← Chapters

လုံအော်ထျန်း

Vol. 41 Ch. 561

လုံအော်ထျန်း

Vol. 41 Ch. 561

"ဖွတ်!"

တုံ့ပြန်မှုဒဏ်ကို ခံစားလိုက်ရသည့်အတွက် ကူကျန်းရန်သည် ကိုယ်တွင်းအင်္ဂါ အပိုင်းအစများ ရောယှက်နေသော သွေးနီနီတစ်ပွက်ကို အန်ထုတ်ပစ်လိုက်မိသည်။ သူ၏ နဖူးပြင်တွင် ချွေးသီးလုံးကြီးများ စီးကျနေပြီး နှလုံးသားကား ကြောက်မက်ဖွယ်ရာ ထိတ်လန့်မှုများဖြင့် တုန်ခါနေလျက်။

မည်သည့်နေရာမှန်းမသိ ရုတ်တရက်ပေါ်လာသည့် ဤနဂါးတစ်ပိုင်း လူသားက သူ၏ အဆုံးစွန်သော တိုက်ကွက်ကို လက်ဝါးတစ်ချက်တည်းဖြင့် ချေမှုန်းလိုက်သည်တဲ့လား?

ကျင့်ကြံသူများလည်း အံ့သြတကြီးဖြင့်သာ ငေးမောလျက်ရှိကာ ဤစွမ်းအားကြီးသော အကြီးအကဲ၏ ဇာစ်မြစ်ကို မခန့်မှန်းနိုင်ကြချေ။

အန္တရာယ်ကား ယာယီတော့ ‌ပြေလည်သွားသည်ဟု ဆိုရမည်။

ဟုန်ချန်ယဲ့လည်း အလွန် အံ့အားသင့်ဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။

တစ်ဖက်လူ မည်သူမည်ဝါဖြစ်ကြောင်း သူမသိသလို သူ့ကိုဘာကြောင့်ကူညီရမှန်းလည်း စဥ်းစားမရ။

အခြေအနေများ ရုတ်တရက် ရှုပ်ထွေးသွားသည်ကို မြင်သောအခါ ဟုန်ချန်ယဲ့သည် အလောတကြီး လှုပ်ရှားဖို့ မရဲတော့ဘဲ အသာငြိမ်ကာ သူ၏ လျော့ပါးသွားသော စွမ်းအားများကိုသာ တိတ်တဆိတ် ပြန်လည်ဖြည့်တင်းနေလိုက်သည်။

"ကျစ် အားနည်းလိုက်ပုံများ"

နဂါးလူသား၏ နှုတ်ခမ်းများမှာ ဓားသွားကဲ့သို့ ကွေးညွှတ်သွားပြီး အနောက်ရှိ ဟုန်ချန်ယဲ့ကို တစ်ချက်စောင်းကြည့်လိုက်သည်။ ဤ ကြော့ရှင်းလှပသောမိန်းကလေး အသက်အန္တရာယ်မှ ကယ်တင်ခံလိုက်ရချိန် သူ့ကို မည်သို့သာအမူအရာဖြင့် ကြည့်နေမည်အား သိချင်လှ၏။

သို့သော် သူ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ တစ်ဖက်လူသည် အမူအရာ မပြောင်းလဲစွာပင် ခပ်တည်တည်ရပ်နေသည်။

ဟားဟား၊ စိတ်ဝင်စားစရာပဲ။

ထိုအချိန်တွင်။

တုန်လှုပ်နေဆဲဖြစ်သော ကူကျန်းရန်သည် ရင်းနှီးသော ရှေးဟောင်းအငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး တစ်ဖက်လူမှာလည်း ပြန်လည် ရှင်သန်နိုးထလာသူ ဖြစ်ကြောင်း သဘောပေါက်သွားရ၏။

သို့သော် ပြဿနာကား ဤမျှ ကြောက်မက်ဖွယ် ခွန်အားမျိုးဖြင့်ဆိုလျှင် သူသည် အတိတ်တုန်းက နာမည်မရှိသူ လုံးဝမဖြစ်နိုင်။

ဤအတွေးဖြင့် ကူကျန်းရန်သည် အရှေ့မှ နဂါးလူသားကို စေ့စေ့စပ်စပ် စိုက်ကြည့်နေလိုက်သည်။ ဖျစ်ညှစ်စဥ်းစားကြည့်ပြီးနောက် သူ၏ စိတ်ထဲတွင် ရင်းနှီးသော နာမည်တစ်ခု မရေရာစွာ ပေါ်ထွက်လာပြီး အကြိမ်ကြိမ် အတည်ပြုပြီးနောက်တွင် မျက်ခုံးများတွန့်တက်ကာ အာခေါင်များခြောက်သွေ့သည်အထိ ထိတ်လန့်ကြောက်ရွံ့သွားရတော့သည်။

"ခင်ဗျား၊ ခင်ဗျားက မဟုတ်မှလွဲရော..."

