တိုက်ပွဲအကြီးအကျယ်ဖြစ်ပွား
Vol. 41 Ch. 569
“အတင့်ရဲလှချည်လား!"
ချင်ရူရန်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူမ၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ တိုက်ခိုက်ဖို့ရာ ချက်ချင်းပြေးထွက်သွားသည်။ အရှိန်မှာ ခြေရာကောက်လို့မရလောက်အောင်ပင် မြန်ဆန်နေလျက်။
၎င်းသည် သူမ၏ မှတ်ဉာဏ်ဟောင်းများမှ လေ့လာသိရှိထားသော လှုပ်ရှားမှု နတ်ဘုရားစွမ်းရည် ဖြစ်သည့် ကောင်းကင်ခြေလှမ်းပင်။
ရွှစ်~
တောက်ပသော ဓားသွားသည် အရာခပ်သိမ်းကို ဖြတ်တောက်ရှင်းလင်းနိုင်သော အကန့်အသတ်မဲ့ အရှိန်အဝါကို သယ်ဆောင်ကာ လေဟာနယ်ကို ထိုးဖောက်ဆုတ်ဖြဲလိုက်သည်။
“ဘာလဲဟ?!"
ပန်းခြွေမသေမျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး တုံ့ပြန်ချိန်ကောင်းကောင်းမရလိုက်ဘဲ ဘေးသို့ ကမန်းကတန်းရှောင်လိုက်ရ၏။
ပွက်ခနဲဆိုသလိုပင် သူ့ပုခုံးမှ သွေး တစ်စိမ့်စိမ့် ယိုစီးထွက်လာပြီး မြေကြီးပေါ်သို့ ကျသောအခါ တွင်းပေါက်များပင် ဖြစ်ပေါ်သွားစေခဲ့သည်။
“အား!" ပန်းခြွေမသေမျိုးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဒဏ်ရာရသော ပခုံးကို လက်တစ်ဖက်ဖြင့်ဆုပ်ကာ ထိတ်လန့်မှုနှင့် သံသယများအပြည့်ဖြင့် တစ်ဖက်လူကို မော့ကြည့်လိုက်သည်။
ဒီအမျိုးသမီးက ဘာကြောင့်ဒီလောက်မြန်နေရတာလဲ?
အဓိပ္ပာယ်မရှိလိုက်တာ!
ချင်ရူရန်သည် လက်တစ်ဖက်ဖြင့် သူတော်စင်သခင်မကို ထူမပေးလိုက်ပြီး ကရုဏာသက်စွာမေးသည်။ “သူတော်စင်သခင်မ၊ အဆင် ပြေရဲ့လား?"
သူတော်စင်သခင်မသည် ထိတ်လန့်ကြောင်အနေရာမှ သတိဝင်လာပြီး သူမရှေ့မှ ရင်းနှီးပါသော်ငြား စိမ်းသက်သလို ဖြစ်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။ “ရူရန်၊ မင်း ဘယ်လို..."
ဒါ ဘယ်လိုဟာသလဲ!
မသေမျိုးဘုရင်ကို တစ်ချက်တည်းနဲ့ ရိုက်ချနိုင်တဲ့ အင်အားလား?
မြင်လိုက်ရသော အမျိုးသမီးကျင့်ကြံသူတို့မှာလည်း စကားမပြောနိုင်အောင် ကြက်သေသေသွားကြပြီး သူတို့ရှေ့မှ သူတော်စင်နတ်သမီးကို ပထမဆုံးအကြိမ် တွေ့မြင်နေရသလိုပင် ခံစားခဲ့ရ၏။
“သူတော်စင်နတ်သမီးက အရမ်း အံ့သြဖို့ကောင်းတာပဲ"
သူတို့၏ မျက်နှာများဝယ် ကိုးကွယ်လေးစားမှုများဖြင့် ပြည့်နှက်နေပြီး နှလုံးသားအတွင်း၌ လွတ်မြောက်ဘေးကင်းနိုင်မည့် မျှော်လင့်ချက်ရောင်ခြည်တစ်ခု မြင့်တက်လာခဲ့သည်။
“တခြား ဘာကိစ္စမှ မရှိတော့ရင် ကျေးဇူးပြုပြီး ဒီနေရာကနေ ခဏလောက်ရှောင်ပေးပါဦး" ချင်ရူရန်၏ အသံသည် အလွန်တည်ငြိမ်သော တောင်းဆိုမှုတစ်ခုသာ ဖြစ်သော်လည်း ငြင်းဆန်မရနိုင်သော အရှိန်အဝါတစ်ခု ပါဝင်နေခဲ့သည်။
“ဟုတ်ပြီ ဟုတ်ပြီ!"
