← Chapters

လီယုံဂျင်း၏ အတွေးများ

Vol. 142 Ch. 2119

လီယုံဂျင်း၏ အတွေးများ

Vol. 142 Ch. 2119

လင်းရီ၏ သွားလတ္တံ့ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး လီယုံဂျင်းထံသို့ ပြန်လှည့်ကြည့်လာခဲ့သည်။

“ ဆုံးဖြတ်ပြီးသွားပြီပေါ့ …”

“ ဒီလိုကိစ္စမျိုးက အချိန်ဆွဲနေစရာ အကြောင်း မရှိဘူး ….”

ရုတ်တရက်ဆိုသလို လင်းရီသည် လီယုံဂျင်းအပေါ် လေးစားမှု အသစ် တစ်ခု တိုးလာခဲ့ရတော့သည်။ ဤ အမျိုးသမီးက သူ စိတ်ကူးထားသည်ထက်ပင် ပို၍ ပြတ်သားနေသေးသည်။

အမျိုးသား အများစုပင်လျှင် သူမကဲ့သို့ ပြတ်သားနိုင်မှာ မဟုတ်ချေ။

“ နင် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ ငါ သိချင်တယ် …” လီယုံဂျင်းသည် လင်းရီကို စူးစိုက်ကြည့်ပြီး မေးလိုက်၏။

“ အဲ့ကိစ္စ မင်း စိတ်ပူစရာမလိုဘူး … မင်းနဲ့ ပတ်သက်မှု မရှိစေရဘူးလို့ ငါ အာမခံတယ် … စိတ်အေးလက်အေးသာနေ ….”

“ ငါ ဘာလုပ်ပေးဖို့ လိုလဲ ….”

လင်းရီ ပခုံးတွန့်ပြလိုက်၏။ “ ဘာမှမလိုဘူး …”

လီယုံဂျင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ စီးပွားရေး လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသည့် အတွေ့အကြုံတို့အရ အလကား ရသည့် နေ့လည်စာ မရှိကြောင်းကို သူမ နားလည်သည်။ လင်းရီ၏ ကမ်းလှမ်းမှုက သူမကို သံသယ ဖြစ်လာစေတော့သည်။

“ နင်သာ ကျီချင်းရန်ရဲ့ ကောင်လေး မဟုတ်ဘူးဆိုရင် နင် ငါ့ကို လာစားနေတယ်လို့တောင် တွေးမိလောက်တယ် … “

လင်းရီ ပြုံးလိုက်၏။ “ မင်း စဉ်းစားနေတာကို ငါနားလည်တယ် … ဒါပေမယ့် တစ်ခုတည်းပဲ မှတ်ထား … ဒီကိစ္စ မင်းနဲ့ ဘာမှ မပတ်သက်စေရဘူး … ငါ့အဆင့်အတန်းနဲ့ဆိုရင် အဲ့လောက်တော့ လုပ်နိုင်စွမ်း ရှိသင့်ပါတယ် ဟုတ်တယ်ဟုတ် …..”

လီယုံဂျင်း ချက်ချင် မတုံ့ပြန်လာဘဲ လင်းရီကိုသာ လေးလေးနက်နက် စိုက်ကြည့်ရင်း လေ့လာအကဲခတ်နေခဲ့သည်။

သူမအရှေ့ရှိ အမျိုးသားက ခက်ခဲနက်နဲလှသည့် ဝဲဂယက်ကြီးနှယ် အချိန်ကြာမြင့်စွာ စူးစမ်း အကဲခတ်နေသည်က သူမကို ပို၍သာ ရှုပ်ထွေးသွားစေခဲ့လေသည်။

“ ငါ ဒီကို လူခေါ်လိုက်ပြီး နင့်ကို ဒီနေရာကနေ ထွက်မသွားနိုင်အောင် လုပ်လိုက်မှာ မကြောက်ဘူးလား …”

“ ပထမတစ်ချက် … ၊ မင်း စစ်တပ်ကြီး ခေါ်လာခဲ့ရင်တောင် ငါ့ကို တားလို့မရဘူး ….”

