ခုနစ်စင်ကြယ်ဂိုဏ်း
Vol. 142 Ch. 2123
Lous Club ၊ စကော့တလန် ။
ညနေခင်း ရှစ်နာရီအချိန်တွင် မရေမတွက်နိုင်သည့် မီးအလင်းရောင်တို့က နေ့ခင်းအလား ထိန်လင်းတောက်ပနေလျက်ရှိသည်။
ယင်းက ဤရှေးကျသည့် အဆောက်အဦးကြီးသို့ အသက်မီးစာမျှင်တစ်ခုကို ဆောင်ကြဉ်းလာခဲ့ပေးနေသယောင်ပင်။
ကွန်နိုလီ၏ ရုံးခန်းထဲ၌ တိတ်ဆိတ်မှုကြောင့် လေထုက မွန်းကြပ်ဖွယ်ကောင်းလောက်အောင် လေးလံနေခဲ့သည်။
အီဗန် ၊ ဟောလစ်နှင့် နေသန်တို့အားလုံး ဘေးဘက်ခြမ်းတွင် တိတ်တဆိတ် မတ်တပ်ရပ်နေလျက်ကာ စကားတစ်ခွန်းပင် မဟဝံ့ကြချေ။
ကွန်နိုလီက သူ့ထိုင်ခုံတွင် ထိုင်နေလျက်ရှိရင်း သူနှင့်အတူ အမြဲဆောင်ထားသည့် ဖောင်တိန်ဟောင်းတစ်ခုကို လှည့်နေသည်။ ဟောက်ပက်ဖြစ်နေသော သူ၏ မျက်လုံးများက အရိုးစုပုံစံတူကြီးနှယ် အလားသဏ္ဌာန်တူနေပြီး နံရံရှိ တိုင်ကပ်နာရီကို ငိုင်တွေစွာ ငေးမောနေလျက် အတွေးနွံထဲ နစ်မြောနေခဲ့သည်။
ဂေလ်နှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ နာရီဝက်ကျော် ကြာခဲ့ပြီ ဖြစ်ပြီး ဤသည်က သူတို့ မည်သူ့တစ်ဦးတစ်ယောက်အတွက်မျှ ကောင်းသည့် လက္ခဏာတစ်ရပ် မဟုတ်ခဲ့ချေ။
ဒေါက် ဒေါက် ဒေါက် …
ထိုအချိန်တွင် တံခါးခေါက်သံ တစ်သံက အခန်းထဲရှိ လေးလံသိပ်သည်းနေသည့် လေထုကို ဖြိုခွင်းလာခဲ့သည်။
“ ဝင်ခဲ့ …” ကွန်နိုလီ အက်ရှသည့် အသံဖြင့် တုံ့ပြန်လိုက်၏။
‘ကျွီ’မြည်သံနှင့်အတူ သစ်သားတံခါးကြီးက တွန်းပွင့်လာခဲ့ပြီး သက်လတ်ပိုင်း အမျိုးသမီးက အထဲသို့ ဝင်ရောက်လာသည်။
“ မစ္စတာကွန်နိုလီ … တောင်ကိုးရီးယားမှာ ရှိတဲ့ ကျွန်မတို့ရဲ့ အဆောက်အဦး မီးလောင်သွားပါတယ် …”
အီဗန် ၊ ဟောလစ်နှင့် နေသန်တို့အားလုံး၏ အမူအရာများ သုန်မှုန်ကုန်ကြသည်။
မီးက အတည်ပြုပေးခဲ့၏။ ဂေလ် တစ်ခုခု ဖြစ်သွားခဲ့လေပြီ။
“ ကောင်းပြီ .. ငါသိပြီ …” အရေးမကြီးသည့် ကိစ္စတစ်ခုနှယ် ကွန်နိုလီ ညင်သာစွာ တုံ့ပြန်လိုက်သည်။
လက်ထောက် ထွက်ခွာသွားခဲ့ပြီးနောက် ရုံးခန်းထဲရှိ တင်းမာမှုက ပို၍ပင် မြင့်တက်လာသည်။
“ တောင်ကိုးရီးယားက အစိုးရ အရာရှိတွေကို ဆက်သွယ် … သယ်ယူပို့ဆောင်ရေး လမ်းကြောတွေအကုန် ပိတ်စို့ခိုင်းလိုက် … သင်္ဘောနဲ့ ရေကြောင်းပို့ဆောင်ရေးတွေရောပဲ … သူတို့ကို ထွက်သွားခွင့် မပေးနဲ့ …” ကွန်နိုလီ ပြောလိုက်သည်။ “ ပြီးတော့ ပြောလိုက် … တကယ်လို့ သံသယရှိတယ်ဆိုရင် နေရာမှာတင် ပစ်သတ်ခွင့်ရှိတယ် … လူကို လုံးဝ လွှတ်မပေးနဲ့ …”
“ နားလည်ပါပြီ ….”
