ဘယ်သူ့လက်ချက်လဲ
Vol. 142 Ch. 2127
“ မင်းလို ဉာဏ်ပြေးတဲ့လူနဲ့ စကားပြောရတာ တကယ်ပဲ အပိုပြောစရာ မလိုဘူးပဲ …” လင်းရီ အပြုံးပန်းတို့ ဝေဆာနေသည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး “ ကျန်တာ မင်းနဲ့ လွှဲထားပေးလိုက်တော့မယ် …”
“ ကောင်းပြီလေ … ဟာဂျွန်ဝူးက လူတွေကို ခဏနေ ခေါ်လာလိမ့်မယ် … အသေးစိတ်ကိုတော့ သူပဲ နင့်ကို ကူညီပေးလိမ့်မယ်…..”
“ ပြဿနာမရှိဘူး …”
ဖုန်းချပြီးနောက် နင်ချဲ့ အနားသို့ ရောက်လာသည်။
“ ငါတို့ ဒီလူတွေကို ဘယ်လိုလုပ်သင့်လဲ… ဒီတိုင်းပဲ လွှတ်ပေးလိုက်ကြမလား ….”
“ ဒီကောင်တွေကို အသက်ရှင်လျက် ထားလို့လည်း မကောင်းဘူး … ဖမ်းထားလို့လည်း အသုံးမဝင်ဘူး …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ဒါပေမယ့် အသုံးချလို့တော့ ရတယ် .. ဒီတိုင်း လွှတ်ပေးလိုက်တာက ဖြုန်းတီးရာကျတာပေါ့ …”
“ မင်း .. မင်း ဘာလုပ်ချင်နေတာလဲ …”
ဂန်ဒုံဟေး၏ မျက်နှာတစ်ပြင်လုံး ကြောက်ရွံ့စိတ်တို့ ပြည့်နှက်နေခဲ့သည်။
အကယ်၍ သူသာ တတ်နိုင်မည်ဆိုပါက သင်္ဘောပေါ်မှပင် ခုန်ချပစ်လိုက်ချင်သည်။
ဤလူများနှင့် အတူရှိနေရသည်က အမှန်တကယ် ကြောက်ဖို့ ကောင်းလှ၏။
“ မင်းတို့ကောင်တွေက တော်တော်ပိန်းကြတယ် … ဖရီးမေဆင်ရဲ့ ဌာနချုပ်တွေတောင် ငါ့ကို ဘာမှမလုပ်နိုင်တာ မင်းတို့ကိုယ်မင်းတို့ ဘာကောင်ထင်နေလို့ ….” လင်းရီ ဖုန်းကို ကိုင်ထားရင်း အေးအေးလူလူ ပြောလိုက်သည်။
“ မင်းနဲ့ မင်းလူတွေက ငါ့အတွက် အသုံးမဝင်ဘူး … ဒီတော့ ပင်လယ်ထဲ ပစ်ချပြီး ငါးစာကျွေးရမလား … ဒါမှမဟုတ် လွှတ်ပေးလိုက်ရမလား .. မင်းရွေးချယ် …”
“ ကျေး … ကျေးဇူးပြုပြီး လွှတ်ပေးပါ …”
“ ဒါပေါ့ … လွှတ်ပေးလိုက်လို့က ရတယ် … ငါ့မေးခွန်းတစ်ခုကို ဖြေမယ်ဆိုရင်ပေါ့ …”
“ ဘာ … ဘာမေးခွန်းလဲ ….”
“ တောင်ကိုးရီးယာမှာ ရှိတဲ့ ဖရီးမေဆင် အဆောက်အဦးကို မီးရှို့လိုက်တာ ဘယ်သူ့လက်ချက်လဲ ….”
