← Chapters

အခန်း (၅၆၆)

Vol. 41 Ch. 566

အခန်း (၅၆၆)

Vol. 41 Ch. 566

စန်းမင်သူတော်စင်နယ်မြေ ကျဆုံးသွားသည့် အချိန်မှစ၍ ကျင့်ကြံသူတို့သည် အလယ်ပိုင်းဒေသမှာ နောက်ဆုံးတော့ ကြာရှည်တည်မြဲသော ငြိမ်းချမ်းရေး ကာလသို့ ဝင်ရောက်တော့မည်ဟု ထင်ခဲ့ကြ၏။ သို့သော် ရက်အနည်းငယ် အကြာတွင် ရုတ်တရက် ကြီးမားသော အပြောင်းအလဲများစွာ ဖြစ်ပေါ်လာပြန်ကာ ငြိမ်းချမ်းအေးဆေးသော အခြေအနေကို တစ်ဖန်ဖျက်ဆီးခဲ့ကြပြန်သည်။

ဤကာလအတွင်း တာအိုပြည်နယ်များစွာသည် ရုတ်တရက် အပြောင်းအလဲကြီးများ ကြုံတွေ့ခဲ့ရပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ တစ်ခုပြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာနေခဲ့သည်။ ကျယ်ပြန့်သော သမုဒ္ဒရာတမျှ ဖိနှိပ်အားတို့က အရပ်မျက်နှာအားလုံးကို လွှမ်းခြုံထားပြီး သူတော်ကောင်းနှင့် နတ်ဆိုးလမ်းစဥ် နှစ်ခုလုံးရှိ ကျင့်ကြံသူများကို နေစရာမရှိအောင် ထိတ်လန့်စေကာ ကြောက်ရွံ့မှုနှင့် မသေချာမှုတို့ဖြင့် တုန်လှုပ်နေစေခဲ့၏။

ထို့နောက်တွင်မူ မယုံနိုင်စရာ မြင်ကွင်းတစ်ခု ကပ်ပါလာခဲ့သည်။

မသေမျိုးဘုရင်အဆင့် တည်ရှိမှုများ သိပ်သည်းထူထပ်စွာပါဝင်သော ရှေးဟောင်းခေတ် ပြန်လည်နိုးထရှင်သန်သူ အုပ်စုများသည် မိုးရွာပြီးနောက် ဝါးပင်များအစို့ထွက်လာသကဲ့သို့ ပြူတစ်ပြူတစ် နေရာအနှံ့ ထွက်ပေါ်လာခဲ့ကြသည်။ သူတို့သည် ကျင့်ကြံမှု အရှိန်အဝါကို ရဲရဲတင်းတင်း ထုတ်လွှတ်ခဲ့ကြပြီး ကောင်းကင်နှင့်မြေပြင်ထက် ဖြန့်ကျက်စေကာ နေနှင့်လအား အရောင်မှိန်စေခဲ့ကြ၏။

ပေတစ်သောင်းမျှမြင့်သော ချောက်ကမ်းပါးတစ်ခုပေါ်တွင် နွားခေါင်းနှင့် လူ့ခန္ဓာကိုယ်ရှိသော သတ္တဝါတစ်ဦးသည် ခပ်မတ်မတ်ရပ်နေလျက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ် အလျှံငြီးငြီး မီးလျှံများ ထုတ်လွှတ်နေ၏။ ထို့နောက် ကောင်းကင်ကို ထိုးဖောက်ထွက်နိုင်လောက်မည့် အသံဖြင့် ဟိန်းဟောက်လိုက်ရာ ရေတွက်မရနိုင်သော တောင်တန်းများ မခံနိုင်စွာပြိုကျကုန်လျက် ဖုန်မှုန့်များ နေရာတကာ လွင့်စင်သွားခဲ့သည်။

