← Chapters

ဆက်ဆံရေး အပြောင်းအလဲ

Vol. 142 Ch. 2129

ဆက်ဆံရေး အပြောင်းအလဲ

Vol. 142 Ch. 2129

တစ်မိနစ်ပင် မပြည့်မီ အချိန်အတွင်းမှာပဲ လင်းရီ ဖုန်းပြန်ချလိုက်သည်။

ကျီချင်းရန်က စကားကို ရှင်းအောင် ပြောလာခဲ့ပြီး ဖြစ်သဖြင့် အကယ်၍ သူသာ ခေါင်းမာမာနှင့် ကျုံးဝေ့တပ်ဖွဲ့ထဲရှိ သူ၏ နေရာကို ဆက်လက် ဆုပ်ကိုင်နေမည်ဆိုပါက လင်းရီသည် ခေါင်းမာသည့် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ဤကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကတော့ တစ်ကြိမ်တွင် တစ်လှမ်းချင်း လှမ်သွားဖို့ပဲ လိုသည်။

မည်သို့ပင်ဆိုစေ စနစ်၏ လျှို့ဝှက်ချက်များကို တူးဆွဖို့က ကျန်နေသေး၏။

“ ပြီးပြီ .. ငါ နှုတ်ထွက်လိုက်ပြီ …”

ကျီချင်းရန် အလွန်အမင်း အံ့အားသင့်သွားခဲ့၏။ သူမကဘက်က နောက်ဆုတ်မှာ မဟုတ်ဟူ၍ အခိုင်အမာ ကြေညာခဲ့ပြီးနောက်တွင် လင်းရီက ချက်ချင်း ဖုန်းထုတ်ပြီး နှုတ်ထွက်သည်ဟု ဖုန်းဆက်လိုက်သည်က သူမကို လာနောက်နေသည်ဟု ခံစားနေရလေသည်။

တကယ်ဆို လင်းရီလို လူစားမျိုးတွေက သူတို့ အလုပ်နဲ့ ချစ်သူဆိုရင် ချစ်သူကိုပဲ ပစ်သွားကြတဲ့လူတွေ မဟုတ်ဘူးလား...

“ အဓိပ္ပာယ်မရှိတာတွေ လာလုပ်မနေနဲ့ … အဲ့လောက် မြန်မြန် သဘောတူတာက နင့်ပုံစံမဟုတ်ဘူး …”

“ ဟောကြည့် … မင်းကိုယ်မင်းကျ စကားလည်း မတည်ဘူး ….” လင်းရီ ပြောလိုက်ပြီး “ ငါက နှုတ်ထွက်ဖို့ ဖုန်းတောင် ဆက်လိုက်ပါပြီဆိုမှ မင်းက ငါ့ကို မယုံသေးဘူးပေါ့ ….”

“ နင် စိတ်ပြောင်းလွန်းတာကလည်း မြန်လွန်းတာကိုး ….”

“ မင်းငါ့ကို ခွင့်လွှတ်မယ်လို့ ပြောရင် ငါ တကယ် နှုတ်ထွက်မှာ …”

လင်းရီသည် ကျီချင်းရန်ကို ကြည့်လျက် သူ၏ အကြည့်တို့ထဲ ညင်သာနူးညံ့မှုတို့ ပြည့်နှက်နေခဲ့သည်။

“ မင်းနဲ့ ယှဉ်လိုက်ရင် ဒီရဲ့ ထူးခြားတဲ့ အလုပ်ဆိုတာကလည်း ယှဉ်ရက်စရာကို မရှိတာ …”

ကျီချင်းရန်၏ နှလုံးသားလေးမှာ ရင်ထဲ လှုပ်ခတ်သွားခဲ့ရသည်။ သူမ ပြန်မငြင်းခဲ့ချေ။ လင်းရီက သူမကို ဟပ်ထိအောင် လုပ်နိုင်သောကြောင့် မဟုတ်ပါဘဲ လီယုံချောက သေသွားခဲ့သောကြောင့် ဖြစ်၏။

လင်းရီ၏ လုပ်ရပ်က သူမအတွက်ကြောင့်ဆိုတာ သေချာသည်။

သူမတို့နှစ်ဦး၏ ဆက်ဆံရေးအရ ထိုသည်ကိုတော့ ကျီချင်းရန် သံသယ မရှိပေ။

သို့သော် လင်းရီက တကယ်ပဲ သူ၏ ထူးခြားသည့် အလုပ်အကိုင်ကို လက်လျှော့ပါမည်လော။

ကျီချင်းရန် မသေချာပေ။

အဘယ်ကြောင့်ဆိုသော် လင်းရီ၏ အတွေးတို့က အမြဲတမ်း သမာရိုးကျ မဟုတ်ပါဘဲ မည်သူကမျှ သူ ဘာတွေ စဉ်းစားနေလဲဆိုတာကို နားလည်နိုင်မှာ မဟုတ်ပေ။