“ ဟင် …”
ဂန်ဒုံဟေး၏ မျက်လုံးတို့မှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားခဲ့ရသည်။ မီးရှို့ခဲ့သည့်လူက လင်းရီ ဖြစ်သည်မှာ အသိသာကြီးပင်။ ဒါကို ထိုကောင်က အဘယ်ကြောင့် သူ့ လာမေးနေရသနည်း။
“ မဖြေခင် သေချာစဉ်းစားနော် …” လင်းရီ အေးတိအေးစက် အပြုံးဖြင့်ပြောလိုက်သည်။
ဂန်ဒုံဟေး ကြက်သီးဖြန်းသွားခဲ့ပြီး လင်းရီ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်တို့ ပျံ့လွှင့်လာသည်ဟုပင် ခံစားနေရသည်။
သူ့ရှေ့ရှိ ဤလူက ကျန် အမျိုးသမီးနှစ်ယောက်ထက် ပိုပြီး ရက်စက်ကြမ်းကြုတ်သည့်လူဖြစ်ကြောင်း သိသည်။
“ အဲ့တာ … ငါပါ … ငါ့လက်ချက်ပါ … ငါလုပ်ခဲ့တာ …”
“ အဲ့တာကမှ မှန်ကန်တဲ့ အဖြေပဲ….”
လင်းရီ သူ့ဖုန်းကင်မရာကို လက်ညွှန်းညွှန်ပြ၍ ဂန်ဒုံဟေးကို တစ်ဖန်ပြန်မေးလိုက်သည်။
“ တောင်ကိုးရီးယားမှာ ရှိတဲ့ ဖရီးမေဆင်အဆောက်အဦးကို မီးရှို့ခဲ့တာ ဘယ်သူ့လက်ချက်လဲ….”
“ ငါ့လက်ချက် … ငါလုပ်ခဲ့တာ ….”
“ ဒါဆိုရင် တခြား အဆောက်အဦးတွေကို မီးရှို့ခဲ့တာရော ဘယ်သူ့လက်ချက်လဲ …”
“ ငါ့လက်ချက်ပါ .. အကုန်လုံးကို ငါလုပ်ခဲ့တာ ….”
လင်းရီ ကင်မရာကို ပြန်ပိတ်လိုက်သည်။ “ သိပ်ကို သတ္တိကောင်းတဲ့ ဂိုဏ်းခေါင်းဆောင်ပဲ … အခု ငါတို့ကြား ကျေသွားပြီ … လစ်လိုက်တော့ …”
နင်ချဲ့နှင့် ချိုးယွီလော့တို့မှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ရင်း အပြုံးချင်း ဖလှယ်မိလိုက်ကြသည်။ လင်းရီ ဘာလုပ်ချင်နေလဲဆိုတာကို သူမတို့နှစ်ဦးလုံး နားလည်နေကြ၏။
မှတ်တမ်းတင်ထားသည့် ဗွီဒီယိုက မကြာခင် တစ်ချို့သော ချာနယ်များသို့ ပျံ့နှံ့သွားမှာ ဖြစ်ပြီး အမှောင်ထဲမှတစ်ဆင့် တိတ်တဆိတ် စောင့်ကြည့်နေသူတိုင်းကို ဂန်ဒုံဟေးက ဖရီးမေဆင်၏ အဆောက်အဦးများအား မီးရှို့လိုက်သူ ဖြစ်ကြောင်း သိရှိသွားစေမည်။ အဆိုပါ မီးလောင်မှုများအားလုံးက ကျုံးဝေ့တပ်ဖွဲ့နှင့် လုံးလုံးလျားလျား သက်ဆိုင်ခြင်း မရှိသဖြင့် ဖရီးမေဆင်သည်လည်း ဒေါသကို မျိုသိပ်၍ အံကြိတ်၍သာ ဒေါသထွက်နေရတော့မည်။
ဤအကွက်က ၎င်းတို့ကို အရှက်ခွဲရုံမျှက သူတို့၏ အားနည်းချက်ကို တစ်ပြိုင်တည်း ဖော်ထုတ်လိုက်ရာလည်း ရောက်ပေသည်။
လင်းရီ၏ နည်းပရိယာဉ်တို့က အမြဲတမ်း ရက်စက်ကြမ်းကြုတ်နေဆဲပင်။
