ်မှုများကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
သို့သော်လည်း လက်ရှိအချိန်၌ အခြေအနေများတည်ငြိမ်နေသည်ဖြစ်ရာ ရှောင်ယုသည် အလုပ်၂ခုအားပြီးမြောက်အောင် ဆောင်ရွက်လိုခဲ့သည်။ ပထမဆုံးအလုပ်မှာ သွေးနတ်သူငယ်များထံသို့ သွားရောက်စစ်ဆေးရန်ဖြစ်ပြီး ဖြစ်နိုင်ပါကသူ၏နယ်မြေသို့ခေါ်ဆောင်သွားလိုသည်။ ဒုတိယအလုပ်မှာ စစ်သားအသစ်များကိုခေါ်ယူနိုင်ရန်အတွက် လူသားအခြေစိုက်စခန်းအားအဆင့်မြင့်ရမည်ဖြစ်သည်။ ယခုအခါရှောင်ယုသည် ဗိုလ်မှူးကြီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ တပ်သား၁၀၀၀၀ထိဆင့်ခေါ်ထိန်းချုပ်နိုင်ပြီဖြစ်သည်။ လက်ရှိအချိန်တွင် သူသည်စစ်သား၆၀၀၀သာခေါ်ယူထားပေရာ နောက်ထပ်နေရာလွတ်၄၀၀၀ကျန်ရှိနေသေးသည်။ သူသည် ထိုနေရာလွတ်များကိုဖြည့်တင်းရန်စဉ်းစားနေသော်လည်း သူတို့အားမခေါ်ယူမှီ စစ်သားတစ်ဦးချင်းစီ၏နေရာလွတ်ဝင်ဆံ့မှုနှင့်၎င်းတို့၏တိုက်ခိုက်နိုင်စွမ်းတို့အား စစ်ဆေးရန်လိုအပ်ပေသည်။
ရှောင်ယု ယခုဝူဟယ်မြို့၌ရှိနေရန် အရေးတကြီးမလိုအပ်သည့်အတွက်ကြောင့် ထို့ပါဟောင်သည်ရှောင်ယု၏လုပ်ရပ်များကို တားဆီးခဲ့ခြင်းမရှိပေ။
ရှောင်ယုသည် သူ၏တပ်များအားလုံးကိုခေါ်ယူကာ သွေးနတ်သူငယ်များအားခေါ်ယူမည်မဟုတ်ပေ။ သူသည် ဂရင်း ၊ တိုင်ရန်ဒီ ၊ အန်တိုနီဒက်စ် ၊ အောစ့်စီးနင်းသူ၁၀၀နှင့်နတ်မြင်းပျံ၁၀၀တို့က်ိုသာ သူနှင့်အတူခေါ်ယူခဲ့သည်။ သူသည် သွေးနတ်သူငယ်များကို အလျင်စလိုရှာဖွေရမည်ဖြစ်ကာ ဝူဟယ်မြို့သို့အချိန်မှီပြန်လာရန် လိုအပ်နေခဲ့သည်။ အဆုံးသတ်၍ ထို့ပါကွေ့သည်မည်သည့်အချိန်တွင် နောက်တစ်ကြိမ်တိုက်ခိုက်လာမည်ကို သူမသိသေးပေ။
အောစ့်စီးနင်းသူများနှင့်နတ်မြင်းပျံများသည် အမြန်နှုန်းအသားပေးတပ်ဖွဲ့များဖြစ်ကြပေရာ လမ်းခရီးတလျှောက်၌ သူ့အားအနှောင့်အယှက်ဖြစ်စေမယ့် တပ်ဖွဲ့ငယ်များနှင့်ဆုံတွေ့မည်ကို ကြောက်ရွံ့နေစရာမလိုပေ။
ထို့ကြောင့် ကယ်လီသည် သွေးနတ်သူငယ်မျိုးနွယ်စုထံသို့ ဦးတည်ခေါ်ဆောင်သွားခဲ့သည်။
သူတို့သည် ၃ရက်ကြာအောင် ခရီးဆက်ခဲ့ကြသည်။ ကယ်လီသည် ရှောင်ယုတို့အား သွေးနတ်သူငယ်မျိုးနွယ်ထံသို့ ခေါ်ဆောင်သွားရသည့်တစ်ခုတည်းသောအကြောင်းရင်းမှာ ရှောင်ယုက ကဲလ်သက်ကိုပြန်ခေါ်နိုင်မည်ဟုယုံကြည်၍ဖြစ်သည်။ တိုင်ရန်ဒီ ၊ ဂရင်း ၊ ခိုင်ရင်း ၊ မိုင်ယဗ်နှင့်အန်တိုနီဒက်စ်တို့သည် ဒဏ္ဍာရီလာရှေးခေတ်သူရဲကောင်းများဖြစ်ကြသည်။ ရှောင်ယုသည် သူတို့ကိုပင်ပြန်လည်ခေါ်ဆောင်လာနိုင်ရာ ကဲလ်သက်အားပြန်ခေါ်နိုင်သည်မှာ မဖြစ်နိုင်သည်တော့မဟုတ်ပေ။
အထူးသဖြင့် သွေးနတ်သူငယ်များ၏ ကံကြမ္မာသည် ရှောင်ယုနှင့်တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေလိမ့်မည်ဟု ကယ်လီက သူမ၏စိတ်ထဲတွင် ယုံကြည်နေခဲ့သည်။
ထို့ကြောင့် သူမသည် ဤအခွင့်အရေးကိုဖမ်းဆုပ်ကာ ရှောင်ယုအားသူမ၏မျိုးနွယ်ထံသို့ ခေါ်ဆောင်လာခဲ့သည်။
ထိုအချိန်တွင် ကယ်လီသည်တောင်တန်းများဆီသို့ စိတ်လှုပ်ရှားစွာညွန်ပြရင်း အော်ဟစ်လိုက်သည်။
ရှောင်ယုကချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
