နောက်ယောင် လိုက်ခံရခြင်း
Vol. 142 Ch. 2124
" အကြီးတန်း ကွပ်ကဲသူခင်ဗျာ ... ပြဿနာ တစ်ခုခု ရှိလို့လားခင်ဗျ... "
ဂင်ဒုံဟေးက လေးစားစွာ မေးသည်။
" လောလောဆယ် မေးခွန်းတွေ အများကြီး မမေးနဲ့... တရားခံက အခုချိန် ကိုးရီးယားထဲကနေ မထွက်သွားနိုင်သေးဘူး... လမ်းကြောင်းတွေ အကုန် ပိတ်ထားလိုက်ရင် ငါတို့ ဖမ်းမိနိုင်သေးတယ် ... "အီဗန် ညွှန်ကြားလိုက်၏။
“ ဒါပေါ့ … မင်းဘာမင်း ဖမ်းနိုင်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ … မရဘူးဆိုလည်း သူ့ကို ရနိုင်သမျှ ရအောင် အချိန်ဆွဲထား … ငါတို့ အခု တောင်ကိုးရီးယားကို လာတဲ့လမ်းမှာ ရောက်နေပြီ … ခဏကျရင် တရားခံရဲ့ ဓာတ်ပုံ မင်းဆီ ပို့လိုက်မယ် …”
“ ကျွန်တော် နားလည်ပါပြီ .. ကျွန်တော် ဒီကိစ္စကို ကိုယ်တိုင် ကိုင်တွယ်လိုက်ပါ့မယ် … ကျေးဇူးပြုပြီး စိတ်ချလက်ချသာနေပါ အကြီးတန်းကွပ်ကဲသူ …”
“ မြန်မြန်လုပ် … အချိန်မဖြုန်းနဲ့ …” အီဗန် အမိန့်ပေးလိုက်၏။ “ တရားခံ တစ်ယောက်ယောက်ကို တွေ့တာနဲ့ ဟုတ်သည်ရှိ ၊ မဟုတ်သည်ရှိ ချက်ချင်းသတ် …”
“ နားလည်ပါပြီ …”
အီဗန် ဖုန်းချသွားခဲ့ပြီး ဂန်ဒုံဟေးကတော့ ရှော့ခ်ရစွာဖြင့် အသံတိတ်နေမိသည်။ ဤကိစ္စက အကြီးတန်း ကွပ်ကဲသူ ကိုယ်တိုင် ရောက်လာရသည်အထိ ချဲ့ကားသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ဤသည်က အကြောင်းအရင်း လေးနက်သည့် ကိစ္စဆိုသည်မှာ သိသာသည်။
စီးကရက်ကို လွင့်ပစ်လိုက်ရင်း ဂန်ဒုံဟေး အလျင်အမြန် အဝတ်စားလဲကာ သူ့လူများအား အခန်းထဲသို့ ဆင့်ခေါ်လိုက်၏။ မိနစ်ပိုင်းအတွင်းမှာပဲ အီဗန်ပေးထားသည့် တာဝန်များကို ဖြန့်ဝေပေးလိုက်သည်။
“ ခေါင်းဆောင် … ငါတို့ သင်္ဘောဆိပ်တွေကိုကော သေချာ စောင့်ကြပ်သင့်လား …”
ဂန်ဒုံလေး တည်ကြည်စွာ ခေါင်းညိတ်လိုက်၏။
“ ကုန်တင်သင်္ဘောပဲ ဖြစ်ဖြစ်၊ ခရီးသည်တင် သင်္ဘောပဲ ဖြစ်ဖြစ် ၊ ကိုးရီးယားကနေ ထွက်နိုင်မယ့် လမ်းကြောင်းတိုင်းကို စောင့်ကြပ်ရမယ် … အဲ့ကို လူတွေလွှတ်လိုက် … သူတို့ကို ထွက်သွားနိုင်မယ့် အခွင့်အရေး မပေးနဲ့ …”
“ နားလည်ပါပြီ ….”