“ ဒုတိယတစ်ချက် … ငါက လီယုံချောကိုတောင် ခေါင်းထဲ မထည့်တာ မင်းဆိုရင်လည်း ထူးပြီး ခြားနားသွားမှာ မဟုတ်ဘူး … သေမယ့်သေ မင်းပဲ အရင်သေသွားမှာ …”

ပြောရင်းဖြင့် လင်းရီသည် သူ့ဖုန်းကို ဆွဲထုတ်လာခဲ့ပြီး အသံသွင်းအက်ပ်ကို ဖွင့်ကာ လီယုံဂျင်းကို ပြလိုက်သည်။

“ ငါတို့ စကားပြောထားတဲ့ဟာတွေကို အသံသွင်းထားတယ် … မင်းမှာ တခြား အကြံဉာဏ်တွေ ရှိတယ်ဆိုလည်း လာခဲ့လိုက် … မင်းစိတ်ကြိုက် လိုက်ကစားပေးလိုက်မယ် …”

လီယုံဂျင်း၏ အမူအရာ ပြောင်းလဲမသွားခဲ့ချေ။ သို့သော် အခန်းထဲရှိ လေထုကတော့ အချိန်အတော်ကြာအောင် သိပ်သည်းလေးလံသွားခဲ့သည်။

“ ငါတို့ရဲ့ အပေးအယူ ပြီးသွားပြီ … တကယ်လို့ တခြား မရှိတော့ဘူးဆိုရင် ဥက္ကဌလင်း နင် သွားချင်သွားလို့ရပြီ ….”

လင်းရီ ပြုံးလိုက်၏။ “ မင်း ဆမ်ဆောင်းကို လက်လွှဲယူပြီးတဲ့အခါကျရင် ငါတို့ နှစ်အုပ်စု ပူးပေါင်းမှုတွေ အများကြီး ဆက်လုပ်ဖို့ မျှော်လင့်နေမယ် …”

“ ငါရောပါပဲ …”

လင်းရီ အခန်းထဲကနေ ထွက်ခွာလာခဲ့သည်။ လီယုံဂျင်းသည် ကုလားထိုင်ပေါ်သို့ ဘိုင်းခနဲ ပစ်ထိုင်ချလိုက်ပြီး‌ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားကာ မောပန်းနွမ်းနယ်ဟန်ပင်။ သူမ၏ ဆံအဖျားပိုင်းလေးများဆိုလျှင် ချွေးတို့ ရွှဲနစ်နေခဲ့၏။

“ သူ့လို ယောက်ျားမျိုး … ကျီချင်းရန် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး ….”

……………

စားသောက်ဆိုင်ထဲက ထွက်ခွာလာခဲ့ပြီးနောက် လင်းရီသည် အရင်ဦးစွာ လက်တော့တစ်လုံး ဝယ်ယူလိုက်ပြီး ထို့နောက် ဆိုးလ် ဒေသခံဈေးထဲ လှည့်ပတ်သွားလာနေခဲ့သည်။ ထို့နောက် တက္ကစီတစ်စင်းငှားပြီး ဆိုးလ်ပြည်သူ့ဆေးရုံထံ ဦးတည်လာခဲ့လေသည်။

ဤသည်က ဆမ်ဆောင်းအုပ်စု နောက်ခံပြုထားပေးသည့် နိုင်ငံတွင်းရှိ အကောင်းဆုံး ဆေးရုံများထဲက တစ်ခု ဖြစ်သည်။ လီယုံချော ဒဏ်ရာရပြီးသည့်နောက် ဤနေရာတွင် ဆေးကုသမှု ခံယူနေသည်က ယုတ္တိ ရှိလေသည်။