“ ကောင်းပြီလေ …”

ထိုစကားတစ်ခွန်းပြောပြီးနောက်တွင် ကျီချင်းရန်၏ ခွန်အားများအားလုံး စုပ်ယူခံလိုက်ရသည့်နှယ်ပင်။

“ ငါ နင့်ကို တစ်ခါထပ်ပြီး ယုံကြည်ပေးလိုက်မယ် …”

“ ဟီးဟီး … မင်း အစောကြီးကတည်းက ပြောခဲ့သင့်တာ … အခုကစပြီး ဇနီးရယ်၊ ကလေးရယ် ၊ နွေးထွေးတဲ့ အိပ်ယာလေးရယ် ၊ ဒါပဲ .. ငါတို့ ဘယ်ကိုမှ မသွားဘူး .. ကျိုးဟိုင်မှာပဲ နေကြမယ် …”

ပြောရင်းဖြင့် လင်းရီ၏ လက်မောင်းတို့က ကျီချင်းရန်ကို ပွေ့လိုက်ပြီး သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။

အချိန်ကြာမြင့်စွာ ဝေးကွာနေခဲ့သည့် ရင်းနှီးသည့် ခံစားချက်က လင်းရီကို ရင်ခုန်နှုန်းတို့ မြန်ဆန်လာစေခဲ့ပြီး ကျီချင်းရန်လည်း ထပ်တူညီစွာ ခံစားနေခဲ့ရ၏။

နီမြန်းသည့် ရှက်သွေးတို့က သူမ၏ ပါးထပ်၌ ပါးနီလှလှသဖွယ် ဖြစ်နေခဲ့ပြီး အချိန်မရွေး ပွင့်ဖူးရန် အဆင်သင့် ဖြစ်နေသည့် ပန်းဖူးတစ်ခုကဲ့သို့ ဖြစ်နေသည်။

“ ငါ့ကိုလွှတ် …”

ကျီချင်းရန် တိုးတိုးလေးပြောပြီး ညှင်သာစွာ ရုန်းလိုက်သည်။ သို့သော် လင်းရီ၏ ရင်ခွင်ထဲက သူမ ရုန်း၍ မထွက်နိုင်။

“ အခု အားလုံး ပွင့်ပွင့်လင်းလင်း ဖြစ်သွားပြီဆိုတော့ ငါမင်းကို ထပ်ပြီး မလွှတ်ပေးတော့ဘူး …”

“ အားလုံး ပွင့်ပွင့်လင်းလင်း ဖြစ်သွားပြီ ဆိုတာက ဘာကို ပြောချင်တာ … ငါ ဒီမှာ တခြားပြောစရာတွေ ကျန်သေးတယ် …”

“ ဟင် … ဘယ်လိုမျိုးလဲ …”

“ ငါနင့်ကို အစမ်း သုံးလသက်တမ်း ပေးမယ်… အဲ့အတောအတွင်း နင့်အချိုးတွေကို ကြည့်မယ် ... နင်ငါ့ကို စိတ်ကျေနပ်အောင် မလုပ်နိုင်ဘူးဆိုရင် ငါတို့နှစ်ယောက် အခွင့်အရေး မရှိတော့ဘူး …”

“ သုံးလက ရတယ် … အဲ့ထက်ကြာရင်တော့ အဆင်မပြေဘူး …”

“ ဘာလို့ မပြေတာ …” ကျီချင်းရန် မပျော်မရွှင် ဖြစ်သွားခဲ့ရသည်။

“ ငါတို့ နှစ်ယောက်လုံးက သုံးဆယ်နားနီးပြီလေ … ငါက အဖေတစ်ယောက်လည်း ဖြစ်ချင်သေးတယ် … ဒီကိစ္စက အချန်အကြာကြီး ဆွဲလို့ မကောင်းဘူး … အရင်ဆုံး လုပ်ရမယ့် အရေးကြီး ကိစ္စဖြစ်အောင် ရှေ့ဆုံးမှာ ထားရမှာ …”

နီမြန်းနေပြီး ဖြစ်သည့် ကျီချင်းရန်၏ ပါးပြင်တို့မှာ ကလေးကိစ္စ ပြောဆိုလာသည်ကို ကြားတော့ ပို၍ပင် နီမြန်းသွားခဲ့တော့သည်။

“ စဉ်းတောင် မစဉ်းစားနဲ့ ဟွန့် … ငါ အခုလောလောဆယ် ကလေးယူဖို့ အစီအစဉ် မရှိသေးဘူး ….”