" သွားရအောင် ... ဒီအလည်အပတ်က သွေးနတ်သူငယ်တွေရဲ့ကံကြမ္မာက်ိုပြောင်းလဲစေလိမ့်မယ် .... ဒါပေမဲ့ ငါကသူတို့ကိုငါ့နောက်လိုက်ဖို့ ဂရုတစိုက်စည်းရုံးနေမှာမဟုတ်ဘူး ... သူတို့ကငါ့ကိုမယုံကြည်ဖို့ရွေးချယ်နိုင်တယ် ... သူတို့ကသာငါ့ကိုယုံကြည်ရင်တော့ သူတို့အတိတ်နေ့ရက်ကအောင်မြင်မှုတွေဆီ ငါပြန်ခေါ်ပေးနိုင်တယ် "
ထို့နောက် သူတို့အုပ်စုသည် တောင်တန်းများဆီသို့ လျင်မြန်စွာရွေ့လျားလာခဲ့ကြသည်။ ဤနေရာရှိမြေပြင်အနေအထားသည် အလွန်ရှုပ်ထွေးပြီး နေရာအနှံ့ထူထဲသောသစ်ပင်ကြီးများ ပေါက်ရောက်နေခဲ့သည်။ အမှန်တော့ ဤနေရာသည်အန်ကာဂန်တောင်တန်း၏တစ်ဖက်ခြမ်းဖြစ်သည်။ အန်ကာဂန်တောင်တန်းသည် ဤနေရာမှနေ၍ခြင်္သေ့နယ်မြေသို့ရောက်သည်ထိ မယုံကြည်နိုင်ဖွယ် ရှည်လျားလှသည်။ အန်ကာဂန်တောင်တန်းသည် အလွန်ပင်အန္တာရယ်များပေရာ ပျံသန်းနေသောသားရဲများသည်ပင် အန်ကာဂန်တောင်တန်းကို အန္တာရယ်ကင်းကင်းမဖြတ်သန်းနိုင်ပေ။
ထိုအချိန်တွင် မျိုးနွယ်စုရှိရာတောတွင်းမှနေ၍ လူတစ်စုထွက်လာသည်ကို ရှောင်ယုသတိပြုမိလိုက်သည်။
" စွန့်စားသူတွေလား ... "
ရှောင်ယုသည် တိတ်တဆိတ်ညဉ်းညူမိလိုက်သည်။ မကြာမီတွင် ရှောင်ယုသည် စွန့်စားသူများကသုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့သော သွေးနတ်သူငယ်အမျိုးသမီးများကို တွေ့လိုက်ရသည်။ သူတို့သည် သွေးနတ်သူငယ်များကိုဖမ်းဆီးရန် ဤနေရာသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
ရှောင်ယုသည် ထိုစွန့်စားသူများရှေ့သို့ ချက်ချင်းသွားရောက်ကာ ပြောလိုက်သည်။
" သူမတို့ကိုသွားခွင့်ပေးလိုက် "
စွန့်စားသူ၁၀၀ခန့်ပါသောအဖွဲ့သည် ရှောင်ယုနှင့်သူ၏တပ်သားများကိုတွေ့မြင်ချိန်၌ အနည်းငယ်အံ့သြသွားခဲ့သည်။ သူတို့၏ဘဝ၌ အောစ့်စီးနင်းသူများကိုတစ်ခါမှ မမြင်တွေ့ဖူးပေ။ သို့သော်ယခုအချိန်၌ သူတို့၏ရှေ့တွင်လူသားတစ်ယောက်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည့်အခါတွင် သူတို့၏နှလုံးသားထဲရှိထိတ်လန့်မှုများသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
" မင်းတို့ကဘယ်သူလဲ ... ငါတို့ကသောရ်ကြေးစားအဖွဲ့ကဆိုတာ မသိဘူးလား "
ရှောင်ယုသည် ထိုစွန့်စားသူအဖွဲ့၏စွမ်းအားကို သေချာစစ်ဆေးလိုက်သည်။ ဤအဖွဲ့အတွင်း၌စတုတ္ထအဆင့်သူရဲကောင်းများနှင့်မှော်ဆရာများအမြောက်အများပါဝင်ပေသည်။
ရှောင်ယုကအေးစက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
" အဲ့ဒီသွေးနတ်သူငယ်တွေကိုလွှတ်လိုက်လို့ မင်းတို့ကိုပြောနေတာ မကြားဘူးလား "
ထိုအချိန်တွင် စွန့်စားသူများ၏ခေါင်းဆောင်ဟုထင်ရသော တစ်ယောက်သည် ရှေ့သို့ထွက်လာခဲ့သည်။ သူသည် ရှောင်ယု၏နောက်ကွယ်ရှိအောစ့်စီးနင်းသူများနှင့် နတ်မြင်းပျံများကိုတစ်ချက်စစ်ဆေးရင်း လေသံမာမာဖြင့်ပြောလိုက်သည်။
" မင်းကဘယ်သူလဲ ... ဘာလို့မင်းနဲ့အတူဝံပုလွေစီးစစ်သည်တော်တွေ အများကြီးရှိနေရတာလဲ "
" ဟမ့် ... မင်းကငါ့ရဲ့အထောက်အထားကိုသိဖို့မလိုအပ်ပါဘူး ... လောလောဆယ်မင်းသိထားရမှာတစ်ခုက မင်းဖမ်းလာတဲ့သွေးနတ်သူငယ်ကို လွှတ်လိုက်ဖို့ပဲ ... မဟုတ်ရင်မယဉ်ကျေးတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့ "
ရှောင်ယုကအေးစက်သောလေသံဖြင့်ပြောလိုက်သည်။