သူတော်စင်သခင်မသည် တဆတ်ဆတ် ခေါင်းငြိမ့်လိုက်ပြီး ယောင်ကွမ်း သူတော်စင်နယ်မြေ၏ သူတော်စင်သခင်မ ဖြစ်သင့်သူမှာ သူမရှေ့မှ ပုဂ္ဂိုလ်သာဖြစ်သည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။
ပန်းခြွေမသေမျိုးသည် အမျိုးသမီးတစ်သိုက်ရှေ့ အရှက်ကြီးစွာကွဲရသည်ဟု ခံစားရပြီး ဒေါသတကြီး အော်ဟစ်သည်။“မင်း ယုတ်မာတဲ့မိန်းမ၊ ငါ သတိလက်လွတ်ဖြစ်နေတဲ့အချိန်မလို့ အသာစီးရသွားတာ! မင်း ငါ့ကို အနိုင်ယူနိုင်တယ်လို့ မထင်နဲ့!"
ကြိမ်းဝါးပြီးနောက် ညာဘက်လက်ဖြင့် သင်္ကေတတစ်ခု ဖွဲ့စည်းလိုက်သော် သူ့ခန္ဓာကိုယ်မှ ထူးဆန်းသော မငြိမ်မသက်လှိုင်းတွန့်များ စတင်ထွက်ပေါ်လာပြီး ရေတွက်မရနိုင်သော ပန်းပွင့်ဖတ်များက တစ်ပါတည်းစုပြုံထွက်ပေါ်လာသည်။ ပန်းပွင့်ဖတ်များသည် အရောင်အသွေး စုံလင်ကျယ်ပြန့်သော ပန်းပင်လယ်ကြီးတစ်ခုအဖြစ် စုစည်းသွားလေတော့၏။
အဝေးမှကြည့်လျှင် ယောင်ကွမ်း သူတော်စင်နယ်မြေ၏ ကောင်းကင်ကို ကျယ်ပြန့်သော ပန်းပင်လယ် တစ်ခုက လွှမ်းမိုးသိမ်းပိုက်ထားသည်အား မြင်တွေ့ရမည်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ဖိနှိပ်အားတစ်ခုက ကျယ်ပြန့်အားကောင်းစွာဖြင့် အမျိုးသမီး ကျင့်ကြံသူတို့၏ နှလုံးသားများကို လေးလံတင်းကျပ်စေခဲ့သည်။
ပန်းခြွေမသေမျိုး၏ ဤတိုက်ကွက်သည်ကား ဤနေရာတစ်ခုလုံးကို ဝါးမျိုဖျက်ဆီးနိုင်ပြီး သက်ရှိအားလုံးအား အသက်နှုတ်ရှင်းလင်းနိုင်သည့် ကပ်ဘေးတစ်ခုပင်။
ကျယ်ပြန့်သော ပန်းပင်လယ်ကို ရင်ဆိုင်ရသော ချင်ရူရန်သည် ပုရွက်ဆိတ်တစ်ကောင်အလား သေးငယ်နေပြီး ပန်းဖတ်များက ကောင်းကင်ကိုသာမက အနီးအနားပတ်ဝန်းကျင်ကိုပါ လျင်မြန်စွာ ဝါးမျိုဖုံးအုပ်သွားခဲ့ရာ အတွင်းတိုက်ပွဲတွင် ဖြစ်သမျှကို အပြင်လူများ မမြင်နိုင်တော့ပေ။
“သူတော်စင်နတ်သမီး!"
