ချိန်ကိုက်ဗုံး
Vol. 142 Ch. 2122
ရင်းနှီးနေသည့် အသံများကို ကြားတော့ လင်းရီ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း နင်ချဲ့နှင့် ချိုးယွီလော့တို့ ရောက်လာခဲ့ကြပြီ ဖြစ်၏။
“ မင်းတို့နှစ်ယောက်က ဘာလို့ ဒီရောက်နေတာလဲ …”
“ ငါတို့ နင့်ကို အမေရိကားမှား မီးကူရှို့ပေးခဲ့တယ်လေ … အဲ့ကပြီးတာနဲ့ ဒီလာပြီး စောင့်နေလိုက်တာ …”
“ မင်းတို့နှစ်ယောက်ပဲ ငါ့စိတ်ကို နားလည်တယ် …” လင်းရီသည် အသိစိတ်ကင်းမဲ့နေသည့် ဂေလ်ကို ညွှန်ပြ၍ “ ငါ ရှင်လျက် တစ်ကောင်ဖမ်းမိထားတယ် … စုံစမ်းစစ်ဆေးဖို့ ခေါ်သွားကြတာပေါ့ …”
“ အင်း … စလိုက်ကြစို့ …”
လင်းရီက အသိစိတ်မဲ့နေသည့် ဂေလ်ကို ပင့်မလိုက်ပြီး ချိုးယွီလော့နှင့် နင်ချဲ့တို့က ၎င်း၏ ခြေထောက်နှင့် လက်များကို ကြိုးတုပ်၍ သူမတို့၏ လန်ခရူဇာ ကားထဲသို့ ထည့်ထားလိုက်ကြသည်။
ဖရီးမေဆင် အဆောက်အဦးထဲတွင်တော့ လင်းရီသည် နေရာထောင့်စွန်းတိုင်းတွင် ဓာတ်ဆီများ လိုက်လောင်းနေပြီး သူတို့ထွက်ခွာလာခဲ့သည်နှင့် နေရာတစ်ခုလုံး မီးစွဲလောင်နေပြီးဖြစ်သည်။
မီးညွှန့်မီးတောက်တို့က အဆောက်အဦးတစ်ခုလုံးသို့ ဒိုမီနိုပြိုကျသည့်သဖွယ် လျင်မြန်စွာ ကူးစက်သွားခဲ့ပြီး ညကောင်းကင်ယံကို အလင်းပေးနေခဲ့သည်။
ထိုင်ခုံအနောက်ဘက်ခြမ်းထဲတွင်တော့ နင်ချဲ့သည် လင်းရီ၏ ပေါင်ပေါ်သို့ တက်ထိုင်ပြီး သူ၏ နားရွက်ကို ဆိတ်ကာ ဆူငေါက်လိုက်၏။
“ နင့်ကိုတော့ သေနတ်နဲ့သာ ပစ်သတ်လိုက်ချင်တယ် သိလား … ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားခဲ့တာ … ငါတို့ ဘယ်လောက်ထိ စိတ်ပူနေရလဲရော နင်သိရဲ့လား …”
“ စိတ်လျော့ စိတ်လျော့ … နာတယ်ဟ ….” လင်းရီ မျက်နှာရှုံ့မဲ့ပြလိုက်ပြီး “ ရှို့ရမယ့်နေရာတွေက ဒီလောက်များတာ လူတွေ အများကြီးနဲ့ လှုပ်ရှားလို့ အဆင်ဘယ်ပြေမှာ … ပြီးတော့ သူတို့တွေ မထင်မှတ်ထားဆုံး အချိန်မှာ အပြီးသတ်ရိုက်ချဖို့ လိုတယ်လေ … အဲ့လိုက ထွက်သွားရ ပိုလွယ်တယ် ….”
“ နင့်ပြိုင်ဘက်က ဖရီးမေဆင်ဆိုတာရော နင့်ခေါင်းထဲ ရှိလား … အဲ့တာက ဘယ်လောက်ထိ အန္တရာယ်များလဲရော နင်သိရဲ့လား…”
လင်းရီ ရယ်မော၍ “ ငါ့ ပြိုင်ဘက်ကသာ ဖရီးမေဆင် မဟုတ်ခဲ့ရင် ပျင်းတောင်ပျင်းနေဦးမယ် ….”