" အိုး ... မင်းကတော်တော်သတ္တိကောင်းတာပဲ ... တတိယအဆင့်သူရဲကောင်းတစ်ယောက်က ငါတို့ကိုခြိမ်းခြောက်ဝံ့တယ်ပေါ့ .... ငါတို့ရဲ့အဖွဲ့ထဲမှာ စတုတ္ထအဆင့်သူရဲကောင်းနဲ့မှော်ဆရာတွေအများကြီးရှိတယ် ... ငါတို့ကိုအနိုင်ယူနိုင်မယ်လို့မင်းထင်နေတာလား .. .ခွန်အားရှိတဲ့သူကမှ စကားပြောဆိုခွင့်ရှိတယ် ... အားနည်းသူတွေကတော့ငြိမ်ခံနေသင့်တယ် ... ငါတို့ကသောရ်ရဲ့ကြေးစားတွေပဲ .... ငါတို့ရဲ့ကျော်ကြားမှုကတိုက်ကြီးတစ်ခုလုံးအနှံ့ပျံ့နှံနေတယ် ... နယ်မြေသခင်အချို့ကတောင် သူတို့ရဲ့နယ်မြေကိုခုခံကာကွယ်ပေးဖို့ ဒါမှမဟုတ်တိုက်ပွဲဝင်ဖို့အတွက် ငါတို့ကိုဖိတ်ခေါ်ရလိမ့်မယ် .... ကောင်လေးမင်းရဲ့စကားတွေအတွက်နောင်တမရနဲ့ "
ထိုအခိုက်အတန့်၌ ထိုလူ၏မျက်လုံးများသည်တောက်ပလာကာ တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် စကားစရပ်လိုက်သည်။
" မင်းကခြင်္သေ့နယ်မြေရဲ့အရှင်သခင်လား ... "
" အမှန်ပဲ ... ငါ့ကိုပြသနာရှာချင်တယ်ဆိုရင် ခြင်္သေ့နယ်မြေကိုလာခဲ့လိုက် ... ဒါပေမဲ့ဒီနေ့တော့ သွေးနတ်သူငယ်တွေကိုလွတ်ပေးရလိမ့်မယ် "
ရှောင်ယုကပြောလိုက်သည်။
ရှောင်ယုသည် သူမည်သူမည်ဝါဖြစ်ကြောင်း ဝန်ခံပြီးနောက်တွင် ထိုလူသည်ကောင်းကင်ပေါ်ရှိနတ်မြင်းပျံများနှင့် အောစ့်စီးနင်းသူများကိုလှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏အကြည့်များသည် ကျားဖြူစီးနေသော တိုင်ရန်ဒီအားအာရုံစိုက်လိုက်သည်။
" သူမက နာမည်အရမ်းကြီးနေတဲ့တိုင်ရန်ဒီလား "
ထိုလူသည် တိုင်ရန်ဒီအားစိုက်ကြည့်ရင်း သူ၏အကြည့်များကလောဘများဖြင့်ပြည့်နှက်လာခဲ့သည်။ ခြင်္သေ့နယ်မြေရှိ နတ်သူငယ်ခေါင်းဆောင်အမျိုးသမီးကို သူတို့ထံအရောက်ယူလာပါက မရေမတွက်နိုင်သောဆုလာဘ်များကိုပေးအပ်မည့်လူများ တိုက်ကြီးပေါ်၌ မရေမတွက်နိုင်အောင် ရှိကြသည်။ နတ်သူငယ်မျိုးနွယ်ခေါင်းဆောင်သည် ခွန်အားနှင့်အလွန်လှပသည့်ရုပ်ရည်နှစ်ခုလုံးနှင့်ပြည့်စုံသူဖြစ်ကြောင်း လူတိုင်းသိထားကြပြီဖြစ်သည်။ တိုင်ရန်ဒီအားတွေ့မြင်ဖူးသူအချို့က သူမ၏အလှများကို ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုကြသည်။ ယခင်က တိုင်ရန်ဒီအားဖမ်းဆီးရောင်းချရန်အတွက် ခြင်္သေ့နယ်မြေအတွင်းခိုးဝင်ကြသည့် စွန့်စားသူများစွာရှိခဲ့သည်။
" ဒီသွေးနတ်သူငယ်တွေကို မလွှတ်ပေးခင် ... ဒီနတ်သူငယ်တွေကိုငါ့ကိုပေးရလိမ့်မယ် ... မဟုတ်ရင်မင်းနောက်တစ်နေ့နေထွက်တာကို မြင်တွေ့ရမှာမဟုတ်ဘူး "
ထိုလူသည် သူ၏မှော်ဓားကိုဆွဲထုတ်ရင်း ခြိမ်းခြောက်လိုက်သည်။
အခန်း ၂၇၈ - ကယ်တင်ခြင်း
အပြာရောင်အလင်းသည် ဓားမှနေ၍ထွက်ပေါ်လာခဲ့သည်။
ထိုဓားပေါ်၌ ရေခဲမှော်သင်္ကေတများကိုရေးထိုးထား၍ ဓားကိုဆွဲထုတ်လိုက်သည့်အခါတွင် ထိုလူ၏ခန္ဓာကိုယ်အား အေးခဲနေသည့်အပြာရောင်အလင်းများဖြင့် တောက်ပလာစေခဲ့သည်။ ထိုလူသည် သူ၏တိုက်ပွဲစွမ်းအင်ကို သူ၏ခန္ဓာကိုယ်ပေါ်၌ထွက်ပေါ်လာစေရန်အတွက် သွယ်ဝိုက်သောနည်းလမ်းကိုအသုံးပြုကာ စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်၏စွမ်းအားကို ပိုင်ဆိုင်စေခဲ့သည်။ ဤအဆင့်သည်တိုက်ကြီးပေါ်၌မည်သူ့ကိုမှခေါင်းငုံ့ကြည့်စရာမလိုသည့်အဆင့်လည်းဖြစ်သည်။ ထိုလူသည် ရှောင်ယု၏တပ်သားများကို လုံးဝမကြောက်ရွံ့ပေ။
