← Chapters

ယောင်ကွမ်းသူတော်စင်နယ်မြေ

Vol. 41 Ch. 567

ယောင်ကွမ်းသူတော်စင်နယ်မြေ

Vol. 41 Ch. 567

ပန်းခြွေမသေမျိုးတွက် ပြီးပြည့်စုံသော အစီအစဥ်တစ်ခုက ရှိနှင့်ပြီးသားဖြစ်သည်။

သူ့အမြင်တွင် ထိုအချိန်က သူ့ကို နိုင့်ထက်စီးနင်းလုပ်ခဲ့သော အင်အားကြီး ပုဂ္ဂိုလ်များစွာသည် မသေမျိုးဘုံသို့ တက်ရောက်သွားခဲ့ကြပြီး ခွင်းလွင်ကမ္ဘာတွင် အနည်းငယ်မျှသာ ကျန်ရှိခဲ့တော့မည်ပင်။

သူတို့သည်လည်း မကြာသေးမီကမှ ပေါ်ထွက်လာနိုင်ခဲ့ကြခြင်း ဖြစ်ရာ လူတိုင်း၏ ကျင့်ကြံဆင့်မှာ အခြေခံအားဖြင့် ဆင်တူနေဦးမည်သာ။ အချို့က နယ်မြေလုယူခြင်းနှင့် ဂိုဏ်းအသစ်များ တည်ထောင်ခြင်းတို့ဖြင့် အလုပ်များနေပြီး အချို့က ပတ်ဝန်းကျင်အသစ်ကို စတင်စူးစမ်းနေကြ၏။ ဘယ်သူမှ သူ့အကြောင်းကို ခေါင်းထဲမထည့်နိုင်လောက်သေး။

ထို့ကြောင့် သူ လိုရာလုပ်နိုင်မည့် အချိန်သည် ရောက်ရှိလာခဲ့လေပြီ။

စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ပန်းခြွေမသေမျိုးသည် နေရာအနှံ့ စုံစမ်းမေးမြန်းခဲ့ပြီး ထန်တိုင်းပြည်နယ်တွင် အလယ်ပိုင်းဒေသ၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူ အင်အားစုများထဲမှ တစ်ခုဖြစ်သော ယောင်ကွမ်းသူတော်စင်နယ်မြေ ရှိကြောင်း၊ ၎င်းသည် အမျိုးသမီး ကျင့်ကြံသူများကိုသာ လက်ခံပြီး အမျိုးသား ကျင့်ကြံသူများကို လုံးဝလက်မခံကြောင်း သိရှိခဲ့ရသည်။

သူလည်း ဝမ်းသာလုံးဆို့ကာ ကြာမြင့်စွာခံစားခဲ့ရသော လစ်ဟာခြင်းနှင့် အထီးကျန်ခြင်းကို ဖြည့်ဆည်းရန်၊ မိမိ၏ကျင့်ကြံဆင့်ကိုလည်း နှစ်ကိုယ်တူကျင့်ကြံမှုဖြင့် တိုးမြှင့်ရန် ယောင်ကွမ်းသူတော်စင်နယ်မြေသို့ လာရောက်ဖို့ စီစဥ်ခဲ့သည်။

မသေမျိုးဘုရင်ဖြစ်သော ကျင့်ကြံဆင့်၏ အားကိုးဖြင့် ပန်းခြွေမသေမျိုးသည် ယောင်ကွမ်းသူတော်စင်နယ်မြေတွင် သူ့အတွက် ပြိုင်ဘက်မရှိနိုင်ဟူ တွက်ဆထားခဲ့သည်။ သူ လက်ညှိုး တစ်ချောင်းသာ လှုပ်ရှားရုံမျှဖြင့် ထိုအမျိုးသမီး အုပ်စုကို ဖိနှိပ်နိုင်မည်။

“ဟဲဟဲ~”

“မလောကြနဲ့ အမျိုးသမီးလေးတွေ၊ သခင်ကြီး လာနေပြီ!"

ဤသို့ဖြင့် ပန်းခြွေမသေမျိုးသည် နိဗ္ဗာန်ကိုခံစားဖို့ရဦ မစောင့်နိုင်စွာ ယောင်ကွမ်းသူတော်စင်နယ်မြေသို့ အပြေးဦးတည်သွားခဲ့ပြီး ညစ်ညမ်းယုတ်မာသော အပြုံးကြီးကလည်း တစ်လမ်းလုံး ချိတ်ဆွဲပါရှိလာခဲ့လေသည်။

သူ၏ စိတ်ထဲတွင် အမျိုးမျိုးသော ကာမဂုဏ်မြင်ကွင်းများ စတင် စိတ်ကူးနေပြီဖြစ်သည်။

ပန်းခြွေမသေမျိုး၏ အလောတကြီး ပုံစံကို မြင်သောအခါ သူ၏ အရှိန်အဝါကြောင့် ဖိနှိပ်ခံရသော လမ်းတစ်လျှောက်ရှိ ကျင့်ကြံသူတို့မှာ တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ ရှိပြီး သူတို့၏ နှလုံးသားများ တုန်ယင်သွားကာ ဝမ်းနည်းစွာ အော်ဟစ်ကြကုန်တော့၏။

“မဖြစ်ဘူး! သူ ယောင်ကွမ်းသူတော်စင်နယ်မြေကို သွားနေပြီ!"