နာမည်ကျော်ကြားသော မသေမျိုးဂိုဏ်းတစ်ခုသည် ယခုအချိန်တွင် သွေးပျက်စရာလေထုဖြင့် လွှမ်းခြုံနေလျက်ရှိ၏။ တစ်ကိုယ်လုံး ခရမ်းရင့်ရောင်ရှိလျက် အဖုအထစ်များဖြင့် ဖုံးအုပ်ထားသော ဧရာမ ဖားကြီးတစ်ကောင် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့၍ပင်။ ထိတ်လန့်တကြား အော်ဟစ်သံများ ကြားတွင် ၎င်းသည် သွေးနီရောင်လျှာကို ထုတ်ကာ ကျင့်ကြံသူ အများအပြားကို ပတ်၍ လောဘတကြီး စားသောက်မျိုချလေတော့သည်။

ခန္ဓာကိုယ်တစ်ခုလုံးတွင် သင်္ကေတစာလုံးများဖြင့် ဖုံးအုပ်ထားသော မျက်လုံးတစ်လုံးတည်း ရှိသည့် ဧရာမလူ့ဘီလူးကြီး တစ်ကောင်သည်လည်း မြို့ပေါင်းများစွာကို ဖြတ်သန်းမွှေနှောက်လျက်ရှိကာ သာမန်လူထု ပြည်သူပြည်သားတို့၏ ရေတွက်မရနိုင်သော သေဆုံးမှုများနှင့် နာကျင်စူးနင့်နေသော ငိုကြွေးသံများသာ ပျံ့နှံ့နေလျက်ရှိတော့၏။

ဓားရှည်တစ်ချောင်းကို ကျောနောက်တွင် သယ်ဆောင်ထားသော အစိမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးသည်လည်း ကောင်းကင်မှ ဓားအလင်းတန်းကို စီးနင်းကာ ကမ္ဘာအနှံ့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖြတ်သန်းနေခဲ့သည်။ ခေတ်သစ်၏ လွတ်လပ်ကျယ်ပြောမှုကို စိတ်အားထက်သန်စွာ ခံစားနေပြီး ခမ်းနားလှပသော ရှုခင်းများကို ခံစားကြည့်ရှုနေဟန်ပင်။

မသေမျိုးဘုရင်များ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာသော မြင်ကွင်းသည် အလယ်ပိုင်းဒေသရှိ တာအိုပြည်နယ်များစွာတွင် တွေ့နေကျမြင်ကွင်းတစ်ခုလို ဖြစ်လာတော့လေသည်။

ကမ္ဘာမြေ၏ လက်ရှိစည်းကမ်းကို ချိုးဖောက်တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း လူတိုင်းသိနားလည်လိုက်ရ၏။

“မနေ့က သူ့ကိုယ်သူ ချင်းယန်မသေမျိုးအကြီးအကဲလို့ ခေါ်တဲ့ စွမ်းအားရှင်တစ်ယောက်က ဟွမ်ကျင်းကျိုးပြည်နယ်မှာ ချင်းယန်တာအိုနန်းတော်ကို တည်ထောင်ပြီး နတ်ဆိုးမျိုးနွယ်ဝင်တွေကို တပည့်အဖြစ်ခေါ်ယူနေပါတယ်!"

"သတင်းထူး! ဘယ်ကထွက်လာမှန်း မသိရသေးတဲ့ မသေမျိုးဘုရင်နှစ်ပါး တိုက်ခိုက်နေတာကြောင့် မင်ယွဲ့ပြည်နယ်မှာရှိတဲ့ နိုင်ငံငယ်လေးတွေနဲ့ ဂိုဏ်းများစွာ ထိခိုက်ခဲ့ရပြီး သေဆုံးမှုအရေအတွက်လည်း များပြားခဲ့ပါတယ်!"

“‌ဘေးကျပါပြီ! ဧရာမဖားကြီးတစ်ကောင်ဟာ နန်ယန်ပြည်နယ်မှာ မြင်မြင်ကရာကို မွှေနှောက်ဖျက်ဆီးနေပြီး လူသားမျိုးနွယ်ကို အာဟာရအဖြစ် မှီဝဲစားသုံးနေပါတယ်!"