တက္ကစီထဲက ထွက်လာခဲ့ပြီးသည့်နောက် လင်းရီသည် သူ၏ ဦးထုပ်နှင့် မာ့စ်ကို အောက်သို့ အနည်းငယ် စိုက်လျက် အနီးနားရှိ စတားဘက်ခ် ဆိုင်ထဲ ဝင်လာခဲ့သည်။ တိတ်ဆိတ်သည့် ထောင့်တစ်နေရာတွင် ထိုင်၍ ဆေးရုံ၏ စီမံခန့်ခွဲမှု နက်ဝေါ့ခ်ထဲသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းတော့၏။

သူ ကနေဦး တွေးထင်ထားခဲ့သည်မှာ ဆေးရုံ၏ စနစ်ထဲသို့ ဝင်ရောက်ရန်က ကိတ်မုန့်လှီးစားသကဲ့သို့ လွယ်ကူလိမ့်မည်ဟူ၍ပင်။ သို့သော်လည်းပဲ ဆေးရုံ၏ လုံခြုံရေး စနစ်က အံ့အားသင့်ချင်စရာ ကောင်းလောက်အောင် ခိုင်မာနေပေသည်။

သူ လိုချင်သည့် အချက်အလက်များ ရရှိစေရန် လင်းရီ အချိန် နှစ်နာရီကျော်မျှ ကြိုးပမ်းလိုက်ရ၏။

လိုချင်သည်များအားလုံး ရပြီးသည်နှင့် လင်းရီသည် သန့်စင်ခန်းထဲသို့ ထွက်သွားကာ သူ့ကိုယ်သူ ရုပ်ဖျက်လိုက်သည်။ သူ၏ သွင်ပြင်အသစ်က ဆယ်နှစ် ပိုကြီးသွားခဲ့ပြီး လင်းရီနှင့် ရင်းနှီးသူများပင် မှတ်မိရန်အတွက် အတော်လေး အချိန်ယူရမည် ဖြစ်၏။

အရာအားလုံး ပြင်ဆင်ပြီးသည်နှင့် လင်းရီသည် စတားဘက်ခ်ထဲက ထွက်လာခဲ့ပြီး ဆေးရုံထဲသို့ ဝင်ရောက်သွားခဲ့ကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့၏။

…………

ညနေ ငါးနာရီထိုးပြီး မိနစ် အနည်းငယ်ကြာတွင် ဆမ်ဆောင်းမိသားစု၏ အမျိုးမျိုးသော မိသားစုဝင်များက ဒဏ်ရာရနေသည့် လီယုံချောကို ကြည့်ရှုရန် ဆေးရုံသို့ ရောက်လာခဲ့ကြသည်။

လီယုံချောက အနာဂတ်တွင် ကြီးမားသည့် ဆမ်ဆောင်းအင်ပါယာကြီးကို ပဲ့ကိုင်ထိန်းချုပ်မည့် အမွေဆက်ခံသူ တစ်ဦးပင်။ ထို့ကြောင့် သူ၏ ဒဏ်ရာရရှိသည့် သတင်းက မိသားစုဝင်များနှင့် ကုမ္ပဏီ၏ အမှုဆောင် အဖွဲ့ဝင်များကို စိုးရိမ်ပူပန်သွားစေသည်။

“ ယုံချော … မင်း အခု ဘယ်လိုနေသေးလဲ … ငါ အမေရိကန်က အကောင်းဆုံး ခွဲစိတ်ဆရာဝန်တွေကို ခေါ်ထားတယ် … သူတို့ ခဏနေ ရောက်လာတော့မှာ .. မင်း ခဏလေးနဲ့ သက်သာသွားစေရမယ်လို့ အန်ကယ် အာမခံတယ် …”

လီယုံချော၏ ဒုတိယဦးလေးက ပြောလိုက်သည်။

“ ကျေးဇူးပါ အန်ကယ် …” လီယုံချော ထူးမခြားသည့် လေသံဖြင့် တုံ့ပြန်လိုက်ပြီး သူ၏ အမူအရာကို ချုပ်ထိန်းထားသည်။