“ ငါတို့ရဲ့ အင်အားစုတွေကို ထွက်ပေါက်တွေနား တပ်ဖြန့်ထားလိုက် … ဒါပေမယ့် မသေချာသေးသရွေ့ မလှုပ်ရှားသေးနဲ့ … ဒီတစ်ခါ ပစ်မှတ်က တော်တော်လေး စကေးကြမ်းမယ့်ပုံ ရှိတယ် … မင်းတို့ စိတ်မြန်လက်မြန်ဖြစ်လို့ သူလွတ်သွားရင် မလွယ်ဘူး …” ဂန်ဒုံဟေး ညွှန်ကြားလိုက်သည်။
“ မင်းတို့ အခွင့်အရေးရပြီဆိုလည်း ပစ်သတ်ဖို့ လက်မနှေးနဲ့ … သူ့ဓာတ်ပုံ ခဏနေ ပို့ပေးလိုက်မယ် .. အခု စကြတော့ …”
“ ဟုတ်ကဲ့ …”
…..
ဆိုးလ်မြို့ရှိ ဖရီးမေဆင် အဆောက်အဦးကို မီးရှို့ပြီးသည့်နောက်တွင် လင်းရီသည် နင်ချဲ့၊ ချိုးယွီလော့တို့နှင့်အတူ အနီးနားရှိ အီဟယ်အွန်း သင်္ဘောဆိပ်သို့ ရောက်ရှိလာသည်။ ဂေလ်ကိုတော့ ကြိုးတုပ်လျက်သာ ချုပ်နှောင်ထားခဲ့၏။
ခရီးက ကီလို ၆၀ မျှ ဝေးကွာပြီး သူတို့သုံးယောက်အတွက် ဝေးကွာသည်ဟု မဆိုနိုင်ပေ။ သို့သော် တောင်ကိုးရီးယားကဲ့သို့ တောင်တွေပေါများပြီး သေးငယ်သည့် နိုင်ငံလေးတွင်တော့ အတော်လေး ဝေးလံသည်ဟု သတ်မှတ်၍ ရသည်။
“ နင် စောနက ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ … သူက ငါတို့ကို တကယ်ကူညီမှာလားတဲ့ …” နင်ချဲ့ မေးလာခဲ့သည်။
“ ဆမ်ဆောင်းက လီယုံဂျင်းလေ … ဒီလိုအသေးမွှား ကိစ္စလောက်လေးကတော့ သူ့အတွက် အလွယ်ပေးပဲ ….”
“ လီယုံဂျင်း ….” ချိုးယွီလော့သည် လင်းရီကို နောက်ကြည့်မှန်ကတစ်ဆင့် ကြည့်၍ “ အဲ့မိန်းမက လွယ်တဲ့ထဲ မပါဘူး … သူ နင့်ကို ကူညီပေးအောင် ဘယ်လိုဖြောင်းဖြလိုက်တာ … ပြီးတော့ နင်က သူ့အစ်ကို,ကိုလည်း ဓားနဲ့ ထိုးထားသေးတယ် … ဘာကိစ္စနင့်ကို ကူညီရမှာ …”
“ အင်း … သူက စိတ်ဝင်စားဖို့ကောင်းတယ် …”လင်းရီ ဝန်ခံလိုက်ပြီး “ ဒါပေမယ့် သူတို့လို မိသားစုတွေအတွက်ကျတော့ မိသားစု သံယောဇဉ်ဆိုတာ ထင်သလောက်လည်း အရေးပါမနေဘူး …”
ထို့နောက် သူ ပြုံးလိုက်မ၏။ “ ပြီးတော့ မင်းတို့ မသိသေးတာ တစ်ခု ရှိသေးတယ် .. ငါက လီယုံချောကို ဓားနဲ့ ထိုးခဲ့ရုံတင် မကသေးဘူး .. သူ့ကိုပါ သတ်ခဲ့တာ … သတင်းက အခုထိ မပျံ့သေးလို့သာ … ဒါပေမယ့် မနက်ဖြန်လောက်ဆိုရင်တော့ လူတိုင်း သိကုန်လောက်ပြီ …”
“ နင် လီယုံချောကို သတ်ခဲ့တယ် ဟုတ်လား ….” အမျိုးသမီးနှစ်ဦးလုံး တုန်လှုပ်သွားခဲ့ကြသည်။
“ သူ သွင်းမယ့်ဆေးရည်ထဲ နည်းနည်းပါးပါး လက်ဆော့ခဲ့တယ်လေ … “ လင်းရီ ဘာမဟုတ်သည့် ကိစ္စရပ်တစ်ခုကို ပြောဆိုနေသကဲ့သို့ ရှိပြီး “ အခု လီယုံဂျင်းက တကယ့် အမွေဆက်ခံနိုင်တဲ့လူ ဖြစ်သွားပြီ …”