ကူကျန်းရန်သည် မကြုံစဖူး တုန်တုန်ယင်ယင်ပုံစံဖြင့် ခက်ခက်ခဲခဲ ထုတ်မေးလိုက်သည်။ "အသန်မာဆုံး နဂါးမျိုးနွယ် ပါရမီရှင်၊ လုံအော်ထျန်းများ ဖြစ်နေမလား?!"

"အိုး? ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက်မှာတောင် ငါ့ကို မှတ်မိတဲ့သူ ရှိသေးတယ်ပေါ့။"

လုံအော်ထျန်းသည် လက်များကို နောက်ပစ်ရပ်လျက် မထီမဲ့မြင်အကြည့်ဖြင့် ကြီးကျယ်ခမ်းနားသောဟန်ပန်ကို ထုတ်လွှတ်နေသည်။

တစ်ဖက်လူ၏ ဖြောင့်ဖြောင့်တန်းတန်း ဝန်ခံချက်ကို ကြားသောအခါ ကူကျန်းရန်၏ နှလုံးသားသည် ဗုံတီးသကဲ့သို့ ခုန်လှုပ်လာပြီး ငိုသည်ထက်ပင်ဆိုးသေးသည့် အပြုံးတစ်ခုကို အတင်း လုပ်ယူလိုက်သည်။

"အကြီးအကဲရဲ့ ကြီးမြတ်တဲ့ နာမည်ကို ဒီငယ်သားက ဘယ်လိုများ မသိဘဲနေပါ့မလဲ? အရှင်လည်း မသေမျိုးဘုံကိုမတက်ဘဲ အိပ်စက်ခိုအောင်းနေခဲ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး။"

လုံအော်ထျန်းအကြောင်း ပြောရမည်ဆိုလျှင် ထိုသူသည် ရှေးခေတ်က အလွန် နာမည်ကြီးကျော်ကြားခဲ့သော စွမ်းအားရှင်တစ်ဦးဖြစ်သည်။ အဆင့်တူများကြားတွင် ယှဥ်နိုင်သူမရှိဟု လူသိများကျော်ကြားသော ပါရမီရှင်တစ်ဦးသာပင်။

ထိုသို့ ကြောက်ခမန်းလိလိ နာမည်ကျော်ကြားရသည့် အကြောင်းရင်းမှာ သူဖန်တီးခဲ့သည့် ဒဏ္ဍာရီလာ တိုက်ပွဲမှတ်တမ်းများကြောင့် ဖြစ်သည်။ တစ်ချိန်က မသေမျိုးဧကရာဇ်အဆင့်ရှိသော သူသည် အဆင့်သစ်ချိုးဖျက်တက်ရောက်ထားသည့် မသေမျိုးသူတော်စင်တစ်ပါးကို တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ ပုံမှန်ဆိုလျှင် ရှုံးနိမ့်ထွက်ပြေးရမည့် အခြေအနေမျိုးဖြစ်ပါသော်ငြား လုံအော်ထျန်းကတော့ ထိုမသေမျိုးသူတော်စင်ကို အသေသတ်ပစ်နိုင်ခဲ့သည်အထိ ကြမ်းကြုတ်သည်။

မသေမျိုးသူတော်စင်တစ်ပါးတဲ့လေ!

မသေမျိုးသူတော်စင်တစ်ပါး၏ အဆင့်အတန်းမှာ သူမတူအောင် မြင့်မားကြီးမြတ်သည်။ မသေမျိုးဧကရာဇ်တစ်ပါးသည်ပင် သူတော်စင်နှင့်ယှဥ်လျှင် ဖုန်မှုန့်လောက်အရွယ်အစားဟုသာ သတ်မှတ်ရပေမည်။

သို့သော် လုံအော်ထျန်းသည် မသေမျိုးဧကရာဇ် အဆင့်တွင် စစ်မှန်သော မသေမျိုးသူတော်စင် တစ်ပါးနှင့် ပြင်းထန်စွာ တိုက်ခိုက်ပြီး အသေသတ်ပစ်နိုင်ခဲ့သည်။