ယင်းက အိမ်ရှေ့စံမင်းသားမှ သူ၏ လက်အောက်ငယ်သားသို့ ပြောနေသည့် လေသံမျိုးပင်။

ယခုအချိန်၌ လီယုံချောသည် အနည်းငယ် အားနည်းသည်ကလွဲ၍ အတော်လေး သက်သာလာနေချေပြီ။

လင်းရီ ဓားထိုးလိုက်သည်က သူ၏ အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများကို မထိခိုက်စေခဲ့သဖြင့် ဒဏ်ရာကလည်း မပြင်းထန်သွားခဲ့ပေ။ ထို့ကြောင့် တည်ငြိမ်နေပြီ ဖြစ်၏။

“ ယုံချော … ငါ အတော်ဆုံး ရှေ့နေတွေ စီစဉ်ထားပြီးပြီ … အဲ့ ဟွာရှန့်ကောင်က မင်းကို ဒီလိုတောင် လုပ်ဝံ့တယ် … ငါသူ့ကို အလွှတ်မပေးဘူး …” သူ၏ တတိယဦးလေးကလည်း ပြောဆိုလာခဲ့သည်။

“ ကျေးဇူးပါ အန်ကယ် …” လီယုံချော တုံ့ပြန်လိုက်၏။ သူ၏ အမူအရာမှာတော့ ပြောင်းလဲသွားခြင်း မရှိပေ။

“ လူကြီးမင်းလီ … အမှုကို စွဲချက်တင်ထားပါပြီ … ဒါပေမယ့် အမှုဆက်လိုက်ဖို့ကတော့ ခက်ခဲလိမ့်မယ် …”

ပြောလိုက်သူက အသက် လေးဆယ်ကျော် သက်လတ်ပိုင်း အမျိုးသားတစ်ဦးပင်။ သူ့နာမည်က ဂင်ဂျယ်အန်း ဖြစ်ပြီး ဆမ်ဆောင်း ဥပဒေရေးရာဌာန၏ ခေါင်းဆောင်ကြီး ဖြစ်၏။ သူသည် လီယုံချော၏ ဦးလေးများ ရှေ့မှောက်၌ပင် အပေါ်ယံ ရွှေမှုန်ကျဲသည့် စကားတို့အား မဆိုခဲ့ပေ။

“ ငါနားလည်တယ် … နိုင်ငံခြား အမှု ဖြစ်နေလို့မလား …”

“ ဟုတ်ကဲ့ …” ဂင်ဂျယ်အန်း တုံ့ပြန်‌ဖြေဆိုလိုက်ပြီး “ တစ်ဖက်လူကလည်း ဟွာရှဘက်မှာ အတော်လေး လွှမ်းမိုးမှုအားကောင်းတယ် … ပြီးတော့ ဟွာရှ အစိုးရကလည်း သူ့ကို ကာကွယ်ပေးနေတယ် … ကိုင်တွယ်ဖို့က အတော်လေး ခဲယဉ်းတယ် …”

“ ဒီလောက်တော့ ငါလည်း မျှော်လင့်ထားပြီးသားပါ … ဒီကိစ္စကို ပုံမှန်လမ်းကြောင်းကနေ ကိုင်တွယ်ဖို့က ခက်မှာပဲ … သီးသန့်ဖြေရှင်းဖို့လိုတယ် …”

“ လူကြီးမင်းက ဘာကို ပြောချင်တာလဲ မသိဘူးခင်ဗျ …” ဂင်ဂျယ်အန်း မေးမြန်းလိုက်သည်။

“ ငါ အဲ့မိန်းမကို လိုချင်တယ် …” လီယုံချော ပြောလိုက်ပြီး “ လင်းရီကိုတော့ … ငါ မင်းကို ဖမ်းလာစေချင်တယ် … ငါ သူ့ကို ကိုယ်တိုင်ကိုယ်ကျ စီရင်မယ် …”

“ နားလည်ပါပြီ … ကျွန်တော် ချက်ချင်းပဲ စီစဉ်လိုက်ပါမယ် …”

