ကျုပ် တပ်ဖွဲ့ထဲက ထွက်ပြီ
Vol. 142 Ch. 2128
လင်းရီ ဟိုတယ်ထဲက ထွက်လာသည့်အချိန်၌ မွန်းလွဲ ညနေခင်း ၂ နာရီ ရှိနေချေပြီ။ ထို့နောက် သူ လေဆိပ်ထံသို့ မောင်းသွားလိုက်သည်။
လေယာဉ်ပေါ်ကဆင်းလာခဲ့ပြီနောက် ချင်းဟန်နှင့် သူ့ညီကို နှစ်ယောက်က တာမင်နယ် အပြင်ဘက်တွင် လင်းရီအလာကို စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာပြီးကတည်းက ဖြစ်၏။
“ ကိုယ့်ဆရာကတော့ ပျောက်သွားလိုက်တာ ပေါ်တောင်မလာတော့ဘူး …” ချင်းဟန် စောဒကတက်လိုက်ပြီး “ လူစုံတက်စုံလေး သောက်ဖို့ကိုတောင် အနိုင်နိုင်ပင့်နေရတယ် ….”
“ ရန်ကျင်းမှာ နည်းနည်းရှုပ်နေလို့ပါကွာ …”လင်းရီ တစ်ချက် ရယ်မောရင်း ပြောလိုက်ပြီး “ ဒါပေမယ့် ခုကစပြီး ဟိုမှာ ကိုင်တွယ်စရာလည်း ဘယ်လောက်မှ မရှိတော့ပါဘူး …”
“ သွားစို့ .. အချိန်ကျတော့မယ် … ဘာပဲဆိုဆို ငါတို့သွားမှာက လူကြီးအိမ် … နောက်ကျနေလို့ မကောင်းဘူး ..”
လေးယောက်သား ကားထဲသို့ ဝင်လိုက်ကြပြီး ကျီချင်းရန်၏ အိမ်သို့ ဦးတည်လိုက်ကြသည်။
လမ်း၌ လင်းရီသည် ချိုးယွီလော့ထံမှ ဆမ်ဆောင်း၏ အတွင်းပိုင်းအခြေအနေနှင့် စပ်လျဉ်းပြီး သတင်းအသစ်များ အစီရင်ခံလာသည်ကို ရရှိလိုက်သည်။
လီယုံချော သေဆုံးသွားသည့် သတင်းကို ကြေညာလိုက်ပြီ ဖြစ်၏။ ဆမ်ဆောင်း၏ ပဲ့ကိုင်ရှင်မှာ သူ့သား၏ အခြေအနေကို သိရှိလိုက်ရပြီးနောက် မဖြစ်ပွားသည်မှာ အတော်ကြာပြီ ဖြစ်သည့် ရောဂါဟောင်းတစ်ခု ပြန်ထလာခဲ့ပြီး ICU သို့ရောက်ရှိနေကာ ဆမ်ဆောင်းကို ဆက်လက် မအုပ်ချုပ်နိုင်တော့ချေ။ စီးပွားရေး ကိစ္စများကိုတော့ သူ၏ သမီးငယ် လီယုံဂျင်းက တာဝန်ယူကိုင်တွယ်ပေးလိမ့်မည်။
အဆိုပါ သတင်းကို မြင်တော့ လင်းရီ သူ၏ မေးစေ့ကို တွေးတွေးဆဆနှင့် ပွတ်သပ်လိုက်၏။
လီယုံဂျင်း၏ အစွမ်းအစတို့က အမှန်တကယ်ကို ချီးကျူးထိုက်လှသည်။ သူမက ဤ ဖြစ်ရပ်နှစ်ခုကို ချောမွေ့စွာ ဆက်စပ်နိုင်လိုက်၏။
ဤနည်းလမ်းဖြင့် သူမ၏ အစ်ကိုနှင့် အဖေသည် လူလုပ်ကြံခြင်း ခံလိုက်ရသည်ကို မည်သူကမျှ စဉ်းစားမိမှာ မဟုတ်ချေ။
မိနစ်လေးဆယ်ခန့် မောင်းနှင်ပြီးနောက် အုပ်စုမှာ ကျီချင်းရန်၏ နေအိမ်သို့ ရောက်ရှိလာခဲ့၏။
လင်းရီကို မြင်တော့ ကျီအန်းထိုက်နှင့် စုန့်လန်တို့က သူတို့အား နှုတ်ဆက်ရန် အိမ်ထဲက အတူထွက်လာခဲ့ကြသည်။
“ ဝင်ခဲ့ကြ ဝင်ခဲ့ကြ … ဟင်းတွေအကုန်လုံးက အဆင်သင့် ဖြစ်နေပြီ …”
“ ဒါဆိုလည်း ကျွန်တော်တို့ အားမနာတော့ဘူးနော်..”