“ ငါ သတိပေးတယ်နော်… နင် ဒါမျိုး ထပ်လုပ်ရဲလုပ်ကြည့် .. နင်နဲ့ ကြိုးတွေ အကုန် ဖြတ်ပစ်မယ် …”
“ ကြိုးတွေ ဖြတ်မှာလား … ပြောခါမှ အဲ့လိုမျိုး ငါတို့ တစ်ခါမှ မစမ်းကြည့်ရသေးဘူးပဲဟ … အတူစမ်းကြည့်ကြရင်ကော …”
“ ချီး … ယွီလော့ ဒီမှာ ရှိနေသေးတယ်လေ … နင် ကိုယ့်ကိုယ်ကို ထိန်းစမ်း …”
“ အေးပါ အေးပါ … ငါလည်း လျှပ်တစ်ပြက်မို့ မစီစဉ်လိုက်ရလို့ပါ.... မဟုတ်ရင် တစ်ယောက်တည်း မသွားပါဘူးကွာ …” လင်းရီသည် နင်ချဲ့ကို မ,၍ သူ့ပေါင်ပေါ်မှ ချပေးလိုက်သည်။
“ သွားစို့ … မစ်ရှင် ပြီးပြီ … အိမ်ပြန်မယ် …”
“ ငါတို့ လူပါလာတယ် .. လေယာဉ်စီးလို့က အဆင်ပြေမှာ မဟုတ်ဘူး … တခြားနည်းလမ်းတစ်ခု စဉ်းစားဖို့ လိုတယ် …”
လက်ရှိ အခြေအနေဖြင့် ကိုယ်ပိုင်လေယာဉ်ပါလာခဲ့လျှင်ပင် အလုပ်ဖြစ်မှာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လုံခြုံရေး စစ်ဆေးမှုအား ကျော်ဖြတ်ရဦးမှာ ဖြစ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ဟွာရှသို့ မည်သို့ ပြန်သွားမလဲ ဆိုသည်က ပြဿနာ တစ်ခု ဖြစ်လာသည်။
“ သံရုံးကို အရင် သွားကြရင်ကော … ခေါင်းဆောင်ကြီးတွေက ဒီကိစ္စကို ကူညီပေးလောက်တယ် …” နင်ချဲ့ အကြံပြုလိုက်သည်။
“ အဆင်မပြေလောက်ဘူး … ဖရီးမေဆင်က သံရုံးဘက်ကို လူလွှတ်ထားပြီးပြီ … အခုချိန် သွားလို့ လုံခြုံမှာ မဟုတ်ဘူး …”
စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက်တွင် လင်းရီ ပြောလိုက်၏။
“ သင်္ဘောဆိပ်ကိုမောင်း … ငါတို့ သင်္ဘောစီးမယ် … သုံးနာရီကနေ လေးနာရီဆို ချင်းသောင်ကိုရောက်ပြီ ….”
“ သင်္ဘောဆိပ်လည်း လုံခြုံရေးတွေ ရှိတယ်မဟုတ်ဘူးလား …” ချိုးယွီလော့ မေးလိုက်၏။
“ လေဆိပ်တော့ မတင်းကြပ်ဘူး …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ပြီးတော့ တစ်ယောက်ယောက်ဆီ အကူအညီတောင်းပြီး စစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို ကျော်လိုက်လို့ ရတယ် … တစ်ခုလုပ်ရမှာက ငါတို့ ဒီကောင့်ကို ဝှက်ထားဖို့ပဲ …”
“ အဲ့တာက ပြဿနာ မရှိဘူး …”
ပြောပြီးသည်နှင့် ချိုးယွီလော့သည် လီဗာပေါ်သို့ ခြေထောက်တင်လျက် ဆိပ်ကမ်းသို့ ဦးတည်လိုက်လေသည်။
……….