သုံးဦးလုံး လေးနက်သည့် အမူအရာများဖြင့် သံပြိုင်နာခံလိုက်ကြသည်။
“ သွားတော့ … ဒီကိစ္စကို သေချာကိုင်တွယ်ခဲ့ကြ … ငါ့ကို စိတ်မပျက်စေနဲ့ …”
“ ဟုတ်ကဲ့ …”
သုံးဦးသားလုံး အင်မတန် လေးနက်တည်ကြည်သည့် မျက်နှာအမူအရာတို့ဖြင့် ထွက်ခွာသွားခဲ့ကြသည်။
ကွန်နိုလီက ထိုသို့ အမိန့်ပေးလာခဲ့သည်ဖြစ်ရာ သူတို့အားလုံး ဘာလုပ်ကြရမလဲဆိုတာကို နားလည်သည်။
နှစ်များတစ်လျှောက် ကွန်နိုလီမှ ထိုမျှ အသေးစိတ်ပြီး ပြည့်စုံသည့် အမိန့်ကို ပေးသည်အား သူတို့တွေ ပထမဆုံး အကြိမ် မြင်တွေ့ဖူးကြခြင်းပင်။
“ နင်က ဒီလို အချိန်မှာတောင် တစ်ယောက်တည်း လှုပ်ရှားဖို့ တွေးနေသေးတာလား …”
နေသန်က ထွက်ခွာရန် ဟန်ပြင်နေသည်ကို မြင်တော့ ဟောလစ် လှမ်းမေးလိုက်သည်။ “ နင့်မှာ ပိုကောင်းတဲ့ အစီအစဉ် ရှိလို့လား …”
နေသန်၏ စိတ်အခြေနေမှာ ချဉ်စုတ်သွားခဲ့ရသည်။ ထိုသို့ ဖြစ်သည်ကိုလည်း နားလည်၍ မခက်ပေ။ ဂေလ်ကို ထိုသို့ ပြုလုပ်ရန် သူကိုယ်တိုင် အကြံပေးခဲ့တာ ဖြစ်ပြီး ယခု ဂေလ်က တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့သဖြင့် ၎င်းအလေးချိန်က သူ့စိတ်ထဲ အင်မတန် လေးပင်နေခဲ့သည်။
“ လက်ထောက်ကြီးကြပ်သူက အတော်လေး ဒေါသထွက်နေပြီ … နင်က တစ်ယောက်တည်း လှုပ်ရှားချင်နေတုန်းပဲ ဆိုရင် သူ့ဆီ သွားပြီး ခွင့်ပြုချက် တောင်းလာခဲ့ … မဟုတ်ရင် ငါတို့အကုန်လုံး နင့်ကြောင့်နဲ့ ဆွဲချခံရလိမ့်မယ် ….”