ချင်းဟန်နှင့် ကျန်သူများက ရွှင်ပြစွာ ခွန်းတုံ့ပြန်လိုက်ရင်း သူတို့ကိုယ်သူတို့ အပြင်လူအဖြစ် သဘောမထားနေသည်မှာ မြင်သာလှ၏။
အိမ်ထဲတွင်တော့ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှာ ဆိုဖာပေါ်တွင် ထိုင်နေလျက်ရှိပြီး လူတိုင်း ရောက်လာကြပြီကို မြင်တာ့ သူမတို့လည်း ထမင်းစားပွဲတွင် အတူဝင်ထိုင်ကာ ညစာ သုံးဆောင်ရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။
ထမင်းဝိုင်းရှိ လေထုက အတော်လေး ကောင်းမွန်နေကာ လိုက်လျောညီထွေ ရှိလှသည်။ သို့သော် အမြင်စူးရှသည့် လူများကတော့ လင်းရီနှင့် ကျီချင်းရန်တို့ကြားတွင် တင်းမာမှုတစ်ချို့ ရှိနေသည်ကို ခံစားသိမြင်နိုင်သည်။
လူငယ်များကို နေရာတစ်ချို့ ပေးရန်အတွက် လူအိုကြီး စုံတွဲမှာ စားသောက်ပြီးသည်နှင့် အပြင်သို့ ခဏလမ်းလျှောက်ထွက်သွားခဲ့ကြသည်။
သို့သော် ထွက်မသွားမီတွင် သူတို့အားလုံးကို အလျင်မလိုဘဲ ဒီည အိမ်မှာ အိပ်သွားကြရန် တိုက်တွန်းခဲ့၏။ သို့သော်လည်းပဲ ချင်းဟန်နှင့် ကျန်နှစ်ယောက်ကတော့ ဤစကားက လင်းရီအတွက် အထူးရည်ရွယ်သည်ကို သူတို့ နားလည်သည်။
ကျီအန်းထိုက်တို့ ထွက်ခွာသွားပြီးနောက် ဒင်နာပါတီကလည်း အုပ်စုနှစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့က ဆိုဖာပေါ်သို့ ပြန်သွားထိုင်နေကြပြီး ဖုန်းပွတ်ရင်းဖြင့် မြင်ရသည့် ဟိုသတင်း ၊ ဒီသတင်းများကို သူတို့အချင်းချင်း တီးတိုးပြောဆိုနေခဲ့ကြသည်။
ထိုအချိန်တွင် လင်းရီနှင့် သူ့ညီကို သုံးယောက်ကတော့ ထမင်းစား စားပွဲတွင် ဆက်တိုက် ခွက်ချင်းတိုက်နေခဲ့ကြကာ ရပ်တန့်မည့် အရိပ်အယောင်လည်း မမြင်ရသေးချေ။
“ ဟင် … လီယုံချော သေသွားခဲ့ပြီ ….” ဟော်ယွမ်ယွမ် ရှော့ခ်ရနေသည့် လေသံဖြင့် ကျယ်လောင်စွာ မြည်တမ်းလိုက်မိ၏။
“ တကယ်ကြီးလား ….”
ဤသတင်းကို ကြားတော့ ရှိနေကြသည့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
ယခင် … ဟော်ယွမ်ယွမ်မှတစ်ဆင့် ချင်းဟန်နှင့် ကျန်သူများလည်း ထိုနေ့က ကော့တေးပါတီတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားခဲ့ကြ၏။
လင်းရီက ဆမ်ဆောင်း၏ လီယုံချောကို တိုက်ခိုက်ခဲ့သည်။ သို့သော်လည်းပဲ အခြေအနေကိစ္စရပ်တို့က ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
“ သူ ဘယ်လို သေသွားခဲ့တာလဲတဲ့ …” ကောင်းကျုံးယွမ် မေးလိုက်သည်။ “ ငါ အစောပိုင်း သတင်းကြည့်တုန်းကတောင် သူ့အခြေအနေက တည်ငြိမ်လို့ ဘာစိတ်ပူစရာမှ မရှိတော့ဘူးဆို …”
“ ဆေးနဲ့ အပြင်းအထန် ဓာတ်မတည့်တဲ့ တုံ့ပြန်မှုကြောင့်လို့ ပြောတာပဲ ..”