...

သတင်းထုတ်လွှင့်ရန် တာဝန်ရှိသော အသံလွှင့်သလင်း‌ကျောက် အဖွဲ့အစည်းမှာလည်း အလယ်ပိုင်းဒေသတွင် ပြောင်းလဲမှုများ ဖြစ်ပွားနေသည့် နေရာများကို နေ့စဥ် ထုတ်လွှင့်တင်ပြပေးနေခဲ့သည်။

ထိတ်လန့်မှုသည် ဒီရေကဲ့သို့ ပျံ့နှံ့သွားပြီး နေရာတိုင်းရှိ လူများမှာ ကြောက်စိတ်ဖြင့် တည်ငြိမ်မနေနိုင်တော့ဘဲ ပရမ်းပတာဖြစ်လျက် လေထုသည် တစ်လျှောက်လုံး မှုန်မှိုင်းလေးလံနေခဲ့တော့၏။

“ဘုရားရေ! ဘယ်လိုဖြစ်ကုန်ကြတာလဲ!?"

“ဒီရက်ပိုင်း မသေမျိုးဘုရင်တွေအားလုံး ဘယ်ကရောက်လာကြတာလဲ? ငါ အိပ်မက်များမက်နေတာလား?"

“ရောင်းရင်းရေ၊ အိပ်မက်ဆိုရင်တောင် သေလောက်တဲ့အိပ်မက်ဆိုးကြီးပဲဗျို့!

“ကျွန်တော် ကောလဟလတစ်ခု ကြားထားတယ်။ ဒီကောင်တွေအကုန် ရှေးဟောင်းခေတ်က လက်ကျန်တွေတဲ့။ သူတို့အားလုံး မသေမျိုးအခွင့်အရေးတွေ ယှဥ်ပြိုင်လုယူဖို့ ပေါ်ထွက်လာခဲ့ကြတာဆိုပဲ!"

“လာနောက်နေတာလား?! ကျင့်ကြံမှုကမ္ဘာက ဒီလောက်အပြိုင်အဆိုင်များရုံနဲ့တင် လုံလောက်နေပါပြီ၊ သူတို့ကပါ ဘာလို့လာပျော်ချင်နေရတာလဲ?! ဒါ သက်သက်ကြီး အားနည်သူကို အနိုင်ကျင့်တာ မဟုတ်ဘူးလား?!"

“တစ်ယောက်ယောက်ကတော့ တစ်ခုခုလုပ်ဖို့ လိုအပ်နေပြီ! ဒီတိုင်းသာဆက်သွားနေရင် ကျွန်တော်တို့ ခေတ်သစ်ကျင့်ကြံသူတွေ ဘယ်လိုရှင်သန်ကြမှာလဲ?"**

နေရာတိုင်းရှိ ကျင့်ကြံသူတို့သည် ခါးသီးစွာ ညည်းညူကုန်ကြပြီး အလယ်ပိုင်းဒေသ၏ အနာဂတ် အခြေအနေအတွက် စိုးရိမ်ပူပန်လို့မဆုံး ဖြစ်နေခဲ့ကြ၏။

ရှေးဟောင်း အင်အားကြီးပုဂ္ဂိုလ်များ အထိန်းအကွပ်မဲ့စွာ ပြေးလွှားတိုက်ခိုက်နေစဥ် ပန်းရောင်စုံဝတ်ရုံကို ဝတ်ဆင်ထားပြီး အနီရောင် ပန်းကြီးတစ်ပွင့်ပန်ထားသော ယောက်ျားတစ်ယောက်သည် မျက်လုံးစွေစွေဖြင့် နှုတ်ခမ်းများက မကောင်း‌သောအကြံအစည်ဖြင့် ပြုံးရယ်ကွေးညွှတ်ကာ ထန်တိုင်းပြည်နယ်သို့ ဝင်ရောက်လာခဲ့လေသည်။