မကြာမီ စင်္ကြံလမ်းမထက်မှ လမ်းလျှောက်သံတို့ ထွက်ပေါ်လာခဲ့ပြီး ဟာဂျွန်ဝူးနှင့် သူ့လူများ အထဲသို့ ဝင်လာခဲ့ကြသည်။
သူ၏ မျက်နှာက တင်းမာနေပြီး လင်းရီအပေါ် ထားရှိသည့် သူ၏ သဘောထားတို့မှာ သက်တောင့်သက်သာ မဖြစ်မှု၊ တွေဝေမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
“ လူကြီးမင်းလင်း …”
“ မင်းရဲ့သူဌေးက ဖုန်းကြိုဆက်ထားပြီးပြီ .. ဒီက ကိစ္စတွေကို ကိုင်တွယ်ဖို့ မင်းတို့ လက်ထဲ လွှဲထားခဲ့မယ် … ငါတို့ အခုသွားပြီ …”
“ နားလည်ပါပြီ … ကျွန်တော်တို့ ဒီက အရာအားလုံး ကိုင်တွယ်ထားလိုက်ပါ့မယ် …”
လင်းရီ ခေါင်းညိတ်ပြီး စကားအပို ပြောမနေတော့ချေ။ နင်ချဲ့ ချိုးယွီလော့နှင့် ခရီးဆောင်အိတ်ကို အခန်းထဲက ထုတ်ရင်း သင်္ဘောပေါ်က ဆင်းလာခဲ့၏။
ထိုအချိန်၌ လီယုံဂျင်း စီစဉ်ထားပေးသည့် အရန် ဖယ်ရီမှာ ကမ်းကပ်နေပြီး ဖြစ်၏။ လူများလည်း သင်္ဘောပေါ်သို့ စတင်တက်ရောက်နေကြချေပြီ။
သူတို့ သုံးဦးသားမှာ လူအုပ်ကြီးနှင့် ရောထွေး၍ သင်္ဘောပေါ်သို့ တိတ်တဆိတ် တက်လာခဲ့ကာ သီးသန့်အခန်းထဲသို့ ရောက်လာခဲ့သည်။
သူတို့ အခြေချပြီးသည်နှင့် သင်္ဘောကလည်း ဟွာရှဘက်သို့ စတင်ထွက်ခွာသည်။
လေးနာရီခန့် ကြာပြီးသည့်နောက် အုပ်စုမှာ ချင်းသောင် သင်္ဘောဆိပ်သို့ ရောက်လာခဲ့ကြသည်။
အပြင်ဘက်၌ သူတို့ကို စစ်ကားသုံးစင်းက စောင့်ကြိုနေပြီး လင်းရီနှင့် သူ့အသင်းကို ကြိုဆိုရန်အတွက် အထူးတလှယ် စေလွှတ်ထားခြင်း ဖြစ်၏။
“ အလေးပြုပါတယ် ခေါင်းဆောင် …”
ခေါင်းဆောင်စစ်သားက လင်းရီနှင့် အခြားသူများ ရောက်ရှိလာသည့်အချိန်၌ အလေးပြုလိုက်သည်။
“ အချင်းချင်းတွေပဲ … ဒါတွေ မလိုပါဘူး …”
လင်းရီ ခရီးဆောင်အိတ်ကို ညွှန်ပြလိုက်ပြီး “ အထဲမှာ လူရှိတယ်… သူက ကျုပ်ဖမ်းလာခဲ့တဲ့ အကျဉ်းသားပဲ … ခင်များက သေချာစောင့်ကြပ်ပြီး သူ့ကို ရန်ကျင်း ပို့ပေးရမယ် …”
“ အထဲမှာ လူရှိတာလား …”
လင်းရီ ခေါင်းညိတ်လိုက်သည်။
ဦးဆောင်သူ စစ်သားကလည်း မသိစိတ်အလျောက် ခရီးဆောင်အိတ်ကို ဖွင့်၍ စစ်ဆေးကြည့်လိုက်ရာ ပါးစပ်ကို တိပ်ကပ်ထားသည့် ဂေလ်ကို မြင်တွေ့လိုက်ရသည်။
သို့သော် အထဲ၌ လက်ပြတ်တစ်ချောင်းလည်း ရှိနေသည်ကို မြင်တော့ သူတို့အားလုံး တုန်လှုပ်သွားခဲ့ကြ၏။
“ လက်ချောင်းပေါ်က အဲ့လက်စွပ်ကို မထိနဲ့ .. အဲ့တာ ဗုံးအသေးစားလေးပဲ … ကျွမ်းကျင်တဲ့လူတွေ လက်ထဲ အပ်လိုက်ပါ …”
“ ဟုတ်ကဲ့ ….”