အသစ်တက်ရောက်ထားသော ဝါနုမသေမျိုးသူတော်စင် တစ်ပါးပင်ဖြစ်စေ၊ မသေမျိုးဧကရာဇ်တစ်ပါးအနေဖြင့် ယှဥ်နိုင်စရာအကြောင်း လုံးဝမရှိ။ အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် မသေမျိုးသူတော်စင်တစ်ပါးသည် မသေမျိုးဧကရာဇ် သန်းဆယ်ချီနှင့် ယှဥ်နိုင်လောက်သောအနေအထားရှိ၏။ စကြဝဠာအရှင်တစ်ပါးသာ ပေါ်မလာသရွေ့ မသေမျိုးသူတော်စင်ဟူသည် ကျင့်ကြံရေးကမ္ဘာ၏ အငြင်းပွားစရာမရှိသော ဦးသျှောင်သရဖူသာဖြစ်ပြီး နောက်ကွယ်မှ အခြေအနေအားလုံးကို ထိန်းချုပ်စီမံခန့်ခွဲနိုင်သူဖြစ်သည်။

(English translationမှာ အဆင့်မတူတဲ့ မသေမျိုးဧကရာဇ်-Immortal Emperor နှစ်မျိုးထပ်နေတာကြောင့် တစ်မျိုးကို စကြဝဠာအရှင်လို့ ယာယီနာမည်ပေးထားလိုက်ပါတယ်။ နောက်မှ နာမည်အသစ်ပေါ်လာရင် ကိုက်ညီအောင်ပြန်ပြင်ပေးပါ့မယ်)

ထို့ကြောင့် ဤအံ့အားသင့်ဖွယ် တိုက်ပွဲရလဒ် သတင်းပြန့်သွားချိန်တွင် ခွင်းလွင်ကမ္ဘာတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရ၏။

လုံအော်ထျန်း မသေသရွေ့ နောင်တွင် စကြဝဠာအရှင်တစ်ပါးပင် ပေါ်ပေါက်လာနိုင်ချေရှိသည်ဟု လေးစားယုံကြည်ထိုက်သော စွမ်းအားရှင်တစ်ဦးက အာမခံပြောဆိုခဲ့သေးသည်။

လေးစားအားကျသူများအတွက် လုံအော်ထျန်းသည် တုနှိုင်းမရသော ပါရမီရှင် ဖြစ်သည်။ သို့သော် ကျန်သူများအတွက်မူ လုံအော်ထျန်းသည် ကြောက်မက်ဖွယ် ရန်သူတစ်ဦးသာ ဖြစ်သည်။

စကားပုံတစ်ခုပင် ရှိခဲ့ဖူးသေး၏။ ဘယ်မသေမျိုးဧကရာဇ်ကိုပဲ ရန်သွားစချင်စ၊ လုံအော်ထျန်းကိုတော့ သွားမထိလေနှင့် ဟု။

လုံအော်ထျန်းသည် မာန်မာနကြီးပြီး မိမိကိုယ်ကိုသာ ဗဟိုပြုတတ်သော အတ္တစိတ်ဓာတ်ဖြင့် သတ်ဖြတ်ရာတွင် ပြတ်သားရက်စက်သည်ဟု လူသိများသည်။ မင်းအဖေက စကြဝဠာအရှင်ကြီးဖြစ်နေတောင် လုံအော်ထျန်းဒေါသကိုသွားဆွမိရင် အပိုင်းပိုင်းအထစ်ထစ် ခုတ်ခံရမှာပဲ!

ထိုခမ်းနားကြီးကျယ်သော သမိုင်းကြောင်းကြောင့် ကူကျန်းရန်သည် လုံအော်ထျန်းပေါ်လာသည်ကို မြင်သောအခါ ဆောက်တည်ရာမရ ထိတ်လန့်နေခဲ့ရခြင်းဖြစ်၏။

တစ်ဖက်လူကို မည်သို့စော်ကားထိပါးမိ၍ ဤသို့ ရည်ရွယ်ချက်ရှိရှိ ကြားဝင်စွက်ဖက်ခံရလေသနည်း သူလည်းမသိ။

တစ်ဖက်လူ၏စကားကိုကြားသော်၊

လုံအော်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ အေးစက်တင်းမာသော ရွှေရောင်မျက်စိသူငယ်အိမ်များက ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိကာ အကြောင်းအရာစုံ ရှင်းပြဖို့ အလွန် ပျင်းရိနေဟန် ရှိသည်။ သူ မကျေမနပ်လေသံဖြင့်သာ ပြန်ပြောလိုက်သည်။

"ငါ့ဘာငါ ဘယ်မှာနေနေ မင်းခွင့်ပြုချက်တောင်းနေရဦးမှာလား?"