ရှောင်ယုကလည်း ထိုလူများမျက်လုံးထဲထည့်ထားပေ။ တစ်ဖက်အဖွဲ့၌ ပဥ္စမအဆင့်သူရဲကောင်းတစ်ဦးရှိနေလျှင်ပင် သူသည်ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်သည်။ သူသည် တိုတမ်များကိုဆင့်ခေါ်ကာ အမိန့်ပေးလိုက်သည်။
" သတ်ကြ .... "
အောစ့်စီးနင်းသူများသည် ရန်သူများထံသို့ လေပြင်းကဲ့သို့အဟုန်ဖြင့် လျင်မြန်စွာပြေးဝင်သွားကြသည်။ သူတို့အားလုံးသည် ဝံပုလွေစီးစစ်သည်များနှင့်တိုက်ပွဲအပြီးတွင် အဆင့်၁၀သို့ရောက်ရှိသွားကြသည်။ ထို့ပြင်တိုတမ်များသည် သူတို့၏ခွန်အားကိုအဆမတန်မြင့်တင်ပေးခဲ့သည်။ ကျောက်အရေပြားတိုတမ်သည် သူတို့၏ခံစစ်ကိုကောင်းချီးပေးနေစဉ်တွင် ကမ္ဘာမြေခွန်အားတိုတမ်ကသူတို့၏ ခွန်အားကိုကောင်းချီးပေးနေခဲ့သည်။
" ဟမ့် ... ငါတို့ကိုတိုက်ခိုက်ရဲတယ်ပေါ့ ... သူတို့ကိုသတ်ကြ "
ထိုလူသည်အော်ဟစ်လိုက်ကာ လှုပ်ရှားရန်ပြင်ဆင်လိုက်သော်လည်း သူ၏နောက်ကျောသို့အေးစက်သောလေများ တိုးဝင်လာသည်ကို ခံစားမိလိုက်သည်။ သူသည်ထိုတိုက်ခိုက်မှုအား တားဆီးရန်နောက်လှည့်လိုက်သောအချိန်တွင် အံ့သြသွားခဲ့ရသည်။
ဘန်း ....
ဓားနှစ်လက်ထိတွေ့မိပြီးနောက် သူသည်နှစ်မီတာခန့်မြင့်သောအောစ့်တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုလူသည် တန်ပြန်တိုက်ခိုက်ရန်အတွက် ရှိသမျှခွန်အားကိုအသုံးပြုခဲ့သော်လည်း ထိုအောစ့်၏ဓားရေးအစွမ်းသည် ထိပ်တန်းဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ ထိုလူသည် ဂရင်းအားရင်ဆိုင်ရန် နည်းလမ်းရှာနေချိန်တွင် အနောက်မှနေ၍လေပြင်းများကို ထပ်မံခံစားလိုက်ရသည်။
ထိုလူသည် အခြားသူတစ်ယောက်က သူ့အားဝင်ရောက်တိုက်ခိုက်လာသည်ကိုခံစားမိ၍ တုန်လှုပ်သွားခဲ့ရသည်။ သူသည် ရှောင်တိမ်းလိုသော်လည်း ဂရင်းကသူ့အားတားဆီးထားခဲ့သည်။ သူသည်လူနှစ်ယောက်၏တပြိုင်နက်တည်းတိုက်ခိုက်မှုအား ပိတ်ဆို့ရန်နည်းလမ်းမရှိပေ။
သူ၏လက်တစ်ဖက်သည် ချက်ချင်းပြတ်တောက်သွားကာ မြှားတစ်စင်းကသူ၏ခန္ဓာကိုယ်အား ကျရောက်ပေါက်ကွဲခဲ့သည်။
ရှောင်ယု ၊ ဂရင်းနှင့်တိုင်ရန်ဒီတို့သည် ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ပထမဦးစွာ ဂရင်းသို့မဟုတ် ရှောင်ယုတို့သည် ရန်သူကိုဆွဲဆောင်ရန်အတွက် အဆင့်မြင့်အန္တိမခုတ်ပိုင်းချက်အားအသုံးပြုမည်ဖြစ်သည်။ ထိုအချိန်တွင် ရန်သူ၏နောက်ကျောဘက်အား အန္တိမခုတ်ပိုင်းချက်အားအသုံးပြု၍ တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုလူကဲ့သို့စတုတ္ထအဆင့်သူရဲကောင်းနေရာတွင် ပဥ္စမအဆင့်သူရဲကောင်းဆိုပါက အန္တိမခုတ်ပိုင်းချက်နှစ်ခုအား တပြိုင်နက်တည်းခုခံနိုင်မည်မဟုတ်ပေ။ ထို့ပြင် တိုင်ရန်ဒီသည်ရန်သူအားတိုက်ခိုက်ရန်အတွက် လောင်မြိုက်မြှားတံအားအသုံးပြုခဲ့သည်။
သူတို့၏ခေါင်းဆောင်သတ်ဖြတ်ခံလိုက်ရသည်ကိုမြင်သောအခါ ကြေးစားများသည် ဒေါသထွက်သွားကြပြီး တိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြသည်။ မှော်ဆရာများသည် တိုက်ခိုက်ရန်အတွက်မှော်မန္တန်များအား ရွတ်ဖတ်နေသော်လည်း ရှောင်ယုကသံဗုံးများကိုပစ်ချလိုက်သည်။ သူသည် ထိုမှော်ဆရာများအား မန္တန်ရွတ်ဖတ်ခွင့်မပေးနိုင်ပေ။