နေသန် မျက်မှောင်ကြုတ်သွားခဲ့ပြီး အတန်ငယ်ကြာအောင် တုံ့ဆိုင်းသွားခဲ့သည်။
“ မင်းမှာ ဘာအကြံရှိလဲ …”
နေသန်က ဦးနှောက်မရှိသူ မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူသည်လည်း ဖရီးမေဆင်၏ ကွပ်ကဲသူ ဆယ့်နှစ်ဦးထဲက တစ်ဦးဖြစ်၏။
ယခု အခြေအနေကို အဖတ်ဆည်နိုင်သည့် နည်းလမ်းတို့ ရှိပါသော်လည်း ရလဒ်မှာမူကား မရေရာပေ။
ခြေတစ်လှမ်းလွဲချော်သည်နှင့် ပျက်ကိန်းသို့ ဆိုက်ရောက်သွားမည်ဖြစ်၏။
အတူပူးပေါင်းပြီး လုပ်ဆောင်သည်က သာ၍တော့ ကောင်းမွန်သည်။ အနည်းဆုံးတော့ တစ်ခုခုဆိုပါက သူတစ်ဦးတည်း ခေါင်းခံစရာမလိုတော့ချေ။
“ အရင်ဦးဆုံး တောင်ကိုးရီးယားမှာ ရှိတဲ့ ရုံးခွဲကို ဆက်သွယ်ပြီး သူတို့ကို ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ ပြောမယ် …” ဟောလစ် ပြောလိုက်ပြီး
“ ပြီးရင် ငါတို့သုံးယောက် တောင်ကိုးရီးယားကို အတူသွားကြမယ် … ပစ်မှတ်ကို ဆယ့်နှစ်နာရီလောက်ပဲ အချိန်ဆွဲထားနိုင်ရင်ကို ငါတို့ ရောက်တာနဲ့ ပြဿနာကို ရှင်းလို့ရပြီ …”
နေသန် ခေတ္တမျှ တွေးတောဆင်ခြင်ကြည့်လိုက်ပြီး ဟောလစ်၏ အကြံအစည်က သင့်တင့်လျောက်ပတ်သည်ကို သတိမူမိလိုက်သည်။ သဘောတူစွာ ခေါင်းညိတ်လိုက်၏။
“ ဒါဆိုလည်း အတူသွားကြတာပေါ့ …”
……….
ဆိုးလ်မြို့ ၊ ခုနစ်စင်ကြယ်ဂိုဏ်း။
ဆိုးလ်မြို့ရှိ အကြီးမားဆုံး မြေအောက်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ခုနစ်စင်ကြယ်ဂိုဏ်းသည် ဂျပန်ရှိ ရာမာဂူချီဂိုဏ်းနှင့် တူညီသည့် ရာထူးနေရာကို ဆုပ်ကိုင်ထားခဲ့ည်။
ယင်းက မြေအောက်လောကတွင် နာမည်ကြီးပြီး အင်အားကြီးမားသည့် ဂိုဏ်းအဖွဲ့အစည်းကြီး တစ်ခုဖြစ်၏။
အပေါ်ယံတွင် သူတို့က တရားဝင် ကုမ္ပဏီများ ဖွင့်လှစ်၍ ရာထူးဂုဏ်သိမ်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအဖြစ် ဟန်ဆောင်မျက်နှာဖုံး တပ်ထားကြသည်။ သို့သော်လည်းပဲ နောက်ကွယ်တွင်တော့ မကောင်းသည့် ရာဇဝတ်မှုမျိုးစုံတွင် ပါဝင်ပတ်သက်နေကာ တောင်ကိုးရီးယား အာဏာပိုင်များအတွက် ၎င်းတို့၏ လွှမ်းမိုးမှုကို ရရှိနိုင်ရန် ကြီးစွာ အနှောင့်အယှက်ပေးနေသည့် အဖွဲ့အစည်းကြီးပင်။
အဆိုပါ လူမိုက်ဂိုဏ်းကြီးက အင်အားကြီးမားသထက် ကြီးမားလာသည်ကို အစိုးရက လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။