ထိတ်လန့်သော အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မသေမျိုးအရှင်သခင်လောက်က မသေမျိုးဘုရင်ကို စိန်ခေါ်ရဲတယ်၊ ဒါမင်းရဲ့ အဆုံးသတ်ပဲ!"
ရက်စက်သော အပြုံးတစ်ခုသည် ပန်းခြွေမသေမျိုး၏ နှုတ်ခမ်းများပေါ်တွင် ချိတ်ဆွဲနေလျက်။
ဤ လူသတ်တိုက်ကွက်သည်ကား သူ၏ ထူးခြားသော ကျင့်စဥ်တစ်ခုဖြစ်၏။ မသေမျိုးအရှင်သခင်တစ်ယောက်လောက်ကို အသာထား၊ သာမန် မသေမျိုးဘုရင်တစ်ပါးသည်ပင် ထိုပန်းပွင့်ဖတ်ထောင်ချောက်ထဲ ဖမ်းချုပ်ခံရပါက ပန်းပွင့်များဖြင့် ဖွဲ့စည်းထားသော ဝဲဂယက်ထဲ လိမ်ကျစ်ခံရပြီး သေဆုံးသွားရပေမည်။
“ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်လဲ၊ ဒီလို ထိပ်တန်းအလှတရားနဲ့ အမျိုးသမီးက ပုံပျက်ပန်းပျက် သေသွားရတော့မယ်။ ခန္ဓာကိုယ်သာ ပုံမပျက်သေးရင် ငါအမြတ်ထုတ်လို့ ရနိုင်သေးတာကို!"
ချင်ရူရန်၏ လှပသော မျက်နှာလေးကို ပြန်စဉ်းစားမိရင်း ပန်းခြွေမသေမျိုးသည် အနည်းငယ် နောင်တရမိသလိုခံစားရပြီး တကျွတ်ကျွတ်စုတ်သပ်မိ၏။
သူ့စကားဆုံးသည်နှင့် မကြာမီ တောက်ပသော မသေမျိုးအလင်းတန်းတစ်သွယ်သည် ပန်းပွင့်ဝဲဂယက်ထဲမှ ထွက်ပေါ်လာခဲ့ပြီး တွန်းလှန်၍မရနိုင်သော စွမ်းအားဖြင့် ပန်းခြွေမသေမျိုးအား တည့်တည့်ပစ်ခတ်လေသည်။
အနီးကပ် သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ထိုမသေမျိုးအလင်းတန်းက ချင်ရူရန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ကာကွယ်ပေးထားသည်အား တွေ့ရပေမည်။
ယခုအချိန်တွင် ချင်ရူရန်သည် နေနှင့်လ၏ အလင်းတန်းတို့ရောယှက်စိမ့်ဝင်လျက် တောက်ပစွာ လင်းလက်နေခဲ့ပြီး ဖျက်ဆီးတွန်းလှန်၍မရနိုင်သော အရှိန်အဝါဖြင့် အထိအခိုက်ကင်းစွာ ရပ်တည်နေခဲ့သည်။
ထိုသို့ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းတိုက်ကွက်ကို ခံနိုင်ရည်ရှိပြီးနောက် ထိခိုက်မှုတစ်စုံတစ်ရာပင် မရှိသည်ကား အံ့အားသင့်စရာပင်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"
ပန်းခြွေမသေမျိုး၏ မျက်နှာသည် သွေးဆုတ်ဖြူရော်နေပြီဖြစ်ကာ မကျေမနပ် အော်ဟစ်လိုက်သည်။
“နေ–လ ခန္ဓာ ကာကွယ်ရေးမန္တန်က တကယ်ကို အစွမ်းထက်တာပဲ" ချင်ရူရန်သည် သူမ၏ ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှုများကို ခံစားကြည့်ရင်း တွေးလိုက်မိသည်။