မသိစိတ်အလျောက် လူတိုင်း၏ အကြည့်တို့က လင်းရီထံသို့ ကျရောက်သွားခဲ့ကြသည်။
ဆမ်ဆောင်း၏ အမွေဆက်ခံသူ လီယုံချော သေဆုံးသွားသည့် ကိစ္စက ဆေးဘက်ဆိုင်ရာ ဓာတ်မတည့်မှုကြောင့်ဟု မည်သူကမျှ ယုံကြည်လိမ့်မှာ မဟုတ်ချေ။
“ အကုန် ဘာလို့ ငါ့ကို အဲ့လို လာကြည့်နေကြတာ …” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ငါက အဲ့လို ရက်စက်တတ်တဲ့ လူမို့လို့လား …”
“ မင်းက လီယုံချောကို ဓားနဲ့တောင် ထိုးဝံ့ခဲ့သေးတာ မင်း မလုပ်ရဲတာ ဘာများ ရှိမှာမို့လို့ ….”
“ အဲ့တာ တကယ်ပဲ နင်လား …..” ကျီချင်းရန်က အခက်တွေ့နေသည့် အမူအရာဖြင့် မေးမြန်းလာသည်။
သူမမှာ ငယ်စဉ်ကတည်းက စည်းကမ်းလိုက်နာသည့် အမျိုးသမီး တစ်ဦးပင်။ ရန်ဖြစ်သည်က သူမ သည်းခံနိုင်သည့် အတိုင်းအတာအတွင်း၌ ရှိသော်လည်း လူသတ်သည်ကိုတော့ သူမ တည်တည်ငြိမ်ငြိမ်နှင့် ရင်မဆိုင်နိုင်သေးချေ။
ထို့ထက် ပိုသည်က နစ်နာသူတွင် အလွန်အမင်းထူးခြားသည့် အထောက်အထား ရှိနေခြင်းပင်။
အကယ်၍ သင့်တင့်လျောက်ပတ်စွာ မကိုင်တွယ်ခဲ့ဘူးဆိုပါက အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်လာနိုင်သည်။
“ ဘာတွေပဲ ဖြစ်သွားခဲ့ ဖြစ်သွားခဲ့ … ငါ လုပ်ခဲ့တာ မလုပ်ခဲ့တာနဲ့ မဆိုင်ဘူး …” လင်းရီ ပြောလိုက်သည်။
ရှိနေကြသည့်လူတိုင်းက ဉာဏ်ကောင်းကြသူများပင်။ လင်းရီ၏ စကားက သူ ကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ကို အတည်ပြုပေးလိုက်လေသည်။
“ ဒါပေမယ့် အဲ့တာက လီယုံချောလေ …”
ကျီချင်းရန် ပြောလိုက်ပြီး ဒေါသတကြီးနှင့် “ ငါ လီယုံဂျင်းကို အခုပဲ ဖုန်းဆက်မယ်….”
“ ဆက်စရာ မလိုဘူး … ငါတို့ တွေ့ပြီးသွားပြီ …” လင်းရီ ပြောဆိုလိုက်ပြီး “ နောက်ဆက်တွဲ ကိစ္စတွေ အကုန်လုံးလည်း စီစဉ်ထားပြီးသား …”
“ စီစဉ်ထားပြီးပြီ ဟုတ်လား ….”