ထိုစကားဆုံးသည်နှင့်၊

ကူကျန်းရန်၏ကျောတွင် ချွေးအေးများ စီးကျလာပြီး ဦးခေါင်းသည် ဒရမ်တီးခံရသကဲ့သို့ တုန်ယင်နေကာ ထစ်အထစ်အ ပြောလိုက်သည်။ "မ... မဟုတ်ပါဘူး၊ ဒီငယ်သားက အဲဒါကို ဆိုလိုတာ မဟုတ်ပါဘူး..."

"ဒါဆို မင်းက ဘာကို ဆိုလိုတာလဲ?" လုံအော်ထျန်းက အေးစက်စက် ပြန်မေးသည်။

ကူကျန်းရန်သည် သေမတတ် ကြောက်ရွံ့ထိတ်လန့်သွားပြီး မျက်နှာဖုံးနောက်ရှိ မျက်နှာအိုကြီးမှာ ငိုချတော့မတတ် ရှုံ့တွနေလေပြီ။ ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးချင်ပုံ ပေါ်သော်လည်း ထိုအကြီးအကဲ‌ရှေ့တွင် ဘာတစ်ခုကိုမှ လက်လွတ်စပယ် မလုပ်ရဲလှ။

"ဟေ့၊ ခင်ဗျားတို့နှစ်ယောက် စကားပြောလို့ပြီးပြီလား?"

ဟုန်ချန်ယဲ့က မျက်မှောင်ကြုတ်လျက်သားဖြင့် စကားဝင်ဖြတ်သည်။

"ဒီ နတ်သမီးလေးက ဘာများပြောစရာရှိလို့..." လုံအော်ထျန်းသည် အသံရာလာသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး သူ၏ စိတ်သဘောထားမှာ သိသိသာသာ ပျော့ပျောင်းသွားဟန်ရှိ၏။

သူ့မျက်လုံးများထဲတွင် ဤ အမျိုးသမီးသည် တောက်ပထင်ရှားသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်က ခါးမြင့်မြင့်သွယ်သွယ်ဖြင့် ခြေတံရှည်လျားသည်။ ဝတ်ရုံလက်စရှည်နှင့် စကတ်အနားစများက လွင့်ပျံနေကာ ဆံနွယ်မည်းနက်နက်မှာ ရေတံခွန်ကဲ့သို့ ပျော့စင်းကျလျက်။ အသားအရည်သည် ဆီးနှင်းကဲ့သို့ ဖြူဖွေးသန့်စင်ကာ မျက်နှာသွင်ပြင်က ပန်းချီကားထက် ခြယ်မှုန်းရေးဆွဲထားသကဲ့သို့ အပြစ်အနာအဆာ ကင်းစင်လှပသည်။

သို့သော် အလှလေး၏မျက်လုံးများက ရေခဲကဲ့သို့ အေးစက်ထက်မြက်သည်။

ထို့နောက် လုံအော်ထျန်း၏ အကြည့်က တစ်နေရာသို့ အာရုံစူးစိုက်သွားသည်။ အလဲ့၊ ရင်သားက ပြားချပ်နေပါကလား၊ ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်သလဲ!

"နတ်သမီးလေး..." ဟုန်ချန်ယဲ့သည် အခေါ်အဝေါ်ကို အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း ပြန်ပြင်ပေးမနေတော့။

နောက်ဆုံးတွင် ဤသူစိမ်းကား သူ့ကိုကူညီပေးခဲ့သူ မဟုတ်ပါလော။

ကူကျန်းရန်က အခွင့်အရေးယူပြီး ဝင်ဟောက်လိုက်သည်။ "မင်းဘယ်လိုတောင် အတင့်ရဲရတာလဲ! အကြီးအကဲကို ဒီလို မလေးမစား လုပ်ရဲရတယ်လို့! အရှင်၊ အပင်ပန်းခံပြီး လက်မလှုပ်ပါနဲ့၊ ဒီငယ်သားကို သင်ခန်းစာပေးဖို့ ခွင့်ပြုပါ!"

ထို့နောက် ကူကျန်းရန်သည် စေတနာ့ဝန်ထမ်းအဖြစ် အစွမ်းပြသရန် ကြိုးစားလေတော့သည်။

"ခွေးကောင်!"