“ မင်းမလိုချင်လည်း ရတယ်လေ … ငါကတော့ လိုချင်တယ် … “ လင်းရီ ပြောလိုက်ပြီး “ ငါတို့ အချိန်ကျလာရင် ကလေးတွေ တစ်အုပ်ကြီးမွေးမယ် … ငါတို့ ပျိုးထောင်ဖို့ တတ်နိုင်ပါတယ် ….”

“ ဆက်မပြောနဲ့တော့ … နင်က လူကြီးဖြစ်နေပြီကို အရှက်လည်း မရှိဘူး ….”

ကျီချင်းရန် မျက်နှာကို အတင်းအကြပ် တင်းမာအောင် ပြုလုပ်၍ “ ငါ အခုအိပ်တော့မယ် … မနက်ဖြန် အလုပ်သွားရဦးမှာ ….”

“ ရတယ်လေ .. ငါလည်း ပင်ပန်းနေတာနဲ့ အတော်ပဲ .. အတူအိပ်ကြတာပေါ့ … ငါ့ကိုအပ်ထားလိုက် .. အားနာစရာ မလိုပါဘူး …”

“ ဒါ ငါ့အိမ်… နင့်ကို အပ်ထားဆိုတာက ဘာသဘောလဲ …” ကျီချင်းရန် မျက်လုံးလှန်လိုက်ပြီး “ ပြီးတော့ ငါကလည်း နင်နဲ့ အိပ်မှာ မဟုတ်ဘူး .. အရင်အတိုင်းပဲ … နင်က ကုတင်ပေါ်မှာအိပ် .. ငါက ကြမ်းခင်းမှာ အိပ်မယ် ….”

“ ငါတို့နှစ်ယောက်က အချင်းချင်း စောင့်ကြည့်လေ့လာနေကြတဲ့ ကာလထဲကို ရောက်နေကြပြီလေ … အတူမအိပ်ဘဲ ခွဲအိပ်ရင် ဘယ်ကောင်းမှာလဲ ဟုတ်တယ်မလား …”

“ အဲ့ကာလမှာဆိုရင်တောင် ငါတို့ ကုတင်တစ်ခုတည်းတော့ အတူမအိပ်နိုင်ဘူး …”

“ ကောင်းပြီလေ … ဒါဆိုလည်း ငါတို့ ပုံမှန်အတိုင်းပဲ အိပ်ကြတာပေါ့ …” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် ငါက အိပ်ရေးကြမ်းတဲ့လူဆိုတာ မင်းသိတယ်မလား … တစ်ခါတစ်လေဆို မနက်ရောက်ရင် ကိုယ့်ကိုယ်ကို ဘယ်နားသွားအိပ်လို့ အိပ်နေမှန်းတောင် မသိဘူး ….”

ကျီချင်းရန်၏ မျက်နှာလှလှလေးမှာ ဒေါသထွက်လာခဲ့တော့သည်။

“ နင် လွန်မလာနဲ့နော် …”

“ ငါက အမြဲ ဒီအတိုင်းပဲလေ … မင်းလည်း သိနေတာကိုပဲ ….”

“ နင် မလုပ်ရဲပါဘူး …” ကျီချင်းရန် ပြောလိုက်ပြီး “ နင် ငါ့အိပ်ရာပေါ် တက်လာရဲရင် နင့်အပေါ် ဘယ်တော့မှ မကောင်းပေးတော့ဘူး …”

“ အိုကေ အိုကေ … ငါဂရုစိုက်လိုက်မယ် … ငါ့ကိုယ်ငါ ကြိုးနဲ့တုပ်ထားလိုက်မယ်… ဒီမှာကြည့် ကြိုးတွေ … ငါက လူကြီးလူကောင်း ဆန်တဲ့လူလေ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ တောင်းဆိုချင်တာ တစ်ခုရှိတယ် …”

“ ဘာကိုလဲ ..”