ရှောင်ယုထံ၌ အောစ့်စီးနင်းသူ၁၀၀ပါဝင်လာပြီး သူတို့အားလုံးသည်အစွမ်းထက်ကြသော်လည်း အစွမ်းထက်မှော်ဆရာတစ်ယောက်က မှော်မန္တန်အားထုတ်လွှတ်လိုက်ပါက အောစ့်စီးနင်းသူများသည်ခုခံရန်နည်းလမ်းမရှိပေ။ တစ်ချိန်တည်းမှာပင် နတ်မြင်းပျံစီးနင်းသူများကလည်း ကောင်းကင်ပေါ်မှနေ၍ မရေမတွက်နိုင်သောမြှားများကို ပစ်လွှတ်လိုက်ကြသည်။
ကြေးစားအဖွဲ့ထဲ၌ အကြီးစားဒူးလေးများကိုကိုင်ဆောင်ထားသည့် ကြေးစားတပ်သားအနည်းငယ်ပါဝင်သော်လည်း သူတို့သည်နတ်မြင်းပျံများအား မစ်ခတ်နိုင်ပေ။ နတ်မြင်းပျံများသည် အဆင့်၁၀သို့ရောက်ရှိသွားခဲ့ပြီးနောက်တွင် သူတို့၏မြှားများသည် ပိုမိုတိကျမှုရှိပြီး မြန်ဆန်ပေသည်။
ကြေးစားများသည်လည်း အားနည်းကြသည်တော့မဟုတ်ပေ။ သူတို့သည် ကောင်းကင်မှကျလာသည့်မြှားများကို ပိတ်ဆို့ရန်အတွက် ဒိုင်းများကိုအသုံးပြုကြသည်။ သို့သော်သူတို့သည် မြှားတံမည်မျှကိုပိတ်ဆို့နိုင်မည်နည်း။ ထို့ပြင် အောစ့်စီးနင်းသူများသည်လည်း ကြေးစားများထဲသို့ပြေးဝင်ခဲ့ကြသည်။
ရှောင်ယုသည် ရန်သူကိုနှိမ်နင်းရန်အတွက် အမျိုးမျိုးသောတပ်သားများကိုအသုံးပြုခဲ့သည်။ သာမန်အားဖြင့်ဆိုပါက ယခုတပ်ဖွဲ့များသည် တောင်ဘီလူးများလောက်မသန်မာဘဲ များစွာစွမ်းအားမကြီးဟုထင်မှတ်ရသည်။
" အား .... ပြေးကြ ... နောက်ဆုတ်ကြ ... လေးသမားတွေကအရမ်းကိုသန်မာလွန်းတယ် "
ကြေးစားတပ်သားများသည် ဖရိုဖရဲဖြစ်သွားရန် တစ်မိနစ်တောင်မကြာလိုက်ပေ။
ရန်သူများသည် လေကြောင်းနှင့်မြေပြင်ပူးပေါင်းတိုက်ခိုက်မှုများကို ရင်ဆိုင်ရန်နည်းလမ်းကိုမသိကြပေ။ ထိုအရာသည် ရှောင်ယု၏နည်းဗျူဟာများက ရန်သူများအပေါ်သို့ပေးနိုင်သော စိတ်ရှုပ်ထွေးမှုဖြစ်သည်။
မြေပြင်တပ်များကိုအသုံးပြုကာ ဝေဟင်တပ်များကိုတိုက်ခိုက်ခြင်းသည် ထိရောက်သောနည်းလမ်းတစ်ခုမဟုတ်ပေ။ အကောင်းဆုံးသောရွေးချယ်မှုမှာ ရန်သူ့လေတပ်များကိုတိုက်ခိုက်ရန် ကိုယ်ပိုင်လေတပ်ကိုထုတ်သုံးခြင်းဖြစ်သည်။ ထို့ကြောင့် ကြေးစားများရှုံးနိမ့်သွားရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
မည်သို့ပင်ဆိုစေ ရှောင်ယုသည်ရက်စက်ကြမ်းကြုတ်သူမဟုတ်ပေ။ သူသည် အောစ့်စီးနင်းသူများ သို့မဟုတ် နတ်မြင်းပျံများကို ကြေးစားများထွက်ပြေးရာဘက်သို့ ဆက်လိုက်၍တိုက်ခိုက်ရန်အမိန့်မပေးခဲ့ပေ။ သူသည် သွေးနတ်သူငယ်အကျဉ်းသားများကို လွတ်ပေးရန်အမိန့်ပေးလိုက်သည်။
ကယ်လီသည် သူမ၏မျိုးနွယ်စုဝင်များနှင့် အမျိူးသမီးများအား ချည်နှောင်ထားသည့်သံကြိုးများကို သော့ဖွင့်ပေးခဲ့သည်။
" ငါပါကယ်လီ ... ငါခုပြန်ရောက်လာပြီ "
" ကယ်လီ .... "
ကယ်လီသည်ကောင်းမွန်သောပုံစံဖြင့် ရှိနေသည်ကိုတွေ့ရ၍ သွေးနတ်သူငယ်များအံ့သြသွားခဲ့သည်။
" ကယ်လီ ... အဲ့ဒီညစ်ပတ်တဲ့လူသားတွေက မင်းကိုဖမ်းခေါ်သွားတာမဟုတ်ဘူးလား ... မင်းဘယ်လိုအသက်ရှင်သန်ခဲ့တာလဲ ... သူတို့ကဘယ်သူလဲ ... ဘာလို့ညနတ်သူငယ်တွေနဲ့အတူရှိနေတာလဲ "