ဖရီးမေဆင် အဆောက်အဦးကြီး မီးစွဲလောင်သည့် သတင်းက လျင်မြန်စွာဖြင့် ပျံ့နှံ့သွားခဲ့သည်။
ဆိုးလ် ပြည်သူ့ဆေးရုံကြီးတွင် လီယုံဂျင်းသည် စင်္ကြံလမ်းမပေါ်တွင် မတ်တပ်ရပ်နေပြီး မျက်တွင်းတို့ ချောင်ကျနေသည်။ လွန်ခဲ့သည့် ငါးမိနစ်ခန့်ကပဲ သူမ၏ ကုမ္ပဏီအမှုဆောင် အဖွဲ့ဝင်များကို ဧည့်လိုက်ပို့ပြီးခဲ့ခြင်းပင်။
နာရီ အနည်းငယ်အတွင်းမှာပဲ သူမအပေါ် လွှမ်းမိုးဖိနှိပ်နေသည့် ဖိအားက မည်မျှအထိ ကြီးမားနေလဲဆိုတာကို နားလည်သွားခဲ့ရတော့သည်။
ဒေါက်တာများ၏ ပြောစကားတို့အရ လီယုံချောတွင် ရှင်သန်နိုင်သည့် အခွင့်အရေး မရှိတော့ချေ။ သူ့အသက်ကို အသက်ရှူစက်ကိရိယာဖြင့်သာ ဆက်လက် ထိန်းသိမ်းထားနေရပြီး ၎င်းကို ဖယ်ရှားလိုက်သည်နှင့် ချက်ချင်း သေဆုံးသွားလိမ့်မည်။
သူမ၏ ဖခင်သည်လည်း ICU သို့ ပို့ဆောင်ခြင်း ခံလိုက်ရပြီး ဆရာဝန်များ ပြောသည်ကတော့ သူမအဖေ၏ အခြေအနေက တည်ငြိမ်နေပြီဆိုပင်။
သို့သော် … ဆေးရုံဆင်းပြီးသည်နှင့် ဖိအားများသည့် ဆမ်ဆောင်း၏ အလုပ်ကိစ္စများကို ကိုင်တွယ်ရန် ကုမ္ပဏီသို့ ပြန်လာနိုင်မှာ မဟုတ်တော့ပေ။
တစ်နည်းဆိုရသော် ဆမ်ဆောင်းအုပ်စုတွင်းရှိ အာဏာချိန်ခွင်လျှာက မကြာမီ အပြောင်းအလဲတို့ ဖြစ်ပေါ်လာပေတော့မည်။
အမဲလိုက်ခွေးများကဲ့သို့ အနံ့ခံကောင်းမွန်လှသည့် အမှုဆောင် အဖွဲ့ဝင်များကလည်း အတွင်းအာဏာ လဲပြောင်းမှုကို အာရုံခံမိနေပြီး သူမထံသို့ ဒီရေလှိုင်းတက်လာသည့်နှယ် အုပ်စုလိုက်ကြီး ရောက်လာခဲ့ကြသည်။
လီယုံချော၏ ဦးဆောင်မှု နောက်သို့ အမြီးလေး တနှံ့နှံ့နှင့် အမြဲတစေ လိုက်ပါတတ်သည့် သူမ၏ ဒုတိယဦးလေးနှင့် တတိယဦးလေးသည်ပင် ရုတ်တရက် သူမအပေါ် လေးစားရိုသေမှုတို့ ပြလာခဲ့ကြ၏။
ဆက်တိုက်ပြောင်းလဲဖြစ်ပေါ်နေသည့် စည်းချက်တို့က လီယုံဂျင်းကို ထိုအရာတို့က သူမနှင့် မသက်ဆိုင်သည့်နှယ် ခံစားရစေခဲ့သည်။ သို့သော်လည်းပဲ လင်းရီ၏ လုပ်ရပ် အပြုအမူတို့က သူမအတွက် မဟုတ်ကြောင်းတော့ လီယုံဂျင်း နားလည်သည်။
သူက သူ့ကောင်မလေးအတွက် လက်စားချေချင်ရုံသာ ဖြစ်ပြီး သူမက သူ့အစီအစဉ်ထဲရှိ အသုံးချခံ ကိရိယာလေးတစ်ခုမျှသာ ဖြစ်ခဲ့သည်။
ဟူး ….