အထူးသဖြင့် အမျိုးသား ကျင့်ကြံသူတို့၏ မျက်နှာများမှာ ကူကယ်ရာမဲ့ ပြာနှမ်းသွားခဲ့၏။

သူတို့သည် ယောင်ကွမ်းသူတော်စင်နယ်မြေမှ အမျိုးသမီး ကျင့်ကြံသူများ ခံစားရတော့မည့် ရက်စက်ကြမ်းကြုတ်မှုကို ကြိုတင်မြင်ယောင်ခဲ့မိလေပြီ။

အမှန်မှာ ထန်တိုင်းပြည်နယ်တွင် နေထိုင်သော အမျိုးသားတို့သည် ယောင်ကွမ်းသူတော်စင်နယ်မြေကို ကြာမြင့်စွာကတည်းက လေးစားတန်ဖိုးထားခဲ့ကြ၏။ ယောင်ကွမ်းသူတော်စင်နယ်မြေမှ အမျိုးသမီး ကျင့်ကြံသူများ အုပ်စုဖွဲ့၍ ခရီးသွားလာတိုင်း သူတို့သည် ဤလှပကြော့ရှင်းသော ရှုခင်းသာကို အဝေးတစ်နေရာမှ ငေးမောကြည့်ရှုရင်း စိတ်ကြည်နူးတတ်ကြသည်သာ။

သို့သော် ယနေ့တွင် သားရဲထက်ပိုဆိုးသည့် မသေမျိုးဘုရင်တစ်ပါးက ညစ်ညမ်းဆိုးယုတ်သောလက်ဖြင့် ယောင်ကွမ်းသူတော်စင်နယ်မြေ၏ သန့်စင်မြင့်မြတ်မှုကို ဖျက်ဆီးပေတော့မည်။

ကျင့်ကြံမှုဆင့်ချင်း ယှဥ်နိုင်စရာမရှိလောက်သော ယောင်ကွမ်းသူတော်စင်နယ်မြေမှာ ဤတစ်ကြိမ်တွင် လွတ်မြောက်ဖို့ရာ မလွယ်ကူလောက်တော့။

“ဝူးဝူး၊ ကျွန်တော့်ရဲ့ နတ်သမီးလေးချင် ဒုက္ခရောက်ရတော့မယ်!"

“လူရမ်းကား! မကောင်းမှုတွေလုပ်ရင် ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်!"

“ယောင်ကွမ်းသူတော်စင်နယ်မြေက အမျိုးသမီး ကျင့်ကြံသူတွေ၊ မြန်မြန်ပြေးကြ! တဏှာရူးတစ်ကောင် လာနေပြီ!"

နေရာတိုင်းတွင် အော်ဟစ်သတိပေးသံများ ထွက်ပေါ်လာခဲ့၏။

ယောင်ကွမ်းသူတော်စင်နယ်မြေမှ အမျိုးသမီး ကျင့်ကြံသူများ ပန်းခြွေမသေမျိုးထံမှ ရက်စက်စွာ နှိပ်စက်ညှင်းပန်းခံရတော့မည့်မြင်ကွင်းအား သူတို့အားလုံး မကြည့်ဝံ့ကြပါပေ။

နားထဲတွင် အမျိုးမျိုးသော ကျိန်ဆဲသံများကို ကြားနေရသော်လည်း ပန်းခြွေမသေမျိုးသည် ဒေါသမထွက်ရုံသာမက ပေါ့ပါးလွတ်လပ်သည်ဟုပင် ခံစားရကာ စိတ်အားပိုမိုတက်ကြွလာတော့သည်။

“ဟဲဟဲ၊ မင်းတို့ရဲ့ မနာလိုငြူစူ ခံစားချက်တွေကို ငါ နားလည်နိုင်ပါတယ်။ ကြည့်နေကြ! မင်းတို့ အပြင်မှာ ဒီတိုင်းလေးလှဲနေပြီး ငါ့ရဲ့ လက်ရာမြောက်ကျွမ်းကျင် နည်းစနစ်တွေကို ပညာယူဖို့ ခွင့်ပြုတယ်!"