ကောင်းကင်၌ဝဲပျံနေသော နတ်မြင်းပျံစီးနင်းသူများနှင့် ကျားဖြူစီးနင်းနေသော တိုင်ရန်ဒီအားတွေ့မြင်လိုက်ရသည့်အခါတွင် သွေးနတ်သူငယ်များအံ့သြသွားခဲ့သည်။ သူတို့သည် လူသားများ ၊ အောစ့်များနှင့်အခြားမျိုးနွယ်စုများအပေါ် လွန်စွာသဘောထားတင်းမာခဲ့သည်။ သို့သော်လည်း သူတို့သည်ညနတ်သူငယ်များကိုမူ သူတို့နှင့်တန်းတူအဖြစ်ရှုမြင်ခဲ့ကြသည်။ သူတို့သည် မတူညီသောလမ်းများကိုလျှောက်လှမ်းခဲ့သော်လည်း သူတို့သည်မျိုးနွယ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။
" ဒီဇာတ်လမ်းက အရမ်းကိုရှည်တယ် ... ဘိုးဘေးကအခုဘယ်မှာလဲ ... ငါ့ဆီမှာသူ့အတွက် အရေးကြီးတဲ့သတင်းတစ်ခုပါလာတယ် ... ကဲလ်သက်ကပြန်လာတော့မယ် ... ကဲလ်သက်ရဲ့နောက်ကိုလိုက်ဖို့အတွက် မင်းတို့ကိုပြန်လာခေါ်တာပဲ "
ကယ်လီ၏လေသံသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမသည် ဖမ်းဆီးခံထားရသည့် သွေးနတ်သူငယ်များကိုမြင်သောအခါ ခါးသီးစွာခံစားလိုက်ရသည်။ သို့သော်လည်း ကဲလ်သက်ပြန်လည်ရောက်ရှိလာသည်နှင့် သူမတို့သွေးနတ်သူငယ်များ၏ ခက်ခဲသောနေ့ရက်များသည် ကုန်ဆုံးစွားမည်ဖြစ်ကာ သူမတို့၏ယခင်ဂုဏ်သရေကိုပြန်လည်ရရှိမည်ဖြစ်ကြောင်း သတိပြုမိခဲ့သည်။
" ကဲလ်သက်ပြန်လာတော့မည်ဆိုတာ တကယ်လား ... ငါတို့သွေးနတ်သူငယ်တွေက ပရောဖက်ပြုချက်ကိုအမှန်အတိုင်းဖြစ်လာအောင် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့ရတယ် "
" ဒါအမှန်ပဲ ... သူမကတိုင်ရန်ဒီဖြစ်ပြီး ဓားတေးသံမိုင်ယဗ်ကိုလည်းငါတွေ့ခဲ့တယ် ... ကဲလ်သက်ပြန်လာမယ့်ရက်ကမဝေးတော့ဘူး ... ငါတို့မကြာခင်အထွတ်အထိပ်ကိုပြန်ရောက်လာလိမ့်မယ် "
ကယ်လီ၏မျက်လုံးများသည် တောက်ပလာခဲ့သည်။
" ဘိုးဘေးကိုသွားတွေ့ရအောင် ... "
သွေးနတ်သူငယ်များသည် သူတို့မျိုးနွယ်တည်နေရာသို့ စတင်ထွက်ခွာခဲ့ကြသည်။
အခန်း ၂၇၉ - လျှို့ဝှက်ဆန်းကြယ်သောဧည့်သည်
သွေးနတ်သူငယ်များသည် ပြင်ပလူများကို သူတို့၏မျိုးနွယ်စုရှိရာသို့ အလွယ်တကူခေါ်ဆောင်လာလေ့မရှိပေ။
လက်ရှိခေတ်တွင် သူတို့၏ခွန်အားသည် ပုံမှန်ထက်နိမ့်ကျနေသည့်အတွက်ကြောင့် ပြင်ပလူများကိုခေါ်ဆောင်လာခြင်းက ဘေးဥပဒ်ဖြစ်စေနိုင်သည်။ သို့သော်လည်း တိုင်ရန်ဒီအားတွေ့မြင်ရခြင်းက သူတို့၏အခြေအနေကို ကွဲပြားသွားစေခဲ့သည်။ တိုင်ရန်ဒီသည် ရှေးခေတ်သူရဲကောင်းတစ်ဦးဖြစ်ရုံတင်မက ညနတ်သူငယ်များ၏ခေါင်းဆောင်ဖြစ်၍ သူတို့သည်တိုင်ရန်ဒီအား သံသယမရှိခဲ့ပေ။
" ဘုရားရေ ... ကယ်လီ ... သူမပြန်လာပြီလား အခြားသူတွေရောပဲ ... သူမတို့ကိုညစ်ညမ်းတဲ့လူသားတွေကဖမ်းခေါ်သွားတာမဟုတ်လား ... "
ရှောင်ယုနှင့်အခြားသူများသည် ကြီးမားသည့်နန်းတော်ကြီးအတွင်းသို့ ဝင်ရောက်သွားကြသည်။ သွေးနတ်သူငယ်များသည် သူတို့၏အတိတ်ကာလဂုဏ်ကျက်သရေကို ရောင်ပြန်ဟပ်စေနိုင်သော ဤနန်းတော်ကိုပံ့ပိုးပေးရန်အတွက် သူတို့၏ကျန်ရှိနေသောမှော်ပညာကိုအသုံးပြုခဲ့ကြသည်။ နန်းတော်ကြီးရှေ့၌ မှော်အလွှာတစ်ခုဖြင့်ကာကွယ်ထားပြီး သာမန်လူများသည် ထိုအကာအကွယ်အလွှာအားချိုးဖျက်ဝင်ရောက်နိုင်မည်မဟုတ်ပေ။