လီယုံဂျင်းသည် အသက်ကို ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီး သူမ၏ အမူအရာကလည်း တည်တင်းသွားခဲ့၏။
အဆိုပါ တိုတောင်းသည့် သက်ပြင်းတစ်ချက် အပြီးမှာပဲ လီမိသားစု၏ မာနအကြီးနှင့် အမောက်မာဆုံး အမျိုးသမီးသည် သူမ၏ ပလ္လင်ထက်သို့ နန်းတက်ရန် စိတ်ပိုင်းဖြတ်ထားလိုက်ပြီ ဖြစ်သည်။
ယခုအခြေအနေ၌ … သူမကို မည်သူကမျှ မရပ်တန့်နိုင်တော့။
ICU သို့ရောက်နေသည့် သူမ၏ ဖခင်ပင် ရပ်တန့်နိုင်မှာ မဟုတ်ချေ။ အကယ်၍ လိုအပ်လာပါက သူ့ကို ICU ထဲ တစ်သက်လုံး နေသွားရအောင် လုပ်ပစ်လိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ချေ။
“ မမလေးလီ ….”
လီယုံဂျင်း အနားယူနေစဉ်မှာပဲ သူမ၏ အတွင်းရေးမှူး ချိုဂျီဆုန်းက ခပ်သော့သော့ကလေး ပြေးလာသည်။
“ ကိုးရီးယားမှာ ရှိတဲ့ ဖရီးမေဆင်အဆောက်အဦး မီးလောင်နေပါတယ်ရှင့် ….”
“ မီးလောင်နေတယ် ဟုတ်လား ….”
လီယုံဂျင်း၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားရှိ အခြားသော အဆောက်အဦးတို့ မီးလောင်သည့် သတင်းကို သူမ သိရှိခဲ့ပြီး ဖြစ်သည်။
သူမ၏ ဖခင်နှင့် လီယုံချောတို့က ဖရီးမေဆင် အဖွဲ့အစည်းကြီး၏ စီနီယာ အဖွဲ့ဝင်များ ဖြစ်ကြပါသော်လည်း သူမကိုယ်တိုင်ကတော့ ထိုသို့ မဟုတ်ခဲ့ပေ။ ထို့ကြောင့် ထိုအရေးကိစ္စအပေါ် များများစားစား အာရုံထားခြင်း မရှိခဲ့ချေ။
သို့သော်လည်းပဲ ထိုမျှ များပြားသည့် ဖရီးမေဆင်အဆောက်အဦးတို့ ဆက်တိုက်မီးစွဲလောင်နေသည်က ကောင်းသည့် လက္ခဏာတစ်ရပ်တော့ မဟုတ်သည့်ပုံပင်။ တစ်စုံတစ်ယောက် ၎င်းတို့အား ပစ်မှတ်ထားနေသည်မှာ အသိသာကြီးပင်။
သို့ပေမယ့် ထိုအရာက သူမ၏ အရေးကိစ္စတော့မဟုတ်။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ သူမ၏ ဖုန်းသံ မြည်လာခဲ့သည်။ ယင်းက အမည်မသိ နံပါတ်တစ်ခုပင်။
လီယုံဂျင်း မျက်မှောင်ကြုတ်သွားခဲ့မိ၏။
နာမည် မမှတ်ထားသော်ငြားလည်း ဤနံပါတ်ကို သူမ မှတ်မိနေခဲ့သည်။ ယင်းက လင်းရီ၏ ဖုန်းနံပါတ် ဖြစ်၏။
ဖုန်းကို ကိုင်၍ လှေကားနားသို့ ရောက်သွားခဲ့ကာ ဖုန်းဖြေလိုက်သည်။
“ နင် ဘာလိုချင်လို့လဲ ….”
“ ငါ ရေကြောင်းကနေ တောင်ကိုးရီးယားထဲက ထွက်သွားတော့မှာ လုံခြုံရေး စစ်ဆေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကို တစ်ချက်ကူညီပေးဦး … သူတို့ငါ့ကို စစ်ဆေးတာတွေ ဘာတွေ မလိုချင်ဘူး …” လင်းရီ အသာရယ်မောပြီး ပြောဆိုလိုက်၏။ “ မင်းရဲ့ အစွမ်းအစတွေနဲ့ဆိုရင် ဒီလောက်ကတော့ အလွယ်လေးပါ ဟုတ်တယ်မလား ….”