“ ဒါပေမယ့် ဆမ်ဆောင်းမိသားစုက အမျိုးသားတွေပဲ အမွေဆက်ခံလေ့ရှိတဲ့ မိသားစုကြီး မဟုတ်ဘူးလား … လီယုံချော သေသွားခဲ့ရင်တောင် သူက အဓိက ဆက်ခံသူ ဖြစ်လာနိုင်မယ်ဆိုတာ မသေချာပါဘူးဟယ် …” ချိုးယွီလော့ အချက်တစ်ချက်ကို ထောက်ပြလိုက်သည်။
“ အင်း အမှန်ပဲ …” လင်းရီ သဘောတူလိုက်သည်။ “ ဒါပေမယ့် သေချာသွားအောင်ဆိုပြီး သူ့အဖေကိုပါ ICU ပို့ထားပေးလိုက်တယ်လေ … အခု လီမိသားစု တစ်ခုလုံးက သူ့လက်ခုပ်ထဲ ရောက်သွားပြီ ….”
အမျိုးသမီး နှစ်ဦးမှာ ကြက်သေသေလျက် ဆွံ့အသွားခဲ့ကြသည်။
သူက သူမအဖေကိုတောင် ICU ပို့လိုက်တယ် …
အတွေးနှင့်တင် သူမတို့နှစ်ဦးလုံးမှာ ကျောချမ်းသွားခဲ့ကြသည်။
လင်းရီ .. သူ မလုပ်ရဲတဲ့ဟာများ ရှိသေးရဲ့လား …
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့သည်။ အမည်မသိ နံပါတ်တစ်ခုက ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။
“ လူကြီးမင်း လင်းရီလား မသိဘူးခင်ဗျ ….”
ဖုန်း အခြားတစ်ဖက်က ယဉ်ကျေးသည့်လေသံဖြင့် မေးမြန်းလာခဲ့သည်။
“ အခု ပြောနေတာပဲ …”
“ ကျွန်တော်က ဟာဂျွန်ဝူးပါ … ဥက္ကဌလီက ခင်များကို ဆက်သွယ်ခိုင်းလိုက်လို့ … လူကြီးမင်းလင်းတို့ကို သင်္ဘောပေါ် တက်ဖို့ ကူညီပေးပါ့မယ် …”
“ ကောင်းတာပေါ့ … ငါတို့အခု ဘယ်မှာ ဆုံကြမလဲ …”
“ သင်္ဘောဆိပ်နားမှာ ဗစ်တိုရီ ဆိုတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ် … ကျွန်တော် နောက် မိနစ် လေးဆယ်နေရင် အဲ့ကို ရောက်မယ် …”
“ ငါလာခဲ့မယ် … နောက်မကျစေနဲ့ …”
ဖုန်းချပြီးနောက် လင်းရီသည် အမျိုးသမီးနှစ်ဦးဘက်သို့ ပြုံးလျက် လှည့်ကြည့်လိုက်သည်။
“ အကုန် စီစဉ်ပြီးပြီ …”
လမ်းကြောင်းများနှင့် မရင်းနှီးသဖြင့် အီဟယ်ဝန်း သင်္ဘောဆိပ်သို့ ရောက်ရှိရန်အတွက် နာရီဝက်နီးပါးခန့် အချိန်ယူလိုက်ရသည်။
လမ်းတွင် လင်းရီသည် စတိုးဆိုင် တစ်ဆိုင်တွင် ရပ်နား၍ ဆိုင်ထဲက အကြီးဆုံးဆိုသည့် လက်ဆွဲအိတ်ကြီးကို ဝယ်လိုက်သည်။ ထို့နောက် ဆေးဆိုင်မှ အိပ်ဆေးတစ်ချို့ ဝယ်ယူလိုက်ပြီး ဂေလ်ကို ပါးစပ်ဖြဲ၍ အိပ်ဆေးများ အတင်းသောက်ခိုင်းလိုက်သည်။ ပြီးသည့်နောက် လက်ဆွဲအိတ်ထဲသို့ ထိုးထည့်ထားလိုက်၏။
ဗစ်တိုရီ စားသောက်ဆိုင်သို့ သူတို့ရောက်ရှိလာသည့် အချိန်၌ လင်းရီတို့မှာ အချိန်အနည်းငယ် နောက်ကျနေခဲ့ကြသည်။