ထို့ပြင်နန်းတော်ကြီးသည် တောင်၏တစ်စိတ်တစ်ပိုင်းလိုဖြစ်နေစေကာ နောက်ထပ်မှော်အစီအရင်တစ်ခုလည်း ရှိနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ဤနန်းတော်မှထွက်လာသည့်အခိုက်အတန့်တွင် သွေးနတ်သူငယ်များ၏စွမ်းအားသည် လျော့နည်းသွားမည်ဖြစ်သည်။ သွေးနတ်သူငယ်များသည် မှော်ဆန်သည့်ဒြပ်စင်များကို ထိန်းချုပ်နိုင်စွမ်းရှိကြသော ပါရမီရှင်များဖြစ်ကြသည်။ မွေးကင်းစသွေးနတ်သူငယ်များသည်ပင် မှော်အရင်းအမြစ်ကောင်းကောင်းပိုင်ဆိုင်ပါက အလွန်ကောင်းမွန်သည့်မှော်ဆရာတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။ သို့သော်လက်ရှိခေတ်တွင် မှော်အရင်းအမြစ်များရှားပါးလာ၍ ကောင်းကင်နှင့်မြေကြီး၏အစိတ်အပိုင်းများကို အားကိုးရုံဖြင့်လုံလောက်ခြင်းမရှိတော့ပေ။
သွေးနတ်သူငယ်များသည် နေရောင်နှင့်မှော်အရင်းအမြစ်များကို မှီခိုအားထားနေရသည့် မူးယစ်ဆေးစွဲနေသူများနှင့်တူပေသည်။ သူတို့သည် ဝေဒနာကိုကြိတ်မှိတ်ခံစားကြကာ အချို့မှာကိုယ့်ကိုကိုယ်သတ်သေသွားကြသည်။
" ဘိုးဘေးဘယ်မှာလဲ ... ငါဘိုးဘေးကိုတွေ့ချင်တယ် "
ကယ်လီသည် နန်းတော်အတွင်းသို့ရောက်သည်နှင့် အော်ပြောလိုက်သည်။ ရှောင်ယုအားဘိုးဘေးနှင့်တွေ့ဆုံပေးကာ ကဲလ်သက်ပြန်လည်ရောက်ရှိလာတော့မည့်အကြောင်းကိုပြောပြရန် သူမမစောင့်နိုင်တော့ပေ။
" နာယကကြီးက ခန်းမဆောင်ထဲမှာ ဧည့်သည်တွေကိုလက်ခံတွေ့ဆုံနေတယ် "
" ဧည့်သည် ... ငါတို့မှာဘယ်တုံးကဧည့်သည်တွေရှိလာတာလဲ ... "
ကယ်လီသည် စိတ်ရှုပ်ထွေးနေခဲ့သည်။ လက်ရှိအချိန်တွင် သွေးနတ်သူငယ်များ၌မိတ်ဆွေ သို့မဟုတ် မဟာမိတ်များရှိမနေပေ။ ထိုသို့ဆိုလျှင် ဧည့်သည်များကမည်သည့်နေရာမှရောက်လာသနည်း။
" ဟုတ်တယ် ... မကြာသေးခင်ကပဲ လူအနည်းငယ်ရောက်လာခဲ့တယ် ... သူတို့ကဘိုးဘေးအတွက်တော်တော်လေးအရေးပါပုံရတယ် ... မင်းနောက်ကလူကဘယ်သူလဲ .. သူ့နောက်ကအောစ့်နဲ့ညနတ်သူငယ်တွေက ဘယ်သူတွေလဲ "
အစောင့်ဖြစ်သူသည် လူသားတစ်ယောက်၏နောက်တွင် နတ်သူငယ်များနှင့်အောစ့်များရပ်နေရသည်ကို ထူးဆန်းစွာတွေ့လိုက်ရပေသည်။
" သူကငါ့ရဲ့ကယ်တင်ရှင်ပဲ .... သူက ကဲလ်သက်ကိုလည်းပြန်ခေါ်နိုင်လိမ့်မယ် "
ကယ်လီကပြောလိုက်သည်။
" ဘာ ... လူသားတစ်ယောက်က ကဲလ်သက်ကိုဘယ်လိုပြန်ခေါ်နိုင်မှာလဲ "
သွေးနတ်သူငယ်များသည် လူသားများအပေါ်နှိမ့်ချစွာ ဆက်ဆံတတ်သည့်အတွက်ကြောင့် ကယ်လီ၏စကားကိုကြားချိန်တွင် မယုံကြည်နိုင်ဖြစ်သွားရသည်။
ကယ်လီကခေါင်းညိတ်ပြလိုက်သည်။
" ငါက ညနတ်သူငယ်တွေရဲ့ လနတ်သမီးတိုင်ရန်ဒီနဲ့ ဓားတေးသံမိုင်ယဗ်တို့ကိုတွေ့ခဲ့ပြီးပြီ ... သူတို့ပြန်လာကြပြီ ကျားဖြူစီးထားတဲ့သူကတိုင်ရန်ဒီပဲ ... ကဲလ်သက်လည်းမကြာခင်ပြန်လာတော့မယ် "
" တိုင်ရန်ဒီ ... သူကတိုင်ရန်ဒီလား "
သွေးနတ်သူငယ်များသည် အံ့သြသွားကြသည်။
" ဟုတ်တယ် .... ငါကသူတို့နဲ့အချိန်အလုံအလောက်ကုန်ဆုံးခဲ့ပြီမလို့ သူမကတိုင်ရန်ဒီဆိုတာသေချာတယ် .... အောစ့်တွေရဲ့ခေါင်းဆောင်သရောလ်နဲ့ဓားသခင်ဂရင်းတို့လည်း ပြန်လာကြပြီ ... ကဲလ်သက်ပြန်လာမယ့်ရက်က သိပ်မဝေးတော့ဘူး "
" တကယ်လား ... "
သွေးနတ်သူငယ်များသည် တိုင်ရန်ဒီနှင့်ဂရင်းကိုကြည့်ရင်း စိတ်လှုပ်ရှားသွားကြသည်။ တိုင်ရန်ဒီနှင့်ဂရင်းတို့ဝတ်ဆင်ထားသည့် အဝတ်အစားများနှင့်လက်နက်များကိုကြည့်ခြင်းဖြင့် သူတို့သည်ရှေးခေတ်ဒဏ္ဍာရီလာသူရဲကောင်းများဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သွေးနတ်သူငယ်များထံ၌ ဂရင်းနှင့်တိုင်ရန်ဒီတို့၏အသွင်အပြင်ကို ရှင်းလင်းစွာရေးဆွဲထားသည့် ရှေးခေတ်ပုံတူများရှိသည်။
...