ဤသည်မှာ သူမ၏ မှတ်ဉာဏ်ဟောင်းများမှတစ်ဆင့် ရရှိခဲ့သော နောက်ထပ် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ပြီး အဆုံးမဲ့သော ဖျက်ဆီးချေမှုန်းခြင်းကို ခုခံကာကွယ်နိုင်သည်။ အရာခပ်သိမ်း ပျက်စီးလွန်မြောက်လျှင်တောင် သူမကတော့ မပျက်မစီး ကျန်ရစ်ပေလိမ့်မည်။
ဝုန်း~
ပန်းခြွေမသေမျိုးရှေ့သို့ ရုတ်ချည်း ရောက်ရှိလာသော ချင်ရူရန်သည် လက်ဖဝါးတစ်ဖက်ကိုဖြန့်ကာ လေဟာနယ်အား တိုက်ရိုက် တွန်းထုတ်လိုက်သည်။ ထိုလှုပ်ရှားမှုသည့် ပေါ့ပါးပြီး နတ်သမီးလေးတစ်ပါး၏ အငွေ့အသက်ဖြင့် လူသတ်မည့်အရှိန်အဝါကို နည်းနည်းမှမခံစားမိနိုင်သော်ငြား အမှန်မှာ လူတစ်ယောက်လုံးကို ဖောက်ခွဲဖြိုဖျက်ပစ်နိုင်မည့် ကြောက်မက်ဖွယ် ပေါက်ကွဲအားတစ်ခု ပါဝင်နေသည်။
“ငါကာရမယ်!"
ပန်းခြွေမသေမျိုးသည် အန္တရာယ်ကို အာရုံခံမိပြီး မဆင်မခြင် ပြန်မတိုက်ရဲဘဲ လက်နှစ်ဖက်ဖြင့် သင်္ကေတတစ်ခု ဖွဲ့စည်းလိုက်ရာ သူ့တစ်ကိုယ်လုံးကို ခုနစ်ရောင်စုံ ကြာပန်းတစ်ပွင့်က ချက်ချင်းဖုံးအုပ်သွားပြီး ကြာပွင့်ဖတ်များမှာ တောက်ပသောမသေမျိုးအလင်းဖြင့် ဖွဲ့စည်းထားကာ ဖောက်မြင်ရလောက်အောင် ကြည်လင်လင်းလဲ့နေသည်။
အုံး!
ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
နူးညံ့ကြည်လင်သော ကျောက်စိမ်းကဲ့သို့ လက်ဖဝါးတစ်ဖက်က ခုနှစ်ရောင်စုံကြာပန်းကို ပြင်းစွာ ရိုက်ခတ်လိုက်ခြင်းပင်။
ခုနစ်ရောင်စုံကြာပန်းသည် တောင်ကြီးတစ်လုံးကဲ့သို့ တုတ်တုတ်ပင်မလှုပ် တည်ငြိမ်နေပြီး ကြာပန်းအတွင်း ပုန်းအောင်းနေသော ပန်းခြွေမသေမျိုးသည်လည်း ထိုအခါမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ တစ်ဖက်ကို ပြန်လည်လှောင်ပြောင်သရော်ရန် ပြင်နေစဥ် ရုတ်တရတ် တစ်ခုခုလွဲမှားနေသည်ကို သတိပြုလိုက်မိ၏။
ကျိုးပဲ့အက်ကွဲသံများ ထွက်ပေါ်လာခြင်း...
ပင့်ကူမျှင်ကဲ့သို့ ရှုပ်ထွေးပွေလီသော အက်ကွဲကြောင်းများသည် ခုနစ်ရောင်စုံကြာပန်း တစ်ခုလုံးတွင် အနှံ့ပေါ်လာခဲ့ပြီး ထို့နောက် ကြာပန်းကြီးတစ်ပွင့်လုံးမှာ ကြယ်ရောင်ခြည် အစက်အပြောက်များအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။