စားသောက်ဆိုင်က နေရာ အတော်လေး ကျယ်ဝန်းပြီး ဟိုင်းဝေးဝန်ဆောင်မှု ဧရိယာနှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားနေရ၏။
မနက်အစောပိုင်းမျှသာ ရှိသေးသော်လည်း စားသောက်ဆိုင်မှာ အတော်လေး လူစည်ကားနေသည်။ ဖောက်သည်အများစုကတော့ ဟွာရှန့်လူမျိုးများ ဖြစ်ကြ၏။ ၎င်းတို့ကြည့်ရသည်မှာ အိမ်ပြန်ရန် ဟန်ပြင်နေကြသည့် ခရီးသွား ဧည့်သည်များ ဖြစ်ပုံပင်။
လင်းရီ နေရာတစ်ဝိုက်ကို ကျီးကန်းတောင်မှောက်တစ်ချက် ကြည့်လိုက်သည်။ သို့ပါသော်လည်း သူ့အားဆက်သွယ်လာသူကို မမြင်မိချေ။
သူ နံပါတ်ကို ပြန်နှိပ်လိုက်၏။ အကြိမ်အနည်းငယ် တုန်ခါပြီးနောက်တွင် ထောင့်တစ်နေရာရှိ အမျိုးသားတစ်ဦးက သူ့အား လက်ဝှေ့ရမ်းပြနေသည်ကို မြင်တွေ့လိုက်ရသည်။
ဟာဂျီဝန်းက အသက်သုံးဆယ်နှောင်းပိုင်း အရွယ်ဖြစ်ပြီး အနည်းငယ် ဝဖိုင့်ကာ ဝတ်စုံပြည့်နှင့် မျက်မှန်ကို တပ်ဆင်ထားခဲ့သည်။ သူ့ပုံစံက အတော်လေး ဖော်ဖော်ရွေရွေ ရှိ၏။
လင်းရီ ထိုနေရာသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့ပြီး သူ့လက်ကို ဆန့်တန်းလိုက်သည်။
“ နည်းနည်းနောက်ကျသွားတယ် ဆောရီးပါဗျာ … ဒီက လမ်းတွေက နည်းနည်းရှုပ်တယ် …”
“ ရပါတယ် …” ဟာဂျီဝန်းက ဖော်ရွေစွာ ခွန်းတုံ့ပြန်လိုက်၏။
“ သင်္ဘောတက်ဖို့က တစ်နာရီလောက်လိုသေးတယ် … ကျွန်တော် အခုပဲ ခေါ်သွားပေးမယ် … အဲ့တာဆို သူများတွေနဲ့အတူ စောင့်စရာမလိုတော့ဘူးပေါ့ …”
“ ကောင်းတာပေါ့ … အလုပ်ရှုပ်စေမိပြီ …”
“ ဒါ ကျွန်တော်လုပ်ပေးသင့်တာပါ ….”
ယဉ်ကျေးသည့် ဟန်အမူအရာဖြင့် ဟာဂျီဝန်းသည် သူတို့သုံးဦးကို စားသောက်ဆိုင်ထဲက ဦးဆောင်ခေါ်ထုတ်လာခဲ့ပြီး သင်္ဘောပေါ် တက်သည့် ဂိတ်ပေါက်ဝသို့ ခေါ်ဆောင်လာခဲ့သည်။
ဆိပ်ကမ်းဘက်တွင်တော့ မီတာ ငါးဆယ်ခန့်မျှ ရှည်လျားသည့် ခရီးသည်တင် သင်္ဘောကြီး တစ်စင်းက ဆိုက်ကပ်ထားပြီး အထပ်နှစ်ထပ်နှင့် ပိုက်ဆံသုံးချင်သည့် ခရီးသည်များအတွက်လည်း သီးသန့်ခန်းများ ပါဝင်သည်။ သို့သော် ခရီးက လေးနာရီမျှသာ ဖြစ်သဖြင့် လူအများစုကတော့ ထိုအခန်းများကို ခေါင်းထဲ ထည့်မနေကြချေ။
မီတာငါးဆယ်ခန့်မျှ လမ်းလျှောက်လာခဲ့ပြီးနောက်တွင် လက်မှတ်စစ်ဆေးသည့် နေရာသို့ ရောက်ရှိလာသည်။
“ သင်္ဘောပေါ်တက်ရမယ့် အချိန်မကျသေးဘူး … ဟိုဘက်မှာ သွားစောင့်နေ .. ပြီးမှ ပြန်လာခဲ့ ..”