ထိုဂိုဏ်းကို ဖြိုခွင်းရန်အတွက် စစ်ဆင်ရေး တော်တော်များများ ပြုလုပ်ခဲ့သော်လည်း ဆန်းကြယ်စွာဖြင့် စစ်ဆင်ရေး အသင်းသားများအားလုံး ကျရှုံးသွားခဲ့ရသည်။ ထို့ကြောင့်ပဲ ခုနစ်စင်ကြယ်ဂိုဏ်းကြီးမှာ ဤမျှ အင်အားကြီးမားလာခဲ့ရခြင်းဖြစ်၏။
ထိုအတွက်လည်း ဖရီးမေဆင်၏ ကျေးဇူးက မကင်းပေ။ အထူးသဖြင့် မငြိမ်မသက်ဖြစ်သည့် အထိကရုဏ်းကာလထဲ၌ ဖရီးမေဆင်က ခုနစ်စင်ကြယ်ဂိုဏ်းကို ထိန်းချုပ်ထားလိုက်ပြီး ၎င်းတို့၏ အဖွဲ့ခွဲတစ်ခု အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။
နှစ်များစွာ ကုန်လွန်လာခဲ့ပြီးနောက်တွင် ထိုဂိုဏ်းကြီးက စည်ပင်တိုးတက်လာခဲ့ရုံမျှမက ဖရီးမေဆင်အတွက် တာဝန်များစွာကိုပင် ထမ်းဆောင်ပေးနိုင်ခဲ့သည်။
ဤကဲ့သို့ သဟဇီဝ ဆက်ဆံရေးက ၎င်းတို့ကို အမှောင်ထုထဲ ရှင်သန်နိုင်ရန် ခွင့်ပြုပေးခဲ့၏။
ရှီလာဟိုတယ်သည် တောင်ကိုးရီးယား၏ အဆင့်မြင့် ဇိမ်ခံဟိုတယ်များ သုံးခုထဲက တစ်ခုပင်။ ၎င်း၏ ထူးခြားသည့် ပတ်ဝန်းကျင်နှင့် ကျော့ရှင်းမှုတို့ကြောင့်လည်း အင်မတန် ဂုဏ်သတင်းမွှေး၏။
နာမည်ကြီး အနုပညာရှင်တော်တော်များများကလည်း ကိုးရီယားသို့ လာလည်စဉ်အခါ၌ ဤဟိုတယ်၌ တည်းခိုလေ့ရှိကြ၏။
ဟိုတယ်၏ ထိပ်ဆုံးထပ် ဇိမ်ခံအခန်းတစ်ခုထဲတွင် တုတ်ခိုင်သည့် အမျိုးသားတစ်ဦးက ဆိုဖာပေါ်တွင် ထိုင်နေလျက် စီးကရက်တစ်လိပ်ကို ဒေါသတကြီး ထိုင်ဖွာနေသည်။
အမျိုးသား၏ ခန္ဓာကိုယ်က အင်မတန် တုတ်ခိုင်လှပြီး ဝိတ်လွန်လုနီးပါး ဖြစ်သည်အထိပင်။
ထို့ပြင် သူ၏ အရေပြားထက်တွင်လည်း ရှုပ်ထွေးပွေလီပြီး ဖော်ပြရခက်ခဲသည့် ဒီမွန်တက်တူးတို့က အပြည့်ဖြစ်နေကာ ကြမ်းတမ်းသည့် မုတ်ဆိတ်ကြီးကလည်း လူကို သားသတ်သမားကြီးအလား ထင်ဟပ်နေစေသည်။
ထိုအမျိုးသား၏ နာမည်က ဂင်ဒုံဟေးဖြစ်ပြီး ခုနစ်စင်ကြယ်ဂိုဏ်းကြီး၏ ခေါင်းဆောင်ဖြစ်၏။
ညဉ့်နက်ပိုင်း လူအိပ်ကောင်းနေသည့်အချိန်၌ ဖုန်းကောတစ်ခုကြောင့် သူလန့်နိုးလာခဲ့ရသည်။
ဖရီးမေဆင်အဆောက်အဦးကြီး မီးလောင်နေသည်တဲ့လော။
ပုံမှန်ဆိုပါက ဖရီးမေဆင် အဆောက်အဦးကြီး မီးလောင်ပြာကျသွားပါစေ၊ သူ့အား ထိုမျှ အထိတ်တလန့် ဖြစ်သွားစေရန် မလုံလောက်ပေ။
သို့သော် ယခု … ကိစ္စရပ်တို့က အလွန်အမင်း ဆတ်ဆတ်ထိမခံ ဖြစ်နေသည့် အချိန်ပင်။
လန်ဒန်၊ နယူးယော့ခ်၊ ပဲရစ်၊ တိုကျိုနှင့် Berghain ရှိ ဖရီးအဆောက်အဦးကြီးများအားလုံး မီးစွဲလောင်ခဲ့ပြီး ယခု ကိုးရီးယားရှိ နောက်ဆုံးတစ်ခုပါ မီးလောင်သွားခဲ့သည်။ လူက စောက်ရူးဖြစ်နေလျှင်ပင် တစ်ခုခုတော့ မှားယွင်းနေပြီကို တပ်အပ်ပြောနိုင်သည်။