ထိုသူသည် ကြောက်မက်ဖွယ် မသေမျိုးဘုရင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်ခဲ့ရာ လမ်းတစ်လျှောက်ရှိ ဒေသခံ ကျင့်ကြံသူများသည်လည်း တောင့်မခံနိုင်စွာ ဒူးထောက်ကျကုန်ကြပြီး ထိတ်လန့်အားငယ်စွာ ပြူးကြည့်နေရုံသာ တတ်နိုင်တော့၏။

“ဒီပြည်နယ်မှာ ယောင်ကွမ်းသူတော်စင်နယ်မြေလို့ ခေါ်တဲ့ ဂိုဏ်းတစ်ခု ရှိတယ်လို့ ကြားတယ်။ ငယ်ငယ်လှလှ အမျိုးသမီး ကျင့်ကြံသူတွေနဲ့ အပြည့်ဆိုပဲ။ ငါ၊ ပန်းခြွေမသေမျိုးဟာ နှစ်တွေဒီလောက်ကြာအောင် ငုပ်လျှိုးပုန်းခိုနေခဲ့ရတာ၊ မိန်းမတွေရဲ့ အရသာကို မခံစားရတာ အရမ်းကြာနေပြီ။ ယင်ကိုကျင့်ကြံပြီး ယန်ကိုဖြည့်ဆည်းဖို့ သင့်တော်တဲ့ အချိန်ရောက်ပြီ၊ ဟဲဟဲဟဲ…”

ဤ မျက်စိစွေသောလူသည် ရှေးခေတ်ခွင်းလွင်ကမ္ဘာတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ပန်းခြွေမသေမျိုး ဖြစ်၏။

နာမည်အတိုင်း သူ၏ အနှစ်သက်ဆုံး အပန်းဖြေနည်းကား အမျိုးသမီး ကျင့်ကြံသူများကို ကာမပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ ယန်ဓာတ်ဖြည့်ဆည်း၍ ယင်ဓာတ်ကျင့်ကြံကာ သူ့ကိုယ်သူ အားကောင်းအောင် လုပ်ခြင်းပင်။

ရေတွက်မရနိုင်သော အမျိုးသမီး ကျင့်ကြံသူများကို ထိခိုက်စေခဲ့ခြင်းကြောင့် ပျက်စီးစုတ်ပဲ့နေသော ဂုဏ်သတင်းကို ရရှိထားကာ သူ့ကို မနှစ်သက်သော အင်အားကြီးပုဂ္ဂိုလ်များလည်း များပြားလွန်းသဖြင့် ပန်းခြွေမသေမျိုးသည် အချိန်ကြာမြင့်စွာ သတိကြီးကြီးထားလျက် ပုန်းခိုနေခဲ့ရသည်။ မသေမျိုးဘုံ တည်ထောင်ပြီးနောက်တွင်ပင် သူသည် အများနည်းတူ ထိုနေရာသို့ လိုက်မသွားဝံ့ခဲ့ဘဲ မိမိကိုယ်ကို ဂူအောင်းပိတ်ဆို့ကာ ခေတ်သစ်တစ်ဖန်ပြန်ရောက်ချိန်အထိ အိပ်စက်‌စောင့်ဆိုင်းဖို့ အကြံရခဲ့လေသည်။

သင့်တော်သောအချိန်သို့ ရောက်သောအခါ ပန်းခြွေမသေမျိုးသည် အိပ်စက်နေရာမှ စိတ်အားထက်သန်စွာ ပေါ်ထွက်လာခဲ့ပြီး လတ်ဆတ်သောလေကို တပ်မက်စွာ ရှူသွင်းရင်း မျက်နှာထက် ညစ်ညမ်းသောအပြုံးက စတင်နေရာယူလာခဲ့သည်။

လွတ်လပ်ပြီး အကန့်အသတ်မဲ့သော ခေတ်သစ်ချိန်ခါ၌ သူ့အာဏာကို အပြည့်အဝ အသုံးချနိုင်လေပြီ။

All Chapters