“ ငါနဲ့ ကျိုကျုံးဗီလာကို ပြန်လိုက်ခဲ့ … အိမ်က ကြီးလွန်းတယ် .. ငါတစ်ယောက်တည်း နေရတာကို နေသားမကျလို့ … ပြီးတော့ တစ္ဆေသရဲတွေလည်း ကြောက်ရတယ်လေ …..”

“ နင် ဘာစကား ပြောတာ ..”

ကျီချင်းရန်မှာ တစ်မဟုတ်ချင်း ဒေါပွသွားခဲ့ပြီး “ နင့်သဘောက ငါ့မျက်နှာက ရုပ်ဆိုးလွန်းလို့ တစ္ဆေတွေတောင် ထွက်ပြေးရတယ်ပေါ့ … အဲ့လိုလား …”

လင်းရီ “ ??? “

ဘယ်လိုတွေတောင် စဉ်းစားလိုက်တာပါလိမ့် မမရယ်...

“ ငါပြောချင်တာ အဲ့သဘောမျိုး မဟုတ်ပါဘူးဟာ … ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့နှစ်ယောက် အတူနေတာက ပိုပြီး လုံခြုံတယ်လေ ….”

“ စောင့်ကြည့်ကာလ ပြီးတဲ့ထိ‌စောင့် … “ ကျီချင်းရန် သူမ၏ ခေါင်းကို မြင့်မြင့်မော့ထားရင်း ပြောလိုက်ပြီး “ မြန်မြန် ငါ့ကို အောက်ချပေးတော့ … ငါအိပ်ချင်ပြီ …”

“ ကောင်းပြီလေ …”

လင်းရီ အခြား ဘာမျှ ပြောမနေတော့ဘဲ တစ်ချက်ရယ်မောရင်း ကျီချင်းရန်ကို အောက်သို့ ချပေးလိုက်သည်။

အခန်းထဲ ဖြစ်သွားခဲ့သမျှ အရာအားလုံးကို ထင်မှတ်မထားဘဲ ရရှိလာသည့် အကျိုးအမြတ်များအဖြစ် မှတ်ယူ၍ရ၏။

ကျီချင်းရန်ကို ကိုင်တွယ်ရသည်က လျန်ရူရွှယ်ကို ကိုင်တွယ်ရသည်နှင့် လုံးဝ လုံးဝ မတူညီပေ။

လျန်ရူရွှယ်က ကြမ်းတမ်းသည်ဟု ထင်ရသော်လည်းပဲ အနိုင်ယူနိုင်လိုက်သည်နှင့် အရာအားလုံးက ပြဿနာ မရှိတော့ချေ။

သို့သော် ကျီချင်းရန်ကတော့ ကွဲပြား၏။ သူမက စပရိန်ကဲ့သို့ပင်။

ကိုယ့်ဘက်က ဖိအားပိုပေးလေ၊ သူမဘက်က ပိုပြီး တွန်းကန်လေ ဖြစ်သည်။

ဖြည်းဖြည်းလေး သွားဖို့လိုသည်။

ယနေ့ည ဤအခြေအနေသို့ ရောက်နိုင်သည်ကပင် ကောင်းကင်ဘုံ၏ ကျေးဇူးကား အတော်လေးကို ကြီးမားနေချေပြီ။

ဤသည်ကို တွေးမိတော့ လင်းရီသည် ကျီချင်းရန်ကို ကုတင်ပေါ် တင်ပေးလိုက်သည်။

“ အိပ်တော့ … ငါ ဒီည ကြမ်းခင်းမှာ အိပ်လိုက်မယ် .. “

“ အိပ်မယ် … နင်က ဘာကိုအိပ်မှာ …” ကျီချင်းရန် စိတ်တိုနေသည့် လေသံဖြင့် ခွန်းတုံပြန်လာသည်။

“ မင်းပဲ အိပ်ချင်နေတာ မဟုတ်ဘူးလား …”

“ ငါနင့်ဖို့ အိပ်ရာခင်းပေးမယ် … မဟုတ်ရင် ကြမ်းခင်းက အေးတယ် …”

“ ဟီးဟီး … ဥက္ကဌကျီက လုပ်ပေးမယ်ဆိုတော့လည်း ဒီက မတားတော့ပါဘူး …”

ကျီချင်းရန်၏ လှုပ်ရှားမှုတို့က ကျင်လည်လှပြီး လင်းရီအတွက် အိပ်ရာခင်းပေးပြီးသွားခဲ့သည်။ ထို့နောက် နှစ်ယောက်မှာ အိပ်ရာခွဲပြီး ကိုယ်စီ အိပ်စက်ကြ၏။