“ အခု လီမိသားစုကို အမှန်တကယ် ထိန်းချုပ်နေတဲ့ လူက လီယုံဂျင်းပဲ … ငါကပဲ သူ့ကို အဲ့ဒီ နေရာရောက်အောင် တွန်းတင်ပေးလိုက်တာ … မဟုတ်ရင် သူ ဘယ်တော့မှတောင် အဲ့လို အခွင့်အရေးမျိုး ရမှာမဟုတ်ဘူး …” လင်းရီ ရှင်းပြလိုက်၏။
“ လီယုံချောရဲ့ အထောက်အထားက ဘယ်လောက်ပဲ ထူးခြားနေဦးတော့ ဒါ လီမိသားစုရဲ့ အတွင်းရေး ပြဿနာပဲ … သူတို့ဘက်က ဆက်လိုက်ချင်စိတ် မရှိဘူးဆိုရင် ငါတို့အတွက်က အေးဆေးပဲ … ပြီးတော့ လိုက်ခဲ့ရင်တောင် နောက်မှာ ဘာသဲလွန်စမှ ချန်ထားခဲ့တာ မဟုတ်ဘူး … ငါပါလို့ ဘယ်သူက သက်သေပြနိုင်မှာ …..”
“ လင်းကော … မင်းက တယ် က်စက်တဲ့ကောင်ပဲ …” လျန်ကျင်းမင်က စီးကရက်တစ်လိပ်ကို ကိုင်ပြီး လက်မထောင်ပြလိုက်သည်။
“ သူက ဥက္ကဌကျီရဲ့ လက်ကို ထိလိုက်တာကြောင့်နဲ့ မင်းက သူ့ကို အပြတ်ရှင်းလိုက်တယ် ….”
“ သူ့ကို ရှင်လျက် ထားလို့လည်း ဆန်ကုန် မြေလေးတာပဲ ရှိမယ် … သေတာက လူကောင်းတွေအတွက် ကောင်းသွားတာပေါ့ ….”
ကျီချင်းရန်၏ သွင်ပြင်က စိတ်ညစ်နေဟန်ပင်။ သူမ တစ်စုံတစ်ရာကို ပြောလိုက်ချင်ပါသော်လည်း အဆုံး၌ နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်၏။
ည ဆယ်နာရီ ထိုးသည့်အချိန်၌ ချင်းဟန်နှင့် ကျန်သူများမှာ အချင်းချင်း အဓိပ္ပာယ်ပါသည့် အကြည့်တွေ ဖလှယ်နေခဲ့ကြသည်။ အကုန်လုံးကလည်း အချက်ပြမှုကို နားလည်သဘောပေါက်ပြီး အနည်းငယ် ပြင်ဆင်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်ကြ၏။
ကျီအန်းထိုက်နှင့် စုန့်လန်တို့၏ တိုက်တွန်းမှုကြောင့် လင်းရီကတော့ နောက်တွင် ညနေရစ်ခဲ့လိုက်ရလေသည်။
ကျီချင်းရန်၏ အခန်းထဲ၌ ၊ သပ်ရပ်လှပစွာ လှီးဖြတ်ထားသည့် သစ်သီးတို့ မျိုးစုံ ရှိနေသည်။ သို့သော်လည်း နှစ်ယောက်လုံးမှာ ထိုသစ်သီးများကို ထိတွေ့ရန်ပင် အာရုံမလာခဲ့ကြချေ။
“ နင့် ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ …”
“ သက်သာနေပြီ …” လင်းရီသည် အမှန်ကို ပြောနေသကဲ့သို့ သူ့ ဝမ်းဗိုက်ကို ပုတ်ပြရင်း ပြောလိုက်သည်။
“ နင့် အဝတ်တွေ ချွတ်လိုက် … ငါကြည့်ကြည့်မယ် …”
“ အာ … နည်းနည်းတော့ သိပ်မကောင်းသလိုပဲနော် ….”
“ တော်တန်တိတ်စမ်း …”
“ အု …”
ကျီချင်းရန်၏ တင်းမာသည့် မျက်နှာထားကို မြင်တော့ လင်းရီ နှုတ်ခမ်းကိုက်၍ အနိုင်ကျင့်ခံနေရသည့် ကောင်မလေး အမူအရာဖြင့် သူ၏ အဝတ်များကို ဖယ်ရှားလိုက်သည်။
“ နင့် ဒီအညိုအမည်းတွေက ဘယ်ကနေ ဘယ်လို ဖြစ်လာတာ …”
“ ရန်ဖြစ်ခဲ့တာ ….”