စကားအနည်းငယ် ပြောဆိုပြီးသည်နှင့် လင်းရီ၊ နင်ချဲ့နှင့် ချိုးယွီလော့တို့သုံးဦးလုံး ကားတစ်စင်းထဲသို့ ဝင်ရောက်လိုက်ကြသည်။ အခြားသူများကတော့ ဂေလ်ကို စစ်တပ်လေဆိပ်သို့ ပို့ဆောင်လိုက်ကြ၏။
ခရီးစဉ်က ပုံမှန်ပင်။ သူတို့အားလုံး ကျုံးဝေ့တပ်ဖွဲ့သို့ ပြန်ရောက်လာသည့် အချိန်၌ မွန်းလွဲ သုံးနာရီ အချိန် ရှိနေပြီ ဖြစ်သည်။
“ မင်းတို့ကောင်တွေ ပြန်လာကြပြီပဲ … ငါ့မှာ စိတ်ပူလိုက်ရတာ ... ”
လျိုဟုန်က သူတို့သုံးဦး ပြန်လာသည်ကို မြင်တော့ စိတ်သက်သာ ရသွားခဲ့ပြီး ပေါ့ပေါ့ပါးပါး နှုတ်ဆက်လာသည်။
“ အပြောလေးနဲ့ စိတ်ပူပြမနေနဲ့ … လစာတိုးပေးတာက စကားလုံးတွေထက် ပိုပြီး စိတ်ရင်းပါတယ်နော်….” လင်းရီ ရွှတ်နောက်နောက်လေသံဖြင့် ပြန်ပြောလိုက်သည်။
“ မင်းတို့သုံးယောက်လုံးက ငါ့ထက်ချမ်းသာတဲ့လူတွေချည်းပဲကို လစာကိစ္စ ဂရုစိုက်နေသေးတာလား …” လျိုဟုန် ခွန်းတုံ့ပြန်လိုက်ပြီး “ ဒါပေမယ့် အမှန်အတိုင်းပြောရရင် မင်းတို့ ဒီတစ်ခေါက် လုပ်ခဲ့တာ တကယ်ကောင်းတယ် .. ငါ အထက်ကို တင်ပြပေးမယ် …”
“ အလျင်လိုစရာ မလိုပါဘူး …” ချိုးယွီလော့ ပြောဆိုလိုက်ပြီး “ ကျွန်မတို့ ဒီတစ်ခေါက် ဖရီးမေဆင်ကနေ လူတစ်ယောက် ဖမ်းခေါ်လာနိုင်ခဲ့တယ် … သူ့ကို စစ်မေးပြီးတာနဲ့ အသုံးဝင်တဲ့ အချက်အလက်တွေ အများကြီး သိရမှာပဲ ….”
“ မပူနဲ့ … သူ ထွက်မပြေးနိုင်စေရဘူး …” လျိုဟုန် အာမခံလိုက်သည်။
“ သွားစို့ … မင်းတို့ ပြန်ရောက်လာတဲ့ အထိမ်းအမှတ်အနေနဲ့ ညစာ စားကြစို့ …”
“ ခင်များ ဒီလောက်ရက်ရောပြတာ တော်တော့်ကို ရှားရှားပါးပါးပဲ … ပြီးကျမှ မငိုနဲ့နော် ….” လင်းရီ တဟားဟား ရယ်မောရင်း ပြောဆိုလိုက်ပြီး “ ကျုပ်က ခင်များဆီကနေ တစ်ပြားမှမကျန်အောင် ညှစ်ထုတ်ပစ်မှာ ….”