“ ယုံချော … ဒါက အသေးမွှားကိစ္စလေးပါ … မင်း စိတ်ပူဖို့ မလိုပါဘူး … ငါနဲ့ လွှဲထားလိုက် … ငါ့ကို သုံးရက်ပဲပေး … ပြီးရင် အဲ့နှစ်ယောက်ကို မင်းရှေ့ ခေါ်လာခဲ့ပေးမယ် ….” သူ့ ဒုတိယဦးလေးက ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလာခဲ့သည်။

“ မလိုဘူး …. ကျွန်တော့်ဘာကျွန်တော် ကိုင်တွယ်မယ် …”

“ အင်းပါ အင်းပါ … မင်းသဘောပါပဲ …” သူ့ ဒုတိယ ဦးလေးမှာ လက်လျှော့လိုက်ရ၏။

“ ဘာပဲပြောပြော မင်းက ငါ့ထက်ပိုအစွမ်းအစ ရှိတယ် … မင်းကိုယ်တိုင် ကိုင်တွယ်ရင် ရလဒ်က ပိုကောင်းမှာ သေချာတယ် ….”

“ အတိအကျပဲ … ငါတို့ ဒီကိစ္စကို လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးလိုက်လို့ မရဘူး … သူတို့ တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ် …”

ဆွေမျိုးသားချင်းများက တစ်ယောက်တစ်ပေါက် စကားပြောဆိုနေစဉ်တွင် လီယုံဂျင်းသည် တံခါးဘေးနားတွင် တိတ်တဆိတ် မတ်တပ်ရပ်နေပြီး သူမ၏ အမူအရာမှာ ဗလာကျင်းနေခဲ့သည်။

လင်းရီနှင့် သူမ တွေ့ပြီးခဲ့သည့်အချိန်မှစ လေးနာရီကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

သို့တိုင် မည်သည့် ပုံမှန် မဟုတ်သည့် အခြေအနေကိုမျှ မြင်တွေ့ရခြင်း မရှိသေးချေ။ သူမ သိချင်နေခဲ့မိ၏။ မညာတမ်း ဝန်ခံရမည်ဆိုပါက သူမ စိုးရိမ်နေခဲ့မိသည်။

လီယုံချောကို အမွေဆက်ခံသူ စာရင်းထဲကနေ ဖယ်ရှားဖို့ လင်းရီ တကယ်ပဲ ဘာတွေများ လုပ်မှာပါလိမ့် …

လီယုံဂျင်းကဲ့သို့ ဉာဏ်ထက်မြက်သူပင် ထိုမေးခွန်းကို စဉ်းစားရင်း အတွေးနစ်မြောနေလျက် ရှိသည်။

ဒေါက် ဒေါက် ဒေါက် …

ထိုအချိန်တွင် တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ပန်းရောင် နာ့စ်ဝတ်စုံ ယူနီဖောင်းနှင့် အမျိုးသမီးတစ်ဦး အခန်းထဲသို့ ဝင်ရောက်လာသည်။

နာ့စ်က တော်တော်လေး ဆွဲဆောင်မှု ရှိပြီး ပြည့်တင်းစွံ့ကားနေသည့် ကိုယ်လုံးကိုယ်ပေါက်က သူမ၏ ယူနီဖောင်းနှင့် အနည်းငယ် ကျပ်နေပုံပင်။

ဤကဲ့သို့သော ဝန်ဆောင်မှုမျိုးကို VIP များအတွက်သာ ထားရှိပေးထားသည်။ အထူးသဖြင့် အင်အားကြီး စီးပွားရေး ကော်ပိုရေးရှင်းများ ထိန်းချုပ်ထားသည့် နိုင်ငံတွင်ပင်။

“ သခင်လေးလီ … ဆေးထိုးဖို့ အချိန်ကျပါပြီရှင့် .. “ နာ့စ်က‌ ရောဂါတစ်၀က်ပင် ပျောက်သွားလောက်စေသော အသံမျိုးဖြင့် ညင်သာစွာ စကားဆိုလိုက်၏။

All Chapters