ရှောင်ယုနှင့်အဖွဲ့သည် ပင်မခန်းမထံသို့လျှောက်လှမ်းလာရင်း လူအုပ်ထဲတိုးဝှေ့ခဲ့ရသည်။ ပင်မခန်းမသည် နန်းတော်၏အမြင့်ဆုံးနေရာ၍ တည်ရှိပေသည်။ ထိုနေရာ၌ ကဲလ်သက်၏ဧရာမရုပ်တုကြီးတစ်ခုလည်းရှိသည်။ ထို့ပြင်ရှောင်ယုသည် နန်းတော်တဝိုက်၌ ကဲလ်သက်၏ရုပ်တုအများအပြားကို တွေ့မြင်ခဲ့ရသည်။
ကယ်လီသည် ပင်မခန်းမ၏အပြင်ဘက်ရှိ အစောင့်ထံသို့သွားရောက်ကာ သူတို့ရောက်လာရသည့်အကြောင်းရင်းကို ရှင်းပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှောင်ယုသည် နန်းတော်ကိုတိတ်တဆိတ်စစ်ဆေးနေခဲ့သည်။ မှင်စာများသည် သူတို့၏ဘုံဗိမာန်များနှင့် အဆောက်အဦးများကို လက်တွေ့ကျကျဖြင့်ထူးခြားစွာတည်ဆောက်ခဲ့ကြသည်။
သို့သော်လည်း သွေးနတ်သူငယ်များကမူ တတ်နိုင်သမျှအလွန်အကြူးဖြစ်အောင် တည်ဆောက်ခဲ့ကြသည်။ ဤနန်းတော်သည် အလွန်ခမ်းနားကြီးကျယ်ပြီး ဇိမ်ခံနန်းတော်သဖွယ်ဖြစ်နေခဲ့သည်။ ထိုနန်းတော်ကိုတည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် သူတို့၏မြင့်မြတ်မှုအားပြသရန်ဖြစ်သည်။ သူတို့တွင် မှော်အရင်းအမြစ်များ အလွန်ရှားပါးနေသော်လည်း နန်းတော်ရှိမှော်အစီအရင်ကိုအားဖြည့်ရန် လက်ကျန်မှော်အရင်းအမြစ်များကို အသုံးပြုနေကြဆဲဖြစ်သည်။ သွေးနတ်သူငယ်များသည် သေမင်းတံခါးဝသို့မျက်နှာမူနေသော်လည်း သူတို့၏ရှင်သန်နေထိုင်ရေးအစား မှော်နန်းတော်ကိုသာအသက်ဝင်အောင်ထောက်ပံ့ရေးကို ပိုမိုအားထုတ်နေကြသည်။
မကြာမှီ အစောင့်သည် ပင်မခန်းမထဲမှထွက်လာပြီး ရှောင်ယုအားအထင်အမြင်သေးစွာဖြင့် စိုကည်ကြည့်လိုက်သည်။
" ကယ်လီ ... ဘိုးဘေးကသူတို့ကိုအထဲခေါ်လာခိုင်းလိုက်တယ် "
ရှောင်ယုသည် ထိုအစောင့်၏လျစ်လျူရှုသော သဘောထားကိုတွေ့မြင်လိုက်ချိန်တွင် မျက်မှောင်ကြုတ်မိလိုက်သည်။ မကြာခင်ဖြစ်ပျက်မယ့်ကိစ္စများသည် သူထင်ထားသလိုအဆင်ပြေချောမွေ့နေတော့မှာမဟုတ်ပေ။
ကယ်လီနှင့်ရှောင်ယုတို့သည် ပင်မခန်းမအတွင်းသို့ဝင်လာကြသည်။ ထိုနေရာသည် အလွန်ခမ်းနားလှပြီး ကော်ဇောနီပေါ်၌ လျှောက်လမ်းလာစဉ် လမ်းတလျှောက်စားပွဲများပေါ်၌ အစားအသောက်များကိုခင်းကျင်းထားကြသည်။ ပုံမှန်အားဖြင့် သွေးနတ်သူငယ်များသည် ဧည့်သည်များကိုလက်ခံတွေ့ဆုံလေ့မရှိသော်လည်း လက်ခံတွေ့ဆုံဖြစ်ပါကလည်း ဧည့်ခန်း၌သာတွေ့ဆုံလေ့ရှိသည်။ ပင်မခန်းမသို့ဝင်ရောက်လိုပါက သင်သည်ဂုဏ်ထူးဆောင်တစ်ဦးဖြစ်ရပေမည်။
ရှောင်ယုသည် ပင်မခန်းမဆောင်အတွင်းသို့ဝင်ရောက်ပြီးနောက် လူများစွာထိုင်နေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်တွင် သွေးနီရောင်ဝတ်စုံများကိုဝတ်ဆင်ထားသည့် သွေးနတ်သူငယ်၄ယောက်ရှိနေခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ လူငယ်တစ်ယောက်ထိုင်နေခဲ့သည်။ ထိုလူငယ်၏နောက်ဘက်၌ အစောင့်အကြပ်များရှိနေကြပြီး ရှောင်ယုသည်ထိုအစောင့်အကြပ်များ၏ခွန်အားကိုမြင်သောအခါ အံ့သြသွားခဲ့သည်။
ထိုအစောင့်အကြပ်များထဲတွင် အားအနည်းဆုံးသူမှာ အထွတ်အထိပ်ပဥ္စမအဆင့်သူရဲကောင်းဖြစ်သည်။ ထို့ပြင် ဆဌမအဆင့်ခွန်အားရှိသည့် ပိန်ပိန်ပါးပါးအဘိုးကြီးတစ်ယောက်လည်းရှိနေခဲ့သည်။
ဒီကောင်လေးက ဘယ်သူလဲ ...