မစ်ရှင်ကို လင်းရီတို့သုံးဦးတည်းသာ ပြီးမြောက်ခဲ့ပါသော်လည်း လျိုဟုန်သည် ကျန် အသင်းသား ခုနစ်ယောက်လုံးကိုပါ ဖိတ်ခေါ်၍ အသင်းလိုက် အောင်ပွဲခံပွဲ ကျင်းပခဲ့ကြသည်။
စုဝေးပွဲ ပြီးဆုံးသည့်နောက် ညပင် အတော်နက်နေချေပြီ။ လင်းရီနှင့် နင်ချဲ့တို့ကတော့ ဟိုတယ်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။
နှစ်ဦးလုံး ဘာမျှ မလုပ်ပါဘဲ နှစ်ခြိုက်စွာ အိပ်စက်ခဲ့ကြသည်။
သို့ပေမယ့် မနက်ခင်း စုံတွဲလေ့ကျင့်ရေးကတော့ ပုံမှန်အတိုင်း အဟုန်ပြင်းပြနေခဲ့ဆဲပင်။
နေ့လည်ခင်းပိုင်း လင်းရီတို့နှစ်ဦး နေ့လည်စာ စားနေစဉ်တွင် လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။
ချင်းဟန်က ဖုန်းဆက်လာခဲ့ခြင်းပင်။
“ မင်း အခုတလော ဘယ်တွေ ပျောက်နေတာ … ငါ့လေယာဉ်ငှားသွားပြီး ဆရာသမားက ပေါ်ကို မလာတော့ဘူး …”
ဥရောပဘက်သို့ မစ်ရှင်သွားလုပ်သည့် အချိန်တုန်းက လင်းရီသည် သူ၏ လမ်းကြောင်းများကို ဖုံးကွယ်၍ ဘေးကင်းလုံခြုံစေရေးအတွက် ချင်းဟန်၏ လေယာဉ်ကို ငှားရမ်းသွားခဲ့လေသည်။
“ ရန်ကျင်းမှာ လုပ်စရာနည်းနည်း ရှိနေလို့လေ … ငါ သိပ်မကြာခင် ပြန်လာတော့မှာ …” လင်းရီ စားနေရင်းဖြင့် ပြောလိုက်၏။
“ ဘာလဲ … တစ်ခုခု ဖြစ်လို့လား …”
“ ဘာရှိရမှာ … မင်းရဲ့ ဒရာမာပဲပေါ့ …” ချင်းဟန် ပြောလိုက်ပြီး “ ကောင်းကြီးနဲ့ငါတို့ ကျီချင်းရန်တို့အိမ်မှာ ညစာစားတော့မှာ … မင်း ဘယ်တော့ ပြန်လာမှာလဲ …”
“ ချင်းရန်ရဲ့ အိမ်မှာ ဟုတ်လား …”
“ အင်း … အဲ့ကောင်က အန်တီ့လက်ရာကို စားချင်တယ်တဲ့လေ … ငါတို့ သူ့အိမ်မှာ သွားဂုန်းဆင်းပြီး … မင်း သိပါတယ် … မင်းတို့နှစ်ယောက်ကို အတူရှိဖို့ အချိန်လေး နည်းနည်းပေးရင်းပေါ့ …” ချင်းဟန် စနောက်လာခဲ့၏။
“ ပြီးတော့ အန်တီလည်း မင်းနဲ့ တွေ့ချင်တယ်ဆိုပြီး ပြောနေသေးတယ် …”
“ ဝေါင်း … ညီကိုကောင်းပဲ … ငါ ဒီညနေ ပြန်လာခဲ့မယ် …”
“ အိုကေ … နောက်မကျစေနဲ့ …”
ဖုန်းချပြီးနောက် နင်ချဲ့ သူ့အား မော့ကြည့်လာသည်။ “ နင်က ကျိုးဟိုင်ကို ပြန်တော့မယ်ပေါ့ ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ဒီမှာ ဘာမှမရှိတော့ဘူးလေ .. ပြန်ရတော့မယ် …”
နင်ချဲ့၏ မျက်နှာထက်တွင် ခပ်ဆိုးဆိုး အမူအရာတစ်ခု ပေါ်လာခဲ့ပြီး “ ဒါဆိုလည်း နေ့လည်စာ မစားနဲ့တော့ ….”
“ ဘာလို့ … ငါ ဒီမှာ စားမပြီးသေးဘူးလေ …”
“ နင် ဘယ်လိုထင်လဲ …” နင်ချဲ့ မတ်တပ်ရပ်လိုက်ပြီး “ နင်က ပြန်တော့မှာဆိုတော့ မပြန်ခင် ပျော်ဖို့ကောင်းတာလေးတွေ ကြိုးစား ဖန်တီးလိုက်ကြရင်ကော …”
“ မင်းနဲ့တော့လေ တကယ့်ကို …… “