ညတာက ရှည်လျားပြီး လရောင်က ပြတင်းပေါက်မှတစ်ဆင့် သူတို့နှစ်ယောက်ပေါ်သို့ အရိပ်ကျရောက်နေကာ အခန်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။

နှစ်ဦးလုံးအတွက်တော့ အိပ်ရေးပျက် ညတစ်ည အဖြစ် ကြမ္မာဖန်လာခဲ့ရသည်။

နောက်တစ်နေ့ နံနက်ခင်း ၊ လင်းရီ အိပ်ရာထလာသည့် အချိန်၌ လန်းဆန်းနေသယောင် ခံစားရပြီး ကျီချင်းရန်ကို ခေတ္တဂရုစိုက်ပေးလိုက်သည်။ ထို့နောက် နှစ်ယောက်အတူ မျက်နှာသစ်၊ သွားတိုက်ပြီး အလုပ်သို့ မသွားခင် မနက်စာ အတူစားကြ၏။

ကျီချင်းရန်ကို သူမ၏ ကုမ္ပဏီရှေ့တွင် ချခဲ့ပေးပြီးနောက် လင်းရီ ထွက်ခွာရန် အလျင်မလိုသေးချေ။ သူ ကားကို ဘေးတွင် ထိုးရပ်လိုက်ပြီး လျိုဟုန်ထံသို့ ဖုန်းခေါ်လိုက်၏။

ယမန်နေ့ည ဖုန်းဆက်ပြီးကတည်းက လျိုဟုန်မှာ သူ့ထံသို့ မက်ဆေ့ချ် ဆက်တိုက် ပို့နေခဲ့ပြီး သူ တစ်စောင်ကိုမျှ စာမပြန်ရသေးချေ။

လျိုဟုန်နှင့် သေချာလေး စကားပြောဖို့ လိုသည်။

“ မင်း ဘာတွေ ထဖောက်နေတာလဲ ကောင်လေး … ဟမ်… ဆိုင်းမဆင့်ဗုံမဆင့်ကြီး နှုတ်ထွက်မယ် လာပြောနေတယ် …” ဖုန်းဝင်သွားသည်နှင့် လျိုဟုန် ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

“ ကျုပ်ဇနီးက တားလာလို့လေ … ဒါကြောင့်မို့ အချိန်ဆွဲတဲ့ နည်းပရိယာယ်လေး သုံးလိုက်တာ …” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အတော်လေး ဒုက္ခတွေ့နေတဲ့ အချိန်အနေမှ မဟုတ်ရင် ခင်များလည်း မစ်ရှင်တွေကို တခြားတစ်ယောက်ဆီ လွှဲပေးလိုက် … ကျုပ် ကွာရှင်းပြီး ဇနီးကို မဆုံးရှုံးချင်ဘူး …”

ဖုန်းတစ်ဖက်ခြမ်းတွင် လျိုဟုန်မှာ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး “ ငါနားလည်တယ် .. အသင်းရဲ့ မစ်ရှင်တွေက နည်းနည်းလေး အန္တရာယ်များတာ အမှန်ပဲ …. မင်း ဒဏ်ရာရတဲ့ ကိစ္စလည်း ငါ သိတယ် …”

“ ကျုပ်ကို ခံစားချက်တွေနဲ့ အရူးလာလုပ်ပြမနေနဲ့ … ရှောင်ကျီးကျီးရဲ့ ပန်းကန်လုံးလောက်ရှိတဲ့ အမာရွတ်သေးသေးလေးက အဲ့လိုဒရာမာမျိုး မလိုပါဘူး …”

“ ဒီလိုဆိုရင်ကော … ငါမင်းကို သုတေသနဘက်ခြမ်း ကူးပြောင်းပေးမယ် .. လီဟန်ရဲ့ ရာထူးနေရာ လစ်လပ်နေတာနဲ့ အတော်ပဲ …”

“ မလုပ်နဲ့ … အစ်ကိုလီက လူကောင်း … အချိန်ကျရင် သူ့ကို ပြန်ခေါ်လိုက် … သူများကို စိတ်ပျက်အောင် မလုပ်နဲ့ … “ လင်းရီ ပြောလိုက်ပြီး “ ကျုပ်အတွက်ကတော့ စိတ်မပူနဲ့ … ကျုပ်က နောင်ကျရင် ကျွန်းပေါ်သွားဖို့ စိတ်ကူးထားတာ … သုတေသနဘက်ကို မသွားချင်ဘူး …”

All Chapters