မိုးကြိုးသံကဲ့သို့ ကြိမ်းမောင်းသံတစ်ခု ပဲ့တင်ထပ်လာပြီး ကူကျန်းရန်၏ ရင်ဘတ်မှာ ကျပ်ခနဲဖြစ်ကာ သွေးတစ်ပွက်ထပ်အန်လိုက်မိသည်။

သူဘာလုပ်မိလို့ လုံအော်ထျန်း ထပ်ပြီးဒေါသထွက်သွားရမှန်း သူလည်းမသိ။

လုံအော်ထျန်းက ရွံရှာစွာ ပြောလိုက်သည်၊ "မင်းကိုငါ လှုပ်ခိုင်းလို့ လား? နေရာမှာပဲ ရပ်နေ!"

ကူကျန်းရန် "..."

"နတ်သမီးလေး၊ ပြောစရာရှိရင် ပြောပါ။" လုံအော်ထျန်းသည် လက်ကိုဆန့်တန်းလျက် ဦးစားပေးသည့်ဟန်ပြသည်။ အမူအရာမှာ လူကြီးလူကောင်းဆန်ကာ အစောက ကြမ်းကြုတ်သောဟန်ဖြင့် မဆီမဆိုင် ကွဲပြားလျက်။

ကူကျန်းရန်ကို စကားပြောသည့်လေသံနှင့် လားလားမှမတူ။

ဆက်ဆံပုံ သိသာကွဲပြားလိုက်ပုံမှာ အရူးပင် သတိထားမိနိုင်လောက်သည်။

ဟုန်ချန်ယဲ့သည် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ "ဒီလူနဲ့ ကိစ္စရှင်းစရာလေး ရှိနေလို့ပါ"

လုံအော်ထျန်းက အပြုံးမပျက် ပြန်မေးသည်။ "ကူရှင်းပေးဖို့များ လိုသေးလားခင်ဗျာ"

"ကျေးဇူးတင်ပါတယ်၊ မလိုပါဘူး။" ဟုန်ချန်ယဲ့က ပြန်ပြောလိုက်သည်။

ကူကျန်းရန်လည်း လုံအော်ထျန်းသည် လုံးလုံးလျားလျား ဟုန်ချန်ယဲ့ဘက်မှ ဖြစ်ကြောင်းကို နောက်ဆုံးတော့ နားလည်လိုက်ရ၏။

ဘာတွေဖြစ်နေတာလဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!

သူတို့ နှစ်ယောက်စလုံး နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတွေပဲကို၊ ဘာလို့ ဆက်ဆံပုံက အဲ့လောက်ကွာခြားရတာလဲ?

"ငါသူနဲ့တော့ သွားယှဥ်လို့မရဘူး၊ ဒါပေမဲ့ ပုန်းဖို့အချိန်မီသေးသားပဲ"

နှစ်ချက်အရိုက်ခံလိုက်ရပြီး ခန္ဓာကိုယ်ပိုင်း အခြေအနေ အတော်ဆိုးရွားနေသော ကူကျန်းရန်သည် ယခု လက်ရှိ ဟုန်ချန်ယဲ့ကို မနိုင်နိုင်ကြောင်း သိသည်။ ထို့ကြောင့် ဝိညာဥ်မြစ်ကိုမီးရှို့ပြီး ထွက်ပြေးဖို့ကိုသာ ပြတ်သားစွာ ရွေးချယ်လိုက်သည်။

သို့သော် ရလဒ်မှာတော့...

ကြီးမားသော ဖိညှစ်အားသည် လေထဲမှ တမုဟုတ်ချင်း ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာကိုယ်ကို နေရာတွင် အတင်းအကျပ် ဖိချုပ်ထားသည်။

ကူကျန်းရန်သည် လုံအော်ထျန်းလက်လှုပ်လိုက်သည်ကို မြင်သဖြင့် စိတ်လွတ်လက်လွတ် ကုန်းအော်လိုက်တော့၏။ "လုံအော်ထျန်း! မင်း တမင်လုပ်နေတာ မဟုတ်လား?!"