လက်မှတ်စစ်က မနက်အစောပိုင်းတွင် စိတ်လက်မကြည်မသာ ဖြစ်နေခဲ့သည်။
ဟာဂျွန်ဝူးက လက်မှတ်စစ်ကို လက်ဟန်ပြလိုက်၏။ လက်မှတ်စစ်မှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သော်လည်း သူ့နောက်သို့ လိုက်ပါလာခဲ့ဆဲပင်။
စစချင်းတုန်းက လက်မှတ်စစ်၏ အမူအရာမှာ အတော်လေး ဒေါကန်နေသော်လည်းပဲ စကားအနည်းငယ် ပြောပြီးနောက်တွင် ယင်းအမူအရာက တစ်မဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ကာ ရိုသေလေးစားမှုက အစားထိုးဝင်ရောက်လာသည်။
မိနစ်အနည်းငယ်အတွင်းမှာပဲ ဟာဂျွန်ဝူးက လင်းရီနှင့် သူ့အုပ်စုထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး
“ လူကြီးမင်းလင်း … အားလုံး စီစဉ်ပြီးသွားပြီ… သင်္ဘောပေါ်တက်ကြတာပေါ့ ….”
“ အင်း… ပင်ပန်းသွားပြီ …”
ယခုအချိန်တွင်တော့ လင်းရီသည် ဟာဂျွန်ဝူးကို ယဉ်ကျေးမနေတော့ချေ။
ယဉ်ကျေးဖို့လည်း မလိုချေ။ မည်သို့ပင်ဆိုစေ သင်္ဘောပေါ် တက်ပြီးသည်နှင့် နှစ်ဦးမှာ ဆက်ပြီး ထိတွေ့ဆက်ဆံစရာ လိုအပ်တော့မှာ မဟုတ်ချေ။
သူတို့ သင်္ဘောပေါ် တက်သည်နှင့် မီတာဒါဇင်ခန့် အကွာတွင် အနက်ရောင် ဟွမ်တိုင်း sedan တစ်စင်းက ထိုးရပ်ထားခဲ့သည်။
အတွင်းတွင် အနက်ရောင် ဝတ်စုံနှင့် အမျိုးသားနှစ်ဦး ထိုင်နေပြီး လင်းရီကို အနီးကပ် စောင့်ကြည့်နေခဲ့ကြကာ လင်းရီထံမှ မျက်လုံးတစ်ချက် မခွာခဲ့ကြပေ။
“ အဲ့ကောင်က ပုံထဲကလူနဲ့ တစ်ထေရာတည်း တူတယ် … ငါတော့ သူလို့ပဲ ထင်တယ် …”
( T/N - ကိုးရီးယားဘာသာစကားမှာ ယဉ်ကျေးတဲ့ အသုံးနှုန်းနဲ့ သာမန်အသုံးနှုန်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့လူတွေကိုကျ အသက်အရွယ် ခြားနားမှုကို လျစ်လျူရှုပြီး ယဉ်ကျေးတဲ့ အသုံးနှုန်းနဲ့ပဲ ပြောကြပါတယ်။ ရင်းနှီးသွားရင်တော့ သာမန်ပေါ့ပေါ့ပါးပါး အသုံးနှုန်းနဲ့ပဲ ပြောကြတာပေါ့။ ဒါကြောင့် ကျနော့်ဘက်ကလည်း ယဉ်ကျေးတဲ့အသုံးနှုန်းနဲ့ပဲ ရေးထားပါတယ် )