ဂေလ်က လင်းရီ၏ ပြိုင်ဘက် မဟုတ်သော်ငြားလည်း ဘီအဆင့် ဖိုက်တာတစ်ဦး ဖြစ်နေခဲ့ဆဲပင်။ ထို့ကြောင့် လင်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် အညိုအမည်းတစ်ချို့ စွဲသွားစေခဲ့၏။
“ နင် အဲ့နေရာကနေ ထွက်လာလို့ မရဘူးလား … နင့်မှာ ပိုက်ဆံ မရှိလို့လား … အဲ့မှာနေတာ ဘာအတွက်လဲ …” ကျီချင်းရန် မပျော်မရွှင် ဖြစ်စွာ ပြောလိုက်သည်။
“ ဒါက စကားတစ်ခွန်း နှစ်ခွန်းလောက်နဲ့ ရှင်းပြလို့ရတဲ့ အရာ မဟုတ်ဘူး … ပြီးတော့ မင်းထင်နေသလောက်လည်း မရိုးရှင်းဘူး …” လင်းရီ ပြောလိုက်၍ “ ဒါက မင်းထင်နေတာထက် ပိုပြီး ရှုပ်ထွေးတယ် ….”
“ ငါ ဘာအကြောင်းပြချက်မှ မကြားချင်ဘူးဟာ … နင် အဲ့နေရာကနေ ထွက်လာခဲ့ပေးနိုင်မလား ၊ မထွက်လာပေးနိုင်ဘူးလားဆိုတာပဲ သိချင်တယ် ….”
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် လင်းရီ လေးလံသည့် သက်ပြင်းတစ်ချက် ချလိုက်၏။
“ ချင်းရန် … မင်းက ငါ့ကို ခက်ခဲအောင် လုပ်နေတာပဲ … ငါ ထွက်လာလို့မရဘူး … ဒါက ဟွာရှရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဆက်စပ်နေတယ် … ငါက ရောက်နေခဲ့ပြီ ဆိုမှတော့ ထွက်သွားဖို့က မဖြစ်နိုင်တော့ဘူး ….”
“ နင့်ကိုယ်နင်လည်း မှန်ထဲ ပြန်ကြည့်ကြည့်ဦး … နင် ဘယ်လိုပုံစံ ပြောင်းသွားပြီလဲလို့ …”
ကျီချင်းရန်သည် လင်းရီ၏ အညိုအမည်းများနှင့် ဖွတ်ဖွတ်ကြေနေသည့် ခန္ဓာကိုယ်ကို ညွှန်ပြရင်း ပြောလိုက်ပြီး “ နင် သေမှပဲ အဲ့နေရာက ထွက်လာချင်မှာလား ဟုတ်လား ….”
“ ဒီလို အတွေ့အကြုံမျိုးတွေက ရှောင်လွှဲလို့မရဘူး … ဘယ်သူကမှလည်း တစ်သက်လုံး ရှောင်နေလို့ မရဘူး … ကမ္ဘာကြီးက ချိန်ခွင်လျှာညီတယ် … မင်းမြင့်မြင့်ကို ပိုတက်ချင်ရင် သူ့တန်ကြေးကို ပေးဆပ်ရမှာပဲ … “
“ ရတယ်လေ … နင်က အနားမယူချင်ဘူးဆိုမှတော့ ငါလည်း နင့်ကို တွန်းအားမပေးတော့ဘူး …” ကျီချင်းရန် ပြောလိုက်ပြီး “ ငါ ဒီကိစ္စ ပြောလို့ပြီးပြီ .. နင် အဲ့နေရာက ထွက်လာခဲ့ပြီး ကျိုးဟိုင်မှာ အေးအေးချမ်းချမ်းနဲ့ နေမယ်ဆိုရင် ငါ နင့်ကို ခွင့်လွှတ်မယ် ….”
“ ဟင် … မင်း ဘာပြောလိုက်တယ် … ထွက်တာနဲ့ပဲ မင်းငါ့ကို ခွင့်လွှတ်မယ် ဟုတ်လား …”
“ နင့်ဘာနင် ရွေးပေါ့ …”
“ ရွေးနေစရာတောင် လိုသေးလို့လား … ငါအခုပဲ နှုတ်ထွက်တော့မယ် …”
ပြောပြီးသည်နှင့် လင်းရီသည် လျိုဟုန်၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
“ ဘော့စ်လျို … ခင်များ ကျုပ်ကို ထပ်မဆက်သွယ်နဲ့တော့ … ကျုပ် နှုတ်ထွက်ပြီး ယာစိုက်တော့မှာ …”