မကြာခင်မှာပဲ ပန်းခြွေမသေမျိုးသည် တောင်ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးကာ ယောင်ကွမ်းသူတော်စင်နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်သွားခဲ့သည်။

သူ့ မျက်လုံးများကို ကြိုဆိုနေခဲ့သည်မှာ မသေမျိုးချီ အခိုးအငွေ့များ ဖုံးလွှမ်းနေသော နေရာဒေသတစ်ခုဖြစ်ပြီး စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေအိုင်ရေကန်များပင်။ ကျယ်ပြန့်ပြီး စိမ်းလန်းသော တောင်ခါးပန်းမှာ မြစ်ကြောင်းကို ခါးပတ်တစ်ခုကဲ့သို့ ဝိုင်းရံထားပြီး ရှေးဟောင်းဘုရားကျောင်းများကိုလည်း အမျိုးမျိုးသော တောင်ထွတ်များပေါ်တွင် မှိန်ပျပျ မြင်နိုင်သည်။

နေရာတိုင်းတွင် ငှက်များ၏ တေးသီကြူးသံနှင့် ပန်းရနံ့သင်းပျံ့ပျံ့ကို ခံစားနိုင်ကာ ထူးခြားရှားပါးသော သားရဲသတ္တဝါများစွာဖြင့် နိဗ္ဗာန်အတိဟု ထင်မှတ်ရသော နေရာတစ်ခုသာဖြစ်၏။

အထူးခြားဆုံး မြင်ကွင်းမှာတော့ အောက်ဘက်ရှိ အမျိုးသမီး ကျင့်ကြံသူများသာ သိပ်သည်းစွာစုစည်းနေသော လူအုပ်ဖြစ်ပြီး အယောက်တိုင်းမှာ ဖြူဖွေးနူးညံ့သော အသားအရည်နှင့် အချိုးအစားပြေပြစ်သော ပုံပန်းသဏ္ဌာန်များ ရှိသည်။ အမျိုးအစားစုံသော အလှတရားတို့ကို တစ်နေရာတည်းတွင် တစ်ပြိုင်နက်တည်း တွေ့လိုက်ရခြင်းက လွန်စွာ မျက်စိပသာဒရှိကာ ပုရိသတစ်ယောက်ကို အဆက်မပြတ် ရင်ခုန်လာနိုင်စေသည်။

ပန်းခြွေမသေမျိုး အစီအရင်ကိုချိုးဖျက်၍ အတင်းအဓမ္မ ဝင်ရောက်လာသည်ကို မြင်သောအခါ သူတို့ အားလုံးကြောက်လန့်၍ လှပသောမျက်လုံးလေးများ ပြူးကျယ်ဝိုင်းစက်ကုန်ကြသည်။

ဆာလောင်နေသော ဝံပုလွေတစ်ကောင် သိုးအုပ်ထဲခုန်ဝင်လာသည့်အလား။

ကွဲပြားသော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည့် နုနုနယ်နယ် အမျိုးသမီးကျင့်ကြံသူ လှလှလေးများကို ကြည့်ရင်း ပန်းခြွေမသေမျိုး၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး ပါးစပ်ထောင့်မှ တံတွေးများ စီးကျလုမတတ်ပင်။

“ကောင်းတယ်၊ အရမ်း ကောင်းတယ်!"

သူ့ကိုယ်တွင်းရှိ သားရဲဆန်သော တပ်မက်စိတ်များ လှုပ်ရှားသက်ဝင်လာပြီး မည်သည့် အမျိုးသမီးကျင့်ကြံသူနှင့် စတင်ရမည်ကို စဥ်းစားမရဖြစ်နေမိ၏။

ဒါမှမဟုတ် တစ်ပြိုင်တည်းပဲ စလိုက်ရမလား?!

“ငါတို့ ဘာလုပ်ရမလဲ? ဒီတိုင်းပဲ အရှုံးပေးရတော့မှာလား?"

“မဖြစ်ဘူး၊ မဖြစ်ဘူး! သူက အရမ်း ရုပ်ဆိုးတယ်!"

“အကြီးအကဲယဲ့သာဆိုရင် မငြင်းပါဘူး။ ဒါပေမဲ့ ဒီလိုရုပ်ဆိုးတဲ့ ဘီလူးကောင်ဆိုရင်တော့ ငါသေရင်ကို သူ့ကို လက်တစ်ချောင်းပေးမထိဘူး!"

“မှန်တယ်! ကွဲအက်သွားတဲ့ကျောက်စိမ်းတောင် အုတ်ကြွပ်ထက်ပိုကောင်းသေးတာပဲ!"

အမျိုးသမီးကျင့်ကြံသူ များစွာသည် ဒေါသတကြီး အော်ဟစ်လာကြကာ ပန်းခြွေမသေမျိုးကို အခွင့်အရေးပင်မပေးချင်စွာ မိမိအသက်ကို အဆုံးသတ်ဖို့ စီစဥ်ကြလေတော့၏။

ထိုစကားများကို ကြားသောအခါ ပန်းခြွေမသေမျိုး ချက်ချင်းကြောင်အသွားရသည်။

ဟေး၊ ဟေး၊ မင်းတို့ အမျိုးသမီးတွေ ဘာကို ဆိုလိုတာလဲ?

မင်းတို့က ဒီနေရာမှာတောင် အဲ့လိုမျက်နှာလိုက်ကြသေးတာလား?

အကြီးအကဲယဲ့ဆိုတာရော ဘယ်သူလဲ?

သူလုပ်ရင်ကျ ဘာလို့မငြင်းမှာလဲ?!

All Chapters