လုံအော်ထျန်းသည် ဒေါသထွက်နေသောအဘိုးကြီးကို လျစ်လျူရှုပြီး ဟုန်ချန်ယဲ့ကို အပြုံးဖြင့် ကြည့်လိုက်သည်၊ "နတ်သမီးလေး၊ လုပ်စရာရှိတာလုပ်ပါ။"

ဟုန်ချန်ယဲ့လည်း နှုတ်ခမ်းနည်းနည်းတွန့်သွားသည်။ ဤခံစားချက်က သူ့ကိုအ‌တော်လေး မသက်မသာဖြစ်စေသည်။

ထို့နောက် ကူကျန်းရန်၏ ကြောက်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် မျက်စိကျိန်းစပ်စေသော ရွှေရောင်မီးလျှံ တစ်ခုထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်အား အစအဆုံး ဝါးမျိုသွားလေတော့၏။

"အား... အား... အား..."

နားကွဲမတတ်ကျယ်လောင်သော အော်သံမှာ ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့၏။

မကြာမီတွင် မီးလျှံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကူကျန်းရန်သည်လည်း လုံးဝပျောက်ကွယ်သွားတော့သည်။

ဒီလိုအဆုံးသတ်မျိုးကို သူ့ဘဝတွင် အိပ်မက်ပင်မမက်ဖူးပါချေ။

လုံအော်ထျန်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "နတ်သမီးလေး ငါ မင်းအသက်ကိုလည်းကယ်ပြီး နောက်ဆက်တွဲကိုလည်း ကူညီပေးခဲ့တယ်။ မင်းငါ့ကို ဘယ်လို ကျေးဇူးဆပ်မလဲ?"

ဟုန်ချန်ယဲ့သည် တစ်ဖက်လူမှာ ယှဥ်မရအောင် အားကောင်းပြီး သာမန်ဇာစ်မြစ် မဟုတ်ကြောင်း သိသည်။ ထို့ကြောင့် ရိုင်းပျဖို့မရဲဘဲ လေးလေးနက်နက် လက်ကိုယှက်ကာ ဦးညွှတ်လိုက်သည်။ "အကြီးအကဲရဲ့ အကူအညီအတွက် အရမ်းကျေးဇူးတင်ပါတယ်!"

ထိုသို့ ဆိုပြီးသည်နှင့် သူ လှည့်ထွက်ဖို့ ပြင်သည်။

ဝှစ်။

သူ့အရှေ့တွင် ရှေးဟောင်းဆန်ပြီး အားကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည့် အရပ်မြင့်မြင့် ပုံသဏ္ဌာန်က လာရောက်ပိတ်ဆို့သည်။

"ခင်ဗျား!"

ဟုန်ချန်ယဲ့ ရင်တစ်ချက်တုန်သွားပြီး သတိသေချာကပ်ထားလိုက်ရသည်။

လက်ရှိအန္တရာယ် ပြေလည်သွားပြီးနောက် ပိုကြီးမားသော အန္တရာယ်ကို သူ ရင်ဆိုင်ချင်စိတ် မရှိပေ။

လုံအော်ထျန်းက ခေါင်းကို အသာခါသည်။ "နတ်သမီးလေးရယ်၊ ကျေးဇူးတင်ရုံနဲ့ ပြီးပြီလား? ငါ မင်းရဲ့ အသက်ကို အခုလေးတင် ကယ်လိုက်တာလေ။"

ဟုန်ချန်ယဲ့သည် လုံအော်ထျန်းနှင့် သင့်တော်သောအကွာအဝေးကို ထိန်းသိမ်းလျက် အနောက်သို့ ခြေ လှမ်းအနည်းငယ် လျင်မြန်စွာ ဆုတ်ဆိုင်းလိုက်ပြီး လက်များကို လေးလေးနက်နက်ယှက်ကာ ထပ်မံဦးညွှတ်ပြန်သည်။

"အကြီးအကဲကယ်တင်ပေးတာကို ကျွန်တော် တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့် စွမ်းရည်တွေက အားနည်းနေသေးပြီး အရှင့်ကို ကူညီဖို့ မတတ်သာသေးပါဘူး။ နားလည်ပေးပါ!"

လုံအော်ထျန်းသည် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးလှလှလေးကို သေချာငုံ့ကြည့်သည်။ ကြည့်လေ ကြည့်လေ သူ့အကြိုက်ပုံစံနှင့် ပိုမိုကိုက်ညီလေဖြစ်ကာ ခြေလှမ်းများက အရှေ့သို့ တစ်လှမ်းချင်း နီးကပ်လာသည်။

"အကယ်၍ မင်းဘက်က ကျေးဇူးဆပ်ချင်လှပါတယ်ဆိုရင် ကိုယ် နည်းနည်းရိုင်းတာလေးတစ်ခုတော့ တောင်းဆိုချင်တယ်..."

All Chapters