သို့သော် ဘာတွေဖြစ်နေလဲ ဂန်ဒုံဟေးမသိ။
မည်သူ့ကို အပြစ်တင်ရမည်နည်း။ ဒါပေါ့။ ဂေလ်၏ မောက်မာမှုကိုသာလျှင် အပြစ်ဖို့ရလိမ့်မည်။
အကယ်၍ ဂေလ်ဘက်ကသာ ဂန်ဒုံဟေးကို သူ မစ်ရှင်ဆောင်ရွက်နေသည့် ကိစ္စ အကြောင်းကြားခဲ့မည်ဆိုပါက အခြေအနေမှာ ထိုမျှ မဆိုးရွားနိုင်လောက်ချေ။
ထို့ကြောင့် ယခုအချိန်၌ ဂန်ဒုံဟေးမှာ မည်သည်ကိုမျှ မသိရှိရဘဲ အမှောင်ထဲသို့ ပို့ခြင်း ခံထားခဲ့ရ၏။
သို့သော် မီးလောင်သည့် ကိစ္စ သိရှိသည်နှင့် သူ မသိစိတ်အလျောက် ပထမဦးဆုံး ပြုလုပ်သည့်အရာက ဖရီးမေဆင် ဌာနချုပ်ထံ အကြောင်းကြားခြင်းပင်။
နောက်ထပ် ဘာလုပ်ရမည်ဆိုတာကတော့ ၎င်းတို့၏ ညွှန်ကြားချက် အပေါ်တွင် မူတည်သည်။
ဒူ ဒူ ဒူ …
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဂန်ဒုံဟေး၏ ဖုန်းက တုန်ခါလာခဲ့ပြီး ယင်းက ဗွီဒီယိုကောတစ်ခုပင်။
ဗွီဒီယိုကောကို ဖြေဆိုလိုက်ပြီး တစ်ဖက်ခြမ်း၌ အီဗန်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။ ချက်ချင်းလက်ငင်းပဲ ထိုင်နေရာမှ ထ၍ အီဗန်ကို ဦးညွှတ်လိုက်သည်။
“ အကြီးတန်း ကွပ်ကဲသူ အီဗန် …”
နိုင်ငံခြား ဌာနခွဲခေါင်းဆောင်များကို ဖရီးမေဆင်က ဂုဏ်ဒြပ်များ ချီးမြင့်ပေးသော်လည်းပဲ ၎င်းတို့၏ ရာထူးအဆင့်ကတော့ ကွဲပြားသည်။
ဥပမာအနေဖြင့် … ဟောင်ကောင်ရှိ ဟုန်မန်ဂိုဏ်း၏ ဖန်းတောက်ဇူသည် ဖရီးမေဆင်အတွင်း လက်ထောက်ကြီးကြပ်သူ ရာထူးကို ဆုပ်ကိုင်ထားသည်။
အမည်ခံအရဆိုသော်ငြားလည်းပဲ အီဗန်သည် သူ့ကို ရိုသေသအမှုဖြင့် စကားပြောဆို ဆက်ဆံခဲ့ဆဲပင်။
သို့သော် ခုနစ်စင်ကြယ်ဂိုဏ်းကတော့ မတူညီပေ။ သူတို့၏ လွှမ်းမိုးနိုင်စွမ်းက ဟုန်မန်ဂိုဏ်းကဲ့သို့ မကြီးမားပေ။ ထို့ကြောင့် ဂန်ဒုံဟေး၏ ရာထူးက အကြီးတန်းကွပ်ကဲသူမျှလောက်သာ ရှိခဲ့၏။
ယေဘုယျအားဖြင့် သူ၏ ရာထူးက အီဗန်နှင့် တူညီသော်လည်းပဲ ဖရီးမေဆင် ဌာနချုပ်ထဲတွင်တော့ သူ၏ ဩဇာအာဏာမှာ မဖြစ်စလောက်မျှသာ ရှိပေလိမ့်မည်။
ထို့ကြောင့် သူ့ဘက်က ရိုသေလေးစားစွာ ပြောဆိုဆက်ဆံဖို့ လိုအပ်၏။
“ မင်းရဲ့ အာဏာအကုန်လုံးသုံးပြီး ကိုးရီးယားရဲ့ ထွက်ပေါက်တွေ အကုန် ပိတ်ထားလိုက် …” အီဗန် တင်းမာစွာ ဆိုလာခဲ့သည်။ “ ဘယ်သူ့မှ မထွက်စေနဲ့ … တစ်ယောက်တောင် ထွက်သွားလို့မရဘူး …”