“ နင်က ဒီလိုလုပ်ရပ်မျိုးတွေတောင် လုပ်ဝံ့နေတာ ကိုးရီးယားရဲ့ လုံခြုံရေးတွေက နင့်ကို တားနိုင်မှာတဲ့လား …”
“ ဒါပေမယ့် မမြင်သင့်တဲ့ ပစ္စည်းတစ်ခုက ငါနဲ့ အတူ ပါလာနေလို့ … စစ်ဆေးခံလိုက်ရင် ပြဿနာရှုပ်သွားလိမ့်မယ် … ဒါကြောင့်မို့ ဥက္ကဌလီရဲ့ အကူအညီကို တောင်းရတာပါ ….”
လီယုံဂျင်း၏ အမူအရာမှာ အေးစက်သွားခဲ့သည်။
“ နင် ငါ့ကို စမ်းသပ်နေတာပဲ ….”
“ ဘာလို့ အဲ့လိုပြောတာ … ဒီတိုင်း ငါ့ရဲ့ လုပ်နိုင်စွမ်းတွေက အကန့်အသတ် ရှိနေလို့ပါဟာ ….”
“ နင့်ဘာနင် ဘာပဲသယ်သယ် … လုံခြုံရေးတွေ နင့်ကို မတားနိုင်ပါဘူ …” လီယုံဂျင်း အေးစက်စွာ တုံ့ပြန်လာခဲ့ပြီး “ နင်က ဒီတိုင်း ငါ နင့်ကို ကူညီပေးမပေး သိချင်နေရုံပါပဲ … ဒါမှ ငါ့ရဲ့လွှမ်းမိုးမှုက ဘယ်လောက်ထိရှိတယ် … နောင်ကျ ငါတို့တွေ ဘယ်လောက်အတိုင်းအတာထိ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုတာ တွက်ချက်လို့ ရမှာလေ … ဟုတ်တယ်ဟုတ် …”
လင်းရီ စက္ကန့်အနည်းငယ်မျှ အေးခဲသွားခဲ့၏။ ထို့နောက် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
“ မင်းက အဲ့လိုမြင်နေတယ်ဆိုလည်း အဲ့လိုပဲပေါ့ … ငါ မငြင်းဘူး … ဒါပေမယ့် အကျိုးအမြတ်တွေ အကြောင်းပြောနေတာကတော့ မင်း နည်းနည်းများသွားပြီ … စီးပွားရေး ရှုထောင့်ကနေ ကြည့်ရင် ဆမ်ဆောင်းက ငါ့မျက်လုံးထဲမှာ ဘာမှကို မဟုတ်တာ …”
“ တော်တော့ …” လီယုံဂျင်း အသံခပ်ပြတ်ပြတ်ဆိုလိုက်ပြီး “ ငါ ဒီတစ်ခေါက် ကူညီပေးလိုက်မယ် … ဒါပေမယ့် နောက်ဆုံးပဲ .. ငါတို့နှစ်ယောက် ပူးပေါင်းတာ ဒီမှာတင်ပြီးပြီ …”
“ အိုကေ … ကိစ္စမရှိဘူး …” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ မင်း ဆမ်ဆောင်းကို လက်လွှဲယူပြီးတဲ့အခါကျရင် လက်ဆောင်ကြီးကြီး ပို့ပေးလိုက်မယ် …”
“ တော်ပါ … ကျေးဇူးပဲ … အလုပ်ရှုပ်ခံမနေနဲ့ ….”
ပြောပြီးသည်နှင့် လီယုံဂျင်းဖုန်းချလိုက်ပြီး သူမ၏ မျက်နှာမှာတော့ မောပမ်းမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူမက ဆမ်ဆောင်းကို ထိန်းချုပ်နိုင်ခါနီး ဆိုသော်လည်း အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လင်းရီနှင့် လုံးဝ လုံးဝ မပတ်သက်ချင်ပေ။
သူမ ထိန်းချုပ်နိုင်စွမ်း မရှိသည့် အမျိုးသားတစ်ယောက်က ချိန်ကိုက်ဗုံးတစ်လုံးနှင့် ထူးမခြားနားပေ။
အကယ်၍ သူမဘက်က ဂရုမစိုက်ဘူးဆိုပါက သူမကို အပိုင်းပိုင်း အစစ ဖြစ်သည်အထိ ဖျက်စီးလိုက်နိုင်သည်။